​လောကီရတနာ (အပိုင်း ၁)

#လောကီရတနာ

အပိုင်း (၁)

၁။

မှောင်လွန်းရသည့်အထဲ ပတ်၀န်းကျင်တစ်ရပ်လုံး ဆိတ်သုဉ်းနေလေ၏။ ခြံစည်းရိုးတစ်လျှောက် ပိန္နဲပင်ကြီးများဖြင့် လေးဘက် လေးတန်စလုံး ပိတ်ဖုံးနေသော လေဒိနီတောရ ကျောင်း၀င်းကြီး တစ်၀င်းလုံး အမှောင်ထုထဲ၌ အတိုင်းမသိ ငြိမ်သက်လျက်ရှိနေသည်။ သစ်ပင်သစ်ရွက်များ အုပ်ကွယ်ထား၍ ကျောင်း၀င်းအတွင်းရှိ အဆောက်အအုံများကို ကြယ်ရောင်ကလေးများဖြင့်သာ ဝိုးတိုးဝါးတားမြင်ရသည်။

ကျောင်း၀င်းပေါက်၀မှ ကား၀င်သွားသည့်အခါ ညဥ့်ငှက်များ လန့်၍ ဆူညံပျံသန်းကြသည့် အသံများသည် မှောင်မိုက်တိတ်ဆိတ်နေသော ညကြီး၌ ရင်ဖိုစရာကောင်းလှသည်။ ကားကို ပိန္နဲပင်ကြီးအောက်၌ ထိုးရပ်လိုက်ပြီးနောက် ကျောင်းခွေးများကို ကြောက်ကြောက်နှင့် ခြေသံမထွက်အောင် ချွတ်နင်းနင်းလျက် လျှောက်ခဲ့သည်။ ခပ်လှမ်းလှမ်းမှ မီးရောင်ကလေးမြင်ရ၍ ဆွမ်းစားဇရပ်ဆီသို့ အသံမကြားအောင် ပြေးသွားရသည်။

ဆွမ်းစားဇရပ် မျက်နှာစာတွင် ကြက်တူရွေးတန်း အပေါက်များရှိ၍ ဇရပ်ထဲသို့ လှမ်းကြည့်လိုက်သည်။ မိန်းမ သုံး လေးဦးသည် ကျောင်းကပြင်၌ ခေါင်းချင်းဆိုင်ကာ စုဝေးထိုင်နေကြရာမှ မှောင်ထဲတွင် မမြင်မစမ်း ပြေးလာသော ကျွန်မကို ငုံ့ကြည့်နေကြသည်။ ကျွန်မှန်း သိလျှင် တစ်ဦးက ထ၍ လှေကားပေါက်မှ ဆီးရပ်ကြိုသည်။

"ခုနကမှ အိမ်ပြန်ရောက်လို့ စာတွေ့ရတယ်။ ကြီးကြီးခင် ဘယ်လိုနေသေးလဲ ခင်ခင်စု"

မီးရောင်ကို ကျောခိုင်းကာ ထွက်ရပ်ကြိုဆိုနေသော သူကို ခင်ခင်စုဖြစ်မှန်း အနားကပ်မှ သိရသည်။ ကျွန်မက လှေကားမတက်မီ လှမ်းမေးလိုက်သည်။

"ဆုံးပြီ...ခုနကပဲ"

အံ့သြလွန်း၍ ကျွန်မမှာ ကြက်သေကြီးသေလျက် လှေကားထစ်၌ ကျောက်ရုပ်ကြီးလို ဖြစ်နေသည်။

"မမကို လိုက်ရှာကြတာ အနှံ့ပဲ၊ မြို့ထဲတောင် ရောက်သေးတယ်၊ ခုနကလေးကမှ အသက် ထွက်သွားတာ"

"ဟင်" ဟု ကျွန်မနှုတ်မှ ထွက်သွားကာ ခေါင်းငိုက်ကျသွားသည်။

ယနေ့ည မြို့ထဲမှ ရုပ်ရှင်ကြည့်ပြီး အိမ်သို့ရောက်သည့်အခါ "ကြီးကြီးခင် မူးနေတယ်...မမလာခဲ့ပါ" ဟူသော ခင်ခင်စု၏စာကလေးကို စားပွဲပေါ်၌ တွေ့တွေ့ချင်း "ဟိုက်" ဟု အလန့်တကြား အော်လိုက်ကာ ပျာရိပျာယာ ထွက်လာခဲ့သည်။

ကြီးကြီးခင် နေထိုင်မကောင်းဘူးဟု တစ်ခါမှ မကြားဖူး၍ အံ့သြလာခဲ့သည်။ ကြီးကြီးခင်အတွက် စိုးရိမ်မကင်း ဖြစ်မိသော်လည်း ရုတ်တရက်သေလိမ့်မည်ဟု မထင်။ ရုတ်တရက် သေဆုံးပုံကို ကြားသိရခြင်းသည် ကျွန်မအား ထိုနေရာမှ မရွေ့နိုင်လောက်အောင် ဇာဝီနှင့် စုပ်ထားသကဲ့သို့ ဖြစ်နေသည်။

"ညနေက အကောင်းပဲ မမ၊ ရေပါချိုးပြီး မနက်ဆွမ်းဟင်းအတွက် စျေးသွား၀ယ်မလို့ ကျောင်းကအထွက် မူးလိုက်တာပြောပြီး ထိုင်ချတာပဲ။ အဲဒါနဲ့ ကျောင်းပေါ် ပြန်ပွေ့တင်လာကြရတယ်။ မမကို လိုက်ရှာကြတာ ရှာမတွေ့တာနဲ့ ဆရာ၀န်ခေါ်ရတယ်။ အသက်သာထွက်ရော စကားတစ်ခွန်းမှ မပြောနိုင်ဘူး၊ သတိလည်း မရဘူး"

ခင်ခင်စုပြောပြနေစဉ် မမြစိန် အနားသို့ရောက်လာသည်။

သူတို့မှာ ကြီးကြီးခင် အသက်မထွက်ခင် ကျောင်းသို့ အချိန်မီ ရောက်နှင့်နေကြသည်။ ကြီးကြီးခင်သေပြီဟူသော အသိဖြင့် ပုတ်လောက်ကြီးသွားသော ကျွန်မခေါင်းကို အနိုင်နိုင် ပင့်ထောင်ရကာ ပြည့်ဝေနေသော မျက်ရည်တွေနှင့် ဇရပ်ထဲသို့ အားယူကြည့်ရလေသည်။ ဇရပ်ထဲ၌ ရှင်းနေသည်။ ဆွမ်းစားကျောင်းဖြစ်၍ ခန်းမဆောင်ကြီး၌ သံတော်များ ဆွမ်းစားကြသည့် စားပွဲခုံများ၊ ဒန်ရေချိုင့်ခွက်များမှာ နံရံ၌ မှီ စီထားသည်။ ဆွမ်းစားကျောင်းခန်းမကြီး၏ အနောက်ဘက်အဆောင် တံခါး၀၌ ဦးပဉ္စင်းနှစ်ပါး ရပ်နေကြကာ အထဲသို့ ကြည့်နေသည်။

ဇရပ်ထဲ၌ ဓာတ်မီးရောင်မှာ ထိန်နေအောင် မလင်းလှဘဲ အားနည်းကာ အရောင်ဖျော့မှိန်နေသည်။ ခန်းမကြီး အလယ်ပေါက်တွင် အနီးအနားမှ သတင်းမေးလာကြသည့် ဧည့်သည်တစ်စု ထိုင်နေကြသည်။ ကျွန်မမှာ မည်သူတွေမှန်း သေသေချာချာ မကြည့်နိုင်ဘဲ ခင်ခင်စုနှင့် မမြစိန်ခေါ်ရာနောက်သို့ လေးလံစွာ လျှောက်လိုက်သွားရသည်။ ဇရပ်နောက်ဖေး အဆောင်ကလေးဆီသို့ လာခဲ့ကြရာ အခန်း၀၌ ပတ်ရပ်နေကြသော ဦးပဉ္စင်းနှစ်ပါး လမ်းဖယ်ပေးကြသည်။ မီးဖိုနှင့်ကပ်လျက် စားသောက်စရာ ကြောင်အိမ်၊ ဗီရို၊ အိုးခွက်ပန်းကန်များထားရာ စားဖိုဆောင်အခန်းထဲ၌ ကြီးကြီးခင်၏အလောင်းကို ဘွားခနဲ မြင်လိုက်ရသည်။

ကျွန်မ၏မျက်လုံးတွေမှာ ပြာသွားကာ ရင်ထဲ၌ နာသွားလေသည်။ ကြီးကြီးခင်၏အလောင်းကို မီးဖိုဆောင်ထဲ၌ အသက်ပျောက်လိမ့်မည်ဟု ကြိုတင်၍ မသိမမြင်ခဲ့သော်လည်း ကြီးကြီးခင်၏ "ဒီနေရာဟာ ကြီးကြီးခင်နေရာ မဟုတ်ဘူး"ဟု ပြောဖူးခဲ့သော အတိတ်ကြောင့် ရင်ထဲ၌ မခံမရပ်နိုင်အောင် နာသွားခြင်းဖြစ်သည်။ အသက် ၆၀-ခန့်ရှိ အမယ်ကြီးတစ်ယောက်မှာ ကြီးကြီးခင်၏အလောင်းဘေး၌ ထိုင်နေသည်။ အလောင်းခြေရင်းဘက်၌ အဘိုးကြီးတစ်ယောက် ကြောင်အိမ်ကို ကျောမီကာ လက်ပိုက်လျက် အလောင်းကို ရပ်ကြည့်နေသည်။ ဦးပဉ္စင်းတစ်ပါးနှင့် ကံဘဲ့မှ အမြတ်တော်ခွန် ၀န်ထောက်ကတော် ဒေါ်ပြုံးတို့လည်း အနားတွင် ရှိကြသည်။

ကြီးကြီးခင်သည် ခေါင်းအုံးပေါ်၌ ဘီးဆံပတ်ကြီးနှင့် အညာစောင်အနီကို တစ်ကိုယ်လုံးခြုံထားကာ အိပ်နေသည့်အတိုင်း ခြေဆန့်လက်ဆန့် အသက်ပျောက်နေရှာသည်။ အလောင်းခြေရင်း၌ ကျွန်မ ထိုင်ချလိုက်သည်။ စောင်ဖုံးထားသော ခြေထောက်ကို လက်နှစ်ဖက်ဖြင့် ခြေဖဝါးမှ တင်းကျပ်စွာ ဆုပ်ကိုင်ထားကာ တစိမ့်စိမ့်ထိုင်၍ ကြည့်လျက်နေစဉ်အတွင်း ကျွန်မ၏စိတ်ကို ထိန်းချုပ်၍မရသလောက် လွင့်ချင်ရာ လွင့်နေသည်။

ကျောင်းသို့ လာလှူဒါန်းကြသော မုန့်သေတ္တာ၊ နို့ဆီ၊ ငါးသေတ္တာဘူးများ သိုလှောင်ထားရာ ဗီရိုကြီးနှင့် တစ်ဖက်က ပန်းကန်ခွက်ယောက်ထားရာ ဗီရိုကြောင်အိမ်နှစ်လုံးကြား၌ အသက်ပျောက်နေသော ကြီးကြီးခင်၊ သူ့ခြေရင်းက ကျွန်မ၊ တစ်ယောက်နှင့်တစ်ယောက် အဘယ်ပုံသိခဲ့ကြသနည်း။

၂ ။

ကြီးကြီးခင်ကို ကျွန်မ ချောင်းနေသည်။ နှစ်ယောက်တည်းတွေ့နိုင်အောင် အလစ်ကို ချောင်းနေသော်လည်း တော်တော်နှင့် ခွင့်မသာနိုင်ဘဲ ဖြစ်နေသည်။ ဂျပန်ခေတ်အတွင်း အိမ်မှရွှေ့ပြောင်းကြရာ  ကံဘဲ့ဒေါ်ဒေါ်သိန်းတို့အိမ်သို့ ပြောင်းလာကြမှ ဒေါ်ဒေါ့် အစ်မ ကြီးကြီးခင်နှင့် ကျွန်မ တွေ့ကြရသည်။ ပြောင်းသည့်နေ့က နေ့လည် ၁၂-နာရီလောက် ရောက်သွားကြသည်။ ရောက်ရောက်ချင်း ကျွန်မတို့ကို ဒေါ်ဒေါ်တို့က ထမင်းပြင်ကျွေးသည်။ ထမင်းပွဲ မထိုင်မီ ကျွန်မက ဒေါ်ဒေါ်နှင့် ကြီးကြီးခင်ကို ကျွန်မတို့နှင့်အတူ ၀င်စားကြရန်ခေါ်သည်။

"ဒေါ်ဒေါ်စားပြီးပြီ... စားစား၊ သူကတော့ ဥပုသ်စောင့်နေတယ်"

ထမင်းစားပွဲသို့ ၀င်ထိုင်ကာ " ဒီနေ့ ဥပုသ်နေ့လားဒေါ်ဒေါ်" ဟု ကျွန်မက ဒေါ်ဒေါ်သိန်းကို မေးလိုက်သည်။

" ဒီနေ့ ဥပုသ်နေ့ မဟုတ်ပါဘူး၊ သူ့ဥပုသ်က တစ်သက်လုံး စောင့်လာခဲ့တဲ့ဥပုသ်၊ သေတဲ့နေ့အထိ စောင့်မယ့်ဥပုသ်"

ဒေါ်ဒေါ်က ပြောပြီး ရယ်မောလိုက်သည်။

ကျွန်မ၏ မျက်လုံးများသည် ကြီးကြီးခင်ဆီသို့ ရောက်သွားသည်။ စူးစိုက်စွာ ကြည့်လိုက်မိသည်။ ဘီးဆံပတ်ကြီးကို ပြောင်ပြောင်ပတ်ထားလျက် ဒိုဘီကျ ပဒုမ္မာအင်္ကျီ၊ တိုဘရက်ကိုး နက်ပြာရောင်ချည်နှင့် နံ့သာမထိသော မျက်နှာပြောင်တင်းတင်းသည် ဥပုသ်သည်ရုပ် ပေါက်ပါ၏။ နဖူးကျယ်ကာ မျက်နှာဝိုင်းဝိုင်း ပါးနှစ်ဖက် ဖောင်းမို့လျက် သိမ့်မွေ့စွာ ပြုံး၍ကြည့်နေသော ကြီးကြီးခင်၏ မျက်လုံးအကြည့်သည် အကြည်ဓာတ်နည်းပါးနေကာ လောကီကိုလျစ်လျူရှုဟန်၊ သူ့ဘ၀ကို သူ အစဉ်သဖြင့် မမေ့မလျော့ သတိချပ် လေးနက်လျက်ရှိဟန် ဤအသွင်သည် မျက်နှာပေါ်၌ ထင်ရှားစွာ ပေါ်နေသည်။ ထိုမျက်နှာမှာ လူ၀တ်ကြောင်နှင့် တစ်စက်မှမလိုက်ဘဲ မယ်သီမရင် မျက်နှာမျိုးနှင့် တူလှလေခြင်းဟု ကျွန်မစိတ်၌ အောက်မေ့မိလိုက်သည်။

ညဘက် ဒေါ်ဒေါ်နှင့် စကားကောင်းနေကြ၍ ညတစ်ချက်တီးမှ အိပ်ရာ၀င်ကြသည်။ ကျွန်မမှာ အိပ်ရာထဲ၌ အိုက်လှ၍ အိပ်မပျော်နိုင်ဘဲ ရှိနေစဉ် ဇာခန်းဆီးအပြင်ဘက်မှ မီးထွန်းထားသော ဖယောင်းတိုင်ကို ကိုင်မြှောက်ထားသည့် လက်ကြီးတစ်ဖက် မြင်လိုက်ရ၍ လန့်သွားသည်။

ကျွန်မတို့အိပ်ခန်း၏အပြင်ဘက် ဧည့်ခန်း၌အိပ်နေသော ဒေါ်ဒေါ်က... "ဟဲ့...ဘယ်သူတုံး" ဟု မေးလိုက်သောအသံ ထွက်လာသည်။ မှောင်ထဲ၌ အားနည်းစွာရှိသော ဖယောင်းတိုင်မီးကလေးသည် ယိမ်းထိုးလျက် ကစားနေ၏။

"ငါပါ...နာရီကြည့်တာပါ"

ကြီးကြီးခင်၏ ခပ်အုပ်အုပ်အသံလေးကို ကြားရမှ ကျွန်မမှာ အလန့်ပြေသွားကာ မီးရောင်ပြရာ ဇာခန်းဆီးပေါက်သို့ စိုက်လျက်ကြည့်နေသည်။

"ဘယ်အချိန်ရှိသေးလို့လဲ...အခုမှ ၂ ချက် ထိုးသေးတယ်၊ သွားအိပ်ချေဦး"

ဒေါ်ဒေါ်၏အသံမှာ ငေါက်ပြောသောအသံ ပါနေသည်။

ဖယောင်းတိုင်မီးသည် ယိမ်းထိုးလျက် နောက်ပြန်ဆုတ်သွားကာ တမဟုတ်ချည်း ပြန်မှောင်သွားလေသည်။ အသံများလည်း ပျောက်ကုန်သည်။ ကျွန်မမှာ ဆက်လက်၍ အိပ်မရဘဲ ဖြစ်နေ၏။

"သူကတော့ တစ်သက်လုံး စောင့်လာတဲ့ ဥပုသ်၊ သေတဲ့နေ့အထိ စောင့်ရမှာ"ဟု နေ့ခင်းက ဒေါ်ဒေါ်ပြောသောစကားကို သွား၍သတိရကာ တောင်စဉ်းစား မြောက်စဉ်းစားနှင့် တော်တော်နှင့်မပြီးနိုင်အောင် စဉ်းစားမိသည်။

"အပျိုလည်း အပျိုကြီး...ဘာကြောင့် လူ့ဘ၀နှယ် သူက တစ်သက်လုံး ဥပုသ်စောင့်နေတာပါလိမ့်"

ကြီးကြီးခင်၏အကြောင်းကို စဉ်းစားနေရင်း လျှိုဝှက်သော သွင်ပြင်လက္ခဏာတို့သည် ကျွန်မမျက်စိထဲတွင် ပေါ်လာကာ ထူးသလိုလို ထင်လာသည်။ ထူးပုံကို ပေါက်ပေါက်ရှာရှာ တွေးတောစဉ်းစားကြည့်နေသဖြင့် မျက်လုံးကျယ်ကာ ပြန်၍အိပ်မရအောင် ဖြစ်နေသည်။ တစ်နာရီလောက်ကြာလျှင် လှုပ်ရှားသံဟူ၍ လုံး၀မရှိဘဲနှင့် ရှဲခနဲခြစ်လိုက်သော မီးခြစ်သံ ထွက်လာသည်။ အတိတ်ကြီးတိတ်လျက် ရှိနေခိုက် ရှဲခနဲအသံသည် အလွန်ကျယ်လောင်သွားသည်။ ကျွန်မ၏မျက်လုံးများသည် ဇတ်ခနဲ ပွင့်သွားသည်။ ခြင်ထောင်ပေါ်က မျက်နှာကြက်တွင် အလင်းရောင်ကလေးဖျော့ဖျော့မြင်ရ၍ ကြီးကြီးခင်၏အခန်းမှ မီးခြစ်လိုက်မှန်း သိရသည်။ ဖယောင်းတိုင်မီးရောင်သည် လင်းသထက် လင်းလာမှပင် ဖယောင်းတိုင်များ ထွန်းညှိလျက် ဘုရားမီးပူဇော်နေမှန်း သိရသည်။ မီးရောင်သာပေါ်လာသော်လည်း အသံမရှိဘဲ ငြိမ်သက်တိတ်ဆိတ်လျက်ရှိနေသည်။

ထိုအခိုက် ခြေသံဟူ၍မကြားရဘဲ မီးဖိုဘက်ဆီမှ မီးဖိုတံခါးဖွင့်သံ ထွက်လာပြန်သည်။ ထို့နောက် နောက်ဖေးရေချိုးခန်းတံခါးဖွင့်သံ ပေါ်လာပြန်သည်။ ကြီးကြီးခင်သည် ည ၃ နာရီလောက် ချွတ်နင်းနင်းကာ မှောင်ထဲ၌ တစ်အိမ်လုံး အနှံ့အပြားသွားနေပုံ ရှိသည်။ အသက် ၆၀ ခန့်ရှိသည့်တိုင်အောင် လူငယ်များထက် ဖျတ်လတ်ပေါ့ပါးလှပုံကို နေ့လည်ကပင် အကဲခတ်မိထားသည်။ တစ်ထပ်အိမ်ကလေးဖြစ်၍ မှောင်ကြီးထဲ၌ ကြီးကြီးခင် ဘယ်ရောက်သွားပြီ၊ ဘယ်ရောက်လာပြီ၊ သူ့ခြေသံကို မကြားရသည့်တိုင်အောင် သူရောက်သွားရာနေရာက တစ်ချက်တစ်ချက် ထွက်လာသော အသံများဖြင့် မှန်းဆကြည့်ရင်း မှောင်ထဲမှာလျှောက်ပြီး ဘာလုပ်နေပါလိမ့်ဟု အောက်မေ့မိသည်။ အတန်ကြာလျှင် မိုးကောင်းဘုရားဆီက အရုဏ်တက်အုန်းမောင်းသံများ ထွက်လာသည်။

ထိုအသံများနှင့်ရော၍ ခွေးတွေ အူအူဆူဆူရှိနေတုန်း ကြီးကြီးခင်၏အခန်းထဲမှ ရိုက်ခတ်လိုက်သော ကြေးစည်သံလည်း တစ်ပြိုင်တည်းထွက်ပေါ်နေသည်။ ကြီးကြီးခင်သည် အရုဏ်တက်ဆွမ်းကပ်ကာ ဘုရား၀တ်ပြုနေလေပြီ။ ညဦးကလိုပင် သံနေသံထားနှင့် ဟိုဘက်အိမ် သည်ဘက်အိမ်က ကြားလောက်အောင် ရှစ်ပါးသီလခံကာ ကြည်ညိုစွာ ရွတ်ဆိုရှိခိုးနေလေသည်။ သာယာကြည်နူးဖွယ်ရာကောင်းလှသည့် ကြီးကြီးခင်၏ဘုရားရှိခိုးသံသည် ကျွန်မ၏အသည်းထဲ၌ နစ်နေလျက် တဖြည်းဖြည်း မှေးငိုက်အိပ်ပျော်သွားတော့သည်။

နံနက် အိပ်ရာကနိုး၍ မျက်နှာမသစ်ခင် ဒေါ်ဒေါ်နှင့် ရေချိုးခန်း၀၌ ဆုံကြသည်။

"ညက ကြီးကြီးခင် ထတာ လန့်သွားတာပဲ"ဟု ကျွန်မက ပြောလိုက်သည်။

"ဝိဇ္ဇာမကတော့ ညတိုင်း ဒီလိုချည်းပါပဲ၊ ကောင်းကောင်းအိပ်တာမှ မဟုတ်ဘဲ၊ ဆွမ်းချက်ဖို့ နာရီကိုချည်း ထထကြည့်နေတာပဲ"

ကျွန်မတို့သောက်ရန် ကော်ဖီစားပွဲကို ကြီးကြီးခင်က ပြင်ပေးထားသည်။ ကြီးကြီးခင်သည် မိုးလင်းသည်နှင့် မီးဖိုထဲသို့ ရောက်နေလေသည်။ ဘီးဆံပတ်ကြီးပတ်လျက် အင်္ကျီဒိုဘီကျနှင့် အင်္ကျီလက်မောင်းကိုပင့်ကာ လက်မလည်အောင် ချက်ပြုတ်နေသည်။

လက်ဖက်ရည်စားပွဲတွင် ထိုင်ကြကာ ကြီးကြီးခင်ကို... "ကော်ဖီသောက်ပါဦး"ဟု ကျွန်မ လှမ်းခေါ်လိုက်သည်။

"ပြီးပါပြီ...လှိုင်ရေ...ပြီးပါပြီ၊ သောက်ပါ၊ ကြီးကြီးခင်သောက်ပြီးပါပြီလေ"

မီးဖိုထဲမှ ထွက်လာသည့်အသံကား မော်မြိုင်သံလည်း ဝဲ၏။ ဝေ၀ဆာဆာနှင့် လှိုင်နေကာ အပြေးအလွှားပြောသံမျိုး နားထဲသို့ ပြေးလွှား၀င်လာသည်။

"ကျောင်းအတွက် ဆွမ်းက ခုနှစ်ကျောင်းရှိတယ်၊ တစ်မနက်လုံး ဆွမ်းဟင်းမှီအောင် သူပဲ ၀င်ချက်နေတာပဲ၊ ကောင်မလေးတွေ ချက်တာလည်း တစ်စက်မှ မကြိုက်ဘူး"

ကော်ဖီသောက်ရင်း ဒေါ်ဒေါ်က ကြီးကြီးခင်အကြောင်းကို ပြောပြနေသည်။

ညီအစ်မနှစ်ယောက် ကုသိုလ်ရေးကိစ္စ ဝါသနာကြီးမားကြပုံကို သာဓုမခေါ်ဘဲမနေနိုင်အောင် အားရကြည်နူးမိသည်။ ကုသိုလ်ရေးသာမက အိမ်သို့လာသမျှ ဧည့်သည်တိုင်း မည်သူ့ကိုမျှ အလွတ်မပေးဘဲ ကျွေးရမွေးရမှ ကျေနပ်ကြသော သဒ္ဓါတရားကိုလည်း အကဲခတ်မိသည်။ အိမ်ပေါ်သို့ ဧည့်သည်တက်လာလျှင် ဒေါ်ဒေါ်သည် တံခါးကို ပြေးဖွင့်ကာ... "လာပါ...လာပါ"ဟု ပျူပျူငှာငှာ ၀မ်းသာအားရ ကြိုဆိုတတ်သည်။

အိမ်ရှေ့ပေါက်က ဧည့်သည်လာသံကြားလျှင် ကြီးကြီးခင်သည် မီးဖိုဆောင်တံခါးပေါက်မှ အလုပ်များနေရာကပင် ထ၍ ရပ်ကြည့်လျက် မော်လမြိုင်သံ သာသာဝဲ၀ဲဖြင့် ဧည့်ကြိုလိုက်သေးသည်။ ဧည့်သည် အိမ်ပေါ်ရောက်တော့မှပင် အိမ်ရှေ့နှင့် မီးဖိုပေါက်မှ ဧည့်ကြိုသံများ စဲသွားကြသည်။

ဧည့်သည်များ ကုလားထိုင်၌ ထိုင်မိကြလျှင် အိမ်ရှေ့မှဒေါ်ဒေါ်က... "မိစိန်ခင်ရေ"ဟု လှမ်းအော်အချက်ပေးသည်။

"ရမယ်...ရမယ်...ပြင်နေပြီ"

နောက်ဖေးမှ ကြီးကြီးခင်က အသံပြန်ပေးလိုက်သည်။

တစ်ခဏအတွင်း လက်ဖက်ရည်နှင့်မုန့်များ ဧည့်သည်ရှေ့မှောက်သို့ရောက်သွားသည်။ ကျွန်မမှာ ဒေါ်ဒေါ်တို့နှင့် အတူနေရန် ပြောင်းရွှေ့လာသည့်နေ့တွင်ပင် ဧည့်၀တ်ကျေပွန်သည့် သည်လိုအိမ်မျိုး သည်တစ်ခါပဲ တွေ့ဖူးပါသည်ဟု အောက်မေ့မိသည်။

"ဒေါ်ဒေါ်တို့က လာသမျှ သိပ်ကျွေးချင် မွေးချင်ရှိတာပဲ၊ ဒီအိမ်တော့ ဧည့်ပျော်မယ့်အိမ်ပဲ"

ဒေါ်ဒေါ်က ရယ်မောနေသည်။

"စေတနာတော့ မပြောနဲ့တော့၊ ကောလိပ်ကျောင်းထမင်းဆိုင်ဖွင့်ခဲ့တာ စေတနာတွေ ပိုလွန်းလို့ပေါ့၊ ရှိစုမဲ့စု အကုန်ပြုတ်ခဲ့တာပဲ၊ သည်အိမ်တော့ ဧည့်သည် ဘယ်တော့မှ မစဲဘူး၊ ဒီလိုပဲ တစ်နေ့တစ်နေ့ ဧည့်ခံနေရတာနဲ့ အချိန်ကုန်တာပဲ"

ဒေါ်ဒေါ်သည် ပြောပြီး မီးဖိုထဲသို့မေးထိုးကာ...  "ဟိုဟာမကြီးက ဒေါ်ဒေါ်ထက် ပိုသေးတယ်" ဟု ဆိုသည်။ ကြီးကြီးခင်သည် တစ်မနက်လုံး မီးဖိုထဲတွင် ချွေးတစ်လုံးလုံး နှင့် ချက်ပြုတ်နေသည်။ သူချက်နေခိုက် မီးဖိုထဲသို့ ကျွန်မ တစ်ခေါက်နှစ်ခေါက် ၀င်ကြည့်သည်။ ဖင်ထိုင်ခုံကလေးပေါ်တွင် ထိုင်လျက် ချက်စရာဟင်းလျာအမယ် သားငါး၊ အသီးအနှံ၊ အိုးခွက်၊ ဆီ၊ ဆား၊ နနွင်း၊ ပုလင်း၊ ဘူးခွက်၊ စဉ်းတီးတုံးစသည်တို့ကို သူ့ရှေ့၌ ပတ္တလားစီးသလို စီတန်းဖြန့်ချထားကာ တစ်ခုပြီးတစ်ခု လက်မလည်အောင် ပြင်ဆင်ချက်ပြုတ်နေသည်။

ထိုအချိန်အတွင်း အိမ်ပေါ်သို့ ဧည့်သည်များ တစ်သုတ်ပြီးတစ်သုတ် ပေါက်လာကြတိုင်း မီးဖိုထဲတွင် ချက်ရင်း ပြုတ်ရင်းက... "ရမယ်... ရမယ်... အခုရမယ်... ပြီးပါပြီ"ဟု အူလှိုက်သည်းလှိုက်ပြောနေသော ကြီးကြီးခင်၏အသံသည် အိမ်ရှေ့သို့ တုတ်တုတ်ထိရောက်အောင် လွှမ်းသွားသည်။ ဧည့်သည်ကို ကော်ဖီနှင့်မုန့်နှင့်ကျွေးရင်း သူ့စိတ်ထဲ၌ တင်းမတိမ်နိုင်သေးလျှင် တစ်မျိုးတစ်ဖုံ ဆန်းဆန်းပြားပြား ကြော်လှော် ဖုတ်လုပ်ပေးရတာမျိုးလည်း ပါဦးမှ ကျေနပ်နိုင်မည်ဖြစ်သည်။

အလုပ်မအားသည့်ကြားထဲမှ ဖိုပေါ်၌ အရေးတကြီး အချိန်မီချက်နေသော ဟင်းအိုးများကို ချကာ ဖုတ်ပူမီးတိုက် စားစရာတစ်ခုခု စီစဉ်ကြော်လှော်လုပ်လျက် စားချင်စဖွယ် လှလှပပကြီး ပြင်ထုပ်ပေးလိုက်သည်။

"စိတ်လည်း ရှည်ပါပေတယ်"

ကျွန်မစိတ်ထဲက ချီးကျူးမိလျက် ကြီးကြီးခင် လုပ်ပုံကိုင်ပုံများကို အနားကနေ ကြည့်ရင်း သူ့အစား ကျွန်မ မောဟိုက်နေမိသည်။ နံနက် ၁၁-နာရီ ထမင်းစားပွဲ ပြင်သည်။ ဟင်းလျာများမှာ ဖွယ်ဖွယ်ရာရာ အမျိုးမျိုးအမယ်မယ် စီမံချက်ပြုတ်ထားခြင်းကြောင့် စားပွဲတစ်ခုလုံး ဟင်းပွဲများဖြင့် ပြည့်နေသည်။ ကလေးမကလေးများ စားပွဲပြင်နေချိန် ရေချိုးခန်းထဲမှ အဆက်မပြတ် တဗြန်းဗြန်းလောင်းနေသော ရေသံကို ကြားမိသဖြင့်... "ဘယ်သူလဲ ရေချိုးခန်းထဲက" ဟု မေးမိသည်။ "ကြီးကြီးခင်ပေါ့၊ ချက်ပြုတ်ပြီးလို့ ရေပြေးချိုးတာလေ" ဟု ပြောကြ၏။ ရေချိုးခန်းထဲမှ ထွက်လာသော ကြီးကြီးခင်ကို ထမင်းစားပွဲမှကျွန်မက လှမ်းပြောလိုက်သည်။

"ကြီးကြီးခင် ရေချိုးတာကလည်း နောက်က ကျားလိုက်သလိုပဲ၊ သေပြေးရှင်ပြေး ရှိလိုက်တာ"

"မွန်းလွဲသွားမှာစိုးလို့ပါ လှိုင်ရေ...ဒီလိုလဲ မြန်မြန်ချိုးရတယ်၊ ပြီးပါပြီ... ပြီးပါပြီ"

ညနှစ်ချက်လောက်ကတည်းက ထ၍ ယခုအချိန်အထိ အိမ်ထဲတွင် ကြီးကြီးခင် ပျာလောင်ခတ်ကာ ကမန်းကတန်းဖြစ်နေပုံတွေကို မြင်တာ မသက်သာလွန်း၍ ခုံပေါ်၌ အမယ်မယ်ချထားသော ဟင်းပန်းကန်များကိုကြည့်ရင်း စာချင်စိတ်ပင် နည်းသွားမိသည်။

"ကိုင်း...လာလေ ကြီးကြီးခင်...စားကြစို့လေ၊ မွန်းလွဲလိမ့်မယ်"

ကြီးကြီးခင်သည် အ၀တ်လဲပြီး ခပ်မြန်မြန် အခန်းထဲမှ ထွက်လာသည်။

"စားပါလှိုင်... စားကြပါ၊ ကြီးကြီးခင် နောက်ဖေးမှာ စားပါ့မယ်၊ စား...စား"

မီးဖိုထဲသို့ သုတ်သီးသုတ်ပျာ ၀င်ပြေးလေသည်။

"စားလေ လှိုင်၊ သူ့ကို ခေါ်မနေနဲ့။ သူက ထမင်းစားတာမဟုတ်ဘူး၊ အာဟာရများပြီးနေသလား မသိဘူး"

ကျွန်မမှာ အံ့အားကြီးသင့်ကာ ဒေါ်ဒေါ့်ကို စိုက်ကြည့်နေမိသည်။ဒေါ်ဒေါ်က ပြုံးနေသည်။ ဒေါ်ဒေါ်၏အပြုံးမှာ ပြက်ရယ်ပြောင်ချော်သော အပြုံးမျိုးဖြစ်သည်။

"ထမင်းမစားလို့ ဘာစားနေသလဲ ဒေါ်ဒေါ်"

"ကော်ဖီသောက်တာပဲ၊ မနက်အိပ်ယာထ တစ်ခွက်၊ မွန်းလွဲခါနီးတစ်ခွက်...တစ်ခါတစ်လေ ပေါင်မုန့်၊ ငှက်ပျောသီးလေးနဲ့ သောက်တယ်၊ တစ်ခါတစ်လေလည်း ဘာမှမစားဘဲနေလို့ ဒေါ်ဒေါ်ဆူမှ...ဒေါ်ဒေါ်ငိုမှ ပြန်စားပြန်တယ်။ ဥမ္မာတကကြီး လှိုင်ရဲ့... သူ့တော့ ပြောမနေနဲ့"

ကျွန်မမှာ ထမင်းကို အာရုံထားမစားနိုင်ပဲ ကြီးကြီးခင်ကိုသာ အာရုံ၀င်စားနေကာ လေးလေးနက်နက်စဉ်းစားရင်း ထမင်းစားနေသည်။ ကြီးကြီးခင်သည် မီးဖိုထဲ၌ ကြောင်အိမ်ကလေးဘေးတွင် ရပ်နေကာ လက်တစ်ဖက်က ကော်ဖီပန်းကန်ကို ကိုင်လျက် လက်တစ်ဖက်က ပေါင်မုန့်ကို ကိုင်လိုက်ကာ အလျင်စလို ဝါးမျိုသောက်စားပြီးနောက် မီးဖိုထဲမှ ချက်ချင်း ပြန်ထွက်လာခဲ့သည်။ ကျွန်မတို့ထမင်းစားပွဲခုံဘေးတွင် လာရပ်လေ၏။

"ဟောဒါက ငါးပေါင်းထားတာ သိပ်ချိုတယ်၊ ဆော့စ်ကလေးနဲ့ တို့စားပါ၊ ဆော့စ်က ကြီးကြီးခင်ကိုယ်တိုင် အိမ်မှာလုပ်တာ။ သရက်သီးသနပ်လည်း ကြီးကြီးခင်လုပ်တာပဲ...စားစမ်းပါ... ။ ဟိုအကြော်လည်း စားဦးလေ၊ ဟောဒီအသုပ်ကလေးက အချဉ်ပြေပြေလေး"

ဘယ်ဟင်းခွက် နှိုက်ရမှန်းမသိအောင် အနားက စောင့်လျက် တတွတ်တွတ် ပြောနေလေသည်။ သူလည်း မစားဘဲနှင့် သူများစားရန် သည်လောက် ဖွယ်ဖွယ်ရာရာတွေ ကိုယ်တိုင်ချက်ပြုတ်လုပ်ကိုင်ပေးသော စိတ်စေတနာမျိုးမှာ သာမာန်စေတနာမဟုတ်ပေ။ သူ့စေတနာတွေကို လေးစားသွားကာ သူနှိုက်ခိုင်းသော ဟင်းခွက်တိုင်းကို နှိုက်ရလျက် ကျေနပ်အောင် စားပြရသည်။ ကျွန်မတို့ မြိန်ရေရှက်ရေစားနေကြပုံကို ဘေးကကြည့်ကာ ပီတိကြီးစွာ ဖြစ်၍နေသည်။ ပြုံးပြုံး ပြုံးပြုံးနှင့် ထမင်းထည့်ရန်၊ ဟင်းထည့်ရန် တွင်တွင် တိုက်တွန်းနေသည်။

ပြောလည်းပြော ခေါင်းကလည်း တဆတ်ဆတ် ခါလိုက် ညိတ်လိုက်ဖြင့် ခပ်လည်းထည့်၊ သူများစားတာကို ၀မ်းသာအားရဖြစ်ရင်း အလိုလို ပြည့်နေပုံရသည်။ နေ့လည်ဘက်ကြီး ကြီးကြီးခင် ပျောက်သွားလေသည်။ ဘုရားခန်းထဲ၀င်ကာ သူ့ခုတင်လေးပေါ်တွင် လှဲနေလျက် မျက်စိများကို မှိတ်ထား၏။ ကြီးကြီးခင် အနားယူကာ နေ့လည်နေ့ခင်း တရေးတမှေး အိပ်နေသည်ဟု ထင်မိသည်။ သို့ရာတွင် အိပ်သော မျက်စိမဟုတ်။ မျက်လုံးများ မှေးမှိတ်လျက်က မျက်တောင်များ တဖျတ်ဖျတ်လှုပ်နေခြင်းကို သွားမြင်မိနေသဖြင့် အိပ်ရာပေါ်လှဲနေရင်း ဘာအလုပ်များ လုပ်နေပြန်ပါလိမ့်ဟု စဉ်းစားမိပြန်သည်။ တစ်အောင့်လောက်သာ အိပ်ယာထဲ ၀င်လှဲနေကာ ပြန်ထွက်လာပြီးနောက် တူရွင်းနှင့်ဓားကို စွဲကိုင်လျက် ခြံထဲသို့ ဆင်းသွားသည်။ ခြံထဲရှိ သစ်ပင်ပန်းပင်တို့ကို သန်စွမ်းအောင် ကြပ်မတ်ပြုလုပ်နေသည်။ ကြီးကြီးခင်သည် နေပူကြီးထဲ၌ ချွေးတစ်လုံးလုံးနှင့် မနားမနေ တူးဆွနေလေသည်။

ကျွန်မမှာ အိမ်ပေါ်မှနေ၍ ကြီးကြီးခင်ကို လှမ်းကြည့်နေမိသည်။ ကြီးကြီးခင်အကြောင်းပင် စဉ်းစား၍ ရသလောက် စဉ်းစားလျက် တွေးငေးနေမိသည်။ တစ်နေ့လုံး သတိထားကာ မျက်ခြည်မပြတ်အောင် အကဲခတ်၍ ကြည့်ခဲ့သည့်အနက် ထူးခြားသည့်အချက်ကို တွေးမိသည်။ အိမ်သာသို့သူများတွေ ၀င်သလိုထွက်သလို မ၀င်မထွက်သည့်အချက်မှာ ထူးဆန်းနေသည်။ ဤအချက်ပါမကျန် အကုန်လုံး လျှောက်မှတ်ကြည့်မိသမျှ စိတ်ထဲ၌ ကြီးကြီးခင်ကို ဝေဖန်နေမိသည်။

"ထူးတော့ထူးတယ်၊ ဘယ်လိုထူးနည်းလဲ၊ ဘယ်လိုလဲ... "

အများတကာနှင့် မတူပုံ၊ ထူးခြားပုံတွေကို သတိပြုကာ ကြီးကြီးခင်အကြောင်း သိချင်သောစိတ်မှာ ပြင်းပြလာသည်။

"ဒေါ်ဒေါ်  ... ကြီးကြီးခင်က တစ်မျိုးပဲနော်"

ဒေါ်ဒေါ်ထံမှ သိရလိုသိရငြား ဒေါ်ဒေါ့်ကို တောက်ကြည့်လိုက်သည်။

"အလကားပါ လှိုင်ရယ်... သူ့ကိုယ်သူ ဘာများ ထင်နေသလဲမပြောတတ်ပါဘူး၊ သိချင်လို့ တစ်ခါတစ်လေ သူ့မေးရင် တောင်ပြောမြောက်ပြောနဲ့ တော်ရိရော်ရိတွေ လျှောက်ပြောနေတာပဲ၊ သူများကြားရင် ရယ်စရာ။ အခု ဂျပန်ခေတ်မှ ဒေါ်ဒေါ်နဲ့ အတူလာနေတာ၊ ဘယ်တော့မှ သူ့ကို ခေါ်ထားလို့မရဘူး"

ဒေါ်ဒေါ်၏အဖြေမှာ ပစ်ပစ်ခါခါရှိလှသည်။ ကြီးကြီးခင်အကြောင်းကို စဉ်းစား၍ရသမျှ ကျွန်မသိချင်သော အချက်တစ်ချက်ကို ဒေါ်ဒေါ့်ထံမှ မသိနိုင်ရဘဲ လမ်းပိတ်နေသည်။ ကြီးကြီးခင်မှာ သူများနှင့်မတူ၍ ဒေါ်ဒေါ်က အရူးထဲသွင်းထားငြားလည်း မရူးဘဲနှင့် ဘေးကင်း ရန်ကင်းအောင် ရူးသလိုလို အကာအကွယ်လုပ်နေတာများလားဟု အတွေးနက်မိပြန်သည်။ "အကြောင်းတစ်ခုခုတော့ ရှိရမယ်" ဟု တွက်ထားသည်။

ကြီးကြီးခင်သည် ခြံထဲမှတက်လာပြီး တစ်နေ့ခင်းလုံး လာသမျှဧည့်ပရိသတ်အတွက် မီးဖိုထဲက မထွက်ရပေ။ နေ့လယ်ဘက် နေ့ခင်းစာအတွက် မုန့်လုပ်ကျွေးလျက် ညနေစောင်းပြန်က ညစာအတွက် ဆက်လက် ချက်ပြုတ်နေရင်းဖြင့် မီးဖိုထဲက မထွက်ပေ။ တစ်နေ့လုံး အအားမနေ၊ အငြိမ်မနေဘဲ သူ့အတွက် မပါ၊ သူများအတွက်နှင့်သာ မီးဖိုထဲ၌ လုံးလုံး အချိန်ကုန်ပင်ပန်းနေပုံများမှာ အသိသာဆုံးသောအချက်ဖြစ်တော့၏။ ညစာ စားသောက်ကြပြီး ကျွန်မတို့ စုဝေး စကားထိုင်ပြောရာသို့လည်း မလာ။ လောကအကြောင်းတွေနှင့် သူနှင့်မဆိုင်သလို သူ့ဘာသာသူ တစ်ယောက်တည်း အခန်းထဲ ၀င်ရှောင်နေတော့၏။

၁၀ ရက်လောက် ကြာလာ၏။ ကျွန်မသည် ကြီးကြီးခင်ကို တစ်ချက်မှ အလစ်မပေးတော့ဘဲ သတိထားနေ၏။ စူးစူးစိုက်စိုက် အကဲခတ်လို့ရသမျှ အချက်များကို ပေါင်းစုကာ ဝေဖန်ဆင်ခြင်ကြည့်လျက် စိတ်ထဲ ထင်ထားသောအချက်ကို မှန်မမှန် စုံစမ်းမေးမြန်းကြည့်ရန် အကြံပြုလာမိသည်။ ထို့ကြောင့် ကြီးကြီးခင်ကို ကျွန်မ ချောင်းနေလေသည်။ နှစ်ယောက်တည်းရှိမည့် လစ်မည့်အချိန်ကို မပြတ် စောင့်ချောင်းနေသည်။

တစ်နေ့သော နေ့လည်ဘက်တွင် ကြီးကြီးခင်သည် ကျွန်မတို့ နေ့လည်စာစားကြရန်အတွက် ခေါက်ဆွဲကြော်ကျွေးရန် မီးဖိုထဲတွင် သူတစ်ယောက်တည်း အင်တိုက်အားတိုက် ဇလုံတစ်လုံးနှင့် ဂျုံ ထိုင်နယ်နေသည်။ အထဲ၀င် အပြင်ထွက် မျက်ခြေမပြတ်အောင် စောင့်ချောင်းလာခဲ့သော ကျွန်မသည် မီးဖိုထဲတွင် ကြီးကြီးခင်ကို တစ်ယောက်တည်းတွေ့ရ၍ အခွင့်ကောင်းရပြီဟု ၀မ်းသာအားရ မီးဖိုထဲသို့ အမှတ်တမဲ့၀င်သွားသည်။

"လှိုင်ပါလား... မလာနဲ့လေ၊ မီးဖိုက မဆေးရသေးလို့ ပေနေတယ်။ မကောင်းပါဘူး...အပြင်ထွက်ပါ။ လှိုင်တို့စားဖို့ ကြီးကြီးခင် ခေါက်ဆွဲလုပ်မလို့။ ထွက်...ထွက်...အပြင်ထွက်လေ"

ဇလုံကြီးထဲက ဂျုံများကို ကုန်း၍ တအားနယ်လှိမ့်နေရာက မော့ကြည့်ကာ မီးဖိုထဲ၌ ပေရေနေ၍ အားနာသလို အပြင်ထွက်ရန် ပြောနှင့်လေသည်။ ကျွန်မလည်း ကျေကျေနပ်နပ်ကြီး ပြုံးရယ်ကြည့်နေရာက ထိုင်ခုံတစ်ခုဆွဲ၍ မျက်နှာချင်းဆိုင် ထိုင်ချလိုက်သည်။

"မပေပါဘူး ကြီးကြီးခင်ရဲ့၊ ကြီးကြီးခင်အနား လာချင်လို့ပါ"

ကြီးကြီးခင်သည် ပြုံးရယ်လေသည်။ ပြုံးရယ်ရာက ကျွန်မ၏မျက်နှာကို မျက်လုံးတစ်မျိုးနှင့် ကြည့်၍ ရယ်နေ၏။ ထို့နောက် မျက်နှာတစ်မျိုးဖြစ်လျက် မျက်လုံးကို နဂိုနေ ကြိုးစားကာ...
"ဂျပန်ခေတ်မှာ ခေါက်ဆွဲဖိုက ခေါက်ဆွဲတွေကမှ ကောင်းတာမဟုတ်ဘူး၊ ကိုယ့်ဟာကိုယ်လုပ်ယူမှ ခေါက်ဆွဲနူးနူးညံ့ညံ့ စားရတာ" ဟု မျက်နှာတွင် မလုံသလိုရှိသွားသော အမူအရာမပေါ်အောင် ရှက်ကိုးရှက်ကန်း ပြန်ဖုံးပြောနေ၏။

ကြီးကြီးခင်သည် အမူအရာပျက်လျှင်လည်း ပျက်လောက်စရာဖြစ်ပေမည်။ ကျွန်မ အားရပါးရကြီးပြုံး၍ ထူးထူးခြားခြား စူးစိုက်ကြည့်နေသောအကြည့်မှာ အစ်နေသည့်အကြည့်မျိုးနှင့် တူကောင်းတူမည်။ ကျွန်မ၏  ရီတောက်နေသော မျက်လုံးအာနိသင်သည် ကြီးကြီးခင်၏ဘ၀င် ခိုက်သွားပုံရလေသည်။ လျှို့ဝှက်ချက်တစ်ခုခုကို မရရအောင် မပေါ်ပေါ်အောင် အစ်တော့ အောက်တော့မည့်ပုံဖြင့် အစွမ်းကုန် ထုတ်ချင်းပေါက်လောက်အောင် စိုက်ကြည့်နေသော ကျွန်မ၏အကြည့်နှင့်အပြုံးကို တာရှည်မခံနိုင်ဘဲ ခေါင်းကိုပြန်ငုံ့ချလိုက်ကာ ဂျုံလုံးကြီးကို တွင်တွင်နယ်လှိမ့်နေလေ၏။

"ကြီးကြီးခင်...ဖိုလွဲနေပြီ၊ ဘာဖြစ်လို့ မီးဖိုက ဖိုမှာ အပူခံနေတာလဲ"

ကြီးကြီးခင်သည် ဂျုံနယ်ခြင်းကို ချက်ချင်းရပ်လိုက်၏။ ငုံ့လျက်ပင် ငြိမ်ကျသွားကာ တဖန် သတိရသလို ကောက်နယ်လေ၏။ ဂျုံကို ဖျစ်ညှစ် လှိမ့်နယ်နေသောအရှိန်မှာ သိသိသာသာကြီး ဖြည်းနှေးလာလေသည်။ စိတ်မပါ့တပါ လှိမ့်နယ်ခြင်းကို ရပ်လိုက်ပြန်ကာ လက်ညှိုးနှင့် ထိုးကြည့်နေသည်။ ကိုယ်လုပ်သည့်အလုပ်ကို မေ့လျော့ကာ လုပ်မိလုပ်ရာ လုပ်နေမိသလို လုပ်နေပြီးလျှင် မျက်နှာကို မဖော်ဘဲ ငုံ့လျက် တွေးနေလေသည်။ ကျွန်မသည် ကြီးကြီးခင်၏အမူအရာကို တစ်စမကျန် စွမ်းအားရှိသ၍ သိမ်းကျုံးလျက် အကဲခတ်နေကာ ဂရုဏာကြီးစွာဖြင့် ဆက်ပြောလိုက်သည်။

"ကြီးကြီးခင် ဖိုမလွဲပါနဲ့...ဒီမီးဖိုက ကြီးကြီးခင်မီးဖိုမှ မဟုတ်ဘဲ"

အတန်ကြာ တိတ်ဆိတ်နေကြ၏။ ကြီးကြီးခင်သည် ဂျုံဖတ်ကလေးကို အမှတ်မထင် လက်ညှိုးနှင့်ကော်ယူကာ လက်မနှင့်ပွတ်ချေမှန်းမသိ ပွတ်ချေ၍နေသည်။ လေးလေးနက်နက်တွေးနေသော အမူအရာဖြင့် ငုံ့စိုက်ကာ တွေးလျက် ပွတ်မြဲပွတ်နေလေသည်။

ကျွန်မသည် ကြီးကြီးခင်၏ဘ၀ကို ရင်လေးလေးဖြင့် မသိမသာ သက်ပြင်းချလိုက်ကာ တစ်စုံတစ်ရာမပြောဘဲ ထိုင်ခုံလေးမှ ထလိုက်သည်။ ကြီးကြီးခင်လည်း သည်တော့မှ လေးကန်စွာ ခေါင်းကိုထောင်လျက် မော့ကြည့်လေသည်။ လိုရာဆန္ဒ မပြည့်ဝသေး၍ စိတ်လက်မကြည်မသာဖြစ်နေသော အဓိပ္ပါယ်သည် ကြီးကြီးခင်၏မျက်နှာပေါ်၌ ရုပ်လုံးပေါ်နေသည်။ ကျွန်မမှာ မတ်တပ်ရပ်လျက် ရီဝေသော မျက်လုံးများဖြင့် ပြန်ကြည့်မိသည်။ အဓိပ္ပါယ် နားလည်သွားသည့် အရိပ်အယောင်သည် ကျွန်မမျက်နှာပေါ်၌ ဖြတ်သန်းနေကာ နှုတ်ခမ်းကို အနိုင်နိုင်ဆွဲ၍ ပင့်တင်လျက် ပြုံးပြရသည်။ ထိုအချိန်က ကြီးကြီးခင်အား သနားလိုက်သောစိတ်နှင့် လွန်ကဲသော ချစ်ခြင်းမေတ္တာသည် နှလုံးသားမှ ပေါက်ယိုကျလုနေ၏။

ကြီးကြီးခင်သည် ကျွန်မ၏ကြီးမားသော မေတ္တာ၊ ကရုဏာကို သူ့အသိနှင့် အသည်းထဲ၌ မြှုပ်နှံခံယူလိုက်ပြီးနောက် နူးညံ့နေသောမျက်နှာဖြင့် ခေါင်းကိုဖြည်းလေးစွာ နှစ်ချက် သုံးချက် ညိတ်ပြ၏။ ကျွန်မသည် ကြီးကြီးခင်ကို ထားခဲ့ကာ လှစ်ခနဲ ပြန်ထွက်လာခဲ့သည်။ ကြမ်းနှင့် ခြေနှင့် မထိသလို ထောက်မှန်း၊ နင်းမှန်းပင် သတိမထားမိလောက် ဖြစ်သွားသည်။

ဆက်ရန် ...
-------------------------
#ဂျာနယ်ကျော်မမလေး

crd 👉 ShweZinU
https://m.facebook.com/story.php?story_fbid=363078987412316&id=236399853413564

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)