အပြင်ကလူ (၂)(အပိုင်း ၇)

#အပြင်ကလူ (၂)
#အေးရဲ့ဖွင့်ဟဝန်ခံချက်

အပိုင်း (၇)

ကလေးဘဝက ခံစားခဲ့ရသည့် အားငယ်ဝမ်းနည်းပြီး ကြောက်ရွံ့ လွယ်ခြင်းသည် ကြက်ပျောက်ငှက်ပျောက် ဖြုန်းခနဲ ပျံပြေး ပျောက်ကွယ်သွားသည်။ ကျွန်မတို့ မနက်အစောကြီး ထပြီး နေတက်လာတာ ကြည့်ကြသည်။ ငှက်ကလေးတွေ နိုးကြ၊ စကားပြောကြ၊ သီချင်းဆိုကြတာ နားထောင်ပြီး ဆက်ရက်ကလေးတစ်ကောင် သစ်ပင်ထိပ်ပေါ် တက်နားပြီး ကျကျနန သံနေသံထားနှင့် ကဗျာရွတ်သလို ဂီတဖြစ်စေသည်ကို အံ့ဩရွှင်လန်းစွာ ကြည့်ကြ၊ နားထောင်ကြသည်။ ဆက်ရက်ကလေး မလန့်အောင် အသာကလေး သစ်ပင်အောက်က ဖြတ်ပြီး လမ်းလျှောက်ထွက်ကြသည်။ ပြီးတော့ ကားနှင့် ရောက်ရာ တစ်လှည့်စီ မောင်းကြသည်။ လမ်းမှာ စားစရာ ဝယ်စားကြသည်။ ပဲခူးဘက် ခဏခဏ ရောက်သည်။ ခြောက်မိုင်အိမ်ဘက် ပြန်ကြသည်။ အိမ်မှာတော့ မအိပ်ကြ။ အိမ်ကိုသာ သန့်ရှင်းအောင် ကျွန်မ လုပ်ချင်သေးသည်။ နုနုရဲ့ အရိပ်အငွေ့ တစ်စေ့မျှ မကျန်အောင် သန့်ရှင်းပစ်ချင်သည်။

တကယ်တော့ နုနု ဘယ်တော့မှ ပြန်လာဖို့မရှိတော့။ အင်းလျားလိတ်ဟိုတယ်သို့ မသွားခင် ကိုနှင်းနွယ်ကို ဆေးရုံမှာ ထားခဲ့ပြီး ကျွန်မ အိမ်ပြန်ခဲ့သေး၏။ နုနုကို ရင်ဆိုင်ဖို့ပေါ့။ ရန်ကို ရင်ဆိုင်ဖို့ပေါ့။ ကျွန်မ သူ့ကို တယ်လီဖုန်းနဲ့ ခေါ်ပါသည်။

“ဟဲလို. . . အေး” ဟု နုနုက ပေါ့ပေါ့ဆဆ ထူးလေသည်။ ကျွန်မက ဘာမှ အစပျိုးမနေတော့။ “အေး မော်လမြိုင် လိုက်လာတဲ့ နွေကျောင်းပိတ်ရက် မှတ်မိလား” လို့ မေးပါသည်။

“ဆိုပါဦး”

“အဲဒီတုန်းက ကိုနှင်းနွယ် စာတွေရေးတာ ဖြတ်ယူ ဖျောက်ဖျက်ပစ်တယ် မဟုတ်လား”

ကျွန်မ နုနုရဲ့ မျက်နှာ ဘယ်လိုဖြစ်သွားမယ်ဆိုတာ သိချင်ပါသည်။ ဒါပေမဲ့ နုနုကို မတွေ့ချင်တော့တာမို့ မကြည့်ရလည်း နေပါစေတော့။ သူ့မျက်နှာ ဘာမှလည်း ဖြစ်ချင်မှ ဖြစ်မယ်မဟုတ် ကျွန်မ မသိ။

“ဒေါ်ကြီးလည်း ပါတာပဲ” ဟု နုနုက ဝေ့လည်ကြောင်ပတ် ဖြေသည်။

“လူ့ဘဝမှာ တစ်ခါလောက် မလိမ်မကောက်ဘဲ မုသာဝါဒ မပါဘဲ၊ ဟုတ် မဟုတ် တစ်လုံးတည်း ဖြေစမ်းပါ” ဟုကျွန်မက စက်ဆုပ်သံနှင့် ပြောလျှင် နုနုသည် တိတ်ဆိတ်နေရာက ကြိုးစားပြီး ရယ်ဟဟ လုပ်သော်လည်း မအောင်မြင်ဘဲ ခပ်ညည်းညည်း အသံဖြင့် “သိပ်စွဲတာနော်” ဟု ပြောလေသည်။

ကျွန်မသည် ဆက်လက်ပြီး မေးနေလို့ အကျိုးမရှိသည်ကို နားလည်လိုက်၏။ ထို့ကြောင့် တတ်နိုင်သမျှ အေးဆေးစွာ...
“နုနုကို တစ်သက်လုံး ပြန်မတွေ့ ပါရစေနဲ့၊ လမ်းမှာ မတော်လို့ ဆုံမိတောင် မမှတ်မိလိုက်ပါနဲ့၊ အေးက နုနုကို ဘယ်တော့မှ မှတ်မိမှာ၊ သိတော့မှာ မဟုတ်ဘူး”

“ကိုနှင်းနွယ်နဲ့ ပြန်တွေ့ကြပြီပေါ့” ဟု သူက လည်ပတ်သူဖြစ်သည့်အတိုင်း ရိပ်မိ နားလည်လိုက်ပါသည်။

ကျွန်မက အတော်ပျော်ရွှင်သွားပြီး...“အို... ပြန်တွေ့ကြတာပေါ့၊ အိမ်ကို ဘယ်တော့မှ မလာပါနဲ့၊ ပစ္စည်းကျန်သမျှ စုပြီး ပို့ပေးလိုက်မယ်၊ ဒါပဲ၊ ဪ...ဒါထက် တစ်ခုမှတ်လိုက်ပါဦး၊ လောကမှာ ကောင်းမြတ်ခြင်းဆိုတာရှိတယ်၊ ကောင်းသူကို ဘုရားမ,တတ်တယ်၊ မာရ်နတ် အမြဲရှုံးတယ်”

ကျွန်မ တယ်လီဖုန်း ချလိုက်ပြီး အပြေးပြိုင်ရာမှ ပထမရ?? ကျောင်းသူကလေးလို အသံထွက် ရယ်မောနေလိုက်ပါသည်။ ရယ်မောပြီး ရယ်မောရင်း မဆုံးနိုင်တော့ပါ။ စင်စစ် နောက်ဆုံးရယ်သူမှာ ကျွန်မ ဖြစ်လေသည်။ ကိုနှင်းနွယ်နှင့် ကျွန်မတို့ ပထမဆုံးအကြိမ်နှင့် နောက်ဆုံးအကြိမ် ကျွန်မ တကယ်စက်ဆုပ်ရွံရှာသော၊ စင်စစ် မဟုတ်နိုင်သော နုနုအကြောင်းကို စိတ်မချမ်းသာဖြစ်လည်း ပြောရ ရှင်းလင်းသုတ်သင်ရသည်။ အနာ ပြည်ဖောက်ပြီး ဆေးကြောပစ်သလိုပေါ့။ ကိုနှင်းနွယ်က သည်းခံလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပြီး အချုပ်အတည်း သိပ်မရှိဘဲ နုနုအကြောင်းကို ကျွန်မရဲ့ နုနုပုံပြင်ကို ပြောရပါသည်။ သို့ရာတွင် ကျွန်မသည် ကိုယ့်ကိုယ်ကိုယ် ရိုသေခြင်းဖြင့်၊ ရိုးဖြောင့်လိုခြင်းဖြင့်၊ အမှန်ကို ရှာချင်ခြင်းဖြင့်၊ တတ်နိုင်သမျှ တရားမျှတလိုခြင်းဖြင့်သာ နုနုပုံပြင်ကို ပြောချင်သည်။ ပြီးတော့ ကိုနှင်းနွယ်ကို ပြန်လည်ရရှိပြီမို့ နုနုပုံပြင်သည် သိပ်ပြီးတောင် အရေးမကြီးတော့ပါ။ သို့သော်လည်း ပြောခဲ့သလို အနာပြည်ဖောက်သလိုပဲ သဘောထားရလည်း ကောင်းတာပဲ။ ပြီးလျှင် နုနုသည် ချန်ရစ် စွန့်ပစ်ခဲ့သော၊ အဖိုးလုံးဝမရှိသော၊ သုညသာဖြစ်သောအတိတ် ဖြစ်သွားလိမ့်မည်။ ဒီနာမည်ကို ကျွန်မ ကြားဖူးတော့မယ် မဟုတ်တော့။ ကျွန်မ ကံကောင်းလာသည်။

* * *

နုနုပုံပြင်ကို စရလျှင် ၁၉၄၆ ခုနှစ်မှာ ကံကြမ္မာ ဖန်တီးလိုက်သည့်အတိုင်း ကိုနှင်းနွယ်နှင့် အေးတို့ ကောလိပ် ရောက်လာပြီး သိကျွမ်းပြီး သုံးလေးလ ကြာတော့ နုနုသည် ဘင်တန်မှ အင်းလျားသို့ ပြောင်းလာသည်။
စစ်ပြီး၍ ပြည်ကောလိပ်ကျောင်း စဖွင့်သည့်အချိန်ပေါ့။ စစ်အတွင်း ပညာလစ်ဟင်းခဲ့သည့် လူငယ်များ ရန်ကုန်ကောလိပ်သို့ ဝမ်းသာအားရ လာကြသည်။ အသက်ကြီး အိမ်ထောင်ကျသွားသူများထဲမှပင် ကျောင်းပြန်တက်ကြသူများ ရှိကြသည်။ သူတို့သည် ကိုနှင်းနွယ်နှင့် အေးတို့လို အလွန်ငယ်ရွယ်သောသူများနှင့် တစ်ခုံတန်းလျားတည်း ထိုင်စာသင်ရသည်ကို နည်းနည်း ရှက်နေကြသည်။ ဆေးကောလိပ်လည်း ပြန်ဖွင့်ပြီး ဆရာဝန်လိုင်းနှင့် အင်ဂျင်နီယာလိုင်း အလွန် ခေတ်စားလာကြသည်။ လူငယ်တို့သည် ကြီးပွားချင်စိတ်၊ ကမ္ဘာအရပ်ရပ်မှ နိုင်ငံခြားမှ လူငယ်များကို အားကျသည့် ပြိုင်ဆိုင်ချင်သည့်စိတ် မြင့်လာကြတာများသည်။ စစ်အတွေ့အကြုံက လူငယ်အများကို သိမြင်နားလည် ကြီးရင့်စေသည်။ ကမ္ဘာ့အဆင့်အတန်းကို မီဖို့ မျှော်မှန်းကြသည်။

မိဘက ပို့သဖြင့် ကောလိပ်ရောက်ပြီး ဖဲရိုက်၊ အရက်သောက်၊ မိန်းမလိုက်ပြီး အချိန်ဖြုန်းကြသူများလည်း ရှိသည်ပေါ့။ ကောလိပ်ရောက်ရင် အထက်တန်းစားဆိုသည့်လူများနှင့် တွေ့ဆုံပြီး ကိုယ်ပါ အထက်တန်းစားဖြစ်ဖို့ လမ်းထွင်နိုင်သူလို့ မျှော်မှန်းရောက်လာကြသူများလည်း ရှိသည်။ နုနုလို...။

နိုင်ငံရေးရာများ ပြောင်းလဲတာကို မသိမီနိုင်ဘဲ အင်္ဂလိပ်ထုံးစံကို စုံမက်တုပပြီး ဟန်ပန်ကြီးချင်ကြသူများလည်း ရှိသည်။ သည်အသိုက်မှာ မြန်မာစကားပြောရမှာ ရှက်သူများဖြစ်၏။ သူတို့ပြောသော အင်္ဂလိပ်စကားမှာလည်း သိပ်ပီသ အထက်တန်းကျလှသည်လည်း မဟုတ်၊ သို့သော် သူတို့ မသိ။

ကောလိပ်လာသည်မှာ ကပွဲကောင်းကောင်း သွားဖို့၊ အနောက်တိုင်းဆန်တတ်ဖို့၊အိမ်ထောင်ရေး အဆင်ပြေဖို့လို့လည်း တင်စားကြသည်။

ဤတစ်သိုက်သည် စာပေရေးရာ အနုပညာမှာ ဝါသနာပါကြသူများလည်း ဖြစ်ပြန်တော့ တစ်မျိုးသော လူ့အပြင်က လူများလို့ နာမည် ပေးထားကြပြန်သည်။

ကိုနှင်းနွယ်နှင့် အေးတို့ကတော့ အေးချမ်း ငြိမ်သက်သူများဖြစ်လေတော့ လူစုလူဝေး အမျိုးမျိုး ရှိသည့်အထဲ ဘယ်ထဲမှ မပါချင်။ နှစ်ယောက်သား လျင်မြန်စွာ ရင်းနှီးသွားပြီး တတွဲတွဲ ရှိနေတာပဲ ပြောစရာ ရှိလေသည်။ ကိုနှင်းနွယ်ရော ကျွန်မပါ ဂုဏ်ထူးနှစ်ခုစီ ရပြီး တခြား ဘာသာရပ်များမှာလည်း အမှတ်များလှသည်။ အသက် ဆယ့်ခြောက်နှစ် မပြည့်သေးဘဲ ကောလိပ်တက်ခွင့် ရပါသည်။ ကျွန်မက ဒေါ်ကြီး စီမံ တိုက်တွန်းချက်အရ ဆရာဝန်လိုင်း လိုက်ရပါသည်။ ဒေါ်ကြီးက LMP ဆရာဝန်ဖြစ်ပြီး ခေတ်ပြောင်းသွားချိန်မှာ အမ်ဘီဘီအက်စ် ဖြစ်ဖို့ ကျောင်းပြန်တက်ရန်လိုသည်။ ကျွန်မမိဘများ ဆုံးပါးသည့်အတွက် အလုပ်ကထွက်ဖို့ပဲ ဆုံးဖြတ်ပြီး ကျွန်မကို ဆက်လက် စောင့်ရှောက်လာသည်။ ဒေါ်ကြီးအလိုအရ ကျွန်မ ဆရာဝန်လုပ်ရမည်။ တကယ်တော့ ကျွန်မသည် သီချင်းဆို၊ ပီယာနိုတီးချင်စိတ်သာ ရှိလေသည်။ အနောက်နိုင်ငံများမှာ ??? ဂီတပညာသည် သူဖြစ်ရမှာပဲလို့လည်း တောင့်တဖူးသည်။ ဒါမှမဟုတ် ပန်းချီဆရာ လုပ်ချင်သည်။ ကျွန်မ ကလေးဘဝတစ်ခုလုံး သူတစ်ပါး မသိစေဘဲ ခဲနှင့်မင်နဲ့ ပုံတူများ ဆွဲခဲ့သည်မှာလည်း စိတ်ကျေနပ်စရာကောင်းသားလို့ ထင်လေသည်။ သို့သော် ဒေါ်ကြီး အလိုအရ ကောလိပ်မှာ ပညာသင်ရမည်။ ရန်ကုန်ကောလိပ်မှာ ပန်းချီပညာ၊ သီချင်းဆိုပညာ၊ တူရိယာတီးမှုတ်ခြင်းပညာ သင်ယူစရာအခွင့်အရေး မရှိ။

ကိုနှင်းနွယ်က ပန်းချီဆရာဖြစ်ချင်သူ ဆိုပြန်တော့၊ စာအုပ်များသာ ဖတ်ချင်သူဖြစ်ပြန်တော့ ထပ်ပြီး စကားများစွာပြောလို့ကောင်းပြန်သည်။ ကဗျာအတူရွတ်ပြီး၊ သီချင်း အတူဆို၊ အတူ နားထောင်နိုင်သည်။ ကိုနှင်းနွယ်က ဂီတာ တော်တော်တီးတတ်ပြန်တော့ ပီယာနိုတီးသူ အေးနဲ့ အဆင် ???ပဲ။ ဒေါ်ကြီးက ယောက်ျား သူငယ် အိမ်ခေါ်လာတာ မကြိုက်၊ အိမ်လာလည်ပါလို့ ရုတ်တရက် မဖိတ်ဝံ့၊ ပြီးတော့ ကျွန်မ အင်းလျားဆောင်မှာ နေတာများပြီး အိမ်ကို တစ်လတစ်ခေါက်မှ မှန်မှန် မပြန်တာမို့ သူကလည်း အင်းဝဆောင်သားမို့ ညနေကျောင်း??ချိန်သာ ဧည့်ခန်းမှာ တွေ့ဆုံနိုင်၊ အင်းလျားကန်သို့ လမ်းလျှောက်သွားနိုင်ကြသည်။ ကျွန်မကားနှင့် မောင်းလိုရာ မောင်းသွားနိုင်သေးသည်။

ကျွန်မအဖို့ ရန်ကုန်ယူနီဗာစီတီမှာ ၂ နှစ်နေပြီး ဆေးကျောင်းကို ပြောင်းရမည် ဖြစ်သော်လည်း အင်းလျားမှာ ၇ နှစ်လုံးလုံး ဆက်နေဖို့ ဆုံးဖြတ်ပြီးသား၊ အင်းဝဆောင်နဲ့ နီးသည်ကိုး။ ကောလိပ်မရောက်ခင်ကတည်းက ရူပဗေဒနှင့် ဓာတုဗေဒ ယူလာသူမို့ ဘိုင်အိုတစ်ခုသာ ကျက်မှတ်ရဖို့ ရှိပြန်သည်။ အင်္ဂလိပ်စာနှင့် မြန်မာစာမှာ ကျွန်မ ဂုဏ်ထူးရသော ပညာရပ်များပင်။ ဒီတော့ ဆေးကျောင်းမရောက်ခင် နှစ်နှစ်မှာ ရန်ကုန်ယူနီဗာစီတီမှာ ကျွန်မအဖို့ တပင်တပန်း စာကျက်ရမည့်နှစ်များမဟုတ်၊ မရည်ရွယ်သော်လည်း နှစ်နှစ်မျှ ခပ်အေးအေးနေပြီး ဝတ္ထုဖတ်၊ ရုပ်ရှင်ကြည့် ဖြစ်နိုင်ရင် ခပ်ပျော်ပျော်ရွှင်ရွှင်နေဖို့ပင်၊ သို့သော် မိဘမဲ့သူမို့လားမသိ၊ ရယ်ရွှင်ဟက်ပက် မနေတတ်ခဲ့ရာ ကျွန်မကို သိပ်ပြီးတည်တာပဲ၊ ငြိမ်တာပဲ၊ လူကြီးကလေးလိုပဲ၊ ဆယ့်ငါးနှစ်သမီးကလည်း နှစ်ဆယ့်ငါးနှစ်သမီးကျနေတာပဲ စသဖြင့် အပြောခံရတတ်သည်။ ဒေါ်ကြီးကလည်း အပျိုကြီးဆိုတော့ အိမ်ထောင်ပြုတာ ရည်းစားထားတာ မလိုလားအပ်သောကိစ္စများလို့ သွန်သင်နည်းပြ ဆုံးမခဲ့လေရာ ကျွန်မသည် သူငယ်ချင်းမိတ်ဆွေဆို၍ ကျောင်းမှာသာ တွေ့ဆုံနိုင်ပြီး အိမ်လည်း မလည်ရ၊ မလည်တတ်၊ ဒေါ်ကြီးမပါဘဲ မသွားရ၊ မသွားတတ်၊ တစ်ယောက်တည်းနေလေ့ရှိခဲ့တာ အမှန်ပင်။ ဆယ်တန်းရောက်မှ ကားမောင်းခွင့်ရပြီး အိမ်ပြင်ကို တစ်ယောက်တည်း ထွက်ခွင့်ရလေသည်။ ဒေါ်ကြီးက သိပ်မကြိုက်။

“လူတွေက သိပ်ရှေးဆန်သေးတယ်၊ အေး ကားမောင်းထွက်တာကို ကဲ့ရဲ့ တာ ကိစ္စမရှိဘူး၊ မကောင်းကြံသူက ကြံနိုင်တယ်”

ကျွန်မက မယုံနိုင်ဘဲ...
“ဒေါ်ကြီးကလဲ၊ ဘယ်သူက အေးကို မကောင်းကြံချင်မှာလဲ၊ အေးမှာ ရန်သူ မရှိပါဘူး”ဆိုတော့ ဒေါ်ကြီးက

“အေး မသိတာတွေ၊ လောကမှာ အများကြီး ရှိသေးတယ်” ဟု မပြီးမပြတ် ပြောပါသည်။

ကျွန်မ မသိတာတွေ အများကြီး ရှိသေးတာ တကယ်ပါပဲ။ တစ်ခါတစ်ရံ ကျွန်မသည် မယုံနိုင်အောင် အ,လှ နုံလှပါသေးသည်။ ကျွန်မဘဝမှာ ဘယ်တော့မှ ရန်သူဆိုတာ ပေါ်လာလိမ့်မယ် မထင်၊ လောကမှာ မလိုအပ်သည့် ကိစ္စများသည် ဘယ်တော့မှ ဖြစ်လာလိမ့်မယ်လည်း မဟုတ်လို့သာ စိတ်ကူးရှိပါသည်။ ရန်သူသည် သူငယ်ချင်းယောင်ဆောင်ကာ ညီအစ်မယောင်ဆောင်ကာ အလွယ်တကူ မသိမြင်နိုင်ဘဲ ကျွန်မထံ ရောက်ရှိဖို့ မဖြစ်နိုင်။ ဒါပေမဲ့ ပြောခဲ့သည့်အတိုင်း ကျွန်မသည် အလွန် အ,တတ်၊ နုံတတ်၊ ယုံတတ်သူ ဖြစ်နေတတ်ပြီး ရန်ကို မတွန်းလှန်တတ်၊ မခုခံတတ်ရုံမက ဆယ်နှစ် ဆယ့်ငါးနှစ်ကြာပြီးမှ "ဪ အဲဒီတုန်းက အဲဒီလိုမကောင်းကြံတာ ခံခဲ့ရပါကလား၊ အဲဒီရန်သူဟာ အေးရဲ့ ဘဝကို လမ်းကြောင်းပြောင်းပစ်ခဲ့တာပါကလား၊ ရန်သူမှန်း နည်းနည်းမှ မရိပ်မိခဲ့ပါကလား"လို့ သိမြင် ရင်နာ ဒေါသဖြစ်ရတော့သည်။

ညီအစ်မ ဆိုသော်လည်း သိပ်ပြီး တွေ့ဆုံခဲ့ဖူးသည် မဟုတ်တော့ ပထမတော့ ခပ်စိမ်းစိမ်းပင်။ နုနုက အသက်လျှော့ထားသဖြင့် ကျွန်မထက် တစ်နှစ် ငယ်နေသေးသည်။ ကျွန်မကတော့ ယုံတတ်သူ၊ ဘယ့်နှယ်လုပ်ပြီး ဆယ့်လေးနှစ်နဲ့ ကောလိပ်ရောက်လာပါလိမ့်လို့ အံ့ဩတော့ နုနုက “အသက်လိမ်ပြောပြီး ဝင်ရတာပေါ့” လို့ ဖြေရှင်းပါသည်။ ကျွန်မကို မမအေးလို့ ခေါ်ခိုင်းရင်တော့ နုနုသည် စိတ်မလုံဖြစ်ကာ"အို... နုနဲ့အေးပေါ့၊ ရွယ်တူ သူငယ်ချင်းပေါ့"လို့ ပြောသည်။ ကျွန်မ သူ့ကို ကိုယ့်ထက် ငယ်သူလို့ သည်းခံချင်စိတ် ထားခဲ့သည်။ သူက နှုတ်ချိုချင်ရင် သိပ်ချိုတတ်၊ စကားပြောကောင်း၊ သွက်လက်သူ၊ လောက လူမှုရေးရာ သိတတ်သူ၊ စာမဖတ်၊ ပန်းချီမဆွဲသော်လည်း သီချင်းတော့ ဆိုတတ်သူ၊ ကလည်း ကတတ်သူ၊ လှလှပပ ဝတ်စား ပြင်ဆင်တတ်သူ၊ အင်းလျားမှာ အသိမိတ်ဆွေများစွာ ချက်ချင်းဖြစ်ပြီး အခန်းတကာ တစ်ညနေလုံး လျှောက်လည် စကားများတတ်သူ၊
စာမကျက်ချင်ဘဲ အလွယ်ဆုံး ဘာသာရပ်ကို ယူသူ၊ ကျွန်မနှင့် သိပ်တွဲဖက်မိဖို့မရှိ။

မှတ်မိသေးသည်မှာ အင်းလျားရောက်ကတည်းက ကျွန်မ အိပ်လို့မရ၊ ဘာတွေ ကိုက်မှန်းလည်း မသိ၊ သိပ်ယား နာတာပဲလို့ ပြောမိတော့ နုနုက လာပြီး ကျွန်မ ခုတင်ကို ကြည့်ပြီး “ဪ... ဖြစ်မှဖြစ်ရတယ်၊ အိပ်ရာမခင်းခင် ခုတင်ကို လှဲကျင်း ဖုန်သုတ်ရတယ် အေးရဲ့ ” လို့ ဆိုပါသည်။ အင်းလျားဆောင်မှာ ပေးသော ခုတင်များမှာ ဝါးကြမ်းခင်းလေ့ရှိရာ အိပ်ပျော်ရင်း လူးလွန့်လျှင် တချပ်ချပ် မြည်တတ်သေးသည်။ နုနုက တံမြက်စည်းတစ်ခု ရှာဖွေ ယူလာပြီး ကျွန်မ ခုတင်ကို ရှင်းလင်း သုတ်သင်ပေးပါသည်။ ကိုက်တတ်သောပိုးကောင်များ ရှင်းသွားပြီး ထိုညမှစပြီး ကျွန်မ ကောင်းစွာ ကျေးဇူးတင်စွာ အိပ်ရပါသည်။ နုနုက သိပ်စိတ်ကောင်း စေတနာကောင်းသူ၊ ကျွန်မကို ကူညီချင်သူ၊ သူငယ်ချင်းကောင်းဖြစ်မည့်သူလို့ ယုံကြည်လိုက်ပါသည်။ နုနုက ချက်ပြုတ်တတ်သူ၊ စားကောင်းသောက်ကောင်း ရှာဖွေတတ်သူ၊ အိမ်သိမ်းတတ်သူလည်း ဖြစ်သေးသည်။ ကြမ်းပြင်ကို ပေါ်လစ်သုတ်ပြီး ဖိနပ်မစီးရလို့ တားမြစ်ပါသည်။ ကျွန်မက ဂရုမပြုဘဲ ဖိနပ်မချွတ်တော့ သူ လက်လျှော့သွားပါသည်။ ကျွန်မ စကားများများ မပြောတတ်၊ စာဖတ်နေရုံသာ နေတတ်လျှင် နုနု ပျင်းလာပြီး အခန်းလည်ထွက်လေ့ရှိသည်။

ညနေ ခြောက်နာရီထိုးလျှင်တော့ အင်းလျားဆောင် ဧည့်ခန်းမှာ လူပြည့်နေတတ်သည့်အတွင်းမှာ ကျွန်မ အပါအဝင် ဖြစ်သည်။ နုနုမှာလည်း သူ့မော်လမြိုင်က မိတ်ဆွေများ လာလည်ကို ဧည့်ခံလို့မဆုံး၊ ကျွန်မမိတ်ဆွေကတော့ ကိုနှင်းနွယ်တစ်ယောက်တည်းပင်။

ပြီးတော့ ကိုနှင်းနွယ်သည် ညနေတိုင်း မှန်မှန်လာခဲ့တော့သည်။ တစ်ခါတစ်ရံ သူ့အဆောင်မှ မိတ်ဆွေ တစ်ယောက်နှစ်ယောက် ခေါ်လာတတ်သည်။ အများအားဖြင့်တော့ ကျွန်မနှင့်သူ နှစ်ယောက်တည်းဖြစ်ကာ စကားဦးတည်တာ ဘာမှ အစီအစဉ်မရှိ ပြောတတ်ကြသည်။ တစ်ယောက်နှင့်တစ်ယောက် စာအုပ်လဲလှယ် ဖတ်ထားသည်ကို ဆွေးနွေးတတ်သည်။ သူက ခဲနှင့်ဆွဲသော ရုပ်ပုံများစွာ ယူလာပြီး ပြတတ်သည်။ အများအားဖြင့် သူ့အင်းဝဆောင်မှ လူငယ်တို့၏ခေါင်းပုံများ၊ မျက်နှာများ ဖြစ်သည်။ ဘယ်တုန်းက ကူးယူလိုက်မှန်း မသိသော ကျွန်မရဲ့ မျက်နှာတစ်ခြမ်းပုံ၊ ဆံပင်ရှည် လေလွင့်ဟန်၊ ငေးမောနေဟန်၊ စာအုပ်ဖတ်နေဟန် စသည်တို့ကို ပြပြီး ကျွန်မ အံ့အားသင့်သည်ကို သူက သဘောကျ ရယ်မောတတ်သေးသည်။

“သူ သိပ်တော်တာပဲ၊ ပန်းချီဆရာ ဖြစ်မယ့်လူပဲ” လို့ ကျွန်မက ချီးကျူးလျှင် သူ ပွင့်လင်းစွာ ကျေနပ်ဝမ်းသာတတ်ပါသည်။

"နိုင်ငံခြား ပန်းချီကျောင်းတစ်ခုမှာ သွားတက်ချင်တယ်” လို့လည်း ညည်းညူတတ်သည်။

“သွားပါလား၊ သွားချင်ရင်"

“ပိုက်ဆံမတတ်နိုင်ဘူး”

“အေးက ပို့ပေးမှာပေါ့” လို့ ကျွန်မက အတည်လိုလို နောက်ပြောင်သလို ပြောလျှင် “အေး ချမ်းသာမှန်း သိပါတယ်၊ ကျွန်တော်လည်း သိပ်သွားချင်တာပဲ၊ ဒါပေမဲ့ အဖေကလည်း နောက်မိန်းမနဲ့ ကလေးငယ်လေးတွေ နှစ်ယောက်နဲ့ ကျွန်တော် သူ့ကို ဒုက္ခပေးရမှာ သိပ်အားနာတာပဲ” ဆိုပါသည်။

“သူ့မေမေက ဘယ်မှာလဲ”

“ဆုံးသွားပြီ၊ အမေမသေခင် ကျွန်တော့်ကို အဖေ မသိအောင် ပေးခဲ့တဲ့ လက်ဝတ်လက်စားတွေ အဖေတောင်းတော့ ပေးလိုက်တယ်၊ ကျွန်တော့်လက်ထဲ ဘာမှမရှိတော့ဘူး၊ အမေ့နာမည်နဲ့ ကလောမှာ အိမ်ကလေးတစ်လုံး ရှိတာတော့ ကျွန်တော် မိန်းမယူရင် လက်ဖွဲ့ အဖြစ်ရမယ်ဆိုတယ်၊ မိန်းမ မြန်မြန်ယူပြီး အိမ်ရတော့ ရောင်းပြီး ပဲရစ်ကို သွားမှ ထင်ပါရဲ့”

“မိန်းမကို ပစ်ထားခဲ့မယ်...” လို့ ကျွန်မ အံ့ဩလျှင် သူက ပြုံးရုံပြုံးသည်။ အဲဒီကတည်းက ကျွန်မ စိတ်ကူးထားသည်မှာလည်း ဆေးကျောင်းပြီးရင် အလုပ်မဝင်သေးဘဲ ခြံမြေတစ်ဝက်ရောင်းပြီး အင်္ဂလန် စာသင်သွားဖို့ပင်။

“အေးလည်း ဒီလိုပဲ” ဟု သူ့ကို ပြောပြလိုက်ပါသည်။

“အေးက ဆေးကျောင်းပြီးဖို့ရာ ခုနစ်နှစ်တောင် လိုတာနော်၊ အကြာကြီးပဲ၊ ကျွန်တော်ကတော့ ဒီဂရီရအောင် လေးနှစ်တောင် ဒီမှာ မနေချင်တော့ဘူး၊ ဒီဂရီရတော့ ဘာလုပ်မှာလဲ”

ကျွန်မတို့ ဘာမှ မပြောတတ်ဘဲ တိတ်ဆိတ်နေ၏။

“ကျွန်တော် အခု အလုပ်ထွက်လုပ်ရင် အောက်တန်းစာရေးတော့ ဖြစ်မှာပဲ၊ တစ်လ တစ်ရာကျော် ရတယ်ဆိုလား”

“ဘာကိစ္စလဲ” လို့မေးတော့“မသိဘူးလေ၊ မိန်းမ လုပ်ကျွေးရအောင် ထင်ပါရဲ့” ကျွန်မတို့ ရယ်ကြသည်။

“အေး ပဲရစ်ကို မသွားချင်ဘူးလား” လို့ သူက ပြုံးပြီးမေးတော့

“လန်ဒန်နဲ့ နီးနီးလေးပဲ” လို့သာ ကျွန်မ ပြောနိုင်သည်။

“လမင်းနဲ့ ခြောက်ပဲနိ ဆိုတဲ့ဝတ္ထု ဖတ်ရတယ် မဟုတ်လား၊ အဲဒါ ဂိုဂင်ရဲ့ ဘဝကို တစ်မျိုးပြန်ရေးထားတာလေ၊ အဲဒီလူဟာ သူစုံမက်တဲ့ အလုပ်တစ်ခုကို လုပ်ချင်တာနဲ့ လက်ရှိဘဝကို ပစ်ပြီး စွန့်ထွက်သွားတာ၊ သိပ်အံ့သြဖို့ ကောင်းတာပဲ၊ ကျွန်တော့်မှာ အဲဒီလောက် သတ္တိမရှိပါဘူး”

“သူ့အသက် ဆယ့်ငါး ခြောက်နှစ်မှာ ဒီလိုသတ္တိမျိုး ဘယ်ရှိနိုင်မလဲ” ဟု ကျွန်မက ပြောလျှင် သူက အလွန်တည်ကြည်စွာ မျက်လုံးများတော့ စူးရှ ပြောင်လက်လာပြီး...

“အသက်က အရေးမကြီးပါဘူး၊ ကျွန်တော် တစ်ခါမှ ဆယ့်ငါးနှစ် ရှိသေးတယ်၊ ဆယ့်ခြောက်နှစ် ရှိသေးတယ်လို့ သတိမရတတ်ပါဘူး၊ အမေ ဆုံးသွားကတည်းက လူကြီးဖြစ်လာတယ် ထင်တာပဲ၊ အမေက ကျွန်တော့်လက်ပေါ်မှာ အသက်ရှူရခက်ပြီး မောနေတာ အကြာကြီးပဲ၊ အမေ ကျွန်တော့်ကို သိပ်ချစ်တာပဲ၊ ကျွန်တော် မိတဆိုးဖြစ်မှာ သိပ်ကြောက်တယ်တဲ့၊ မသေဘဲ ဆက်နေရအောင်လည်း မလုပ်တတ်ဘူးတဲ့၊ အဖေက နောက်မိန်းမ မြန်မြန်ယူတတ်တဲ့ လူမျိုးတဲ့၊ အမေနဲ့အဖေက သိပ်မတည့်ဘူး၊ စကားတောင် အကြာကြီး မပြောဘဲ နေတတ်ကြတယ်။ သား မဆင်းရဲအောင် အမေက သူ့ လက်ဝတ်လက်စားတွေ ပေးခဲ့တယ်၊ အဖေ မသိစေနဲ့တဲ့”

ကျွန်မသည် ကိုနှင်းနွယ်အတွက် တိတ်ဆိတ်စွာ ငိုခဲ့သည်။ မျက်ရည်များကို ကျွန်မ မသုတ်ဘဲ မျက်နှာ တစ်ဖက် လှည့်ထားလိုက်ပါသည်။ သူသိသွားမှာ စိုးလှသည်။

“အမေ့စိန်လက်ကောက်တစ်ရံလောက် ပြန်ရရင် ရောင်းပြီး ပဲရစ်သွားချင်ပါတယ်”

"ပြီးတော့ ဂိုဂင်လို ဆင်းရဲငတ်ပြတ် ရူးသွပ် ဖြစ်လည်း ဖြစ်စေ၊ ပန်းချီကောင်းကောင်း ဆွဲမယ်ပေါ့”

သူက ခြောက်သွေ့သော ရယ်မောခြင်းဖြင့်

“ပန်းချီကောင်း ဆွဲဖို့ရာ ငတ်ပြတ် ရူးသွပ်မှ မဟုတ်ပါဘူး အေးရယ်၊ ခေတ်တွေ ပြောင်းလဲသလိုပဲ လူ့ဘဝပုံစံတွေလည်း ပြောင်းလဲနေမှာပဲ၊ ပီကာဆိုကို ကြည့်ပါဦး ဘယ်လောက် ချမ်းသာနေပြီလဲ”

ကိုနှင်းနွယ်သည် သူ့အဖေရှိရာ မန္တလေးသို့ တက်သွားတတ်သည်။ ရှေးမြန်မာပန်းချီကားတွေ ရှာဖွေဖို့တဲ့။ စစ်ကိုင်း၊ ပုဂံ စသည်ကိုလည်း သူ သွားတတ်ပြန်သည်။ အောက် ပုဇွန်တောင်မှ ပန်းချီဆရာကြီး ဦးရွှေလှိုင် ခရီးလှည့်ရာ ပါသွားတတ်ပြန်သည်။ ကျောင်းရောက်သော ပထမနှစ်ကတည်းက သူ ကျောင်း မှန်မှန် မတက်ဖြစ်ပါ။

“အေးလူက ဘယ်လိုလဲ” ဟု နုနုက မေးမြန်းတတ်ပါသည်။

“ဘာ အေးလူလဲ” လို့ ကျွန်မက မေးပြန်လျှင်

“ပန်းချီဆရာ နှင်းနွယ်လေ၊ သူ့လက်ရာတွေ မဂ္ဂဇင်းတွေထဲ ခဏခဏ ပါနေတာလေ၊ ငယ်ငယ်ကလေးနဲ့ အတော်လူသိများနေပြီ”

“ဪ. . . နုနုက ဒါတွေ စိတ်ဝင်စားသားပဲ” ဟု ကျွန်မ ပြောမိလျှင်

“အင်းလျားတစ်ဆောင်လုံး သိတာပဲ၊ အေးရဲ့ လူက ပန်းချီဆရာ နှင်းနွယ်၊ ကျောင်း ဘယ်တော့မှမတက်လို့ ဆရာတွေ ခဏခဏ အပွက်ခံရတဲ့သူ၊ ဘယ်တော့မှ ကြီးပွားမယ့်သူ မဟုတ်ဆိုတာ နာမည်တော့ အတော်ကြီးလာသား”

“အေးရဲ့ မိတ်ဆွေပါ”

နနုက ပြုံးတစ်ဝက်၊ မဲ့တစ်ဝက်နဲ့ “အေးရဲ့ မိတ်ဆွေက တစ်ခါတစ်ခါ ပျောက်သွားပေမဲ့ လာတဲ့အခါ ညနေတိုင်း လာနေတာ ဘာတွေများ ပြောစရာ ရှာတွေ့နိုင်ကြပါလိမ့်၊ ညနေတိုင်း သုံးလေးနာရီ ဆက်တိုက် ဧည့်ခန်း တံခါးပိတ်တောင် မပြန်ချင်သေးသလိုပဲ၊ တော်တော်ခင်တဲ့ မိတ်ဆွေနော်”

“တော်တော်ခင်ပါတယ်” လို့သာ ကျွန်မ ဝန်ခံလျှင်

"ချစ်လိုက်တာ၊ ကြိုက်လိုက်တာလို့ တစ်ခါမှ မပြောကြဘူးနော်”

ကျွန်မ အတော်စိတ်ဆိုးသွားပါသည်။ ကျွန်မသည် ငယ်ရွယ်ရုံမက နုနုပြောဆိုပုံကို သေးသိမ်သည်လည်း ထင်လေတော့ စိတ်မချုပ်တည်းချင်ဘဲ ဒေါသထွက်ချင်တိုင်း ထွက်လိုက်ပါသည်။

"ဒီမှာနုနု၊ သူနဲ့ အေးဟာ အင်မတန်ကောင်းတဲ့ မိတ်ဆွေတွေ၊ အဲဒါဟာ အရေးကြီးဆုံးပဲ။ သူ့စိတ်ကူးတွေ၊ သူ မျှော်မှန်းတာတွေ၊ သူ ကြိုးစားတာတွေကို အေး ရိုသေတယ်၊ ယုံကြည်တယ်၊ အားပေးမယ်၊ သူ့ကို နုနုရဲ့ တန်ဖိုးဖြတ်နည်းမျိုးနဲ့ အေး တန်ဖိုးမဖြတ်ဘူး”

နုနုက နားမလည်နိုင်။ “နုနုက ဘယ်လို တန်ဖိုးဖြတ်လို့လဲ၊ အေးကကော ဘယ်နည်းဘယ်ပုံနဲ့ တန်ဖိုးတစ်မျိုး ဖြတ်နိုင်မှာလဲ၊ ပြောပါဦး၊ ခုကြည့်လေ ကောလိပ်ရောက်လာတယ်၊ ပညာကြိုးစားရမယ်၊ ဒီဂရီရရင် ကြီးပွားတဲ့ အလုပ်ကို ရှာရမယ်၊ ကိုယ်ပိုင်အလုပ် လုပ်မလား၊ အရာရှိ လုပ်မလား၊ အိမ်ထောင်ပြုရင် သားမယားကို ဘယ်လိုအခြေမျိုးမှာ ထားနိုင်မလဲ၊ အဲဒါ လူတိုင်း နားလည်တဲ့ တန်ဖိုးဖြတ်နည်း တစ်ခုတည်းသောနည်း မဟုတ်ဘူးလား။ အေးတို့ရဲ့ ပုံစံအတိုင်း စာသံပေသံနဲ့ ပြောရရင်..."

ကျွန်မ စိတ်တွင်းမှ ပြောသည်မှာတော့ နုနုဟာ သူကိုယ်တိုင်တော့ ပညာသင်ချင်သူ မဟုတ်ဘူး၊ ကောလိပ်ကို အခွင့်အရေးကောင်း ရှာဖို့ ရောက်လာတာ၊ သူ့အကြံက အရာရှိကတော်၊ သူဌေးကတော် စသဖြင့် ဖြစ်ဖို့ပဲ။

ကျွန်မက “ကိုနှင်းနွယ်ဟာ ဘယ်တော့မှ အရာရှိဖြစ်မယ့်လူ မဟုတ်ဘူး။ ဘီအေ၊ ဘီအက်စ်စီ အောင်ပြီး ကိုယ်ပိုင်အလုပ် လုပ်စားမယ့်လူလည်း မဟုတ်ဘူး၊ သူ့မှာ စိတ်ကူးတစ်မျိုးရှိတယ်၊ သိပ်ကြီးမားတဲ့ အင်အားတစ်ရပ် ရှိတယ်၊ အဲဒီအင်အား ဆွဲဆောင်ရာကို သူ ဝမ်းသာအားရ လိုက်မှာပဲ၊ သူ ပန်းချီပဲ ဆွဲချင်တယ်”

“အဲဒါ ပြောတာပေါ့” ဟု နုနုက အားရပါးရ ထောက်ခံပါသည်။ “သူ ဘယ်တော့မှ ချမ်းသာမယ့်သူ မဟုတ်ဘူး၊ သူ့ယူမယ့် မိန်းမတော့ သနားလိုက်ပါသေးရဲ့”

ကျွန်မက ဘာမှမပြောဘဲ နေလိုက်လျှင် နုနုက တစ်ဖန် ဆက်ပြန်သည်။

“တို့ ကောလိပ်ရောက်လာတာ နှစ်ဝက်တောင် ရှိတော့မယ်၊ အချိန်ကလည်း အကုန်မြန်လိုက်တာ၊ ပါတီတောင် စုံအောင် မတက်ရသေးဘူး၊ မိတ်ဆွေ သူငယ်ချင်း အများကြီး ဖြစ်တယ်၊ အေးက ဆေးကျောင်းသွားမယ့် သူငယ်ချင်းပဲ တွေ့တာ၊ နုက ပါတီမျိုးစုံမှာ လူမျိုးစုံ တွေ့ရတယ်။ ဘယ်သူဟာ ဘယ်သူ့ သားသမီးဖြစ်ပြီး ဘယ်လို အခြေရောက်နိုင်တယ်၊ ကြီးပွားနိုင်တယ်ဆိုတာ ခုကတည်းက သိနိုင်တာပဲ၊ ဥပမာ ဆိုပါတော့....”

နုနုသည် ကျွန်မတို့ လေးဆယ့်ခြောက်ခုနစ် ကျောင်းသူ ကျောင်းသားများတွင် ဘယ်သူချမ်းသာ၍ ဘယ်သူ???ကြီး ရနိုင်မည် ဆိုတာတွေ စေ့စေ့ငုငု သိထားသမျှ ခပ်ပြောင်ပြောင်ပင် တရားပြပါလေသည်။ မှတ်တမ်းစာအုပ်နှင့် အပြည့်ရေးချ၊ အလွတ်ကျက် မှတ်သားထားသည် ထင်ရသည်။ ရန်ကုန်အထက်တန်းလွှာ လူစားမျိုးသာ နုနုအဖို့ စိတ်ဝင်စားစရာ ဖြစ်မည်။ နုနုကို ဆန်စက်သူဌေးသမီးလို့ လူငယ်များ စိတ်ဝင်စားကြကြောင်းလည်း ပြောပြပေသည်။

“ပြီးတော့ အေး. . . နု စေတနာ တကယ်ရှိလို့ ပြောတာ၊ အေးကို ညှိုးငယ်တယ်လို့ ဘယ်သူမှ မထင်စေချင်ဘူး၊ အေး ကိုယ်ပိုင်ကားနဲ့ ကျောင်းလာနေတာ လူများကို ခဏခဏ သတိပေးရတယ်၊ အေးက ဝတ်ကောင်းစားလှလည်း ရှိပါရက်နဲ့ မဝတ်ဘူး၊ ဘာကြောင့်လဲ။ စိန်ရွှေရတနာလည်း ဒေါ်ကြီးနဲ့ ထားခဲ့တယ်ဆို၊ အနည်းဆုံး ပါတီသွားရင် ဝတ်ဖို့ကောင်းတာပေါ့။ ပြီးတော့ ပါတီလည်း သိပ်မသွားဘူး။ နုတော့ ရှင်းရှင်းပဲ၊ ပါတီမှာ လူတွေနဲ့ တွေ့ရတာ သိပ်ပျော်တာပဲ၊ ကွန်ဗင့်နဲ့ ဘရာသာစကူးကျောင်းထွက်တွေနဲ့ ကပွဲတောင် တက်ချင်သေးတယ်၊ ဖေဖေ ကြားသွားပြီး ဆူမှာစိုးလို့သာ၊ ဖေဖေက စိတ်မထင်ရင် မော်လမြိုင် ပြန်ခေါ်မှာ၊ ဖေဖေက မြန်မာဆန်ချင်ရင် သိပ်ဆန်တာ၊ ကပွဲတက်တာ မကြိုက်ဘူး”

ကျွန်မက နုနုကို ငေးမောပြီး ကြည့်နေလိုက်ဆဲ နုနုသည် ဆက်လက် စကားများနေသည်။ နုနုသည် အမှန် အသက် နှစ်ဆယ့်နှစ်နှစ် ပြည့်လုပြီဆိုတာ သိခဲ့ရပြီ။ သူ့အဖို့ လူ့ဘဝမှာ ခြေသွက်လက်သွက်ရှိမှ “ကြီးပွား” နိုင်မည်ဆိုတော့ ကောလိပ်မှစ၍ ခြေသွက်ရပေတော့မည်။ အိမ်ထောင်ကျ၊ အလုပ်မလုပ်၊ ကလေးတစ်ယောက် နှစ်ယောက်မွေး၊ အိမ်ကြီး ခြံကြီး ကားကြီးနှင့် စိန်ရွှေနဲ့ ပါတီပွဲမျိုးစုံနှင့် အချိန်ကုန်ပြီး သူ့အဖို့ ပြည့်စုံပြီ ဆိုသောဘဝကို သူရှာရမည်။ ခက်ခဲမည်လည်း မဟုတ်ပါ။ နုနုသည် ကျွန်မမျက်စိထဲ လှပသူ မဟုတ်သော်လည်း သူ့ကိုယ်သူ လှတယ်ထင်ခြင်းက သူ့ကို ရဲရင့်စေသည်။ အထောက်အပံ့ ပေးလိမ့်မည်။ သူ့မှာ ဖောင်းကြွသော ရင်သားများ ရှိတာကလည်း အရေးကြီးပြီး ယောက်ျားတို့စွဲမက်သော ကိစ္စတစ်ရပ်ဖြစ်တာ အမှန်ပဲ၊ အဖိုးတန် ပုံကျသော ဘော်လီမှ ဝတ်ရမည်။ နုနုသည် သူ့ရင်သားများအတွက် အလွန်မာနမြင့်မောက်လေသည်။ နုနုအဖို့ ဘာမှ ပူစရာမရှိ၊ မိဘအင်အားနှင့်ပင် “အောင်မြင်" "ကြီးပွား” နိုင်ပါသည်။

ဘယ်သူမှ နုနုကို ကောလိပ်က ထွက်ပြီး ယောက်ျားနောက် လိုက်ပြေးလိမ့်မယ်လို့ မထင်ခဲ့။ အထူးသဖြင့် ပန်းချီဆရာ နှင်းနွယ်လို လူ့အပြင်ကလူမျိုးနှင့် ထွက်ပြေးမယ်လို့ မထင်နိုင်။ အေးကို နုနုပဲ အထပ်ထပ် ပြောခဲ့သည်။ သူဟာ ဘယ်တော့မှ ကြီးပွားမယ့်သူ မဟုတ်ဘူး၊ သားမယားကို ထမင်းတောင် ဝအောင်ကျွေးနိုင်မယ့်သူ မဟုတ်ဘူး။ အေးနဲ့သူ တကယ် ကြိုက်မနေကြပါဘူးနော် လို့တော့ နုနု ခဏခဏမေးမြဲပင်။

အေးကလည်း ခေါင်းမာစွာပင် “ကိုနှင်းနွယ်ဟာ အင်မတန်ခင်တဲ့ သဘောထားချင်းတူတဲ့ မိတ်ဆွေပါ” လို့ ပြောခဲ့သည်။ အမှန်ပြောခဲ့တယ်လည်း ထင်ပါသည်။

သတိရသည်မှာ ကိုနှင်းနွယ် အေးကို စူးရှပြောင်လက်သော မျက်လုံးများနှင့် ကြာရှည်ကြည့်မောလျှင် သူ့နဖူးပေါ် ဝဲကျလေ့ရှိတဲ့ ဆံပင်ခွေကို စိတ်ဝင်စားလိုက်သည်။ သူဟာ တော်တော်ကြည့်ကောင်းတဲ့လူပါပဲ။ ပေါ်လွင် ချွန်မြတဲ့ နှာတံနဲ့၊ ပိရိပြတ်သားတဲ့ နှုတ်ခမ်းနဲ့၊ အဓိပ္ပာယ်ရှိတဲ့မျက်လုံးများနဲ့၊ ပုံပန်းကျတဲ့မျက်နှာနဲ့ အရပ်လည်းရှည်၊ ပခုံးလည်းကျယ်၊ ဟား... ဟား လူချောပဲ၊ သူ အေးကို ချစ်သလားလို့ ကျွန်မက စတင် မေးရမှာလားလို့ တွေးတတ်သည်။

“အေး ပဲရစ် မသွားချင်ဘူးလား” ဆိုတာကတော့ ကျွန်မတို့နှစ်ယောက်ရဲ့ လျှို့ဝှက်သော ပြက်လုံးကလေးပင်။

“လန်ဒန်နဲ့ အနီးကလေးပဲ” ဆိုတာကလည်း အေးရဲ့အဖြေ။

ကျွန်မနှင့် ကိုနှင်းနွယ်တို့ ပိုမိုရင်းနှီးလာပြီး လမ်းလျှောက်ထွက်ကြ၊ ရုပ်ရှင်ကြည့်ကြ၊ ကားမောင်းထွက်ကြရင်တော့ နုနုသည် တော်တော်စိုးရိမ်လာဟန် ပြသည်။

“နုနု ကြားဝင်ဖြတ်တယ် မထင်ပါနဲ့ အေးရယ်၊ ညီအစ်မ သူငယ်ချင်းမို့ ကောင်းစားစေချင်၊ မဆင်းရဲစေချင်လို့ ပြောတာပါ။ သူ့ကိုယူရင် အေး ဒုက္ခရောက်မှာ”

“သူနဲ့အေးနဲ့ ယူမယ်လို့ ဘယ်သူက ပြောလို့လဲ”

“အေးတို့ ကြိုက်နေတာ မဟုတ်ဘူးလား”

“အေးတို့ ချစ်နေကြသလားလို့ တစ်ခါမှ မဆွေးနွေးဖူးဘူး” ဟု ကျွန်မက ပြုံးပြီး ပြောလိုက်ကာ ပိုပြီး ပြုံးရယ်လိုက်သည်။

“အေးကို ချစ်တယ်လို့ မပြောဘူးလား”

“ဟင့်အင်း”

“ဒါဖြင့် ဘာလို့ နာမည်ပျက်ခံပြီး သူနဲ့ ထွက်နေရတာလဲ”

ကျွန်မသည် နုနုကို စိတ်ထား နုံညံ့သူလည်း ထင်လိုက်ကာ ဒီလိုထင်ရခြင်းအတွက် ကိုယ်ပါ နိမ့်ကျသွားသလိုဖြစ်ကာ စိတ်မချမ်းသာဖြစ်မိသည်။ အင်မတန်ပျော်စရာကောင်းတဲ့ တစ်နည်းအားဖြင့် ဖြူစင်ကြည်လင်တဲ့ သူနဲ့ အေးတို့ရဲ့ တွယ်တာဆက်ဆံခြင်းကို ဘယ်လိုစကားပုံစံမျိုးဖြင့် စွန်းထင်း ညစ်ပေစေပါလိမ့်။

“သူ တစ်ခါမှ အေးကို မထိဖူးဘူးလား၊ မဖက်ဘူးလား၊ မနမ်းဘူးလား”

ကျွန်မသည် မေးသမျှကို ဖြေရမည်လို့သာ ထင်မိခဲ့ကာ “နုနုနဲ့ ဘာဆိုင်လဲ” လို့ ပြန်မပြောတတ်နိုင်ဘဲ...“ဟင့်အင်း” ဟုသာ ဆိုမိသည်။

“ရုပ်ရှင်ရုံထဲမှာလေ၊ မှောင်လည်းမှောင်၊ ရုပ်ရှင်မင်းသမီး မင်းသားတွေကလည်း..."

“ အေးရဲ့ ပခုံးကို ခေါင်းမှီပြီးတော့တော့ နေတတ်တယ်”

နုနုက သက်ပြင်းချလိုက်ပြီး "သည်လူ မယုံရဘူး၊ အားမကိုးရဘူး” ဟု ဆိုပါသည်။

ဆက်ရန်
----------------------------
#ကြည်အေး

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)