အပြင်ကလူ (၁)(အပိုင်း ၂)

#အပြင်ကလူ

(အပိုင်း-၂)

“နုနုနဲ့ကျွန်တော်တို့ကိစ္စမှာ ကျွန်တော်ဟာ မလွန်ပါဘူးလို့ ရှင်းနေတာမဟုတ်ပါဘူးအေးရယ်၊ ကျွန်တော်အများကြီးလွန်နိုင်ပါတယ်။ တစ်ကိုယ်ကောင်းဆန်နိုင်ပါတယ်။ ဒါပေမယ့် တစ်ခါမှာတော့ ကျွန်တော်ဟာ နုနုအတွက် ဘယ်တော့မှမလုပ်ဘူးတဲ့ အလုပ်တစ်ခုကို ကြိုးစားလုပ်ကြည့်ဖူးတယ်။ အေးလေ...နုနုအတွက် ဟုတ်ချင်မှလဲ ဟုတ်မှာပါ။ ကျွန်တော်စမ်းသပ်ကြည့်တာ ဖြစ်နိုင်ပါတယ်။ ဓာတ်ခွဲခန်းမှာ သုတေသနလုပ်ကြည့်သလိုပေါ့"

“နုနုမပြောပြဘူးလား၊ ဘာဖြစ်လို့မပြောပါလိမ့်။ သူ အပြစ်ကင်းချင်လို့လား၊ ဒါမှမဟုတ် ကျွန်တော်မအောင်မြင်လိုက်တဲ့ကိစ္စမို့ ရှက်လို့လား။ ကျွန်တော်စဉ်းစားဦးမယ်... "

“ကျွန်တော်လခစားဝင်လုပ်တယ်။ အစိုးရငွေစာရင်းတွေကိုင်ရတဲ့ ဌာနတစ်ခုမှာပါပဲ။ အေးသိသားပဲ၊ ကျွန်တော်က ဆယ်တန်းဖြေတုန်းက ဘယ်လိုခြေလက်ချော်ပြီး သင်္ချာဂုဏ်ထူးရခဲ့တယ်ဆိုတာ ခုထိ မပြောပြတတ်ပေမယ့် ၁၄နဲ့ ၉နဲ့ ပေါင်းဖို့ရာတောင် အင်မတန် ဝန်လေးတဲ့သူ"

“သူငယ်ချင်းတစ်ယောက် အလုပ်ထွက်သွားတဲ့နေရာမှာ ကျွန်တော်ဝင်လုပ်ရတယ်။ သူငယ်ချင်းက အလုပ်လွှဲသွားတဲ့အခါ စာရင်းတွေက တစ်မျိုးဖြစ်နေတယ်။ ကျွန်တော်ကတော့ ရသင့်တာထက် အလကားပိုရတာကို ကြိုက်ဖို့ကောင်းတယ် မထင်ပါဘူး။ ပြောနေရတောင် ရှက်ဖွယ်လို့ထင်ပါတယ်။ သူငယ်ချင်းကတော့ ပူမနေပါနဲ့ကွာဆိုပြီး ကျွန်တော့်ပုခုံးကို လက်နဲ့ နာနာဖျစ်ပြီး သွားတော့တာပါပဲ။ ပြီးတော့ ဟောင်ကောင်ကိုထွက်သွားပြီး အလုပ်လုပ်နေတယ်လို့ ကြားတာပါပဲ။ နှစ်လကျော်လောက်ကြာတော့ အစိုးရငွေအလွဲသုံးစားမှုဆိုလား ဘာလား၊ အဲဒီအမှုနဲ့ ကျွန်တော့်ကို ဖမ်းတော့တာပါပဲ..."

“တရားရုံးမှာ ကျွန်တော်ဟာ လူပြက်ပဲ၊ လူတွေက သိပ်ရယ်ကြတယ်။ ကျွန်တော်စာရင်းအင်းမှားတာကို သူတို့ ရယ်တာမှုတ်ဘူး။ ကျွန်တော်က ရှေ့ကအလုပ်လွှဲသွားပြီး ဟောင်ကောင်ကိုထွက်သွားတဲ့လူကို သူငယ်ချင်းလို့ခေါ်တာ ၊ ယုံသေးတာကို ရယ်ကြတာပါ။ ဒါ ရယ်စရာမဟုတ်ဘူးလို့ ထင်တာပါပဲ။ သူငယ်ချင်းကို ကျွန်တော်တွေ့ချင်သေးတယ်။ သူ ကျွန်တော့်ကိုလိမ်သွားတယ်၊ ချောက်ချသွားတယ်လို့ ကျွန်တော်မထင်နိုင်သေးဘူး။ သူငယ်ချင်းနဲ့ ရင်ဆိုင်တွေ့ပြီးမှပဲ ကျွန်တော်ဆုံးဖြတ်ချင်ပါတယ်။ ပြီးတော့ သူ သည်လိုလုပ်ဖို့လည်း အကြောင်းမရှိပါဘူး။ လူရင့်မာကြီးပဲ။ ကျွန်တော့်အပေါ်လုပ်မယ်လို့လည်း မထင်ပါဘူး။ လုပ်ရင်လည်း သူ့မှာ အကြောင်းပြချက် လုံလုံလောက်လောက်ရှိလိမ့်မယ်။ ရှိရမှာမို့ သိပ်အပြစ်ဆိုစရာရှိနိုင်မယ်မှုတ်ပါဘူး။ ကျွန်တော် သူ့ကို သနားချင်တာပါပဲ။ သူ့အစား တရားရုံးကို ရောက်ရတာထက် ကောင်းတဲ့အကူအညီပေးလိုက်ချင်တယ်။ သူ တကယ် လျော်စရာရှိနေတယ်ဆိုရင်၊ ကျွန်တော့်ခြံမြေကလေးနဲ့ အိမ်ကိုရောင်းပြီး ပေးလိုက်နိုင်သားပဲ။ ကမ္ဘာပေါ်က ပစ္စည်းပစ္စယအားလုံးဟာ လူအားလုံးအတွက်ပဲမှုတ်လား။ ကမ္ဘာ့ပစ္စည်းတွေက ကျန်ရစ်အုံးမှာပါ။ လူတွေက သေသွားကြမှာပါ။ မွေးလာတဲ့လူတွေက ပိုင်ကြအုံးမှာပါ"

“ကျွန်တော်လည်း ကိုယ့်ကိုယ်ကို ရယ်တာပါပဲ။ ရယ်တာကတော့ ကျွန်တော်စာရင်းအင်းဌာနမှာ ဝင်လုပ်မိတာကို ရယ်တာပါ။ ကျွန်တော့်ဆယ်တန်းအောင်လက်မှတ်က သင်္ချာဂုဏ်ထူးဆိုတဲ့ စာလုံးတွေကို ရယ်တာပါ။ ကျွန်တော် သင်္ချာဖျင်းတာမှန်ပါလျက်နဲ့ ကြက်ကန်းဆန်အိုး တိုးမိတာဟာ ဖျောက်လို့မရတဲ့ ဂုဏ်ထူးဝိသေသဖြစ်နေတာကို ရယ်တာပါ။ ကျွန်တော့်အတွက် (အားလုံးအတွက်လည်း သည်လိုပါပဲ) စက္ကူတစ်စဟာ လူ့ထက်အရေးကြီးနေတာ .... ၊ စက္ကူတစ်စက လူထက် အမှန်တရားအစစ်ဖြစ်နေတာကို ရယ်ချင်တာပါ"

“ကျွန်တော့်ကို အလုပ်ရှာပေး လွှဲပေးသွားတဲ့ သူငယ်ချင်းအပေါ် ကျွန်တော်မဆုံးဖြတ်သေးတာကတော့ ရယ်စရာမဟုတ်ဘူးလို့ ထင်ပါတယ်။ ရယ်မယ့်အစား ကျွန်တော်နဲ့ သဘောချင်းတိုက်ဆိုင်ကြဖို့ ကောင်းတယ်။ ထောက်ခံကြဖို့ ကောင်းတယ်"

“ပြီးတော့ စွပ်စွဲတာနဲ့ အပြစ်ရှိတာ တခြားစီပဲ၊ မှုတ်ဘူးလားအေးရယ်၊ တူတူဘဲသာဆိုရင် အစွပ်အစွဲခံရတဲ့ ကျွန်တော်ဟာလည်း အပြစ်ရှိတာပေါ့။ အေးလေ အပြစ်ရှိတယ်လို့ ထင်တဲ့လူတွေ အများကြီးရှိမှာပါပဲ။ ကျွန်တော် ရုံးမင်းတစ်ထိုင်အပြစ်ရတယ်။ အလုပ်ပြုတ်သွားတယ်။ ဘာတွေရွတ်ဖတ်နေကြတယ်တော့ နားမထောင်လိုက်ပါဘူး။ စီရင်ချက်ချတာ ဖတ်ပြတာ မကြားလိုက်ပါဘူး။ ကျွန်တော် စဉ်းစားနေတာကတော့ ထောင် သုံးလလောက်ကျရင် ကောင်းမှာလို့။ သံတိုင်အနောက်ကလူတွေနဲ့ နေဖူးလိုက်ချင်တယ်။ နည်းနည်းလေ့လာကြည့်ချင်တယ်။ ပင်ပန်းဆင်းရဲမှာလည်း မကြောက်ပါဘူး။ ကျွန်တော့်လက်တွေက မြေပေါက်နေကျပဲ။ မပြုံးပါနဲ့ အေးရယ်။ ကျွန်တော့်ပန်းချီကားတွေ ရောင်းရလာတာ ၁ဝနှစ် မရှိသေးပါဘူး။ ခုလဲ ကရင်လေးနဲ့ မြေဝိုင်းပေါက်နေတာပါပဲ"

“တရားသူကြီးကမေးတယ်။ ခင်ဗျားမှာ ဘာပြောစရာရှိသေးလဲတဲ့။ ကျွန်တော်လည်း စိတ်ထဲရှိရာ ထွက်သွားမိတယ်။ ကျွန်တော် ထောင်သုံးလလောက် ကျချင်တယ်လို့၊ ဘယ်လိုနေလဲလို့ သိချင်လို့ ဆိုတော့ ဘာပြောသလဲသိ လား .... အရူးထောင်ပဲ ဖြစ်နိုင်မယ်တဲ့ဗျား ...”

“ကျွန်တော်ကလည်း ပြောလိုက်တယ်။ အပန်းမကြီးပါဘူး။ ဒါလည်းလေ့လာစရာပါပဲလို့၊ ဘဝနဲ့နီးစပ်ရတာ ကောင်းတာပါပဲလို့ ကျွန်တော်က အဲသည်အတိုင်း ယဉ်ယဉ်ကျေးကျေးပြောတာ အမှန်ပါပဲ။ ဒါပေမယ့် ရုံးတော်ကို မရိုသေမှုနဲ့ ဒဏ်ချလိုက်သေးတယ်။ ထောင်ကိုတော့ မပို့ပေးဘူး"

* * *

“နုနု ကျွန်တော့်တို့သားလေးကို ကိုယ်ဝန်ဆောင်တဲ့အခါကျတော့ ကျွန်တော်အပျော်ဆုံးပဲ၊ နုနုဟာ လှလိုက်တာဗျာ။ အဲသည်အချိန်လောက် သူတစ်ခါမှ မလှဖူးဘူးထင်တာပဲ။ မျက်နှာလေးဆို ဝင်းလို့၊ အသားကလေးက ဝါလို့ ၊ ခလေးဖို့ အင်္ကျီကလေးတွေချုပ်လိုက်၊ သိုးမွှေးထိုးလိုက်၊ ဂွမ်းစောင် ဝယ်လိုက်နဲ့ ပွားများလာတဲ့အချစ်အတွက် ပြန်ဆင်နေတာ မြင်ရတာ တကယ်ပျော်စရာကောင်းတယ်"

“သားလေးမွေးပြီးတဲ့အချိန်မှာ ကျွန်တော် ပန်းချီဆရာတကယ်ဖြစ်လာတာပဲ။ သားနဲ့မိခင်ဆိုတာတွေ အများကြီး ကျွန်တော်ဆွဲခဲ့တယ်။ တစ်ခါတော့ “ဧဒင်ဥယျာဉ်ထဲမှ သားအမိ”ဆိုပြီး နာမည်ပေးလိုက်တော့ တော်တော်အပြော အဆိုခံရတယ်။ ခရစ်ယာန်ဘာသာနဲ့ ဆန့်ကျင်တယ် ဆိုပြီးပေါ့"

“နုနဲ့ကလေးရဲ့ ပုံတွေကို အဝတ်မပါဘဲချည်း ဆွဲခဲ့တယ်။ ဒါကို နုနုက မကျေနပ်ဘူးဗျ။ အဲသည်တစ်ချက်မှာ ကျွန်တော် တော်တော်တကိုယ်ကောင်းဆန်ခဲ့တယ် ထင်ပါရဲ့။ ဒါပေမယ့် လူဟာ အချစ်အတွက် နဂိုသဘာဝ အမိမွေးတဲ့အတိုင်း ဘဝကို ပြန်ရောက်ရတာအမှန်ပါပဲ။ စိတ်ရောရုပ်ရောပေါ့။ ဒါနဲ့ “အချစ်အတွက် အဝတ်လှစ်ရသည်”လို့ ကလေးနို့တိုက်နေပုံတစ်ပုံ ပြပွဲတင်လိုက်တာ နာမည်ပြင်ခိုင်းတယ်ဗျ။ ကျွန်တော်မပြင်နိုင်ဘူး။ ဒါနဲ့ အိမ်ပြန်ယူလာတယ်။ ညစ်ညမ်းတဲ့စိတ်တွေကို ညစ်ညမ်းတဲ့အတွေးတွေနဲ့ ထားခဲ့တယ်။ မရှင်းပြပါဘူး"

“ကျွန်တော့်ဖာသာကတော့ အဲဒီပုံကို တော်တော်ကြိုက်တယ်။ အလှတစ်ရပ်ကို ကံအားလျော်စွာ ပိုင်ဆိုင်လိုက်ခြင်းလို့ထင်တယ်။ ဒါပေမယ့် နုနုက စိတ်ဆိုးပြန်တယ်။ ဘာဖြစ်လို့လဲလို့တော့ နားမလည်လိုက်ပါဘူး။ သတင်းကြား ပြီး ဝယ်ချင်တဲ့လူလိုက်လာတော့ နုနုကျေနပ်သွားပြန်တယ်။ ကျွန်တော်ထင်တော့ နုနုဟာ ပန်းချီကားအရောင်းအဝယ်ဖြစ်တာကိုတော့ သဘောကျတယ်။ ဒါပါပဲ။ သည်တော့ ကျွန်တော်ဝမ်းနည်းတယ်"

“အဲသည်ပန်းချီကားအတွက် ကျွန်တော်တို့ တော်တော်စကားများရတယ်။ ကျွန်တော်က မရောင်းချင်ဘူး။ နုနုက ငွေလိုနေတာချည်းပဲ။ အိမ်မှာ စားစရာလည်း အပြည့်ရှိလျက်နဲ့ နုနုကတော့ သားရဲ့ဘဝအတွက် ပြင်ဆင်တယ် ပေါ့ ..."

“ကောင်းပြီ၊ သားကို ဘယ်လိုမွေးမလဲလို့ ကျွန်တော်တို့ဆွေးနွေးကြတယ်။ ဘယ်ကိုမှတော့ မရောက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ နုနုဟာ ကျွန်တော့်သားကို ကျွန်တော်နဲ့ မတူစေရဘူးဆိုတာ အရင်းခံထားလို့ဖြစ်တယ်။ ကျွန်တော်ကတော့ နုနုကို အဖော်အဖြစ် မမျှော်လင့်တော့ဘူးဆိုတဲ့တစ်နေ့မှာ သားကအဖော်ဖြစ်လာမယ်လို့ ထင်စားထားတယ်။ အဖော်ဖြစ်လာချင်တယ်ဆိုတာလဲ ကျွန်တော့်ကို နားလည်စေချင်တာပါပဲ။ ကျွန်တော်နဲ့တူစေချင်တာ မှုတ်ပါဘူး။ မတူရဘူးလို့လဲ မဟုတ်ဘူး"

“သားကို လွတ်လပ်ခွင့်ပေးချင်တယ်။ သူဖြစ်စေချင်တာဖြစ်ရမယ်။ လုပ်ချင်တာလုပ်ရမယ်။ သားရဲ့ စိတ်ကူးကို ကျွန်တော်ရိုသေချင်တယ်။ သားရဲ့ လူအဖြစ်ကို မျှော်တွေးတယ်။ ကလေးဟာ မိဘနှစ်ပါးလုံးရဲ့ ပိုင်ဆိုင်တဲ့ပစ္စည်း မဟုတ်ဘူး။ ချယ်လှယ်စရာမဟုတ်ဘူး။ တသီးတခြား ဖြစ်ထွန်းရမယ့် လူ့ဘဝတစ်ရပ်ဖြစ်တယ်။ မိဘက ကူညီရုံ၊ ထောက်ပံ့ရုံပဲ"

“နုနုက ငြင်းပြန်တယ်။ ကျွန်တော်ဟာ တာဝန်မဲ့တယ် တဲ့၊ ကလေးကိုဖျက်ဆီးတယ်တဲ့ ..."

“နုနုက ကလေးကို စည်းကမ်းကြီးတွေနဲ့ ချုပ်ချယ်လာတာမြင်ရတယ်။ စိတ်မချမ်းသာစရာ တကယ်ကောင်းတယ်အေးရယ် ....။ ဟိုဟာမလုပ်ရဘူး။ ဒီဟာ မကိုင်ရဘူးနဲ့။ ကျွန်တော်နဲ့ ရန်ဖြစ်ရင် ကလေးကို မဲရိုက်ချင် ရိုက်နေပြန်ရော၊ ကိုယ့်ရင်ကဖြစ်တဲ့ကလေးကို အသားနာအောင်လုပ်ရက်လိုက်တာ”

“တစ်ခါ ကလေးက ပန်းကန်ခွဲလို့ လက်ဖျားကိုရိုက်တော့ ကျွန်တော်ကပြောမိတယ်။ ပန်းကန်တစ်ချပ်ဟာ ကလေး စိတ်တစ်ချက်နာကျင်သွားတာရဲ့ ဆယ်ပုံတစ်ပုံ အဖိုးမတန်ပါဘူး။ လူဟာ ပစ္စည်းရဲ့ကျွန်မဟုတ်ဘူးဆိုတော့ ...ကျွန်တော်ချစ်တဲ့၊ နှလုံးပူနွေးမယ်ထင်ရတဲ့၊ နူးညံ့ပျော့ပျောင်းတဲ့၊ ခဏခဏငိုတတ်တဲ့ နုနုဟာ ဘာလုပ်တယ်ထင်သလဲ .... "

“ကျွန်တော့်စုတ်တံပြားကြီးကို ဆေးမဲနှစ်ပြီး ကျွန်တော်မရောင်းရက်လို့ထားတဲ့ အဝတ်လှစ်ရသည်ဆိုတဲ့ ပန်းချီကားကို ကြက်ခြေခတ်ပစ်လိုက်တယ်"

“ကျွန်တော် မတားပါဘူး၊ ကြည့်နေလိုက်တယ်၊ စိတ်လည်း မဆိုးပါဘူး၊ အံ့သြတယ်၊ ငိုချင်တယ်၊ ဒါပါပဲ...."

“နုနုကတော့ပြောတယ်။ ရှင့်မှာ ထိခိုက်စရာအသည်းနှလုံးမှမရှိဘဲ၊ အေးစက်စက်နဲ့ ကြည့်နေနိုင်တာပေါ့တဲ့"

“ကျွန်တော်စဉ်စားတယ်။ နုနုဟာ ကြမ်းတမ်းတဲ့မိန်းကလေးမဟုတ်ခဲ့ဘူး၊ မိန်းမပီသတာတော့မှန်တယ်။ အနည်းငယ်သေးနုပ်တယ်၊ သို့ပေမယ့် ပျော့ပျောင်းတယ်။ ချစ်ခင်တတ်တယ်။ ကျွန်တော့်ဘက်က ဘာမှ ဂတိများစွာ ပေးခြင်းမရှိဘဲနဲ့ ကျွန်တော့်နောက်ကို လိုက်လာတယ်။ မြို့ဆန်တဲ့ သူ့အဆောင်အယောင်တွေကို ခွဲခွာခဲ့ပြီး သည်မရမ်းခြံ မြို့စွန်မှာလာနေတယ်။ သူ့ဘက်က အများကြီးကြိုးစားခဲ့တယ် ဆိုရမှာပေါ့”

“ကျွန်တော်တို့နှစ်ယောက် ပေါင်းစပ်လိုက်တာဟာ အပေါင်းလက္ခဏာမထွက်တော့ဘဲ အနှုတ်လက္ခဏာထွက်နေပြီလား"

“ကျွန်တော့်အလိုကိုလိုက်ပြီး နေ့စဉ်ရက်ဆက် ကလေးနို့တိုက် ထိုင်ခဲ့တာတွေ သတိရတယ်။ အဲသည်ပုံဖြစ်အောင် သူဟာ အင်မတန်စိတ်ရှည်လက်ရှည်နဲ့ ပုံတူဆွဲခံခဲ့တယ်။ ပြုံးပြုံးကလေးနေခဲ့တယ်။ ကျွန်တော်ဂျီးများတာလဲ အေးသိသားပဲ၊ နုနုသည်းခံခဲ့တာ အမှန်ပါပဲ။ တစ်နေ့တစ်နေ့ ထိုင်ပြီး အပြုံးကလေးနဲ့ ကလေးပွေ့ပြီး ကိုယ်ဟန်ပြခဲ့တယ်။ ကျွန်တော့်ကို အများကြီးပေးလိုက်တယ်။ သို့ပေမယ့် ဆေးမဲနဲ့ကြက်ခြေခတ်ပြီး ပေးပြီးသားကို ပြန်ယူသွားပြန်တယ်"

“အဲသည်ပန်းချီကားကို ဧည့်ခန်းထဲကနေ အိပ်ခန်းထဲ ရွှေ့လိုက်တယ်။ အိပ်ရာခေါင်းရင်းမှာ ထားလိုက်တယ်။ အဲဒါ ကျွန်တော့်ရဲ့ အမှားပဲ ထင်ပါရဲ့ ။ ခေါင်းရင်းက ချောက်လှန့်နေတဲ့ပုံကြောင့် ကျွန်တော်နဲ့နုဟာ ပွေ့ပိုက်နေလျက်က ခွာလိုက်ကြတယ်။ နမ်းရှုပ်နေလျက် ခွဲလိုက်ကြတယ်။ လရောင် ကြယ်ရောင် မတိုးနိုင်တဲ့ မှောင်မိုက်တဲ့ တစ်ခါတစ်လေ ညများမှာသာ ကျွန်တော်တို့ဟာ ပြန်လည်ရင်းနှီးပြီး၊ အလင်းရောင်သန်းလာပြန်တော့ ပြန်လည်စိမ်းကားသွားကြတာပါပဲ"

“နုနုမှာလဲ သာမန်မိန်းမတို့ရဲ့ မာနခေါ်မလား၊ ခေါင်းမာတယ်ခေါ်မလား၊ အဲဒါရှိတယ်။ သူဟာ သူ့သားကို ပိုပြီး တင်းတင်းကြပ်ကြပ်လုပ်လာတယ်။ ကျွန်တော်ဝယ်ပေးထားတဲ့ စုတ်တံကိုင်ရင် ပေတယ်၊ ပလာစတာရွှံ့ကို ရွံစရာ၊ ပတ္တလားခေါက်ရင်တောင် နားငြီးတယ်ဆိုပြီး ကလေးကို ကကြီးခခွေးနဲ့ အေဘီစီဒီသာ အတင်းသင်တော့တာပါပဲ"

“မနက်မိုးလင်းရင် ကလေးကို လမ်းလျှောက်သင်ခွင့်၊ ခေါ်ခွင့် ကျွန်တော်မရတော့ဘူး"

* * *

“နုနုဟာ မပျော်ဘူး။ သူပျော်အောင် ဘယ်လိုလုပ်ရပါ့မလဲလို့ ကျွန်တော်စဉ်းစားတယ်။ နုနုဘာလုပ်ချင်သလဲလို့ စဉ်းစားတယ်"

“နုနု ဘာမှမလုပ်ချင်ဘူးဗျ။ လူ့ဘဝမှာ သူလုပ်စရာ ဘာမှမရှိဘူး။ အနည်းဆုံး ဘီအေအောင်အောင်နေလိုက်ပြီးမှ ကျွန်တော်တို့ ယူလိုက်ကြရင် သူဟာ ကျောင်းဆရာမ၊ ရုံးဝန်ထောက် စသည်ဖြင့် လုပ်စရာအလုပ်တစ်ခု ထူးထူးဆန်းဆန်းမဟုတ်တောင် ရှိနေရင် သက်သာမှာပဲ"

“ကြည်နူးမှုဆိုတာ သူ မရနိုင်ရှာဘူး။ ကျွန်တော်သင်ပေးချင်ပါရဲ့။ တစ်ခါ ရွာစွန်းက ကြာအိုင်ကို အတင်းခေါ်သွားမိတယ်။ နွေကုန်စ နေရောင်ပျပျသာတဲ့ တစ်မနက်ခင်းမှာပဲ။ မှတ်မိပါရဲ့၊ ကြာအိုင်နဖူးမှာ ကောက်ကောက်ကွေ့ ကွေ့ ပေါက်နေတဲ့ အမျိုးအမည်လည်း ကျွန်တော်မသိတဲ့ သစ်ပင်က သစ်ရွက်တွေ လေဝှေ့တိုင်းကြွေနေတယ်။ ဝါဖန့်ဖန့်၊ စိမ်းလဲ့လဲ့အရွက်ကလေးတွေ ပတ်ချာလည်ပြီး စောင်းရွှေရွှေနဲ့ ရေပြင်ပေါ်ကြွေကျတယ်။ လှလိုက်တာဗျာ၊ ပြောမပြနိုင်လောက်အောင်ပါပဲ။ အဲသည်အလှကို ကျွန်တော် ခုထက်ထိ ဆွဲလို့မရသေးဘူး။ ဥပမာကတော့ ဆီလျော်ပါ့မလား မသိဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ နားထဲမှာ နတ်စောင်းငြင်းသံ ကြားလိုက်ရသလိုပဲ။ (နတ်စောင်းငြင်းသံကို မဆွဲရသေးပေမယ့် ကျွန်တော်နာမည်ပေးထားတယ်) နုရယ် ကြည့်ပါဦးလို့ ကျွန်တော်ပြောမိပေမယ့် နုနုက သမန်ကာရှံကာပဲဗျ။ သူဘာမှ မမြင်လိုက်ဘူး"

“ကျွန်တော်တော့ အိပ်မပျော်တဲ့ညတွေ၊ စိတ်လေတဲ့အခါတွေမှာ အဲသည်စိတ်မျက်စိထဲကပုံကို ပြန်မြန်လိုက်ရင် တည်ငြိမ်သွားတာပဲ၊ မျက်ရည်လဲကျလာတယ်။ အမှန်တရားနဲ့ နီးစပ်လာတယ်"

“အလှကိုမမြင်တဲ့သူဟာ အချစ်ဆိုတာကော ရှိပါ့မလား။ တောထဲက တိရစ္ဆာန်တွေဟာ နေထွက်လာတာ၊ လတက်လာတာ၊ မိုးပေါက်တွေကြဲချတာ၊ သစ်ပင်သစ်ရည် တက်လာတာနဲ့ ရင်းနှီးပေမယ့် အလှကိုမမြင်ကြဘူး။ အချစ် ဆိုတာမရှိဘူး။ တပ်မက်တာ၊ ကိုယ်လက်ရင်းနှီးတာပဲရှိမယ်။ တိရစ္ဆာန်လောကမှာ သစ္စာတရားဆိုတာ မရှိပါဘူး"

“တကယ်ပဲ နုနုကို ကျွန်တော်အထင်သေးလာတယ်။ သာမန်အချည်းနှီး မိန်းမတစ်ယောက်လို့ပဲ မြင်လာတယ်။ သူကလဲ ကျွန်တော့်ကိုအထင်သေးတာပဲ။ လက်တွေ့မဆန်သူပေါ့။ ကျွန်တော့်အချစ်ကိုတောင် လူကိုချစ်တာမဟုတ်၊ အချစ်ဆိုတဲ့တရားကို ချစ်နေတာ၊ စိတ်ကူးယဉ်နေတာ၊ သာယာနေတာလို့ စွပ်စွဲလာတယ်၊ နောက်ဆုံးတော့ အကျင့်စာရိတ္တမကောင်းဘူးလို့တောင် ထိပါးလာပါတော့တယ်"

“အဲသည်အဖြစ် ဖြစ်ရတာကတော့ နုနုဘယ်တော့မှ နားလည်နိုင်မယ် မဟုတ်ပေမယ့် အေးတော့ နားလည်မယ်ထင်တာပဲ။ မရမ်းခြံမြောက်ဘက်ရွာမှာ အငြိမ့်အဖွဲ့ တွေ အများကြီးရှိတယ်ဗျ။ ဆိုင်းဘုတ်တွေကို စီနေတာပဲ။ ဇာတ်မင်းသားတွေလည်း တော်တော်ထွက်တယ်"

“အဲသည် ရွာက အငြိမ့်သမလေးတစ်ယောက်ကို ကျွန်တော်ခေါ်ပြီး ပတ်ချာလှည့်ကခိုင်းပြီး လှုပ်ရှားနေတဲ့ ကဟန်ကို ကျွန်တော်ဆွဲယူတယ်။ ကလေးမလေးက ၁၅ နှစ်လောက် ရှိဦးမယ်။ သေးသေးသွယ်သွယ် ဖြူဖြူကလေး၊ ကလေးငယ်လေးလိုပဲ။ ဖွံ့ဖွံ့ ဖြိုးဖြိုး နည်းနည်းမှမရှိပါဘူး။ လှလှပပ ကြည်ကြည်လင်လင်ကလေးပဲ။ တော်တော်ချစ်စရာကောင်းတယ်။ အကလည်း အင်မတန်ညက်တယ်။ ကြော့ရှင်းတယ်၊ ပီသတယ်၊ ပိုက်ဆံလည်း သိပ်မပေးရဘူးဗျ"

“ကျွန်တော်ကလည်း မနေနိုင်လို့သာ ပန်းချီဆွဲနေတာ၊ ပန်းချီဆရာမှမဖြစ်သေးတာ၊ နုနုကိုတောင် မောင်ပန်းချီဆွဲမယ်လို့ ရဲရဲပြောဝံ့တာမှုတ်ဘူး။ ကောင်မလေးက,တာ ကြည့်ကောင်းလို့ပါလို့ မရေမရာပြောပြီး တိပ်ခွေဖွင့်ပြီး ကခိုင်းပြီး ခဲနဲ့ခြစ်နေတာက တော်တော်ကြာတာကို"

“နုနုက ထုံးစံအတိုင်း ငြူစူနေတာပါပဲ။ တစ်နေ့တော့ ကျွန်တော်လိုရာကို ရခဲ့တယ်။ ဂျိုးဖြူလေး အတောင်ခတ်ဟန်၊ လိပ်ပြာဝဲဟန်၊ သစ်ကိုင်းညွတ်ဟန်၊ ကြာဖူးငုံအာလာဟန်တွေ ကလေးမလေး ကပြတာကို ခဲနဲ့ ပုံအမျိုးမျိုးကူးနေရာက ဆီဆေးဖြစ်သွားတယ်။ ပုံက ခပ်သေးသေးပေမယ့် ၃ပုံတိတိ ရလိုက်တယ်။ ပန်းချီကားဟာ လှုပ်ရှားနေတယ်။ လက်ကလေးတွေဟာ ကခုန်လို့ကိုနေတယ်၊ ပျံဝဲနေတယ်၊ ကော့နေတယ်"

“ကျွန်တော်ဝမ်းသာလွန်းလို့ ကလေးမလေးကို အငြိမ့်က,ရင် ဝတ်ဖို့ ရွှေချည်ထိုးထမီဝယ်ပေးလိုက်တယ်။ ညီမအရွယ်၊ တူမလေးအရွယ်ပေမယ့် ပူဇော်တဲ့သဘောပါပဲ။ သည်ထက်မက ပေးချင်ပါသေးတယ်။ နုနုကတော့ ခပ်စိမ်းစိမ်း ကြည့်နေတယ်ပေါ့ဗျာ"

“ဒါပေမယ့် တော်ပြီ • • • ဆေးတစ်စက်မှ ထပ်မတို့နိုင်တော့ဘူး။ မတို့တတ်တော့ဘူးလို့ ဆုံးဖြတ်ပြီး စိတ်အေးချမ်းသွားတဲ့တစ်နေ့မှာ ပန်းချီကားပေါ်က နူးညံ့ပျော့ပျောင်းတဲ့ ဝဲပျံနေတဲ့ အငြိမ့်သမလက်ကလေးကို ကျွန်တော်နမ်းလိုက်မိရင်တော့ နုနုဟာ ကျွန်တော့်အကျင့်စာရိတ္တကို ထိပါးပြောတော့တာပါပဲ"

“နုနုကပြောတယ်။ လူအစစ်က ပိုနမ်းလို့မကောင်းဘူးလားတဲ့၊ မနမ်းချင်ဘူးလားတဲ့။ ကျွန်တော်ကလဲ အတတ်နိုင်ဆုံး မှန်ရာကို ပြောချင်တဲ့သူဆိုတော့ အေးကွာ • • • အဲသည်ကလေးမကလေးကို အင်မတန်လှအောင် ကပြီးတဲ့
အခါမျိုးမှ အားရပါးရပွေ့ဖက်ပြီး နဖူးကလေးနမ်းလိုက်ချင်တယ်။ သူ့နဖူးကလေးမှာ ချွေးစို့နေတတ်တယ်လို့ ပြောမိတယ်"

“ပြီးတော့ကော မောင် လို့ နုနုက မေးတော့ .....“

"ပြီးတော့ ....ပန်းစိုက်အိုးထဲက နှင်းဆီငုံကလေး ပွင့်အာလာလဲ မောင်နမ်းမိတယ်။ သားကလေး သီချင်းဆိုနေတဲ့အခါလဲ မောင်နမ်းမိတယ်။ နု မောင့်ကိုနားလည်လာမယ့်အခါမှာလည်း မောင်နမ်းမိမှာပါပဲလို့ ဖြေလိုက်တယ်"

“မောင်က အလှမြင်ရင် နမ်းချင်သူဆိုပါတော့လို့ နုနုက သရော်တဲ့အခါ၊ ကျွန်တော်က ဒါအပြစ်မဟုတ်ပါဘူး နုရဲ့ ၊ အဲသည်အလှကိုမြင်တဲ့အခါမှာ မောင်ဟာလဲ မောင်မဟုတ်တော့ဘူး။ ဟောသည်ဘဝ ဟောသည်ကမ္ဘာမှာ လူဖြစ်နေတာလဲ မဟုတ်တော့ဘူး။ အင်မတန်စင်ကြယ်တဲ့အဖြစ်ပါလို့ ဆိုတော့ နုနုက နားမလည်တာလား၊ မယုံတာလား မသိပါဘူး၊ ခေါင်းခါနေတယ်"

“အဲသည်အလှကို ယစ်မူးရတာ ကောင်းပြီးရင်း ကောင်းရင်းနဲ့ မခွဲနိုင်မခွာရက်ဖြစ်တော့မှာ မဟုတ်ဘူးလားလို့ နုကပြောတော့ ယေဘုယျအားဖြင့် ဖြစ်နိုင်တာပြောရတာမှုတ်လား။ နယ်နမိတ်သတ်မှတ်ထားတာလဲ ရှိတာပေါ့။ နုနု ကတော့ ရယ်တယ်ဗျာ"

“ကျွန်တော့်ကို အကျင့်စာရိတ္တမကောင်းတဲ့လူ၊ ပျက်စီးတဲ့လူလို့ ဆိုတယ်။ အကျင့်စာရိတ္တဆိုတာလဲ နေရာအမျိုးမျိုး၊ ခေတ်အမျိုးမျိုးမှာ လူတို့သတ်မှတ်ထားတဲ့ စည်းကမ်းပဲ မှုတ်လား။ ပြောင်းလွဲနေတတ်တာပဲ။ ကျွန်တော်ကတော့ ရိုးဖြောင့်ချင်သူမျှသာဖြစ်ပါတယ်။ အကျင့်စာရိတ္တကောင်းတယ်၊ မကောင်းဘူးဆိုတာ ကျွန်တော့်မှာမရှိပါဘူး။ ကျွန်တော်နှစ်သက်သဘောကျသလိုသာ သူများကို မထိပါးစေဘဲ နေချင်ပါတယ်။ ကျွန်တော့်ကို အကျင့်စာရိတ္တပျက်တယ်လို့ ပြောမယ့်အစား အကျင့်စာရိတ္တ အဆိုးအကောင်း မသတ်မှတ်သူလို့ခေါ်ရင် ပိုမှန်မယ်ထင်ပါရဲ့"

"နုနုကတော့ အငြိမ့်သမလေးကို အိမ်မလာနဲ့တော့လို့ နှင်လိုက်တယ်"

* * *

“သည့်နောက်တော့ နုနုဟာ သနားစရာကောင်းလာတယ်၊ အရူးပမာဖြစ်နေတယ်၊ ကလေးကိုတောင် ဂရုမစိုက်နိုင်တော့ဘူး။ ကျွန်တော်တို့ ငွေလည်းတော်တော်ကြပ်တယ်။ ခြံထဲမှာ နှင်းဆီတွေစိုက်တာကလဲကုန်၊ ဆီဆေးတွေဝယ်ရတာကလည်း ကျွန်တော်ကလောဘကြီးတော့ ဝယ်လို့ ပိုက်ဆံမလောက်နိုင်ဘူး။ နုနုက မိန်းမပီပီ စကော့ဈေးသွားချင်မယ်။ လက်ဝတ်လက်စားမက်မယ်။ ရုပ်ရှင်ကြည့်ချင်မယ်ဆိုပြီး သတိရတာတော့အမှန်ပါပဲ။ အဲသည်လိုဖြစ်နေတုန်း နုနုက သူငယ်ချင်းဟောင်းတွေနဲ့ပြန်ပေါင်းပြီး ထမင်းထွက်စားဖို့တို့၊ ပျော်ပွဲစားထွက်ဖို့တို့ လာခေါ်တာနောက် လိုက်စပြုလာတယ်"

“နုနု သည်လိုနေရမှ ပျော်ရွှင်မယ်ဆိုရင် ကျွန်တော် ကြည်ဖြူရုံမက ဝမ်းတောင်သာပါရဲ့ ။ နုနုမှာ ကျွန်တော်နဲ့ မဆီဆိုင်တဲ့၊ မစပ်ဟပ်နိုင်တဲ့ အသွေးအကွက်လေးတွေ ရှိမှာပေါ့။ လျောက်ပတ်ရာအလင်းရောင်နဲ့ တိုက်မိပြီး
ဖြိုးပြက်ဝင်းလက်လာတာကို မငြူစူသင့်ပါဘူး"

“သူ လူ့ဘဝမှာ နေထိုင်တတ်လာတယ်ထင်ပြီး ကျွန်တော်ဝမ်းသာအားရနဲ့ ပန်းချီကားတစ်ကားရောင်းရသမျှ အကုန်သုံးပစ်ဖို့ ပေးလိုက်သေးတယ်။ နှစ်ထောင့်ငါးရာလောက် ထင်ပါရဲ့"

“နုနုက သူမသုံးချင်ပါဘူးဆိုပြီး သားလေးနာမည်နဲ့ ဘဏ်မှာ ငွေစုစာရင်းဖွင့်သတဲ့။ ပထမတော့ နုနုစိတ်ကောက်မှန်း သိတောင်မသိပါဘူး။ သူ သဘောကျရာလုပ်တယ် အောက်မေ့တာပဲ။ ကျွန်တော်က ထွေထွေရာရာလည်း မစဉ်းစားတတ်ဘူးမှုတ်လား။ နုနုက သူ့အတွက် အကုန်ခံတဲ့လူ ရှိပါတယ်တဲ့။ သူ့မောင်နှစ်ဝမ်းကွဲဆိုလား။ ဘိလပ်ကပြန်လာစ အင်ဂျင်နီယာကောင်လေးနဲ့ တော်တော်တွဲနေတယ်။ ကောင်လေးက ကိုယ်ပိုင်ကားဝပ်ရှော့ အကြီးအကျယ်ဖွင့်ထားပြီး လွတ်လပ်နေတော့ နုနုကို နေ့တိုင်းလာခေါ်နေတာပေါ့"

“နုနု လှလှပပ ဝတ်စားပြီး ရယ်ကာမောကာနှင့် ထွက်လည်လိုက်၊ ရုပ်ရှင်ကြည့်လိုက်၊ ပွဲလမ်းသဘင်သွားလိုက်လုပ်တာမြင်ရတော့ ကျွန်တော်စိတ်အေးသွားတယ်။ နုနု နှမြောတတ်တဲ့ သူ့ခြေထောက်ကလေးတွေ ရွှံ့မပေဘဲ ကားစီး
နေရတာလဲ ကျေနပ်စရာပေါ့ ။ နုနုက ကားမောင်းတွေဘာတွေ ပြန်ကျင့်လို့ ဟန်ကျနေတယ်"

“တစ်ညတော့ တစ်နာရီခွဲမှ ပြန်လာကြတယ်။ ကျွန်တော်က စိတ်နည်းနည်းပူလို့ ထိုင်စောင့်နေပြီး ကားမီးမြင်တော့ ဝမ်းသာအားရ ထွက်ကြိုတာပေါ့။ မောင်ကိုလေးကိုလဲ မပြန်နဲ့တော့ကွာ၊ ဒို့ဆီပဲအိပ်တော့၊ မင်းအိမ်ပြန်တော့
တစ်ယောက်ထဲ၊ ခုတစ်လော လမ်းကွေ့မှာဓားပြတိုက်တယ်၊ လုတယ်ကြားနေရတယ်လို့ ပြောရတယ်"

“နုနုကတော့ အိပ်ရာထဲမှာ ကျွန်တော့်ကို ရန်ထောင်တော့တာပါပဲ။ ကျွန်တော့်စိတ်ထဲ ရှင်းလင်းပါလျက်နဲ့ သူက ရန်ထောင်တယ်။ မောင်နှမနှစ်ဝမ်းကွဲပေမယ့် အရင်းလိုပဲတဲ့၊ ငယ်ငယ်ကတည်းက အိမ်ချင်းကူးပြီး နေလာကြတာတဲ့၊ အေးပါ အေးပါလို့ ဆိုပေမယ့် ကျွန်တော့်ရင်ဘတ်ကို ထုတယ်၊ ငိုတယ်၊ ကြည့်နေရက်တယ်တဲ့ဗျာ "

“သည်လိုပဲ မကြာခဏ မောင်နှမတော်တဲ့အကြောင်းချည်းပြောနေ၊ မျက်နှာပျက်နေတော့ ကျွန်တော်ကပြောမိတယ်။ နုရယ်....စိတ်အေးအေးထားပါ။ မောင် နုကို ဘယ်တော့မှ မကောင်းမထင်ဘူး။ တကယ်တော့ မောင်ကိုလေးနဲ့ နုနဲ့ မောင်နှမတောင် တော်စရာမလိုပါဘူး။ မောင်ကိုလေးနဲ့ သွားလာနေရတာပျော်ရင် ပျော်သလိုနေနိုင်ပါတယ်။ သူပေးတဲ့အခွင့်အရေးကို မောင်မှမပေးနိုင်ဘဲကိုး။ ပြီးတော့ မောင်ကိုလေးနဲ့ နု ကလေးမွေးပြီးတောင် နေနိုင်ကြပါတယ်။ ဒီလိုနေမှ နုအဖို့ဖြစ်နိုင်မယ်၊ ကျေနပ်နိုင်မယ်ထင်ရင်လို့ ပြောလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ မောင်က နုကို လိုလားနေသေးတာကိုး၊ နုကို စည်းလွတ်ကမ်းလွတ် လိုချင်နေသေးတာကိုးလို့ ပြောလိုက်တယ်"

“နုနုက နှုတ်ခမ်းတုန်အောင်ကိုက်ပြီး ဒီလိုလား၊ ဒါဖြင့်ရင်လဲ အဲသည်လို ကလေးမွေးနေရုံမက မောင့်ကိုပါ ထားပစ်ခဲ့ရင်ကောတဲ့"

“မောင် နုကိုလွမ်းနေဦးမှာပေါ့လို့ ပြောလိုက်တယ်။ မောင် နုကို ဆုံးရှုံးရပြီလို့ သိမှာပေါ့လို့ ပြောလိုက်တယ်။ ဒါပေမယ့် နုသွားမှ၊ မောင့်ကိုထားခဲ့မှဖြစ်မယ်ဆိုလဲ ထားခဲ့ရမှာပေါ့၊ မောင်မတားသင့်ပါဘူးလို့ ပြောပါတယ်"

“မောင်ကြည့်နေနိုင်တာပေါ့လို့ နုနုက မေးမြန်းပြန်တော့၊ ကျွန်တော်ယုံကြည်တာကို မလိမ်ညာနိုင်ဘဲ ပြောရတယ်။ နုဟာ မောင်နဲ့နုတို့ရဲ့ ဘဝအတွက်သာမက နုတစ်ယောက်ရဲ့ ဘဝအတွက်ပါ စဉ်းစားခွင့်၊ ဆုံးဖြတ်ခွင့်ရှိပါတယ်လို့။ မောင်နဲ့မပျော်တော့လို့ နုထွက်သွားမယ်ဆိုရင် မောင် ကြည့်နေရုံအပြင် ဘာမှမတတ်နိုင်ပါဘူးလို့ "

“ကျွန်တော့်ကို နုနုက စိမ်းကားတဲ့သူတဲ့ဗျာ။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကို ကြီးကျယ်လှတဲ့လူ မဟုတ်နိုင်ပေမယ့် အနည်းဆုံး ယဉ်ကျေးတဲ့လူသားတစ်ယောက်လို့ပဲ ထင်ပါတယ်"

“နောက်ဆုံးတော့လည်း နုနုဟာ ကျွန်တော့်ကို ကိုယ်စိတ်နှစ်ပါး ဒုက္ခပေးတဲ့လူလို့ အမည်မှည့်ပြီး ကလေးကိုခေါ်ပြီး ထွက်သွားတော့တာပါပဲ။ ကျွန်တော်လည်း မတားလိုက်ပါဘူး”

ဆက်ရန်
-------------------------------
#ကြည်အေး

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)