ရွှေတိဂုံ
#ရွှေတိဂုံ
အရွှဲ ရွာသူကြီး၏အိမ်ကား ပန်းလှိုင်မြစ်ကမ်းပါးတွင် တည်ရှိလေသည်။ ရွာအတွင်း၌ ဆောက်ထားသောအိမ်မဟုတ်။ ရွာ၏အစွန်အဖျားတွင် ဆောက်ထားသောအိမ်ဖြစ်၏။ အနီးအနားတွင် အိမ်တလုံး၊ နှစ်လုံးသာ ရှိလေသည်။ ထိုသူကြီးအိမ်မှာ ကြီးကြီးကျယ်ကျယ်၊ ခမ်းခမ်းနားနားအိမ်မဟုတ်။ ခပ်ငယ်ငယ်၊ ခပ်ကျဉ်းကျဉ်း၊ သက်ကယ်မိုး၊ ဝါးကပ်ကာသော အိမ်ကလေး ဖြစ်လေသည်။ အိမ်၏ ပတ်ဝန်းကျင်တွင်ကား သရက်ပင်၊ ငှက်ပျောပင်၊ သင်္ဘောပင်တို့နှင့် စည်စည်ကားကား သားနားလှပေ၏။ သူကြီး၏အိမ် နုံချာသလောက် သူ၏ဥယျာဉ်မှာ သာယာလှပေသည်။
သူကြီးမင်း ဦးအောင်ရကား ဗုဒ္ဓဘာသာ ကရင်အဘိုးကြီး ဖြစ်၏။ ဗုဒ္ဓဘာသာတရားတော်ကိုလည်း များစွာ ခေါက်မိလေသည်။ သုံးထပ်တိုက်၊ လေးထပ်တိုက်တို့တွင် နေရခြင်းထက် မိမိ၏ဥယျာဉ်အတွင်း အိမ်နုံနုံချာချာကလေး၌ နေရခြင်းကမြတ်သည်ဟု အယူရှိ၏။ ဦးအောင်ရကား ရောင့်ရဲလွယ်ခြင်းတရားကို အမြဲလက်ကိုင်ထားသူတည်း။
အထက်တွင် ဖော်ပြပြီးဖြစ်သော သူကြီးမင်း၏အိမ်သို့ မောင်လူအေး ရောက်၍လာသောအချိန်ကား ငါးနာရီ ထိုးပြီးပြီ။ နေပင်မဝင်သေးသော်လည်း သစ်ပင်များ အုပ်နေသောကြောင့် ထိုနေရာတွင် နေရောင်မရှိချေ။ သို့သော် လင်းကား လင်းနေသေး၏။ ပန်းလှိုင်မြစ်ထဲတွင်လည်း ရေတက်စပြုလေပြီ။ မောင်လူအေးသည် သူကြီးမင်း၏အိမ်ပေါ်သို့ မတက်သေးဘဲ အိမ်ရှေ့မြစ်ကမ်းနဖူး မြက်ခင်းလဲ့လဲ့ပေါ်တွင် ခင်းထားသော ပက်လက်ကုလားထိုင်ပေါ်၌ထိုင်ကာ ထွေရာလေးပါးတို့ကို စဉ်းစားလျက်နေ၏။
မိမိ၏ရှေ့ ပန်းလှိုင်မြစ်ထဲတွင် လှော်ကာ သွားကြကုန်သော လှေကလေးများ၊ ခတ်၍သွားကြကုန်သော သမ္မန်ကလေးများကို ငေးမောကာ ကြည့်မိလေသည်။ သမ္ဗန်ကိုခတ်ယင်း သီချင်းတကြော်ကြော် ဆိုသွားသူများ၊ လှေလှော်ယင်း ပျော်ပါးစွာ စကားပြောသွားသူများကို အားကျမိပေ၏။ သူတို့ကား အပူအပင်ကင်းပုံရကြပေသည်။ မိမိကား ထိုသူတို့ကဲ့သို့ မပျော်ပါးနိုင်ပါတကား။ အဘယ့်ကြောင့်ပါနည်း။ တင်းတိမ် ရောင့်ရဲလွယ်ခြင်း စိတ်ထားမရှိသောကြောင့် ဖြစ်ပါသည်။ ကြီးပွါးရေးမဂ္ဂဇင်း၊ တိုးတက်ရေးမဂ္ဂဇင်းတို့ကို ဖတ်ပြီးလျှင် ကြီးပွါးချင်၏။ တိုးတက်ချင်၏။ ကြီးပွါးတိုးတက်ရန်လည်း ကြိုးစားလျက်နေလေသည်။ ယခုလက်ရှိ နယ်ပိုင်အလုပ်နှင့် တင်းမတိမ်နိုင်သေး။ အရေးပိုင်ဖြစ်ချင်သေး၏။ ခရိုင်မင်းကြီး ဖြစ်ချင်သေး၏။ ငါးထောင်စား ဖြစ်ချင်သေး၏။ ဤသို့ စိတ်ထားရှိသောသူကား အဘယ်မှာလျှင် ရောင့်ရဲတင်းတိမ်လွယ်ပါအံ့နည်း။ ရောင့်ရဲခြင်းကင်းသောသူကား အဘယ်မှာလျှင် ချမ်းသာကွက်ကို နင်းမိနိုင်ပါအံ့နည်း။ ချမ်းသာကင်းသောသူကား လူနုံလူချာပေတည်း။
ဤသို့ စဉ်းစားကာ တရားရနေသည်မှာ အတော်ပင်ကြာလေပြီ။ မိမိ၏အနားတွင် အဘိုးအိုတယောက် လာ၍ ရပ်လိုက်သောအခါကျမှ စဉ်းစားခန်း ပြတ်သွား၏။ ထိုအဘိုးအို၏ပုံပန်းကို တတ်နိုင်သလောက် ဖော်ပြပါဦးမည်။ သေသေချာချာ ရှုကြပါကုန်လော့။
သူ့မှာ သွားတချောင်းမျှ မရှိပါ။ ပါးရေ၊ နဖူးရေများ တွန့်နေလေပြီ။ အကြောပြိုင်းပြိုင်း ထလျက်နေလေပြီ။ ဦးခေါင်းတွင် ဆံပင်မရှိ၊ ပြောင်လျက်နေလေသည်။ ကိုယ်တွင် အင်္ကျီဝတ်မထားချေ။ ရင်ပတ်နှင့် ကျောတွင် ဆေးနီထိုးထားသောကြောင့် ရဲလျက်နေ၏။ ခါးတွင်ကား ပိတ်ဖြူကို ဆီးထားလေသည်။ ခြေတွင်ကား ဘိနပ်မပါချေ။
ထိုအဘိုးအိုကား မောင်လူအေး၏အနားတွင် လာ၍ရပ်ပြီးလျှင် “မောင်ရင် ဘယ်သူတုံး၊ ဘာလုပ်နေတုံး” ဟု မေး၏။
“ကျွန်တော်လား ဝန်ထောက်ဆိုပါတော့၊ အခုဘဲ သည်ရွာကိုရောက်လာပါတယ်။ ခပ်အေးအေးရှိတာနဲ့ ထိုင်နေတာပါ” ဟု မောင်လူအေးက ဖြေလေသည်။
“အင်း..သည်နေရာဟာ တယ်အေးတယ်။ ကျုပ်လဲ ညနေတိုင်း သည်မှာ လာထိုင်တယ်”
“ဘကြီးက သည်ရွာကဘဲလား”
“အင်း ဟုတ်တယ်”
“အသက်ဘယ်လောက်ရှိပလဲ”
“အသက်လား၊ ဂ၆ နှစ်ရှိပြီ။ ၉ ခုသားဟာကိုး”
“ဘကြီးမျက်စိမမှုန်သေးဘူးနော်”
“အေး..မမှုန်သေးဘူး။ နားလဲမထိုင်းသေးဘူး။ သွားတွေကတော့ ကျိုးတယ်ကွဲ့။ တချောင်းမှ မရှိတော့ဘူး”
“ဘကြီး မြန်မာလား၊ ကရင်လား”
“ကရင်ဘဲ”
“ကရင်ဆိုပေမဲ့ ဘကြီးစကားပြောတာ မြန်မာနဲ့ မခြားပါဘူး”
“ဘာခြားမလဲ။ ငယ်ငယ်ကတည်းက မြန်မာစကားကို ပြောလာတာကလားကွယ်”
“ဘကြီး သည်ရွာမှာဘဲ မွေးသလား။ တခြားရွာက ပြောင်းလာသလား”
“အင်း သည်ရွာမှာမွေးတယ်။ သည်ရွာချက်မြှုပ်ပေါ့”
“ဒါဖြင့် သည်ရွာအကြောင်း ဘကြီးကောင်းကောင်း သိမှာပေါ့နော်။ ရှေးတုန်းက ဘယ်လိုနေကြတယ်၊ ဘယ်လိုထိုင်ကြတယ်၊ ဘယ်လိုစားသောက်ကြတယ် ဆိုတာတွေကို ကြားချင်စမ်းပါဘိတော့ ဘကြီးရယ်”
“ကြားချင်ယင် ပြောရတာပေါ့ကွယ်။ ကျုပ်တို့ငယ်ငယ်တုန်းက သည်ရွာမှာ လူနေအိမ်ခြေ များများစားစားမရှိသေးဘူး။ သည်တဝိုက်ဟာ ကိုင်းတောကြီးပေါ့။ ကျားတွေတောင် ရှိတယ်”
“ဘကြီးမြင်ဘူးလား”
“မြင်ဘူးတာပေါ့မောင်ရယ်”
“ပြောစမ်းပါအုံး ဘကြီးရဲ့။ ဘယ်လိုမြင်ဘူးတာတုန်း။ လူတွေကို လာဆွဲလို့လား။ တော်တော်ကြောက်စရာကောင်းမှာဘဲနော်၊ ဘကြီးတို့က မခုခံကြဘူးလား”
“အင်း ... ကျုပ်မြင်ဘူးတာက ရန်ကုန်တိရစ္ဆာန်ရုံမှာ မြင်ဘူးတာပဲ “
"သြော်" (ပြုံးလျက်)
“သည်တဝိုက်က ကိုင်းတောကြီးထဲမှာ ကျားတွေ ရှိပေမဲ့ တခါမှတော့ မမြင်ဘူးပါဘူး မောင်ရင်ရယ်။ အခုတော့ဖြင့် ကိုင်းတောကြီးလဲ မရှိတော့ဘူး။ ကိုင်းတောတွေကို ထွင်ပြီး လယ်တည်ကြတာကိုး။ ကျုပ်တို့ငယ်ငယ်တုန်းကတော့ ကမ်းနားတလျှောက်မှာသာ ကိုင်းတောတွေကိုထွင်ပြီး ဗူးတို့၊ ဖရုံတို့၊ မုန်လာတို့ကို စိုက်ကြတယ်။ ငှက်ပျောခြံတွေလဲ မနည်းဘူး။ နေ့တိုင်းလိုလိုဘဲ ရန်ကုန်က လှေကြီးတွေနဲ့လာပြီး ဝယ်ကြတယ်။ ဟာ ဟိုတုန်းက ကျုပ်တို့လက်ထဲမှာ ပိုက်ဆံဘယ်ပြတ်မလဲ။ မီးရထား၊ မီးသင်္ဘောတွေကလဲ၊ မပေါက်သေး။ ကျုပ်တို့ဆီက အသီးအနှံတွေကို ရန်ကုန်ကို တင်ကြရတယ်။ ဈေးတော်တော်ရသကွဲ့။ အခုတော့ မီးရထား၊ မီးသင်္ဘောတွေ ပေါက်လို့ အမြို့မြို့က သစ်သီးဝလံတွေကို ရန်ကုန်တင်ကြသော ကုန်ဈေးမရှိဘူးပေါ့။ ကျုပ်တို့ငယ်ငယ်တုန်းကတော့ ဗူးသီး၊ ဖရုံသီးတွေကို ရန်ကုန်ထောင်ထဲ သွင်းကြရတယ်။ အင်မတန် နေရာကျတာကလား။ အခုတော့ ထောင်ထဲမှာ စိုက်ပြီး အပြင်မှာတောင် ထွက်ရောင်းနေကြပြီ မဟုတ်လား။ ဒါကြောင့် ကျုပ်တို့တောင်သူလယ်လုပ်တွေဟာ အားကြီးဂွကျကုန်တာပေါ့။ စပါးစိုက်ပြန်တော့လဲ ဈေးကမရှိ။ ကြာယင် ငတ်ကုန်ကြတော့မှာဘဲ”
“ဘကြီးတို့ ရန်ကုန်ကို မကြာမကြာ ရောက်ကြမှာပေါ့နော်”
“မကြာမကြာဆို တပေါင်းလတိုင်း ရောက်ကြတာကလား မောင်ရင်။ ရွှေတိဂုံဘုရားပွဲ သွားကြသကွဲ့။ တယ်ပျော်သကွယ်။ တို့များ သည်ကလှေကြီး၊ လှေငယ်တွေနဲ့ တသီတတန်းကြီး သွားကြတာပေါ့။ လမ်းထဲမှာလဲ ပျော်စရာကြီးပါဘဲ။ ရွာ တရွာရွာရောက်မှဖြင့် စခန်းချပြီး ထမင်းချက်စားကြ၊ သီချင်းဆိုကြ၊ ကကြနဲ့ပေါ့။ ရန်ကုန်ရောက်ပြန်လဲ အင်မတန် ပျော်တာဘဲ”
“ဘကြီးတို့ ငယ်ငယ်တုန်းက ရန်ကုန်ဟာ အခုလိုဘဲလား။ ဘယ်လိုနေသလဲ”
“ဟာ အခုလို ဘယ်ဟုတ်မလဲ။ အခုတိုက်ကြီး တာကြီးတွေ နေရာမှာ အရင်တုန်းက သင်ပန်းပင်တွေ၊ ခရာဆူးချုံတွေနဲ့ပေါ့။ မြို့တွင်းကို ရောက်အောင် တော်တော်သွားရသေးတယ်။ ကမ်းခြေမှာလဲ တံတားကောင်းကောင်း၊ ဆိပ်ကမ်း ကောင်းကောင်း မရှိဘူး။ ရွှံ့တွေ၊ နွံတွေပါဘဲ”
“ဘကြီးတို့ ဘုရားဖူးတက်နေကြတော့ လှေတွေကို ဘယ်မှာ ထားခဲ့ကြသလဲ”
“လှေဆိပ်မှာပေါ့။ လှေဆိပ်မှာ အစောင့်တွေရှိတယ်။ လှေတစင်းကို စောင့်ခ-တကျပ် ပေးရသကွဲ့။ ဘုရားမှာ ဘယ်လောက်ဘဲကြာကြာ ပြန်လာတဲ့အခါ အစောင့်ကို ငွေတကျပ်ပေးရင် ပြီးတာဘဲ”
“အဲသည် အစောင့်တွေဟာ လှေတွေကို ခိုးမပြေးဘူးလား”
“ဟာ ဟိုတုန်းက အခုလို အလိမ်အကောက်တွေ မများသေးဘူး။ သူခိုးဓားပြတွေဆိုတာ ဘယ်ရှိမလဲ။ တယ်ရိုးသားကြတယ်။ ဘကြီးတို့ နှစ်တိုင်းသွားကြတာ ဘယ်တော့မှ လှေမပျောက်ဘူး”
“ဘုရားပွဲမှာ လူစည်၍လား”
“အင်း.. သိပ်စည်တာဘဲ။ သူ့လူအုပ်နဲ့၊ သူ့လူအုပ်နဲ့ကွဲ့။ ဘုရားပတ်ဝန်းကျင်မှာ ဝိုင်းပြီး ထမင်းချက်ပြုတ်စားသောက်နေကြတာပေါ့။ တယ်ပျော်စရာကောင်းကြတာကလား မောင်ရင်။ လှေမပေါက်တဲ့အရပ်က လူတွေကတော့ လှည်းတွေနဲ့လာကြတယ်။ လှည်းဝိုင်းကြီးဟာလဲ မပြောပါနဲ့တော့၊ သိပ်ကြီးတာဘဲ။ ကျုပ်တို့က ဖရုံသီး၊ ဖရဲသီး၊ ဗူးသီးတွေကို ယူသွားကြပြီး ဘုရားဖူးလာသူတွေကို ဝေတယ်။ တခြားအရပ်က လာတဲ့လူတွေကလဲ သူတို့မှာပါလာတဲ့ စားစရာ သောက်စရာတွေကို ဝေတာပေါ့။ ဈေးဆိုင်တွေဟာလဲ မနည်းပါဘူး။ အဝတ်ဆိုင်တွေ၊ အစားအသောက်ဆိုင်တွေ၊ စုံလို့သာနေတော့တာဘဲ။ ပွဲတွေဆိုတာလဲ တခြိမ့်ခြိမ့်နဲ့။ တယောက်ယောက်မှာ သုံးလေးဆယ်လောက် ပါသွားကြသကွဲ့။ ဘုရားပွဲက ပြန်လာရင် လက်ထဲမှာ တပြားမှ မကျန်တော့ဘူး။ သို့ပေမဲ့ ကိစ္စမရှိဘူး။ ရွာပြန်ရောက်လို့ ကုန်တွေကို ရောင်းလိုက်တယ်ဆိုယင် မကြာခင် သည်ငွေတွေကို ပြန်ရတာဘဲ”
“ဟိုတုန်းက ဘုရားပွဲတွေမှာ ရန်ခိုက်ဒေါသတွေ မဖြစ်ကြဘူးလား။ ပုလိပ်များ မစောင့်ကြပ်ကြဘူးလား”
“ဘယ်ကလာပြီး ရန်ဖြစ်ကြမတုံး။ ပျော်ကြလွန်းလို့မှ ရန်ဖြစ်ဖို့ သတိမရကြဘူး။ တယောက်နဲ့တယောက် ဆွေမျိုးတွေလိုဘဲ။ ကိုယ့်လူစုကို ကိုယ်ထိန်းပြီး သွားကြတာကလား။ ဘယ်ကပုလိပ်မှ လာမစောင့်ရဘူး။ ဘုရားဖူးတသိုက်တသိုက်မှာ ယောက်ျားက တယောက် နှစ်ယောက်၊ မိန်းမတွေ မိန်းကလေးတွေက လေး ငါးဆယ်လောက် ပါတာကလား။ သူတို့ကို ဘယ်သူမှ လက်ဖျားနဲ့တောင် မတို့ဘူး”
“ဘကြီးတို့လက်ထက်က ပိုးပန်းတာတွေကော မရှိဘူးလား”
“ဟာ ဘယ့်နှယ်ပြောပါလိမ့်။ ဒါကတော့ ဘယ်ကင်းမလဲ။ ပိုးကြ ပန်းကြတာပေါ့။ ကျုပ်တို့လဲ ပိုးပန်းကြတာဘဲ (ပြုံးလျက်ပြော)၊ ဘယ်လွတ်နိုင်မလဲ မောင်ရင်ရယ်။ ကျုပ်တို့လက်ထက်က မဆိုထားနဲ့၊ ကမ္ဘာဦးကတည်းက ပိုးပန်းလာကြတာကလား။ ပိုးကြ၊ ပန်းကြရအောင်လို့ ဘုရားပွဲကို သိပ်သွားကြတာပေါ့။ တယ်ပျော်တယ် မောင်ရင်ရေ။ လွမ်းသေးသကွယ်”
“ဘုရားပွဲကိုအသွား လမ်းထဲမှာ ပျော်ပုံတွေကို ပြောပါအုံး”
“ဘုရားမရောက်ခင် လမ်းထဲမှာ ပျော်စရာကြီးပါဘဲ။ မြန်အောင်၊ ဟင်္သာတ၊ ဇလွန်၊ အဖျောက်၊ စကာကြီး၊ ဓနုဖြူ၊ ညောင်တုံးက ဘုရားဖူးတွေဟာ လှေတွေ လှေတွေနဲ့ စုန်ပြီး ဆင်းလာကြတာပေါ့။ လှေတွေမှာ အလံတွေထိုးလိုက်လို့။ တလမ်းလုံးလဲ သံချပ်တွေထိုး။ ဗုံတောင်တွေကိုတီး၊ သီချင်းတွေဆို၊ ကလိုက၊ ခုန်လိုခုန်၊ လက်ခုပ် တီးလိုတီးနဲ့ ပျော်စရာကြီးပေါ့။ ကျုပ်တို့ရဲ့ ရွာတွေကို ရောက်တဲ့အခါ စခန်းချပြီး ထမင်းဟင်းချက်စားကြတာပါဘဲ။ ကျုပ်တို့ရွာသားတွေကလဲ ဗူးသီးတို့၊ ဖရုံသီးတို၊ ဖရဲသီးတို့ကို လှူသပေါ့။ လာသမျှလူတွေ ယူချင်သလောက်ကို ပေးတာဘဲ။ တချို့ကလဲ ယူသွားကြတယ်။ တချို့တော့လဲ မယူဘူး။ သည်လိုလှူတာ ကျုပ်တို့တရွာတည်း မဟုတ်ဘူး။ ဧရာဝတီမြစ်၊ ပန်းလှိုင်မြစ်တလျှောက်မှာ ရှိတဲ့ ရွာတိုင်းလိုလိုပါဘဲ”
“တယ်ပျော်စရာကောင်းမှာဘဲနော်။ စိတ်အေး၊ လက်အေး၊ အပူအပင်မရှိ၊ တလကိုးသီတင်း ဘုရားဖူးသွားနိုင်ကြပေတယ်”
“ဟုတ်သကွဲ့၊ လှေတစင်းတစင်းမှာ အနည်းဆုံး ငွေ- ၁၀၀ တော့ ပါတာပါဘဲ။ နို့ပေမဲ့၊ လမ်းထဲမှာ ဘယ်သူမှမခိုးယူ၊ မတိုက်ယူဘူးကွဲ့။ သိပ်အေးတာဘဲ။ အခုခေတ်မှာလိုသာဆိုယင် ဘယ်လာဝံ့ကြမလဲ။ လမ်းထဲကနေပြီး ခိုးယူ၊ တိုက်ယူတာနဲ့ ဘုရားပွဲမရောက်ခင် ပိုက်ဆံကုန်မှာ။ အခု ဘုရားပွဲသွားကြတာတွေက မီးရထား မီးသင်္ဘောနဲ့ဆိုတော့ အခုသွား၊ အခုရောက်၊ ဘယ်မှာပျော်ဖို့ အကွက်ရှိသလဲ။ နောက်ပြီးတော့ မီးရထား၊ မီးသင်္ဘောထဲမှာ သံချပ်ထိုးလို့လဲမရ၊ သီချင်းဆိုလို့လဲမရ၊ ကလို့လဲမရ ၊မောင်ရင်တို့လက်ထက် ဘုရားပွဲသွားတာဟာ ပျော်စရာမကောင်းပါဘူး”
“ဘကြီးပြောတာ ဟုတ်တယ်။ ပိုက်ဆံကုန် အကျိုးမရှိပေါ့”
“အေး ...ဟုဘ်တယ်” (ရယ်လျက်ပြော)
“ဘကြီးတို့ ငယ်ငယ်တုန်းက နေထိုင်ပုံတွေ၊ အုပ်ချုပ်ပုံတွေ၊ ပွဲလမ်းသဘင်အကြောင်းတွေကို ပြောစမ်းပါအုံး”
“ဟာ ပြောမယ်ဆိုယင် ဘယ်ကုန်နိုင်မလဲ၊ အများကြီးပေါ့။ နောက်တခါ မောင်ရင် သည်ရွာကို လာမှ ပြောပြမယ်။ အခု မှောင်လာပြီ။ ဝတ်တက်ဖို့ကိစ္စက ရှိသေးတယ်။ သွားလိုက်အုံးမယ်နော်”
“ကောင်းပါပြီ။ ကောင်းပါပြီ”
အဖိုးအိုလည်း ထွက်သွားလေပြီ။ အလင်းရောင်လည်း ကွယ်လေပြီ။ အနီးအနား ဘုန်းကြီးကျောင်းမှ ကုလားတက်သံကိုလည်း ကြားရလေပြီ။ မောင်လူအေးကား စဉ်းစား၍ကောင်းတုန်းပင်။
--------------------------
#သိပ္ပံမောင်ဝ
၁၂၉၆ ခု၊ ဒုတိယ ဝါဆိုလ။
Comments
Post a Comment