ယောကျ်ားအမှန်
#ယောက်ျားအမှန်
ဘထွန်းသည် ကြံရာမရဖြစ်၍နေလေ၏။ ဆယ်နာရီခန့်အချိန်မို့ လလည်းမရှိ၊ လမ်းမှာ မည်းမှောင်၍နေလေ၏။ မော်တော်ကားမှာ ဘယ်လိုလုပ်၍မှမရ၊ ချော့လို့လည်းမသွား၊ ကြမ်းလို့လည်း မလှုပ်၊ အတင်းဇွဲလုပ်၍နေလေ၏။ အခြားမော်တော်ကား အသွားအလာတို့ကို မျှော်သော်လည်း ရပ်ရန်ခေါ်၍မရ၊ တဟုန်တည်းသွားသော ဘတ်စ်ကာကြီးတစ်စီးမှတပါး အခြားဘယ်ကမှ မပေါ်လာ။ အင်းစိန်နှင့်မှော်ဘီစပ်ကြားမှာ လမ်း၌ ဇွဲလုပ်နေသော ကားပေါ်တွင် အိပ်ရတော့မလိုဖြစ်၍ နေလေ၏။ နောက်ဆုံး စိတ်ကို လုံးလုံးကြီးလျှော့ပြီး အနီးအနားကို ကြည့်လိုက်ရာ မည်းမှောင်သောခြံတစ်ခုအတွင်းမှ မီးရောင်ကလေးကို မြင်ရသဖြင့် ဘထွန်း ဝင်၍သွားမိ၏။
သေးငယ်သော အိမ်ကလေးအနီးသို့ ရောက်သောအခါ...
" ခွေးကြည့်စမ်းပါ ခင်ဗျာ " ဟု ဘထွန်းအော်လေလျှင် အိမ်အောက်ထပ်မှ ဆွဲမီးအိမ်ကိုကိုင်လျက်...
" ဘယ်သူလဲ။ ခွေးတော့မရှိပါဘူး " ဟု ပြော၍ ထွက်လာသူသည် ဆွဲမီးအိမ်ကိုမြှောက်၍ ဘထွန်းကို ကြည့်လေ၏။
ဆွဲမီးအိမ်မီးရောင်တွင် အလွန်လှသော မျက်နှာကလေးကို ဘထွန်းမြင်ရလေလျှင် ဘထွန်း၏ရင်ထဲ၌ ဘာလိုလိုဖြစ်သွားလေ၏။
ဘထွန်းသည် အံ့အားသင့်ပြီး မနီးမဝေး၌ ရပ်ကာ...
" ပြည်ဘက်ကကားနဲ့လာတာ အခု ကားပျက်နေတာနဲ့ ဝင်လာတာပဲ။ ဘယ့်နှယ်လုပ်ရမလဲ မသိဘူး။ ဒီနားမှာလဲ ဒီအိမ်တစ်ခု တွေ့တာပဲ "
" ရှင့်ကား ဘယ်မှာထားခဲ့သလဲ။ တစ်ယောက်ထဲလား "
" တစ်ယောက်ထဲပါပဲ။ ဒီညတော့ ဂွကျနေတာပဲ "
မိန်းမပျိုသည် တစ်စက္ကန့်မျှဆိုင်းပြီး...
" ဒီလိုဖြင့် ဘယ့်နှယ်လုပ်မလဲ "
" မကြံတတ်အောင်ရှိတာပဲ။ တစ်ည ဒီမှာတည်းခိုရရင် ကျေးဇူးအင်မတန်တင်မှာပဲ "
မိန်းမပျိုသည် တဖန်စဉ်းစားပြီး...
" ဒီလိုဖြင့် ကျွန်မ ဟိုဒင်း ...ကျွန်မယောက်ျားကို သွားပြီး မေးလိုက်ဦးမယ် "ဟု ပြောပြီး အိမ်ပေါ်သို့တက်၍သွားလေ၏။
အိမ်ကလေးမှာ လူတစ်ရပ်သာမြင့်သော ဇလီသတ်အိမ်မတ်ကလေးနှင့် တူလေ၏။ အတန်ကြာလျှင် ဆင်း၍လာပြီး...
" ကျွန်မဟိုဒင်း ယောက်ျားက တည်းခိုနိုင်ပါတယ်လို့ ပြောတယ်။ ဒါထက် ရှင့်ကား ဘယ်နှယ့်လုပ်မလဲ "
" ကားကတော့ အော်စတင်ကားကလေးပါ။ တွန်းယူယင်ရပါတယ် "
" ဘယ်မှာလဲ "ဟုပြောပြီး မိန်းမပျိုသည် ထွက်၍လာလေ၏။
ဘထွန်းသည် မိန်းမပျို၏ဖော်ရွေပုံကို မြင်သဖြင့် အားတက်ကာ ၎င်း၏လက်ကမီးအိမ်ကို တောင်းယူပြီး ကားရှိရာသို့ သွားလေရာ မိန်းမပျို လိုက်ပါ၍သွားလေ၏။ ဘထွန်းက အားနာကြောင်း၊ မိမိ ဒုက္ခလာ၍ပေးကြောင်း ပြောလေ၏။
မိန်းမပျိုက...
" ကိစ္စမရှိပါဘူး။ ကျွန်မယောက်ျားက လူမမာ၊ သွက်ချာပါဒကိုင်နေလို့ မထနိုင်ဘူး။ နို့မဟုတ်ယင် သူလာပြီးကူညီပါရဲ့ " ဟုပြောလေ၏။
မကြာမီ ဘထွန်းသည် ကားကိုတွန်း၍လာလေ၏။ မိန်းမပျိုက လမ်းပြလေ၏။
အိမ်သို့ရောက်သောအခါ...
" ရှင် စားသောက်ပြီးပလား "
" ရန်ကုန်ရောက်မှ စားမယ်လို့အောက်မေ့ပြီး ဘာမှယူမလာခဲ့မိဘူး "
" ဒီလိုဖြင့် အခန့်သင့်ပဲ။ ဧည့်သည်များလာမယ်ဆိုလို့ ချက်ပြုတ်ထားတယ်။ လာလဲမလာကြဘူး။ ထိုင်ပါ " ဟု ပြော၍ ကွပ်ပျစ်ကိုပြလေ၏။
မီးအိမ်ကို ကွပ်ပျစ်ပေါ်၌ ထားခဲ့ပြီး မိန်းမပျိုသည် ပေါ့ပါးလျင်မြန်သော သမင်မလေးပမာ လုံးပြည့်သော ငါးရံ့ကိုယ်ကလေးနှင့် အိမ်ပေါ်သို့ တက်သွားလေ၏။
မကြာမီ ကွပ်ပျစ်ပေါ်၌ စားစရာတွေပြင်ပြီး ဖြစ်လေ၏။ ဘထွန်းသည် ချက်ပြုတ်ထားသည်ဆိုသော အစားအစာတို့ကို မြင်သောအခါ အံ့သြတွေးတော၍နေလေ၏။ မိန်းမပျိုမှာ အသက်နှစ်ဆယ်ကျော်ခန့်ရှိ၍ တောသူမနှင့်မတူ။ လွန်စွာသားနားသည်မှာ သာလွန်အံ့သြဖွယ်ဖြစ်၍နေလေ၏။ အစားအစာများမှာ ပေါင်မုန့်နှင့်ဗူးထဲမှထွက်သောအသား၊ ဝက်အူချောင်း၊ ငါးသေတ္တာ၊ ဆော့ပုလင်း၊ ဇွန်းခက်ရင်း စသည်များဖြစ်ကြလေ၏။ ဘထွန်းသည် မေးမြန်းခြင်းမပြုပဲ မိန်းမပျိုကို ကျေးဇူးတင်သောအမူအရာနှင့် မကြာမကြာကြည့်ယင်း စားသောက်လေ၏။
မိန်းမပျိုသည်ကား အပါးမှာပင် ထိုင်လျက်...
" စားပါ။ အားမနာပါနဲ့။ စားတာသောက်တာဟာ ရှက်စရာမဟုတ်ပါဘူး "
" မရှက်တတ်ပါဘူး။ ကျုပ်ဆာပြီဆိုယင် အင်မတန် ပါးစပ်သရမ်းတယ်။ အစားကောင်းကြိုက်တတ်တာနဲ့ အခုစားရတဲ့ အစာကိုကြည့်ယင်း အပျိုရှာ ကညာတွေ့ဆိုတာ ကျနေတာပဲ။ ဒါထက် မဟိုဒင်းရဲ့ယောက်ျား မမာနေတာ ဘယ်လောက်ကြာပလဲ၊ နာမည်က ဘယ်သူပါလဲ " ဟု မေးလေ၏။
" ကိုဘစောလို့ခေါ်ပါတယ်။ လဲတာ အဟင်း ... ၃ လ လောက်ရှိပါပြီ။ ဒါထက် ထမင်းတော့မရှိဘူး။ တင်းတိမ်ပါ့မလား။ ဟင်းကျွေးသာ ကျွန်မအဆင်သင့်ပြင်ထားတယ်။ ထမင်းတော့ သူတို့လာမှ ချက်တန်လဲချက်မယ် စိတ်ကူးပြီး "
" တင်းတိမ်ပါတယ်။ ပေါင်မုန့်က လတ်လတ်ဆတ်ဆတ်ပဲ "
" ဒီကနေ့ပဲ ကျွန်မလဲ ရန်ကုန်က ဘတ်စ်ကား ကြုံတာနဲ့ ပြန်လာလို့ ဝယ်ခဲ့တယ်။ အခု သူတို့မလာတာနဲ့ ရှင်ရောက်လာတာ အခန့်သင့်ပဲ "
" နက်ဖြန်ခါမှ လာကြမယ်ထင်ပါရဲ့ "
" နက်ဖြန်တော့ မလာနိုင်ကြဘူး။ ကျောင်းဖွင့်ပြီ။ ကျောင်းဆရာမပါ "
" ဪ ဒီလိုဖြင့် ကျုပ်ကုသိုလ်ပေါ့ " ဟု ပြောပြီး ၎င်း၏ယောက်ျား ကိုဘစောဆိုသူကိုတွေးကာ သနားသလိုဖြစ်၍နေလေ၏။
" ဆိတ်ငြိမ်တဲ့နေရာပဲ။ လူမမာတော့ အင်မတန် အားငယ်ရှာလိမ့်မယ်။ နှစ်ယောက်ထဲပဲလား "
" အခုတော့နှစ်ယောက်ထဲပါပဲ။ ခိုင်းတဲ့ သူငယ်ကလေးနဲ့ သူငယ်မကလေးက ရွာပြန်သွားကြတယ် ဒါထက် ရှင် ဒီကွပ်ပျစ်မှာ အိပ်မှဖြစ်မယ်။ ရှင့်ကားကိုလဲ စောင့်ရင်း " ဟု ပြောပြီး နေရာကို ပြင်လေ၏။ မကြာမီ ဘထွန်းအတွက် အိပ်ယာမှာ အပျိုလေးများအိပ်ယာလို လွန်စွာသန့်ရှင်းလှပသည်ကို တွေ့ရှိရလေ၏။ အိပ်ယာမှာ ဂွမ်းမွေ့ယာပါးပါးပျော့ပျော့ကလေးဖြစ်ရာ အောက်၌ ဖယောင်းပုဆိုးတစ်ထပ် ကော်ဇောတစ်ထပ်ကို တွေ့ရှိရလေ၏။ အိပ်ရာခင်းမှာ ဖြူစင်၍ ဇာနားတပ်ထားသည့်ပြင် မွှေးကြိုင်သော ပေါင်ဒါနံ့ကို ရလေရာ ဘထွန်းက...
" ဧည့်သည်များအတွက် အသင့်ထားတဲ့ အိပ်ယာထင်ပါရဲ့ " ဟု မေးလေ၏။
" ဟုတ်ပါတယ်။ အခုတော့ ရှင့်ဖို့လို့ ကျနေတာပဲ " ဟု ပြုံး၍ ပြောလေ၏။
😁
နှစ်ယောက်သား ထိုင်လျက် အတန်ကြာစွာ စကားပြော၍နေကြပြီးနောက် မိန်းမပျိုသည် အိမ်ပေါ်သို့တက်၍ သွားလေ၏ ။ ဘထွန်းသည် မွှေးကြိုင်သောအိပ်ယာပေါ်၌ လှဲကာ ထွေရာများစွာတို့ကို တွေးလာ၏ ။ လူမှ ဟုတ်ပါ့မလား ။ ကျတ်အိမ်ကိုများ ရောက်လေသလား ။ ဒီမိန်းမပျိုဟာ လူသားစားကျတ်များဖြစ်ယင် ငါ့ကိုစားတော့မှာပဲ ။ လူပါပဲထင်ပါရဲ့လေ ။ ဟင် ဥစ္စာစောင့်များလား ။ ဥစ္စာစောင့် ဒီလို ချောချောလှလှကလေးနဲ့ မိတ်ဆွေဖြစ်ရရင် ကော်တာပဲ စသည်ဖြင့် တွေးပြီး ဟေတုပစ္စယော ၊ အာရမ္မဏပစ္စယော စသည်ဖြင့်ရွတ်၍ နေလေ၏ ။ မတော်တဆ ကျတ်ဖြစ်လျှင် သည်ဂါထာကို ရွတ်ခြင်းဖြင့် ပပျောက်စေနိုင်ကြောင်း ကြားရဖူးလေး၏ ။ ဤသို့ရွတ်ယင်း ကျတ်ဖြင်လျှင် သည်ဂါထာကို ရွတ်သည့်အခါ အဆောက်အအုံရော ဘာရော အကုန် ပျက်စီး ပျောက်ကွယ်ရသည်ဟု ကြားရဖူးသည်အတိုင်း ပျောက်များ ပျောက်လေမလား ။ ပျောက်လျှင်လဲ မိမိမှာ သင်္ချိုင်းသုသာန်တခုခုပေါ်မှာ အိပ်လျက်သား နေရမှာပဲ စသည်ဖြင့် တွေးတောကာ အိမ်တိုင်များကို သေချာစွာကြည့်လေလျှင် အိမ်တိုင်များမှာ လှုပ်ရှားယိမ်းယိုင်ယမ်းကာ တစ်တိုင်မှနှစ်တိုင်ဖြစ်ပြီး ပျောက်တော့မလို ဖြစ်လေ၏ ။
မျက်လုံးများကို လက်နှင့်ပွတ်ကာ သေချာစွာသတိနှင့် ကြည်ကာမှ မပျောက်ပဲနေသည်ကို တွေ့ရလျှင် ကျတ်တော့မဟုတ်ဘူး ။ ဥစ္စာစောင့် ဖြစ်လိမ့်မယ် ထင်ပါရဲ့ ။ ဥစ္စာစောင့်ဖြစ်ရင် ငါအိပ်တဲ့အခါ အပါးမှာ လာ၍များ အိပ်လေမလား ။ ငါ့ဝိညာဉ်ကို နုတ်ပြီး ဥစ္စာစောင့် အလုပ်ခိုင်းလေမလား ။ ဥစ္စာစောင့် ၊ ဇော်ဂျီများဟာ လူမိုက်များနှင့်တွေ့တတ်တယ် ပြောတာပဲ ။ ငါ့လို ဟန်ဟန်ပန်ပန်လူမျိုးနဲ့ တွေ့ရိုးမရှိပါကလား ဟူ၍လည်း တွေးပြန်လေ၏ ။ သို့အခိုက်တွင် အင်္ဂလိပ်ဆေးနံ့များလိုလို အနံ့ရလေရာ ဧကန်တစ္ဆေပဲ ။ မကြာမီက သေတာမို့ ဆေးနံ့ပေးတာပဲ ။ အော် သူ့ယောက်ျား လူမမာဆိုပါကလားလေ ။ ဆေးတွေဝါးတွေ ရှိမှာပေါ့ ။ အင်္ဂလိပ်ဆေးနံ့ပဲ ၊ သူတို့နေပုံစားပုံက ဗိုလ်ဆန်ပုံရတာပဲ စသည်ဖြင့် အမျိုးမျိုးတွေးလေ၏ ။
ဤသို့တွေးယင်း မေ့ကနဲ အိပ်ပျော်၍သွားသလိုဖြစ်ပြီး လန့်၍နိုးလေ၏ ။ ကြည့်လိုက်ရာ တခြံလုံးလင်းထိန်လျက် လေသံလိုလိုကြားရလေ၏ ။ ဘာများဖြစ်ပါလိမ့် ။ တစ္ဆေခြောက်တာလား ။ သရဲမီးလား ။ ငါ့နေရာဟာ သင်္ချိုင်းကုန်းဖြစ်မလားဟု သေချာစွာကြည့်လေရာ နောက်ဖေး ငှက်ပျောပင်များ၏အရွက်ကြီးသည် မီးရောင်တွင် လှုပ်ရှား၍နေကြသည်ကို မြင်ရလေ၏ ။ ဟင် ကောက်ရိုးပုံ မီးလောင်နေတာပါကလား ။ " ဟိုက် " "အိမ်နဲ့ကပ်လို့ " " ဟင် " ကူးတော့မှာပဲ ။ ကူးပြီ ။ ဟယ် ဒုက္ခပဲ ။ " မီး "ဟု အော်ခိုက်တွင် အိမ်နောက်ဖေးနံရံများမှာ မီးကူးသော အသံနှင့်အရောင်ကို ကြားရမြင်ရလေ၏ ။ “မီး...မီး” ဟု အော်လေ၏ ။
ဤသို့ အော်ယင်း လူမမာကို သတိရသဖြင့် ဟင် ဒုက္ခပဲ ၊ သွက်ချာပါဒတဲ့ ၊ ပြေနိုင်မှာမဟုတ်ဘူးဟု အောက်မေ့ပြီး အိမ်ပေါ်သို့ ပြေးတက်လေရာ ဆံပင်ဖိုးရိုးဖားရားနှင့် သားရေသေတ္တာတစ်ခုကိုဆွဲလျက် ပြေးဆင်း၍လာသော မိန်းမပျိုကိုလှေကားပေါ်တွင် ရင်ဆိုင်တွေ့လေရာ...
" ဆင်း....ဆင်း ။ မင်းယောက်ျားအတွက် မပူနဲ့ " ဟု ပြောပြီး အိမ်ပေါ် ပြေး၍တက်လေ၏ ။ မိန်းမပျိုက...
" ကိစ္စမရှိဘူး ။ မတက်နဲ့ ။ မီးတွေအကုန်စွဲပြီ ။ ရှင်မတက်နဲ့ " ဟု ပြောကာ ဘထွန်း၏လက်ကို ဆွဲလေ၏ ။
" မင်းယောက်ျား ၊ မင်းယောက်ျား သွပ်ချာပါဒ "
" ကိစ္စမရှိပါဘူး ။ ဆင်းပါ ။ ရှင်မတက်ပါနဲ့:။ မရဘူး "
" အို ဒီကောင်မဟာ ဘယ့်နှယ်ကောင်မလဲ ။ လင်တစ်ယောက်လုံးကို ပစ်ပြီး " ဟု ပြောကာ အတင်းရုန်း၍ တက်မည်ပြုလေရာ မိန်းမပျိုက တစုံတရာကိုပြောယင်း ဘထွန်းကို အတင်း ဆွဲလေ၏ ။
ဘထွန်းသည် ပြောသောစကားများကို မကြားရပဲ ပြေးတက်ရာ အိမ်ပေါ်သို့ ရောက်လေ၏ ။ မီးသံ လေသံတို့မှာ တဟုန်းဟုန်းမြည်လျက် အခြားဘာသံမျှ မကြားရချေ ။ မိန်မပျိုကအော်လျက် ခေါ်လျက်သာ နေလေ၏ ။ မီးတောက်မီးလျှံများသည် ဘထွန်းကို တံခါးဝမှ ဆီး၍ တွန်းလှန်မောင်းချကာ မတက်နဲ့ ဟု နှင်သလို လုပ်လေ၏ ။ မိန်းမပျိုသည် တက်လာ၍ ဘထွန်း၏ လုံချည်ကိုဆွဲထားလေ၏ ။ ဘထွန်းသည် လုံချည်မပြုတ်အောင် ပြန်၍ဆွဲယင်း ၎င်းကိုလှည့်ကာ ဒေါသနှင့်...
" ဒီကောင်မဟာ ဘယ့်နှယ်ကောင်မလဲ ။ တယ်ယုတ်တဲ့ ကောင်မပါလား ။ လူမမာလင်ကို မပေါင်းချင်လို့ တမင် သေကြောင်းကြံတဲ့ကောင်မ ။ နင်သွား ။ ငါ့ကိုလွှတ် "
ဟု ပြောကာ အတင်ရုန်းပြီး မီးထဲတိုးဝင်၍ သွားလေရာ မိန်းမပျိုသည် လှေကား၌ ရပ်ကာ ရင်ကိုထုလျက်...
" အမလေး လာကြပါဦး ။ မီးထဲ ပါပါပြီ ။ သေပါပြီ " စသည်ဖြင့် အော်ဟစ်၍ နေလေ၏ ။
ထိုအခိုက်တွင် လှေကား ပြုတ်၍ ကျလေ၏ ။ မိန်းမပျိုမှာ စွေ့ကနဲ ခုန်ပြီး မြက်ပေါ်၌ သားရေအိတ်ကို ကိုင်လျက် ဒူးထောက်၍ ကျလေ၏ ။ ကျသော်လည်း နာရမှန်းမသိ ။ အော်ဟစ်ကာသာ နေ၏ ။ တစ်မိနစ်အတွင်း ဘထွန်းသည် တစုံတရာကို ပွေ့ချီကာ မီးထဲမှခုန်၍ ထွက်လာပြီးလျှင် မြက်ပေါ်၌ တစောင်းကျလေ၏ ။ မိန်းမပျိုသည် ပြေး၍ ဆွဲထူလေသည် ။ ဘထွန်းလည်း မိမိပွေ့ချီ၍ လာသော အရာကိုကြည့်ကာ...
" အမယ်လေး နာများသွားလား " ဟု ပြောလေ၏ ။ သေချာစွာ ကြည့်သောအခါ မွေ့ယာအဟောင်းကြီးတစ်ခုကို စောင်ဖြူနှင့် ထုပ်ပတ်ထားသော အထုပ်ကြီးဖြစ်သည်ကို မြင်လေရာ အံ့အားသင့်လျက် ရင်ပတ်ကိုတီးပြီး
" အဲ့ဒါမှ ခက်တာပဲ ။ ပြန်တော့ မတက်နိုင်ဘူး ။ မင့်ယောက်ျားရယ်လို့ အောက်မေ့ပြီး ပွေ့လာတာပဲ ။ ဘယ့်နှယ်လုပ်ကြမလဲ " စသည်ဖြင့် ထိတ်လန့်တကြား ပြောလေ၏ ။
မိန်းမပျိုသည်ကား ၎င်း၏စကားများကို သတိမထား
" ရှင့်မှာ မီးမလောင်ဘူးလား ။ ဘယ်မှာ နာသွားလဲ ။ လာ လာ ။ ပူလှပြီ "
ဟု ပြောကာ မီးလောင်၍နေသော အိမ်နားမှ ဆွဲခေါ်လေ၏ ။ ဘထွန်းသည်ကား ၎င်း၏ မျက်နှာကို ကြည့်ကာ...
" ဘယ်နှယ်လဲ ။ နင့်လင် သေပြီ ။ နင်ဘယ့်နှယ် ကောင်မလဲ ။ သွား နင်ယုတ်မာတဲ့ ကောင်မ ။ ငါ့နား မကပ်နဲ့ ။ လင်အတွက်တော့မပူပဲနဲ့ " ဟုပြောကာ မောင်းနှင်တွန်းဖယ်၍ ပစ်လေ၏ ။
ထိုအခိုက်တွင် လူတွေရောက်၍ လာကြလေ၏။
" မဟုတ်ပါဘူးရှင် ။ ကျွန်မယောက်ျား မရှိပါဘူး ။ ကျွန်မ ရှင့်ကို အလကားပြောတာ "
" ဟင် ဘာဖြစ်လို့လဲ "
" လာ လာ ။ ကျွန်မ နောက်မှ ပြောမယ် ။ ဘယ်မှာ မီးလောင်သွားသလဲ " ဟု ပြောပြီး ခေါ်၍သွားလေ၏ ။ ရောက်လာသူများသည် ကားကို မီးနှင့်ဝေးအောင် အခြားသို့တွန်းပို့ကြပြီး မီးကို မသတ်နိုင်ပဲ ကြည့်၍သာ နေကြရလေ၏ ။ ရေကို လွယ်ကူစွာ မရသဖြင့် တစုံတရာ မတတ်နိုင်ပဲ နေကြရလေသတည်း ။
မိန်းမပျိုသည်ကား ဘထွန်း၏ ကိုယ်ကို စစ်ဆေးကြည့်ရာ ခြေများ လက်များမှာ မီးလောင်ရာတွေ့သဖြင့် သားရေသေတ္တာကို ဖွင့်ပြီး ဆေးဝါးကိရိယာအစုံနှင့် အလွန်တရာကျင်လည်စွာ ဆေးများထည့်ကာ ပတ်တီးများ စည်းပတ်၍ပေးယင်း...
" ကျွန်မ ဆရာဝန်မ ။ ဟိုဘက်ခြံကြီးထဲက လူမမာမိန်းမကြီးတစ်ယောက်ကို လာပြီး ကုသနေတယ် ။ ဒီခြံနဲ့အိမ်က ကျွန်မဝယ်တာ မကြာသေးပါဘူး ။ အခါတိုင်းတော့ လူမမာကို ကြည့်ပြီး ကျွန်မသူငယ်ချင်း ဆရာဝန်မတစ်ယောက်ကားနဲ့ ရောက်လာတာပဲ ။ သည်တခါတော့ ဘာဖြစ်လို့ မပေါ်လာသလဲမသိဘူး ။ ဒါနဲ့ သူ့ကို မျှော်ယင်း ရှင်ရောက်လာတာပဲ ။ ကျွန်မ တစ်ယောက်ထဲ နေတယ်လို့ မပြောချင်လို့ ကျွန်မယောက်ျားနဲ့လို့ လိမ်ပြောတာပါ " ဟု ပြုံးရယ်ကာ ပြောလေ၏ ။
လူတွေက အိမ်ကိုသာ ဂရုစိုက်၍ နေကြလေရာ ၎င်းတို့နှစ်ယောက်မှာ ငှက်ပျောပင်များအကြား၌ လွတ်လပ်စွာ ရှိနေကြလေသည် ။
" အမယ်လေး ၊ အခုမှ အလုံးကြီး ကျသွားတော့တာပဲ ။ အင်မတန်ချောတဲ့ မိန်းမကလေးဟာ ဒုက္ခိတကြီးနဲ့ နေရရှာပါကလားလို့ တွေးပြီး သနားရင်း သူ့ယောက်ျားများ သေယင် ငါတော့လို့ မချင့်မရဲ မခံချိမခံသာဖြစ်နေလို့ အိပ်တောင်မအိပ်နိုင်ဘူး "
ဟု ပြောလေ၏ ။
" ရှင်ဟာသူရသတ္တိရှိတဲ့ ယောက်ျားပဲ ။ ဒီလို ယောက်ျားမျိုး ရှားပါတယ် " ဟု ပြုံးစစနဲ့ ပြောရင်း ဆေးကိရိယာများကို သားရေသေတ္တာ၌ ထည့်၍ နေလေ၏ ။
" ရှားပေမဲ့ မရှာရပါဘူး ။ သို့သော်လဲ တောဝတ်လုံမို့ အဖက်မတန်ထင်မှာ စိုးရတာပါပဲ " ဟု ဘထွန်းက ပြန်၍ ပြောလေ၏ ။
" ဒီလို ယောက်ျားမျိုးဟာ အဖိုးတန်ဖို့ရန်အတွက် ဝတ်လုံဖြစ်ဖို့ မလိုပါဘူး ။ ယောက်ျားမှန်လျှင် အဖက်တန်ပါတယ် ။ ယောက်ျားမမှန်သူတွေက များနေလို့ ကျွန်မ ယောက်ျားမယူပဲ နေတာပါ "
" အခု တွေ့ပလား " ဟု ဘထွန်းက မေးလေ၏ ။ မိန်းမပျိုလေးသည် ခေါင်းကလေးကို ငုံ့ရင်း
" တွေ့ရပါပြီရှင် ။ တွေ့ပါပြီ " ဟု ကြည်ဖြူစွာ ပြန်၍ ပြောလေသည် ။
---------------------
#ပီမိုးနင်း
crd 👉 Patheintharlay
Comments
Post a Comment