တရာ့တဆယ်
#တရာ့တဆယ်
နယ်ပိုင် ဝန်ထောက်မင်း၏သင်္ဘော ကျွဲခြံရွာ၌ ဆိုက်ကပ်လေသည်။ ကျွဲခြံတရွာလုံး ကျွက်ကျွက်စီစီ ဖြစ်သွား၏။ အဘယ်ကြောင့် နယ်ပိုင်ဝန်ထောက်မင်း ပေါက်လာသနည်း။ အခွန်တော် ကောက်ခံချိန်လည်း မဟုတ်။ အမှုအခင်း စစ်ဆေးရန်အကြောင်းလည်း မမြင်။ ဘာသံမျှလည်း မကြားရ။ ရွာသူကြီးအကြောင်း ဘယ်မျောက်လောင်းကများ လျှောက်ထားပြန်သလဲမသိ။
ရွာတွင်းရှိ ကလေးအပေါင်းတို့မှာလည်း နှစ်ထောင်းအားရ ဝမ်းမြောက်လျက် ရှိနေကြကုန်၏။ ကမ်းဘေးသို့ ပြေးဆင်းပြီးလျှင် သင်္ဘောဆိုက်သည်ကို ဝိုင်းအုံကာ ကြည့်နေကြလေသည်။ ဝမ်းမြောက် ဝမ်းသာ ရယ်မောကာ အချင်းချင်း စကားပြောနေကြ၏။ မိမိတို့ ကံကောင်းသောကြောင့်သာ အစိုးရမင်း မိမိတို့ရွာသို့ ရောက်၍လာပေသည်။ ခါတိုင်းကား မိမိတို့ ရွာကို ဖြတ်ကျော်၍ သွားသည်သာ များလေသည်။ သည်တခါမှ ဝင်လေတော့၏။ တယ်ကောင်းပါကလား။ ယနေ့ကား မိမိတို့ရွာအတွက် ထူးခြားသော နေ့ကြီးဖြစ်ပေသည်။ အစိုးရဆိုသည်မှာ အဘယ်သို့ နေသနည်း။ အယင်မနှစ်က လာသော အစိုးရဘဲလား။ ကြည့်ချင်စမ်းပါဘိ။ အယင် အစိုးရလို ရွာပေါ် မတက်ဘဲ ပြန်သွားမလား။ သည်လိုနှင့် အလကားဘဲစသည်ဖြင့် တွေးတောကာ ဝမ်းအမြောက်ကြီး မြောက်လျက်နေကြကုန်၏။
ဘိန်းစားမောင်ကြီးကား သင်္ဘော၏ဥဩသံကို ကြားကတည်းက မယောင်မလည်နှင့် ရွာနောက်ဖေး တောထဲသို့ ရှောင်တိမ်း၍သွားလေပြီ။ အခြားအကြောင်းနှင့်လာလျှင် တော်လေရဲ့။ ၁၁ဝ များ လုပ်မှဖြင့် မတော်တဆ ငါပါ ပါနေမည်ဟု တွေးတောကာ ရှောင်သွားခြင်းပင်တည်း။ လူဆိုး မောင်ဘိုးမှန်းနှင့် မောင်ပန်းလှိုင်တို့ကား ထမင်းစားနေခိုက် ဖြစ်လေသည်။ မိမိတို့၏မိတ်ဆွေ ဘိန်းပုန်းစား စာဖြူက ပြေးလာပြီးလျှင် နယ်ပိုင်သင်္ဘော ရွာတွင် ဆိုက်ကပ်
ကြောင်းကို ပြော၏။ သုံးယောက်သား ပျာရိပျာရာနှင့် ရွာတောင်ဖက်သို့ ထွက်၍ သွားကြကုန်၏။ မြင်သူတို့လည်း ပြုံးကြ၏။ ထိုသူတို့ကား ရွာသူကြီးကို လူမထင်သူများ ဖြစ်ကြ၏။ ရွာသူရွာသားတို့အား ညှဉ်းပန်းသူများဖြစ်ကြ၏။ ရွာထဲတွင် မူးပြီးလျှင် အလကားသက်သက် လျှောက်ဆဲနေသူများဖြစ်ကြ၏။ အစိုးရလာတော့ ကြောက်ကြပေတယ်ဟု လက်တို့ကာ ပြုံးကြခြင်းဖြစ်လေသည်။
ရွာလယ်ရှိ ကုန်စုံဆိုင်ရှင် တရုတ်အပြန့်ကား မိမိဘိန်းများကို သိမ်းဆည်းလျက်နေ၏။ အချို့ကို အိမ်ခေါင်မိုးပေါ်တွင် ဝှက်လေသည်။ အချို့ကိုကား အိမ်အောက်ရေထဲသို့ ပစ်၍ချ၏။ သူ၏ဆိုင်အနီး အရက်ခိုးရောင်းနေကျ ကဇော်မောင်မြကား မိမိ၏ အရက်ပုလင်းများကို သွန်ပစ်နေလေသည်။ ဘာမျှ အပြစ်မရှိသော သူများပင်လျှင် ဝန်ထောက်မင်းလာခြင်း၏ အကြောင်းရင်းကို သိလိုသောကြောင့် နားစွင့်ကာ ထောင်နေကြ၏။ သတင်းမေးကြ၏။ ဘာမျှ မကြားရ။ သင်္ဘောဆိုက်နေသည်မှာ ၁၅ မိနစ်ခန့် ကြာလေပြီ။ ဝန်ထောက်မင်းလည်း သင်္ဘောထဲမှာပင် ရှိသေး၏။ မျက်နှာကိုပင် မပြ။ ဘာကြောင့်လာပါလိမ့်။
ရွာသူကြီး ဆင်းသွားလေပြီ။ ယခုတောင် မပြန်လာသေး။ ဧကန္တ အကြောင်းထူးတခုရှိရမည်။ ရွာသူကြီး ပြန်အလာကိုသာလျှင် စောင့်စား၍ နေကြလေသည်။ ဟော ထွက်လာပြီ။ ပျာရိပျာရာနဲ့ပါကလား။ ဆယ်အိမ်ခေါင်း ဦးထွန်းလွင်အိမ်ထဲသို့ ဝင်သွားပြန်ပြီ။ ဟော ရွာသူကြီးနှင့် ဦးထွန်းလွင်ပါ ထွက်၍လာကြပြန်၏။ ဘာကိစ္စလဲဟု မေးကြ၏။ ရွာသူကြီးလည်း ဘာမျှမပြော။ ရွာတောင်ဖက်ဝ ဆယ်အိမ်ခေါင်းနှင့်အတူတူ ထွက်၍သွားကြသည်။ ဟော ကြည့်စမ်း။ ဘိုးချစ်အိမ်သို့ ဝင်သွားကြပြီ။ ဘိုးချစ်တော့ ဒုက္ခဘဲ။ သည်အကောင် နယ်ပိုင် လာတာမသိဘူး ထင်ပါရဲ့။ သင့်အဖော် မောင်ကြီး၊ ဘိုးမှန်း၊ ပန်းလှိုင်တို့ ပြေးကြကုန်ပြီ။ သည်အကောင်ကို မိတာ ကောင်းတယ်။ သူရှိလို့ ရွာ အားကြီး ပူနေတယ် မဟုတ်လား။
ဘိုးချစ်ကား သမီးကလေးနှင့် ထမင်းစားနေခိုက် ဖြစ်လေသည်။ အစိုးရသင်္ဘောဆိုက်သည်ကို မသိရှာ။ အကယ်၍ သိပါမူကား သူတကာထက် ဦးစွာပြေးမည့်သူ ဖြစ်၏။ သူကြီးနှင့် ဆယ်အိမ်ခေါင်းတို့ ဝင်လာကြလေသည်။ ဘာကြောင့် လာကြသလဲ မသိ။ ထမင်းစားကြပါလားဟု ထမင်းစားခေါ်၏။ သူကြီးကလည်း စားပြီးပြီဟု ဆိုကာ ဘိုးချစ်အနား၌ သွား၍ထိုင်၏။ ဆယ်အိမ်ခေါင်းလည်း သူ့အနားမှ မခွာ၊ ခက်တော့တာဘဲ။ ဘာများ လုပ်ကြမလို့ပါလိမ့်။ ထူးထူးဆန်းဆန်း ဘိန်းများဖမ်းမလိုလား။ ဘိန်းဖမ်းလို့ဘာရမလဲ။ မနေ့ကပင် အားလုံးရောင်းလိုက်ပြီ။ သူကြီးလောက်များပါးလျှင် လူမိုက်တောင်မလုပ်။ ခပ်ပြုံးပြုံးကလေး နေ၏။ သူကြီးလည်း ဟိုပြောသည်ပြောနှင့်ပင်။ သို့ရာတွင် သူ၏မျက်နှာ ဘာတာတာနှင့်၊ နေရာမကျ၊ အကြောင်းထူးတခု ရှိလိမ့်မည်။
ဘာကိစ္စ လာပါသလဲ ဟု သူကြီးအား မေး၏။ နယ်ပိုင်က တွေ့လို၍ ခေါ်ကြောင်းနှင့် ပြန်ပြော၏။ ခက်ပြီ။ ဘယ်တော့များ ရောက်နေပါလိမ့်။ သူကြီးလိမ်သလားမသိ။ အတည်ပြောနေပုံရသည်။ ဘိုးချစ်လည်း ဘယ်သို့လုပ်ရမည်မသိ၊ တွေဝေလျက်နေ၏။ မျက်နှာတွင် သွေးတစက်မျှမရှိ။ ဝန်ထောက်မင်း ခေါ် သည်မှာ အကြောင်းတကြောင်းသာ ရှိ၏။ ဘယ်သူများ သွားတို့လိုက်ပါလိမ့်မလဲ။ သူကြီးအပြင် ဘယ်သူမျှမရှိ။ သူကြီးသာလျှင် မိမိ၏ပျက်စီးရာ ဖြစ်ပေသည်။
ဤသို့ ပြောနေယင်း ရုတ်တရက် ထကာ အိမ်အပြင်ဖက် ထွက်၏။ သူကြီးလည်း ဘိုးချစ်ကဲ့သို့ပင် ထကာ ဘိုးချစ်၏လက်ကို ဆွဲ၏။ ဘိုးချစ်လည်း သူကြီး၏လက်ကို ဖယ်ကာ လက်သီးဖြင့် တချက်ထိုး၏။ ထို့နောက် အိမ်အောက်သို့ ဆင်း၏။ သူကြီးလည်း ဆင်း၍ လိုက်ကာ ဆံပင်ကို ဆွဲ၍ထား၏။ သူကြီးအား တချက် ကန်ပြန်၏။ ရွှံ့ဗွက်တွင် သူကြီးလိမ့်နေလေသည်။ သို့သော် ဘိုးချစ်၏ဆံပင်ကို မလွှတ်။ ဆယ်အိမ်ခေါင်းလည်း လက်ကျဉ်းခတ်ရန် အိတ်ထဲမှ လက်ကျဉ်းကို ယူထုတ်၏။ ဘိုးချစ်၏သမီးကလေးက လု၍ ပြေးလေသည်။
ဤသို့ လုံးထွေးနေသည်အတွင်း ဘိုးချစ်အား ဖမ်းပြီဆိုသော သတင်းမှာ တရွာလုံး ပြေး၍ သွားလေသတည်း။ ဘိုးချစ်နှင့်သူကြီးကို ထွေးလုံး၍နေကြသည်ကို ရပ်ကြည့်နေသူတို့ကလည်း ရပ်ကြည့်နေကြကုန်၏။ ဆယ်အိမ်ခေါင်းတယောက်က ပြေးလာပြီးလျှင် သူကြီးဖက်ကနေ၍ ကူ၏။ ဘိုးချစ်၏မယား နှင်းမြိုင်ကား ရွာအစွန်အဖျားမှ သတင်းကြား၍ ပြေးလာပြီးလျှင် မိမိ၏လင်ဖက်မှ ဝိုင်း၍ သတ်၊ ဝိုင်း၍ ခုခံ၏။ သူတို့ လုံးထွေး သတ်ပုတ် ခုခံနေသည့် အကြောင်းကို နယ်ပိုင်အား မိန်းမတယောက် လာရောက်၍ ပြောကြားလေသည်။ နယ်ပိုင် မောင်လူအေးလည်း ခြောက်လုံးပူးသေနတ်ကို ခါးကြားတွင် ညှပ်ကာ သင်္ဘောမှ တက်၍ လာ၏။ ဝန်ထောက်မင်း တက်၍လာသည်ကို မြင်ကြလျှင် တရွာလုံး စိတ်အေး၍သွားကြ၏။ အားရ၍သွားကြ၏။ ဝမ်းမြောက်၍သွားကြ၏။ ဘိုးချစ်နှင့် သူကြီးတို့ လုံးထွေးနေကြသည့် နေရာသို့ ရောက်လျှင် ဘိုးချစ်အား အဖမ်းခံရန် ပြော၏။ ဘိုးချစ်လည်း ဝန်ထောက်မင်းနှင့် ပက်ပင်းပါ တွေ့နေပြီဖြစ်သောကြောင့် မပြေးသာ မရှောင်သာပြီ။ အမိခံရ၏။ မိမိ၏သမီး လု၍ပြေးသော လက်ကျဉ်းနှင့်ပင် လက်ကျဉ်း အခတ်ကို ခံရလေသည်။
သူကြီးလည်း မကျေမချမ်း ဖြစ်လျက်နေ၏။ တကိုယ်လုံး ရွှံ့တွေပေလျက် လူရုပ်ပင်မပေါ် ။ ကိုယ်တော် တကိုယ်လုံး ရှု၍ပင် မကောင်း။
လက်ကျဉ်းခတ်ပြီးလျင် သင်္ဘောထဲသို့ ခေါ်ခဲ့ရမည် အမိန့်ရှိသောကြောင့် ဆယ်အိမ်ခေါင်းတို့က ဘိုးချစ်အား ဆောင်ယူခဲ့ကြလေသည်။ တရွာလုံး နောက်က ဆူညံဆူညံ၊ ကျွက်စီ ကျွက်စီနှင့် ဟိုပြောသည်ပြော တသောသော လိုက်၍လာကြကုန်၏။ မယား နှင်းမြိုင်နှင့် သမီးဧမယ်တို့လည်း ထိုလူစုထဲတွင် ပါ၍လာကြလေသည်။
သင်္ဘောသို့ ရောက်လျှင် ပုဒ်မ ၁၁၀ အရ ဘိုးချစ်အပေါ်၌ စွဲချက်တင်၏။ သက်သေများကို စစ်ဆေး၏။ အာမခံ မပေးနိုင်လျှင် ထောင်ဒဏ် နှစ်နှစ်ခံစေဟု စီရင်ချက်ချ၏။ တနှစ်သာ အပြစ်ပေးမည် ကြံစည်ထားသော်လည်း သူကြီးအား ခုခံသောကြောင့် နှစ်နှစ် အပြစ်ဒဏ် ပေးသည်ဟူ၍ ပြောဆိုကြ၏။ သူကြီးလည်း မိမိအား ခုခံသောကြောင့် ဘိုးချစ်အား ထောင်ဒဏ် တနှစ် ပို၍ ကျလေပြီဟူ၍ အားရဝမ်းသာ ပြုံးရွှင်စွာနေ၏။
ဘိုးချစ်ကား အာမခံ မပေးနိုင်။ မှိုင်၍ သွားရှာ၏။ သမီးကလေး ဧမယ်၊ မယား နှင်းမြိုင်တို့နှင့် ခွဲခွါ၍ သွားရချေတော့မည်။ ထောင်ထဲတွင် သုံးရန် ငွေတောင်း၏။ နှင်းမြိုင်လည်း အိတ်ထဲမှ ငွေ နှစ်ကျပ်ကို ထုတ်၍ ပေးလေသည်။ နှင်းမြိုင်၏မျက်စိတွင် မျက်ရည်များ လည်၍လာ၏။ နှစ်နှစ် ဆိုသည်မှာ များလှချေသည်။ ဤအတွင်း ငါတို့ မည်သို့ နေရအံ့နည်း။ မိမိလင် ဘိုးချစ်နှင့် တခါမျှ မခွဲဘူး။ ယူစဉ်အခါက ဘိုးချစ်မှာ အကောင်း။ မိမိလက်ထဲတွင်ပင် ဘိန်း စားဘဝသို့ ရောက်၏။ မိမိလက်ထဲတွင်ပင် လူဆိုးဘဝသို့ ရောက်၏။ မိမိလက်ထဲတွင်ပင် သူခိုးဘဝသို့ ရောက်၏။ ပြော၍ မရ၊ ဆို၍ မရ။ ထို့ကြောင့် ကျော်စောသတင်း ထွက်လေသည်။ ဪ ...ခက်လိုက်ပါဘိတော့။
ဘိုးချစ်နှင့်နှင်းမြိုင်တို့၏ အဖြစ်အပျက်ကို မြင်သော ဝန်ထောက် မောင်လူအေးမှာ သူတို့အား သနားမိလေသည်။ သို့သော် ဘာမျှမတတ်နိုင်။ မိမိဝတ္တရားကို ဆောင်ရွက်ခြင်းသာ ဖြစ်လေသည်။ ထောင်သို့ သွားရမည့်သူ သွားပြီးနောက် အပြင်ကျန်ရစ်ခဲ့သော နှင်းမြိုင်နှင့် ဧမယ်တို့ ဘယ်သို့ ရှိကြမည်နည်း။ ဤစားရမဲ့ သောက်ရမဲ့ နှင်းမြိုင်နှင့် သူ၏သမီးကလေးမှာ မည်မျှပူဆွေး၍ နေကြမည်နည်း။ သနားသောကြောင့် ထောင်မချပြန်လျှင် ဝတ္တရားမကျေရာကျပေမည်။ မိမိဝတ္တရားအတိုင်း ဆောင်ရွက်ပြန်ပါကလည်း သနားစရာကြီးနှင့် ကြုံတွေ့နေရပေသည်။ ရှေ့လည်း မတိုးသာ၊ နောက်လည်း မဆုတ်နိုင်။ ဤအကြောင်းများကို တွေဝေစဉ်းစားလျက်နေယင်းပင် သင်္ဘောလည်း ကျွဲခြံမှ ထွက်လာခဲ့၏။ နှင်းမြိုင်တို့လည်း ကျန်ရစ်ကြလေသတည်း။
----------------------
#သိပ္ပံမောင်ဝ
ဂန္ထလောက၊ ၁၂၉၃ ခု၊ တပို့တွဲလ။
Comments
Post a Comment