အပြင်ကလူ(၂)(အမှာစာ)
#အပြင်ကလူ ( ၂ )
#အေးရဲ့ဖွင့်ဟဝန်ခံချက်
အမှာစာ
“အပြင်ကလူ ၂ (အေးရဲ့ ဖွင့်ဟဝန်ခံချက်) ကို ဖတ်ရသည့်အခါ ဇာတ်ကောင်သုံးကောင်တို့ကို အမြင်တစ်မျိုးဖြင့် မြင်နိုင်လိမ့်မည်။ ကိုနှင်းနွယ်ရဲ့ နာမည်ကို စာဖတ်သူတို့ သိလာရပြီ။ သူသည် ငယ်ရွယ်ဆဲ၊ နုနယ်ဆဲ၊ စိတ်ကူးယဉ်ဆဲ ရှိနေသည်လို့ ဆုံးဖြတ်မည်ထင်ပါသည်။ နုနုသည် မျက်နှာဖုံး တပ်ဆင်လေ့ရှိပြီး သူ့ဒဏ္ဍာရီနှင့် နေထိုင်ဆဲ၊ အေးက လူ့ဘဝမှာ သုခ ဒုက္ခဝေဒနာနှင့် အတွေ့အကြုံကို ခံစားရသူအဖြစ် ကြီးရင့်လာခွင့်ရှိခဲ့သည်။
ဇာတ်ကောင်သုံးယောက်ကို ပထမအမြင်နဲ့မတူတော့ဘဲ တစ်မျိုးထူးခြားပြောင်းလဲနေသည်ကိုမြင်၍ အံ့အားသင့်သူ၊ မကြိုက်သူ၊ လက်မခံချင်သူလည်း ရှိပေလိမ့်မည်။ ထင်ရှားလာသော တြိဂံမှာ ဘယ်ထောင့်သည် အမှန်တရားနှင့် နီးစပ်ပါသလဲလို့လည်း စေ့ငုလာက စေ့ငုနိုင်သည်။ (တစ်ဖန်“အပြင်ကလူ-၃” ပေါ်လာပြီး ယခု ယုံကြည်ထားသော ရုပ်ပုံများ ပျက်ပြယ်ကာ အားလုံးပစ်လိုက်ရမည်လားလို့လည်း စိုးရိမ်နိုင်သည်။) သို့သော် ဇာတ်ကောင်သုံးယောက်သည် လူအားလုံးလိုပင် ပတ်ဝန်းကျင်စိုးမိုးသည်ကို ခံယူပြီး ပြောင်းလဲတာ မှန်သော်လည်း အတွင်းက အရင်းခံသဘာဝကတော့ ရာခိုင်နှုန်းပြည့် ပြောင်းလဲခြင်းငှာ မတတ်နိုင်သည်ကို မြင်နိုင်သည် ထင်ပါသည်။
ထို့ကြောင့် သူတို့ကို နောင်ကာလမှာ အမြင်တစ်မျိုးနဲ့ ထပ်မြင်ပြီး သူတို့အားလုံး ပြောင်းလဲနေသလို ဖြစ်ပေါ်လာနိုင်သေးသော်လည်း သူတို့ရဲ့ မွေးကတည်းက ပါလာသည့် ကိုယ်ပိုင်သတ္တိကတော့ ပြောင်းလဲနေသည်ကို တွေ့လိမ့်မည် မဟုတ်ပါ။
စာရေးသူအနေနှင့် ဝန်ခံချင်သည်မှာ မဆန်းလှပါ။ ဒီဝတ္ထုထဲမှ ဇာတ်ကောင်များသည် ကျွန်မ၏ကိုယ်ပိုင်အတွေ့အကြုံနှင့် စိတ်ကူးကို ပေါင်းစပ်လိုက်ရာမှ ဖြစ်ပေါ်လာသူများဖြစ်သည်ဆိုတာပင်။ ဘယ်သူ့ကိုမှ နစ်နာစေလိုခြင်း၊ မြောက်စားချီးကျူးလိုခြင်း အရင်းမခံပါ။ သို့သော် အနုပညာတစ်ရပ်ကို ဖန်တီးဖို့ကြိုးပမ်းရာမှာ ပန်းချီဆွဲသည်ဖြစ်စေ၊ ပန်းပုထုသည်ဖြစ်စေ၊ ဇာတ်ပွဲကသည်ဖြစ်စေ၊ ဂီတပြုသည်ဖြစ်စေ၊ စာရေးသည်ဖြစ်စေ ပညာသည်သည် သူ၌ ဘဝအတွေ့အကြုံက အမှတ်အသား ထင်ရစ်သည်ကို ခေါင်းတွင်းဦးနှောက်မှ လှပကွန့်မြူးလာသည့်ရောင်ခြည်အဖြစ် သွန်အန်လိုက်ခြင်းဖြစ်သည် ဆိုနိုင်သည်။
ထို့ကြောင့် ပညာသည်ပါဝင်နေထိုင်သော သုံးပါးသောလောကမှ အတွေ့အကြုံတို့သည် သူ့အနုပညာရပ်မှ အကောင်အထည်ပေါ်နေမှာ အမှန်။ လူက လူ့အကြောင်း ဖွဲ့နွဲ့ရာမှာ လူအများက ... "တို့ဟာ ဒီအထဲက ဇာတ်ဆောင်တွေပဲလား"လို့ စုံစမ်းချင်တယ်ဆိုရင် စာရေးသူအဖို့ အောင်မြင်သည်။ စိတ်ကြီးဝင်စရာပင်ဖြစ်သည် ဆိုရမည်။
အပြင်ကလူ - ၁ နှင့် ၂ ကြားမှာ နှစ်ပေါင်းများစွာ ခြားခဲ့သည့်အတွက် အခက်အခဲနည်းနည်း ရင်ဆိုင်ရသည်။ အထူးသဖြင့် ဇာတ်ကောင်သုံးယောက်ကို အမြင်တစ်မျိုးဖြင့် မြင်စေချင်သည်မို့ ပိုခက်သည်။ အပြင်ကလူ - ၂ ကို သုံးလေးခါရေးပြီး ရေးထားသမျှအားလုံးကို စုပေါင်းပြီး တစ်ဖန် မလိုအပ်သည်ကို ဖယ်ထုတ်စွန့်ပစ်ရပြန်ပါသည်။ စာဖတ်သူကို ရိုသေသည့်သဘောဖြင့် ကလေးပုံပြင်လို မဖြစ်စေချင်သောကြောင့် ဖြစ်ပါသည်။
"အပြင်ကလူ - ၂၊ အေးရဲ့ ဖွင့်ဟဝန်ခံချက်” သည် အနည်းဆုံး ဖတ်နေဆဲတော့ စာဖတ်သူကို ဖြေဖျော်နိုင်သားပဲဟု ယုံကြည်လျှင် ကျွန်မ ကျေနပ်ပါသည်။
------------------------------
#ကြည်အေး
Comments
Post a Comment