အပြင်ကလူ(၂)(အပိုင်း ၉)(ဇာတ်သိမ်း)
#အပြင်ကလူ ( ၂ )
#အေးရဲ့ဖွင့်ဟဝန်ခံချက်
အပိုင်း (၉) (ဇာတ်သိမ်းပိုင်း)
နုနုနှင့် သူ့ ဘယ်လိုဆက်စပ်မိသည်ဆိုတာ ကျွန်မ ဘယ်တော့မှ နားလည်နိုင်မယ်မဟုတ်။ ကျွန်မ ဘင်တန်သို့ ပြောင်းသွားသည့်အတွက် သူတို့ ကျွန်မအကြောင်း ဆွေးနွေးဟန်ဆောင်ရာက စတင်လေသလား။
"နုကိုလေ လူတွေက ပြောကြတယ်၊ သိပ်သန့်ရှင်းစင်ကြယ် ကလေးဆန်တဲ့ အမူအရာရှိတတ်တယ်တဲ့"
နုနုက တစ်ခါ ပြောဖူးရင် ထိုမျက်နှာအမူအရာကို တပ်ဆင်ပြဖူးပါမည်။ သူနဲ့တွေ့တိုင်း နုနု ထိုမျက်နှာအမူအရာကို ချွတ်မရအောင် တပ်ဆင်လေသလား၊ နုနုက ချစ်တတ်ခင်တတ်၊ နှလုံးပူနွေးတတ်ပြီး "အေးစက်သော
အချစ်ဆိုတာ မခံစားတတ်သော" ကျွန်မ၊ ထွက်ခွာသွားသောကျွန်မကို အကြောင်းပြုပြီး လွမ်းစခန်းက စတင်လေသလား။ ဒါမှမဟုတ် နုနုပြောတတ်သော လုပ်ကြံပုံပြင်အရ တကယ်တော့ ချမ်းသာလှသော နုနုရဲ့ အထောက်အပံ့ကို ကျွန်မ ဘယ်လိုခံယူပြီး ပြန်လည်ခင်မင်ခြင်းနဲ့တောင် မတုံ့ပြန်တတ်ဘူးဆိုတဲ့ မုသာဝါဒက စတင်လေသလား။
ကျွန်မက ဘယ်တော့မှ မဖြေရှင်းတတ်။ ကျွန်မရဲ့ မာနပဲဆိုပါ၊ ကျွန်မရဲ့ အမှားပဲ။ တကယ်တော့လည်း သေးနုပ်သိမ်ဖျင်းခြင်းကို ကျွန်မ နိုင်အောင် ရင်ဆိုင်မတိုက်ခိုက်တတ်။ ကျွန်မ ရှုံးနိမ့်မှာ အမှန်ပဲ။ ကျွန်မ ပြိုင်ပြီး မသိမ်ဖျင်းနိုင်ဘဲ။
ဥပမာ နုနုနှင့်ကျွန်မ အားတိုင်းလည်ပတ်၊ စာသိပ်မကျက်ကြဘဲ ပထမနှင့် ဒုတိယနှစ် ပေါင်းပြီးဖြေရသည့် အင်တာစာမေးပွဲကို ကမန်းကတန်း စာကျက်ဖြေကြသည့်အခါ ကျွန်မက အောင်ပြီး နုနုက စာမေးပွဲကျပါသည်။ နုနုသည် တစ်ပတ်ကျော်မျှ စိတ်ဆိုးပြီး ကျွန်မကို စကားမပြောပါ။ နုနု ဘယ်လို မိန်းကလေးလဲဆိုတာ ကျွန်မ စတင်သိလိုက်ခြင်းပင်တည်း။ ဒါကို လူတွေသိအောင် ကျွန်မ ကြေညာပြီး ကိုယ့်ကိုယ်ကိုယ် ချီးကျူးရမည်လား၊ ကျွန်မ မလုပ်နိုင်။ နုနု စိတ်ထားပုံအတွက် ဝမ်းနည်းပြီးပဲနေသည်။
ဒေါ်ကြီးပို့သော ကျွန်မရဲ့ ထဘီများကို နုနုက အလဲလဲ ဝတ်တတ်သည်။ ဒေါ်ကြီးထံက စိန်ရွှေ လက်ဝတ်လက်စားများတောင် ငှားဝတ်ပြီး မော်လမြိုင်က ပို့လိုက်သည် ဆိုသေးသည်။ ကျွန်မ ဘာလုပ်နိုင်မည်လဲ။ နုနု မသမာမှု ပြုလေ့ရှိသည်ကို ကျွန်မ ရွံရှာလာပြီး တစ်နေ့ တတ်နိုင်သည့်အခါ ခင်မင်တွယ်တာခြင်းကို ဖြတ်တတ်သည့်အခါ ကျွန်မ ထွက်ခွာသွားရမည်လို့ ကြံစည်ပြီးပဲ နေသည်။ ကျွန်မ မထွက်ခွာနိုင်ခင် သူတို့ ကျွန်မကို ဘာမှ မပြောခဲ့၊ ထွက်ပြေးကြလျှင်တော့ ကျွန်မသည် ဒိုင်ယာရီထဲမှာ ကိုနှင်းနွယ်ကို နုနု မုဒိမ်းကျင့်သောနေ့လို့ ရေးမှတ်ခဲ့ပါသည်။ သည်လောက် ကိုနှင်းနွယ်ကို ကျွန်မ ကာကွယ်ခဲ့သည်။ သူက ဆယ့်ရှစ်နှစ်မှ မပြည့်တတ်သေး။ အေးလို နုံတဲ့၊ အ,တဲ့၊ ရိုးတဲ့သူ၊ အလှည့်စားခံလွယ်တဲ့သူ၊ သူ နုနု ပြောသမျှကို အေး တစ်ခါက ယုံခဲ့သလို ယုံခဲ့တာဖြစ်မှာပဲ။ ၂၃ နှစ်အရွယ် မိန်းမလည်နဲ့ လူငယ်တစ်ယောက် မှောက်မှားတဲ့အဖြစ်ပေါ့။ အချစ် မဖြစ်နိုင်ပါဘူး။
“သူတို့ ထွက်ပြေးကြတော့ နှစ်ယောက်လုံး မူးနေကြတာ ထင်ပါရဲ့” ဟု အခန်းနီးချင်း မိန်းကလေးများက ကျွန်မကြားအောင် ပြောကြသည်။
“မိန်းမက ဟန်ပန်လေသံသာ ကြီးနေတာ၊ သိပ်ပြီးတော့တော့ ခေတာမဟုတ်” လို့ တစ်ယောက်ကစလျှင် “ဘယ်လိုလဲ သူငယ်ချင်းရဲ့ ...ရှင်းပါဦး” လို့ တစ်ယောက်က ထောက်တတ်သည်။
“အို. . . ပွဲကတာသွားပြီး လရောင်အောက်က ပစ်ကနစ်တွေ လိုက်နေတာ မသိဘူးလား၊ ပါးစပ်ကတော့ သူ့လောက် အဖိုးတန်တာ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းတာ မရှိဘူး”
"စီနီယာမမ ဖြစ်လာကတည်းက အတော်ထထကြွကြွ ဖြစ်လာတယ်”
“အပြင်က ရွှေမှုန်ကြဲ”
“အထဲက နှစ်လသုံးလ”
"ဘာ နှစ်လသုံးလလဲ”
“ကလေးလေ”
“ဘယ်သူ့ကလေးလဲ၊ ဘယ်သူ့ကလေးလဲ”
“ကာယကံရှင်မမသာ သိလိမ့်မယ်လို့မျှော်လင့်ရတာပဲ"
မအာကျယ်ဟု အများက နာမည်ပေးထားသည့် ထောင့်ခန်းမှ ကျောင်းသူသည် မဆုံးနိုင်အောင် ဆက်အတင်းပြောသည်ကို ကျွန်မ မကြားချင်သည်နှင့် တံခါးထပိတ်ပြီး သူတို့ပြောတာဟုတ်ရင် ကိုနှင်းနွယ်ရဲ့ ကလေးလား၊ တခြား တစ်ယောက်ရဲ့ ကလေးလား၊ နုနု ဒီအခြေအနေရောက်နေပြီလား၊ အေးကို အပေါစားဖြစ်အောင် ပြောခဲ့တဲ့ နုနု၊ သူ့ကိုယ်သူ ဒီလိုအဖြစ်ခံလိမ့်မယ် မထင်တဲ့ နုနု၊ တကယ်ပဲ အရက်မူးလို့ မှားရတဲ့အဖြစ်လား၊ ကျွန်မ သိပ်မယုံနိုင်ပြန်ပါ။ နုနုကို မေတ္တာမရှိတိုင်း ပြောကြတာလည်း ဖြစ်နိုင်ပါသည်။
ကျွန်မနှင့် ဘာမှမဆိုင်လို့ ကိုယ့်ကိုယ်ကိုယ် သတိပေးပါသည်။ သူတို့ ဘာလုပ်လုပ် လုပ်ခွင့်ရှိသည်။ ကိုနှင်းနွယ် ဆိုသူဟာလည်း အေးထင်သလောက် ကောင်းမြတ်သူ ဟုတ်ချင်မှ ဟုတ်မည်လို့ အတွေးသစ်ဝင်လာသည်။ ဘာပဲဖြစ်ဖြစ် ကိုနှင်းနွယ်နှင့် ကျွန်မကြားမှာ ဘာကတိမှမရှိ၊ ကတိရှိလည်း သူ ဒီလိုလုပ်တတ်လျှင် ကျွန်မက ကြည့်နေလိုက်မည်။ မစွက်ဖက်ချင်ပါဘူး။ သို့သော် ကိုနှင်းနွယ်နှင့် နုနုတို့ ကြာရှည်မမြဲ၊ ကွဲကွာကြသည်။ ကျွန်မ ဘင်တန်ပြောင်းလာပြီး ဆေးကျောင်းတက်တုန်းပင်၊ ကျွန်မ သူတို့နှင့် ပတ်သက်လိုစိတ်မရှိပါ။ ဆေးကျောင်းမပြီးခင် ဖြစ်နိုင်မယ်ဆိုရင် အင်္ဂလန်ကို ထွက်ခွာသွားချင်စိတ်ပဲ ရှိပါသည်။
မော်လမြိုင်မှ စိတ်ဆိုးနေကြသော နုနုကို ပစ်ပယ်ထားသော ဦးလေးကြိုင်တို့က ကိုနှင်းနွယ်ကို သမီးဖြစ်သူက စွန့်ပစ်ခဲ့တာကို ကျေနပ်ကြသည်ထင်၏။ ကျွန်မထံ ငွေသုံးထောင်ပို့လိုက်ပြီး နုနုတို့သားအမိကို မုန့်ဖိုးဆိုပါသည်။ ကျွန်မ ဒေါ်ကြီးထံလွှဲလိုက်ပြီး နုနုတို့ကို အိမ်မှာနေစေဖို့ စီစဉ်ခိုင်းပါသည်။ ကျွန်မအိမ်ကို ကျောင်းပိတ်ရက်ရှည်မှာတောင် မပြန်တော့ဘဲ ဆေးရုံမှာပဲ အချိန်ကုန်နေပါသည်။ ဆရာများက ကျွန်မ သိပ်ကြိုးစားတာပဲလို့ ချီးကျူးကြသည်။ ဆေးကျောင်း ဆေးရုံကလွဲလို့ ဘာမှစိတ်မဝင်စားသော၊ တွေ့ ရခဲသော ကျောင်းသူမျိုးလို့ ဆိုကြသည်။ နောက်ဆုံးနှစ်အောင်ပြီး အလုပ်လုပ်သက် နှစ်နှစ်ရလျှင်ရချင်း နိုင်ငံခြားသွားဖို့၊ ရွေးချယ်ဖို့ အဆင်သင့်ပဲဆိုကြသည်။ သို့သော် ကျွန်မ မစောင့်ချင်ပါ။ ကျွန်မ ငွေကြေးတတ်နိုင်သည်မှာ အလွန်ကံကောင်းသည်ပင်။ အောင်အောင်ချင်း တစ်ရက်ပင် အပိုမနေဘဲ တောက်လျှောက် ကျောင်းဆက်သွားဖို့ အင်္ဂလန်သို့ စာရေးလျှောက်လွှာများ တင်ရသည်။ ဆရာရင်းများက ထောက်ခံစာကောင်းကောင်း ရေးကြသည်။
ကျွန်မ ရွှေတံဆိပ်ဆုတွေ ရပြန်သည်။ အောင်မြင်သူလို့ ဆိုကြပြန်သည်။ ဆေးပညာဖြင့် ဘဝမှာ တစ်လမ်းတည်း သွားတော့မည့်သူပင်တဲ့။ ကျွန်မကလည်း အမ်အာစီပီကို နှစ်နှစ်အတွင်း ဖြေမယ်၊ ပြီးတော့ အမ်အာစီ???ဆိုတဲ့ စိတ်ရောဂါပညာ ပါရဂူဘွဲ့ အတွက် သုံးနှစ်၊ ဘွဲ့ရပြီး အင်္ဂလန်မှာ ဆက်အလုပ်လုပ်ရမှာက သုံးလေးနှစ်။
ဒေါ်ကြီးသာမရှိရင် မြန်မာပြည် ပြန်ဖြစ်မယ်တောင် မထင်တော့။ ကျွန်မကို တစ်သက်လုံး စောင့်ရှောက်လာသည့် ဒေါ်ကြီးကို မသေခင် ပြန်လည်ပြုစုရမည်။ ဒေါ်ကြီးက ဆီးချိုရောဂါဖြစ်ပြီတဲ့။ သူကိုယ်တိုင်က ဆရာဝန်ဆိုတော့ အသက်ရှည်ရှည် နေနေရသည်။
သည်လိုနှင့်ပင် အချိန်များ လျင်မြန်စွာကုန်သွားပြီး ကျွန်မ ဆရာဝန်မကြီးအဖြစ် မြန်မာပြည်ပြန်ခဲ့တော့ ၁၉၆၁ ခုနှစ်။ နုနုတို့ အိမ်အောက်မှာနေလည်း တစ်လတစ်ခါတောင် စကားထိုင်မပြောမိကြ၊ ကျွန်မက ဆေးရုံမှာအချိန်ကုန်ပြီး ဆေးရုံက အိပ်ခန်းတစ်ခုတောင် ယူထားလိုက်သေး၏။
ကိုနှင်းနွယ် ပန်းချီပြပွဲတွေလုပ်တာ ကြားရ၏။ အများအားဖြင့် မန္တလေးမှာချည်းဖြစ်သည်။ ရန်ကုန်ကိုလာသည်ဆိုလည်း ကျွန်မကို သူရှာဖွေသလားမသိ၊ ကျွန်မက သူ့ကိုရှာဖွေဖို့ စိတ်ကူးပေါက်လည်း ဘာမှမလုပ်ဖြစ်။ သူ့နာမည်ကို နုနုနာမည်နဲ့ ကျွန်မ ခွဲပစ်လို့မရ။ မဝိုင်းသမီး လက်ထပ်ပွဲမှာ သူနှင့်ကျွန်မ ပြန်တွေ့သည်မှာတော့ ကံကြမ္မာသက်သက်မဟုတ်။ သူနှင့်ပြန်တွေ့ပြီး မြန်မြန်ဆန်ဆန် ထပ်တွေ့ကြတာလည်း ကံကြမ္မာသက်သက်မဟုတ်။
ကိုနှင်းနွယ် လှုပ်ရှားလာခြင်းဖြစ်လေသည်။ ဒီတော့ ကျွန်မကလည်း အသက်ရှင်လှုပ်ရှားနေသူဖြစ်သည်။ အင်လျားလိတ်ဟိုတယ်ကစပြီး အင်းလျားလိတ်ဟိုတယ်မှာ ပြန်ဆုံတွေ့ကြပြန်တာလည်း ကံကြမ္မာသက်သက် မဟုတ်။ကျွန်မတို့နှစ်ဦးသဘောတူ ဖန်တီးချက်ပဲ။ ကျွန်မတို့နှစ်ယောက်လုံး တာဝန်ရှိသည်။ တာဝန်ယူသည်။
ကျွန်မပြောသော နုနုပုံပြင်ကို နားထောင်ပြီး ဆုံးသွားတော့ သူ အံ့အားသင့်လိမ့်မယ်လို့ ထင်သလောက် သူ အံ့အားမသင့်။ သူ ဘယ်လောက် ငယ်ရွယ်နုံအခဲ့သည်ဖြစ်စေ ဘယ်လောက်စိတ်ကူးယဉ်ပြီး သူရဲ့ နုနုပုံပြင်ကို လှပအောင် ခြယ်လိုသည်ဖြစ်စေ နုနုနှင့် အတူနေ နီးစပ်လိုက်ခြင်းက သူ့ကို သိမြင်စေလိမ့်မည်။ သူ တစ်ခုပဲပြောသည်မှာ “ကျွန်တော့်ထက် ငါးနှစ်ကြီးတာ အခုမှ သိရတယ်၊ ကျွန်တော်ကတော့ ကိုယ့်ထက် တစ်နှစ်လောက်ငယ်သူကလေးဆိုပြီး သည်းခံခဲ့တယ်၊ ကျွန်တော်ကလေးမဟုတ်ပါဘူး၊ ကလေးကို လှည့်ဖျားကစားခံရသလိုတော့ ခံစားရတယ်”
ထို့နောက် ကျွန်မတို့ ငယ်တုန်းကလိုပဲ ဆွေးနွေးစရာတွေ ရှာဖွေတွေ့တတ်သည်။လူသတ္တဝါတချို့ရဲ့ ဆိုးသွမ်းညံ့ဖျင်း ကြမ်းတမ်းခြင်းဟာ ရူးသွပ်တဲ့ရောဂါလေလား၊ မသမာယုတ်မာမှုသက်သက်လေလား။
“လူတစ်ယောက်ဟာ အကောင်းနဲ့အဆိုးကို ခွဲခြားတတ်တဲ့ အခြေအနေမှာရှိရင် လူသတ်မှုအတွက်၊ မုဒိမ်းမှုအတွက် တာဝန်ရှိသူဖြစ်ရမယ်” လို့ သူထင်သည်။
“ကျွန်တော် ဘုရားတရား ကြည်ညိုလိုက်စားသူ မဟုတ်သော်လည်း ငါးပါးသီလမှာတော့ ယုံကြည်တယ်။ ဒီလိုပြောလို့ အေးက ရယ်ချင်မယ်မဟုတ်ပါဘူး၊ ငါးပါးသီလက လူ့ဘဝမှာ ဘယ်လိုအရင်းခံ ထိန်းသိမ်းချုပ်တည်းမှုမျိုးနဲ့
နေသင့်တယ်လို့ အကျဉ်းရုံးပြီး ပြောပြထားတာပဲ” လို့ သူဆိုသည်။
“အေးရဲ့ စိတ်ရောဂါပညာသမားအဖြစ်နဲ့ကတော့ စိတ်နဲ့သီလ မလုံခြုံနိုင်တောင် ကိုယ်နဲ့ လုံခြုံရမယ်ပေါ့၊ တစ်မျိုးပြောရရင် စိတ်တွင်းက ဘယ်လောက်ပြစ်မှားမိလည်း လက်မပါရင် ပြီးနိုင်တယ်၊ လက်ခံနိုင်တယ်၊ ဗုဒ္ဓဘာသာတရားလောက် မကျဉ်းကျပ်ဘူး” ဟု ကျွန်မက ပြောသည်။
“ပြီးတော့ တချို့ စိတ်ရောဂါဆရာဝန်တွေက လူသတ်မှု၊ မုဒိမ်းမှုစတဲ့ မသမာမှုတွေဟာ ရူးသွပ်ခြင်းလို့ ယုံကြည်ကြတယ်၊ တစ်ခါတုန်းက သေသွားတဲ့လူသတ်သမားထောင်သားတွေရဲ့ ဦးနှောက်တွေကို သုံးထောင်လောက် ထင်တယ်၊ ခွဲစိတ်စစ်ဆေး၊ သုတေသနလုပ်ကြည့်တော့ အထဲမှာ ကင်ဆာလုံးတွေတွေ့တာ အများကြီးလို့ ဆိုတယ်”
သူက “မသမာတဲ့လူတိုင်းရဲ့ ဦးနှောက်မှာ ကင်ဆာဖြစ်နေတယ်လို့တော့ ရာခိုင်နှုန်းအပြည့် မဆိုင်နိုင်ဘူးမဟုတ်လား။ တစ်နည်းပြောရရင် ဦးနှောက်ကင်ဆာရှိတိုင်းလည်း လူသတ်သမား၊ မုဒိမ်းကောင်မဖြစ်ဘူး”
“သူပြောတာမှန်ပါတယ်၊ စိတ်ရောဂါရှိသူတိုင်းလည်း ယုတ်မာသူမဟုတ်ဘူး၊ ယုတ်မာသူတိုင်းမှာလည်း စိတ်ရောဂါ မရှိဘူး”
“ကျွန်တော်က လူဆိုတဲ့သတ္တဝါဟာ သူ့ အကြီးကျယ် အထွန်းလင်းဆုံး တိရစ္ဆာန်လောကမှာ အမြင့်ဆုံးဖြစ်တဲ့ ဦးနှောက်ကြောင့် ပိုပြီးပဲ တာဝန်ကြီးတယ်ထင်ပါတယ်။ ပိုပြီး တာဝန်ယူရမယ် ထင်ပါတယ်”
ကျွန်မက သဘောတူပါသည်။ သို့သော် ကြောင်လေး ပက်ပီကို သတိရပြီး “တိရစ္ဆာန်ဆိုပြီး သူတို့ကိုတော့ အထင်မသေးနဲ့နော်၊ တိရစ္ဆာန်တွေဟာ လူ့ထက်မြင့်မြတ်နိုင်တဲ့ အချက်တွေရှိတယ်၊ သူတို့နဲ့ တကယ်ရင်းနှီး ဆက်ဆံတတ်ရင် သူတို့မှာ လူတွေဦးညွတ်နိုင်တဲ့ အရည်အချင်းတွေ ဘယ်လောက်ရှိတယ်ဆိုတာ မြင်နိုင်လိမ့်မယ်”
“အေးရဲ့ ပက်ပီလေးက သိပ်ချွဲတာ” လို့ သူက ကျွန်မစိတ်ကို ဖတ်မိသလို ရယ်ပြုံးဆဲ “အေးရဲ့ ပက်ပီလေးက သိပ်ရိုးဖြောင့်တယ်၊ သစ္စာရှိတယ်၊ ချစ်တတ်တယ်၊ အေးအတွက် ဖြစ်နိုင်ရင် လိုအပ်ရင် အသက်သေခံမယ့်ပုံပဲ" လို့ ယုံယုံကြည်ကြည် ပြောမိသည်။
“အင်္ဂလန်မှာတုန်းက အေးရဲ့ မိတ်ဆွေတစ်ယောက်က တိရစ္ဆာန်ကုဆရာဝန်၊ သူနှင့်ခဏခဏ လိုက်သွားပြီး တိရစ္ဆာန်တွေနဲ့ ဆက်ဆံခွင့်ရခဲ့တယ်၊ အေး တိရစ္ဆာန်တွေအကြောင်း စာဖတ်၊ ရုပ်ရှင်တွေကြည့်တယ်။ လူတွေကို မသမာမှု လုပ်တတ်တယ်ဆိုပြီး ငြီးငွေ့တဲ့အခါ တိရစ္ဆာန်ကုဆရာဝန်ပဲ ဖြစ်ချင်တော့တယ်”
“ဟုတ်လား . . အေး” လို့ သူက စိတ်ဝင်စားလာသည်။
“သူသိတယ်မဟုတ်လား၊ မြေခွေးတွေ အုပ်နဲ့ချီပြီး အစာရှာတတ်တာ၊ မျောက်တွေ မိသားစုစနစ်နဲ့ အချင်းချင်းစောင့်ရှောက်တတ်ကြတာ၊ ဆင်မ သားမွေးရင် အဒေါ် ဆင်မတစ်ကောင် ရောက်လာပြီး ကလေးကို ကူညီစောင့် ရှောက်တာ၊ ငှက်မျိုးပေါင်းများစွာဟာ သေအထိ အဖိုအမ တစ်စုံတည်း သစ္စာရှိရှိစုံဖက်ပြီး နေတတ်ကြတယ်။ မိခင်ရောဖခင်ပါ ဥမဥခင် အိမ်အတူဆောက်ကြ၊ သားငယ်ကို အစာရှာကျွေးကြ၊ အပျံသင်ပေးကြနဲ့ လူတွေထက် မြင့်မြတ်နိုင်ပါတယ်”
ကိုနှင်းနွယ်က မရွှင်ပျနိုင်ဘဲ “ကျွန်တော့်ကို တိုက်ရိုက်တိုက်ခိုက်လိုက်တာလား အေးရယ်” လို့မေးတော့
"ဒီလို မရည်ရွယ်ပါဘူး၊ တိုက်ခိုက်ချင်စိတ် မရှိပါဘူး”
“ကျွန်တော့်မှာ ပန်းချီဆွဲရမှဖြစ်မယ် ??? ပျော်မယ်ဆိုတဲ့ရောဂါရှိတာ အေး သိတာပဲ၊ စကားတစ်ခုကလည်း မကိုခင်မှ ဥကိုခင်တယ်တဲ့၊ ကျွန်တော် သားကိုမွေးခွင့် အတူကြာကြာနေခွင့်လည်း မရခဲ့ဘူး”
ကျွန်မက ခဏတွေဝေပြီး “သူချစ်တော့ ချစ်တတ်သူပဲ၊ အေးနဲ့လည်း အတူနေခွင့်မရတာ အကြာကြီးပဲ၊ အေးကိုတော့ သူ လိုက်ရှာတယ်”
“အို အဲဒါက တခြားစီပဲ၊ ဒါပဲပြောတတ်တယ်၊ မဖြေရှင်းတတ်ဘူး။ ဒီအချစ်ဆိုတဲ့ ကြီးမားခမ်းနားလှတဲ့၊ ထူးခြားဆန်းကြယ်လှတဲ့ တွယ်ငြိမှုလို့ ဆိုရမလား၊ အဲဒီ ကိစ္စက အဖြေမရှိတဲ့ မေးခွန်းပဲ၊ အေး ပြောတဲ့ တစ်စုံတည်းတွဲဖက်ပြီး သစ္စာရှိရှိ သေအထိပေါင်းကြတဲ့ ဝန်ပိုငှက်၊ သိန်းငှက်တွေကပဲ ဖြေနိုင်ပါလိမ့်မယ်”
ကျွန်မက စောင့်နေဆဲ သူကပြောသည်မှာ “အေး မယုံဘူးလား၊ မပျော်ဘူးလား၊ ကျွန်တော်တို့ အဲဒီအချစ်ကို ကြုံကြိုက်ရတာ”
"သူသိသားနဲ့” လို့ပြောတော့ သူ့ထုံးစံအတိုင်း အရင်တစ်ခါကလိုပင် “သူငယ်ချင်းကောင်းပီပီ ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ” လို့ သူက စတတ်သည်။
“အေး သတိရသေးလား၊ ကျွန်တော် တစ်ခါကစပ်ထားတဲ့ကဗျာ အေးကို ရွတ်ပြတာ”
“သူကဗျာတွေ သိပ်ရွတ်တာပဲ၊ ဘယ်ကဗျာလဲ”
“မောင်အလာ” လို့ သူက လွမ်းလွမ်းဆွတ်ဆွတ် ဆိုလိုက်သည်။
"မောင်အလာ
သဥ္စာညောင်ဦး၊ နှင်းဆီဖူးလည်း
ပွင့်မြူးလှစ်သစ်၊ ဖြောင့်ဖြူးချစ်နဲ့
မူးယစ်ရနံ့၊ ခန်းလုံးပျံ့ တော့
မရွံ့ တော့ပြီ၊ လွတ်ခဲ့ပြီပင်
နှောင်ချည်သစ်ဖန်၊ တွယ်ငြိပြန်သည်”ဆိုတာ....."
ကျွန်မက “မှတ်မိတယ်၊ အမြဲမေးမိနေတာက နှောင်ချည်နဲ့ တွယ်ငြိနေတယ်ဆိုပြီး ဘာကိုမရွံ့တာ လွတ်ခဲ့တာလဲ"
“ကျွန်တော်က အဲဒီကဗျာ စပ်တဲ့လူဆိုတော့ နားလည်ပြီးသားပေါ့။ အေးက မေးမလားလို့ အကြာကြီးစောင့်ခဲ့ရတယ်၊ ခုမှမေးတယ်၊ အေးက ကျွန်တော့်နှင်းဆီဖူးပဲ။ မရွံ့တော့တာ၊ လွတ်ခဲ့ချင်တာကတော့ ကျွန်တော်တို့ အကျိုးမရှိ၊ အဓိပ္ပာယ်မရှိ အလကား၊ ထိန်းချုပ်ထားတာတွေပဲ”
သူက သွေးဆောင်လာသည်။ အေးကို ပွေ့ဖက် ရင်းနှီးလာသည်။ ကျွန်မတို့ နမ်းရှုပ်ယစ်မူးလာသည်။ ပြီးတော့ မနောချစ်၊ ကာယအချစ်ကို ရောနှောပြီး အဆုံးစွန် အပြန်အလှန် ပိုင်ဆိုင်ခြင်းကို သက်သေပြုကြပြီး နှင်းနွယ်နဲ့ သင်းအေးကို လူသတ္တဝါနှစ်ယောက်ရဲ့ ဘဝအသစ်ကို ဖန်တီးကြသည်။ လုံးဝ တွယ်ငြိခဲ့လေပြီ။ သို့သော် ကျွန်မတို့ သည်လိုပင် ချစ်ခင်စုံမက်ပြီး နားနေအိပ်စက်ကြခြင်းကလွဲ၍ အမြဲတမ်းနိုးကြားပြီး အချိန်တရွေ့ ရွေ့ ကုန်ဆုံးနေသည်ကို သတိရှိနေကြသည်။ ကျွန်မတို့ စကားနှင့်မပြောသော်လည်း စိတ်ချင်းပြောထားတာတွေရှိသည်။
“ကျွန်တော်တို့ ပြန်တွေ့ပြီး အေးချမ်းရပြီဆိုတော့ စိတ်ချလက်ချ လုပ်စရာရှိတာ လုပ်နိုင်ပြီပေါ့” လို့ သူက ဆိုတော့
“ဟုတ်တာပေါ့ နွယ်လေးရယ်” လို့ ကျွန်မက သဘောတူလိုက်ပါသည်။ သူက သဘောကျပြီး ရယ်သေးသည်။
“ကျွန်တော် ကလောကအိမ်ကို ရောင်းဖို့လုပ်ရမယ်”
“ပဲရစ်သွားချင်တယ်ပေါ့”
“မသွားရရင် အသေဖြောင့်မယ်မဟုတ်ဘူး၊အေးသိတာပဲ"
“အို. . . အေးသိတာပေါ့၊ သူ့ကို ပဲရစ်သွားစေချင်ပါတယ်၊ ငယ်ငယ်တုန်းကတည်းက ပြောခဲ့တယ်မဟုတ်လား၊ အေး ပို့ပေးပါ့မယ်လို့”
“အေးက သိပ်ချစ်ဖို့ကောင်းတာပဲ” လို့ ကျွန်မကို ဖျတ်ခနဲ နမ်းသေးသည်။
"အိမ်ကို မရောင်းပါနဲ့၊ သူ့မေမေအမွေ မဟုတ်လား၊ သူတွယ်တာတယ်မဟုတ်လား၊ သူမရှိတုန်း အေး ကြည့်ထားမှာပေါ့”
ကျွန်မရဲ့ လက်သူကြွယ်မှာ သူဝတ်ပေးထားသည့် မြလက်စွပ်ကို အလင်းရောင်မှာ လက်ဖြန့်ခါပြုပြီး တလက်လက် ရွှန်းပစေလိုက်သည်။ သူ့မှာ အဖိုးတန်ရတနာ သိမ်းဆည်းထားသည်မှာ သည်တစ်ခုသာ ကျန်တော့သည်တဲ့။ သူ့မေမေကလွဲလို့ ဘယ်သူမှမဝတ်ခဲ့သော၊ သူမြတ်နိုးခဲ့သော လက်စွပ်ပင်။ အသောင်းအသိန်းတန်မည်လို့ ကျွန်မ ထင်ပါသည်။ ရှားပါးသော အရည်အသွေးရှိပါသည်။ သူ ကျွန်မကို သူ့အမေရဲ့ ရတနာ ပေးခဲ့ပြီ။
“ကြည့်ပါဦး ဒီလက်စွပ်ကိုဝတ်လိုက်တော့ အေး ဘယ်လောက် ချမ်းသာနေပြီလဲ သူသိပြီပေါ့” လို့ ကျွန်မက သူနားလည်စေလိုက်ပါသည်။ သူ့အတွက် ပဲရစ်သွားဖို့ လေယာဉ်ပျံလက်မှတ်၊ ပဲရစ်မှာနေနိုင်ဖို့ ချက်လက်မှတ် ကျွန်မ ပေးမည်ကို သူ ငြင်းခွင့်မရှိနိုင်တော့။ အေး ချမ်းသာနေပြီး၊ သူဆင်းရဲနေမယ်ဆိုတာ မဖြစ်နိုင်။ မဖြစ်ကောင်း။ သူ ချမ်းသာနေပြီး အေး ဆင်းရဲနေမယ်ဆိုတာကော ဖြစ်နိုင်ကောင်းသလားလို့ မေးတော့ အေး သူ့ကို အမြဲနိုင်ခဲ့တာပဲတဲ့။
“အေးလည်း လန်ဒန်ရောက်တဲ့အခါ သူ့ဆီရောက်လာဦးမှာပဲ၊ ပဲရစ်နဲ့ နီးနီးလေးပဲ”
သူက ဘာမှမပြောသည်ကို ကျွန်မ ခွင့်လွတ်ပါသည်။
“သူ့ကို လာမနှောင့်ယှက်ပါဘူး၊ သူ့ကို တစ်ယောက်တည်း သုံးနှစ်လောက် ပစ်ထားလိုက်ဦးမယ်။ အဲဒီနောက်မှာတော့ တစ်ပတ်နှစ်ပတ်၊ တစ်ခါနှစ်ခါ လာလည်မယ်၊ ဟင်” လို့ စီစဉ်သည်ကို သူ လက်ခံပါသည်။ ကျွန်မလည်း ဆေးရုံပြန်မည်လို့ သတိရသည်။
ကျွန်မတို့ ဒီလိုစခဲ့သောဘဝသည် သေတော့မှပဲ ပြီးဆုံးလိမ့်မယ် ထင်ပါ၏။
“ကျွန်တော် ဘယ်ရောက်နေနေ၊ ဘာလုပ်နေနေ၊ ဘယ်သူနဲ့ တွေ့ဆုံကြုံကြိုက်သည်ဖြစ်စေ အေးတစ်ယောက်ပဲ ကျွန်တော် ပြန်လာရမယ့်သူ ဖြစ်ပါတယ်။ အေး စောင့်သည်ဖြစ်စေ၊ မစောင့်သည်ဖြစ်စေ တစ်နေ့တော့ ကျွန်တော် လာခဲ့ ရောက်ခဲ့မှာပဲ၊ သိပ်မကြာနိုင်ပါဘူး”
ဒါကတော့ ကိုနှင်းနွယ်ရဲ့ နောက်ဆုံးစကား၊ ကတိပေးလေ့မရှိသော သူရဲ့ ကတိ၊ ကျွန်မက ဘာကတိမှ မပေးပါ။ တကယ်တော့ ကျွန်မတို့ကြားမှာ ဘာကတိမှ ရှိဖို့မလိုပါ။
(ပြီး)
---------------
#ကြည်အေး
Comments
Post a Comment