လောကီရတနာ (အပိုင်း ၃)
ရွှေဇင်ဦးမှ
#လောကီရတနာ
အပိုင်း (၃)
၆။
နေရောင်သည် ခြံထဲသို့ ကျရောက်နေ၏။ ခြံ၀င်းအတွင်း ကားလမ်းဘေး၌ရှိသော ဗုဒ္ဓံသရဏံပန်းရုံတို့မှ အဆုပ်လိုက်ပွင့်နေသော ပန်းပွင့်ဝါ၀ါများမှာ နေရောင်ထဲ၌ ၀င်းနေကြသည်။ ကျယ်ပြန့်သော မြက်ခင်းကြီးလည်း နေစာလှုံကာ လန်းလန်းလက်လက် ရှိကြ၏။ ခြံရှေ့ပြည်လမ်းမကြီးတစ်လျှောက် ဂျပန် စစ်လော်လီကားများသည် ဂျပန်စစ်သားများကို တင်ဆောင်ကာ တစ်စင်းပြီးတစ်စင်း ဥဒဟို ဖြတ်မောင်းသွားကြသည်။ အသားနီနီဖြင့် အင်္ကျီမရှိသော အင်္ဂလိပ်စစ်သုံ့ပန်းများသည် ကားပေါ်၌ ဂျပန်စစ်သားများနှင့် လက်ပြခြေပြ စကားပြောကာ ပါသွားကြသည်။
ကျွန်မသည် သာယာလှပသော ခြံထဲ၌ ဆင်းလျှောက်နေပြီးလျှင် ခြံထောင့်ရှိ ရေတိုင်ကီ၏ အုတ်ခုံပေါ်တွင် ထိုင်လိုက်ကာ နေရောင်လှုံရင်း စာဖတ်နေသည်။ တာမွေခြံကြီးထဲမှ ဘောက်ထော်၊ ဘောက်ထော်မှ တစ်ဖန် ပြည်လမ်းအိမ်သို့ ပြောင်းရွှေ့လာခဲ့သည်မှာ ၆လခန့် ရှိပေတော့မည်။ ထိုကာလအချိန်အတွင်း အချိန်ရသ၍ပင် စာအုပ်ကို လက်က မချဘဲ အမြဲမပြတ် ဖတ်နေခဲ့သည်။ ဤအချိန်အတွင်း၌ ကျွန်မဖတ်ရှုခဲ့သော စာအုပ်များမှာ အာဒိကပ္ပကျမ်း၊ အာဒိမူလကျမ်း၊ ဝိဇ္ဇဓရကျမ်း၊ အသီတိဓာတ်ကျမ်း၊ ဓာတဒီပဏီကျမ်းစသော အဂ္ဂိရတ်နှင့် ဆက်စပ်ပတ်သက်သော စာပေကျမ်းဂန်များသာ အဖတ်များတော့သည်။
ကျွန်မခင်ပွန်း ဦးချစ်မောင်က ကျွန်မအလိုရှိသော အဂ္ဂိရတ်ဓာတ်ကျမ်းများကို ရှာဖွေပေးရင်း … "နေစမ်းပါဦး … ဒါတွေဖတ်ပြီး ဘာများသိချင်လို့လဲ" ဟု ခဏခဏ စစ်ဆေးမေးမြန်းနေသည်။ ကြီးကြီးခင်ကဲ့သို့ ဓာတ်လုံးကို သူတစ်ပါးမသိရန် လည်ချောင်းထဲ၌ လျှို့ဝှက်စွာ မျိုထားရခြင်းမျိုးနည်းတူ လျှို့ဝှက်စာပိုဒ်စကားလုံးကို ကျွန်မ၏ရင်ထဲ၌ မျိုသိပ်ထားရသည့်အတွက် ဘာကြောင့် ဖတ်နေကြောင်း အကြောင်းမပြနိုင်သဖြင့် တော်သလို လျော်သလို လှည့်ပတ်ပြောပြနေရသည်။
ကျွန်မ၏ ကြီးလေးသောသစ္စာမှာ ကျွန်မ၏ရင်ထဲက အလုံးကို ကျွန်မမှတစ်ပါး မည်သူ့ကိုမျှ လေသံ မတိမ်းနိုင်သည့်အဖြစ်ကြောင့် အချိန်ရသရွေ့ ၎င်းစာလုံးများ၏အဓိပ္ပာယ်ကို ကျမ်းစာများဖတ်ကာ တစ်ယောက်တည်း ကျိတ်လျက် စူးစမ်းရှာဖွေ ကြံဆလျက် နေရပေတော့၏။
ရှေးက မြန်မာစာပေကျမ်းဂန်များကို လေ့လာဖတ်ရှု ဆည်းပူးခဲ့ငြားလည်း ဓာတ်ကျမ်း ဆေးကျမ်းမှ တစ်အုပ်စ၊ နှစ်အုပ်စ အသင့်အတင့် အပေါ်ယံ ဖတ်ရှုကြည့်ခဲ့လျက် ဝါသနာမပါ၍ စိတ်၀င်စားခြင်း မဖြစ်ခဲ့။ အထူးသဖြင့် အဂ္ဂိရတ်ကျမ်းကို ကရုဏာကြီးစွာ ဖြစ်မိသည်နှင့်အမျှ ကျွန်မမှာ အဖြေကြံဆ၍ ရလိုရငြား အဂ္ဂိရတ်ကျမ်းစာများကို ဖတ်ရှုကြည့်နေရ၏။ ကျမ်းထဲ၌ ဖတ်ရသမျှ ဘာတွေလျှောက်ရေးထားတာပါလိမ့် ဟု ကိုယ့်ဥာဏ်နှင့် မထောက်မီနိုင်တိုင်း ကျွဲပါးစောင်းတီး ဖြစ်နေပေသည်။
အဂ္ဂိရတ်ကျမ်းစာများကို ကြည့်မှပင် ပြဒါးသတ်သည့် ထုံးနည်း၊ ဓါတ်လုံးပေါက်သည့်နည်း၊ သာဓက နည်းမျိုးပေါင်းစုံတွေကို သွားတွေ့ရသည်။ ထုံးနည်းတွေကား အဂ္ဂိရတ်ပညာဥာဏ်မမှီ မသိသူများအဖို့ ရယ်မောဖွယ်ရာ ဖြစ်ကောင်း ဖြစ်ပေမည်။
ငါးပိနှင့်ဆား၊ ပြဒါးကိုချုပ်၊ ငရုတ် ကြက်သွန်၊ ဆေးမွန်နှစ်ပါး၊ ပြဒါးကိုသတ် ဟု ပြထားသော နည်းမျိုးလည်းရှိ၏။ ရုတ်တရက်ဆိုလျှင် သည်လိုထုံးနည်းမျိုးသည် မဖွယ်မရာ ရယ်စရာပမာ ဖြစ်နေတော့သည်။ ငရုတ်ကြက်သွန် ငါးပိ ဆားများကို မီးဖိုချောင်ထဲက ပစ္စည်းအဖြစ်သာ သိကြသည်။ အဂ္ဂိရတ်ကျမ်းထဲက ငါးပိနှင့်ဆားကို မီးဖိုချောင်ထဲက အသိမျိုးနှင့် သိ၍ မဖြစ်နိုင်မှန်းကို ကျမ်းဖတ်ရင်း ပွင့်လင်းသောစိတ်ဖြင့် ရိပ်စားမိလာသည်။
ထိုနည်းတူစွာ ...
ရွှေယုန်နှင်ရွှေကျား သက်ကယ်ရိတ်သွားကြသည်ဆိုသော ငယ်စဉ်က လူကြီးများပုံပြောပြသည့် ဒဏ္ဍာရီကလေးမှာ အဂ္ဂိရတ်ကျမ်းထဲ၌ ပြဒါးသတ်နည်း ထုံးနည်းအဖြစ် လာတွေ့နေရသည်။
ဆန်းကြယ်ဥာဏ်ရှိ၊ တစ်ထုံးသိလော
မိဘဘိုးဘွား၊ သူဟောင်းများတို့
ရွှေကျားရွှေယုန်၊ ပြောကြကုန်သား
ရှေးစကားလည်း၊ ပြဒါးသတ်လမ်း
ထုံးတမ်းထင်ထင်၊ ဂဏန်းမြင့်လိမ့်။
ထို့ပြင်တ၀
"စာပေလောက" စာအုပ်ထဲ၌ "ပိုးတောင့်တဲ"အခန်းတွင် "တစ်ပြားနှစ်ပြား လင်ပန်းပြား၊ ပြားလန်စက္ကူ စလန်ဖြူ၊ ပိုးရွှေကြက်တူ ပလူပလဲ ပိုးတောင့်တဲ" အစရှိသည့် ဤတစ်ပြားနှစ်ပြား လင်ပန်းပြားသည် ဘယ်က အစဖြစ်၍ စာဆိုကား အသူနည်းတူ အခြေအမြစ်ကို ဆရာကဲ့သို့ပင် သိလို စိတ်၀င်စားဖူးခဲ့လေသည်။ "တစ်ပြား နှစ်ပြား လင်ပန်းပြား" ၏ အနက်အဓိပ္ပာယ်ကို မသိရသော်လည်း စကားလုံးကလေးများကား သာယာလှသည်။ အသံအနိမ့်အမြင့် အဆင်းအတက် အဆက်အစပ်လည်း ဆို၍ကောင်းအောင် နေရာကျပေသည်။
လင်္ကာများကို နိမ့်တုံ မြင့်တုံ ပုတ်မြှောက်တုံ လုပ်ရာတွင် အရပ်၊ အတော၊ အထွက်၊ အ၀င် စည်းဝါးလည်း ကိုက်ပေသည်။ ဖျတ်ဖျတ်လတ်လတ် ကစားလိုသော ကလေးသူငယ်များနှင့် အလွန်လိုက်လျောသော အဖွဲ့အနွဲ့မျိုး ဖြစ်လေသည်။ ထို့ကြောင့်လည်း မြန်မာ့သားစဉ်မြေဆက်များစွာ သီဆိုကစားလာကြရာ ကလေးသူငယ် သန်းပေါင်းများစွာ ပျော်၍ နှစ်သိမ့်ခဲ့ကြရလေပြီ။ ထိုရတုကို ဖွဲ့နွဲ့သီကုံးခဲ့သော ကျွန်မတို့ အမည်မသိရသော စာဆိုကြီး၏ ဂုဏ်ကျေးဇူးကား ကြီးလေစွ။ ထိုစာဆိုကား ကုသိုလ်များစွာ ရပေမည်။
မယ်ဘွဲ့လည်း မဟုတ်။ မောင်ဘွဲ့လည်း မဟုတ်။ ဘုရားတိုင် ကျေးစေတို့လည်း မဟုတ်။ သို့သော် ထိုရတုကား မြန်မာတိုင်း၏နှုတ်ဖျားတွင် ရှိလေသည်။ မြန်မာတိုင်း၏ ငယ်ချစ်မိတ်ဆွေကြီး ဖြစ်လေသည်။ သူ၏သမိုင်းကား မသိမ်ဖျင်းပေ။ ပုဂံခေတ်ဆီတွင် ပေါ်ပေါက်ခဲ့ဟန်တူသည်။ ဤသို့ စာပေလောက စာအုပ်ထဲ၌ လင်္ကာ၏အနက်အဓိပ္ပာယ်ကို မရှင်းနိုင်သော်လည်း ဂုဏ်ကို ဖော်ကျူးပြထား၏။
ကြီးကြီးခင်အတွက် ကူညီရန် အဂ္ဂိရတ်ကျမ်းတွင် ရှာဖတ်တော့မှပင် ကျမ်းထဲ၌ …
"တစ်ပြားနှစ်ပြား၊ လင်ပန်းပြားက
စသည်ထုံးတွင်၊ ရှင်မထီးက
သိသူဖော်စေ၊ ဂဏန်းခြေဖြင့်
ပုံသေနည်းပြ၊ က ခ ဂ ဃ င
ယူကြလက်ယာ၊ မှတ်ပါလက်ဝဲ
စ ဆ ဇ စျ ည၊ ယူကြလက်ဝဲ
ရိပ်ကာစွဲ၍၊ အမြဲမြှောက်ကိန်း
ဒွေးတြိန်းဖြင့်၊ တွက်ကိန်းကိုပြ
ပ ဖ ဗ ဘ မ၊ ပဉ္စသင်္ချာ
မြှောက်ပါတစ်နည်း၊ ဗျည်းနှင့်ဒွါယ
ပြသည့်အချက်၊ ကြွက်လည်းငါးကောင်
ကြောင်လည်းနှစ်ခု၊ ယူမှုစုံစေ"
သည်စာပိုဒ်ကို ဖတ်ရှုရသောအခါ လောကီဓာတ် ပညာရပ်များအတွက် သိသူဖော်စေရန် တစ်ပြား နှစ်ပြား လင်ပန်းပြားဟု လျှို့ဝှက်ထားခဲ့သော အဂ္ဂိရတ်လင်္ကာဖြစ်မှန်း တွေးမိတော့သည်။ ကျွန်မမှာ ရင်ထဲ၌ မျိုဝှက်ထားသော စကားလုံးများကို ကြီးကြီးခင်အား အဓိပ္ပာယ်အနက် ကောက်ယူရန် ကြံနိုင်ဖန်နိုင်ဖို့ ဝေးစွ၊ ကျမ်းထဲ၌ ပြထားသော ထုံးများကို မှန်ကန်အောင် အဓိပ္ပာယ်ကောက် ယူဆနိုင်သော ဥာဏ်စွမ်းမဲ့လျက် သည်ဥာဏ်မျိုးလောက်ဖြင့် ကျမ်းတွေနား မကပ်နိုင်သေးမှန်း အဖြစ်ကို ကောင်းစွာ ရိပ်မိလာတော့သည်။
ကရဏီယအောက်၊ ဝလေးထောက်၊ ပုဂံရှင်ကြီး၊ ထီးနှင့်ပျောက်ဆိုသော ထုံး။
အိပ်မစဖို၊ ဒိုးယိုထမင်းချက်ဆိုသော ထုံး။
၎င်းထုံးများသည် ဗျည်းနှင့်သရ တွဲထားသော ကျွန်မရင်ထဲ၌ လျှို့ဝှက်ထားရသည့် အလုံးမှာမူ အက္ခရာချည်းဖြစ်၍ အသွင်ကွဲပြားနေကြပေ၏။ ကျွန်မမှာ ဦးနှောက်ခြောက်မတတ် အဓိပ္ပာယ်ကို ကြံဆနေခဲ့လေသည်။ စာပိုဒ်ကလေးကို တစ်ပိုဒ်လုံး အဓိပ္ပာယ်ပေါ်အောင် ကြံဆရန် ကိုယ့်ဥာဏ်နှင့် အလှမ်းဝေးလွန်းလှသဖြင့် အက္ခရာတစ်လုံးစီခွဲ၍ ကြံဆကြည့်ပြန်၏။ အက္ခရာဗျည်းစာလုံးကို တစ်လုံးစီခွဲကာ ကြံဆလျှင် လမ်းစများ ပေါ်လာရန် ဟုတ်လိမ့်နိုးနိုးဖြင့် ဆင်ကန်းတောတိုးမိပြန်၏။
အဂ္ဂိရတ်ကျမ်းတွေထဲ၌ ဗျည်းအက္ခရာနောက်သို့ ခြေရာကောက် လိုက်ရှာဖွေကြံဆ ဖတ်ရှုကာ လေ့လာအားထုတ်ပြန်ရာတွင် လိုက်လေဝေးလေသာဖြစ်လျက် မျက်စိလည်၍သာ သွားတော့၏။ ကျမ်းဂန်ထဲ၌ ၀ဗျည်းအက္ခရာ သုညအလုံး တစ်လုံးကိုပင် မှောက်လိုက်၊ လှန်လိုက်၊ ညာဘက်လှည့်လိုက်၊ ဘယ်ဘက်လှည့်လိုက်၊ ပူးလိုက်၊ ကပ်လိုက်၊ ချိုင့်လိုက်၊ ဖူးလိုက်၊ ရှိပုံများကို မျက်စိထဲလည်အောင် ပြထားပုံမှာ …
"၀ဗျည်းနက်ကျယ်၊ သုညငယ်ကို
အလွယ်မမှတ်၊ ဆင်ခြင်တတ်လျှင်
ဥာဏ်မြင်ပိုင်းခြား၊ ဘုရားအတူ
ကျွန်းဇမ္ဗူတွင်၊ ရှင်လူ အံ့သြ
လွန်ကျော်ဇောလိမ့်။
သဘောအရ၊ ထိုသုညကို
၀အက္ခရာ၊ ရေးပြီးကာလျှင်
၀မှာထက်၀က်၊ အောက်ကိုဖျင်လျှင်
ထင်၏အထ၊ ၀ငယ်ရ၏
ထိုဂကိုလှန်၊ ခေါ်ပြန် ပစောက်
ရှစ်ခုမြောက်၏။
ပစောက်နှစ်ရပ်၊ ပက်လက်ဆက်က
ယ အက္ခရာ၊ ဖြစ်လာပြန်၏
မှောက်ကာရေးက၊ ကကြီးရ၏
ပစောက်အထက်၊ ဟောက်ပက်ပိတ်လိုက်
ဗထက်ခြိုက်ရ၊ မှောက်ပြန်ကလည်း
ဓအောက်ခြိုက်သာ၊ ထင်ပြန်လာ၏
ထို သုညကို
နေလထွက်၀င်၊ ထင်ပြန်သည်က
ပြည့်၀န်းပလည်း၊ သုည ၀ပုံ
ထင်တုံရောင်ဖြာ၊ မျက်စိမှာလည်း
ညီစွာနက်စွန်း၊ ၀န်းသည့်ယင်း၀ယ်
၀ငယ်အရေး၊ မျှော်ဆတွေးလော့"
ထိုသို့ ၀အက္ခရာတစ်လုံးနှင့်ပင် မျက်စိထဲ ကျွမ်းထိုးမှောက်ခုံဖြစ်အောင် ချာလည်လည်နေတော့သဖြင့် ရင်ထဲကအလုံးကို အက္ခရာတစ်လုံးစီအဖြစ် အနက်အဓိပ္ပာယ်ကို ကောက်ယူကြည့်ရန် စိတ်ကူးကို စိတ်ပျက်ပျက်ဖြင့် စွန့်လွှတ်ပစ်မလိုလုပ်ပြီးမှ စိတ်ကိုမလျှော့သေးဘဲ ထို ၀ အက္ခရာ ဖြစ်ပေါ်လာသည့် အခြေအမြစ်ကို လိုက်ရှာပြန်သည့်အခါ ကျမ်းထဲ၌ အစကို သွားတွေ့ရလေသည်။
"စကြ၀ဠာတိုက်ကြီးကို သဗ္ဗညုဘုရားရှင်တို့ အလိုတော်ရှိလျှင် ကိုယ်တော်၏ လက်တစ်ဝါးအစိပ်မျှဖြင့်ပင် ဖုံးအုပ်နိုင်၏"
"ထိုကဲ့သို့ပင် ပစ္စေယဗုဒ္ဓါသာ၀ကတို့သည်လည်းကောင်း၊ စျာန်သမာ၀တ်ရသော ရသေ့တို့သည် လည်းကောင်း၊ ပုထုဇဉ် ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ အဘိညာဉ်ဖြင့် ချင့်နိုင် ချုံးနိုင်ကုန်သည်ဖြစ်၍ ထိုစကြ၀ဠာတိုက်ကြီး တစ်တိုက်လုံးကို သုည၊ ဗိန္ဓု၊ အနုမြူ ၀န်းမျှပြု၍၊ ထိုသုည ဗိန္ဓု အပေါက်၀န်း အငယ်မျှကို ၀အက္ခရာပြု၍ အောက်အဖို့ကို ချေခြင်း၊ အထက်အဖို့ကို ချေခြင်း၊ နောက်ထက်၀က်တို့ကို ချေခြင်း၊ ထက်၀က်အကျန်တို့၌ အောက်အစကိုခွေခြင်း၊ အထက်ကချိုင့်၍ ရှိုက်၍ ပိတ်ခြင်း၊ သုညအတွင်းတွင် စလုံးပြုခြင်း၊ ထိုသုည၀ကို ၃၃လုံး ဗျည်းအက္ခရာကျန်၍ အမှတ်ပြုခြင်း၊ ထို ၃၃လုံး တွင် သုည ၀ကို ကြီးကြီး လုံးကြီးတင်ခြင်း၊ သေးသေး ဗိန္ဓုငယ်တင်ခြင်း၊ သုည ၀ နိဂ္ဂဟိတ်မှ ကြွင်းသော ဗျည်း ၃၃လုံးတို့၌ ၀ကို အောက်ဆွဲခြင်း၊ ယ၊ ရ၊ ဟ၊ စသည်ယှဉ်ခြင်း၊ ဤသို့ စသည်ဖြင့် အက္ခရာတို့သည် များစွာသော သင်ပုံးကြီးသင်ရိုး၊ သင်္သကရိုက် သဒ္ဒါအလင်္ကာ၊ ဆန်းအဘိဓာန်၊ ဝိဒက်၊ ဗျဉ္စိ၊ ကဏ္ဍိ စသော လောကိုဗာကီ ကျမ်းအပေါင်း ဖြစ်လာ၏။"
ထိုသုည စကြ၀ဠာသဏ္ဍာန် ၀အက္ခရာကိုပင် ရှေ့အဖို့ကို ချေ၍ အကျန်ငယ်ငယ်ကို တစ်ဂဏန်း၊ ထိုတစ်ဂဏန်းကိုပင် အောက်သို့ငင်၍ ဆင်စွယ်ငါးရိုးသဏ္ဍာန်ရေးသည်ကို ၂- ဂဏန်းမှ ၈-ဂဏန်း၊ ၉-ဂဏန်း၊ အဆုံး၌ သုည ၀အက္ခရာကို စကြ၀ဠာပုံပြု၍ ဂဏန်း ၁၀-လုံး ဖြစ်လာ၏။
ယင်းသို့ ကျွန်မကြိုးပမ်းအားထုတ်ရင်း ၀လုံးအက္ခရာ၏ ဗျည်းအမှတ်ပြုပုံ ဂဏန်းအမှတ်ပြုပုံတို့သည် ဥာဏ်ထဲ၌ ရေးရေးထင်လာသည့်အခါ၌ စိတ်ကူးအမျိုးမျိုးထုတ်လျက် ရင်ထဲက အက္ခရာအလုံးတွေကို ၁-၂-၃-၄-၅-၆-၇-၈-၉ ဂဏန်းအားဖြင့် စစ်ရှာ ကောက်ချကြည့်မိပြန်သည်။ ဂဏန်းမှတစ်ဖန် အကြံတစ်မျိုးရူးကာ အက္ခရာနှင့်ဂဏန်း တွဲကြည့်မည်ဟု အက္ခရာ က-ခ-ဂ-ဃ-င တနင်္လာဂဏန်း ၂၊ ဥပမာအားဖြင့် ဤသို့ ရေးချလျက် ထိုအက္ခရာဗျည်းအလုံးတွေနှင့် ရင်ထဲက အလုံး ဗျည်းချင်းတူသည့်အရာကို တိုက်ယူရွေးကောက်ကြည့်လေ၏။
ကျွန်မမှာ သူတစ်ပါး၏အကျိုးကို သည်ပိုးဆောင်ရွက်ပေးရှာတတ်သောသူ၏အကျိုး သူ၏ဆန္ဒကို တတ်အားရှိသရွေ့ ဥာဏ်မီသလောက် ကြိုးစားအားထုတ်ကာ အဖြေရှာပေးမည်ဟု ခိုင်ခံ့သော သန္နိဌာန်ချထားခြင်းကြောင့် ကိုယ်ဝါသနာမပါ၊ စိတ်မ၀င်စားသော အလုပ်ကို စေတနာ တိုက်တွန်းချက်ဖြင့် အတင်းစိတ်၀င်စား ဆည်းပူးရှာဖွေနေရသည်။ ထိုကဲ့သို့ အက္ခရာအဖြစ် ဂဏန်းအဖြစ် စီကာစဉ်ကာ ချကြည့်ပြီးနောက် အကြံတစ်ခု ရပြန်သည်။ အဂ္ဂိရတ်ကျမ်းစာထဲတွင် ကျား၊ ခြင်္သေ့၊ ဖား၊ ဂဠုန်၊ နဂါး စသည့် စာလုံးများကို အထပ်ထပ်အကြိမ်ကြိမ် တွေ့မြင်ဖတ်ရှုရခြင်းကို ဂြိုဟ်စဉ်တွေပဲဟု တွေးတောကာ အက္ခရာ က ခ ဂ ဃ င စ ဆ ဇ စျ ည စသည့် ဗျည်း ၃၃လုံးကို အက္ခရာကုန် ဂြိုဟ်ကုန် ဂဏန်းကုန် ချတွဲကြည့်လိုက်၏။
"ဓာတ်လုံးဟာ တစ်ဆင့်ပဲ ကျန်တော့တယ်၊ အဖြေဓာတ်ကြံဆပြီး ဥာဏ်ရှိရင်ထိုးလော့" ဟု ကြီးကြီးခင်ကို လျှို့ဝှက်စွာ အက္ခရာပြသွားသော ဆရာတော်ဘုရားသည် ဧကန် သည်စာလုံးများ၏ ဗျည်းထဲမှ ဓာတ်ကို ရှာခိုင်းတာ။ ရှာလို့ရသည့်ဓာတ်နှင့် ဆက်ထိုးရန်မှာတာဟု ကိုယ့်စိတ်ကူးနှင့်ကိုယ် စဉ်းစားကာ အက္ခရာဂဏန်းနှင့် ဂြိုဟ်မှဓာတ်ကို တစ်ဆင့် တက်ရှာရန် တွေးမိပြန်သည်။ ကြီးကြီးခင်ကို ဓာတ်လုံးမျိုထားသဖြင့် အဂ္ဂိရတ်ရူးဟု ခေါ်ကြလျှင် ကျွန်မမှာလည်း အဂ္ဂိရတ်ရူး မဟုတ်သည့်တိုင် ရင်ထဲမျိုထားသော လျှို့ဝှက်အက္ခရာများကြောင့် အက္ခရာရူးဖြစ်သလောက် ဖြစ်နေပေပြီ။ ကျွန်မမှာ ဂြိုဟ်စဉ်ကို ဂဠုန်၊ ကျား၊ ခြင်္သေ့ စသည်အားဖြင့် ရှာယူ ကောက်ကြည့်ပြီးနောက် ဓာတ်ပစ္စည်းတွေကို အက္ခရာအလိုက်၊ ဂြိုဟ်စဉ်အလိုက်၊ ဂဏန်းအလိုက် အဓိပ္ပာယ်ဖော်နိုင်ရန် ကျမ်းတစ်အုပ်ပြီး တစ်အုပ် မွှေနှောက်ရှာဖွေ စူးစမ်းလေ့လာ ဆည်းပူးနေသည်။
ထိုအခါ ဓာတ်ပစ္စည်းတွေကို အတိအကျ နားလည်ဖို့ရန် နားဝေးလှသဖြင့် အနားမှာ မရစ်သီနိုင်ဘဲ ခက်ခဲခြင်းကြီးစွာ ကြုံတွေ့သွားရ၏။ စိန်ဖြူ၊ စိန်နီ၊ ဟင်းရိုင်းဖြူ၊ ဟင်းရိုင်းနီ၊ ကျောက်ချဉ်၊ ဒုတ္ထာ၊ ပါဒဒုတ္ထာ၊ ကျောက်ချဉ်ကန့်၊ ယမ်းစိမ်း၊ လက်ချား၊ ဒန်၊ သွပ်၊ ပြဒါး၊ ဂျွတ်သံ၊ ဆေးဒန်း စသည့်ဓာတ်များကို တစ်မယ်ချင်း စီစစ်ဝေဖန် ပိုင်းခြားကာ လျှို့ဝှက်အက္ခရာဖြင့်တိုက်လျက် မိမိရရသိနိုင်ရန် ကောက်ယူနိုင်ဖို့ရာ လွန်စွာခက်ခဲနေတော့၏။ ကျမ်းအစောင်စောင်တွင် အက္ခရာအမှတ်အသား ဓာတ်ပစ္စည်း အမှတ်အသားများကို လျှို့ဝှက်သော အခေါ်အမျိုးမျိုး လျှို့ဝှက်သော သင်္ကေတအမျိုးမျိုး ကွဲပြားခြားနားကြသဖြင့် ဓာတ်ပစ္စည်းကို အတိအကျ နားလည်ဖို့ရန် သာမန်ဥာဏ်နှင့်မဖြစ်နိုင်မှန်း သိမြင်ရပြန်၏။
သို့ရာတွင် ကြံရင် ရမှာပဲ၊ ရှာရင် တွေ့မှာပဲဟူသော ပြင်းထန်သော လုံ့လစွမ်းဖြင့် စိတ်ကိုမလျှော့ဘဲ ကြိုးစားအားထုတ် လာပြန်သည့်အခါ "က ခ ဂ ဃ င" တနင်္လာဂဏန်းအားဖြင့် ၂၊ ဂြိုဟ်အားဖြင့် ကျား၊ ဓာတ်အားဖြင့် ဂျွတ်ဟု အစရလိုက်သောကြောင့် အားတက်ကာ အစဉ်တစိုက်လိုက်သွားသောအခါ၌ ဓာတ်ပစ္စည်းတွေမှာ အမျိုးမျိုးကွဲပြားနေသဖြင့် အစင်အကြယ် မှန်ကန်အောင် မကောက်နိုင်ဘဲ ရှုပ်သည်ထက် ရှုပ်ထွေးလာသောကြောင့် သည်လမ်းကလိုက်၍ အဖြေရှာဖို့ရန် စိတ်လျှော့လိုက်ရပြန်တော့သည်။ ကိုယ့်အာရုံနှင့်ကိုယ် ထာ၀စဉ် စိတ်ကူးထက်သန်နေလျက် ဥာဏ်အားထုတ်ကာ ဥာဏ်ကစားနေမိ၏။
ရင်ထဲ၌ အက္ခရာလုံးတွေကို ဓာတ်ရှာရန် ဂြိုဟ်နှင့် မလိုက်တော့ဘဲ ဂဏန်းဖြင့် ချုံ့လိုက်ကျဉ်းလိုက်ကာ ဂဏန်းသင်္ချာအကျယ်ကို တစ်ဖန် နာမသင်္ချာ၊ သင်္ကေတသင်္ချာ၊ ပိဋကတ်သင်္ချာ စသည်တို့ဖြင့် လိုရာလျော်ရာ သဒ္ဒါအနက် အဓိပ္ပာယ်ထွက်အောင် အကျဉ်းအကျယ် ပညာ ကျက်စားလျက်ရှိရသဖြင့် လိုက်စားဆည်းပူးသည့်နယ်ပယ်သည် ကျယ်၀န်းသထက် ကျယ်၀န်းသွားကာ အဖြေရှာမတွေ့သေးသည့်တိုင်အောင် လောက၊ ဓမ္မ၊ ပရမတ္ထ၊ ဝေါဟာရတ္ထ၊ သသဒ္ဒတ္ထ၊ အဓိပ္ပာယတ္ထ၊ သဘာ၀တ္ထ စသည့် အချက်များကို ဆင်ခြင်တတ်သော ဥာဏ်ကလေး ၀င်စားလာသော ဗဟုသုတအကျိုးကို ခံစားရလေသည်။
ကျွန်မသည် တစ်မနက်လုံး သာယာလှပသော ခြံထဲရှိ ရေတိုင်ကီအုတ်ခုံပေါ်တွင် ထိုင်ကာ ဓာတုသင်္ဂဟကျမ်းကို စိတ်၀င်စားလျက် စိုက်ဖတ်နေသဖြင့် အနားသို့ ရောက်လာသော ဦးချစ်မောင်ကို သတိမထားလိုက်မိဘဲ ရှိသည်။
"ဘယ့်နှယ် … ၈နာရီထိုးတော့မယ်၊ လက်ဖက်ရည် မသောက်သေးဘူးလား" ဟု ပြောပြောဆိုဆို လက်ထဲက စာအုပ်၏အဖုံးကို လှမ်းကိုင်လှန်ကြည့်လျက် … "ဓာတ်ကျမ်းပါလား" ဟု ဆိုလိုက်သည်။
စာအုပ်ကို ပိတ်လိုက်ကာ …
"ဓာတ်တွေ လျှောက်ဖတ်ကြည့်တာပါ" ဟု ကျွန်မက တိုတိုပြောကာ …
"ကော်ဖီသောက်ရင် သွားစို့" ဟု ပြောရင်း နေရာမှ ထမည်ဟန်ပြုလျှင် …
"နေပါဦး" ဟု လက်ပြတားလိုက်သဖြင့် ထလိုလျက် ထိုင်နေရ၏။
"အခုတလော ရှာရှာဖွေဖွေ ဆေးကျမ်း၊ ဓာတ်ကျမ်း အဂ္ဂိရတ်ကျမ်းတွေချည်းဖတ်နေတာ မြင့်မိုရ်တောင်များ သွားချင်လို့လား"
သူသည် ပြုံးရယ်နေလေသည်။
ကျွန်မအား စူးရှသော မျက်လုံးနှင့် အကဲခတ်ကြည့်နေလေ၏။ ကျွန်မမှာ မလုံမလဲဖြစ်သွားကာ နှိုက်ချွတ်စစ်မေးနေလျှင် အဖြေရ ခက်လာမှာစိုးသဖြင့် တမဟုတ်ချည်း အကြံရသလို ကြံစည်ဖုံးဖိ ပြောရသည်။
"မဟုတ်ပါဘူး၊ ကျောင်းနေတုန်းက ကကြီး၊ ခခွေး သင်ပုန်းကြီး သင်ခဲ့တာ စာသာရေးတတ်ဖတ်တတ်ကရော အမှတ်တမဲ့ပဲ၊ ဒီဗျည်းတွေရဲ့နောက်မှာ အဓိပ္ပာယ်ရှိမှာပဲလို့ ထင်လာတာနဲ့ လောကီကျမ်းဂန် စာပေတွေဖတ်ရင် အနက်အဓိပ္ပာယ် သိရမလားလို့ ဟိုဖတ်ဒီဖတ် လျှောက်ဖတ်ကြည့်တာပါ။ အလိမ္မာ စာထဲမှာရှိတယ်ဆိုတာ သိပ်မှန်တာပဲ။ လောကီ၊ လောကုတ္တရာကျမ်းတွေ စုံအောင်လျှောက်ဖတ်ရင် စာပေပညာရဲ့ ကျယ်၀န်းလေးနက်ပုံကို သိနိုင်လာမှာပဲနော်"
ကျွန်မအဖြေဖြင့် သူသည် ချက်ချင်း အာရုံပြောင်းသွား၏။ ပြုံးစနဲ့နဲ့ အမူအယာများ ပျောက်ကွယ်သွားလေသည်။ စဉ်းစားစိတ်ကူးသည့်အခါ စိုက်၍ သွားတတ်ပုံအတိုင်း အမှတ်မထင် တစ်နေရာသို့ စိုက်သွားလျှက် စာပေနယ်ပယ်တွင် အသိဥာဏ်တိုးအောင် ဖြည့်စွက်ဝေဖန်ပြပေးနေ၏။
"စာတစ်လုံး ဘုရားတစ်ဆူလို့တော့ ဆိုထားတာပဲ၊ စာပေနယ်ပယ်လောက် ကျယ်၀န်းတာ ဘယ်ရှိမလဲ။ လိုက်စားရင် လိုက်စားသလောက် ကျေးဇူးများတာပေါ့၊ အနုပညာရပ်တွေမှာ ကြည့်လေ … စာပေနဲ့ သိပြီး နားဆင်ရန် စာရှည်၊ စာတို၊ စာချို၊ စာယဉ်၊ ပျို့ကဗျာ၊ လင်္ကာ၊ ကာလသံ၊ ရာဇသံ၊ နန်းသံ၊ ကျမ်းသံ၊ သံပေါက်၊ တေးဘွဲ့၊ လွမ်းချင်းဘွဲ့နဲ့ မယ်ဘွဲ့ မောင်ဘွဲ့တွေ စီရင်ပြုစုကြတယ်။ စာပေဘက်မှာလည်း ၀တ္ထုအမျိုးမျိုး ကျမ်းကြီးအဘိဓမ္မာ ဝိနယာဝေါဟာရ သုတ္တန်၊ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ ဗေဒင်ကျမ်း၊ သင်္ချာကျမ်း စတဲ့လောကီကြောင်း၊ လောကုတ္တရာကြောင်းရဲ့ စာပေတွေဟာ များမြောင်လိုက်တာ ရှာဖွေဆည်းပူးလို့ မကုန်ခန်းနိုင်ဘူး။ လိုက်စားရင် လိုက်စားသလောက် ဥာဏ်ကြီးလာနိုင်တယ်။ အဖက်ဖက်က လိုက်စားဆည်းပူးပြီး ခေါင်းထဲမှာသိုထားရင် လိုတဲ့အခါကျတော့ ဆည်းပူးခဲ့တဲ့ သာဓကတွေ ပေါ်လာ ထင်လာ မြင်လာ အသုံးတည့်လာတာကြောင့် စာပေရဲ့ကျေးဇူးဟာ အကြီးမားဆုံးပေါ့"
ကျွန်မ၏လျှို့ဝှက်ချက်ကို ကြိုးစား၍ ကြံအားရှိသမျှ ကြံဆရန် အားပေးနေသကဲ့သို့ ကူညီနေခြင်းကြောင့် … "ကြီးကြီးခင်အတွက်တော့ ဖြစ်အောင် ကြံဆပေးမည်" ဟု များစွာ အားတက်သွားမိသည်။ ပြည်လမ်းသို့ ရွှေ့ပြောင်းလာခဲ့ရပြီးနောက် ကျွန်မနှင့် ကြီးကြီးခင်မှာ လူချင်းဝေးနေကြသော်လည်း မကြာခဏ တွေ့ကြသည်။
လူလစ်လျှင် ကျွန်မက … "ကြိုးစားနေတာပါပဲ ကြီးကြီးခင်ရယ် … ဖြည်းဖြည်းပေ့ါ၊ အဖြေကို တစ်နေ့မတွေ့ တစ်နေ့တွေ့မှာပေါ့" ဟု အားပေးစကားပြောရလေသည်။
ကြီးကြီးခင်သည် ကျွန်မကို အားကိုးသော မျက်လုံးကြီးများနှင့် အဓိပ္ပာယ်ပါပါကြည့်ကာ ခေါင်းညိတ်သဖြင့် ကျွန်မမှာ ဆထက်တိုးကာ ရင်ထဲ၌ ပိုလေးသထက် လေးသွားလေသည်။
၇။
ကျွန်မသည် ဗုံးကျင်းထဲမှထွက်ခဲ့ကာ သစ်ပင်များအောက်၌ ထိုင်လိုက်ရ၏။ မီးခိုးတွေမှောင်ဖုံးလျက် ကောင်းကင်တစ်ခုလုံး အုံ့မှိုင်းနေပေသည်။ ဂျပန်စစ်သားအလောင်းများကို သယ်ရွှေ့နေသော ကားများမှာ ခြံရှေ့၌ အဆက်မပြတ် ဖြတ်သွားနေကြသည်။ အနီးအနားတစ်ဝိုက်က ဒုက္ခသည်များ ပြေးလွှားဆူညံ ငိုယိုကြသော အသံများသည် လေးဘက်လေးတန် ဝိုင်းနေသည်။ ခြံ၏နောက်ဘက်မှ မီးရောင်များ ထွက်လာ၍ မှောင်နေသော ကောင်းကင်တစ်ခွင်လုံး ရဲလာလေသည်။ မီးခိုးလုံးများ ဖုံးအုပ်လျက်ရှိသော ခြံရှေ့က ဆရာဖြစ်သင် ကောလိပ်ကျောင်းကြီးမှ ပြင်းထန်လှသည့် ပြိုကျပေါက်ကွဲသံများ ထွက်ပေါ်လာကာ မီးများ ထတောက်နေ၏။ မီးမှ ထွက်သည့် အသံများမှာ မာန်ထနေလျက် တရှဲရှဲတဟဲဟဲဖြင့် လောင်စာမှန်သမျှ အငမ်းမရ ကိုက်ဖဲ့မျိုဝါးနေကြသည်။
ဗုံးကျင်းထဲမှ ကလေးများကို ချီထုတ်ကာ ကျွန်မအနားသို့ လာပို့သော ဦးချစ်မောင်အား "မီးတွေက ဝိုင်းလို့ … ကြည့်ဦး … ဘယ်ပြေးကြမလဲ …"ဟု လှမ်းမေးလိုက်သည်။
"မီးက လှမ်းသားပဲ၊ ကိစ္စမရှိပါဘူး … ခုနေပြေးလို့ ဘယ်ရမလဲ။ ဂျပန်အလောင်းတွေ သယ်ထုတ်နေလို့ လမ်းပိတ်ထားမှာ၊ အခြေအနေ ကြည့်ပါဦးမယ်"
ကျွန်မမှာ ရန်ကုန်တွင် နေချင်စိတ် ကုန်သွား၏။ တောကိုသာ ပြေးတော့ရန် ဆုံးဖြတ်လိုက်၏။ နံနက် ၁၀နာရီလောက်စ၍ ပြည်လမ်းတစ်လျှောက် သဲသဲမဲမဲ ဗုံးကျဲနေကာ ဘေးရန်ကင်းရှင်းကြောင်း ဥသြမှုတ်သည့် အချိန်မှာ ညနေ ၅နာရီလောက်မှ ဖြစ်သည်။ ကျွန်မတို့ အိမ်ပေါ်သို့ တက်ကြသည့်အခါ အိမ်ထဲ၌ မြင်မကောင်း ရှုမကောင်း ဖြစ်နေသည်။ အိမ်ခေါင်မိုးများမှာလည်း ပြုတ်ကျလျက် ကြမ်းပေါ်၌ သစ်သားအကျိုးအပဲ့၊ အုတ်ကျွတ်အကျိုးအပဲ့၊ မှန်ကွဲ၊ ဖန်ကွဲ၊ စားပွဲကုလားထိုင်များ ကျွမ်းထိုးမှောက်ခုံဖြင့် လမ်းသွား၍ မဖြစ်အောင် ရှုပ်ယှက်ခတ်နေသည်။
အိမ်ပေါ်ရောက်ရောက်ချင်း လေကြောင်း အချက်ပေးသံ ကြားရပြန်၏။ ချက်ချင်း ဗုံးကျင်းထဲသို့ ပြန်ပြေးဆင်းခဲ့ကြရပြန်သည်။ ထိုညက နာရီ၀က်ခြားလောက် ဥသြမှုတ်နေသည်။ ကျွန်မတို့မှာ တက်လိုက် ဆင်းလိုက်ဖြင့် နောက်ဆုံး မိုးလင်းအထိ ဗုံးကျင်းထဲ၌ နေကြရသည်။ နံနက်စောစောတွင် ကျွန်မတို့နှင့်အတူတူနေသော ဂျပန်အဘိုးကြီး၏ သားရေနယ်ကုမ္ပဏီမှ လောရီကား ၂စီး ခြံထဲသို့ ရောက်လာကြသည်။ လောရီကားများဖြင့် ဆန့်သလောက် ပစ္စည်းတွေ သယ်သွားဖို့ရန် စဉ်းစားကြသည့်အခါ၌ အခြားပစ္စည်းများယူလျှင် စာအုပ်များ မယူနိုင်မည်စိုး၍ စာအုပ်များသာ ကားနှင့်သယ်မည့်ပစ္စည်းအဖြစ် စိတ်တူ သဘောတူ ဆုံးဖြတ်လိုက်ကြသည်။
အိမ်ရှိပစ္စည်းတွေကို စွန့်ပစ်ခဲ့ကာ စာအုပ်များနှင့် ပြည်လမ်းအိမ်မှ မြန်မြန်ပြန်ထွက်ခဲ့ကြသည်။ ကြီးကြီးခင်နှင့် ဒေါ်ဒေါ်တို့အား ကျွန်မတို့ သင်္ကန်းကျွန်းတစ်ဖက် သိမ်ချောင်းရွာသို့ ပြေးတော့မည့်အကြောင်း ပြောကြားလို၍ သင်္ကန်းကျွန်းဘက်သို့ မသွားသေးဘဲ ကံဘဲ့ ကျောက်ကုန်းသို့ တန်းသွားကြသည်။ အိမ်ရှေ့ရောက်၍ စာအုပ်လော်ရီကား ၂စီးနှင့် ဘိုသီဘတ်သီဖြစ်လာကြသောအဖြစ်ကို မြင်သည်နှင့် ကြီးကြီးခင်လည်း ခြံ၀သို့ ပြေးလာကြိုကာ "ဖြစ်မှဖြစ်ရလေ လှိုင်ရယ် … မသေကြတာ ကံကောင်းပါဘဲ။ ဒီမှာပဲ နေကြပေတော့ … သိမ်ချောင်းမသွားကြနဲ့လေ"ဟု လှေကား အတူတက်လာရင်း မသွားရန် တားနေသည်။
ကျွန်မမှာ ရန်ကုန်တွင် နေထိုင်လိုစိတ်မရှိသဖြင့် ကြီးကြီးခင် အတင်းတားနေသည်ကို အားနာသော်လည်း "မနေချင်ဘူး ကြီးကြီးခင်" ဟု ခေါင်းခါပြောလိုက်သည်။ သိမ်ချောင်းရွာသို့ သွားဖို့ နှုတ်ဆက်ပြီး ထပြန်ကာနီး၌ ကျွန်မအား မီးဖိုထဲသို့ မျက်ရိပ်ပြခေါ်လေသည်။ နောက်ဖေးချောင်ရောက်လျှင် ကြီးကြီးခင်သည် လည်ပင်းထဲမှ ဓာတ်လုံးကို ကပျာကယာ ထုတ်ယူလျက် သောက်ရေအိုးပေါ်က ငွေဖလားလေးထဲ ထည့်လိုက်ကာ ရေခပ်၍ တိုက်လေ၏။
"သောက်လိုက်ပါ လှိုင် … ဘေးကင်းရန်ကင်း သောက်လိုက်စမ်းပါ"
ကျွန်မမှာ ရေခွက်ကို လှမ်းယူလျက် ရေခွက်ထဲမှ ဓာတ်လုံးကို ငုံ့ကြည့်ကာ တစ်ဖန် ကြီးကြီးခင်၏မျက်နှာကို ငေးကြည့်နေမိသည်။ ကျွန်မကို မျက်ရိပ်မျက်ကဲနှင့် သောက်ရန် ပြောပြ၏။ မြန်မြန် သောက်လိုက်ရန်လည်း ပြနေ၏။
"သောက်လိုက်လေ လှိုင် … လှိုင့်အတွက် စိတ်ပူစရာမြင်လို့ … အင်း … ဟုတ်တယ်၊ ကဲ … သောက် … သောက်"
ကျွန်မအတွက် အလွန်စိုးရိမ်မကင်းရှိနေသော ပြူးတူးပြဲတဲမျက်နှာထားနှင့် အရေးတကြီး အတင်းတိုက်နေသည်။
တစ်ညလုံး မအိပ်ရဘဲ ကျင်းထဲ၌ ဒုက္ခရောက်လျက် ချောက်ချားကာ စိတ်ဓာတ်များသည် ပျက်ပြားလာခဲ့ပေရာ ဓာတ်လုံးရေစိမ် တိုက်နေသည်ကို အကာအကွယ်အနေနှင့် ဘယ်လောက်မှ ၀န်မလေးဘဲ သောက်ချလိုက်နိုင်ပါ၏။ သို့ရာတွင် မလုပ်စဖူး လုပ်နေ၍ ဤသို့ အသုံးချသဖြင့် ဓာတ်လုံး၏တန်ခိုးသိဒ္ဓိ လျော့သွားသည် အယူရှိလျက်နှင့် အလျော့ခံပြီးများ တိုက်နေတာလားဟု မဝေခွဲနိုင်အောင်ရှိ၍ ရုတ်တရက် မသောက်နိုင်ဘဲ ငေးနေမိသည်။ ကျွန်မအဖို့ရာတွင် ဓာတ်လုံးရေစိမ်တိုက်ရန် မလိုဘဲ စေတနာမေတ္တာဖြင့်ပင် လုံလောက်၍ နေပါပေပြီ။ သည်စေတနာမျိုးသည် မေတ္တာတန်ခိုးဖြင့်ပင် လာမည့်ဘေးရန် ကင်းကွာသွားနိုင်စေလိမ့်မည်။
"ကြီးကြီးခင် … သောက်ရင် လျော့မသွားဘူးလား၊ လျော့မယ် အယူရှိရင် နေပါစေ"
"အို … ကိစ္စမရှိပါဘူး၊ သောက် … သောက်"
မျက်မှောင်ကြီးကုတ်လျက် ခေါင်းတခါခါဖြင့် ဇွတ်အဓမ္မ ပြောနေ၍ ကျွန်မလည်း ငွေဖလားထဲမှ ရေများကို မြန်မြန် အကုန် မော့သောက်ချလိုက်ရာ ဓာတ်လုံးမှာ အရှိန်နှင့်လိမ့်ပါလာလျက် နှုတ်ခမ်းနှင့် ထိတိုက်သွားသည်။ ကျွန်မအား အင်မတန် မေတ္တာကြောင့် မလွဲသာ၍ ထုတ်တိုက်ရပုံမှာ ကြီးကြီးခင်၏မျက်လုံးထဲ၌ တစ်နေရာရာမှာ တွေ့ရသလိုလို စိတ်ထဲ၌ အောက်မေ့ရသဖြင့် နှုတ်ခမ်းနှင့်ထိလာသော ဓာတ်လုံးကို ဓာတ်လုံးဟု မမှတ်ချင်ဘဲ ကြီးကြီးခင်၏အသည်းနှလုံးကဲ့သို့ သဘောထားကာ နှလုံးမှသွေးကို သောက်မျိုလိုက်ရဘိသကဲ့သို့ ရင်နှင့်မဆန့်နိုင်အောင် နင့်သွားကာ ပြည့်လေး၍ သွားသည်။
ကျွန်မနှင့် ကြီးကြီးခင်မှာ ဝေးနေကြရပြန်၏။ သိမ်ချောင်း၌ ခေတ္တနေရစဉ် ကံဘဲ့သို့ တစ်ခေါက် နှစ်ခေါက် ကူးလာသည်။ အင်္ဂလိပ်၀င်ကာနီး တစ်မြို့လုံး သဲသဲမဲမဲ ဗုံးကြဲနေသဖြင့် ဒေါ်ဒေါ်တို့ ကျွန်မတို့နှင့်အတူ သိမ်ချောင်း ရွှေ့နေကြရန် အတင်းခေါ်မိသည်။ ဒေါ်ဒေါ်နှင့် စုစုမှာ ကျွန်မတို့နှင့် လိုက်ရကောင်းနိုးနိုး တွေဝေနေကြသည်။
"ဘာမှ မဖြစ်ရဘူး၊ စိတ်ချ … ဘေးရှိရင်ပြောမှာပေါ့ မသိန်းရယ် … ဒီအိမ်မှာ ဘာမှမဖြစ်ရဘူး၊ ငါသိပါတယ်လေ … အင်း … ငါပြောတာ ယုံကြစမ်းပါ"
အနီးအနားကလူတွေ ပြောင်းရွှေ့ပြေးကြ၍ လူရိပ်သူရိပ်မှ မမြင်ရသလောက်ဖြစ်နေသော ကံဘဲ့၌ ကိုယ့်ထီး ထီး နေသင့် မနေသင့် ဒေါ်ဒေါ် စဉ်းစားနေသည်။ ကြီးကြီးခင် ထသွားပြီးလျှင် "နေပါစေတော့ လှိုင်ရယ် … သိမ်ချောင်း မပြောင်းတော့ဘူး၊ ဒီဟာမကြီးကလည်း ဘေးမရှိရဘူးလို့ ပြောနေတယ်" ဟု သိမ်ချောင်းလိုက်ရန် ငြင်းလိုက်ရသည်။
ကြီးကြီးခင်၏ ပြောပုံဆိုပုံ လုပ်ပုံကိုင်ပုံတွေကို ကြည့်မရ၍ တစ်လျှောက်လုံး နှိမ်လာခဲ့သော ဒေါ်ဒေါ့်ပါးစပ် မှ ကြီးကြီးခင်၏စကားကို ယုံကြည်ကိုးစားပုံ သည်တစ်ခါသာ ကြားဖူး၏။ ဒေါ်ဒေါ်သည် ကြီးကြီးခင်အား အယုံမရှိဘူးဟု နောက်နောက်က နားလည်ထားခဲ့ရာ ထိုစကားတစ်ခွန်းကြားရမှ ဒေါ်ဒေါ်ကိုယ်တိုင်လည်း မယုံဘူးလည်း မဟုတ်၊ ယုံသည်လည်း မဟုတ်ပါကလားဟု အောက်မေ့လိုက်ရ၏။
ဂျပန်များပြေးကုန်ကာ အင်္ဂလိပ်စစ်တပ် ၀င်လာသည်နှင့် ဒေါ်ဒေါ်က ကျွန်မတို့ကို သိမ်ချောင်းက အမြန်ရွှေ့ခဲ့ရန် မှာလိုက်လေသည်။ ကျွန်မတို့မှာ ပစ္စည်းတွေ အကုန်ဆုံးကာ အ၀တ်တစ်ထည် ကိုယ်တစ်ခုနှင့် အိပ်ရာလိပ်ပင် မရှိကြသည့်ဘ၀မျိုး ဖြစ်နေကြ၏။ ဒေါ်ဒေါ်၏အိမ်နှင့် ကျောချင်းကပ် လူထွက်ပြေးသည့် အိမ်လွတ်တစ်အိမ်ကို ကျွန်မတို့လာလျှင် အဆင်သင့် တက်နေနိုင်ကြအောင် ယူထားကာ အမြန်လာရန်မှာပြီး ရွာက ပြောင်းဖို့ရွှေ့ဖို့အတွက် စုစုကိုပါ ထည့်ပေးလိုက်၏။
သိမ်ချောင်းရွာမှ မထွက်ခင် တစ်နေ့ ဦးချစ်မောင်မှာ နိုင်ငံရေးကိစ္စဖြင့် ရွာက တစ်ရက် ကြိုတင်ထွက်သွားရသဖြင့် ဒေါ်ဒေါ်တို့ထံသို့ ကလေးများကိုပို့ရန် ထည့်လိုက်ကာ စုစုနှင့် ကျွန်မတို့သာ ရွာ၌ ရှိသည်။ နံနက် ဦးချစ်မောင်လာခေါ်လျှင် ရေတက်နှင့် ပုဇွန်တောင်ချောင်းက ထွက်ကြရမည်ဖြစ်၍ စာအုပ်တွေကို သမ္ဗန်ပေါ်သို့ တစ်ညလုံး သယ်ချထားကြရာ မိုးချုပ်မှ ပြီးသွားလေသည်။ ညဘက်၌ မမျှော်လင့်ဘဲ စုစုနှင့်ကျွန်မမှာ ဓားပြလက်ထဲမှ သီသီကလေး လွတ်ထွက်ပြေးခဲ့ကြရကာ မှောင်မိုက်ထဲ၌ စွတ်ပြေးလာကြရင်း ကမ်းနားစပ်ရှိ အိမ်တစ်အိမ်ပေါ်သို့ အတင်းပြေးတက်ကာ ပုန်းနေကြရ၏။
နံနက် ဦးချစ်မောင်ရောက်မှ ပုန်းနေရာအိမ်က ထွက်ရဲကြကာ ကံဘဲ့သို့ ပြန်ခဲ့ကြသည်။ ကျွန်မမှာ သိမ်ချောင်း၌ ညက ဖြစ်ပျက်ခဲ့သော အကျိုးအကြောင်းတွေကို ဒေါ်ဒေါ့်အား စုံလင်အောင် ပြောမနေနိုင်ဘဲ ကြီးကြီးခင်ရှိရာ မီးဖိုထဲသို့ ပြေးသွားကာ …
"ကံကောင်းလို့ပေါ့ ကြီးကြီးခင် … သေမလို့ … သီသီလေးရယ်" ဟု မောကြီးပန်းကြီး ပြေးပြောလိုက်သည်။
"အို … ဖြစ်မှဖြစ်ရလေ လှိုင်ရယ်၊ အင်းပေါ့ … ကံကောင်းလို့ပေါ့ … ကြားရတာ ကြောက်စရာပဲနော်"
ကြီးကြီးခင်သည် သည်မျှလောက်သာ ပြန်ပြောကာ လုပ်စရာရှိတာ ဆက်လုပ်နေသည်။
သိမ်ချောင်းသို့ မပြောင်းခင် ကျွန်မအား ဘေးရန် မြင်သလိုလို ပြောကာ ဓာတ်လုံး ရေစိမ် တိုက်လွှတ်လိုက်ခြင်းကို အလျင်းမေ့နေသလို လုပ်နေသော အမူအရာကို အလွန်အံ့သြသွားမိသည်။ ကျွန်မတို့ ဓါးပြလက်ထဲမှ အလွတ်ရုန်း ထွက်ပြေးလာကြစဉ်က တစ်ညလုံး ပုန်းနေကြသော အိမ်ပေါ်မှနေ၍ ကြီးကြီးခင်ကို သိပ်သတိရမိသည်။ ဓာတ်လုံးရေစိမ်တိုက်ပုံမှာ တစ်ညလုံး မျက်စိထဲမှ မထွက်ဘဲ ဖြစ်နေခဲ့လေသည်။
စိတ်ထဲ၌ မကျေနပ်၍ မျက်နှာလွှဲသွားသော ကြီးကြီးခင်အား မေ့နေလျှင်လည်း သတိရအောင် ရည်ရွယ်လျက်…၊"ဓာတ်လုံးကျေးဇူး ထင်ပါရဲ့နော် … ကြီးကြီးခင်" ဟု အနားတိုးပြီး ပုတ်ပြောလိုက်သည်။
ကြီးကြီးခင်သည် သည်စကားမျိုး အပြောမခံလိုသော မျက်လုံးနှင့် တုံ့ပြန်ကြည့်ကာ အားတုံ့အားနာလိုလို မျက်နှာခပ်ကြောင်ကြောင်ဖြင့် ပြောင်ပြောင်ကြီး လွဲဖယ်၍ ပြောသည်။
"ဖြစ်လာတာပဲ လှိုင် … အင်း … ကြီးကြီးခင်လေ ဖြစ်လာတာပဲ"
ဓာတ်လုံးကို ကျေးဇူးတင်မိသလိုလို ဘာလိုလို အောက်မေ့မိသော စိတ်များသည် ပေါ့ပျက်ပျက်ဖြစ်သွားကာ ကြီးကြီးခင်နှင့် စကားမပြောတတ်တော့သလောက် ကြောင်တက်တက်ဖြင့် အိမ်ရှေ့သို့ ပြန်ထွက်လာခဲ့ရသည်။
ကံဘဲ့အိမ် ရောက်ပြီး မကြာမီ ဦးချစ်မောင် ဆေးရုံ၌ ဆုံးသွားလေ၏။ သည်အိမ်တွင် ဆက်လက်၍ နေမဖြစ်တော့သဖြင့် ပန်းဆိုးတန်းသို့ ပြောင်းရွှေ့ရလေသည်။ ပန်းဆိုးတန်းသို့ သွားကာနီး ကြီးကြီးခင်ကို သွားကန်တော့သည်။ မျက်ရည်အရောင်တွေ သမ်းလျက်ဖြင့် တရားထိန်းထားသော ဣနြေ္ဒကို ဆောင်ကာ ကောင်းမွန်စွာ သံနေသံထားနှင့် ဆုပေးနေ၏။ ဒေါ်ဒေါ်မှာ ကျွန်မဘေးတွင် မျက်ရည်မဆည်နိုင်အောင် ဖြစ်နေလေသည်။ ဒေါ်ဒေါ်တို့အိမ်သို့ လာနေစဉ်တုန်းက သားအငယ် မိုးဟိန်းမှာ ၂-လသားလောက်ကလေးရှိကာ မကျန်းမာ၍ ဒေါ်ဒေါ်က သူနှင့်အတူ သိပ်လျက် မွေးပေးခဲ့သည်။ ကျွန်မတို့ ဘယ်ပြောင်းပြောင်း မိုးဟိန်းမှာ ကံဘဲ့အိမ်တွင် နေရစ်ခဲ့ကာ ကြီးကြီးခင်တစ်လှည့် ဒေါ်ဒေါ်တလဲစီ ယူအိပ်ကြလျက် နို့ဘူးတိုက် မွေးခဲ့ကြသည်။ မိုးဟိန်း မှာ ၂-ခါလည်ကျော် အရွယ်ရောက်ကာ အိမ်ချင်းကပ်နေကြသော ကျွန်မတို့အိမ်သို့ပင် ကူးမလာလိုဘဲ ကြီးကြီးခင်ကိုသာ အမြဲကပ်နေသည်။
ကြီးကြီးခင်မှာ အိမ်အတွက်ရော ကျွန်မတို့တစ်အိမ်သားလုံးအတွက်ပါ မီးဖိုထဲ၌ တစ်ယောက်တည်း ချွေးတလုံးလုံးဖြင့် ဒိုင်ခံချက်ပေးနေသည်။ ကျွန်မတို့အိမ်၌ ပန်းချီဦးအုန်းလွင်၊ စာရေးဆရာ ဦးစောဦးတို့ပါ လာနေကာ လူများလာ၍ ကြီးကြီးခင် ချက်ကျွေးနေခြင်းကို အားနာလွန်းသဖြင့် အတင်း အိုးခွဲစားကြရသည်။ ကျွန်မပေါ်တွင် ထားရှိသည့် စေတနာ မေတ္တာထက် မိုးဟိန်းပေါ်၌ သားငယ်အမေလို အနွံတာခံပြီး မွေးပေးသည့်ကျေးဇူးက ကြီးလှ၍ မခွဲခင် ကျေးဇူးတရားတွေကို စုပေါင်းဦးချ ရှိခိုးနေရ၏။
"လှိုင်ရယ် … မိုးဟိန်းအတွက် စိတ်ချ၊ ကြီးကြီးခင် ရှိပြီကော၊ ကိုယ့်အလုပ်ကိုသာ ဖြစ်အောင်ဆက်လိုက်၊ ဖြစ်လာမှာပါ … ဖြစ်လာမှာပဲ … အင်း … "
ဒေါ်ဒေါ်လည်း ငိုရင်းပင် ဆုပေးကာ မြို့ထဲသို့ ကျွန်မတစ်ယောက်တည်း ပြောင်းသွားရတော့မည့်အဖြစ်ကို သူ့ရင်ထဲ၌ မချိမဆန့်ဖြစ်လျက် အခန်းထဲသို့ ထ၀င်သွားသည်။
"ကြီးကြီးခင် … ကျွန်မ ပေါ့မနေပါဘူး၊ စိတ်ချပါ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဆီလည်း သွားပြီး အဂ္ဂိရတ်ပညာ ဆွေးနွေးကြည့်ပါဦးမယ်။ မရ ရအောင် ကြိုးစားနေပ့ါမယ် … နော်"
ကြီးကြီးခင်သည် ညင်သာစွာ ခေါင်းညိတ်ကာ တံခါးနားသို့ အတူထလိုက်လာပြီး ကျွန်မ၏ပခုံးကို ကိုင်ကာ… "ကြိုးစားပါ လှိုင် …၊ ပြီးရင်လေ ပြီးတာပဲ အားလုံး အားလုံး၊ အင်း … ဒီလည်း ခဏခဏ လာခဲ့နော်"
ကျွန်မ မြို့ထဲသို့ ရောက်လာပြီးနောက် ကံဘဲ့သို့ ထင်သလို ခဏ ခဏ မရောက်နိုင်ဘဲ အားလပ်မှသာ ရောက်သွားနိုင်၏။ ဂျာနယ်ကျော်လုပ်ငန်း၊ ပုံနှိပ်လုပ်ငန်းများကို ဦးစီးလျက် အလုပ်များလွန်း၍ အိပ်ချိန် စားချိန်လည်းမမှန်၊ ပင်ပန်းလာကာ တဖြည်းဖြည်း နေထိုင်မကောင်း ဖြစ်လာသည်။ အင်္ဂလိပ်ဆေး၊ မြန်မာဆေး၊ ဘယ်ဆေးမှမစားဘဲ ပေတေနေခိုက် ပုသိမ်မှ ကျွန်မ၏အစ်ကို အစ်မများ ပေါက်လာကြသည်။ ရောက်သည့်နေ့ပင် အပြင်ထွက်ဖို့ရန် ပြင်နေ၏။
"ရန်ကုန်မှာ မြန်မာဆေးဆရာကြီး တစ်ယောက်ရှိတယ်၊ တို့လည်းမသိဘူး။ ပန်းတနော်၀န်ထောက် ဦးသောင်းက ညွှန်လိုက်လို့ ကြည့်မြင်တိုင်မှာ သွားရှာဦးမယ်" ဟု ပြောကာ ထွက်သွားကြသည်။ ကျွန်မမှာ တစ်နေ့လုံး အလုပ်များလုပ်နေရကာ ညကျမှပင် အစ်မနှင့် ထမင်းပွဲ၌ ဆုံရသည်။
"ညည်းလုပ်ရတာ ပင်ပန်းလိုက်တာအေ… နေကောင်းတာလည်းမဟုတ်ဘူး၊ တရှောင်ရှောင်နဲ့ ဘာဆေးမှလည်း မစားဘူး။ ကြည့်မြင်တိုင်ဆရာကြီးဆီ တို့သွားရင် ညည်းလိုက်ခဲ့ပါလား"
ကျွန်မမှာ ဘယ်လိုပြောနေနေ ဆေးကုရန် စိတ်မပါဘဲ ဖြစ်နေသည်။ အင်းမလုပ် အဲမလုပ် လုပ်နေ၍ ဆက်မပြောကြတော့ဘဲ နေကြသည်။ နောက်တစ်နေ့ ထမင်းဝိုင်းတွင် ဆုံကြပြန်သည့်အခါ သူတို့လင်မယားနှစ်ယောက် အချင်းချင်း ဆရာကြီးအကြောင်းတွေ ထမင်းစားရင်း ပြောနေကြသည်။ အလုပ်သာ ကျွန်မ စိတ်စောနေလျက် ကပျာကယာစားပြီး ထလိုက်သည်။
"ညည်း မနက် ဆရာကြီးဆီ လိုက်ခဲ့ပါလား၊ ဆေးကုသိပ်တော်တာပဲလို့ ဦးကောင်းက ပြောလိုက်တယ်၊ လူနာနာမည် မေးပြီးမှ ဆေးပေးတာ"
" ဘာဆရာလဲ မမ…၊တော်အိရော်အိ ဆရာတွေနောက် တော်တော် လိုက်၊ ကျွန်မတော့ အယုံမရှိဘူး"
ကျွန်မသည် ခပ်ဆတ်ဆတ် ပြောကာ ထသွား၏။
စားပွဲခုံတွင် စာရေးနေစဉ် သူတို့အချင်းချင်း ပြောနေကြသည့်စကားထဲမှ … "ဆရာကြီးပြောတာ မှတ်မိရဲ့လား၊ မှားတာဟာ ဘယ်တော့မှ မမှန်ဘူး၊ မှန်တာဟာ ဘယ်တော့မှမမှားဘူးတဲ့" ဟု အစ်ကိုကြီးက ပြောနေလျက် မမက… "မသိတာလည်း မစားနဲ့တဲ့… မသိတဲ့စကားလည်း မပြောနဲ့လို့ ပြောလိုက်သေးတယ်မဟုတ်လား" ဟု ဆက်လိုက်၏။
ကျွန်မမှာ ငုံ့စာရေးနေရာမှ ကြားလိုက်မိသော စကားများကို နှစ်သက်လွန်း၍ ခေါင်းထောင်လာကာ မမဘက်သို့ လှည့်ပြီး … "မမ … အဲဒီဆရာကြီးက နာမည်ဘယ့်နှယ် ခေါ်သလဲ" ဟု လှမ်းမေးလိုက်သည်။
"နေလ ဝိဇ္ဇာ ဆရာကြီး ဦးဘခိုင်"
ကျွန်မမှာ စာကိုဆက်ရေးနေသော်လည်း စိတ်က တခြားရောက်နေလေသည်။
"နေလ ဆိုတာ အပူအအေးပြောတာပဲ၊ ဝိဇ္ဇာကတော့ အတတ်အပညာပြောတာ။ အပူအအေးတတ်ရင် အဂ္ဂိရတ်သဘောတော့ မုချနားလည်မှာပဲ။ နည်းနည်းပါးပါး ဆွေးနွေးကြည့်ရရင် ကြီးကြီးခင်အတွက် အထောက်အပံ့ အစအနများ ရလေမလား"
ကျွန်မသည် ကြီးကြီးခင်အတွက် စိတ်ကူးရသည်နှင့် ဆရာကြီးထံသို့ နက်ဖြန် သူတို့သွားရင် လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။ တဲတွင်း၌ စားပွဲခုံဟောင်းဘေးတွင် ဘဲဥပုံ ရေအိုးနှုတ်ခမ်းကွဲကြီးချထားလျက် ကုလားထိုင်စုတ်တစ်လုံးနှင့် ထိုင်နေသော ဆရာကြီးကို တွေ့တွေ့ချင်း အင်္ဂါရုပ်ကို လေးလေးနက်နက် အကဲခတ်ကြည့်လိုက်သည်။ ပညာရှိရုပ်သွင်ဆောင်လျက် မျက်နှာထားကြီးကြီးနှင့် တည်ငြိမ်သော မျက်နှာမျိုးကို တွေ့ရ၏။
"ဆရာကြီးရယ်… ဒါ ကျွန်မညီမပါ။ ကောင်းကောင်းလည်း မမာဘူး၊ အင်္ဂလိပ်ဆေးလဲ အားမထားလို့ မစားဘူးတဲ့။ မြန်မာဆေးလည်း လုံးလုံးမစားဘူး၊ အလုပ်က သိပ်ပင်ပန်းတာမို့ ဆရာကြီးဆီ ခေါ်လာရတယ်"
ဆရာကြီးသည် ကျွန်မကို စူးစိုက်ကြည့်ကာ … "နာမည် ဘယ့်နှယ့်ခေါ်သလဲ" ဟု မေးလိုက်၏။
ကျွန်မငြိမ်နေ၍ ကျွန်မအစ်မကပင် ကျွန်မ၏နာမည်ကို ဂျာနယ်ကျော်မမလေးဟု ၀င်ပြောကာ .. "နာမည်ကိုမေးပြီး ဆေးပေးတာ သူက နားမလည်ဘူးတဲ့ဆရာ" ဟု ရယ်သွမ်းသွေးကာ ရယ်မောပြောပြနေသည်။
ဆရာကြီးသည် ကျွန်မကို တွေစိုက်ကြည့်ကာ ပြုံးလိုက်၏။ ထို့နောက် တေ့တေ့ဆိုင်ဆိုင်ပြန်ကြည့်ကာ တစ်လုံးချင်းတစ်လုံးချင်း ခပ်ပြတ်ပြတ် ပြောလိုက်သည်။
"နာမည်ကို မမေးဘဲကုတဲ့ ဆရာများ တွေ့ဖူးသလား၊ ဥပမာ လူမမာရှင်တစ်ယောက်က ဆရာကိုလာပင့်တဲ့အခါ မမာတဲ့သူ ဘယ်သူလဲ၊ ဘာဖြစ်လို့လဲမှ မမေးရဘူးလား။ ရှေးက ဘယ်ဆရာမဆို မမာတဲ့သူ ဘယ်သူဘယ်ဝါ စုံလင်အောင်မေးပြီးမှ လိုက်ကြရိုးထုံးစံပါပဲ။ လူမမာ့နာမည်မမေးဘဲ လူမမာ မနည်းဖြစ်လို့ ဆရာကြွပါဆိုပြီး လိုက်သွားရင် ဘယ်သူ့ကို ဆေးတိုက်ခဲ့မလဲ။ နာမည်ထည့်ပြီး ခေါ်တာတောင် ဆရာကိုယ်တိုင် မှားခဲ့ဖူးသေးတယ်"
ဆရာကြီးနှင့်မမသာ ပြုံးရယ်နေကြလျက် ကျွန်မမှာ ခပ်စိမ်းစိမ်းပင် ငြိမ်ထိုင်နေသည်။
"ဆရာဖြစ်ကာစ တယ်လဲ လူမမာကုချင်တာကိုး… ။ မောင်ပြားဆိုတဲ့အသိတစ်ယောက်က သုတ်သီးသုတ်ပျာလာခဲ့ပြီး 'ဆရာ… ကျွန်တော်တို့အိမ်က ဘိုက်ကြီး ဆီးချုပ် ၀မ်းချုပ်ဖြစ်လို့ အသက်ကလေးတစ်ချောင်း ကယ်မသောအားဖြင့် ကြွပါခင်ဗျာ' လို့ ရိုရိုသေသေ ခြေကြွခကလေး ရှေ့ချပြီး ခေါ်တာကိုး … ဆရာလည်း ဆေးအိတ်လွယ်ပြီး မောင်ပြားခေါ်ရာနောက် လိုက်သွားတယ်။ အိမ်ရောက်တော့ အိမ်ရှေ့လှေကားက အိမ်ပေါ်မတက်ဘဲ အိမ်ဘေးကနေပြီး နောက်ဖေးဘက်သွားတော့ သည်ကောင် တပိုးတပါးသွားတာလားလို့ အောက်မေ့ပြီး သူ့နောက် မလိုက်ဘဲ အိမ်ရှေ့က ရပ်စောင့်နေတာ၊ နောက်ဖေးက ပြန်ထွက်လာပြီး" ဆရာ ဆရာ … အိမ်ဘေးက ကြွခဲ့ပါလို့ " အော်ခေါ်တယ်၊ ဆရာလည်း စမ်းတဝါးဝါးနဲ့ သည်ကောင် နောက်ဖေးကိုခေါ်တာ ဘယ့်နှယ့်လဲလို့ စဉ်းစားရင်း သူခေါ်တဲ့ဆီ သွားရတာပေါ့။ နောက်ဖေးရောက်တော့ လား လား … အမြှုပ်တစ်စီစီထွက်နေပြီး လဲနေတဲ့ နွားကြီးတစ်ကောင်ကို ပြတော့မှ မောင်ပြားရာ … ငါကကွာ … ဘိုက်ကြီးမမာလို့ဆိုတော့ လူလားမှတ်တယ်၊ နွားပါလားကွယ့်လို့ ပြောလိုက်တယ်"
"နာမည်ပြောပြီး လိုက်တာတောင် လူမဟုတ်ဘဲ လွဲပြီး နွားဖြစ်နေရင် နာမည်မမေးဘဲများ လိုက်သွားရင် ဘယ်အထိအောင်များ လွဲကြမယ်မသိပါဘူး"
မမမှာ ဟက်ဟက်ပက်ပက် ရယ်မောနေလေသည်။
ကျွန်မလည်း က္ကနြေ္ဒမဆည်နိုင်၍ ပြုံးနေသော်လည်း စိတ်ထဲက ဆရာကြီးစကားကို မူလပညတ်နှင့် ဝေါဟာရပညတ်ခွဲကာ ကျွန်မနားလည်သလိုမှ မမနားလည်လိုက်ရဲ့လားဟု အောက်မေ့လိုက်မိသည်။
ဆရာကြီးသည် စာရွက်လေးပေါ်တွင် ကျွန်မအတွက် ဓါတ်စာရေးချကာ ကမ်းပေးပြီး … "မြန်မာစာပေ ကျမ်းဂန်များ ကြည့်ဖူးသလား" ဟုမေးလိုက်၏။
"အသင့်အတင့်တော့ ဖတ်ဖူးပါတယ် ဆရာ၊ အင်္ဂလိပ်ဆေးကို အားမထားမှ သာပြီး ကြည့်ပါသေးတယ် သဘောမပေါက်ပါဘူး"
အထူးသဖြင့် လောကီစာပေထဲက အဂ္ဂိရတ်အကြောင်းနှင့် ပတ်သက်၍ အသင့်အတင့်ဖတ်ဖူးသော ဗဟုသုတကိုမြှုပ်ကာ အရိုင်းမေး စ မေးကြည့်သည်။
"ကျွန်မ မသိလို့ မေးပါရစေဆရာ၊ အဂ္ဂိရတ်ပညာမှာ ဓာတ်တွေကို ထိုးတတ်ရင် ရွှေဖြစ်တယ်လို့ ဆိုထားတယ်။ တကယ်သာ ဝိဇ္ဇာတွေ ရွှေဖြစ်အောင် အလွယ်လေးနဲ့လုပ်နိုင်ရင် ဘာဖြစ်လို့ မီးလောင်ပြာကျဆင်းရဲသားတွေကို အလကားမပေးနိုင်ကြသလဲဆရာ"
ဆရာကြီးသည် ကျွန်မအမေးကို ကျေနပ်စွာပြုံးလျက် ခေါင်းညိတ်၏။ ကျွန်မမေးသည့် အဓိပ္ပာယ်ကို စိတ်ရှည်လက်ရှည် ရေလည်အောင် ရှင်းပြောပြသည်။
"ရှင်အဇ္ဇဂေါဏ လက်ထက်တုန်းက ရွှေတွေကို အမြောက်အမြားစုပုံလုပ်ကိုင်ပေးခဲ့တာ မကြားဖူးဘူးလား။ အဲဒီတုန်းက လူတွေရဲ့ မူလဘူတပညတ်က မှန်နေတာ ရွှေတွေမြင်တွေ့လို့ ၀မ်းမသာဘဲ ထိုအရှင်ရဲ့ ပညာကိုသာ လိုလားနှစ်သက်ကြတယ်။ ခုခေတ်မှာ လူများများ စည်ကားတဲ့လမ်းဆုံမှာ ရွှေတွေစုပုံပြီး ယူကြလော့ပေးလိုက်ရင် ရွှေပုံကြီးက ယုတ်လျော့နည်းပါးမသွားဘဲ ရွှေပုံနားမှာ သူ့ထက်ငါ လုယက်သတ်ဖြတ်ကြလို့ အလောင်းချင်း ထပ်နေကြတော့မှာပေါ့။ ဒါကြောင့် ဒီခေတ်မှာရွှေပေးတဲ့ ခေတ်မဟုတ်ဘူး။ ရွှေငွေဖြစ်စေတတ်တဲ့ ပညာကိုသာ ပေးတဲ့ခေတ်ဖြစ်တယ်"
"ဒါဖြင့် … ဒီပညာသင်ရင် တတ်ရင် ရွှေတွေအများကြီး လုပ်တတ်မှာပေါ့ဆရာ"
ဆရာကြီးသည် ကျွန်မအား စိန်းစိန်းစားစားကြည့်ကာ သိလိုစုံစမ်းသောမျက်နှာထားဖြင့် ခေါင်းသည် ရှေ့သို့ငိုက်လာလျက် မျက်မှောင်ကုတ်၍ မေးလိုက်သည်။
"နေပါဦး … မေးစမ်းပါရစေဦး။ ရွှေတွေလုပ်တတ်လို့ အများကြီးရပါပြီတဲ့ … ဒီပစ္စည်းတွေရဲ့ အရသာကို ပျော်ပျော်ရွင်ရွှင်ခံစားဖို့ မမလေးက ကျန်းမာရဲ့လား … ကျန်းမားရေး လက်ကိုင်ရှိသလား၊ မကျန်းမာနေရင် ရွှေတွေ ငွေတွေရဲ့ အရသာကို ဘယ်လိုများခံစားမလဲ"
ကျွန်မသည် ဆရာကြီးကို အဓိပ္ပာယ်လေးနက်စွာ ပြန်စိုက်ကြည့်နေကာ ပြောကြားသော စကားများကို ထိထိရောက်ရောက် စဉ်းစားဝေဖန် သုံးသပ်နေမိသည်။
"ချမ်းသာတာရဲ့အစ ကျန်းမာတာက၊ ပညာအစ နေနဲ့လ၊ မှတ်ထား။ မကျန်းမာရင် ချမ်းသာဖို့ ခဲယဉ်းမယ်။ နေနဲ့လ မရှိရင်လည်း အလင်းရောင်မရဘဲ မှောင်အတိနဲ့ တွေ့ပြီဲး သွားရာလမ်းကြောင်း မဖြောင့်ဖြစ်တော့မယ်"
ဆရာကြီးစကားကို အဓိပ္ပာယ်ပေါ်အောင် ခပ်နက်နက် တွေးယူကာ သေချာရှင်းလင်းအောင် "ကျန်းမာရေး၊ ချမ်းသာရေးအတွက် ပညာအစ နေနဲ့လဆိုတာ အကြမ်းလောက် ရှင်းပေးပါဆရာ"ဟု ထပ်မေး တောင်းပန်လိုက်သည်။
"သူရိယဆိုတဲ့နေမင်းဟာ သူ့သဘာ၀အတိုင်း အရှေ့ကျွန်းက ထွက်ပေါ်စပြုလာပြီး ဘယ်သူ့ကိုမှဂရုမမူဘဲ သတ္တဝါမှန်သမျှ အလင်းရောင်ပေးပြီး အနောက်ကျွန်းကို ၀င်သွားတယ်။ ဒီနေမင်း လမင်းတို့ ထွက်ပေါ်ထွန်းလင်း အရောင်ရှိန်ပြင်းတဲ့အခါ ဘယ်သူက မုန်းတီးလို့ပဲ ဆဲဆဲဆိုဆို အရောင်ရှိန်မပျက်ဘဲ သွားရာလမ်းကြောင်းအတိုင်းပင် သွားမယ်၊ ဘယ်လို လူပလီမျိုးတွေကပဲ ချစ်ကြည်ညိုပြီး ရှိခိုးဦးချနေပါစေ။ သူ့သဘာ၀က ပိုလွန်ပြီး မသွားဘူး၊ သွားမြဲတိုင်း သွားတယ်။ ဒါကြောင့် သူရိယတည်းဟူသော တနင်္ဂနွေနေမင်း၏ အလင်းရောင်ကျေးဇူးကို မမလေး ခံစားတတ်ခဲ့ရင် တနင်္လာလမင်းရဲ့ အလင်းရောင်ကို ခံစားပြီး ဖြစ်လာရော"
ကျွန်မမှာ ဆိုဆုံးမသြ၀ါဒကို နာယူလွယ်နိုင်သော ပါရမီအခံနှင့် ဗဟုသုတကလေး အနည်းငယ်ရှိ၍ လောကမှာ "ကျန်းမာတာကို ပထမ အသေအချာပိုင်နိုင်မှ အဂ္ဂိရတ်ပညာကို သဘောပေါက်နိုင်မည်" ဟု တရေးရေး တွေးမိလာလေသည်။
"နေနဲ့လ၊ မူလ ၂ ပါးကို မမေ့နဲ့၊ အမည်ပညတ်ကနေ၊ စာကတနင်္ဂနွေ၊ ဗျည်းက အ၊ ဂဏန်းက ၁၊ ဓါတ်က ဥဏှတေဇော၊ အရသာက အပူ"
ကျွန်မလည်း ကြားရတာနှင့် နှစ်သိမ့်အားရစွာ ဖြစ်သွားလျက် "ဆရာကြီး ကျွန်မ ဆေးပညာ တတ်ချင်ပါတယ်။ တပည့်အဖြစ် အပ်ပါရစေ" ဟု ခွင့်ပန်ကြားလိုက်သည်။
"ထိုက်ရင် ရမှာပေါ့"
ကျွန်မမှာ ကြီးကြီးခင်၏ မျက်နှာကို မြင်ယောင်လိုက်ကာ တဖြည်းဖြည်းတော့ တစ်နေ့ သူ့အလိုဆန္ဒ ပြည့်နိုင်မှာပဲဟု နှစ်ထောင်းအားရ ဖြစ်သွားမိသည်။
ဆက်ရန် ...
-------------------------------------
#ဂျာနယ်ကျော်မမလေး
crd 👉 ShweZinU
https://m.facebook.com/story.php?story_fbid=363079600745588&id=236399853413564
Comments
Post a Comment