အာမိတ်
#အာမိတ်
အာမိတ်နှင့် လွေဇောတို့ နှစ်ကောင်တွင် အာမိတ်သည် လွေဇောထက် သခင်ကိုခင်၏။ သခင်နှင့် ပူးပူးကပ်ကပ်နေလေ့ရှိ၏။ သခင်သွားရာကို လိုက်ချင်၏။ သခင်၏ပြောစကားကို နားထောင်၏။ တဦးမေတ္တာ တဦးမှာဆိုသော စကားအတိုင်း မောင်လူအေးတို့ကလည်း အာမိတ်ကို လွေဇာထက် ပို၍ချစ်ခင်လေသည်။
အာမိတ်သည် မောင်လူအေးနှင့် ပူးပူးကပ်ကပ် ပွတ်ပွတ်သတ်သတ် မနေသည်မှာ တနှစ်ခန့်ပင် ကြာခဲ့လေပြီ။ အစာစားချိန်ကျလျှင် မီးဖိုတွင် ထမင်းချက်က ကျွေးသမျှကို စားသောက်ပြီးနောက် နေ့လယ်နေ့ခင်းတွင် အစေခံတန်းလျားတွင် သွားအိပ်လေ့ရှိ၏။ ညအချိန်တွင် အိမ်ရှေ့ ဝရံတာအောက်တွင် အိပ်ကာ အိမ်ကို စောင့်ရှာလေသည်။ မောင်လူအေးနှင့် အာမိတ်တို့မှာ တဦးနှင့်တဦး ခပ်စိမ်းစိမ်း ဖြစ်နေကြ၏။
တခုသောညနေခင်း ညစာစားသောက်ပြီးနောက် အိမ်ရှေ့ဝရံတာတွင် မောင်လူအေးသည် လက်ဖက်ရည်ကြမ်းကို သောက်ယင်း သတင်းစာတစောင်ကို ဖတ်နေခိုက် အာမိတ်သည် ကုပ်ကုပ် ကုပ်ကုပ်နှင့် တက်လာပြီးလျှင် မောင်လူအေးအနားတွင် ထိုင်၏။ ထိုအခါ မောင်လူအေးက "အောင်မယ် သည်တခါ တယ်ထူးဆန်းပါကလားကွဲ့ အာမိတ်။ ဘယ်ကများ မျက်စိလည်လာပါလိမ့်"ဟု ဆိုလိုက်၏။
အာမိတ် ဘာမျှမဆို၊ အသာ အမြီးကလေးကို လှုပ်၍ နေရှာလေသည်။
“မင်း အရင်ကနဲ့ မတူဘူး။ တို့ကို အင်မတန် စိမ်းကားနေတယ်။ တို့အနားတောင် မကပ်ချင်ဘူး။ အခုများ...” ဟု မောင်လူအေးက အသားယူကာ ဆိုပြန်၏။
“သခင် မုသားပြောတာ” ဟု မျက်နှာသေကလေးနှင့် ရုတ်တရက် ပြန်ပြောလိုက်လေသည်။
မောင်လူအေးလည်း အံ့အားသင့်သွားပြီးလျှင် “ဟဲ့ အာမိတ်၊ မင်း ဘာပြောတယ်” ဟု ပြန်၍ မေးလေသည်။
“သခင် မုသားပြောတာ” ဟု ထပ်၍ ပြောပြန်၏။
“မဟုတ်ပါဘူး၊ မင်းရှင်းရမည်။ ငါ ဘာမုသားပြောတာလဲ”
“သခင့်ကို ကျွန်တော် အရင်ကလို မခင်ဘူးဆိုတာ သခင် မုသားပြောတာဘဲ။ ကျွန်တော်ဟာ သခင့်ကို အရင်တုန်းကအတိုင်းဘဲ။ သခင်သာ ကျွန်တော့်ကို အရင်ကလို မခင်တာပါ” ဟုဆိုကာ တခြားဖက်သို့ လှည့်သွား၏။
“ဟာ မဟုတ်ပါဘူး အာမိတ်၊ မင်း ငါ့ကို အရင်ကလို ခင်တယ်ဆိုယင် အရင်ကလို ငါ့နားမှာ လာပြီး ပွတ်ပွတ်သတ်သတ် ဘာလို့မနေသလဲ”
“သခင့်နားကို လာသားဘဲ၊ သခင့်အနားမှာလဲ ပွတ်ပွတ်သတ်သတ် လုပ်သားဘဲ။ သခင်ကသာ ဂရုမစိုက်တာ။ မောင်မွှေးကို သခင် ရကတည်းက သခင်ဟာ တနေ့တခြား ကျွန်တော့်ကို စိမ်းလာတာဘဲ။ သည်တော့ ကျွန်တော်ကလဲ အလိုက်သိပြီး သခင့်နား မကပ်တော့ဘူး"
“အဲ့သည်လိုထင်ယင် မင်းမှားသွားတော့မပေါ့ အာမိတ်”
“မမှားပါဘူးသခင်ရယ်။ ကြည့်ပါလား၊ အရင် မောင်မွှေးကို မရခင်ကများ တောသွားယင်လဲ ကျွန်တော်ပါတာဘဲ။ ရုံးသွားယင်လဲ ကျွန်တော်ပါတာဘဲ။ လမ်းလျှောက်သွားယင်လဲ ကျွန်တော်ပါတာဘဲ။ သွားကစားယင်လဲ ကျွန်တော်ပါတာဘဲ။ မောင်မွှေးကို သခင်ရပြီးတဲ့နောက်တော့ ကျွန်တော့်ကို သခင် ဂရုမစိုက်တော့ဘူး။ သခင် တောသွားမယ်လို့ မော်တော်ကားပေါ် တက်တဲ့အခါများ အရင်ကလို မှတ်လို့ ကျွန်တော် တက်လိုက်တဲ့အခါ ကျွန်တော့်ကို သခင်မောင်းချခဲ့တယ်။ သခင် ရုံးက ပြန်လာတဲ့အခါများ လှေကားဝကနေပြီး စောင့်ကာ နှုတ်ဆက်ပေမဲ့ သခင်အမှုမထားဘဲ အိမ်ပေါ် တက်သွားတယ်။ သခင် လမ်းလျှောက်သွားတဲ့အခါ ကျွန်တော်လိုက်မယ်ပြင်လဲ သခင်မခေါ်ဘူး။ မောင်မွှေးကို သခင်ရကတည်းက ကျွန်တော့်အပေါ် မှာ သခင် မေတ္တာယုတ်လျော့လာတာကို မြင်လို့ ကျွန်တော် သခင်နဲ့ ခပ်ခွါခွါနေတာကို ကျွန်တော် သခင့်အပေါ်မှာ မေတ္တာပျက်တယ်လို့ စွပ်စွဲတာ သခင် မုသားပြောတာ မဟုတ်ဘူးလား”
ဤသို့ အာမိတ်က ဟုတ်တိုင်းမှန်ရာ ဖွင့်၍ ပြောလိုက်သောအခါ မောင်လူအေး အတော်အနေရခက်သွားသဖြင့် အတန်ကြာအောင် အာမိတ်အား ပြန်၍ မချေနိုင်ဘဲ ရှိနေ၏။ လက်ဖက်ရည်ကြမ်းကို ခရားထဲမှ ငှဲ့ထည့်ယင်း အကြံထုတ်ပြီးလျှင် ပြန်၍ ချေဆိုသည်ကား ဤသို့တည်း။
“မင်းတို့ကို ချင်းတောင်က ငယ်ငယ်ကလေးကတည်းကယူလာပြီး ကောင်းကောင်းမွန်မွန် ပြုစုကျွေးမွေးလာခဲ့တာလဲ မင်းအသိဘဲ။ မင်းကို ဂရုစိုက်ခဲ့တာလဲ မင်းအသိမဟုတ်ဘူးလား။ နို့ပေမဲ့ မောင်မွှေးကို ငါတို့ရလာတဲ့အခါမှာ ရင်သွေးဟူက ချစ်မဝဆိုတဲ့အတိုင်း သားကလေးကို ဂရုစိုက်ပေတယ်။ အခုလို ဂရုစိုက်ရတဲ့အတွက် မင်းကို အရင်ကလို ဂရုမစိုက်နိုင်ဘဲ အမှုမဲ့ အမှတ်မဲ့ ဖြစ်ချင်ဖြစ်သွားမယ်၊ အကယ်စင်စစ် မင်းကို အရင်ကလို မချစ်လို့ ဂရုမစိုက်ဘဲ တမင်သက်သက် နေတယ်လို့ မထင်နဲ့”
“သခင် ပြောတဲ့အတိုင်း ရှိစေတော့။ မောင်မွှေးနှင့် ကျွန်တော် အတူတူရှိနေကြတဲ့အခါမှာ...ရင်သွေးဟူက ချစ်မဝဆိုတဲ့ စကားအတိုင်း မောင်မွှေးကို ပိုပြီး ဂရုစိုက်မိတယ်ဆိုယင် ကိစ္စမရှိဘူး။ အခုတော့ မောင်မွှေး မပါဘဲ သခင်တောသွားတဲ့အခါများ ကျွန်တော့်ကို အရင်ကလို မခေါ်တော့ဘဲ အိမ်မှာ ချန်ခဲ့တာများကို ဘယ်လိုအကြောင်းပြမတုံး”
ဤသို့ အာမိတ်က မေးလိုက်သောအခါ မောင်လူအေး အတော်ပင် အကြံအိုက်ပြီး တွေနေတော့၏။ အတန်ကြာအောင် တွေဝေစဉ်းစားနေပြီးနောက်မှ အောက်ပါအတိုင်း ဖြေပြန်၏။
“မင်း မေးတဲ့အမေးကို ငါအဖြေပေးရမှာ အင်မတန် ခက်နေတော့တာဘဲ။ သည်အဖြေကို ငါလဲ မပေးတတ်ဘူး။ ငါ့စိတ်ထဲမှာ မောင်မွှေးကိုလဲ ချစ်တာဘဲ။ မင်းကိုလဲ အရင်တုန်းကလိုဘဲ ချစ်တာဘဲလို့ ထင်နေတယ်။ နို့ပေမဲ့ အပြုအမူတွေကတော့ ငါထင်တဲ့အတိုင်း မဟုတ်ဘူး။ အရင်ကထက် မင်းအပေါ်မှာ ထူးခြားလာတယ်ဆိုတာ မင်းပြောတဲ့အတိုင်း မှန်တာဘဲ။ စင်စစ်တော့ကွယ် အချစ်ဆိုတာမျိုးဟာ တယောက်အပေါ်မှာသာ မီးကုန်ယမ်းကုန်ချစ်တာမျိုး ထင်ပါရဲ့။ နောက် ချစ်မဲ့သူတယောက် ပေါ်လာယင် အရင်က အချစ်ဟာ လျော့သွားတယ် ထင်ပါရဲ့၊ ကိုယ့်စိတ်ထဲကတော့ ငါ နှစ်ယောက်စလုံးကို အတူတူ မပိုမလို ချစ်နိုင်တယ်လို့ ထင်ပေမဲ့ အချစ်ဆိုတဲ့ အရာကတော့ ညီတူညီမျှမနေဘဲ တယောက်ယောက်ပေါ်မှာ ပိုနေတယ်ထင်ပါရဲ့။ ဒါကြောင့် အသစ်တွေ့ယင် အဟောင်းမေ့တယ်။ ငါးစိမ်းမြင်ယင် ငါးကင်ကို ပစ်တယ်ဆိုတဲ့ စကားပုံတွေကို ထားခဲ့ကြတာ ထင်ပါရဲ့ကွယ်”
“သခင်တို့လူတွေရဲ့ အချစ်စိတ်ဟာ တမျိုးထင်ပါရဲ့။ အပြောင်းအလဲ အင်မတန်မြန်တယ်၊ အသစ်တယောက်ကို ချစ်မိမှဖြင့် အဟောင်းတယောက်ကို မေ့တော့တာဘဲ။ ကျွန်တော်တို့ခွေးတွေကတော့ အချစ်မြဲတယ်။ သခင်ဆိုယင် များများ မထားဘူး။ သည်တယောက်ဘဲ။ အသက်ထက်ဆုံး တယောက်ဘဲ ထားတယ်။ သည်သခင်က မကြင်နာလို့ စွန့်သွားတော့မှဘဲ နောက်သခင်ကို ရှာတော့တယ်။ ကျွန်တော်တို့ရဲ့ အချစ်စိတ်ဟာ သခင်တို့လူတွေရဲ့ အချစ်စိတ်ထက် ခိုင်မြဲမြင့်မြတ်တယ်လို့ ဆိုယင် မှားမလား။ ကျွန်တော်တို့သဘောကတော့ သခင်တယောက်အပေါ်မှာ ချစ်မိမှဖြင့် နောက်တယောက်က ဘယ်လိုဘဲ မျှားပြီး ခေါ်ခေါ်၊ ဘယ်လိုချမ်းသာတဲ့သခင်နဲ့ တွေ့တွေ့ ပဌမသခင်က မစွန့်သမျှ ကျွန်တော်တို့ကတော့ စွန့်တော့မှာ မဟုတ်ဘူး”
ဤစကားကို ကြားလိုက်ရသောအခါ မောင်လူအေး အတော်အခံရဆိုးသွား၏။ သို့သော် အောက်ပါအတိုင်း ပြန်ဖြေလေသည်။
“ဒါကတော့ကွယ် အပြောရ အခက်သားကလား၊ မင်း ငါ့အပေါ် မှာ စွဲစွဲမြဲမြဲကြီး ချစ်နေတာ သခင်သစ်နဲ့ မတွေဘူးသေးလို့ ဖြစ်ချင်ဖြစ်မယ်။ အချစ်ဆိုတဲ့အရာဟာ ဘယ်လောက်တောင်ထူးဆန်းတယ်ဆိုတာ ရှေးကပညာရှိတွေရော၊ အခုကာလ ပညာရှိတွေရော ခွဲခြားဝေဘန်လို့ မရဘူး။ နောင်လဲ ရမှာမဟုတ်ဘူး။ အချစ်အကြောင်း ပြောရမှာ အားကြီး ခက်သကွယ်။ ငါလဲ မပြောတတ်တော့ဘူး”
ဤသို့ပြောလိုက်သောအခါ အာမိတ်လည်း အချစ်၏ဆန်းကြယ်ပုံကို စဉ်းစားကာ ခေတ္တမျှ တွေဝေနေပြီး အောက်ထပ်သို့ ပြန်၍ဆင်းသွား၏။ မောင်လူအေးလည်း ပက်လက်ကုလားထိုင်ပေါ်တွင် လှဲကာ အချစ်၏ဆန်းကြယ်ပုံကို စဉ်းစားခန်းထုတ်လျက်နေသတည်း။
ထိုညမှ လွန်မြောက်၍ ခြောက်ရက်လောက်ကြာသောအခါ ကျောက်ထိုးဆရာက မောင်လူမွှေးအား ကျောက်ထိုးပေး၏။ လေး ငါးရက်ကြာသောအခါ မောင်လူမွှေး ဖျားလေတော့၏။ ဖျားရာမှ ဆီးဖက်သို့ လှည့်သွားပြန်လေသည်။ သူ၏မျက်စိနှစ်လုံးမှာ တစတစ ဝါ၍လာ၏။ သူ၏ပါးကလေးများ၊ ခြေဖျားလက်ဖျားကလေးများ၊ နားရွက်ကလေးများမှာ ဝါ၍ လာကြလေသည်။ နောက်ဆုံးတွင် တကိုယ်လုံး နနွင်းခဲ နနွင်းတုံး ဖြစ်နေလေသတည်း။ အသားဝါရုံတွင် မကသေး။ ကလေးမှာ တနေ့တခြား ညှိုး၍သာလာ၏။ မျက်စိများကိုလည်း မဖွင့်တော့ပြီ။ အိပ်ရာထဲမှာသာလျှင် ခွေနေတော့၏။ စိတ်လည်း ကောက်၊ စိတ်လည်းတို၊ အမေမှလွဲ၍ အနားသို့ မည်သူလာသည်ကို မကြိုက်။
မောင်လူအေးနှင့် ခင်သန်းမြင့်တို့ကား စိတ်အပူကြီး ပူနေကြရကုန်၏။ ယခင် ကျန်းမာစဉ်က ပျော်ပျော်ရွှင်ရွှင် ပြေးလွှားကစားနေသည်ကို မြင်တိုင်း ဝမ်းသာအားရဖြစ်လာခဲ့သမျှ ယခု မောင်လူမွှေး မမာသောအခါ စိတ်ပူပန်ဆင်းရဲရလေပြီ။ တညလုံး မအိပ်နိုင်ကြ။ သားကလေး၏အရိပ်အခြေကိုသာလျှင် တကြည့်တည်း ကြည့်နေကြရကုန်၏။
ကလေးဖျားစကပင် ဆရာဝန် တနေ့ သုံးကြိမ်လာ၍ ကြည့်၏။ ဆရာဝန်၏ကြိုးစားချက်ကြောင့်လည်းကောင်း၊ ရောဂါ၏အရှိန် ကုန်သွားသောကြောင့်လည်းကောင်း ကလေးမှာ တနေ့တခြား လန်း၍လာလေသည်။ မိဘနှစ်ဦးတို့၏ ဝမ်းမြောက်ခြင်းကား ဆိုစရာမရှိတော့ပြီ။
မောင်လူမွှေး မမာမကျန်းဖြစ်နေသော အတောအတွင်းတွင် အာမိတ်သည် မောင်လူအေး၏ရေချိုးခန်းထဲတွင် အမြဲလာ၍ အိပ်၏။ မောင်လူအေး ရေချိုးဝင်၍ သူနှင့်တွေ့သော်လည်း သူ့မှာ ရွှင်ပျသောအမူအရာကို မပြ၊ ခပ်မှိုင်မှိုင် ဖြစ်နေသည်ကိုသာ မြင်ရလေသည်။ မောင်လူအေးကား ကလေးအတွက် ပူပန်နေရသောကြောင့် အာမိတ်အား အမှုမထားနိုင်။ ထို့နောက် ရက်အနည်းငယ်ကြာလာပြန်သောအခါ အာမိတ်မှာ သိသိသာသာကြီး ပိန်၍လာသည်ကို မြင်ရ၏။ သို့သော် သူ့အား ဂရုမစိုက်နိုင်သေး။ မောင်လူမွှေး အတော်ကလေး ကျန်းမာလာသောအခါ အာမိတ်မှာ လမ်းကောင်းကောင်း မလျှောက်နိုင်တော့သည်ကို မြင်ရ၏။ သည်အခါကျမှ မောင်လူအေး မျက်လုံးပြူသွားလေတော့၏။ သူ့အား ခါတိုင်းတိုက်နေကျ ဆေးများကို တိုက်၏။ ဂရုတစိုက် ပြုစု၏။ သို့သော် အာမိတ်၏ရောဂါမှာ ကျွမ်းနေလေပြီ။ ကု၍မရတော့။
နောက်တနေ့နံနက်တွင် အာမိတ်၏အလောင်းကို ရေချိုးခန်းထဲ၌ မောင်လူအေး မြင်ရလေတော့သတည်း။ မောင်လူအေး၏စိတ်ထဲတွင် အသို့ဖြစ်သွားမည်နည်း။ ဝမ်းနည်းခြင်း၊ သနားခြင်း၊ လွမ်းဆွတ်ခြင်း၊ နောင်တရခြင်းတို့မှာ မောင်လူအေး၏ဦးနှောက်အတွင်းမှ ရောပြွမ်း၍ ထွက်ပေါ် လာကြကုန်၏။ အာမိတ် မမာဖြစ်စက မောင်လူမွှေးသာ ကျန်းကျန်းမာမာရှိနေပါလျှင် အာမိတ်အား ဂရုတစိုက် ဆေးဝါးကုသမည်မှာ မုချပင်ဖြစ်၏။ ယခုမှာမူကား အာမိတ် မကျန်းမမာဖြစ်သည်မှာ မိမိ၏သား မောင်လူမွှေးနှင့် တချိန်တည်းကျနေသောကြောင့် သားကလေး၏ရောဂါပျောက်ရေးကိုသာလျှင် ဂရုစိုက်ခဲ့မိလေသည်။ အာမိတ် ရောဂါရနေသည်ကိုကား သိပင် မသိခဲ့။ အာမိတ် ကံဆိုးခဲ့ပြီတကား။
အာမိတ်၏အလောင်းကို ကြည့်ယင်း သူ့အား ငယ်ငယ်ကလေးက ချင်းတောင်မှ မုန်းမြစ်ကြောင်းအတိုင်း ဆောင်ယူခဲ့သည်များကိုလည်းကောင်း၊ ကျောက်ဆည်နယ် ရဲရမန်းသစ်တောနက်ကြီးအတွင်း နယ်လှည့်ထွက်ရာတွင် အာမိတ်မှာ မိမိနှင့် ထက်ကြပ်မကွာ လိုက်ပါခဲ့သည်ကိုလည်းကောင်း၊ တောနက်ကြီးအတွင်း ညအိပ်ရာတွင် ကျားကြောက်သောကြောင့် မိမိ၏အနားတိုးကာ အိပ်သည်ကိုလည်းကောင်း၊ မိမိသွားလေရာ တကောက်ကောက်နှင့် လိုက်ခဲ့သည်များကိုလည်းကောင်း၊ မိမိ၏မိတ်ဆွေကောင်း တပည့်ကောင်း ဖြစ်ခဲ့သည်များကိုလည်းကောင်း တစိမ့်စိမ့်နှင့် တွေးတောမိသောဟူ၏။
ယနေ့မှစ၍ အာမိတ်၏ဇာတ်လမ်း ဆုံးပြီ။ ပြည်ဖုံးကားချလိုက်ကြပါစို့။
--------------------------
#သိပ္ပံမောင်ဝ
ဂန္ထလောက၊ ၁၃ဝ၁ ခု၊ ဝါခေါင်လ။
Comments
Post a Comment