မျိုးရိုး
#မျိုးရိုး
မောင်လူအေး၊ မောင်လူသေး၊ မောင်လူထွေးတို့ ညီအစ်ကိုသုံးယောက်သည် တယောက်နှင့်တယောက် နှစ်နှစ်ကြီး နှစ်နှစ်ငယ် အရွယ်တူများကဲ့သို့ ဖြစ်နေကြသည်။
သူ ခပ်ငယ်ငယ် ဆယ်နှစ် ၁၂ နှစ်အရွယ်တုန်းက ဆရာကြီးဦးချစ်လှ မြန်မာစာသင်ကျောင်းတွင် ပညာသင်ကြားရလေသည်။ မောင်လူအေးနှင့်မောင်လူထွေးတို့မှာ တယောက်နှင့်တယောက် ပို၍ရင်းနှီးသောကြောင့် ကျောင်းသို့ အတူတူ သွားလေ့ရှိကြလေသည်။ မောင်လူသေးကား အစ်ကိုကြီးပီပီ ညီငယ်များနှင့် ရင်းရင်းနှီးနှီးနေလေ့မရှိ။
တခါတခါ မောင်လူထွေးမှာ ကျောင်းတက်ရန် ခပ်ပျင်းပျင်းဖြစ်လာလေ့ရှိလေသည်။ အိမ်နှင့်မနီးမဝေး လမ်းဘေးတွင် ပေါက်နေသော မန်ကျည်းပင်ကြီးအောက်သို့ ရောက်သောအခါ မန်ကျည်းပင်ကြီးကိုမှီကာ ရပ်နေလေတော့၏။
မောင်လူအေးက ချော့၍ခေါ်၏။ မရ။ ငေါက်၍ခေါ်၏။ မရ။ ဆွဲ၍ခေါ်၏။ မရ။ မည်သို့လုပ်၍မျှ မရသောအခါ မောင်လူအေးမှာ ကျောင်းနောက်ကျမည်စိုးသောကြောင့် ထွက်သွားလေတော့၏။ မောင်လူထွေးကား စာအုပ်၊ ကျောက်သင်ပုန်းများကို ပိုက်ကာ မန်ကျည်းပင်ကြီးကိုမှီလျက် မတုန်မလှုပ် ရပ်နေလေသတည်း။
လမ်းသွားလမ်းလာများ သူရပ်နေသည်ကို မြင်လျှင် ပြုံးသွားကြကုန်၏။ သူ ဂရုမစိုက်။ ဈေးသည်များ ရယ်သွားကြကုန်၏။ သူ အမှုမထား။ အရပ်ထဲက လူပြောင်လူနောက်ကလေးများ သူ့ကို စသွားကြကုန်၏။ သူ မဖြုန်။
ဤသို့ သူရပ်နေ၍ တနာရီခန့်ကြာသောအခါ တစုံတယောက်သောသူ၏ ပယောဂကြောင့် သူရပ်နေသည့်အကြောင်း ဖွားဒွေးကြီး၏နားသို့ ပေါက်သွား၏။ ဒွေးကြီး ကြိမ်လုံးတချောင်းကိုကိုင်ကာ လိုက်လာလေပြီ။
ဖွားဒွေးကြီး အနားသို့ရောက်သောအခါ ထိုမန်ကျည်းပင်ကြီးနှင့် မနီးမဝေး သစ်ပင်တပင်အောက်သို့ သွား၍ ထိုသစ်ပင်ကိုမှီကာ ရပ်ပြန်၏။ ထိုသစ်ပင်အောက်သို့ ဖွားဒွေးကြီး လိုက်သွားပြန်သောအခါ အခြားသစ်ပင်တပင်သို့ သွားကာ ရပ်ပြန်၏။ ဤသို့ တပင်မှ တပင်သို့ ကူးပြောင်းသွားရာ သစ်ပင်ပေါင်း လေးငါးခြောက်ပင်ခန့် ကျလေပြီ။
မောင်လူထွေးနှင့် ဖွားဒွေးကြီးတို့၏အဖြစ်အပျက်ကို မြင်ကြသော ရပ်သူရပ်သားတို့ကား မသိမသာ အမှုမဲ့အမှတ်မဲ့ ပြုံး၍နေကြကုန်၏။ တက်လူ မောင်လူထွေးအား ကျလူ ဖွားဒွေးကြီးကား အဘယ်မှာလျှင် မှီအောင် လိုက်နိုင်ပါအံ့နည်း။ အတန်ကြာလျှင် ဖွားဒွေးကြီး မောလာ၏။ သူ၏နဖူးမှ ချွေးဖြိုင်ဖြိုင် ကျဆင်းနေလေပြီ။ မောလာသောကြောင့် ဒေါသထွက်သည်က တမျိုး၊ မြေး မောင်လူထွေးကို မမိနိုင်သဖြင့် ဒေါသထွက်သည်ကတခြား၊ ဖွားဒွေးကြီးမှာ အမျိုးမျိုး ရေရွတ်နေတော့၏။
နောက်ဆုံးတွင် ဖွားဒွေးကြီး လက်လျှော့ပြီးလျှင် အရပ်ထဲရှိ ကာလသားအပေါင်းတို့အား စစ်ကူတောင်းရရှာလေ၏။ ကာလသားကျော် ကိုဘိုးထိန်တို့၊ ကိုအောင်ဒင်တို့၊ ကိုထွန်းဖေတို့၊ ကိုစံဖေတို့တတွေ မောင်လူထွေးတည်းဟူသော ကျောင်းပြေးကလေးကို ဖမ်းအံ့ဟု ထွက်ပေါ်၍လာကြကုန်၏။
ကာလသားတွေ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် မောင်လူထွေးမှာ ယခင်ကကဲ့သို့ ရပ်တည်ခြင်းနည်းလမ်းကို စွန့်ပစ်ပြီးလျှင် ပြေးလွှားခြင်းလက်နက်ကို စွဲကိုင်လေတော့၏။ လက်ဦးတွင် ကွင်းပြင်ကြီးအတွင်းသို့ ထွက်ပြေးလေသည်။ ကာလသားများ ကွင်းပြင်ကြီးအတွင်းသို့ လိုက်ဖမ်းကြကုန်၏။ ထိုကွင်းပြင်ကြီးမှတဖန် ကွေ့ကောက် ပြေးပြီးလျှင် ဖူးကားစက်အတွင်းသို့ ဝင်ပြေးပြန်၏။ ကာလသားတတွေလည်း ဖူးကားဝင်းအတွင်းသို့ လိုက်ကြပြန်၏။ တရပ်လုံး ဆူညံ၍သာနေလေတော့သည်။ ကာလသားတွေမှာလည်း စိတ်ပါလက်ပါ မောင်လူထွေးအား အမိဖမ်းရန် လိုက်ဟန်မတူ။ ဖွားဒွေးကြီးမှ စိတ်ကြေစေတော့ဟူသော သဘောနှင့် အပျော်သက်သက် လိုက်ဖမ်းကြဟန် တူလေသည်။
ဖူးကားဝင်းအတွင်းသို့ ရောက်သောအခါ မောင်လူထွေး ပြေးစရာမရှိတော့ပြီ။ ရှေ့မှ သံလွင်မြစ်ကြီး တားဆီးနေသောကြောင့်တည်း။ မောင်လူထွေး အမိခံရတော့အံ့၊ လက်နက်ချရတော့အံ့။ ဤနည်းအားဖြင့် မောင်လူထွေးသည် အမိခံအံ့လော၊ အရှုံးပေးအံ့လော၊ လက်နက်ချအံ့လော။
အဘယ်မှာလျှင် အမိခံ၊ အရှုံးပေး၊ လက်နက်ချအံ့နည်း။ လူအများ၏ရှေ့မှာပင် သံလွင်မြစ်ထဲသို့ ခုန်ချပြီးလျှင် မြစ်လယ်ဖက်သို့ ကူးပြေးလေသတည်း။ သူ့အား လိုက်ဖမ်းနေကြသော ကာလသားများ ရေကူး၍ မလိုက်ဝံ့တော့ပြီ။ အကယ်၍ ရေကူးလိုက်ပါက သူ မြစ်လယ်ထဲ ကူးသွားသဖြင့် မြစ်လယ်ထဲတွင် လက်ပန်းကျပြီးလျှင် ရေနစ်သွားမည်ကို စိုးရလေသည်။ ကာလသားများ လက်လျှော့ကာ ချော့၍ခေါ်ကြကုန်၏။ မောင်လူထွေး မြစ်ထဲမှ မတက်။ မြစ်ထဲတွင်သာ ကူးနေလေသည်။
ဤသို့ဖြစ်ပျက်နေခိုက် ဖွားဒွေးကြီး ထိုအနီးသို့ ပေါက်လာလေ၏။ မောင်လူထွေး မြစ်ထဲတွင် ရေကူးနေသည်ကို မြင်ရသောအခါ မျက်လုံးပြူးသွား၏။ ကာလသားတတွေအား မိမိတို့နေအိမ်သို့ ပြန်ကြရန် ဖွားဒွေးကြီး တောင်းပန်ရပြန်၏။ ကာလသားများ လှည့်ပြန်၍ အတန်ကလေး ဝေးသွားသောအခါကျမှ မောင်လူထွေး ကုန်းပေါ်သို့ တက်တော့၏။ ကုန်းပေါ်သို့ ရောက်သောအခါ ကမ်းဘေးရှိ သစ်ပင်တပင်ကို မှီကာ ရပ်နေပြန်၏။ ဖွားဒွေးကြီးက ချော့၍ ခေါ်သော်လည်းမရ။ အကယ်၍ မိမိလိုက်သွားလျှင် မောင်လူထွေး ရေထဲခုန်ဆင်းမည်စိုးသောကြောင့် မလိုက်ဝံ့။ ဖွားဒွေးကြီးမှာ အခက်ကြုံလေတော့၏။ ဒေါသကားထွက်ပါ၏။ မိမိ၏လက်တွင် ပါသော ကြိမ်လုံးနှင့် မောင် လူထွေး၏ကျောကို စပ်စပ်ကလေး ဆော်ချင်လှ၏။ သို့သော် မည်သို့မျှ မတတ်နိုင်ပြီ။ နေအိမ်သို့သာ လှည့်၍ ပြန်လာရလေသတည်း။
တနေ့လုံး မောင်လူထွေး အိမ်သို့ပြန်မလာ။ သူမှီနေသောသစ်ပင်အောက်မှာသာ အချိန်ကို ကုန်လွန်စေ၏။ မနက်စာ တနပ်ကို အငတ်ခံ၏။ ညနေ (၄) နာရီထိုး၍ ကျောင်းလွှတ်သောအချိန်ကျမှသာလျှင် အိမ်သို့ မောင်လူထွေး ပြန်၍လာလေသည်။
ဖွားဒွေးကြီးကား ရိုက်ချင်လှပြီ။ မရိုက်သေး။ မောင်လူထွေး တဖန်ထပ်မံ၍ ပြေးမည်ကို စိုးရလေသည်။ ညစာ စားချိန်ကျလျှင် မောင်လူအေး၊ မောင်လူသေးတို့နှင့်အတူ မောင်လူထွေးကိုပါ ထမင်းထည့်၏။ အားလုံး ထမင်းစားသောက်ပြီးကြသောအခါ ဖွားဒွေးကြီးသည် မောင်လူထွေး မနက်က ပြုမူပုံအကြောင်းနှင့် ပတ်သက်ပြီး မြည်တွန်တောက်တီးလုပ်လေတော့သည်။ တော်တော်နှင့် မပြီးနိုင်။ ပြောယင်း ပြောယင်း ဒေါသထွက်လာပြီးလျှင် မောင်လူထွေးအား မိမိ၏ကြိမ်လုံးစကြာဖြင့် တချက်နှစ်ချက်ဆော်၏။ မောင်လူထွေးကား မငို။ ကြိတ်၍ခံ၏။ ပြီးလျှင် အိမ်တိုင်တတိုင်တွင် မှီကာ မတုန်မလှုပ် ရပ်နေလေသတည်း။
တော်တော်ညဉ့်နက်၍ အိပ်ငိုက်လွန်းမက အိပ်ငိုက်သောအခါကျမှ ထိုတိုင်အနားမှာပင် အိပ်ပျော်သွား၏။ ထိုအခါကျမှ အိမ်သားများက သူ့အား သူ့အိပ်ရာသို့ ယူသွားပြီး သိပ်ကြလေသည်။ ဤမျှ ဇွဲကောင်းသော မောင်လူထွေးတည်း။
နောက်တနေ့နံနက် ကျောင်းသွားချိန်ကျလျှင် မောင်လူအေးနှင့်အတူတူ ဆိုက်ဆိုက်မြိုက်မြိုက် ကျောင်းတက်ပြန်၏။ အတန်ကြာ၍ ကျောင်းတက်ရန် စိတ်မရှိသောအခါ ယခင်က မန်ကျည်းပင်ကြီးအောက်တွင် ဝင်၍ရပ်ပြန်၏။
ဤအကြိမ်တွင်ကား ဖွားဒွေးကြီး လက်လျှော့ပြီးလျှင် အမှုမဲ့အမှတ်မဲ့သာ နေလိုက်၏။ တနေ့လုံး ထိုမန်ကျည်းပင်အောက်မှာပင် အချိန်ကုန်လွန်စေ၏။ မည်သူ ရယ်ရယ်၊ မည်သူပြောင်ပြောင် ဂရုမစိုက်။
ညနေကျောင်းလွှတ်၍ မောင်လူအေးတို့ ကျောင်းက ပြန်လာသောအခါ မောင်လူအေးနှင့်အတူတူ အိမ်သို့ လိုက်ပြန်လာခဲ့၏။ ဖွားဒွေးကြီးကား မောင်လူထွေး၏ဓာတ်ကို သိသွားပြီဖြစ်သောကြောင့် မောင်လူထွေးအား ဆိုရုံသာဆို၏။ ရိုက်ကား မရိုက်။ ဖွားဒွေးကြီး လက်လျှော့ရလေသတည်း။
မောင်လူထွေး ထိုမန်ကျည်းပင်ကြီးအောက်တွင် ဝင်၍ရပ်သည်မှာ တလလျှင် နှစ်ကြိမ်ခန့်ရှိ၏။ ထိုအခါက မောင်လူထွေးသည် ယခုအခါတွင် ဦးလူထွေးဘဝသို့ ရောက်နေလေပြီ။ သူ၏သား မောင်အောင်ကြီးပင် အသက်ဆယ်နှစ်ကျော်နေလေပြီ။ မောင်လူထွေး၏သားကလေးများနှင့် မောင်လူအေး ဝေးနေသည်မှာ ကြာလေပြီ။ သူ၏သားကလေးများသည် သူတို့၏ဖခင် ငယ်ငယ်တုန်းကကဲ့သို့ ကျောင်းမသွားချင်လျှင် သစ်ပင်အောက်တွင် ဝင်ရပ်ကြသည်၊ မရပ်ကြသည်ကို မသိရ။ သူတို့ဖခင်ကဲ့သို့ ဇွဲကြီးကြသည်၊ မကြီးကြသည်ကိုလည်း မသိရပေ။
သို့သော် မောင်လူအေး၏သားကလေး မောင်လူမွှေးကား အသက် နှစ်နှစ်မျှ မရှိသေး။ သူ၏ဦးလေး မောင်လူထွေး၏ဇာတိကို ပြနေလေပြီ။ သူလိုသောအရာကို မရသည့်အခါဖြစ်စေ၊ သူမကြိုက်သည်ကို သူတကာက ပြုလုပ်သည့်အခါဖြစ်စေ၊ သူစိတ်နှင့် အခန့်မသင့်သည့်အခါဖြစ်စေ တိုင်တတိုင်မှာ ဖြစ်စေ၊ ထောင့်တထောင့်မှာဖြစ်စေ သွား၍ရပ်နေလေတော့၏။ မည်သူက ခေါ်ခေါ် မရ။ မည်သူကချော့ချော့ မရ။ သူ့ကို သွားချီလျှင်လည်း ကျယ်လောင်စွာငို၏။ သူငို၍ လွှတ်လိုက်လျှင် ယခင်ရပ်နေရာသို့ ပြေးသွားပြီးလျှင် ရပ်နေမြဲရပ်နေလေသည်။ အိမ်သားများ အမှုမဲ့အမှတ်မဲ့ နေလိုက်သောအခါကျမှ သူ့အလိုအလျောက် စိတ်ပြေသွားပြီးလျှင် ထိုနေရာမှ ထွက်ခဲ့လေသည်။
ဤအခြင်းအရာကို မြင်သောအခါ မောင်လူအေးသည် မိမိတို့ငယ်စဉ်က မိမိ၏ညီ မောင်လူထွေး မန်ကျည်းပင်ကြီးအောက်တွင် မကြာမကြာ ဝင်၍ရပ်သည်များကို သွား၍တွေးမိ၏။ မောင်လူမွှေး ကြီးပြင်းလာ၍ ကျောင်းထားသောအခါ ကောင်ကလေးသည် သူ၏ဦးလေး မောင်လူထွေးကဲ့သိုပင် သစ်ပင်တပင်ပင်အောက်တွင် ဝင်ရပ်နေမည့်အရေးများကိုလည်း တွေးကာ ပြုံးမိသော ဟူ၏။
မောင်လူထွေး၏ဇွဲသည် သူ၏သားသမီးများတွင် ပါလာသည်၊ မလာသည်ကိုကား အသေအခြာ မသိရ။ မောင်လူအေး၏သား မောင်လူမွှေးတွင် ပါ၍လာသည်ကား အမှန်ပင် ဖြစ်လေသည်။ ချောင်းရိုး မြောင်းရိုးတို့သာ တိမ်ကော၏။ လူတို့၏မျိုးရိုးကား မတိမ်ကောဟူသော ရှေးလူကြီးတို့၏စကားသည် မှန်လှပေ၏တကား။
---------------------------
#သိပ္ပံမောင်ဝ
မှတ်တမ်းဝင်စာပေများ၊ ရွှေဘို၊ ၁-၁ဝ-၃၉။
Comments
Post a Comment