ဓါးပြမှု
#ဓားပြမှု
တနေ့၌ အထက်အညာ မြို့တမြို့ရှိ နယ်ပိုင် ဝန်ထောက်မင်းရုံးအနားသို့ မျက်စိလည် လမ်းမှား၍ ရောက်သွားလေသည်။ ဗဟုသုတကို စာဖတ်မှ ရသည်မဟုတ်။ ရုံးတွင် အမှုအခင်းအကြောင်းများကို နားထောင်လျှင်လည်း ရနိုင်၏ဟု စဉ်းစားမိသည်နှင့် ရုံးဝင်းအတွင်းသို့ ဝင်ကာ၊ ရုံးဝရံတာမှ ရပ်၍ အမှုတမှုအကြောင်းကို နားထောင်၏။
အချိန်ကား ညနေ ငါးနာရီ၊ ခြောက်နာရီခန့်ရှိပြီ။ ရုံးခန်းအတွင်းတွင် ခပ်မှောင်မှောင်နေလေသည်။ မြို့ပိုင်ရုံးအစရှိသော အခြားရုံးခန်းများကို ပိတ်ထားပြီးလေပြီ။ နယ်ပိုင်ရုံးတွင်လည်း လူများစွာ မရှိပေ။ ရုံးအပြင်ဖက် ဝရံတာတွင် ရပ်သူရပ်၊ ထိုင်သူထိုင်၊ ဖက်လိပ်များကို ဖွာသူဖွာနှင့် ငြိမ်သက်စွာ အမှုအကြောင်းကို နားထောင်နေကြသော လူ ၁၀ ယောက်၊ ၁၅ ယောက်ခန့်သာ ရှိလေသည်။
နယ်ပိုင်ဝန်ထောက်မင်းကား တရားခွင်ပေါ်တွင် ထိုင်နေလေသည်။ သူ၏ အသက်ကား ၃၅ နှစ်ခန့် ရှိပေလိမ့်မည်။ သူ၏ပုံပန်းကား ခပ်ပုပု ခပ်မဲမဲ ဖြစ်၏။ ဆံပင်ရှည်ရှည်ထားသူတည်း။ ရှေးဆန်လှ၏။ မြန်မာပီလှ၏။ ခပ်မှောင်မှောင်ဖြစ်နေသော ရုံးခန်းအတွင်းရှိ တရားခွင်ပေါ်တွင် ထိုင်ကာ မိမိအင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စီရင်ချက်ကို ဘာသာပြန်ကာ ရှင်းလင်းလျက် နေလေသည်။ ထိုအမှုကား ဓားပြမှုတည်း။
တရားသူကြီး၏တရားခွင်၌ ခင်းထားသော ကုလားထိုင်များပေါ်တွင် ထိုင်နေသူတို့ကား မြန်မာအမိန့်တော်ရ နှစ်ယောက်နှင့် ရုံးအမှုလိုက်တို့ ဖြစ်ကြလေသည်။ ထိုအမိန့်တော်ရ နှစ်ယောက်အနက် တယောက်မှာ အသားဖြူဖြူ၊ ခပ်ပုပုဖြစ်၏။ တယောက်ကား ခပ်မြင့်မြင့် ခပ်ပိန်ပိန် အသားကား လတ်လေသည်။ ရုံးအမှုလိုက် ရာဇဝတ်အုပ်မှာ ခေါင်းပေါင်း အနီကို ပေါင်းထား၏။ ကာကီရောင် ကွတ်အင်္ကျီနှင့် လုံချည်နီတို့ကို ဝတ်ထားလေသည်။ သူ၏အသားမှာ ခပ်မဲမဲ၊ သူ၏အရပ်မှာ ခပ်ပုပုတည်း။
ထိုင်စရာကုလားထိုင် မရှိသောကြောင့် တရားသူကြီး၏ယာဖက် ကြမ်းပြင်ပေါ်တွင် ရပ်နေကြသော အမိန့်တော်ရကား နှစ်ယောက် ဖြစ်၏။ နှစ်ယောက်စလုံး အထက်သားများဖြစ်ကြလေသည်။ သူတို့၏ရုပ်များက သက်သေခံကြ၏။
တရားခွင်၏ ဝဲဖက်ကြမ်းပြင်ပေါ်တွင် ရပ်နေကြသူတို့ကား ပုလိပ်သားနှစ်ယောက် ဖြစ်လေသည်။ တယောက်မှာ ပန်ချာဘီ၊ တယောက်ကား မြန်မာဖြစ်၏။ ပန်ချာဘီပုလိပ်ကြီးမှာ ခန့်ခန့်ညားညား မုတ်ဆိတ်ဖားဖားနှင့် မားမားကြီး ရပ်လျက် နေလေသည်။
တရားခွင်နှင့် ဆယ်ပေခန့်အကွာ တရားခံတို့ကို ထားရာနေရာတွင်ကား ဓားပြမှုနှင့် တရားစွဲခံနေကြရသော တရားခံ ငါးယောက် ရပ်လျက်နေကြကုန်၏။ တရားသူကြီး ရှင်းလင်းလျက်နေသော စီရင်ချက်ကို နားစွင့်ကာ နားထောင်နေကြလေသည်။ ထိုတရားခံ ငါးယောက်အနက် မဲမဲလည်းပါ၊ ပြာပြာလည်းရှိ၊ အသားလတ်သူကား တယောက် နှစ်ယောက်။ ကြောက်စရာလည်းကောင်း။ သနားစရာလည်းဖြစ်၏။ အချို့မှာ ဣန္ဒြေရရနှင့် ရပ်နေကြ၏။ အချို့ကား မျက်နှာသေကာ ငုံ့နေကြရှာလေသည်။ တယောက်သောသူမှာ မျက်နှာပြောင်တိုက်ကာ တရားသူကြီးကို အကြောင်သား ကြည့်နေ၏။
ခေါင်းတွင် မျက်နှာသုတ်ပုဝါ ပေါင်းထားသူလည်း ရှိ၏။ လုံချည်ကို ပေါင်းထားသူက တယောက်နှစ်ယောက်၊ ပုဝါကို ပေါင်းနိုင်သူမှာ တယောက်မျှသာ ရှိလေသည်။ သူတို့ဝတ်ထားသော အင်္ကျီတို့မှာလည်း စုတ်စုတ်လည်းရှိ၊ ညစ်ညစ်လည်းပါ၊ ဖြူတာကို မမြင်ရပေ။ သူတို့၏လုံချည်တွေမှာလည်း စုတ်စုတ်ပြတ်ပြတ် ညစ်ပတ်သည်ချည်း ဖြစ်၏။
တရားခံ ငါးယောက် စီတန်း၍ ရပ်နေရာ တဖက်တွင် ကုလားပုလိပ် တယောက်မှာ မတုန်မလှုပ် ဣန္ဒြေရစ္စာနှင့် ရပ်နေလေသည်။ အခြားတဖက်တွင်ကား အသက်အားဖြင့် ၁၈ နှစ်ခန့်သာ ရှိသေးသော မြန်မာပုလိပ်ကလေးမှာ တရားသူကြီး ရှင်းလင်း ဖတ်ပြ၍နေသော စီရင်ချက်ကို နားစွင့်ကာ နားထောင်နေ၏။ သူ၏စိတ်ထဲတွင် မည်သို့ရှိသည်ကို မည်သူမျှ ပြောနိုင်မည် မဟုတ်ပေ။
တရားခံ ငါးယောက် ရပ်နေရာ၏ယာဖက် ကြမ်းပြင်ပေါ်တွင် ပုဆစ်တုပ်ကာ ထိုင်နေကြသော မိန်းမနှစ်ယောက်တို့ကား တရားခံနှစ်ယောက် ဖြစ်ကြလေသည်။ အသက် ၁၈ နှစ်၊ ၁၉ နှစ်ခန့်သာ ရှိကြပေလိမ့်ဦးမည်။ အသီးသီး စောင်စိမ်းများကို ခြုံထားကြ၏။ အသားညိုညိုများပေတည်း။ ခေါင်းများကိုလည်း မဖြီးနိုင်ကြ။ ဆံပင်ကို နောက်စိတွင် ကုလားမများ ထုံးသကဲ့သို့ ထုံးကြလေသည်။ တရားသူကြီးအား လက်အုပ်ချီကာ စီရင်ချက်ကို နားထောင်နေကြ၏။
ဤတရားခံမ နှစ်ယောက်အနက် အကြီးကား တရားခံတယောက်၏မရီး ဖြစ်၏။ အငယ်မှာကား တရားခံ ယောက်ျားငယ်ငယ် နှစ်ယောက်အနက် တယောက်သောသူ၏မယား ဖြစ်လေသည်။ ထိုမိန်းမနှစ်ယောက်တို့၏လက်တွင် တိုက်ရာပါပစ္စည်းများကို တွေ့သောကြောင့် တိုက်ရာပါပစ္စည်းကို လက်ခံမှုနှင့် တရားအစွဲကို ခံရသူများဖြစ်ကြလေသည်။ ထိုနှစ်မှုစလုံးတို့ကို ရောစပ်၍ စီရင်ခြင်း ဖြစ်၏။
ထိုခပ်ငယ်ငယ် တရားခံမ၏ပေါင်ပေါ်တွင်ကား အသက် တနှစ်ကျော်ကျော်ခန့် ရှိသေးသော သားယောက်ျားကလေး ထိုင်လျက်နေ၏။ သူ့တွင် အင်္ကျီမရှိ။ ခေါင်းကို ပြောင်အောင် ရိတ်ထားလေသည်။ ထိုကလေးမှာ တရားသူကြီး၏မျက်နှာကို ကြည့်ကာ ပြုံးလိုက်၊ လက်ညှိုးထိုးကာနေလိုက်၊ ကြမ်းပြင်ကို လက်ဝါးဖြင့် ပုတ်လိုက်၊ အပြင်ဖက်တွင် အမှုကို လာရောက်နားထောင်နေကြသော သူတို့ဖက်သို့ လှည့်ကာ ရယ်လိုက်နှင့် အပျော်ကြီး ပျော်လျက်နေလေသတည်း။ မိခင် ဖခင်တို့၏ ဆင်းရဲနေသည့်အရေး၊ ဆင်းရဲရမည့်အရေးတို့ကိုကား လားလားမျှ မသိရှာပေ။
တရားသူကြီးလည်း အမှုကို ရှင်းလင်း၍လာ၏။ အမှုမှာ ထင်ရှားသည်ထက် ထင်ရှား၍လာလေသည်။ တရားခံများ၏ စိတ်ထဲတွင် “ငါတို့တော့ ထောင်ကျတော့မှာဘဲ” ဟု အသီးသီး တွေးတောလျက် နေကြဟန်တူလေသည်။ အလင်းရောင်လည်း မှိန်သည်ထက် မှိန်၍လာလေပြီ။ လာရောက်နားထောင်နေသူတို့မှာလည်း အပြင်ဖက်တွင် စကားတခွန်းကို မပြောဘဲ သက်မကြီးများကို ချကာ နားထောင်လျက်နေကြကုန်၏။ တရုံးလုံးတွင် မည်သည့် အသံကိုမျှ မကြားရချေ။ တရားသူကြီး ရှင်းလင်းနေသော အသံကိုသာလျှင် ကြားရလေသည်။
ဤအခိုက်တွင် တရားခံမကလေးမှာ မိမိ၏ပေါင်ပေါ်တွင် ပျော်ပါးစွာ ထိုင်နေသော သားကလေးကို ကြည့်လိုက်။ မိမိ၏ခင်ပွန်း တရားခံဖက်သို့ ကြည့်လိုက်။ တရားသူကြီးဖက်သို့ ကြည့်လိုက်နှင့် နေရှာ၏။ မျက်စိမှ မျက်ရည်တို့လည်း တတွေတွေ စီးဆင်းလျက်နေကြလေသည်။ အကယ်၍ မိမိတို့လင်မယား ထောင်ကျသွားပါက ဤသားကလေးကို မည်သို့ လုပ်ရပါမည်နည်း။ ထောင်အတွင်း၌ မိမိ မည်သို့နေရပါမည်နည်း။ ထောင်ဆိုသည်ကို မြင်မျှ မမြင်ဘူးပေ။ ကြောက်ဘွယ်ကောင်းလှပေ၏တကား။ မိမိတို့လင်မယားမှာ မိမိတို့၏အပြစ်အလျောက် ထောင်ကျလျှင် တော်ပေသေး၏။ ဤသားကလေးမှာကား ဘာမျှမသိ။ စင်စစ် အပြစ်ကင်းပါလျက် ထောင်အတွင်းသို့ မိမိတို့နှင့် လိုက်ပါရချေတော့မည်တကား။ မိမိကလည်း ထိုသားကလေးကို ထောင်အပြင်ဖက်တွင် ထားခဲ့ရက်မည် မဟုတ်ပေ။
စင်စစ်အားဖြင့် မိမိမှာ အပြစ်ကင်းသည်ဟု ထင်မှတ်မိ၏။ လင်ယောက်ျားက တိုက်ခဲ့သောကြောင့်သာ သုံးစွဲမိလေသည်။ လင်ယောက်ျားသာ မတိုက်လာပါမူကား ဤကဲ့သို့ အဖမ်းခံရမည် မဟုတ်ပေ။ မိမိ၏ယောက်ျားကို စိတ်ဆိုးရမလိုလို ဖြစ်မိ၏။ မိမိတို့ စားသောက်ရေးအတွက် အသက်ကို စွန့်ကာ ခိုးကျွေး တိုက်ကျွေးပါတကားဟု စဉ်းစားမိပြန်လျှင် ကျေးဇူးတင်မိပြန်လေသည်။ စိတ်ဆိုးခြင်း ပျောက်သွားပြီးလျှင် သနားစိတ်၊ ကြင်နာစိတ်၊ ချစ်ခင်စိတ်တိုမှာ ပွါးများ၍ တက်လာ၏။ လင်ဖြစ်သူ ထောင်ကျလျှင် မိမိ အဘယ်ကြောင့် ထောင်ထဲသို့ မလိုက်ဝံ့ဘဲ နေအံ့နည်း။ လင်နှင့်ကင်း၍ ထောင်အပြင်ဖက်တွင် နေရခြင်းသည် အဘယ်အကျိုးရှိအံ့နည်း။ သားကလေးမှာကား ဘာမျှမသိ။ ထောင်အတွင်းသို့ ရောက်ရချေတော့မည် စသဖြင့် တွေးတောကာ သားကလေးနှင့် လင်ကို တချက်စီ အပြန်အလှန် ကြည့်ယင်း မျက်စိမှ မျက်ရည်များ စီးဆင်း၍နေသည်ကို သုတ်ကာ နေ၏။
လင်ဖြစ်သူ တရားခံမှာလည်း မယားနှင့် သားကလေးဖက်သို့ သာလျှင် မကြာမကြာ ကြည့်လျက်နေလေသည်။ ယောက်ျားဖြစ်သောကြောင့် မျက်ရည်မထွက်စေရန် တင်းလျက်ထား၏။ မိမိထောင်ကျမည်မှာ ရှိစေတော့။ မိမိ၏ အပြစ်အလျောက် ခံရခြင်း ဖြစ်လေသည်။ မယားနှင့် သားကလေးတို့မှာမူကား မိမိကြောင့် ထောင်အတွင်းသို့ အသွင်းခံကြရချေတော့မည်။ မိမိ ဆောင်ယူသွားသောကြောင့်သာ မိမိ၏မယား သုံးစွဲခြင်းဖြစ်လေသည်။ မိမိ မဆောင်ယူသွားမူကား ဤသို့ သုံးစွဲမည် မဟုတ်ပေ။ အဖမ်းခံရမည် မဟုတ်ပေ။ အပြစ်ရမည်မဟုတ်ပေ။
သားကလေးမှာမူကား မိမိ ယူဆောင်သွားသော ငွေကို သုံးစွဲသည်ကို မဆိုထားဘိ။ သိပင် မသိရှာပေ။ ထောင်အတွင်းသို့ ရောက်ပြန်လျှင်လည်း မိမိမှာ ယောက်ျားဖြစ်သောကြောင့် သည်းခံနိုင်၏။ မိမိ၏မယားမှာမူကား မိန်းမသား ဖြစ်သောကြောင့် အဘယ်မှာလျှင် သည်းခံနိုင်အံ့နည်း။ မိမိ၏မယားအပေါ်တွင် သနားသောစိတ်များဖြင့် ပြည့်လျှမ်းလျက်နေလေသတည်း။
ဤသို့ အသီးသီး မိမိတို့ထင်ရာကို တွေးတောနေကြတုန်းမှာပင် တရားသူကြီး ဖတ်နေ၊ ရှင်းလင်းနေသော စီရင်ချက်မှာ အဆုံးနားသို့ နီး၍လာ၏။ ဆုံးသောအခါ တရားခံ ယောက်ျားငါးယောက်စလုံးအပေါ်တွင် ပြစ်မှုထင်ရှားသောကြောင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် သုံးနှစ်စီ အကျခံစေ။ တရားခံမ နှစ်ယောက်မှာ မိုက်ဒဏ် အလုပ်ကြမ်းနှင့် သုံးလစီ ထောင်အကျခံစေဟု အမိန့်ပေး၏။ စီရင်ချက်ကိုချ၏။ စီရင်ချက်ချပြီးလျှင်ပြီးခြင်း တရားခွင်ပေါ်မှ ဆင်းသွား၏။ တခန်းလုံးလည်း မှောင်နေပြီ။ တရားခံအားလုံးလည်း မျက်နှာပျက်သွားကြလေသတည်း။
တရားခံ လင်မယားနှစ်ယောက်တို့မှာ တယောက်မျက်နှာကို တယောက် စိုက်၍ကြည့်ကြ၏။ သူတို့၏မျက်စိများမှ မျက်ရည်တွေမှာ တတွေတွေ စီးဆင်း၍နေကြလေသည်။ သားကလေးမှာမူကား လက်ကို စုံမြှောက်ကာ ဝမ်းသာလှသဖြင့် လက်ခုပ်လက်ဝါး တီး၏။ လာရောက် နားထောင်နေကြသော သူတို့လည်း ငြိမ်သက်စွာ ထွက်သွားကြလေပြီ။ ပုလိပ်များလည်း တရားခံတို့ကို အချုပ်ခန်းသို့ ဆောင်သွားကြလေသတည်း။
---------------------------------
#သိပ္ပံမောင်ဝ
၁၂၉၂ ခု၊ ပွာသိုလ။
Comments
Post a Comment