လှည်းသမား

#လှည်းသမား

လှည်းသမားတို့သည် လင်္ကာဆရာများနှင့် အတူတူပင် ဖြစ်လေသည်။ ဤသို့ဆိုလျှင် လင်္ကာဆရာများက ကြိုက်ကြမည် မဟုတ်ပေ။ မျက်စောင်းထိုးကြပေလိမ့်မည်။ မေးငေါ့ကြပေလိမ့်မည်။ အမနာပစကား ရေးသားကြပေလိမ့်မည်။ သို့သော် ရှင်းပါရစေဦး။ လှည်းသမားတိုင်း လင်္ကာမဖွဲ့တတ်သော်လည်း လင်္ကာဆရာတိုင်းလည်း လှည်းမောင်းတတ်မည် မဟုတ်ပေ။ ထိုကြောင့် မိမိတို့အား လှည်းသမားများနှင့် နှိုင်းရမလား ဟူ၍ လင်္ကာဆရာများ ဒေါမဖောင်းကြရာ။

အများအားဖြင့် လင်္ကာဖြစ်ရုံလောက် ရေးသား စပ်ဆိုတတ်ကြသော်လည်း လင်္ကာကောင်းဖြစ်ရန် ဖွဲ့ဆိုတတ်သူကား ရှာမှရှားသကဲ့သို့ တောသားတိုင်းလိုလိုပင် လှည်းမောင်းတတ်ကြသော်လည်း တကဲ့ကို ကျကျနန လှည်းမောင်းတတ်သူကား ရှာမှ ရှားလှပေသည်။ လင်္ကာရေးစပ်တတ်သူတိုင်းကို လင်္ကာဆရာဟု မခေါ်နိုင်သကဲ့သို့ လှည်းမောင်းတတ်သူတိုင်းကိုလည်း လှည်းဆရာ ဟူ၍ မခေါ်နိုင်ပေ။ မွေးကတည်းက ဗီဇပါလာသူမှသာလျှင် လင်္ကာဆရာကျော် ဖြစ်နိုင်သကဲ့သို့ မွေးကတည်းက ဗီဇပါလာသူမှသာလျှင် လှည်းဆရာကျော် ဖြစ်နိုင်လေသည်။ ဤကို ထောက်ခြင်းအားဖြင့် လင်္ကာဆရာကျော် အခေါ်ခံရရန် မလွယ်ကူသကဲ့သို့ လှည်းဆရာကျော် အခေါ်ခံရရန်လည်း လွယ်ကူသည် မဟုတ်ဟု ဆိုနိုင်လေသည်။

လင်္ကာဆရာကျော်သည် စိတ်ကူးအခက်အခဲများ၊ စကားအခက်အခဲများကို လိမ်မာစွာ အသုံးပြုတတ်သောကြောင့် သူ့ဖွဲ့ထားသော လင်္ကာတို့ကို ဖတ်လိုက်ရလျှင် စာဖတ်သူမှာ တမျိုး စည်းစိမ်တိုးလေသည်။ လှည်းဆရာကျော်မှာလည်း အလွန်ကြမ်းတမ်း၍ ချိုင့်ဝှမ်းကမ်းပါးများထူထပ်လှသော လမ်းပေါ်တွင် မိမိ၏လှည်းကို လိမ်မာစွာ မောင်းတတ်သောကြောင့် လှည်းပေါ်တွင် ပါလာသောသူအား တမျိုးစည်းစိမ် တိုးစေလေသည်။ ကြမ်းတမ်း၍ ချိုင့်ဝှမ်းပေါသော လမ်းတွင် ဖြစ်စေကာမူ လှည်းဆရာကျော် တက်၍မောင်းလိုက်သော် မြေပြင်လမ်းကောင်းတွင် ခရီးသွားရသကဲ့သို့ ထင်မှတ်ရပေ၏။ လှည်းဦးပေါ့လျှင် ရှေ့သို့ တိုးပေးတန်ပေး၊ လှည်းဦး လေးလာပြန်လျှင်လည်း နောက်သို့ ဆုတ်တန်ဆုတ်၊ တောင်တက်ပြန်လျှင် တမျိုး၊ တောင်ဆင်းကျပြန်လျှင် တခြား၊ ချိုင့်နားသို့ရောက်ပြန်လျှင် တလီ။ ဗွက်သို့ ရောက်ပြန်သော် တမျိုးနှင့် အမျိုးမျိုးမောင်းတတ်သော လှည်းဆရာအား မည်သူ မချီးမွမ်းဘဲ နေနိုင်ပါအံ့နည်း။

လှည်းဆရာသည် လှည်းမောင်းရာတွင်သာ လင်္ကာဆရာနှင့်တူသည်မဟုတ်။ စကားအသုံးပြုသော နေရာတွင်လည်း များစွာတူလေသည်။ လင်္ကာဆရာ၏ဝါသနာ၊ လင်္ကာဆရာ၏အလေ့အထ၊ လင်္ကာဆရာ၏သဘောထားတို့မှာ သူ၏ လင်္ကာများတွင် ထင်လင်းစွာ ပေါ်နေသကဲ့သို့ လှည်းဆရာကျော် တစုံတယောက်၏သဘောထား၊ အလေ့ဝါသနာ၊ အမူအရာတို့မှာလည်း ထိုလှည်းဆရာ လှည်းမောင်းရာတွင် အသုံးပြုသောစကားတို့တွင် ထင်ပေါ်လျက်နေလေ တော့၏။ အချို့သောလှည်းဆရာတို့သည် လှည်းမောင်းသောအခါ ရုံ့ရင်းကြမ်းတမ်းသော စကားတို့ကိုသာ အသုံးပြုလေ့ရှိကြကုန်၏။ မိမိတို့လှည်းပေါ်တွင် မည်သူမည်ဝါ ပါလာသည်ကို အမှုမထားမိကြချေ။ လှည်းပေါ်တွင် ဘုန်းကြီးပင်ပါလာစေကာ၊ အပျိုအရွယ်မိန်းကလေးများပင် ပါစေကာ၊ မိမိထက် ဂုဏ်ကြီးသောသူပင် ပါစေကာ ဆင်ခြင်ခြင်းမရှိ၊ လှည်းပေါ်တက်မိလျှင် ဆဲရေးတိုင်းထွာကာ မောင်းလေတော့၏။ ထိုလှည်းဆရာသည် မိမိမောင်းနှင် နေသော နွားနှစ်ကောင်၌သာလျှင် စိတ်စွဲလမ်းနေသောကြောင့် မိမိ ဆဲဆိုရေရွတ်နေသည်ကို အမှုမထားမိချေ။ လင်္ကာဆရာမှာလည်း ဤနည်းအတူပင် ဖြစ်လေသည်။ မိမိဖွဲ့ဆိုနေသော လင်္ကာတွင်သာလျှင် စိတ်ဝင်စားနေသောကြောင့် မိမိအနီးအနားတွင်ရှိနေသော သူတို့အား ဂရုမစိုက်နိုင်။ မိမိ၏လင်္ကာသည် မည်သူအား ထိခိုက်၍သွားမည်ဟု အမှုမထားနိုင် ဖြစ်လေသည်။

အချို့သော လှည်းဆရာတို့ကား နွားများကို များစွာ ဆဲရေးတိုင်းထွာခြင်း မရှိသော်လည်း အော်ငေါက်ရေရွတ်ကာ အတင်းအဓမ္မ ရိုက်မောင်း ထောင်းမောင်းပြုကာ မောင်းလေ့ရှိကြလေသည်။ ထိုသူတို့ကား ဒေါသကြီးသောသူတို့ ဖြစ်ကြကုန်၏။ လှည်းပေါ်တွင် လိုက်ပါလာသောသူတို့သည် ထိုသို့သောလှည်းဆရာမျိုး၏အကဲကို ချက်ခြင်းခတ်နိုင်ပေ၏။ အချို့သောလှည်းဆရာတို့ကား ယဉ်ကျေး နူးညံ့သောစကားတို့ကို သုံးကာ နွားများကို ချော့မော့၍ မောင်းလေ့ ရှိကြလေသည်။ ထိုသူတို့ကား သိမ်မွေ့နူးညံ့သော စိတ်ထားရှိကြသောသူတို့ပေတည်း။ အချိုကား မလျော့မတင်း စောင်းကြိုးညှင်းသို့ မာသည့်နေရာတွင် မာ၊ နုသည့်နေရာတွင် နုနု ပြောဆိုကာ မောင်းနှင်လေ့ရှိကြလေသည်။ လင်္ကာဆရာများတွင်လည်း ဤနည်းနှင်နှင်ပင်၊ ကြမ်းတမ်းသောစကားတို့ကို သုံးသူလည်းရှိ၊ နူးညံ့သိမ်မွေ့သော စကားတို့ကို သုံးသူတို့လည်း ရှိ၊ မကြမ်းမနု အလယ်အလတ်စကားတို့ကို အသုံးပြုသောသူတို့လည်း ရှိကြလေသည်။

လင်္ကာဆရာကျော်သည် မိမိရောက်ဘူးသော တနေရာရာ၏ရှုမျှော်ခင်းကို လင်္ကာဖတ်သူတို့၏မျက်စိထဲတွင် ကွင်းကွင်းကွက်ကွက် ပေါ်လာအောင် စပ်ဆိုလေ့ရှိပေ၏။ လှည်းဆရာကျော်သည်လည်း လှည်းနောက်သို့ မျက်နှာပြုကာ လိုက်ပါလာသော သူ၏စိတ်ထဲတွင် ကွင်းကွင်းကွက်ကွက်ပေါ်လာအောင် လမ်းအကြောင်းကို လှည်းမောင်းယင်း ထုတ်ဖော်၍သွားလေ့ရှိ၏။ ချောက်သို့ ရောက်လျှင် ချောက်သို့ ရောက်မှန်း သိ၏။ တောင်တက်သို့ ရောက်လျှင် တောင်တက်မှန်း သိ၏။ လှည်းပေါ်တွင် ပါလာသောသူသည် လှည်းဦးကို ကျောခိုင်း၍ထားသော်လည်း လှည်းဆရာစကားကြောင့် လမ်း၏အခင်း၊ လမ်း၏ပုံပန်းကို ထင်းထင်းကြီး စိတ်ထဲတွင် မြင်၍သွားတော့၏။ လှည်းဆရာကျော်နှင့် လင်္ကာဆရာကျော်တို့သည် ရှုမျှော်ခင်းကို သရုပ်ဖော်ရာ၌ အတူတူပင်ဖြစ်တော့၏။ လင်္ကာဆရာ၏ ရှုမျှော်ခင်းကို စာအုပ်ပြုလုပ် ရိုက်နှိပ်ထားသောကြောင့် ကြာရှည်ခံ၏။ လှည်းဆရာကျော်၏ရှုခင်းကိုကား မည်သူတစုံတယောက်မျှ ဂရုစိုက်ကာ ပုံနှိပ်ထားခြင်းမရှိသောကြောင့် ခမျာမှာ ချက်ခြင်းပင် ပျောက်ကွယ်သွားရရှာပေသည်။ သို့ဖြစ်သောကြောင့် လှည်းဆရာကျော်တို့မှာ လင်္ကာဆရာကျော်တိုကဲ့သို့ ကျော်ကြားခြင်းမရှိ၊ ဂုဏ်ကြီးမားခြင်းမရှိ၊ လူအများ၏ချီမွမ်းခြင်းကို မခံကြရပေ။ ဤသို့ မဖြစ်စေရာ။ မှတ်တမ်းတင်ထားထိုက်သော လှည်းဆရာတို့၏စကားများကို မှတ်တမ်းတင်ထားရန် သင့်လှပေသည်။ ကိုင်း မှတ်တမ်းတင်ကြပါစို့။

မုံးမြစ်ကမ်းခြေတွင် တည်ရှိသော မုံညင်းခေါ် ရွာသိမ်ရွာငယ်ကလေးတရွာတွင် လှည်းဆရာကျော် မောင်ဘဆိုသူတယောက်သည် ရှိသတတ်။ တရံခါသော် မောင်လူအေးသည် နယ်လှည့်ထွက်ယင်း ထိုမုံညင်းရွာသို့ ရောက်၍လာ၏။ ထိုရွာတွင် တညဉ့်အိပ်ပြီးနောက် ခြောက်မိုင်ခန့်ဝေးသော မဲဇလီရွာသို့ နံနက်စောစော ခရီးထွက်ရန်ရှိသောကြောင့် မောင်လူအေး စီးရန် မောင်ဘ၏လှည်းကို သူကြီးမင်းက စီမံ၍ပေးလိုက်လေသည်။ မုံညင်းနှင့် မဲဇလီအကြား လှည်းလမ်းကား ကြမ်းတမ်းလှ၏။ မူးမြစ်ကို မကြာမကြာ ဖြတ်ကျော်ရ၏။ မုံမြစ်ကမ်းဘေး ကျောက်တုံး၊ ကျောက်ခဲများအကြားလည်း သွားရ၏။ ရွံ့ဗွက်များကိုလည်း ကျော်ရ၏။ ချောက်ကမ်းပါးများကိုလည်း ဖြတ်ကူးရ၏။ မြေပြင်တွင်လည်း သွားရ၏။ ဖုံထူထပ်သော နေရာ၊ သဲပေါသောနေရာများတွင်လည်း သွားရ၏။ ဤလမ်းဆိုး၊ လမ်းကြမ်းကြီးတလျှောက် မောင်ဘသည် နံနက်စောစော ခြောက်နာရီအချိန်တွင် မိမိ၏နွားဝါနှစ်ကောင်ကသော လှည်းကို မောင်းနှင်လာခဲ့၏။

မောင်လူအေးကား လှည်းဦးကို ကျောခိုင်းကာ ခြေတွဲလွဲချ၍ လိုက်ပါလာ၏။ အတန်ကလေးသွားမိလျှင် မောင်ဘ၏စကားတို့ကို မောင်လူအေး နားထောင်မှန်းမသိ နားထောင်လျက်နေတော့၏။ မောင်ဘ၏ နွားမောင်းပုံကို အောက်တွင် ဖော်ပြလိုက်ပါအံ့။

“ကိုင်း သွားကြ။ ဟေ့ကောင်ကြီး၊ ဘာနှေးနှေး လုပ်နေရတာတုန်း၊ အောင်မယ် စောစောစီးစီး သွားရလို့ ပျင်းနေသလား၊ ကြိမ်လုံးနဲ့ချရ မကောင်းဘဲနေတော့မယ်။ အဲ ဟုတ်ပြီ၊ သည်လိုမှပေါ့၊ ဟာ ဒီဖက်က ကောင်ကလေးက ဘာပြုလို မဆွဲတာတုန်း။ တယ်အချောင်ခိုတာကိုး။ ဟဲ့ တောနွား၊ နင့်ကိုပါ ရိုက်ရမလား။ ကိုင်း မှတ်ကရော(ကြိမ်လုံးနှင့် တချက်ချ၏။) ဟဲ့ လမ်းကသွား။ နင် မျက်စိမရှိဘူးလား။ ဘာဖြစ်လို့ ဟိုဖက်ကို ဖယ်ဖယ်ပြီး တက်နေရတာလဲ။ အဲမှတ်ကရော့၊ အခုမှ ကောင်းကောင်း ပြေးတော့တယ်။ သည်လိုလဲ ပြေးကြအုံးမှပ။ လမ်းကောင်းတဲ့အခါမှာ ပြေးထားတာ ကောင်းတယ်။ တော်တော်ကြ တောင်ပေါ် တက်ယင် ပြေးနိုင်မှာ မဟုတ်ဘူး။ ဟဲ့ကောင်ကြီး ဟိုရှေ့ကဟာချိုင့်ကြီး ထင်တယ်။ ဖြေးဖြေး။ အောင်မယ် ပြေးမဲ့ ပြေးတော့လဲ မရပ်ချင်ကြဘူး။ ဖြေးဖြေးလို့ ဆိုတာ မကြားကြဘူးလား။ ကပ်ပေပေနဲ့ နွားတွေ။ ဖြေးဖြေးကွ ဖြေးဖြေး။ စုတ်စုတ်..စုတ်စုတ်.."

(မောင်လူအေး လှည်းရံတိုင်ကို မြဲမြဲကိုင်ထား၏။ လှည်းမှာ အရှိန်သေ၍ သွားလေသည်။ တဖြည်းဖြည်း ချိုင့်ထဲသို့ ရောက်သွား၏။)

"ဟုတ်ပြီ၊ ကိုင်း ပြေးလိုက်ကြအုံး။ လမ်းကောင်း လာပြီ။ အဲ အခုတော့ မပြေးချင်ကြဘူး။ အင်မတန်ခက်တဲ့နွားတွေ။ ကြိမ်လုံးနဲ့ ​ဆော်လိုက်ရ မကောင်းဘဲနေတော့မယ်။ ဟဲ့...ကိုင်း မှတ်ကရော့"

(ကြိမ်လုံးနှင့် ဆော်၊ နွားများပြေးကြ၏။)

"ကိုင်း ရပ်ကြအုံး။ ကျောက်တွေဆီ ရောက်လာပြီ။ အောင်မယ် သည်လိုတော့ မရပ်ချင်ပြန်ဘူး။ ရပ်ခိုင်းယင် ရပ်ကြ"

(ရကွ၏။)

"အင်း ...ဖြေးဖြေးသွား။ ခြေချော်သွားမယ်။ နင်တို့ ခြေချော်တာ ကိစ္စမရှိဘူး။ လှည်းမှောက်မှဖြင့် တို့ဒုက္ခရောက်နေအုံးမယ်။ သည်နွားကြီးဟာ ဘာဖြစ်နေသလဲ။ လမ်းကြောင်းကကို မသွားချင်ဘူး။ ဟိုဖြတ်လိုက် သည်ဖြတ်လိုက်နဲ့။ ကိုင်း မှတ်ကရော။ အခုလို ရိုက်မှ ရတယ်။ စိတ်မှတ်ကို မရှိဘူး။ ဟော ဟိုရှေ့မှာ အဆင်းကြီး။ ဖြေးဖြေးသွား။ ပြေးဆင်းမယ်များ မကြံနဲ့။ ဖြေးဖြေး ဖြေးဖြေး"

(မောင်လူအေး လှည်းရံတိုင်ကို ကိုင်ရပြန်၏။)

"ချောင်းကို ဖြတ်ပလားဆို မင်းတို့ တယ် အမြီးခတ်တာကိုး။ ကိုင်း ဘယ်မလဲ အမြီးတွေ လာခဲ့ကြ၊ ငါကိုင်ထားမယ်။ ဟဲ့ကောင်ကြီး သည်ဖက်က တိမ်တယ်၊ ဘယ်အနက်ထဲကို ဆွဲသွားတာလဲ၊ ရေစီးနဲ့ပါသွားယင် အားလုံး သေကုန်အုံးမယ်။ သည်ဖက်က ကောင်လေးကလဲ မဆွဲထားဘူး။ တယ်ခက်တာကိုး။ ကိုင်း ရေသောက်ချင်သောက်ကြအုံး။ အဝေးကြီးသွားရအုံးမယ်။ ကိုင်း တော်လိုက်ကြအုံး။ ဗိုက်တင်းနေယင် ပြေးနိုင်မှာ မဟုတ်ဘူး။ ရှေ့ချောင်း ရောက်မှ သောက်ချင် သောက်ကြ။ ဟဲ့ ဘာလုပ်နေသေးသလဲ"

"ဟော ဟိုရှေ့က ကမ်းပါးကြီး ရောက်လာပြီ။ ကောင်းကောင်း တက်ကြ။ မတော် ပြန်ကျလာမှဖြင့် အခက်ဘဲ။ ဟုတ်ပြီ-ဟ-ဟ- ရုန်း။ ဟိုဖက်က အကောင်က မရုန်းဘဲကိုး။ ကိုင်း မှတ်ကရော့ (တုတ်နှင့်ချ၏)။ ဟုတ်ပြီ။ ဟုတ်ပြီ။ ဟာ လှည်းဦးပေါ့နေတယ်။ ကိစ္စမရှိဘူး။ ဒါကလေးမှ မရုန်းနိုင်ဘူးလားကွဲ့။ (မောင်လူအေး လှည်းဦးဖက်သို့ တိုး၍ ထိုင်၏။)အဲ ဟုတ်ပြီ ရုန်းလိုက်ကွဲ့ ရုန်းလိုက်။ သည်လောက်ကလေးကို ကြောက်လို့။ အဲ ရောက်ပြီ။ မောကြသလား။ တယ် မောတတ်ရာမ​​ကော။ သည်လောက်လေးနဲ့များ မောရတယ်လို့၊ ကိုင်း မြေပြင်ရောက်ပြီ။ ခပ်သုတ်သုတ်ကွဲ့။ တော်တော်ကြာ နေပူနေအုံးမယ်။ ပေါင်းလဲမပါဘူး"

"ဟာ သည်လမ်းမှာ တယ်ချုံတွေ ပေါသကိုး။ ဘယ်ဖက်က ဆီးချုံတွေကိုလဲ သူကြီးက အခုတ်မခိုင်းဘူးထင်ပါရဲ့။ လှည်းနဲ့တောင် ကောင်းကောင်း မလွတ်တတ်ဘူး။ (မောင်လူအေး ညာဖက်သို့ ရွှေ့၍ထိုင်၏။) ဟဲ့ အင်း သည်လိုလဲ ပြေးကြအုံးမှပေါ့။ ဟဲ့ နေကြအုံး။ ခပ်ဖြေးဖြေး ဟိုရှေ့ကဟာ ချောက်နဲ့တူတယ်။ ကိုင်း ဖြေးဖြေး ဆင်း။ ဟာ ကျောက်တွေ တယ်ထူတာကိုး။ တက်လိုက်ကြအုံးကွဲ့။ ကြိတ်ပြီးဆွဲ။ သည်လိုနဲ့ မရဘူး။ ကျောက်တုံးတွေ အင်မတန် များတယ်။ ဟာ သည်ကျောက်တွေလောက်ကိုမှ မနိုင်ဘူးလား။ ဆွဲကွာ။ ကြိတ်ဆွဲ။ ဟာမဖြစ်ဘူး။ မဖြစ်ဘူး။ ကျောက်တုံးကြီးက တယ်ကြီးတာကိုး။ (မောင်လူအေး လှည်းပေါ်မှဆင်းပြီးလျှင် လှည်းကို တွန်းပေး၏။) အဲ အပေါ် ရောက် ပြီ။ မောကြသလား။ ချောင်းကူးရောက်တော့ ရေသောက်ကြ။ မဝေးတော့ဘူး။ မဲဇလီတောင် နီးနေပြီ။ ရှေ့က ချောင်းကလေးကို ကျော်လိုက်ယင် ရောက်တော့မယ်"

ဤသို့ လှည်းဆရာ၏စကားကို နားထောင်ယင်းနှင့်ပင် မဲဇလီသို့ ရောက်တော့သတည်း။ မောင်ဘသို့သော လှည်းသမားမောင်းသည့် လှည်းကို စီးရသည်မှာ စည်းစိမ်ရှိလှပေ၏။ လင်္ကာဆရာသည် ရှုမျှော်ခင်း၏သာယာပုံကို လင်္ကာဖွဲ့ဆိုသကဲ့သို့ မောင်ဘသည်လည်း မဲဇလီလမ်း၏ပုံပန်းကို လှည်းမောင်းယင်း ဖော်ပြသော ဟူ၏။
----------------------
#သိပ္ပံမောင်ဝ
ဂန္ထလောက၊ ၁၂၉၈ ခု၊ ဝါခေါင်လ။

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)