တို့​တောရွာ

#တို့တောရွာ

တို့တောရွာက အထက်အညာတွင် ရှိလေသည်။ အညာဆိုရာမှာလည်း အလွန်အညာကျသော အညာမဟုတ်။ မန္တလေးနှင့် မြင်းခြံအကြား ဧရာဝတီမြစ်ကမ်းတွင် တည်ရှိ၍ ရွာလည်းမက မြို့လည်းမကျသော မြို့ကလေးတမြို့ကို ဆိုလိုသည်။

နံနက်စောစော မန္တလေးမှ မြင်းခြံသင်္ဘောဖြင့် ထွက်လာရာ အဆိုပါ မြို့ကလေးသို့ ၁၁ နာရီခွဲခန့် အချိန်တွင် ရောက်၏။ နေပူကျဲကျဲ ဖုံတထောင်းထောင်း ထနေသော ကမ်းပါးပေါ်တွင် မြင်းခြံသင်္ဘော၏အလာကို စောင့်စားနေကြသော လူထုကြီးကို သင်္ဘောပေါ်မှ နေ၍ မြင်ရသော် ထိုသဘောပေါ်တွင် ပါလာသော အမတ်ချုပ်ကြီးသော်၎င်း၊ ခရိုင်မင်းကြီးသော်၎င်း တယောက်ယောက်အား ကြိုဆိုရန် စောင့်စားနေကြသည်ဟု ထင်မှတ်မိ၏။

ဤသိုကား မဟုတ်ပေ။ ထိုမြို့သားတယောက် တက္ကသိုလ်ကျောင်းမှ ပြန်လာသည်ကို အထူးအဆန်းလုပ်ကာ အကြီးအကျယ် ကြိုဆိုကြခြင်း ဖြစ်လေသည်။ ရှေးအခါက ထိုမြို့မှ တက္ကသိုလ်ကျောင်းသို့ ရောက်ဘူးသူ တယောက်မျှ မရှိခဲ့ပေ။ ယခုမှသာလျှင် မိမိတိုအရပ်မှ ထူးထူးချွန်ချွန် တက္ကသိုလ်ပြည်သို့ စာသင်သွားပေသည်ဟူ၍ အားရနှစ်သက်ကာ ကြိုဆိုကြခြင်းပင်တည်း။ ဘုရင်ခံချုပ်လာစဉ်က ရန်ကုန်သူ ရန်ကုန်သားတို့ ခရီးဦးကြိုပြုကြသည်ထက်ပင် ပိုမို၍ နှစ်သက်အားရစွာ ကြိုဆိုကြလေသည်။

တက္ကသိုလ်ကျောင်းသားတယောက် မိမိ၏နေရပ်သို့ ပြန်လာသည်ကိုပင် အရေးတကြီး ခရီးဦးကြိုပြုကြသည်မှာ ရယ်စရာပါတကားဟု မြို့ကြီးသားတို့က ရယ်ချင် ရယ်ကြပေလိမ့်မည်။ ဤသို့ ပြက်ချော်​ချော် သရော်တော်တော် လုပ်ကာ မရယ်သင့်ပေ။ မြန်မာပြည်မှ အင်္ဂလန်ပြည်သို့ “ပညာတော်သင်” များ သွားကြခါနီးတွင် ထမင်းကျွေးလိုကျွေး၊ အငြိမ့်ခံလိုခံ၊ အင်မတန်မှပင် ကြီးကြီးကျယ်ကျယ်လုပ်ကြသည် မဟုတ်ပါလော။ ဤအကြောင်းကို ကြားလျှင် အင်္ဂလိပ်များက ရယ်ကြမလား မပြောတတ်ပေ။ သို့ရာတွင် သူ့နေရာနှင့် သူ့နေရာ ထင်ရာလုပ်ကြစတမ်းပေပလေ။

တိုတောရွာဓလေ့က တမျိုး၊ မြို့ကြီးသားတို့ ဓလေ့က တခြား၊ တူနိုင်ပမလား မောင်ရို့ ။

နံနက်ခင်း တဲအနီး မီးလှုံကာ ထန်းမြစ်ဖုတ်စား။ ပဲပြုတ်နှင့် ထမင်းကြမ်းကို လက်ဖက်ရည်ကြမ်းနှင့်မြည်း။ ဆိမ့်တိမ့်တိမ့်၊ အီတီတီ၊ နတ်သုဒ္ဓါ မှီပမလား။

ထမင်းစားပြီးလျှင် ယာခင်းထဲသွား၊ ပျော်ပါးစွာ ပြွေမှုတ်သူ မှုတ်၊ သီချင်း တကြော်ကြော် အော်ဆိုသူဆို၊ ပျော်စဘွယ်လိ။

နွားကျောင်းသွားသူတွေက မရှား၊ ငှက်ခါးထောင်သူတွေက ထောင်၊ ချိုးပစ်သူပစ်၊ စစ်တလင်းမှ စစ်ခင်းကြသလို။

ညနေခင်းတွင် မြစ်ဆိပ်မှာ အပျိုတသင်း ရေဆင်းခပ်ရှာကြ၊ တယောက်ကို တယောက် ခေါ်သူ ခေါ်၊ ပျော်လိုက်ကြတဲ့ အပျိုတွေ။ အတင်းပြောလိုပြော၊ ရည်းစားအကြောင်း ဆွေးနွေးလို ဆွေးနွေး၊ ဣန္ဒြေရရ သွားသူသွား၊ စကားများသူက များ၊ တယောက်ကို တယောက် ကျီစားသူက ကျီစား။ ထိုအပျိုတွေမှာ ရုပ်ချောသူချာ၊ ရုပ်ဆိုးသူဆိုး၊ မဲမဲလည်း ရှိ၊ ဖြူဖြူလည်း ပါ။ အကြည့်တန်သူတွေက မရှား၊ သနားကမားတွေကလဲ အပုံပင်။

ကြွယ်ဝသူ မိန်းကလေးတို့ကား ရှက်ကြလိုထင့်။ ရေခပ်မသွား။ ရေစည်ကို ငှါး၍ သုံးကြသတဲ့။ တကဲ့ မိန်းကလေးတွေ။ သူတကာ ရေခပ်သွားလျှင် သနပ်ခါး ပိန်းကြမ်းရိုက်၊ လူပျိုကလေးတွေ အသွားအလာကို အိမ်ထဲမှ နေ၍ မျက်စိအရသာကို ခံကြလေသည်။ ကာလသား လူပျိုတသင်းကမူကား မြစ်ဆိပ်သို့ ဆင်းကာ အပျိုတွေ ရေခပ်အလာကို ကြည့်ကြ၊ မြို့ဆန်ကြသူ ကိုဟဝါတို့က မာဖလာကို စည်းလိုစည်း။ ဗိုလ်ကေကို သလိုသ။ ဣန္ဒရရ နေလိုနေ။  အဲသည်လို ဟန်ပါပါနှင့် စံရှာနေကြ၏။

မြို့နှင့်မနီး တောမှာကြီးရသော ကိုလူပျိုတို့ကမူကား တောသားပီပီ၊ အင်္ကျီနတ္ထိ၊ “ဗလာတိ၊ ဗလိတာ”၊ မဲကျိကျိ၊ ကိုယ်ပြာပြာ၊ အပျိုတကာ ရေဆိပ်ဆင်းလျှင် ပြွေပြင်းပြင်း မှုတ်သတတ်။

မိန်းကလေး အပျိုကညာတို့ကလည်း ကိုဟဝါတို့ကို မြင်ကြလျှင် အသံပေးလိုပေး၊ ပြုံးသွားလို့ ပြုံးသွား၊ ရှက်လို့ ခြေလှမ်းမှားသူက မှား၊ ကစားသလို စောင်းပါးရိပ်ခြည် ပြောသွားသူက ပြောသွား၊ ပျော်စရာ့ ပျော်စရာ ပျော်စရာကြီးဖြစ်လေသည်။

မြစ်ဆိပ်သို့ ရောက်ကြလျှင် ရေကူးသူကူး၊ ရေခပ်သူခပ် ပျော်စရာပင်။ သီချင်းဆိုသူဆို၊ မ သံပေးလိုက်ကြသည်မှာလည်း တကြော်ကြော်၊ ဖိုသံပေးလိုက်ကြသည်မှာလည်း အလွန်ပျော်၊ တယောက်နှင့် တယောက်များ ရင်းနှီးကြပေ၏။ တစိမ်းတယောက် အနားသို့ ရောက်သွားလျှင် သီချင်းဆိုသူတို့က တိတ်၊ မ,သံပေးသူတို့ကလည်း ဆိတ်၊ ကစားနေသူတို့ကလည်းရပ်။ ရှက်တက်တက်၊ ရွံ့တွန့်တွန့်နှင့် မျက်နှာများကို အသာငုံ့နေကြ
လေသည်။

မြို့မှာလို မော်တော်ကား စီးချင်သောစိတ်လည်း မရှိ။ ဘီ-အေ၊ အမ်-အေ အောင်ချင်သော စိတ်တို့လည်း မလာ။ ဆရာ၊ ဝတ်လုံလုပ်ချင်သော စိတ်တို့မှလည်း ဝေး။ ရုပ်ရှင်သို့ ပြေးချင်သော စိတ်တို့လည်း မပေါ် ။ စိန်၊ ရွှေ ဝတ်ချင်သော စိတ်တိုမှလည်း ကင်း။ မင်းကတော် ဖြစ်ဖိုရာ စိတ်ကူးထဲပင် မထည့်။ ဖုံတထောင်းထောင်းနှင့် လမ်းပေါ်မှာ လှည်းကြမ်းကြီးကို စီးရလျှင်ပင် နတ်ပြည်က ဝေဇယန္တရထားကို စီးရသည်ဟု ထင်၊ လှည်းဘီးမှ တအီအီ မြည်နေသည်ကိုလည်း ပဉ္စသိင်္ခ နတ်သား၏စောင်းသံဟု မှတ်ကြလေသည်။

စားရသမျှ၊ ကြားရသမျှ၊ သွားရသမျှတို့နှင့်ပင် ကျေနပ်ရှာကြကုန်၏။

လောကတွင် ကျေနပ်လျှင် စိတ်ချမ်းသာ၊ စိတ်ချမ်းသာလျှင် သုခကြီးပင်တည်း။
--------------------------
#သိပ္ပံမောင်ဝ
၁၂၉၁ ခု၊ တပေါင်းလ။

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)