အပြင်ကလူ (၂)(အပိုင်း (၈)
#အပြင်ကလူ ( ၂ )
#အေးရဲ့ဖွင့်ဟဝန်ခံချက်
အပိုင်း (၈)
ဒုတိယနှစ် ကုန်ခါနီးမှာတော့ နုနုပါ ဧည့်ခန်းတွင်းဆင်းပြီး ကိုနှင်းနွယ်နှင့် ကျွန်မတို့စကားဝိုင်းမှာ ဝင်လာပါသည်။ နုနုက အမြဲတမ်း သူ ကျွန်မကို ဘယ်လောက် ချစ်ခင်စောင့်ရှောက်ချင်ကြောင်း၊ ကျွန်မ နုနုတစ်ဝက် ပြန်မခင်ကြောင်း၊ စေတနာကို နားမလည်တတ်ကြောင်း၊ ကျွန်မကို ကောင်းစားစေချင်ကြောင်း၊ ကျွန်မ ဆရာဝန် သိပ်ဖြစ်ချင်ကြောင်း၊ ကျွန်မ ဘယ်တော့မှ ဘယ်သူ့အတွက်မှ အနစ်နာခံပြီး ဆရာဝန်လိုင်းကို ဖျက်မည် မဟုတ်ကြောင်း၊ ကျွန်မ နှလုံး အေးစက်ကြောင်း၊ ကျွန်မမှာ အချစ်ဆိုတာမှ ရှိပါရဲ့ လားဟု သံသယ ဖြစ်ကြောင်း၊ ကျွန်မသည် မယားကောင်း မိခင်ကောင်း ဖြစ်မည့်သူ မဟုတ်ကြောင်း၊ ဆရာဝန်ကောင်း ဖြစ်မည်မှာတော့ မှန်ကြောင်း၊ သိပ်ပြီး အမြင့်မှန်းကြောင်း၊ မာရီကျူရီလို မိန်းမမျိုး ဖြစ်ကြောင်း မဆုံးအောင် ပြောတတ်သည်။
ကျွန်မက ပထမတော့ ရယ်မောကာ နေလိုက်ပါသည်။ နုနုက ကိုနှင်းနွယ်ရှေ့မှာပင် မျက်ရည်ကျသေးသည်။ ကျွန်မ သိပ်ရက်စက်သူတဲ့၊ နုနု စိုးမိုးချင်သမျှ မခံလို့တဲ့၊ သို့သော် ကျွန်မသည် နုနုနှင့် ပြိုင်ပြီး စွပ်စွဲသမျှကို ဖြေရှင်းချင်စိတ် မရှိ၊ ငြင်းခုံချင်စိတ် မရှိ၊ နုနု ဘာကြောင့် ဒါတွေ ပြောနေတာလဲ နားမလည်။ ကိုနှင်းနွယ် နုနု ပြောတာတွေ ယုံလိမ့်မည်လည်း မထင်။ ကိုနှင်းနွယ်နှင့် စနေ၊ တနင်္ဂနွေမှာ လမ်းလျှောက်ထွက်မြဲ။ ရုပ်ရှင်ကြည့်မြဲ၊ စကော့ဈေးသွားမြဲ၊ တစ်ခါတစ်ရံ အိမ်သို့ ကားမောင်းပြန်ပြီး ဒေါ်ကြီးနှင့် တွေ့ဆုံကြမြဲ။ ဒေါ်ကြီး ကိုနှင်းနွယ်ကို မလိုလားတစ်ဝက်နှင့် လက်ခံပါသည်။ သိပ်ဟက်ဟက်ပက်ပက် မရှိ။ ကျွန်မ အိမ်ထောင်ကျမှာ၊ စာသင်ပျက်မှာ၊ လူ့ဘဝမှာ မအောင်မြင်မှာ စိုးသည်။ စင်စစ်ကျွန်မ ဆရာဝန်ဖြစ်ချင်လှသည် မဟုတ်ဘဲ ဒေါ်ကြီး ကျေနပ်ဖို့သာ ကျောင်းတက်နေတာလည်း သိတာအမှန်။
“ကောင်လေးက ဘယ်သူ့သားလဲ” ဟု တိုးတိုးကျိတ်ကျိတ် မေးတတ်သည်။
“ကျောင်းလည်း မှန်မှန်မတက်၊ ပန်းချီဆရာတွေနောက်ပဲ လိုက်နေတယ်ဆို”
"ဒီကောင်လေးနဲ့ သမီး အပြင်တွဲထွက်တယ်ဆို၊ ရုပ်ရှင်ကြည့်တယ်ဆို၊ ညနေတိုင်း လာတွေ့တယ်ဆို”
“နုနု တိုင်ထားပြီပေါ့”
“နုနုကို စိတ်မဆိုးနဲ့၊ သမီးအပေါ် စေတနာရှိလို့ စောင့်ရှောက်ချင်လို့ ဒေါ်ကြီးကို ပြောတာ၊ နုနုပြောတာမှန်တယ် သမီး၊ လူ့အသိုင်းအဝိုင်းမှာ နေရင် လူ့စည်းကမ်းကို လိုက်နာရမယ်၊ အနည်းဆုံး ပညာပြီးအောင်သင်၊ အလုပ်လုပ်ရမယ်၊ အိမ်ထောင်ကို စောင့်ရှောက်ရမယ်၊ ဒီကောင်လေးက ဘာလုပ်စားမှာလဲ၊ သမီးကပဲ လုပ်ကျွေးနေရမှာပေါ့”
“အို.... သမီးက ဆရာဝန်ဖြစ်မယ့်သူပဲ၊ လူတစ်ယောက်တော့ ကောင်းကောင်း လုပ်ကျွေးနိုင်တာပေါ့၊ မေမေ ဖေဖေတို့ ထားခဲ့တဲ့ပစ္စည်းကလည်း နည်းတာမှမဟုတ်” လို့ ကျွန်မက တဇွတ်ထိုး ပြောပြီး “ဒေါ်ကြီး လက်ဝတ်လက်စားတွေကော အေးကို မပေးခဲ့ချင်တော့ဘူးလား ဟာဟ” လို့ စ လိုက်ပါသည်။
“အေး သည်လောက် မိုက်မယ်မထင်ဘူး" တဲ့။
ဒေါ်ကြီးက မျက်ရည်တစမ်းစမ်း ဖြစ်လာသည်။
“နေပါဦး၊ အေးက စကားအဖြစ်သာ ဒေါ်ကြီးနဲ့ ငြင်းနေတာပါ၊ အေးက ခုမှ ဆယ့်ခြောက်နှစ် ဆရာဝန်ဖြစ်တော့ နှစ်ဆယ့်နှစ်နှစ်၊ သူကလည်း ဆယ့်ခြောက်နှစ်၊ ဘယ်တော့မှ ပန်းချီဆရာ ပီပီသသဖြစ်ပြီး အိမ်နဲ့ရာနဲ့ အခြေကျကျ နေတော့မယ်မသိ၊ တစ်သက်လုံး ခရီးသွားရင်လည်း သွားနေမယ့်လူ၊ ဒါကတော့ သူ့စိတ်ကူး၊ သူ့ဆုံးဖြတ်ချက်၊ ဘယ်သူမှ ဝင်စွက်ခွင့်မရှိ၊ သူနဲ့အေးမှာလည်း ဘာမှ အစီအစဉ်မရှိ၊ ဘာဖြစ်လို့ နုနုနဲ့ ဒေါ်ကြီးက အေးနဲ့သူ့ကို ပေးစားပြီး ပူပင်နေကြတာလဲ”
ဒေါ်ကြီးက စိတ်သက်သာရာရသွားဟန်ဖြင့် "သမီးရယ် ကိုယ့်ဘဝတော့ ကိုယ်မဖျက်ဆီးပစ်ပါနဲ့” လို့ ဆိုပါသည်။
ဒေါ်ကြီးရဲ့ ထိုစကားကို ကျွန်မ ခဏခဏ သတိရသည်။ (ဒေါ်ကြီး ဆုံးသွားပြီ၊ ကျွန်မ အင်္ဂလန်မှ ပြန်လာသည့်နှစ်မှာပဲ အိုမင်း သေဆုံးခဲ့သည်။) ကိုယ့်ဘဝကို ကိုယ်မဖျက်ဆီးနဲ့တဲ့၊ ဘယ်သူတွေက အေးရဲ့ ဘဝကို ဖျက်ဆီးခဲ့သလဲ ဆိုတာတော့ ဒေါ်ကြီးကို ပြန်ရှင်လာစေပြီး ပီပြင်စွာ မြင်စေချင်ပါသည်။ အပြန်အလှန် ငြင်းခုံချင်ပါသေးသည်။
ဒေါ်ကြီးကတော့ ထုံးစံအတိုင်း မဆီမဆိုင်တဲ့စကားကို ပြောမည်။
"ကြည့်လေ ဘယ်လောက်လှတဲ့ အေးလဲ၊ သိပ်အကြည့်ခံတဲ့ အလှ၊ အတွင်းက ဝင်းပ ထွက်ပေါ်လာတဲ့ အလှ၊ လူနာကို ကုသခြင်းမှာ တစ်ဘဝလုံး နှစ်ပြီးမှ စေတနာဖြူအတွင်းက ရလာတဲ့အလှ၊ ပြီးတော့ ကြည့်ဦးလေ၊ အေးမှာ အိမ်ကြီး ခြံကြီးနဲ့၊ ကားကြီးနဲ့၊ ထမင်းချက်သူနဲ့၊ အိမ်သိမ်းသူနဲ့၊ ခြံထဲမှာ ပန်းအမျိုးတစ်ရာ ရာသီမပျက် ပွင့်လို့မွှေးလို့၊ အမေနဲ့ အဒေါ်တို့ ချန်ခဲ့တဲ့ စိန်ရွှေရတနာလည်း အပြည့်၊ အနောက်နိုင်ငံမှာ ရှစ်နှစ်နေပြီး ရလာတဲ့ ဘွဲ့ထူးနှစ်ခုနဲ့၊ ဆေးရုံကြီးမှာ ဆရာဝန်ကြီးရာထူးနဲ့ တပည့်တပန်းများစွာနဲ့၊ ဘယ်လို ပွဲအလယ်မှာဖြစ်ဖြစ် တင့်တယ်လို့၊ အိမ်ထောင်ပြုချင်ရင်တောင် ကြိုက်ရာ ရွေးနိုင်သေးရဲ့၊ ဒါပေမဲ့ သမီးသိတဲ့အတိုင်း ဒေါ်ကြီးတို့အမျိုးက အပျိုကြီးမျိုး”
အခုနေသာ ဒေါ်ကြီး အသက်ရှင်နေပြီး ကျွန်မကလည်း အသက်သုံးဆယ်ကျော်ကာ ကြီးရင့်လှပြီဖြစ်သော၊ ဘဝမှာအောင်မြင်ခဲ့သော မိန်းမတစ်ယောက်အဖြစ် မကြောက်လန့် မချောက်ချား၊ မရှက်ရွံ့ဘဲ ပြောနိုင်တော့မည်မှာတော့ “ဒါပေမဲ့ အေးရဲ့ အချစ်ကို ဆုံးရှုံးခဲ့ပြီ၊ ဘဝမှာ အကြီးဆုံး ဆုံးရှုံးခြင်းပဲ”
ကျွန်မရဲ့ ဘဝကို အချစ်ဆုံးရှုံးခြင်းဖြင့် ဖျက်ဆီးကြသူများမှာ ဒေါ်ကြီးနှင့် အထူးသဖြင့် နုနုတို့ပဲလို့ ကျွန်မ စွပ်စွဲသည်။ ကျွန်မ ဘယ်လောက် နုနယ်၊ သေးငယ်၊ ညံ့ဖျင်း၊ နုံအ,ခဲ့ပါလိမ့်၊ အလှည့်စားခံလွယ်လိုက်ပါလိမ့်။ မယုံနိုင်စရာဖြစ်ပါပေသည်မှာ နုနုရဲ့ လုပ်ကြံခြင်းကို ကျွန်မ မသိမြင်ခဲ့ရုံမက ဆယ်နှစ် ဆယ့်ငါးနှစ်အတွင်းမှာလည်း သင်္ကာမကင်း သိပ်မဖြစ်ခဲ့။
နုနုရဲ့ ကျွန်မနှင့်ကိုနှင်းနွယ်ကို ခွဲခွာပစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားထားသော အစီအစဉ်မှာ ဒုတိယနှစ် ကုန်ဆုံးပြီး နွေကျောင်းပိတ်ရက်မှာ ကျွန်မကို မော်လမြိုင်သို့ခေါ်ဖို့ ဖြစ်လေသည်။ ဒါကို မသိမြင်ခဲ့။ ဒေါ်ကြီးကလည်း တိုက်တွန်းသည်။ နှစ်ပတ်မျှသာ နေဖို့ဖြစ်သည်။ ထိုနှစ်ပတ်အတွင်းမှာ ကိုနှင်းနွယ်က ရခိုင်ဘုရား ဘုန်းကြီးကျောင်းများမှာ ရှေးပန်းချီ ပန်းပုပညာများ ရှာဖွေ ဆည်းပူးမည်။ ကျွန်မက ရန်ကုန်ပြန်လာတော့ ခြောက်မိုင်အိမ်မှာ ဖြစ်စေ၊ အင်းလျားဆောင်မှာ ဖြစ်စေ၊ သူက အင်းဝဆောင်မှာပဲ ပြန်ရောက်နေပြီး နှစ်ယောက် တွေ့မြဲ၊ ခင်မြဲ၊ စကားပြောကြမြဲ၊ စာအုပ်လည်း ဖတ်ကြမြဲ၊ ရုပ်ရှင်ကြည့်ကြမြဲ ဆိုတာ လုပ်ရမည်။ ဂီတာနဲ့ ပီယာနိုတောင် အတူတွဲဖက် တီးကြည့်ကြဖို့၊ ဂီတအသစ် ဖန်တီးဖို့ သူနဲ့အတူ စိတ်ကူးခဲ့ကြပါသည်။
ကျွန်မ ဘာကြောင့် မော်လမြိုင်ကို နှစ်ပတ်လိုက်လည်ဖို့ သဘောတူလိုက်ပါသလဲ။ နုနုသည် စိတ်နှုတ်အမူအရာ အများအားဖြင့် ကြမ်းတမ်းသော်လည်း ကျွန်မနဲ့ ချစ်သော ညီအစ်မ သူငယ်ချင်းလို့ ကျွန်မ ယုံကြည်ဆဲ၊ ကျွန်မရဲ့ များပြားလှသော သို့ပေမဲ့ ရင်းနှီးသော သူငယ်ချင်းတို့လည်း မသိမသာ ရှဲခွာခဲ့ကြပြီ ကျွန်မတစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီ။ ခုန ကျွန်မအပေါ် အုပ်ချုပ်ကြီးစိုးတာကို သူငယ်ချင်းပေါင်းများ??က သည်းမခံချင်ကြ။ ကျွန်မကလည်း ပွင့်ပွင့်လင်းလင်း ပြောပြမှ နားလည်မယ့်သူ ဆိုတော့ သူတို့ ဒီလို မစွက်ဖက်ချင်ကြ။ မိဘမဲ့ခဲ့သော၊ ညီအစ်ကိုမောင်နှမ မရှိသော၊ အဒေါ် အပျိုကြီးနှင့်သာ နေထိုင်ကြီးပြင်းခဲ့ပြီး အိမ်လည်ခွင့်၊ သူငယ်ချင်းများနှင့် ထွက်ခွင့်လည်း မရခဲ့သော ကျွန်မသည် ကိုယ့်ဘာသာမသိဘဲ နုနုကို တွယ်တာခဲ့သည် ထင်သည်။ နုနုနှင့် ကျွန်မ ဓလေ့ချင်း လုံးဝမတူကြသော်လည်း နုနုက ကျွန်မရဲ့ အင်းလျားဆောင်က အခန်းကျဉ်းကလေးတွင်းက ဘဝကို သက်တောင့်သက်သာ ရှိစေခဲ့သည်။ ကျွန်မကြိုက်တတ်သော အစားအစာများ ရှာဖွေထားတတ်သည်။ ကျွန်မ လိုချင်တတ်သော အဝတ်အထည်များ ဝယ်ခြမ်းပေးတတ်သည်။ ကျွန်မအဖို့ ဘဝမှာ ပထမဆုံးအကြိမ် ရွယ်တူ မိန်းကလေးတစ်ယောက်နဲ့အတူနေဖူးခြင်းလည်းဖြစ်ပြီး နုနုရဲ့ လူမှုရေးရာ နားလည်ပုံကို တွေ့ကြုံ စိတ်ဝင်စားပြီး အနည်းငယ် သင်ကြားတတ်မြောက်ခြင်းလည်း ဖြစ်ပါသည်။
နုနုက သူ့အဆိုအရ ကျွန်မကို မော်လမြိုင်ကို နှစ်ပတ်လိုက်လည်ဖို့၊ ဦးလေးကြိုင်နှင့် ဒေါ်ဒေါ်တိုးတို့နဲ့လည်း တွေ့ ဖို့ဖြစ်သည်။
"နုတို့ ခြံထဲမှာ ဒူးရင်းသီးပင်၊ သရက်သီးပင်၊ မင်းဂွတ်သီးပင်တွေ အပြည့်ပဲ၊ သီးပင်အောက်မှာ ထိုင်ပြီး အသီးခူးစားရတာလောက် အရသာရှိတာ ဘယ်မှာမှ မရှိဘူး” လို့ သူက သွေးဆောင်ပါသည်။
"ပြီးတော့ ရေတံခွန် သွားကြည့်ကြမယ်၊ သထုံဘက် သွားလည်မယ်၊ သိပ်မပူရင် ကျိုက်ထီးရိုးဘုရားတောင်တက်နိုင်သေးတယ်။ အေးက ခရီးထွက်ကြည့်ချင်တယ်ဆို၊ ပြီးတော့လည်း ကိုနှင်းနွယ် အေးကို ဘယ်လောက်လွမ်းတယ် ဆိုတာ သိရတာပေါ့၊ သူကချည်း မန္တလေးတို့၊ စစ်ကိုင်းတို့ ထွက်ထွက်သွားပြီး အေးက စောင့်ရတာ၊ ခု အေးက မော်လမြိုင်လိုက်လာတော့ သူက ရန်ကုန်မှာ စောင့်ရမှာပေါ့ မဟုတ်ဘူးလား။ အေးလည်း ထွက်သွားတတ်တယ်ဆိုတာ ပြလိုက်ပါ”
ကျွန်မသည် သူတို့ကတော့ အင်းလျားတစ်ဆောင်လုံးကလည်း ကိုနှင်းနွယ်နှင့် ကျွန်မကို စေ့စပ်ခဲ့ကြပြီ၊ ဘယ်လိုလုပ်ပြီး ထိမ်းမြားရပါမလဲဟု တွေးတော ရယ်မောခဲ့ပါသည်။ နုနုက “အေး သူ့ကို မော်လမြိုင်လိပ်စာ သေသေချာချာ ရေးပေးပြီးပြီလား” လို့ ပူပင်လိုက်သေး၏။
“သူ သိပါတယ်”
“သူစာရေးမယ်တဲ့လား”
“ရေးမှာပေါ့။ သူ အထက် တက်သွားတိုင်းလည်း စာရေးတာပဲ၊ နုနုကို ပေးဖတ်ခဲ့တာပဲ၊ သိသားနဲ့”
“သူ အေးကို ခင်တော့ ခင်သားပဲ”
“ဒါ ဘာဖြစ်သလဲ"
“သူ အေးကို တကယ်ချစ်ရင် အိမ်ထောင်ကိစ္စ ဆွေးနွေးဖို့ ကောင်းတာပေါ့၊ အေးက အပေါစားမှ မဟုတ်တာ”
နုနုက ဒီလိုပဲ နှုတ်ကြမ်းတယ် ဆိုရမည်လို့သာ တွေးမြဲတွေးတတ်မြဲ။
မော်လမြိုင်ရောက်ပြီး နှစ်ပတ်အတွင်းမှာ သူ့ထံမှ စာတစ်စောင်မှ မရ။ နားမလည်နိုင်၊ အံ့သြစရာ ထင်သော်လည်း ကျွန်မသည် ရင်တွင်းမှ ပူပင်သည်ကို ဖုံးအုပ်ပြီး စိတ်မထိခိုက်ဟန်ဆောင်နေပါသည်။ နေ့စဉ် စာပို့သမား လာသည်ကို နုနုက အမြဲ ဆီးကြိုပြီး စာများ လက်ခံပါသည်။ “အေးရေ ဒေါ်ကြီးဆီက စာတစ်စောင်ပဲ ပါတယ်” လို့ ပြောတတ်သည်။“ဘယ်သူ့ဆီကမှလည်း စာမလာပါလား” ဟု ပြောတတ်သည်။
“အေးကတော့ စာစရေးဖို့ မသင့်ဘူး ထင်တာပဲ။ အင်းဝဆောင်က ကောင်တွေက လှောင်ကြမှာ၊ ထပ်စောင့်လိုက်ပါဦး၊ စာရောက်ရင် ရောက်လာမှာပေါ့” လို့ ပြောသေးသည်။
ဦးလေးကြိုင်နဲ့ ဒေါ်ဒေါ်ကပါ ကျွန်မကို နှစ်ပတ်ထက် ကြာကြာနေဖို့ တိုက်တွန်းကြပါသည်။ “ကျောင်းပိတ်တာက သုံးလနီးပါးတောင် ဆက်နေပါဦးလား” လို့ ဆိုကြသည်။ ဒေါ်ကြီးကလည်း “အေး ပျော်သလိုနေ၊ တနင်္သာရီဘက်ကို ရောက်တုန်း ကူးသွားပါလား၊ မြိတ်လုံချည်တို့၊ ထားဝယ်လုံချည်တို့ ရက်ကြသေးလားမသိ၊ ကျစ်ပိုးအစစ်နဲ့ ရက်တဲ့လုံချည်တွေ ဒေါ်ကြီးသိပ်ကြိုက်တာပဲ၊ လေးငါးထည်လောက် ဝယ်ခဲ့နော်” စသဖြင့် အေး မော်လမြိုင်ဘက်မှာ ကြာကြာနေဖို့ စီမံပြန်သည်။
ကျွန်မသည် တစ်ပတ်ထက် ပိုနေလိုက်ရင်း သူ့ထံက စာမလာသည်ကို ဝမ်းနည်းရင်း ကျန်တစ်ပတ် ထပ်နေလိုက်ရင်း စာမလာသည်ကို ထပ်ဝမ်းနည်းရင်း အခြေမပျက်သာ ဟန်ဆောင်နေခဲ့သည်။ ငယ်ရွယ်နုနယ်လှသူ၊ မလည်ဝယ်လှသူအမှန်မို့ ဘာမှလည်း ထွေထွေရာရာ မတွေးတတ်၊ စာမရတာ စာမရေးလို့ပဲဟုသာ တထစ်ချ ဆုံးဖြတ်ပြီး သူက စွန့်ပစ်ခြင်းခံရသလို စိတ်ပင်ပန်းလာသည်။
“သူက အဆက်ဖြတ်ချင်သလားမသိ” လို့ နုနုက တို့မီးရှို့မီး လုပ်တတ်သည်။
“အေး စိတ်မကောင်းမှာစိုးလို့ မပြောတာ၊ သူ မုဆိုးမ ခပ်ကြီးကြီးတစ်ယောက်နဲ့ ငြိနေတယ် ပြောကြတယ်” လို့ သတင်းပေးပြန်သည်။
“အဲဒီမုဆိုးမနဲ့ အိပ်ရာထဲတောင် မိတယ်ဆိုလား”
ကျွန်မ ကိုနှင်းနွယ်ကို ချစ်ခဲ့ပြီလို့ ဝန်ခံမည့်အစား သူ့ကို မချစ်ချင်ပါဘူးလို့ ဖွင့်ဟ ဝန်ခံလိုက်လျှင်တော့ နုနုရဲ့ ထူးဆန်းသောအကြည့်ကို သတိပြုမိပါသည်။ ကျွန်မ အကုန်လုံး မစေ့ငုတတ်၊ သူ့ စွန့်ပစ်ခြင်းကို ပြန်လည်စွန့်ပစ်ခြင်းနဲ့ပဲ တုံ့ပြန်စရာရှိတော့သည်။ တခြားလည်း ဘာမှ လုပ်စရာမရှိ၊
တစ်ခုတည်း လုပ်စရာကျန်သည်မှာတော့ စာပေ၊ ဂီတ၊ ပန်းချီ ဆိုသည့် သူနဲ့အတူ ကျွမ်းဝင်ခဲ့သည့် ကိစ္စများကိုပါ စွန့်ပစ်ခဲ့ပြီး ဆေးကျောင်းမှာ ဘဝ လုံးဝမြှုပ်ရန်ဖြစ်ပါသည်။ အင်္ဂလန်ကိုသွားမယ်၊ ပဲရစ်နဲ့တော့ အနီးလေးပဲ၊ သူ ပဲရစ်ကို လာခဲ့ဦးမလား၊ ပြန်တွေ့ကြဦးမည်လား။ မတွေ့ချင်၊ ကျွန်မ ရန်ကုန်ပြန်ဖို့ လိုပြန်သည်။ စာအုပ်တွေ ဝယ်ရဦးမယ်၊ စာမေးပွဲမှာ နှစ်နှစ်စာဖြေရမှာမို့ ကြိုးစားပြီး ကျက်ဖို့လိုတယ်။ ပထမတစ်နှစ်လုံး ဖြုန်းတီးကုန်ဆုံးခဲ့ပြီး ငယ်ငယ်ကလို ပညာမှာ ရွှေတံဆိပ်ဆုရဖို့ ဆိုတာတွေ ပြန်တပ်မက်ဦးမည်။
"နုနု ကိုနှင်းနွယ်အကြောင်း မပြောကြစို့နဲ့လား” ဟု ကျွန်မ ပြောလိုက်လျှင် နုနုရဲ့ ထူးဆန်းသောအကြည့်ကို ခံရပြန်သည်။ နုနုက “အေး သိပ်စိတ်မာတာပဲ” ဟု ချီးမွမ်းသလို ပြောသေးသည်။ ကျွန်မရဲ့ ရင်တွင်းကမီးကို သူ မမြင်သာသလား၊ မြင်ပြီး ကျေနပ်လာသလားမသိ။
ရန်ကုန်အိမ်မှာ ကျန်ကျောင်းပိတ်ရက် နှစ်လလုံး ဒေါ်ကြီးနဲ့ ပြန်နေသည်။ ဒေါ်ကြီးမှာလည်း ထူးဆန်းသော သို့သော် အလွန်ကြင်နာသောအကြည့်ရှိသည်။ ကျောင်းဖွင့်လျှင် ကျွန်မသည် အင်းလျားဆောင်သို့ မပြန်တော့ဘဲ ဘင်တန်ဆောင်သို့ ပြောင်းနေလိုက်ပါသည်။ အင်းဝဆောင်နှင့် မနီးလိုတော့။ နုနုက အင်းလျားဆောင်မှာ ကျန်ခဲ့ပြီး ကျွန်မဆီ ခဏခဏ လာလည်သည်။ နုနုနှင့်ကျွန်မ အပြင်ထွက်ဖြစ်သည်။ ရုပ်ရှင်ကြည့်ကြသည်။ စကော့ဈေး သွားကြသည်။ စာအုပ်ဆိုင် ကျွန်မဝင်သည်ကို နုနုက သည်းခံပါသည်။ သူက ကျွန်မနှင့် ဆင်တူဝတ်ဖို့ လုံချည်အင်္ကျီ ဝယ်သည်ကိုလည်း ကျွန်မ သည်းခံရပါသည်။
မှတ်မိသည့် တစ်ခါမှာတော့ နုနုသည် ကိုနှင်းနွယ်ထံမှ စာတစ်စောင် ယူလာသည်။ အင်းလျားဆောင်ကို သူလာလည်တတ်သည်ဆိုသည်။ ဘယ်သူ့ဆီ လာလည်သလဲ ကျွန်မ မမေး၊ မသိချင်။
“အေးဖို့ စာဆက်ဆက် ပေးပေးပါဆိုလို့ ထပ်တလဲလဲ ကတိတောင်းလို့ ယူခဲ့ရတယ်” လို့ ပြောပါသည်။ သူ့စာက ခပ်တိုတိုပဲ။
“အေး ...
ပထမတော့ စာအရှည်ကြီး ရေးမလို့ပဲ။ ဒါပေမဲ့ လူချင်းတွေ့ပြီး ပြောစရာတွေ ပြောချင်၊ မေးစရာတွေလည်း မေးချင်လို့ ခုစနေနေ့ (၁၉) ရက်နေ့မှာ စမတ်အင်မူကာဒန် စာအုပ်ဆိုင်ကို လာခဲ့ပါလို့
တောင်းပန်ချင်ပါတယ်၊ ကျွန်တော် မနက်ကိုးနာရီကနေ ညနေ ငါးနာရီ ဆိုင်ဖွင့်ချိန်နဲ့ ဆိုင်ပိတ်ချိန်အထိ အဲဒီနားမှာရှိမယ်၊ ဘယ်လောက်တွေ့ချင်တယ်ဆိုတာ သိလောက်ရောပေါ့။ ကျွန်တော့်ကို နည်းနည်းပါးပါးဖြစ်ဖြစ်
ခင်သေးတယ်လို့ ထင်ပါတယ်”
ကျွန်မသည် မျက်ရည်ဝေ့လာသည်ကို နုနု မမြင်စေချင်ဘဲ အသံလည်း မတုန်စေချင်ဘဲ "အို သူက စနေနေ့မှာ စာအုပ်ဆိုင်မှာ တွေ့ဖို့ ချိန်းတာပါလား"ဟု ရယ်ဟဟ ပြောလိုက်ပါသည်။
“အေး သွားမလို့လား”
“ဝန်မလေးပါဘူး သွားမှာပေါ့၊ တွေ့ကြသေးတာပေါ့” ဟု ကျွန်မ ဆက်လက်ပြီး ရယ်ဟဟနဲ့ ဖြေသည်။
“သွားသင့်တယ်ထင်လို့လား”
“ပြောစရာ၊ မေးစရာတွေ ရှိတယ်ဆိုလား”
နုနုက စိတ်ကြောင့်ကြလာပြီး “အဆက်ဖြတ်ပြီးသား ပြန်ဆက်ရင် ဒုက္ခရောက်ဦးမှာ မစိုးဘူးလား” လို့ မေးသည်။
“ဘာဒုက္ခရောက်စရာလိုလို့လဲ”
“အေးဟာ သူခေါ်တိုင်းရတဲ့အဖြစ် ရောက်မသွားဘူးလား၊ ဖြတ်ချင်ဖြတ်၊ ဆက်ချင်ဆက်၊ လုပ်ချင်သလို လုပ်လို့ရတဲ့အဖြစ် ရောက်မသွားဘူးလား”
ဒီလိုပဲ နုနု ပြောတတ်သည်။ ကျွန်မအဖို့ နုနုကို စိတ်ဆိုးခြင်းထက် စက်ဆုပ်ခြင်း ဖြစ်လာခဲ့ပြီ။ သို့သော် နုနုပြောတာ မှန်သလားဆိုလည်း အမြဲသံသယရှိပြီး ရှက်ကြောက်ခြင်းကြီးစွာ ဖြစ်တတ်သည်။ နုနု ကျွန်မကို ဘယ်လို ကြိုးကိုင်ရမည်ဆိုတာ ကောင်းကောင်းသိလေသည်။ ကျွန်မကတော့ မရိပ်မိသေး။
ဆယ့်ကိုးရက်နေ့မှာ ချောက်ချားသော အိပ်မက်များနှင့် ကျွန်မ အစောကြီး နိုးလာကာ နှစ်များစွာကြာလည်း မှတ်မိရသည်။ ကျွန်မ အိပ်မက် အလွန်မက်တတ်သည်။ အိပ်မက်ထဲမှာ မရောက်ဖူးသောနေရာများလည်း ရောက်နေတတ်ပြီး မတွေ့ ဖူးသောလူများနှင့်လည်း တွေ့တတ်သည်။ ပီယာနိုမှာထိုင်ပြီး သီချင်းတစ်ပုဒ်လုံး ဆုံးအောင်လည်း တီးတတ်သည်။ ဝတ္ထုလည်း ဖတ်တတ်သလို အိပ်မက်များ ဆန်းကြယ်လာရင်တော့ ငှက်များ၊ ကြောင်များနဲ့ စကားပြောလို့ရသည်။ သစ်ပင်များ အမြစ်တွေနုတ်ပြီး လမ်းလျှောက်ကြသည်။ ချောက်ချားသော အိပ်မက်အတွင်းမှာတော့ တစ်ခါမှ မမြင်ဖူးသော သေဆုံးသွားသူများနှင့် တစ္ဆေလို လူများနှင့် တွေ့နေပြီး ကျွန်မသည် မိဘများကို သူတို့ထဲမှာ ရှာနေတတ်သည်။ ဘယ်တော့မှမတွေ့။ မိဘများရဲ့ ရုပ်ပုံလည်း မှုန်ရီနေသည်။
ဆယ့်ကိုးရက်နေ့က ချောက်ချားသောအိပ်မက်ထဲမှာ ကိုနှင်းနွယ် စိတ်ဆိုးနေသည်ကို တွေ့ ရပါသည်။ သူ ဘယ်တော့မှ စိတ်မဆိုးတတ်။ အင်မတန် သိမ်မွေ့ အေးဆေးသူပင်။ သူက “သည်နှင်းဆီဝါပင်ကို ဘယ်သူခုတ်သလဲ” ဟု ထပ်တလဲလဲ မေးနေသည်။ ကျွန်မ သူ့ရဲ့ ကြိုးပဲ့နေသော နှင်းဆီဝါပင်ကို ဝမ်းနည်းခြင်းအပြည့်ဖြင့် ကြည့်ရင်း အသံထွက် ငိုရှိုက်လိုက်ရာမှ နိုးလာပါသည်။
သူနဲ့တွေ့တော့ နှင်းဆီဝါပင် အိပ်မက်အကြောင်း ပြောပြရမယ်။ သူက ရယ်မှာပဲ။
သို့သော် ထိုဆယ့်ကိုးရက်နေ့မှာ နှင်းဆီဝါပင် အိပ်မက်အကြောင်း မပြောရ၊ သူနှင့်မပြောရ။ နုနု ကျွန်မဆီ စောစောစီးစီး ရောက်လာပြီး ကျွန်မကို တောက်တဲ့ကပ် ကပ်နေကာ မြို့ထဲလိုက်လာပါသည်။ ကျွန်မကားပေါ် သူ
တက်ထိုင်နှင့်တော့ သူ့ကို တွန်းချပစ်ခဲ့ဖို့ ကျွန်မမှာ အင်အားမရှိ။ ကားပေါ်မှာ တစ်ချိန်လုံး ကျွန်မ စိတ်မချမ်းသာအောင် တဖွဖွ ပြောနေသည်။
“အံ့ဩပါရဲ့၊ နားကို မလည်နိုင်ပါဘူး၊ မိန်းမတန်ဖိုး ဖြတ်လိုက်တာ၊ ဒီလူက တစ်ခါတည်း အေးကို အကြာကြီး ပစ်ထားပြီး ဘာစိတ်ကူးပေါက်လို့ ချိန်းရပြန်တာလဲ၊ သူတွေ့ချင်ရင် ဘင်တန်ကို လာပါလား၊ မလာတတ်ဘူးလား၊ ဘင်တန်ပြောင်းသွားတာ သူသိသားနဲ့၊ အေးလို မိန်းကလေးမျိုး မတွေ့ ဖူးပေါင်၊ ကိုယ့်ညီအစ်မ သူငယ်ချင်းမို့ သိပ်မခံချင်တာပဲ၊ သိပ်ရင်နာတာပဲ၊ သူ့မုဆိုးမက ကန်ချလိုက်ပြီ ထင်ပါရဲ့”
ဆူးလေဘုရားလမ်းက စာအုပ်ဆိုင် မရောက်ခင်ဘဲ ကျွန်မသည် လူ့ဘဝကို ငြီးငွေ့ခြင်းကြီးမက ငြီးငွေ့ လာခဲ့လေပြီ။ ကားမှောက်ပြီး သေသွားရင် ကောင်းမှာပဲလို့တောင် တွေးမိလေသည်။ နုနု တိုက်ခိုက်သံများ ပြင်းထန်သည်ထက် ပြင်းထန်လာပြန်သည်။ ကျွန်မ ကားရပ်စရာ အလွယ်တကူ ရှာမတွေ့။ မျက်လုံးများ မျက်ရည်ဝေ့နေလို့ ထင်ပါရဲ့။
ကိုနှင်းနွယ်နဲ့တွေ့ တောင် နုနုက ဘေးမှာကပ်နေတော့ ဘာမှပြောလို့ လုပ်လို့ရမှာမဟုတ်ဘူး၊ သူကလည်း ဘာကြောင့် နုနုခေါ်လာပါလိမ့်လို့ အံ့ဩဦးမယ်၊ ကျွန်မလည်း ဘာမှ ရှင်းလင်းပြနိုင်ခြင်းမရှိ၊ ဘင်တန်ပြန်ဖို့သာ ဆုံးဖြတ်လိုက်ပါသည်။ အတိုင်းမသိ စိတ်မောပန်းပြီး ဘာကိုမှ မတွယ်တာချင်တော့၊ ဆူးလေဘုရားကို ဘယ်နှခါပတ်ပြီး မောင်းနေမိခဲ့သည်လည်း မသိ။ ကြာလျှင် ပုလိပ်ဖမ်းတော့မည်။ ဒါထက် ခုလို ဆက်တိုးနေလျှင် ကျွန်မသည် ဘာကိုမှ ဂရုမစိုက်တော့ခြင်းဖြင့် မိုက်မှားသောစကားဖြစ်စေ၊ အမှုဖြစ်စေ ပြုမိတော့မည်။ ကျွန်မ ကိုယ်ကို မချုပ်တည်းနိုင်သည့်အဖြစ်ကို သည်းမခံနိုင်၊ အရောက်မခံနိုင်။ စိတ်တုံးတုံးချပြီး ဘင်တန်ဘက်ကို ပြန်လှည့်မောင်းခဲ့လျှင်တော့ နုနုသည် တိတ်ဆိတ်သွားကာ သူ့ကို အင်းလျားဆောင်မှာ ချပေးသည်ကိုလည်း ဘာမှတ်ချက်မှ မပြု၊ ဘာစကားမှ မပြောတော့ဘဲ ဆင်းနေရစ်ခဲ့သည်။
ထို့နောက် သုံးလေးလ အကြာမှာ နုနုကို တွေ့သေးသည်။ နုနုတစ်ယောက်တည်းမဟုတ်၊မမျှော်လင့်သော နားမလည်နိုင်သော အဖြစ်။ အင်းလျားဆောင်သို့ ကျွန်မ လမ်းကြုံသည်နှင့် ဝင်ခဲ့ရာမှာ နုနုနှင့် ကိုနှင်းနွယ်တို့ အဆောင်ရှေ့က မြက်ခင်းပေါ်မှာထိုင်ပြီး စကားပြောနေကြသည်ကို တွေ့ရပါသည်။ သူ့ကိုယ်ကို အင်မတန် ထိန်းသိမ်းစောင့်ရှောက်တတ်တယ်ဆိုသော နုနုသည် ယောက်ျားတစ်ယောက်နှင့် မြက်ခင်းပေါ်မှာ လူမြင်သူမြင် ထိုင်ခဲ့ပြီဆိုလျှင် စေ့စပ်ကြောင်းလမ်းခြင်းသတင်းကို ပီပြင်သော ဝန်ခံမှုတည်း။ ကျွန်မကတော့ ကိုနှင်းနွယ်နှင့် နုနုကို အတူတကွ တွေ့ရတာ အံ့အားကြီးသင့်လို့မဆုံး။ သူတို့နှစ်ယောက်လုံးကလည်း ကျွန်မကို မမျှော်လင့်ဘဲမြင်တော့ ထိတ်လန့်ဟန်ဖြင့် စကားပီပြင် မပြောနိုင်ကြပါ။
“ဟလို ... နုနု ... ကိုနှင်းနွယ်၊ ကြုံလို့ဝင်လာတာပါ။ နေပါ နေပါ၊ ကိစ္စမရှိပါဘူး၊ ပြန်မယ်နော်” လို့သာ ကျွန်မဆိုပြီး ကျွန်မကားကို ခဏရပ်ရာမှ ပြန်မောင်းထွက်ခဲ့သည်။
ထို့နောက် လများစွာ မကြာခင်ဘဲ သူတို့နှစ်ယောက် ကျောင်းမှထွက်ပြီး ကလောဘက်သို့ တက်သွားကြသည်။ လက်ထပ်ကြသည်လို့ သတင်းကြားပါသည်။
ဆက်ရန်
-----------------------
#ကြည်အေး
Comments
Post a Comment