​ဂေါက်သီး

#ဂေါက်သီး

​ဂေါက်သီးကား ဂေါက်ပင်က သီးသော အသီးမဟုတ်ပါ။ လက်ကိုင်တုတ်ကဲ့သို့သော အဖျားကောက်ကောက် တုတ်မျိုးဖြင့် ရိုက်ကာ တွင်းစိမ်ကစားရသည့် ကွမ်းသီးလုံးခန့်ရှိ ဘောလုံးကလေးကို ဆိုသည်။

မောင်လူအေး ပြည်ရွှေဘိုသို့ ရောက်စက လယ်ဝန်ဦးညိုတို့၊ သစ်တောဝန်ထောက် ဦးရွတ်ကွင်းတို့၊ ဂေါက်သီးရိုက်ကစားကြသည်ကို အားကျသောကြောင့်တကြောင်း၊ သူတကာက စကားစပ်မိ၍ အညောင်းပြေ အညာပြေ ညနေရုံးကပြန်လျှင် မည်သည့်ကစားမျိုးကို ကစားပါသလဲဟု မေးလျှင် ဂေါက်သီးကစားပါသည်ဟု ဟန်လုပ်ကာ ဖြေနိုင်ရန်လည်း တကြောင်း၊ ဤအကြောင်း နှစ်ကြောင်းတို့ကြောင့် မောင်လူအေးသည် ဂေါက်သီးရိုက်ရန် တုတ်ကောက်တစုံနှင့် ဂေါက်သီးခြောက်လုံးတို့ကို အကြွေးရသဖြင့် ဝယ်ယူလိုက်လေသတည်း။

ဂေါက်သီးပိုင်ရှင် ဂေါက်သီးတုတ်များ၏ပိုင်ရှင် ဖြစ်လာသော်လည်း တလမှာမှ တခါ ဂေါက်သီးရိုက်သောကွင်းသို့ မရောက်ခဲ့ချေ။ ယင်းပစ္စည်းများကို အလှကြည့်ရန် ဝယ်ထားသည်နှင့် တူလှပေတော့သည်။ မိတ်ဆွေများက ထိုပစ္စည်းများကို မြင်သွားကြသောအခါ မောင်လူအေးမှာ တကဲ့ဂေါက်သီးဆရာကြီးဟု ထင်မှတ်သွားလေ့ရှိလေသည်။ ဤသို့ထင်မှတ်သွားကြသည်ကိုပင် အသားယူကာ တိတ်ဆိတ်နေခဲ့၏။

သို့နှင့် ဂေါက်သီးကစားခြင်းကို တော်လျော်စွာ လုပ်လာခဲ့သည်မှာ လပေါင်းများစွာ ကြာခဲ့လေသည်။ ဂေါက်သီးနှင့် ဂေါက်သီးရိုက်သောတုတ်များတို့မှာ မျက်နှာငယ်စွာနှင့် ထောင့်တထောင့်တွင် နေခဲ့ကြရသည်မှာလည်း ကြာခဲ့လေပြီ။

တခါသော် မောင်လူအေးတို့အိမ်သားတတွေ ရတနာပုံနေပြည်တော်သို့ အလည်အပတ်ရောက်သွားကြကုန်၏။ ရတနာပုံနေ မိတ်ဆွေကြီး ဦးသာဒုတ်မှာ ဂေါက်သီးကစားခြင်း၌ ဝါသနာအပါကြီး ပါနေပြီဖြစ်ကြောင်းကို တွေ့ရ၏။
ထမင်းစားယင်းလည်း ဂေါက်သီးအကြောင်း၊ ဧည့်သည်နှင့် စကားပြောယင်းလည်း ဂေါက်သီးအကြောင်း၊ အားနေ၍ စာဖတ်ပြန်လည်း ဂေါက်သီးအကြောင်းရေးထားသော စာအုပ်ကို ဖတ်။ အပြင်ထွက်သွား၍ ပြန်လာလျှင်လည်း ဂေါက်သီးရိုက်သောတုတ်သစ် တချောင်း နှစ်ချောင်းကို ဝယ်ခဲ့၏။ နံနက်စောစော ခြောက်နာရီ အိပ်ရာမှထပြီးသည်နှင့်တပြိုင်နက် ဂေါက်သီးကွင်းထဲသို့ ရောက်သွားတော့၏။ ညနေရုံးမှ ပြန်ရောက်သည်နှင့် တပြိုင်နက် ဂေါက်သီးရိုက်သောကရိယာများကို ယူကာ ဂေါက်သီးကွင်းထဲသို့ ရောက်သွားတော့၏။ စားလည်း သည်စိတ်၊ အိပ်လည်း သည်စိတ် ဖြစ်နေလေတော့သတည်း။

ဦးသာဒုတ်ကား ဇွဲကောင်းသူဖြစ်၏။ တခုတခုကို လုပ်မိမှဖြင့် မလျှော့တမ်း လုပ်တတ်သူတည်း။ သူကား ဂေါက်သီးအတွက် အရူးကြီးရူးနေလေပြီ။ ဦးသာဒုတ်ချည်းမဟုတ်၊ ရတနာပုံနေ မောင်လူအေး၏မိတ်ဆွေအားလုံးလိုလိုပင် ဂေါက်သီးစွဲနေလေပြီ။ ကပ္ပတိန် သိန်းမောင်တို့၊ ပုလိပ်မင်း ဦးကျော်မြင့်တို့၊ မီးရထားစက်ခေါင်းမင်း ဦးရုံမိုးတို့တတွေလည်း ဂေါက်သီးရူးနေကြကုန်၏။ နံနက်တိုင်း ညနေတိုင်း ဂေါက်သီးကွင်းတွင် သူတို့တတွေ၏ခြေရာနှင့် ရှုပ်နေ လေတော့သည်။

မောင်လူအေး ရတနာပုံသို့ အလည်ရောက်ခိုက်တွင် ဂေါက်သီးဆရာများ၏ဓာတ် ကူးသွားပြီးလျှင် ဂေါက်သီးရိုက်ချင်သောစိတ်များ တဖွားဖွား ပေါ်ပေါက်၍လာ၏။ ထိုသို့ပေါ်ပေါက်လာသည့်အတိုင်း မိတ်ဆွေများနှင့် နံနက်တိုင်း၊ ညနေတိုင်း ဂေါက်သီးတလုံးကြေး လောင်းတမ်းရိုက်လေတော့၏။ နံနက်တိုင်း ညနေတိုင်း ရိုက်နေကြသောကြောင့် အကျင့်ရပြီးသားသူတို့အား တလမှာမှ တခါလောက် ရိုက်လေ့ရှိသော မောင်လူအေးသည် နိုင်အောင် အဘယ်မှာစွမ်းနိုင်ပါအံ့နည်း။ ဂေါက်သီး လေးလုံးမျှ ရှုံးခဲ့လေပြီ။ မောင်လူအေး အဘယ်မှာ ကျေနပ်နိုင်အံ့နည်း။ အတော်ပင်စိတ်ပျက်နေ၏။ သူ၏ဂေါက်သီးတုတ်များထည့်သော လွယ်အိတ်ကိုလွယ်ကာ မော်တော်ကားသမား မောင်ငယ်မှာလည်း မိမိ၏သခင် အရှုံးကြီးရှုံးသည်ကို အဘယ်မှာလျှင် ကြည့်ရက်နိုင်ပါအံ့နည်း။

ရတနာပုံမှ ပြည်ရွှေဘိုသို့ အပြန်လမ်းထဲတွင် “ငါသည် နေပြည်တော်သား မိတ်ဆွေများကို ဂေါက်သီးရိုက်ရာတွင် မနိုင်လောက်သမျှ ကာလပတ်လုံး ရတနာပုံသို့ မလာတော့ပြီ။ ပြည်ရွှေဘိုတွင် ဂေါက်သီးအရိုက်ကျင့်တော့အံ့။ နေပြည်တော်နေ မိတ်ဆွေများကို နိုင်လောက်သော အခြေသို့ရောက်မှ ရတနာပုံသို့ အလည်သွားတော့မည်” ဟုဆိုကာ အဓိဋ္ဌာန်ကိုပြု၏။

အိမ်သို့ရောက်သည်နှင့်တပြိုင်နက် ဂေါက်သီးအကြောင်းရေးသားထားသော စာအုပ်ကို ကောက်၍ဖတ်၏။ ထိုစာအုပ်တွင် ညွှန်းသောအချက်များကို မြဲမြဲစွဲစွဲ မှတ်လေသည်။ အိပ်ရာထဲဝင်သောအခါတွင်လည်း ဂေါက်သီးအကြောင်း စဉ်းစားယင်း အိပ်ပျော်သွားလေသတည်း။ ခင်သန်းမြင့်က မည်သို့မျှမပြော။ အသာ အကဲခတ်ကာ သည်လူတော့ ဂေါက်သီးရူးပြီဟူ၍သာ စိတ်ထဲက ဆိုနေဟန်ရှိ၏။

နောက်တနေ့နံနက်စောစော ခြောက်နာရီမထိုးမီ မောင်လူအေးနှင့် သူ၏မော်တော်ကားသမား မောင်ငယ်တို့သည် ဂေါက်သီးကွင်းထဲတွင် ရောက်နေကြကုန်၏။ ပဌမတွင်းကို စိမ်ရန် ရိုက်တော့မည်ပြင်သောအခါ ညကဖတ်ထားသော စာအုပ်က ညွှန်းသည့်အတိုင်း စိတ်ထဲက “ဂေါက်သီးကို ကြည့်၊ ဘယ်လက်ကို တန်းတန်းထား၊ဘယ်ခြေကို ကွေး” ဟု သုံးကြိမ်တိုင်တိုင် ဂါထာကိုရွတ်၏။ ဤသို့ရွတ်ပြီးနောက် အညွှန်းအတိုင်း ရိုက်လိုက်ရာ အတော်ခပ်လှမ်းလှမ်းသို့ ဂေါက်သီးကလေးမှာ ဖြောင့်တန်းစွာ ပြေးသွား၏။

မောင်လူအေးနှင့် မောင်ငယ်တို့ အတော် အားရသွားကြလေသည်။ မောင်လူအေး၏စိတ်ထဲတွင် သွေးကြီးမိ၏။ ယခင်ကအတိုင်း ဆက်လက်၍ ရိုက်သွားရာ လေးချက်နှင့် ပဌမတွင်းကို စိမ်မိလေသတည်း။

ထိုအခါ မောင်လူအေးမှာ သွေးကြီးသွားပြီးလျှင် “ဟိုနေ့က မန္တလေးမှာ သည်လိုသာ ရိုက်မယ်ဆိုယင် နေရာကျမှာဘဲ” ဟု မောင်ငယ်အား လှမ်း၍ပြောလိုက်၏။

“သည်လိုသာဆိုယင် ကပ္ပတိန် သိန်းမောင်တို၊ ဦးသာဒုတ်တို့တော့ အပျော့ပေါ့” ဟု မောင်ငယ်က ထောက်ခံလိုက်လေသတည်း။

ယခုကား ဒုတိယတွင်းကို စိမ်ရန် ရိုက်တော့အံ့။ မောင်လူအေးသည် ယခင်ကရွတ်သော “ဂေါက်သီးကိုကြည့်၊ ဘယ်လက်ကို တန်းတန်းထား၊ ဘယ်ခြေကိုကွေး” ဆိုသော ဂါထာကို သုံးကြိမ်ရွတ်ပြန်၏။ ဤသို့ရွတ်ပြီး ရိုက်မည် အလုပ်တွင်“သည်လိုသာဆိုယင် ကိုသာဒုတ်တို့တော့ အပျော့ပေါ့”ဟု သွားတွေးမိ၏။ ဤသို့လည်း တွေးမိ၊ ဂေါက်သီးကိုလည်း ရိုက်တော့သတည်း။

စိတ်အာရုံမှာ ဂေါက်သီးတွင် စိုက်မနေဘဲ ဦးသာဒုတ်ဆီရောက်သွားသောကြောင့် ဂေါက်သီးကို ချက်ကောင်းမမှန် မြေကြီးကို အားကုန်နှံလိုက်သောကြောင့် ဂေါက်သီးခမျာမှာ ဆယ်ပေခန့်သာ သွားနိုင်ရှာသတည်း။ မောင်လူအေးကား များစွာ ဒေါသထွက်မိတော့၏။ ဒေါသကို ချုပ်တည်းကာ ရိုက်ပြန်၏။ ဘယ်လက်ကို ဆန့်တန်းထားရမည်ကို ကွေးပြီး ရိုက်မိသောကြောင့် ဂေါက်သီးကိုမထိဘဲ ဗလာကြဲနေလေတော့သည်။ ယခင်ကထက်ပင် ပို၍ဒေါသထွက်လာပြန်၏။ ထိုဒေါသကို ချုပ်ကာ ရိုက်ပြန်၏။ အနီးအနားရှိ ချုံတောထဲသို့ ဂေါက်သီး ရောက်သွား၏။

မောင်လူအေး စိတ်အပျက်ကြီး ပျက်လေပြီ။ ယခင်က သွေးကြီးခဲ့သည်မှာလည်း လွင့်စဉ်၍သွား၏။ နောက်တဖန် အားခဲကာရိုက်ရာ အချက်ပေါင်း ဆယ်ချက် ရိုက်မိမှ ဂေါက်သီးသည် ဒုတိယတွင်းထဲသို့ ရောက်သွားလေသည်။
ဤသို့ ဒေါသထွက်ချည်၊ စိတ်ပျက်ချည်၊ သွေးကြီးချည်၊အခံရခက်ချည်နှင့် ရိုက်သွားသည်မှာ တွင်းပေါင်း ၁၂ တွင်းတို့ကို စိမ်ပြီးခဲ့၏။ ပြီးလျှင် မော်တော်ကားပေါ် တက်ကာ အိမ်သို့ ပြန်ခဲ့သတည်း။

အိမ်ထဲသို့ ဝင်သွားသောအခါ ခင်သန်းမြင့်က သရော်သလိုလို လုပ်ကာ ပြုံး၏။ မောင်လူအေး ဂရုမစိုက်၊ ဂေါက်သီးအကြောင်းကိုသာလျှင် စဉ်းစား၍နေလေသည်။

ရုံးသွားချိန်ရောက်၍ ရုံးသို့ ထွက်သွားသော်လည်း ရုံးတွင် ဂေါက်သီးအကြောင်း စဉ်းစားကာ အလုပ်လုပ်သဖြင့် အချို့အလုပ်များမှာ အမှားမှားအယွင်းယွင်း ဖြစ်သွားလေသည်။ ထိုအခါ... “ဟေ့ လောကမှာ ရူးမှ ထူးသကွ” ဟု ဆိုကာ မိမိ၏အမှားကို ဖြေဖျောက်၏။

ညနေ လေးနာရီထိုးသည်နှင့် တပြိုင်နက် ရုံးမှဆင်းကာ ဂေါက်သီးကွင်းကို ပြေး၏။ နေပူကျဲကျဲကြီးတွင် မောင်ငယ်နှင့်နှစ်ယောက်သား ကြဲနေကြကုန်၏။ မောင်လူအေးက ရိုက်၊ မောင်ငယ်က တုတ်ကို ကမ်းပေး၊ ဂေါက်သီးပျောက်လျှင်ရှာ၊ မှောင်၍ ဂေါက်သီးကို မမြင်တော့မှ ဂေါက်သီးကွင်းမှ ပြန်လာကြလေသတည်း။

ရေမိုးချိုး၊ ညစာစားပြီးသောအခါ ဂေါက်သီးအကြောင်း ရေးထားသော စာအုပ်ကို ဖတ်ပြန်၏။ ထိုစာအုပ်ကို ဖတ်နေယင်း စိတ်ကူးပေါက်လာပြီးလျှင် ဂေါက်သီးရိုက်သော တုတ်တချောင်းကို အိတ်မှ ထုတ်ကာ အိပ်ခန်းထဲသို့ ဝင်သွား၏။ အိပ်ခန်းထဲရှိ ကိုယ်လုံးပေါ် မှန်ရှေ့သို့ ရောက်သောအခါ စာအုပ်တွင်ပါသော ညွှန်းချက်အတိုင်း ကိုင်ကာ ဂေါက်သီးရိုက်သော တုတ်ကို လွှဲလေ၏။ ဤသို့ လွှဲလိုက်ရာ မျက်နှာကြက်မှ တွဲလောင်းကျနေသော ဓာတ်မီးလုံးကို သွား၍မှန်သောကြောင့် “ဂွမ်း” ကနဲမြည်ကာ ကွဲ၍ ကြမ်းပြင်ပေါ်သို့ ကျလာ၏။ အိပ်ခန်းတခန်းလုံးလည်း မှောင်အတိကျသွားလေသတည်း။

ဧည့်ခန်းတွင် ထိုင်နေကြသော ခင်သန်းမြင့်တို့တတွေ ကြားသဖြင့် အလန့်တကြား ပြေးလာပြီးလျှင် အခန်းဝမှနေ၍ အကြောင်းကို မေးကြ၏။

“ဘာမှ မဖြစ်ပါဘူး။ ဂေါက်သီးတုတ်နဲ့ ဓာတ်မီးကို သွားရိုက်မိလို့” ဟု မောင်လူအေးက လှမ်းကာ ​ဖြေ၏။

“တယ်လဲ ရူးတာကိုး” ဟု ဆိုကာ ခင်သန်းမြင့်က ရေရွတ်၏။

မောင်လူအေး မည်သို့မှ မဆို။ ကုပ်ကုပ်ကုပ်ကုပ်နှင့် အခန်းထဲမှ ထွက်လာပြီးလျှင် ဂေါက်သီးတုတ်ကို သူ့နေရာမှာ သွားထားလေသတည်း။

နောက်တနေ့လည်း ယခင်နေ့ကကဲ့သို့ပင် နံနက်ရော ညနေရော၊ ဂေါက်သီးကွင်းသို့ ဆရာတပည့်နှစ်ယောက် သွားကြပြန်၏။ ဤသို့ နေ့စဉ်ရက်ဆက် သွားကြ၍ ဆယ်ရက်မြောက်သောနေ့ ညစာစားပြီးနောက် ခင်သန်းမြင့်တို့ နောက်ဖေးခန်းတွင် စကားပြောနေခိုက်၊ ဧည့်ခန်းထဲတွင် မောင်လူအေးတယောက်တည်း ဂေါက်သီးအရိုက်ကျင့်ပြန်၏။ ဤသို့ကျင့်ရာ ကြမ်းပြင်ကို မှန်လိုက်သဖြင့် “ဒိုင်း” ကနဲ မြည်သွားလေသတည်း။ ဧည့်ခန်းထဲတွင် ခင်းထားသော ကော်ဇောမှာလည်း ပေါက်သွား၏။ ခင်သန်းမြင့် ပြေးထွက်လာပြီး မေးသောအခါ ဟုတ်တိုင်းမှန်ရာကို ပြောလိုက်ရရှာ၏။ ခင်သန်းမြင့် ဆူပြန်၏။

မောင်လူအေးမှာ အခက်ကြုံနေလေပြီ။ ဂေါက်သီးကိုလည်း မစွန့်နိုင်။ ခင်သန်းမြင့်၏ဆူပူခြင်းကိုလည်း မခံချင်။ သို့ဖြစ်သောကြောင့် အကြံတခုကို ထုတ်၏။ ထိုအကြံကို ထုတ်ပြီးသည်နှင့်တပြိုင်နက် ခင်သန်းမြင့်အား ဂေါက်သီး ကစားရန် ဆွယ်တရားဟော၏။ ဂေါက်သီးကစားခြင်းသည် မြန်မာမိန်းမများနှင့် အလွန်တော်ကြောင်း၊ ပင်လည်း မပင်ပန်း၊ ဣနြေလည်း မပျက်၊ ကျန်းမာခြင်းလည်း ဖြစ်။ သို့ဖြစ်သောကြောင့် ခင်သန်းမြင့်လည်း ဂေါက်သီးရိုက်သင့်ကြောင်း အာပေါက်အောင် နေ့စဉ် ဟော၏။ ဤသို့ ဟောဖန်များလတ်သော် ခင်သန်းမြင့် စိတ်ပါလာ၏။

များမကြာမီအတွင်း မောင်လူအေးနှင့် ခင်သန်းမြင့်တို့ကို မနက်တိုင်း ညနေတိုင်း ဂေါက်သီးကွင်းတွင် မြင်ရလေသတည်း။ နှစ်ယောက်စလုံး စွဲနေကြလေပြီ။ ဂေါက်သီးကွင်းမှ ပြန်လာသောအခါလည်း အိပ်ခန်း၊ ဧည့်ခန်းထဲတွင် အစမ်း ရိုက်နေကြကုန်၏။ ခင်သန်းမြင့်၏ပယောဂကြောင့် ခုတင်တိုင်တတိုင်လည်း ပိန်သွားလေပြီ။ မောင်လူအေး၏ပယောဂကြောင့် တံခါးမှန်တချပ်လည်း ကွဲသွားလေပြီ။ သို့သော် တယောက်ကိုတယောက် အပြစ်မဆိုကြ။ ကျေနပ်နေကြလေသည်။ မတော်တဆ ထိတာဘဲဟု ဆိုကာ ပြုံးနေကြကုန်၏။

ဤသို့ ရူးဖန်များလတ်သော် မောင်လူအေး၏ ညာဖက် နံတောင်းမှာ ကွေးရလွန်းလှ၍ အောင့်စပြုလာ၏။ သို့သော် လက်မလျှော့သေး။ တေပေကာ ရိုက်တုန်းပင်။ ထို့နောက် တော်တော်နာလာ၏။ သို့သော် ဂရုမစိုက်၊ နောင် နာလွန်းမက နာလွန်းလှမှ နံနက်အတွက် လက်လျှော့လိုက်ပြီးလျှင် ညနေဖက်သာ သွားတော့၏။ ပြန်လာကြသောအခါ ခင်သန်းမြင့်က ရေနွေးကျပ်ပူ ထိုးပေးရရှာလေသည်။ နှစ်ဦးသဘောတူအလုပ်ကို လုပ်ရခြင်းကား အဟောသုခံ ဪ... ချမ်းသာစွ။
-----------------------------
#သိပ္ပံမောင်ဝ
မှတ်တမ်းဝင် စာပေများ၊ ကျွန်းလှ၊ ၄-၄-၄၀။

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)