အပြင်ကလူ (၂)(အပိုင်း ၅)

#အပြင်ကလူ (၂)
#အေးရဲ့ဖွင့်ဟဝန်ခံချက်

(အပိုင်း ၅)

ဆင်ဆိုသည်မှာ ဘာနှင့်တူပါသလဲဆိုသည်ကို ဖြေဖို့ စုံစမ်းကြသော မျက်မမြင်ပုဏ္ဏားခြောက်ယောက်လိုပင် လူတိုင်းသည် ကိုယ့်အသိဉာဏ်၊ ပညာအရည်အချင်းနှင့် ဘဝအတွေ့အကြုံကို အားကိုးပြုပြီး မေးခွန်းများစွာရဲ့ အဖြေကိုရှာကြရသည်။

သူနှင့်အေး အင်းလျားလိတ်ဟိုတယ်မှာ တွေ့ကြပြီ။ ကောင်းစွာရိပ်မိသည်တစ်ခုမှာ သူ(ကိုနှင်းနွယ်)အဖို့ လူ့ဘဝရဲ့ တစ်ခဏမျှဖြစ်စေ အရေးကြီးသောမေးခွန်းတစ်ခုမှာ နုနုဖြစ်ပြီး၊ ကျွန်မ(အေး)အဖို့လည်း လူ့ဘဝရဲ့ အမြဲလိုလို အရေးကြီးသောမေးခွန်းတစ်ခုဟာ နုနုပင်ဖြစ်ခဲ့သည်။ နုနုသည် သူ့ရဲ့ အတိတ်ဖြစ်သွားပြီး သည်ဟာသည် မဟာကွာခြားချက်ကြီးပင်။ သူ ဒါကို ကျွန်မကိုပြောပြဖို့ဆိုပြီး ဆိုသည့်အတိုင်း ပြောပြခဲ့ပြီဖြစ်လေတော့ သူ ကံကောင်းသည်မှာ အမှန်ပင်။ သူနဲ့ နုနုပုံပြင် ပြီးဆုံးလေပြီ။

သို့သော် ကျွန်မရဲ့ ဆက်လက်ဖြစ်ပျက်ဆဲ နုနုပုံပြင်နှင့် ဘယ်လောက်များ ကွာခြားနိုင်ပါလိမ့်။ ပြီးတော့ ကျွန်မ နုနုပုံပြင်ကို နားလည်လက်ခံဖို့ရာ ကျွန်မကို အရင်နားထောင်ရလိမ့်မည်ထင်သည်။

မျက်မမြင်ပုဏ္ဏားများလိုပင် သူ့ရဲ့ ဆင်သည် ယပ်တောင်နှင့်တူဆဲ၊ ကျွန်မရဲ့ ဆင်က ကြိုးခွေနဲ့တူတော့သည်။ သူက ဆင်ရဲ့ နားရွက်ကို စမ်းမိပြီး ကျွန်မက အမြီးစမ်းမိသည်ကို အခြားသော မျက်မမြင်ပုဏ္ဏားများက စမ်းမိသမျှကို
ပြောကြလိမ့်မည်။ ဆင်ဟာ သစ်ပင်နဲ့တူသည်၊ ဆင်ဟာ နံရံကြီးနဲ့ တူသည်... စသည်ဖြင့်ပေါ့။ ဘယ်လောက် ပြက်ချော်သောအမြင်များပါလိမ့်။

သို့သော် ပုဏ္ဏားအားလုံးပင် တစ်ဝက်တစ်ပျက် မှန်ကန်လေသည်။ ပုဏ္ဏား ၆ ယောက်လုံးရဲ့ အမြင်ကိုပေါင်းလိုက်လျှင် ဆင်တစ်ကောင်၏သစ္စာ မှန်ကန်စွာ ဖြစ်လာနိုင်သည်။ ဒီတော့ ကိုနှင်းနွယ်နဲ့ အေးတို့ရဲ့  နုနုပုံပြင် ၂ ခုကို ပေါင်းလိုက်လျှင် ပုံပြင်အမှန် ပေါ်လာဖို့အကြောင်း ရှိပါသည်။

* * *

ကိုနှင်းနွယ်အဆိုအရ သူနှင့်နုနုတို့ရဲ့ လင်မယားဘဝသည် အချစ်ဖြင့်စသော်လည်း အသွင်မတူကြသဖြင့် သုံးနှစ်ခွဲသာ ခံသည်။ ထို တိုတောင်းသောကာလအတွင်းမှာလည်း မပျော်ရွှင်ကြ၊ ဘဝမှာ သူတို့အလိုရှိကြပုံချင်း မတူကြ။ နုနုက သာမန်မိန်းကလေး၊ သူက ပန်းချီဆွဲခြင်းတစ်ခုနောက်ပဲ ကောက်ကောက်လိုက်မည့်သူ။ နုနုက သူ့လို အဆင်းရဲမခံနိုင်၊ ကျွန်တော့်အပြစ်သက်သက်ပါပဲလို့ သူက တာဝန်ယူခဲ့ပါသည်။

သူ နုနုကို ချစ်တယ်တဲ့။ သူသည် အချစ်အိပ်မက် မက်တတ်သူ၊ စိတ်ကူးသိပ်ယဉ်သူဆိုတာ ကျွန်မ အသိဆုံး။ သူ နုနုကို ခိုးပြေးတော့ ၁၈ နှစ်တောင် မပြည့်သေး၊ သူ နုနုကို တကယ်ချစ်ခဲ့သည် ကျွန်မ မထင်ပါ။ နုနုကတော့ သူ့ကို တကယ်ချစ်ခဲ့သလား။

နုနုကို ကျွန်မ ရင်းနှီးစွာသိခဲ့ရသည်။ နုနုကို ကျွန်မ ပိုပြီးသိခဲ့သည်မှာအမှန်။ ညီအစ်မနှစ်ဝမ်းကွဲ၊ အင်းလျားဆောင်မှာ တစ်ခန်းထဲ သုံးနှစ်နေခဲ့သူ။ ကျွန်မအိမ်မှာ ဆယ်နှစ်ကျော်လာနေခဲ့သူ။ ထိုအတောအတွင်း ကျွန်မ ဘင်တန်ဆောင်မှာ၊ ပြီးတော့ အင်္ဂလန်မှာ နေခဲ့သဖြင့် နုနုတို့သားအမိနဲ့ တကယ်အတူနေခဲ့ရသည် မဟုတ်သော်လည်း နုနုနှင့်ကျွန်မ မခွဲခွာကြသေး၊ ဆက်စပ်နေဆဲ။

ကိုနှင်းနွယ် မသိတာတွေ အများကြီးရှိသည်လို့ ကျွန်မ ဆုံးဖြတ်ချက်ချခဲ့သည်။ လက်ထပ်ပွဲမှာ သူပြောသည့်ပုံပြင်အရ နုနုသည် ငယ်ရွယ်လှပသော လူ့ဘဝမှာ သက်သောင့်သက်သာနေချင်တတ်သော၊ တခြားဘာမှ စိတ်မဝင်စားတတ်သော သာမန်မိန်းကလေးမျှသာဖြစ်သည်။ ကျွန်မ သိသည်မှာ နနုသည် အမှန်က ကိုနှင်းနွယ်ထက် ငါးနှစ်ကြီးပြီး သူနှင့်လိုက်ပြေးတော့ နှစ်ဆယ့်သုံးနှစ်ကျော် ရှိလေပြီ။ လူလားမြောက်အရွယ်ရောက်ခဲ့သော မိန်းမတစ်ယောက်ဖြစ်ပြီ။ ဒါကတော့ ကိုနှင်းနွယ် မသိတာတွေ အများကြီးထဲက ပထမဆုံးဥပမာပေါ့။

နုနုက သူ့ကိုချစ်သလား၊ နုနု ဘာစိတ်ကူးပေါက်ပြီး သူ့ကို ချစ်ပါတယ်ဆိုပြီး အင်းလျားဆောင်ကထွက် သူ့နောက်လိုက်သည့်ကိစ္စကို ကျွန်မတစ်သက်လုံး အံ့သြလို့မဆုံး၊ နားမလည်နိုင်လို့ မဆုံးသည်မှာ ယခုထိပင်။ နုနုကလည်း ဘယ်သူ့ကိုမှ ဖွင့်ပြောလိမ့်မည်မဟုတ်။

နုနုကို ကျွန်မ ကောင်းစွာသိခဲ့လေပြီ။ ကျွန်မပြောမည့် နုနုပုံပြင်သည် ကိုနှင်းနွယ်ရဲ့ ပုံပြင်နဲ့ အများကြီးကွာခြားလိမ့်မည်။ ကြားရသူတို့ အလွန်အံ့အားသင့်လိမ့်မည်။

ကိုနှင်းနွယ်ပဲ မှားသလား၊ ကျွန်မပဲ မှားသလား၊ ကျွန်မတို့ နှစ်ယောက်လုံး နည်းနည်းစီတော့ မှန်ကောင်းပါရဲ့ ဟုသာ ကျွန်မ မျှော်လင့်ဆုတောင်းပါသည်။

* * *

အင်းလျားလိတ်ဟိုတယ်က လက်ထပ်ပွဲမှာ သူနှင့် ကျွန်မ တွေ့ကြပြီး ခွဲခွာကြသည့်အခါ သူပြောခဲ့သည်မှာ...
“အေးနဲ့တွေ့ရတာ ဝမ်းသာလိုက်တာ”

သူ့ ရဲ့ မျက်လုံးများ စူးရှတောက်ပြောင်နေပါသည်။ သူ့ရဲ့ ဆံပင်များလည်း ခြောက်သွေ့စပြုလာပြီ။ သူ့ရဲ့ ခေါင်းမာသော ဆံပင်ခွေသည် နဖူးပေါ်ကျလာပြန်သည်။ သူ့ရဲ့ အမြဲပြုံးနေတတ်သော မျက်နှာသည် ပြာနှမ်းရာမှ အနီရောင် သွေးရောင်လျှမ်းလာပြီး ကြည့်လို့ကောင်းလာပါသည်။

“အေးနဲ့ တွေ့ရတာ ဝမ်းသာလိုက်တာ၊ ပြောစရာတွေတော့ ကျန်သေးတယ် အေးရဲ့ "

"ပြန်တွေ့ကြဦးမှာပေါ့” ဟု ကျွန်မက ပြောလိုက်ပါသည်။

ဒီလောက်မြန်မြန်ကြီး ပြန်တွေ့မည်လို့တော့ မထင်ခဲ့ပါ။ ဟုတ်ပါသည်။ သူ အဆုတ်ထဲရေဝင်ပြီး ဖျားနိုင်တာ၊ ဆေးရုံကို ခေါ်ခဲ့ဖို့ကောင်းတာ၊ နောက်ကျပြီး သတိရခဲ့တာ အမှန်၊ သတိရတော့ သူ လျင်မြန်စွာ ထွက်ခွာသွားလေပြီ။ သူ စောင်းဦးဘသန်းတို့လူသိုက်ထဲ ဝင်သွားတာ မြင်လိုက်ပြီး သူ ဘယ်မှာတည်းပါလိမ့်၊ ဘယ်လောက်ကြာကြာ ရန်ကုန်မှာ နေဦးမှာလဲ၊ သူ့အိမ်က ကလောမှာဆို ထင်ပါရဲ့ စသဖြင့် တစ်ဆက်တည်းတွေးခဲ့ပြီး သူ့ဘဝ သူကျောင်းလိမ့်မည်ဆိုကာ အဆုံးသတ်ရသည်။

သူ့ကို ကျွန်မ စိတ်ဆိုးဆဲပင်။ သူ့ကို စိမ်းကားဝေးကွာစွာ စကားပြောခဲ့သည်။ သူနဲ့ နုနုအကြောင်း စိတ်ကူးယဉ်ယဉ်နဲ့ ဖွဲ့ နွဲ့ ခဲ့တာကို ပြုံးပြီးသာ နားထောင်ခဲ့ပါသည်။ သူ့စကား သူယုံနေသမျှ သူစိတ်အေးချမ်းလိမ့်မည်။ အေးချမ်းပါစေတော့ ဟုသာ စိတ်ထားခဲ့သည်။ သူက ပြောစရာတွေ ကျန်သေးတယ်ဆိုတာကိုတော့ နားမလည်လှ၊ သူ့နုနုရဲ့ ပုံပြင် ပြီးသွားပြီ၊ ဘာပြောစရာ ကျန်ပါသေးသလဲ။

နှစ်ရက်အတွင်း ပြန်တွေ့ကြသည်မှာ ကျွန်မရဲ့ ဆေးရုံမှာ သူ အဆုတ်ရောင်ရောဂါနှင့် လာတက်သည့်ည ဖြစ်၏။ ညတာဝန်ကျသော လက်ထောက်ဆရာဝန်က ကျွန်မကို ဖုန်းဆက်ပါသည်။

“မမ မအိပ်သေးပါဘူးနော်၊ လူနာက မမနဲ့ခင်တယ်။ ဆွေမျိုးတော်တယ်ဆိုတယ်၊ ချောင်းဆိုးရင် သွေးပါ ပါခဲ့တယ်ဆိုလို့ မမကို မခေါ်ရင် စိတ်ဆိုးမှာစိုးလို့ ခေါ်တာပါ။ သူက ဒေါက်တာဒေါ်သင်းအေးနဲ့ စကားပြောချင်တယ်တဲ့၊ နည်းနည်းသက်သာရင် မိုးလင်းလင်းချင်းလည်း ဆင်းချင်တယ်တဲ့၊ ကျွန်တော်လည်း ဘာလုပ်ရမယ်မသိတာ အမှန်??၊ လူက ခေါင်းမာမာပဲ” စသဖြင့် တောက်လျှောက်ပြောလေသည်။ အဖျားတော့ ကျသွားပြီတဲ့၊ ချောင်းဆိုးလည်း သွေးမပါတော့၊ ဆေးရုံမတက်ခင် အပြင်မှာ ဆရာဝန်နဲ့ ဆေးထိုးနေပြီး ချောင်းဆိုးရာမှ သွေးပါလာသဖြင့် ဆေးရုံတင်ရခြင်းဖြစ်သည်။ ရေနစ်စဉ်က အဆုတ်ထဲ ရေဝင်ပြီး ရောင်လာတာဖြစ်သည်။

ပထမ ကျွန်မ သတိရသည်မှာ နုနု အိမ်မှာမရှိ၊ နုနုတို့ မော်လမြိုင်ရောက်နေတာ သုံးလကျော်တာပင်။ နုနုသား ကျောင်းမပိတ်ခင်ကတည်းက နုနုရဲ့ ဖခင် ဦးလေးကြိုင် အိပ်ရာထဲ နောက်ဆုံးလဲသည်မို့ ပြန်ကြရသည်။ သူတို့ မော်လမြိုင်မှာ ဆက်နေကြဖို့ရှိသည်ထင်သည်။ နုနု အလုပ်ပြောင်းလုပ်ချင်မလား မသိ၊ သူ့သားကို ရန်ကုန်မှာ ကျောင်းအိပ်ကျောင်းစားထားဖို့လည်း စိတ်ကူးသည်တဲ့။ သူ့အဖေဘက် မောင်ဝမ်းကွဲ ကိုလေးကလည်း မော်လမြိုင်မှာ ကားဝပ်ရှော့ဆိုင်ခွဲဖွင့်ပြီး နုနုရဲ့ မိဘများကို စောင့်ရှောက်နေခဲ့ပြီ။

ကျွန်မ လက်ထပ်ပွဲက ပြန်လာသည်။ တနင်္ဂနွေနေ့က နုနုကို ဖုန်းဆက်ပြီး ကိုနှင်းနွယ်နဲ့ တွေ့ခဲ့ရပုံကို ပြောပြခဲ့သေးသည်။

“နုနု... မဝိုင်းသမီး လက်ထပ်တာ သိတယ်မဟုတ်လား”

“သိတယ်လေ၊ မဝိုင်းတို့က သိပ်ချမ်းသာနေတော့ အရမ်းအကျယ်ချဲ့ တော့မယ်ဆိုတာ ကြားပြီးသား။ ပြောပါဦး ...ပြောပါဦး၊ မဝိုင်းက မင်္ဂလာဆောင်မှာဝတ်ဖို့သက်သက် အမေရိကက စိန်တွေမှာတယ်ဆို၊ ယိုးဒယားက သစ်ခွပန်းတွေ လှိုင်နေတာဆို၊ မင်္ဂလာမဆောင်ခင် တစ်လလုံး ညတိုင်း လူတွေဖိတ်ပြီးကျွေး၊ အရက်တိုက်တာ အကြီးအကျယ်ဆို၊ ပိုက်ဆံအားတိုင်းဖြုန်းနေတာ အံ့သြပါရဲ့၊ မနာလိုလို့ပြောတာ မဟုတ်ပါဘူး”

"လက်ထပ်ပွဲကို ကိုနှင်းနွယ်လာတယ်၊ ဘာမှပြောင်းမသွားဘူး၊ အရင်အတိုင်းပဲ၊ မနေ့တစ်နေ့ကမှပဲ တွေ့ခဲ့ရသေးသလိုပဲ"

နုနုက တိတ်ဆိတ်သွားပြီး “သူ ဘာကိစ္စ ရန်ကုန်လာတာလဲ၊ လက်ထပ်ပွဲလာချင်လို့သက်သက် မဟုတ်နိုင်ပါဘူး”

“စောင်းဦးဘသန်းနဲ့ တွေ့ချင်လို့ဆိုလား၊ ပြီးတော့...”

“ ပြီးတော့....”

“ပြီးတော့ အေးကိုတွေ့ပြီး နုနုနဲ့သူ ဖြစ်ပျက်ခဲ့သမျှတွေ ပြောပြချင်တယ်ဆိုတယ်”

“အဟင်း...အဟင်း...သူ ဘာတွေပြောသလဲ” ဟု နုနုက စိုးရိမ်ကြောင့်ကြသံနှင့် မေးသည်။

“အခု တယ်လီဖုန်းပေါ်မှာ အကုန်ပြောလို့မရဘူး၊ နုနုနဲ့ တွေ့တော့မှ တစ်နေကုန်ထိုင်ပြောမယ်၊ ဘယ်တော့ ရန်ကုန်ပြန်လာမလဲ၊ ဦးလေးကြိုင်​​ကော မသက်သာသေးဘူးလား၊ ပြီးတော့ ပိုအရေးကြီးတာက သူ ရေကူးကန်ထဲ ကလေးတစ်ယောက် နစ်နေတာ ဆင်းဆယ်ရင်း သူပါနစ်သွားတယ်၊ ရေလည်းမကူးတတ်ဘဲနဲ့ သိတဲ့အတိုင်း သူက စိတ်ကူးယဉ်သမား၊ သူ့စိတ်ကူးနဲ့ လုပ်ချင်ရာလုပ်တတ်တာ”

“အေး ပိုသိမှာပေါ့၊ မိတ်ဆွေဟောင်းကြီးပဲ”

ကျွန်မက ဂရုမစိုက်ဘဲ
“အဲဒါ နု နောက်ဆုံးကြိုးစားတဲ့အနေနဲ့ သူ ဘယ်နေတယ်ဆိုတာ စုံစမ်းပြီး လိုက်သွားရင် မကောင်းဘူးလား၊ သူ ဖျားနာနေရင် ဘယ့်နှယ်လုပ်မလဲ”

နုနုက အလွန်စိတ်ဆိုးသွားပါသည်။

“အံ့သြပါရဲ့ အေးရဲ့၊ ပြောမှပြောတတ်တယ်၊ သူ့ကို ပစ်ထားခဲ့ပြီး ဆယ်နှစ် .... ဆယ့်ငါးနှစ်အတွင်း တစ်ယောက်နဲ့တစ်ယောက် တစ်ခါမှ မဆက်ဆံ၊ မပတ်သက်ခဲ့ဘဲ ခုမှ ဘာကြောင့်လိုက်ပြီး ဖျားများနေမလားလို့ ပူပင်ရမှာလဲ၊ အံ့သြပါရဲ့၊ သူ့ကို ဘယ်လောက် မေတ္တာတုံးနေပြီဆိုတာ မသိဘူးလား၊ အံ့ဩပါရဲ့”ဟု ထပ်တလဲလဲ အံ့ဩနေပါသည်။

“မသိဘူးလေ၊ အေးကတော့ နု သူ့ကို စောင့်နေတုန်းပဲ ထင်တာ"

“အေး မသိတာ အများကြီးပဲ၊ ပြီးတော့ ဒီအရွယ်ကြီးအထိ စိတ်ကူးယဉ်တုန်းပဲ” ဟု နုနုက ဆိုပါသည်။

“အေးလေ...၊ အေးက မြန်မာပြည်မှာ မရှိတာလည်း အကြာကြီးကို၊ အေးသိအောင် ပြောရဦးမယ်၊ နု ဖေဖေ့ဘက်က မောင်ဝမ်းကွဲ ကိုလေးနဲ့ လက်ထပ်ဖို့ စီစဉ်ထားတာ ကြာပြီ၊ ကိုလေးက နုကို ကြိုက်လိုက်တာ ရူးမတတ်ပဲ ... ဟဲဟဲ၊ သားသားကို ချော့နေရလို့ ခုလောက် ကြာနေတာ၊ ခု သားသားက ကျေနပ်သွားပါပြီ၊ ဒါပေမဲ့ ဖေဖေက ထပ်ပြီး အိပ်ရာထဲ လဲပြန်တော့ တစ်ခါရွှေ့ ရပြန်ရော။ မေမေက ပြောတယ်၊ သမီးအသက် ခုမှ သုံးဆယ်ပြည့်ရုံ ရှိသေးတာ စောင့်လက်စနဲ့ ဆက်စောင့်လိုက်ပါဦးတဲ့၊ ဖေဖေကတော့ မသေခင် အခြေအနေကျသွားတာ မြင်ချင်တယ်တဲ့၊ ခပ်မြန်မြန် အကျဉ်းရုံးပြီး လုပ်ဖြစ်ချင်လည်း လုပ်ဖြစ်မယ်”

အမှန်က နုနုသည် အသက်လိမ်ပြောထားသဖြင့် ကျွန်မထက် တစ်နှစ်မျှ ငယ်နေသေးသည်။ နုနု ၃၅ နှစ်ကျော်ပြီ၊ ဒါပေမဲ့ သူ့မုသာဝါဒသည် ကျွန်မနှင့်မဆိုင်၊ သူ့တာဝန်သာ ဖြစ်လေသည်။

“နုတို့ ဥပဒေအရ ကွာရှင်းပြီးပြီလား”

“ကွာရှင်းပြီးပြီ”

“သူ အေးကိုမပြောဘူး၊ ဘယ်တုန်းကလဲ”

“လေးငါးနှစ်ရှိပြီ” ဟု ပြောပြီး “ကျေနပ်ပြီလား” ဟု ထပ်ဆက်လိုက်ပါသည်။

“ဘာဖြစ်လို့ အေးက ကျေနပ်ရမှာလဲ၊ ဒါမှမဟုတ် မကျေမနပ် ဖြစ်ရမှာလဲ၊ နုနုနဲ့ ကိုမင်းနွယ်ကိစ္စ အေးနဲ့ ဘာဆိုင်သလဲ" ဟု ကျွန်မက ပြောသည်ကို နုနုက တယ်လီဖုန်းပေါ်မှ ကျယ်လောင်စွာ ရယ်မောပါသည်။ သူ ရယ်မောလို့ မဆုံးနိုင်သည်မို့ ကျွန်မ သည်းမခံနိုင်တော့ဘဲ “ဘာဖြစ်လို့ ဒီလောက်ရယ်လို့ မပြီးနိုင်တာလဲ " ဟု မေးမိပါသည်။

နုနုက ဆက်လက်ရယ်မောနေသေးပြီး “အေးလေ နောက် စနေ တနင်္ဂနွေမှာ ရန်ကုန် လာခဲ့မယ်၊ လေယာဉ်ပျံလက်မှတ် ဝယ်လို့ရကောင်းပါရဲ့၊ ပြီးတော့ ခုချက်ချင်းပဲ ဆုံးဖြတ်လိုက်ပြီ၊ ကိုလေးနဲ့ မြန်မြန် လက်ထပ်လိုက်တော့မယ်။ ဖေဖေလည်း အသေဖြောင့်အောင်၊ ဆန်စက်ကို သူ အုပ်ချုပ်လုပ်ကိုင်ပေးနေတာလည်း ကြာပြီ၊ အားလုံး ကိစ္စရှင်းသွားမှာပေါ့၊ အေးတို့အိမ်မှာ လာပြီးနေခွင့်ရတာကတော့ ဘယ်တော့မှ ကျေးဇူးမမေ့ပါဘူး၊ ဖေဖေကလည်း သူမှားပါတယ်ဆိုတာ ခဏခဏပြောတာပဲ၊ သူ့သမီး သူများအိမ်မှာ သွားနေရတာ သူ့အပြစ်ပါပဲလို့ဆိုတယ်။ အေးနဲ့တွေ့တော့မှ ရှင်းစရာ၊ ပြောစရာတွေ အများကြီး ရှင်းရ၊ ပြောရဦးမယ်”

“ဘာတွေများလဲ နုရယ်” ဟု ကျွန်မ မေးမြန်းဆဲ...

“တွေ့တော့ သိမှာပေါ့။ ဟားဟား” ဟု နုနက ရယ်မောပြန်ပါသေးသည်။

“ဘယ်အချိန် လေယာဉ်ပျံကွင်း ရောက်မှာလဲ၊ အေး လာကြိုမယ်လေ”

“မလိုပါဘူး” ဟု နုနုက မာနကြီးစွာ ပြောပါသည်။

“မသိဘူးလား၊ ကိုလေးက ရန်ကုန်မှာလည်း ကားဝပ်ရှော့ဆိုင်ခွဲတွေ ဖွင့်ထားတာ၊ သူ့ကားနဲ့ ဒရိုင်ဘာ လာကြိုလိမ့်မယ်၊ ပစ္စည်းနည်းနည်းပါးပါးကျန်တာ လာယူချင်လို့၊ အေးနဲ့ ခဏတွေ့တော့ ပြောစရာရှိတာတွေလည်း ပြောရသေးတာပေါ့”

“နုတို့ တစ်ခါတည်း အပြီးပြောင်းပြီပေါ့”

“အေး မသိဘူးလား၊ ပစ္စည်းတွေ အကုန်နီးပါး ပြောင်းပြီးသား”

“အေးက အိမ်ပေါ်မှာပဲနေ၊ ဆေးရုံမှာချည်းပဲလည်း အချိန်ကုန်တော့ အောက်ထပ်မှာ နုနု ဘာလုပ်နေတယ်ဆိုတာ သိပ်မသိပါဘူး၊ မစပ်လည်း မစပ်စုချင်လို့မို့ နုနု စိတ်လွတ်လွတ်လပ်လပ်ရှိအောင်လို့ပါ”

“ကျေးဇူးပါပဲ ဆရာဝန်မကြီးရယ်” ဟု နုနုက ရယ်မောလိုက်သေးသည်။

"ပြန်တွေ့ကြသေးတာပေါ့” ဟု ကျွန်မက တိတ်ဆိတ်စွာပြောလျှင် နုနု ထပ်ရယ်မောပြီး ပြန်တွေ့ကြသေးတာပေါ့ဟု သဘောတူပါသည်။

နုနုနှင့်ကျွန်မ ကိုနှင်းနွယ်အကြောင်းကို ဒီတစ်ခါ ရင်ဆိုင်ပြီး ကျကျနန စကားပြောကြဖို့ရှိသည်။ သူတို့ ကွာရှင်းပြီးသားဆိုသည်ကိုလည်း ခုမှသိရပြီး ကိုနှင်းနွယ်က လက်ထပ်ပွဲမှာ ဘာမှမပြောခဲ့တာ သိရသေးတယ်၊ သူ မေ့သွားလို့ပဲဖြစ်မှာပဲ၊ သူက ဥပဒေကိစ္စတွေဘာတွေ သိပ်ဂရုစိုက်တဲ့လူမဟုတ်၊ ကွာရှင်းတာထက် ခွဲခွာတာက ပိုအရေးကြီးတာ ဖြစ်လိမ့်မည်။

နုနုနှင့် စကားပြောပြီး တနင်္ဂနွေတစ်ညလုံး ကျွန်မ ကောင်းကောင်းအိပ်မပျော်ဘဲ အိပ်မက်များဖြင့် ချောက်ချားနေသည်။ အိပ်မက်ထဲမှာ ကျွန်မတို့အားလုံး ငယ်ရွယ်သေးပြီး အင်းလျားဆောင်ကနေ ကျောင်းတက်ကြမည့်အချိန် ဖြစ်သည်။ ထိုပတ်ဝန်းကျင်ကို ကျွန်မ ခဏခဏ အိပ်မက်မက်တတ်လို့ ကျွန်မရဲ့ အတွင်းစိတ်က ဝိုးတိုးဝိုးတား၊ တစ်ခါတစ်ရံ ပီသထင်လင်းစွာ အရိပ်အရောင်နှင့် အကောင်အထည်ပေါ်လာတတ်သည်။

ထိုည အိပ်မက်ထဲမှာ ကိုနှင်းနွယ်နှင့်တွေ့ပြီး ကျွန်မက “ဘာဖြစ်လို့ နုနုနဲ့ ကွာရှင်းတာ ပြောမပြတာလဲ” လို့ မေးနေသည်။ “သိပ်မိုက်တာပဲ” လို့လည်း အပြစ်တင်နေသည်။ “သူရော အေးပါ သိပ်အတာပဲ” လို့လည်း ထပ်တလဲလဲ ပြောနေသည်။

နိုးလာလျှင် ကျွန်မဖတ်ခဲ့ရသော ဖရိုက်၏ အိပ်မက်များကိုဘာသာပြန်ခြင်းစာအုပ်အရ ကျွန်မ ညက အိပ်မက်ကို ဘာသာပြန်ဖို့ ကြိုးစားသော်လည်း သိပ်မသေချာပါ။

ပြီးတော့ ကိုနှင်းနွယ်ကို ဆေးရုံခေါ်ခဲ့ဖို့ကောင်းတယ်၊ သူ နမိုးနီးယားဖြစ်ရင် ဘယ့်နှယ်လုပ်မလဲ၊ သူ့ကိုယ်သူ ဂရုမစိုက်လို့ အဖျားပြင်းပြီး သေသွားရင် ဘယ့်နှယ်လုပ်မလဲ၊ သူသေသွားရင် အေး နောင်တရလို့ ဆုံးနိုင်မယ်မဟုတ်၊ သူ့ကို အေး စိတ်ဆိုးတာ၊ ခွင့်မလွှတ်တာ၊ စိမ်းကားစကားပြောတာသာ သူသိပြီး သေဆုံးသွားရရင် အေးတော့ ရူးမှာပဲ၊ သေချင်မှာပဲ။

သူဖျားရင် ဆေးရုံကြီးတော့ ရောက်လာရမှာပဲ။ သည်လောက် သူ့ဘဝကို ဆိုးဆိုးဝါးဝါး အဖြစ်ခံအောင် မိုက်မဲသူတော့ မဟုတ်နိုင်၊ ဆေးရုံရောက်လာသည့် လူနာသစ်စာရင်းမှာ သူ့နာမည်ပါလာလေမလား။

တနင်္လာနေ့မှာ သူ့နာမည်မတွေ့။ အင်္ဂါနေ့ညမှ ဆေးရုံက ဖုန်းဆက်ခေါ်တော့သည်။

“မမ မအိပ်သေးပါဘူး” ဟု ကျွန်မက လက်ထောက်ဆရာဝန်ကို ပြောလိုက်ပါသည်။ ပြီးတော့ ဆေးရုံကို ချက်ချင်းလာခဲ့သည်။ လူနာကို ပြောထားစေချင်သည် ဆိုတာတွေ စီစဉ်ပြီး ထိုည ဆေးရုံမှာ အိပ်ဖြစ်ချင်ဖြစ်ဖို့အတွက် စီစဉ်ပါသည်။ ကြောင်မလေး ပက်ပီကို အစာသစ်စားဖို့ ရေသစ်သောက်ဖို့ ဖြည့်ရသည်။ ရေလဲရသည်။ ခြံစောင့်ဒရဝမ်ကို ရှင်းလင်းပြောပြရသည်။ မမ မနက်ဖြန်ညမှ ပြန်လာနိုင်မယ် ထင်တယ်ဆိုတာ။

ကျွန်မရင်ထဲ တထိတ်ထိတ်ခုန်စွာ၊ လက်ဖျားများ တုန်စွာ မထင်မမှတ်မိဘဲ ကားကို လျင်မြန်စွာမောင်းခဲ့၊ ဆေးရုံသို့ ရောက်ခဲ့လျှင်တော့ သူ လှေကားဝမှာ လာကြိုနေသည်ကို မြင်ရ၏။ လက်ထောက်ဆရာဝန်က တစေ့တစောင်းကြည့်ပြီး စောင့်နေပါသည်။ လှေကားမှ အပြေးတက်ခဲ့ပြီး “ဘာလို့ အိပ်ရာထဲ လှဲမနေနိုင်တာလဲ” ဟု ကြိမ်းမောင်းမိပါသည်။ ပြီးတော့ သူ့ကို လူနာအထူးကုခန်းမှ ကျွန်မရုံးခန်းနှင့် ကပ်နေသော အခန်းနံပါတ်တစ်သို့ရွေ့ဖို့ စီစဉ်ချင်သည်။

“စစ္စတာ၊ စစ္စတာ”

လက်ထောက်ဆရာဝန်နှင့် စစ္စတာတို့ အလုပ်များဆဲ ကျွန်မ သူ့ရဲ့ လူနာမှတ်တမ်းကို ဖတ်ရ၏။ သူ ဆေးရုံမရောက်ခင် ရခဲ့သည့်ဆေး၊ အဖျားအပူချိန်၊ အသက်ရှူပုံ၊ နှလုံးနှင့် သွေးတိုးပုံတို့ကို လေ့လာရ၏။ သူ အဖျားကျသွားပြီ၊ ဓာတ်မှန်ကမူ အဆုတ်ရောင်၍ ရေဝင်ဟန်ကိုပြဆဲ။ ရောဂါပိုးသတ်ဆေး၊ အိပ်ဆေးနှင့် ချောင်းဆိုးဆေးလည်း ပေးထားကြတော့ သူ အများကြီးသက်သာနေတာ သိရပါမည်။ ညနေက အစာလည်း နည်းနည်းဝင်ပြီတဲ့။

နာရီဝက်မျှ ကြာသွားပြီး သူလည်း အခန်းတစ်ထဲ ရောက်သင့်ပြီထင်ကာ ကျွန်မ ရုံးခန်းမှထွက်ခဲ့၏။ သူ့အိပ်ရာ ဘေးထိုင်မိလျှင်တော့ သူ အိပ်ပျော်သွားသည်ကို သိရ၏။ သူ့ရဲ့ ခေါင်းမာသော ဆံပင်ခွေသည် နဖူးပေါ်ကျနေမြဲပင်။ သေသေချာချာကြည့်တော့ သူ့မှာ ထိပ်ဗွေဆိုတာရှိပြီး နဖူးအထက်က ဆံပင်သည် ခွေရစ်၍ ပေါက်သည်မို့ နောက်ပြန် ဖြီးသပ်လို့ မရနိုင်တာ နားလည်ရသည်။ သူ့ ရဲ့ ဖြောင့်တန်းသောနှာတံနှင့် သပ်ရပ်သော နှုတ်ခမ်းစုံများကို ပိုမိုသတိပြုမိကာ “လူချောပဲ” ဟု ခပ်ပြုံးပြုံး တွေးပါသည်။ သူ အိပ်ပျော်နေတော့ ကျွန်မ သက်တောင့်သက်သာ စိတ်ထားနိုင်ပြီ၊ စိတ်ဆိုးခြင်းဖြင့် စိမ်းကားဝေးကွာဟန် ပြနေဖို့မရှိပါ။

သူနဲ့အေး ကောလိပ်ကို တစ်နှစ်တည်း ရောက်ခဲ့တာ၊ နှစ်ယောက်စလုံး ၁၅ နှစ်ကျော်ရှိသေးတော့ ကောလိပ်တက်ခွင့်ရဖို့ ကြိုးစားကြရာမှာ ကျောင်းအုပ်ရုံးခန်းထဲမှာတွေ့ပြီး သိကျွမ်းကြတာ သတိရနေသည်။ သူနဲ့ကျွန်မ နှစ်ယောက်လုံး ဂုဏ်ထူး ၂ ခုစီနှင့် မက်ထရစ်အောင်လာသူများဖြစ်တော့ စာဖတ်ဝါသနာပါသူ၊ ဂီတဝါသနာပါသူများဖြစ်တော့ စကားပြောလို့ ကောင်းသည်။ သူက ပန်းချီဆရာဖြစ်ချင်သည်။ ကျွန်မကလည်း ဝါသနာပါသူ၊ ဒါပေမဲ့ ဆရာဝန်လိုင်း လိုက်ရမည်လို့ မိဘမရှိသော ကျွန်မကို အုပ်ချုပ်သောဒေါ်ကြီးက စီမံခဲ့လေပြီ။

စလေပြီ။

သူက မန္တလေးသားမို့ အင်းဝဆောင်မှာ အခန်းရသည်။ ကျွန်မက ရန်ကုန်သူဖြစ်သော်လည်း ၆ မိုင်မှာ နေလေတော့ အင်းလျားဆောင်မှာ အခန်းပေးရပြန်သည်။

ကျောင်းအုပ်ရုံးခန်းမှာ ၂ ခါ၊ ၃ ခါတွေ့ပြီး “ကျွန်တော် လာလည်မယ်နော် အေး” လို့ သူက ပိုင်စိုးပိုင်နင်း ပြောလိုက်သည်။ ဘယ်တော့မှ မသင်းအေးလို့ မခေါ်ခဲ့၊ အမြဲတမ်း အေးပဲ၊ အေးက ကျွန်မလို့ မပြောတတ်ဘဲ အေးလို့ ကိုယ့်ကိုယ်ကိုယ် ခေါ်နေလို့လားတော့ မသိ။

သူက ဖျတ်ခနဲ နိုးလာပါသည်။ အေး ငြိမ်သက်စွာ ထိုင်နေသည်ကိုမြင်ပြီး ပြုံးပြလိုက်ပါသည်။ သို့သော် ခေါင်းအုံးများ ဆင့်ထားသည်ကို မှီမြဲမှီနေရင်း “ကျွန်တော် အများကြီး နေကောင်းသွားပြီ၊ ဒါကြောင့် အေးကို ခေါ်ပေးပါလို့ ပြောရတာ၊ စိတ်မဆိုးပါဘူးနော်” ဟု မေးပါသည်။

“ကျွန်တော် မြန်မြန်လည်း ကလောပြန်ချင်တယ်၊ အေးနဲ့ မတွေ့ရဘဲ မပြန်နိုင်လို့ အေးကို ခေါ်ခိုင်းရတာ”

“ကိစ္စမရှိပါဘူး” ဟု ကျွန်မက ခပ်ပြတ်ပြတ် ပြောစပြုပါသည်။

“အေးကို စောင့်နေရင်း ဘယ်လိုအိပ်ပျော်သွားမှန်း မသိဘူး၊ အိပ်ဆေးပေးထားတော့ တားလို့မရဘူး၊ နေလည်း ကောင်းနေလို့ထင်ပါရဲ့ ၊ အသက်ရှူလည်း မကျပ်တော့ဘူး”

“ရင်ဘတ်မနာတော့ဘူးလား”

“မနာတော့ဘူး၊ ချောင်းဆိုးလည်း သက်သာနေပြီ။ မနက် ဆင်းလို့ရမလား”

“ရန်ကုန်မှာ ဆက်မနေချင်ဘူးလား”

“ဆက်နေစရာ အကြောင်းမှမရှိတာ”

“ဓာတ်မှန်က သိပ်မကောင်းသေးဘူး” ဟု ကျွန်မ ပြောလိုက်ပြီး ကျွန်မတို့ တိတ်ဆိတ်နေပါသည်။

ကျွန်မ အနည်းငယ် ဝမ်းနည်းလာပြီး လောကမှာ ငါတစ်ယောက်တည်းဆိုသည့်အတွေးများ ဝင်လာပါသည်။

“အေး အိပ်ပျက်နေပြီ” လို့ သူက စကားစပါသည်။

“ကျွန်မ သိပ်မအိပ်တတ်ပါဘူး၊ လုပ်စရာရှိတာပဲ နေ့ရောညပါ လုပ်နေတာပဲ။ စာဖတ်၊ သီချင်းနားထောင်နေတာပဲ”

“လူနာတွေကိစ္စနဲ့ မအားဘူးပေါ့နော်၊ ကျွန်တော်က ခုတော့ အေးရဲ့ လူနာပဲ”

“ဒါပေါ့ရှင်” လို့ ကျွန်မက စကားများများ မပြောချင်ဟန်နှင့် ဆိုလိုက်ပြီး သူ့ကို အေးက စိတ်ဆိုးနေလျက်နဲ့ သေသွားမှ ဘယ်လောက်ပူခဲ့တယ်ဆိုတာ သူဘယ်တော့မှ သိမယ်မဟုတ်၊ သိအောင်လည်း မပြောနိုင်၊ အင်အားမရှိ၊ သတ္တိမရှိ၊ ဘာကြောင့်များ လူ့ဘဝဟာ ရှုပ်ထွေးပွေလီနေပါလိမ့်ဟု သတိရသည်။

“ကျွန်တော်လည်း ဒီည ဘယ်လို ဒီဆေးရုံမှာ နေရမယ်ဆိုတာ မစဉ်းစားတတ်ဘူး၊ အိပ်ဆေးသောက်ပြီးလည်း ထပ်မအိပ်ချင်တော့ဘူး၊ စာအုပ်လည်းပါမလာဘူး၊ အေး အိမ်ပြန်ချင်ပြီလား”

“မပြန်သေးပါဘူး”

“အေး ဒီမှာထိုင်ပြီး ကျွန်တော်နဲ့ စကားပြောနေချင်မယ် မဟုတ်ပါဘူး၊ တကယ်ပါ၊ ကျွန်တော် သိပ်အားနာပါတယ်၊ အေး အိမ်ပြန်တော့လေ”လို့ သူကပြောနေလျှင် သူ ဒီလိုပြောရက်တယ်ဟု ကျွန်မသည် စိတ် ထစ်ခနဲ ဆိုးပြီး “ဒီမှာ ကိုနှင်းနွယ်” လို့ ခေါ်လိုက်ပါသည်။

သူက မျက်လုံးများ စူးရှပြောင်လက်ပြီး လက်နှစ်ဖက်ကို ပိုက်၍ သူ့ကိုယ်သူ ဖက်ထွေးလိုက်ကာ "အေးရယ် ဝမ်းသာလိုက်တာ၊ ကျွန်တော့်နာမည် ခေါ်တာ ပထမဆုံးကြားရတာ”

ကျွန်မက ဘာမှမပြောဘဲ နေပြန်တော့...

“တနင်္ဂနွေနေ့က တစ်ချိန်လုံး လက်ထပ်ပွဲမှာ ကျွန်တော်တို့ သူစိမ်းတွေလိုပဲ၊ အေးက ရှင်နဲ့ကျွန်မနဲ့ ပြောသံ စကားသံက စိမ်းကားလိုက်တာ၊ ကျွန်တော့်ကို သိပ်စိတ်ဆိုးနေတာ သိပေမဲ့ စိတ်ဆိုးသင့်ပေမဲ့ ဒီလောက် အကြာကြီးတော့ မဆိုးသင့်ပါဘူး ထင်တာပဲ၊ အေးက နုနုကို တော်တော်ချစ်တာပဲ၊ နုနုအတွက် သိပ်နာတာပဲ”

ကျွန်မက ဘာမှမပြောဘဲနေဆဲ သူ ကျွန်မကို စနေတာပဲလို့ တွေးနေဆဲ...

"ဒါပေမဲ့ အေးကို ကျွန်တော် ထပ်ပြောရဦးမယ်၊ ကျွန်တော့်ကို ရက်စက်တယ်၊ ရိုင်းစိုင်းတယ် ထင်ချင်ထင်ပါ။ ကျွန်တော် နုနုကို စိတ်လုံးဝ မဝင်စားတော့ဘူး။ သူ့ကို ခဏလေးနဲ့ စိတ်ပျက်ခဲ့ပြီး သူထွက်သွားတော့ တကယ်တော့ တစ်ခါမှ မလွမ်းခဲ့ မဆွေးခဲ့ သတိမရ၊ မတမ်းတနိုင်ပါဘူး။ တမ်းတစရာမှ မရှိတာ၊ တကယ်တော့ သူ့ကို ချစ်တယ်ဆိုတာတောင် ကိုယ့်ကိုယ်ကိုယ် လှည့်စားတဲ့စိတ်ပဲ ထင်ပါတယ်၊ အမှားလုပ်ခဲ့ပြီ ဆိုတာ ဝန်မခံချင်လို့ အမှန်ကို ငြင်းဆန်တဲ့စိတ်ပဲ ထင်ပါတယ်”

“ဪ...ဟုတ်လား”

ကျွန်မ စိတ်ဆိုးနေဆဲပင်။ “ဘယ်တုန်းက အဲဒီလို နိုးကြားသိမြင်လိုက်ပါလိမ့်ရှင်” ဟု မေးလိုက်ပါသည်။

"မင်္ဂလာဆောင်မှာ တွေ့တုန်းကတော့ တစ်မျိုးပါလား၊ ရှင် နုနုကို ကျေနပ်အောင် အများကြီး လုပ်ခဲ့တယ်မဟုတ်လား၊ အများကြီး သည်းခံခဲ့တယ်မဟုတ်လား၊ စာရေးတောင် ဝင်လုပ်တယ်မဟုတ်လား၊ ဒီသားနဲ့ ဒီမယားနဲ့ တစ်သက်လုံး စွဲစွဲမြဲမြဲ နေတော့မယ်လို့ ကြိုးစားခဲ့တယ် မဟုတ်လား”

သူက အနည်းငယ်အံ့အားသင့်ပြီး တုံ့ဆိုင်းနေပြီး “အဲဒါတွေ ကျွန်တော်မလုပ်ခဲ့ရင် ကျွန်တော် လူကောင်းတစ်ယောက် ဘယ်ဖြစ်နိုင်ပါ့မလဲအေးရယ်၊ နုနု ကျွန်တော့်ကို ချစ်တယ်လည်းထင်တော့ သူ့ အချစ်ကို ရိုသေထိုက်တယ်လည်း ထင်ပါတယ်၊ ကျွန်တော့်ကို ဘယ်သူတွေ ဘယ်လိုစွပ်စွဲကြပေမဲ့ ကျွန်တော် ဘယ်သူ့ကိုမှ ရန်မပြုချင်တာ အရင်းခံအမှန်ပါ။ ကျွန်တော့်ဘဝကို ကျွန်တော် ကြိုက်သလို နေတဲ့အဖြစ်မှာ ဘယ်သူမှ ပါဝင် ဒုက္ခရောက်စေဖို့ မလိုလားအပ်ပါဘူး၊ ကျွန်တော်ဟာ အိမ်နဲ့ရာနဲ့ သားနဲ့မယားနဲ့ နေထိုက်သူမဟုတ်ဘူး ထင်ပါတယ်၊ အားလုံးဟာ ကျွန်တော့်အမှားပဲ၊ ကျွန်တော့်အပြစ်ပဲလို့ ထားပါလို့ ပြောပြီးပြီမဟုတ်လား၊ ဒါပေမဲ့ အေး သိစေချင်တာက ကျွန်တော် နုနုအပေါ် မေတ္တာလုံးလုံး မရှိနိုင်တာကြာပြီ၊ နှစ်များစွာကြာခဲ့ပြီ။ လင်မယားဘဝနဲ့ ကိုယ်ခန္ဓာချင်းတောင် ကောင်းကောင်းမချစ်နိုင်ခဲ့ဘူး၊ မနောချစ် ဆိုတာလည်းမရှိခဲ့၊ သူနဲ့ မဖြစ်နိုင်ဘူး၊ အဲဒီလိုပဲ ပြန်တွေးတာပဲ”

ကျွန်မတို့သည် တိတ်ဆိတ်နေကြပြန်ပါသည်။ အပြင်မှ သူနာပြုဆရာမများ၊ အလုပ်သင်ဆရာဝန်များ တစ်ချက်တစ်ချက် ဖြတ်လျှောက်သွားခြင်းက ကျွန်မကို သတိရစေသည်။ သူနှင့်ကျွန်မသည် လူနာနှင့် ဆရာဝန်ဖြစ်ပြီး ကိုယ်ရေးကိုယ်တာကိစ္စများ ဆေးရုံခန်း နံပါတ်တစ်မှာ ကြာရှည်ပြောနေကြဖို့ မသင့်လျော်ဘူးထင်ပါသည်။

သူက ချောင်းအနည်းငယ် ဆိုးနေပြန်သည်။ သူ ပင်ပန်းနေပြီလား၊ အဖျားရောဂါ ထင်သလောက်သက်သာတာ မှန်ရဲ့လားလို့ ကျွန်မ ပူပင်ပြီး သူသေသွားရင် ဘယ့်နှယ်လုပ်မလဲ။ အေး ဒုက္ခရောက်မှာအမှန်ပဲလို့ တွေးပြန်သည်။

သူ ဘာဖြစ်လို့ အေးကို ဒါတွေပြောနေတာလဲလို့ မေးချင်ပြီး မမေးနိုင်။

“အေး စိတ်မဆိုးပါနဲ့၊ ဒါပေမဲ့ ပြောပါရစေဦး၊ နုနုဟာ အေးနဲ့ ညီအစ်မတော်တာ အေး သူ့အတွက်နာတာ နားလည်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်လည်း အေးနဲ့ သူငယ်ချင်းတော်ပါတယ်၊ သူငယ်ချင်းတော်တယ်လို့ ထပ်ပြောချင်တယ်။ မရယ်ပါနဲ့၊ ကောလိပ်မှာ ကျွန်တော်တို့ ခင်ခဲ့ကြတာကို တန်ဖိုးမထားတော့ဘူးလား၊ အဲဒီသူငယ်ချင်းအဖြစ်ဟာ တစ်သက်လုံးမြဲရမယ့်အဖြစ်ပါ၊ ကျွန်တော့်ဘဝထဲမှာ နှစ်နှစ် သုံးနှစ်လောက် နုနုနဲ့ပတ်သက်ပြီး ကိစ္စများပြီး နောက်တော့လည်း ပြေပျောက်သွားတာဟာ ဒီလောက်ပဲ အရေးကြီးသလား၊ အဲဒီ ခဏတစ်ဖြုတ် ကိစ္စတစ်ရပ်အတွက် အေးရဲ့ သူငယ်ချင်း မိတ်ဆွေအဖြစ်ကို လက်လွှတ်ရမယ်လား၊ အေးကို ကျွန်တော် ဆုံးရှုံးရမယ်လား၊ အင်းလျားဆောင်မှာ နုနု ကျွန်တော့်ဘဝထဲ မသိမသာဝင်လာကတည်းက အေး ကျွန်တော့်ကို စိမ်းကားခဲ့တယ်၊ ရှင်နဲ့ ကျွန်မနဲ့ပဲ ပြောပြီး ကျွန်တော့်နာမည်တောင် မခေါ်နိုင်ခဲ့တာ သတိထားခဲ့ရတယ်”

ကျွန်မ သူ့ကိုသာကြည့်ပြီး သူပြောသမျှသာ နားထောင်နေလိုက်သည်။

“အေး မကြိုက်လည်းနေ၊ စိတ်တစ်သက်လုံး ဆိုးချင်လည်းဆိုး၊ အမှန်ပြောရရင် နုနုဟာ ကျွန်တော့်ဘဝထဲ မဝင်သင့်ဘဲ ဝင်လာပြီး ကျွန်တော့်ဒုက္ခဟူသမျှဟာ အဲဒီကတည်းက စတယ်ထင်တာပဲ၊ သူထွက်သွားတော့မှ ငြိမ်းချမ်းသွားတာပဲ၊ အနာကျက်ပြီး အမာရွတ်ဖြစ်သွားတာပဲ”

“သူ ဘာဖြစ်လို့ ဒါတွေပြောနေလဲ”

ကျွန်မ နောက်ဆုံး မေးလာနိုင်ပါပြီ။

"ညက တစ်ညလုံး အိပ်မပျော်ဘူး၊ အဲဒါက အေး ပြောသလို နိုးကြားသိမြင်လိုက်ခြင်း အစပဲ” ဟု သူက စတင်ပါသည်။ “ကျွန်တော် တစ်ခါမှ ဆေးရုံမတက်ဖူးတော့ သေခါနီး လူနာတွေကြားထဲမှာ ကျွန်တော်လည်း သေသွားရင် သေသွားနိုင်တယ် ဆိုတဲ့အကြောင်းကို တွေးနေမိတယ်။ သေမင်းနဲ့ မျက်နှာချင်းဆိုင်မိပြီပေါ့။ ကျွန်တော် သိပ်ကို ထိတ်လန့်သွားတယ်။ မနက်မိုးလင်းလာတာ၊ နေထွက်လာတာ၊ ငှက်ကလေးတွေမြည်ကြတာ၊ လူတွေ နိုးလာတာ၊ မြင်ရတော့ပါ့မလားလို့ တွေးတယ်၊ သေသွားပြီဆိုရင် အားလုံး ပြီးဆုံးပျက်ပြားသွားပြီပေါ့။ တစ်နည်းအားဖြင့် ငြိမ်းချမ်းသွားခြင်းပေါ့။ ဒီတော့ ဘယ်လို ကိုယ့်ဘဝမှာ နေခဲ့ပါလိမ့်၊ ကျေနပ်စရာဘဝမှ ဟုတ်ရဲ့လားလို့ စေ့ငုချင်လာတယ်”

သူ့မျက်လုံးများ ဝင်းပလာပြန်သည်။ သူ စိတ်အားထက်သန်လာသည်။

“တကယ်တော့လည်း ကျွန်တော် မသေချင်သေးပေမဲ့ သေရမှာလည်း မကြောက်လှပါဘူး၊ တွေးမိတယ် တစ်ခုပဲ၊ ဝမ်းနည်းစရာက ငါ စိတ်ရှိသလောက် ပန်းချီချပ်များများ မဆွဲခဲ့ရသေးဘူး၊ တကယ် ကိုယ်တိုင်ကြိုက်တဲ့ကား တစ်ချပ် နှစ်ချပ်တောင် မဆွဲရ၊ မစရသေးဘူးလို့။ ပြီးတော့ သေခါနီး မောလာရင် ဝေဒနာခံစားလာရရင် ဆရာဝန် ဆရာမတို့ကို မြန်မြန်ပြီးဆုံးသွားအောင် ကူညီကြပါလို့ တောင်းနိုင်ပါ့မလား၊ အကူအညီပေးကြပါ့မလားလို့ ပူတယ်။ ဒါလည်း သိပ်အရေးမကြီးပါဘူး၊ ဝေဒနာခံစားရတာကို သေခါနီး သိချင်မှ သိတော့မှာ၊ အရေးအကြီးဆုံးကတော့ အေးကို တွေ့ချင်တာပါပဲ”

ကျွန်မ တိတ်ဆိတ်မြဲ တိတ်ဆိတ်ဆဲ။

သူက...“အေး ယုံစေချင်တယ်၊ အေး ယုံရဲ့လား”

ကျွန်မသည် ဆို့နင်နေသည်ကို မျိုချပြီး “အေး ယုံပါတယ်” ဟု ပြောလိုက်ပါသည်။

“သေမင်းနဲ့ ရင်ဆိုင်တွေ့လိုက်ရတာ ကျွန်တော့်ကို အသိအမြင်မှန်တွေ ရလိုက်စေတယ်လို့ ပြောရမလား၊ ကျွန်တော် ဟန်ဆောင်နေတာတွေ ကိုယ့်ကိုယ်ကိုယ် လှည့်ဖြားနေတာတွေ၊ မာနထားမှန်းမသိ ထားနေတာတွေ၊ အမှန်ကို ဝန်ခံရမှာ ရှက်နေတာတွေ၊ အဲဒါတွေအားလုံးဟာ လုံးဝ အသုံးမကျ ဖြစ်သွားပြီ။ ကျွန်တော် ညံ့ဖျင်းခဲ့တဲ့ဘဝကို သိစေချင်၊ သိဖို့ကောင်းတဲ့သူဟာ အေးတစ်ယောက်ပဲလို့ အလင်းရောင်ကောင်းကောင်း ရခဲ့တာပါပဲ”

“ဒါပေမဲ့ တနင်္ဂနွေနေ့ကမှ ကျွန်မတို့ ပြန်တွေ့တာပဲ” ဟု ကျွန်မက ပြောလိုက်လျှင်...

“နုနုထွက်သွားပြီး အေးကို ဆေးကျောင်းမှာ ကျွန်တော် လာတွေ့ဖို့ အခါတစ်ရာ ကြိုးစားတာ အေး မသိဘူးလား၊ အေး လက်မခံခဲ့ဘူးထင်တာပဲ၊ ကျွန်တော် အမြဲအံ့ဩခဲ့တယ်၊ ကျွန်တော့်ကို ဘာကြောင့်များ ဒီလောက် ရှောင်ကွင်းနေပါလိမ့်၊ ဘာကြောင့် စိတ်ဒီလောက်ဆိုးရတာလဲ။ မသိနိုင်၊ နားမလည်နိုင်၊ အေး ဘာမှ ပြောမပြ...”

“အေး အင်္ဂလန်သွားနိုင်ဖို့ ကြိုးစားနေ၊ အလုပ်များနေတာပဲ။ မြန်မာပြည်ပြန်လာဖို့တောင် စိတ်မရှိ မသေချာတော့ ဘာကိုမှ မတွယ်တာချင်တော့ဘူး” ဟု ကျွန်မက တစ်ဝက်တစ်ပျက် ဖြေရှင်းသလို ပြောသည်။

သူက ကိုယ်ကို ရှေ့သို့ ကိုင်းလိုက်ပြီး ကျွန်မနဲ့ နီးစပ်စွာ မျက်နှာချင်းဆိုင် ထိုင်လိုက်ပြီး ...
“ဟိုးရှေးဘဝ တကယ့်အစကအကြောင်းကို စရရင် မှတ်မိသေးလား၊ ၄၇ ခုနှစ် ကျောင်းပိတ်ရက် တစ်နွေမှာ အေး ရန်ကုန်က ထွက်သွားလိုက်တာ ခါတိုင်းလို ဆူးလေဘုရားနဲ့ ရွှေဘုံသာလမ်းမှာ ကျွန်တော်နဲ့ မလည်နိုင်တော့ဘူး၊ မော်လမြိုင်ကို နုနုနဲ့ လိုက်သွားတာလေ၊ အဲဒီတုန်းက နုနုဟာ အေးရဲ့ ညီအစ်မ သူငယ်ချင်းအနေနဲ့ ကျွန်တော်တို့ကြားထဲ အနှောင့်အယှက်ပေးဖို့ ဝင်လာတယ်တောင် ထင်မိတယ်။ အဲဒီကတည်းက အေးဟာ ကျွန်တော့်ကို စပြီး စွန့်ခွာတယ်လို့ ခံစားခဲ့ရတယ်”

ကျွန်မသည် “ကိုနှင်းနွယ်” လို့ ညင်သာစွာ ခေါ်လိုက်ပါသည်။ ကျွန်မအသံ တုန်အက်သည်ကိုလည်း မဖုံးကွယ်နိုင်ပါ။ စိတ်ဆိုးခြင်းထက် ဝမ်းနည်းကြေကွဲခြင်းက ပိုမိုသွားပြီ။

“ကိုနှင်းနွယ်... အေးဆီကို ဘာလို့ စာမရေးသလဲ...”

သည်မေးခွန်းကိုမေးဖို့ နှစ်ပေါင်းများစွာ စောင့်ခဲ့သည်။

“ကိုနှင်းနွယ် အေးဆီကို စာမရေးဘူး၊ သူ့စာကို နေ့တိုင်းမျှော်တယ်၊ စာပို့သမားလာပေမဲ့ စာပါမလာဘူး၊ တစ်နွေလုံး စာတစ်စောင်မှမရဘူး...”

သူ စာမရေးသည်ကို ကျွန်မ နားမလည်နိုင်ခဲ့၊ ခွင့်မလွှတ်နိုင်ခဲ့၊ မော်လမြိုင်အိမ်မှာ စာပို့သမားလာလျှင် နုနုက အရင်ဦးအောင် ပြေးဆင်း စုံစမ်းကာ “တစ်စောင်မှ မပါဘူး အေးဖို့” ဟု ခပ်ပြတ်ပြတ်ပြောကာ ခေါင်းခါနေတတ်သည်။

ကျွန်မ ဘယ်လောက် ဝမ်းနည်းခဲ့သလဲ၊ ရင်တွင်း ပူပင်ခဲ့သလဲ၊ ရှက်ကြောက်ခဲ့သလဲ၊ ဘာမှ မထိခိုက်လှသလို ဟန်ဆောင်ခဲ့သလဲ၊ နုနုကို မကောက်ကျစ်ဘူးလို့ ယုံကြည်ခဲ့သလဲ။

သူက ကျွန်မရဲ့ ပခုံးများကိုကိုင်ပြီး လှုပ်ယမ်းပြီး “အေး . . . အေး . . . ကျွန်တော် စာတွေရေးတာပေါ့အေးရယ်၊ အေးမရဘူးပေါ့၊ အေး စာမပြန်တာပဲ ကျွန်တော်သိတယ်၊ အေး ကျွန်တော့်ကို မဆက်ဆံချင်တော့ဘူးလို့ပဲ ထင်ခဲ့တယ်"

ကျွန်မတို့နှစ်ယောက်လုံး စကားမပြောနိုင်အောင် အံ့အားသင့်နေကြသည်။ သည်လို သူတစ်ပါးစာများကို ကြားထဲက ဖြတ်ယူဖျောက်ဖျက်သည့်အမှုဆိုသည်မှာ လောကမှာ ရှိသည်လို့တောင် သူရောကျွန်မပါ စိတ်မကူးခဲ့မိ၊ မထင်ယောင်ခဲ့မိ၊ မစုံစမ်းခဲ့မိ။ ကိုနှင်းနွယ်နဲ့ ကျွန်မ ဒီလောက်ပဲ ယုံလွယ်လေသလား၊ အ,လေသလား၊ ရိုးဖြောင့်လွန်းလေသလား။

“နုနုပဲ” ဟု သူကပြောတော့

"နုနုပဲ ကြားကဖျက်ဆီးတာ” ဟု ကျွန်မက ပိုပြီး တိကျစွာပြောလိုက်ပါသည်။

"ဒီနေရာမှာ ခဏရပ်ရအောင်” ဟု ကျွန်မ ပြောလိုက်သည်ကို သူက ကျေးဇူးတင်စွာ သဘောတူ၍ ကျွန်မတို့သည် ဆက်လက်ပြီး နုနု၏ ညံ့ဖျင်းသောအပြုအမူကို မဆွေးနွေးနိုင်၊ ရှက်ဖွယ်ရာလို့ပင် ထင်သည်။ သို့သော် ဒေါသအမျက်ပြင်းပြကာ ယူကျုံးမရ နာကြည်းတာကတော့ သူလိုငါလို ကျွန်မတို့ ခံစားရသည်မှာအမှန်။ ကျွန်မ ရဟန္တာမဟုတ်၊ ဒါပေမဲ့ နုနုလို ဝက်တိရစ္ဆာန်နှင့် ပြိုင်သတ်ရင် မနိုင်နိုင်ဘူး၊ ရွံ့ပေမှာပဲဟုတွေးပြီး သူကလည်း မျက်မှောင်များကြုတ်ကာ တွေဝေနေသည်။

ဆက်ရန်
-----------------------------
#ကြည်အေး

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)