အလုပ်လက်မဲ့
#အလုပ်လက်မဲ့
ဤခေတ်သည် အလုပ်လက်မဲ့ပေါသော ခေတ်ကြီးပါတကား။ အစိုးရအမှုထမ်းများ အလုပ်လက်မဲ့ ဖြစ်ကြ။ သူဌေးတိုက်ကြီးတို့တွင် စာရေး လုပ်နေသူများ အလုပ်လက်မဲ့ ဖြစ်ကြ။ ကူလီများ အလုပ်လက်မဲ့ဖြစ်ကြနှင့် ဂွအကျကြီး ကျနေကြလေပြီ။
အလုပ်အကိုင်ရပြီးသူတို့ပင် အလုပ်လက်မဲ့ဖြစ်ကြရလျှင် အလုပ်မရသေးသောသူတို့ အလုပ်ရရန်ကား မည်မျှခဲယဉ်းပေမည်နည်း။ ဝိဇ္ဇာဘွဲ့ရသူတွေ၊ သိပ္ပံဘွဲ့ရသူတွေ အလုပ်လက်မဲ့ ဖြစ်ကုန်ကြပြီ။ ဥပစာတန်း စာမေးပွဲအောင်သူတွေ အလုပ်လက်မဲ့ ဖြစ်ကုန်ကြပြီ။ ဆယ်တန်းစာမေးပွဲအောင်သူတွေ အလုပ်လက်မဲ့ဖြစ်ကုန်ကြပြီ။ ခုနစ်တန်းအောင်မြင်သူတို့အဖို့ကား အသို့ဆိုဘွယ်ရာ ရှိတော့အံ့နည်း။
မြန်မာပြည်ရှိ ကျောင်းပေါင်းများစွာတို့တွင် ပညာသင်ကြားလျက်နေကြသည့် သောင်းပေါင်းများစွာသော ကျောင်းသားတို့အဖို့ အလုပ်ကား စဉ်းစား၍ပင် မပေါ်ပြီ။ ဤအလုပ်လက်မဲ့တည်းဟူသော ပင်လယ်ကြောတွင် မျောပါ၍နေကြကုန်သော သူတို့အား အဘယ်မေခလာသည် လာ၍ ကယ်တင်ပါအံ့နည်း။ အလုပ်ရှာယင်းပင် ပျက်စီးနစ်မွန်းကြရတော့မည်လော။ မောင်လူအေးကား မိမိတွင် အလုပ်လက်ကိုင်ရှိသော်လည်း အလုပ်လက်မဲ့ဖြစ်နေကြသော မိတ်ဆွေများ၊ ဆွေမျိုးတော်စပ်သူများအတွက် တွေးတောပူပန်မိလေသည်။
ယနေ့ ညနေ ကုက္ကိုရွာမှ မဲဇလီရွာသို့ သွားရန်အလို့ငှါ ရန်ကုန်မှလာသော ဧရာဝတီမီးသင်္ဘောကို မောင်လူအေး စောင့်စား၍နေ၏။ လေးနာရီ ထိုးလျှင် သင်္ဘောပေါက်၍လာလေသည်။ သင်္ဘောဆိုက်သည်နှင့်တပြိုင်နက် ပစ္စည်းများကို တင်ပြီးလျှင် သင်္ဘောအထက်ထပ် ပဌမခန်းထဲတွင် ဝင်၍ထိုင်၏။ ထိုအခန်းထဲတွင် အသက် ၂၀ ခန့် သနားကမား လုလင်ပျိုတယောက် ပါလာလေသည်။ ဝတ္ထုစာအုပ်တအုပ်ကို ဖတ်၍ နေ၏။
ကုက္ကိုရွာမှ သင်္ဘောထွက်လာ၍ အတန်ကြာလျှင် ထိုလုလင်ပျိုနှင့် မောင်လူအေးတို့ စကားပြောစပြုကြလေသည်။ ထိုထက် အတန်ကလေး ပို၍ကြာပြန်လျှင် စကားလက်ဆုံကျနေကြလေတော့သတည်း။
သူတို့နှစ်ယောက် ပြောကြားကြသော စကားများကို နားထောင်ကြည့်ကြစမ်းပါ။ အလုပ်လက်မဲ့အကြောင်း ဖြစ်ပါသည်။
“မောင် ဘယ်က လိုက်လာသလဲ”
“ရန်ကုန်က လိုက်လာပါတယ်”
“ဪ ကျောင်းကိစ္စထင်ပါရဲ့”
“မဟုတ်ပါဘူး၊ အလုပ်သွားရှာတာပါဘဲ”
“ရခဲ့ရဲ့လား”
“ဘယ်ရမလဲ။ ကျွန်တော် ဆယ်တန်းအောင်တာ လေးနှစ်ရှိပါပြီ။ အခုတောင် အလုပ်ရှာလို့ မရသေးဘူး။ အလုပ်ရှာရတဲ့စရိတ်လဲ တော်တော် ကုန်ပါပြီ။ အိမ်က မိဘများလဲ သိပ်ညည်းတာဘဲ”
“မောင် လိုချင်တာက ဘာအလုပ်မျိုးလဲ”
“ဘာအလုပ်ဘဲဖြစ်ဖြစ်၊ အလုပ်ဆိုရင် ပြီးတာဘဲ။ အခုတော့ ဆယ်တန်းအောင်ပြီး အလုပ်မရှိ၊ မိဘတွေရဲ့ ပစ္စည်းတွေကို ထိုင်စားနေတာ တော်တော်ကြာပြီ။ အားလဲ နာစရာဘဲ”
“လခ ဘယ်လောက်ရမှ လုပ်မယ်လို့ စိတ်ကူးထားသလဲ”
“လခ ဘယ်လောက်ရရ လုပ်မယ်ခင်ဗျာ။ ကုန်ကုန်ပြောလိုက်မယ်။ လခ မရတောင် အကူစာရေးကလေးဘဲ လုပ်ရလုပ်ရ ကိစ္စမရှိပါဘူး။ ကျွန်တော့်မိဘရဲ့ ပိုက်ဆံနဲ့ စားပြီး လုပ်မယ်။ အလုပ်ရှိတယ်ဆိုယင် တော်ပါပြီ။ ဂျပိုးလို့ သူတကာက ဆိုတာ အခံရဆိုးလွန်းလို့"
“မောင်ရင် အလုပ်သွားရှာတာ ရန်ကုန်အပြင် ဘယ်မှာများ သွားသေးသလဲ”
“ရန်ကုန်အပြင် ဘယ်မှာအလုပ်ရနိုင်ပမလဲ။ ရန်ကုန်မှာတောင် အလုပ်ရှာလို့ မရမှဖြင့် တခြားမှာတော့ ဝေးပါရော”
“တောရွာများမှာကော အလုပ်သွားရှာသေးသလား”
“ဟာ မဟုတ်တာ။ တောရွာမှာ အလုပ်သွားရှာလို့ ဘယ်ရမလဲ"
“မောင်ရင်တို့လို အင်္ဂလိပ်စာတတ်၊ မြန်မာစာတတ်ကလေးတွေအတွက် ကျုပ် အလုပ်ရှာပေးမယ်။ လုပ်မလား”
“အောင်မယ် လုပ်ချင်တာပေါ့ဗျာ။ လခ ဘယ်လောက်ရရ လုပ်ပမယ်။ ကျေးဇူးကိုလဲ မမေ့ပါဘူး”
“လက်ဦးတော့ဖြင့် လခ အစိတ်လောက်ဘဲ ရမယ်။ နောင်တော့ တစတစ နေရာကျမှာဘဲ”
“အခုလို တွေ့ရတာ ကျွန်တော့်ကို နတ်သိကြား မ,တာဘဲလို့ ထင်ပါတယ်။ ဘာအလုပ်ပါလဲ ခင်ဗျာ"
“ကျုပ်ပြောတဲ့အလုပ်က ပင်လဲမပင်ပန်းဘူး။ ဘယ်သူ့ကိုမှလဲ မကြောက်ရဘူး။ ကုသိုလ်လဲရတယ်။ သို့ပေမဲ့ လုပ်ချင်တဲ့လူတွေက ရှားတယ်”
“အောင်မယ် ကျွန်တော်လုပ်ချင်ပါတယ် ခင်ဗျာ။ အဲသည်အလုပ်ကိုသာ ပေးပါ။ ဘယ်လောက်ဘဲ ပင်ပန်းတော့ လုပ်ပမယ်။ အလုပ်ကိုသာ ရပါစေ”
“ကောင်းပြီ။ အလုပ်ရပြီလို့သာ မှတ်လိုက်ပေတော့”
“အဲသည်အလုပ်ဟာ ဘာအလုပ်ဆိုတာ မသိရဘူးလား ခင်ဗျာ"
“ဆရာအလုပ် မောင်ရင်ရဲ့၊ ဘယ့်ကလောက် ကောင်းတဲ့အလုပ်လဲ"
“ကျွန်တော်လဲ လုပ်ချင်ပါတယ်။ အမျိုးသားကျောင်းမှာလား၊ အစိုးရကျောင်းမှာလား”
“အဲသည်ကျောင်းတွေက အလုပ်ဟာ တယ်မလွတ်လပ်လှဘူး။ လုပ်ချင်သည့်တိုင်အောင်လဲ နေရာလပ် ရှိမှာမဟုတ်ဘူး”
“ဒါဖြင့် ဘယ်မှာ ဆရာလုပ်ရမှာလဲ”
“အင်းမ ဆိုတဲ့ ရွာကို သိသလား”
“သိပါတယ်”
“အဲသည်ရွာမှာ အိမ်ခြေ ၃ဝဝ လောက် ရှိတယ်။ ကျောင်း တကျောင်းမှ မရှိဘူး။ ဘုန်းကြီးကျောင်းတော့ဖြင့် တကျောင်း ရှိရဲ့။ သို့ပေမဲ့ အဲသည်ကျောင်းမှာ ကလေးတွေကို စာမသင်ဘူးတဲ့။ သည်ရွာမှာ ရှိကြတဲ့ ကလေးတွေဟာ က-ကြီး ခ-ကွေးကို ပုတ်ကြီးလောက် ရေးပြတာတောင် မသိဘူးတဲ့။ ဒါကြောင့် ရွာက လူကြီးတွေ ညည်းနေကြတယ်။ ရွာသူရွာသားတွေ စုပြီး ကျောင်းတကျောင်း ထောင်ချင်လို့တဲ့။ မောင်ရင်နဲ့ အခန့်သင့်တာဘဲ”
“ကျွန်တော်တို့ ဆယ်တန်းပညာသင်ထားတာ သည်လိုအလုပ်မျိုးနဲ့ ကိုက်ပမလား။ မနုံဘူးလား”
“ဘာဖြစ်လို့ နုံရမှာတုံး။ စာရေးလုပ်တာထက်တော့ ကောင်းသေးတယ်။ မောင်ရင်က ဘာအလုပ်မျိုးမဆို လုပ်မယ်လို့ ခုဘဲ ပြောတာ မေ့သွားပလား”
“ဟုတ်တော့ ဟုတ်ပါရဲ့။ ကျွန်တော်က လခစားအလုပ်ကို ဆိုတာ။ အခုပြောတဲ့ နုံချာချာ အလုပ်မျိုးကို ဆိုတာမဟုတ်ဘူး”
“အောင်မယ်လေးဟဲ့ လူ၊ သည်အလုပ်မျိုးကို နုံချာတယ်လို့ ထင်ယင် ဘယ်အလုပ်ကို လုပ်တော့မလဲ။ ကျောင်းသား အနည်းဆုံး ၅၀ လောက်ရမယ်။ တယောက်အတွက် တလ ငါးမူးပေးမတဲ့။ တလ အစိတ်ဆိုတာ သေချာပေါက်ပေါ့။ စပါးပေါ်တဲ့အခါ၊ ငါးခြောက် ငါးပိ ပေါ်တဲ့အခါ လာပို့ကြအုံးမယ်။ ဝါဝင်ဝါကျွတ် ဆိုယင်လဲ လာကန်တော့ကြအုံးမယ်။ ပုဝါစ၊ လုံကွင်းစတော့ ရမှာဘဲ။ တရွာလုံးမှာလဲ မောင်ရင်တယောက်ဘဲ အင်္ဂလိပ်စာတတ်ရှိတယ်ဆိုတော့ ဘယ်နေရာမှာမဆို မောင်ရင့်ကို လာတိုင်ပင်ကြရမယ်။ အရေးအကြောင်းရှိယင် မောင်ရင့်ကိုဘဲ လျှောက်လွှာတို့ ဘာတို့ကို လာအရေးခိုင်းရမယ် မဟုတ်လား။ အမှုအခင်း ဖြစ်လာလို့ ရှိယင်လဲ မောင်ရင့်ဆီ လာပြီး နှီးနှောကြရမယ်။ မောင်ရင့်လို အင်္ဂလိပ်စာတတ်တယောက် ရောက်သွားမယ် ဆိုယင် ရွာသူ ရွာသားတွေမှာလဲ မျက်စိနား ပွင့်လင်းလာကြမယ် မဟုတ်လား။ မောင်ရင့်ဩဇာ ဘယ်လောက်ရှိမယ်ဆိုတာကို စဉ်းစားကြည့်စမ်း။ မောင်ရင်ပြောသမျှ ရွာသားတွေ လိုက်နာကြရမယ်။ တလ ငွေ ၅ဝ ဆိုတာ အနည်းကလေးပေါ့။ နေရာတကာမှာ မောင်ရင် မပါယင် ပြီးမလား။ သည်ရွာမှာ နေလို့ အနေအထားကျသွားယင် အနီးအနားရွာများက မောင်ရင့်ထံမှာ အကြံဉာဏ် လာတောင်းကြရမယ်။ ဉာဏ်ပူဇော်ခတွေလဲ ရမယ် မဟုတ်လား။ ရွာသားတွေအပေါ်မှာ သြဇာရှိလာတယ်ဆိုယင် မောင်ရင် စားဖို့ သောက်ဖို့ ဆိုတာ ဘယ်ကုန်မှာလဲ။ ရွာမှာ နေတယ်ဆိုတော့ သုံးဖို၊ စွဲဖို့ဆိုတာလဲ ဘာမှကုန်မှာမဟုတ်ဘူး။ ဝတ်ဖို့ စားဖို့ ဆိုတာလဲ မကုန်ဘူး။ ရတဲ့ ပိုက်ဆံကို စုမိအုံးမယ်။ အဲသည် စုမိတဲ့ငွေနဲ့ လယ်ကလေးဝယ်၊ ဥယျာဉ်ကလေး ဝယ်နဲ့ လေးငါးနှစ်အတွင်းမှာ မြေပိုင်ရှင်တောင် ဖြစ်နိုင်တယ်။ ဘယ့်ကလောက် ကောင်းတဲ့အလုပ်လဲ။ ရန်ကုန်မှာ စာရေးသွားလုပ်နေမယ်ဆိုယင် ဘယ်တော့မှ လူတလုံးဖြစ်မှာ မဟုတ်ဘူး။ မောင်ရင် တို့တတွေဟာ အမှားကို အမှန်ထင်နေလို့ အလုပ်လက်မဲ့ဖြစ်နေကြတာပေါ့။ အလုပ်မရှိတဲ့နေရာမှာ အလုပ်သွားရှာလို့ ဘယ်တော့ ရမှာတုံး။ အလုပ်ရှိမဲ့နေရာမှာတော့ မရှာချင်ကြဘူး”
“အခုပြောပြတာ ဝမ်းသာစရာပါဘဲ။ သဘောပေါက်စရာလဲ ကောင်းပါတယ်။ သိုပေမဲ့ ကျွန်တော်တို့သင်ထားတဲ့ ပညာနဲ့တော့ မကိုက်လှဘူး။ နောက်ပြီးတော့လဲ တောရွာမှာ နေလို့ မဖြစ်ဘူး ထင်တယ်”
“ဒါကတော့ မောင်ရင့်သဘောပေါ့။ မောင်ရင်က မြို့မှာနေပြီး အလုပ်လက်မဲ့ဖြစ်နေတာကို ကြိုက်ယင်လဲ အခုပြောတဲ့ အလုပ်ကို မလုပ်နဲ့။ ကျကျနန အလုပ်နဲ့အကိုင်နဲ့ နေချင်လို့ရှိယင်တော့ အခုပြောတဲ့အလုပ်ဟာ အကောင်းဆုံးဘဲ မောင်ရင်။ အခုခေတ်မှာ အလုပ်ရှာနေကြတဲ့ လူတွေဟာ စန္ဒဂုတ်စစ်တိုက်တာလို မြို့ကြီးကိုသာ အရင်ဝင်ပြီး စီးကြတယ်။ ရွာသိမ်ရွာငယ်များကိုတော့ မေ့နေကြတာဘဲ။ နိုင်ငံခြားက လာတဲ့ တရုတ်၊ ကုလားတွေကတော့ မြို့ကြီးများကို လက်လွှတ်ပြီး ရွာသိမ် ရွာငယ်များကို ဝင်ပြီး စီးကြတယ်။ ရွာသိမ် ရွာငယ်တွေက စုဆောင်းလို့ ငွေတော်တော်ကလေး တောင့်လာတော့မှ မြို့ကြီးတွေမှာ တက်ပြီး ကုန်ဆိုင်ကြီးတွေကို ဖွင့်ကြတာ မောင်ရင်လဲ အသိပါဘဲ”
“အခု ပြောတာတွေကတော့ အဟုတ်အမှန်ချည်းပါဘဲ။ သို့ပေမဲ့ ကျွန်တော်တို့ အင်္ဂလိပ်စာသင်ထားတာက မခက်နေပေဘူးလား။ ဘာမဟုတ်တဲ့ ကျောင်းဆရာအလုပ်ကလေးကို သွားလုပ်မယ် ဆိုယင် ရှက်စရာမကောင်းဘူးလား”
“လာဘဲ လာသေးရဲ့။ ဘာလို့ ရှက်ရမှာလဲ။ ဒါဖြင့် အင်္ဂလိပ်စာသင်ယင် အလုပ်လက်မဲ့ဖြစ်ရတော့မယ် ဆိုသလို ကျနေပြီ။ ဆရာအလုပ်ထက် ဘာအလုပ်က မြတ်သေးလို့လဲ”
“နေပါအုံးခင်ဗျာ။ ကျွန်တော် တခု မေးပါရစေ”
“မေးပါ။ မေးပါ”
“အဲသည်ကျောင်းကို အစိုးရက အသိအမှတ်ပြုမတဲ့လား။ ဒိစတြိတ်ကောင်စီကကော အထောက်အပံ့ပေးမတဲ့လား”
“အစိုးရက အသိအမှတ်ပြုချင်ပြု မပြုချင်နေ။ ဒိစတြိတ်ကောင်စီက ထောက်ပံ့ချင်ပံ့၊ မပံ့ချင်နေ။ ကိုယ် အလုပ်ရတာသာ လိုရင်းမဟုတ်လား။ ကိုယ် လစဉ် ကျောင်းလခရတာသာ လိုရင်းမဟုတ်လား။ ကျောင်းသားကလေးတွေ စာတတ်တာသာ လိုရင်းမဟုတ်လား။ သူတို့ကအသိအမှတ်ပြုရင်တောင် လွတ်လပ်ခွင့်ကို ထိခိုက်အုံးမယ်။ ဘယ်သူမှ ဝင်မရှုပ်ဘဲ ကိုယ်ထင်တာကို သင်ကြားရယင် ကိုယ်ထင်သလို နေရယင် အကောင်းဆုံးဘဲ မဟုတ်လား။ မောင်ရင်တို့စိတ်က တယ်ခက်တာကိုး”
“ခက်တာမဟုတ်ဘူးခင်ဗျ။ အစိုးရက အသိအမှတ်ပြုတဲ့ကျောင်းမှ မျက်နှာရှိတယ်။ ဒိစတြိတ်ကောင်စီက ထောက်ပံ့တဲ့ကျောင်းမှ လူရိုသေတယ်”
“မောင်ရင်တယောက်လဲ ခက်တော့တာဘဲ။ မျက်နှာရှိတာတွေကိုသာ လိုက်နေတာကိုး။ အကျိုးရှိမယ်၊ မရှိဘူး ဆိုတာကိုတော့ မကြည့်ဘူး။ ဒါကြောင့်လဲ အင်္ဂလိပ်စာတတ် အလုပ်လက်မဲ့တွေ မြန်မာပြည်မှာ များနေတာ ထင်ပါရဲ့။ ဒီလိုဖြင့် အင်္ဂလိပ်စာမတတ်တာကဘဲ ခပ်ကောင်းကောင်း၊ အင်္ဂလိပ်စာတတ်တာ အလုပ်လက်မဲ့ဖြစ်အောင် လုပ်တာနဲ့ အတူတူဘဲ”
“မှန်ပါတယ်”
ဤသို့စကားကောင်းလာယင်း သင်္ဘောသည် မဲဇလီရွာ၌ ဆိုက်ကပ်လေ၏။ မောင်လူအေးတို့လည်း နှုတ်ဆက်ကြပြီးလျှင် အသီးသီး ဆင်းသွားကြလေသတည်း။
------------------------------
#သိပ္ပံမောင်ဝ
၁၂၉၆ ခု၊ ပဌမဝါဆိုလ။
Comments
Post a Comment