အညာဘုရားပွဲ
#အညာဘုရားပွဲ
အညာဘုရားပွဲကား ဘုရားပွဲလည်း ဖြစ်၏။ ဈေးပွဲကြီးလည်းဖြစ်လေသည်။ အညာတွင် ဘုရားပွဲသွားကြသည်မှာ ဘုရားလည်းဖူးယင်း လိပ်ဥလည်း တူးယင်း၊ လိပ်မကြီးကိုလည်း ဖမ်းယင်း သွားကြခြင်း ဖြစ်၏။ ဘုရားလည်း ဖူးရ၊ ပျော်လည်း ပျော်ပါးကြ၊ ဈေးလည်းရောင်းရ၊ တချက်ခုတ် သုံးချက်ပြတ်သော အညာဘုရားပွဲများပေတည်း။
အညာတွင် ဘုရားပွဲသွားသူတို့သည် မိမိတို့၌ ရောင်းရန်ရှိသော အရာဝတ္ထုများကို ယူဆောင်သွားကြပြီးလျှင် ဆိုင်များခင်းကျင်း၍ ရောင်းချကြလေသည်။ တဦးတွင် ပါလာသောပစ္စည်းကို တဦးက ဝယ်နှင့် ပစ္စည်းများကို ဘုရားပွဲ၌ ဖလှယ်လေ့ရှိကြလေသည်။ နံနက်ခင်းတွင် အရောင်းအဝယ်လုပ်ကြပြီးနောက် ညနေမိုးချုပ်လျှင် ပွဲကြည့်သူကြည့်၊ ဘုရားဖူးသူ ဖူး၊ လှည့်လည်ကြည့်ရှုသူ ကြည့်ရှုနှင့် နေကြလေသည်။
အညာဘုရားပွဲကား ဘုရားပွဲနှင့်ဈေးကို တွဲ၍ထားသောကြောင့် တလကိုးသီတင်း စည်ကားလေ့ရှိလေသည်။ ရွှေစက်တော်ဘုရားပွဲမှာ တလကျော်ကျော် နှစ်လနီးပါး စည်ကား၏။ ကျောင်းတော်ရာ၊ မြသလွန်၊ ကုသိန္နာရုံ ဘုရားပွဲတို့ကား ၁ဝ ရက်ထက်မနည်း စည်ကားလေသည်။ စလင်း ကုသိန္နာရုံ ဘုရားပွဲကား ကဆုန်လဆန်း ဂ ရက်၊ ၉ ရက်မှစ၍ လပြည့်ကျော် ၉ ရက်၊ ၁ဝ ရက်တိုင်အောင်စည်ကားလေသည်။
ဘုရားပွဲကို စသည့်နေ့ကတည်းက စလင်း မျူနီစီပယ်ဈေးတဈေးလုံး ဘုရားပွဲသို့ ရောက်သွားလေသည်။ ဈေးဆိုင်တဆိုင်မျှ ဈေးအတွင်း၌ မရှိတော့ပြီ။ ဈေးတံခါးကို ပိတ်၍ထားရ၏။ ကုန်ကုန်ပြောရလျှင် ဈေးအတွင်း၌ ခွေးများ၊ ကျီးများပင် မရှိ။ သူတို့လည်း ဘုရားပွဲသို့ ရောက်ကုန်ကြပြီဟု ထင်ရ၏။ ဈေးဝယ်လိုသူများ နံနက်တိုင်း ညနေတိုင်း ဘုရားပွဲသို့ သွား၍ဝယ်ကြရလေသည်။ မျူနီစီပယ်ဈေးတွင်သာ ဆိုင်များ မရှိသည်မဟုတ်၊ ဈေးအနီး ကုလားအထည်ဆိုင်၊ တရုတ်ကုန်စုံဆိုင်တို့လည်း ဘုရားပွဲသို့ ရောက်ကုန်ကြလေပြီ။ ဤဆိုင်များသာမကသေး၊ ကာဖီဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်၊ ခေါက်ဆွဲဆိုင်၊ အသုတ်ဆိုင်မှစ၍ မြို့အတွင်း ရှိသမျှသောဆိုင်တို့မှာ ဘုရားပွဲသို့
ရောက်ကုန်ကြပြီဖြစ်သောကြောင့် တမြို့လုံး တိတ်လျက်သာနေလေတော့သည်။ ဘုရားပွဲမှာသာလျှင် ဆူညံနေတော့၏။
အဝေး အနီး ရွာများမှ လာကြသောသူတို့လည်း မနည်းပြီ။ မိုင်ပေါင်း သုံးလေးဆယ်မှပင် လာရောက်ကြလေသည်။ မုံးကမ်းတလျှောက်၊ ချင်းတောင်တဝိုက်မှလည်း လာကြကုန်၏။ မိုးတွင်းတွင် စားသောက်သုံးဆောင်ရန် ပစ္စည်း အလုံအလောက်ကို ဤဘုရားပွဲမှာ လာရောက်ဝယ်လေ့ရှိကြလေသည်။ မိမိတို့၌ ရောင်းရန်ရှိသော ပစ္စည်းများကိုလည်း ဤဘုရားပွဲမှာပင် လာ၍ရောင်းကြလေသည်။ ဤဘုရားပွဲတွင် လိုလေသေး မရှိရ၊ အားလုံး ရနိုင်လေသည်။ အထည်အလိပ်၊ ငါးပိ၊ ငါးခြောက်၊ ကြက်သွန်၊ ငရုတ်သီး၊ ဆေး၊ ဖက်၊ ရစ်၊ ထွန်တုံး၊ ခြင်း၊ တောင်း၊ ဓားသွေးကျောက်၊ ကျောက်ပြင်မှ စ၍ များလှ၏။ ရေတွက်၍ပြနေရလျှင် ဆုံးခန်းတိုင် ရောက်နိုင်ဘွယ်မရှိ။
ကုသိန္နာရုံဘုရားဘေးရှိ ကွင်းပြင်ကြီးမှာ အထူးစည်ကားလျက်နေတော့၏။ ထိုကွင်းပြင်ကြီးအတွင်း ကိုယ့်လူစုနှင့်ကိုယ်၊ လှည်းဝိုင်းကြီးများကို ချကာ ချက်ပြုတ်စားသောက်နေကြသည်မှာ ပျော်စရာကောင်းလှပေတော့သည်။ စားအိုး စားခွက်များနှင့် လာကြသော သူတို့ပေတည်း။ အောက်အရပ်တွင်မူကား မော်တော်ဘတ်၊ မော်တော်ကားတို့ ကျက်စားရာနေရာဖြစ်သောကြောင့် လှည်းဝိုင်းကြီးများကို ဘုရားပွဲ၌ မမြင်ရတော့ပြီ။ လှည်းဝိုင်းကြီးများအစား မော်တော်ကား၊ မော်တော်ဘတ်ဝိုင်းကြီးများကိုသာလျှင် မြင်ရတော့၏။ အခုသွား၊ အခုရောက်၊ အခုပြန် အညာဘုရားပွဲများမှာလောက် ပျော်စရာကောင်းမည်မထင်။ ကိုယ့်အဆက် ကိုယ့်မက်လုံးကလေးများနှင့် သွားသူတို့အဖို့ကား မပြောနိုင်ပေ။
တောသူ တောင်သားတို့ကား ဤကုသိန္နာရုံဘုရားပွဲအချိန်တွင် ငွေချေးယူခြင်း၊ အကြွေးဆပ်ခြင်း၊ လယ်အချခံစာချုပ်ခြင်း၊ ပေါင်နှံခြင်းတို့ကို ပြုလုပ်လေ့ရှိကြလေသည်။ မြို့တွင် တစုံတရာပြုလုပ်ဆောင်ရွက်ရန်ရှိလျှင် ဘုရားပွဲတိုင်အောင် စောင့်ဆိုင်းနေလေ့ရှိကြလေသည်။ ဘုရားပွဲအချိန်ကျမှသာလျှင် ဘုရားပွဲသို့လာယင်း တပါတည်း ဆောင်ရွက်ဘွယ်ရှိသည်တို့ကို ဆောင်ရွက်သွားကြလေသည်။
ဘုရားပွဲအချိန်တွင် ဘုရားပွဲမှာသာလျှင် လူစည်ကားသည်မဟုတ်၊ အစိုးရရုံးများတွင်လည်း လူစည်ကားသည်ပင်။ ရေစစ္စရီ စာရေးကား မအားရတော့ပြီ။ ခါတိုင်း တနေ့လျှင် ရေစစ္စရီစာချုပ် သုံးလေးစောင်အပြင် မလုပ်ရ။ ဘုရားပွဲအချိန်တွင်ကား တနေ့လျှင် စာချုပ်ပေါင်း ၁၅ စောင်ထက် မနည်း ပြုလုပ်ပေးရလေသည်။ ဘုရားပွဲလာယင်းမှ စာချုပ် ဝင်၍ ချုပ်သွားကြခြင်း ဖြစ်လေသည်။
မောင်လူအေးသည် ဘုရားပွဲအတွင်း တညသ၌ ညစာ စားသောက်ပြီးလျှင်ပြီးခြင်း အဝတ်အစားညစ်ညစ်များကို ဝတ်စားကာ တယောက်တည်း ဘုရားပွဲသို့ ထွက်သွားသော ဟူ၏။ ညအခါ၌ ဘုရားပွဲတွင် တောသူတောသားတို့သာ များသောကြောင့် မောင်လူအေးအား မည်သူမျှ မမှတ်မိချေ။ မိမိတို့ကဲ့သို့ တောသားဟူ၍ပင် သဘောထားကြလေသည်။ တောသားနှင့် မောင်လူအေး၊ မောင်လူအေးနှင့် တောသား၊ တစားတည်း ဖြစ်နေလေပြီ၊ မောင်လူအေး ဝမ်းမြောက်မိတော့၏။ လွတ်လပ်ခြင်းကို ရလေပြီ။ တောသားများနှင့် တိုးဝှေ့ခွင့်ကို ရလေပြီ။ တောသားတို့၏ နဂိုသဘောထား အပြုအမူများကို တွေ့မြင်ရတော့မည်။
လက်ဦးဆုံး ကြက်တူရွေးဆပ်ကပ်သို့ ရောက်၍သွား၏။ ဆပ်ကပ်ရှေ့တွင် တောသားများ ဝိုင်းအုံနေကြသောကြောင့် တိုး၍မပေါက်၊ ပိုက်ဆံပေးနိုင်သူတို့ကား တပဲစီ ပေး၍ ဝင်သွားကုန်ကြပြီ။ ပိုက်ဆံမပေးနိုင်သော သူတို့မှာမူ ဆပ်ကပ်ရုံရှေ့တွင် ဆွဲထားသော အရုပ်ကားများကို ကြည့်ကာသာလျှင် မှတ်ချက်ချနေကြကုန်၏။
“မူးစေ့နဲ့ မတ်စေ့ကို ခွဲခြားပြီး ကြက်တူရွေးက ပြနိုင်တယ်ဆို ဟုတ်နိုင်ပမလား” ဟု အင်္ကျီမရှိ၊ ဆံပင်တိုတိုနှင့် လူက မေး၏။
“ဟာ သင်ထားယင် တတ်မှာပေါ့ကွာ။ စကားတောင် တတ်သေးတာဘဲ။ ကြက်တူရွေးဆိုတဲ့ အကောင်မျိုးဟာ အင်မတန် လိမ်မာတာကလားကွာ” ဟု မျက်နှာသုတ်ပုဝါ ခေါင်းမှာ ပေါင်းထားသူက ဖြေလေသည်။
“ဝင်ကြည့်စမ်းချင်ပါဘိတော့ကွာ။ ပိုက်ဆံ မရှိလို့” ဟု ပဌမလူက ပြော။
“မထူးပါဘူးကှာ” ဟု ဒုတိယလူက ဆို။
ဤသို့ တောသားနှစ်ယောက် စကားဆိုနေကြခိုက် အနားတွင် “ဝါး” ကနဲ ကလေးငိုသံကို ကြားရ၏။ အမေလုပ်သူက “မနက်ဖြန်မှကြည့် ငါ့သား၊ မမိုက်နဲ့၊ မနက်ဖြန်မှ ကြည့်”ဟု ကလေးကို နှစ်သိမ့်စေလေသည်။
ကြက်တူရွေး ဆပ်ကပ်ရှေ့တွင် တောသားများနှင့် တိုးလားဝှေ့လား လုပ်နေပြီးနောက် လှည်းဝိုင်းများ ချထားရာဖက်သို့ ထွက်လာခဲ့ပြန်၏။ ထိုလှည်းဝိုင်းများ ချထားရာတွင်ကား လှည်းပေါင်း ငါးရာ ခြောက်ရာထက် မနည်းပြီ။ အလွန်စည်ကားလှပေ၏။ ထိုတဝိုက်တွင် လရောင်အပြင် အခြားမီးဟူ၍ မရှိ။ လှည်းဝိုင်းတဝိုက်တွင် ဟိုဖြတ်လိုက်၊ သည်ဖြတ်လိုက်နှင့် တောသားတောသူတို့၏ ပြောကြားသောစကားတို့ကို နားထောင်၏။
အချို့မှာ ထမင်းစားယင်း နေ့ခင်းက အရောင်းအဝယ်များအကြောင်းကို ပြောကြားနေကြကုန်၏။ ထိုဖက်အနားတွင်ကား ညကပွဲတွင် လူပြက်များ၏ပြက်လုံးတို့ကို ဖောက်သည်ချနေသောကြောင့် တဝါးဝါးနှင့် ရယ်နေကြလေသည်။ အောင်မယ် ဟိုမှောင်ရိပ်သစ်ပင်အောက်က လှည်းသမား တရောထိုးနေလိုက်တာ တယ်နားထောင်လို့ကောင်းပါကလား။ တယောက်တည်း အလွမ်းသယ်နေ ထင်ပါရဲ့။ သူ့လက်သံ သာသလောက် သူ့ရုပ်ရည်က ညစ်စုတ်လှပါ တကား။ ဟိုဖက်နားက အမယ်ကြီးမှာကား ဖက်ဆေးလိပ်ကြီးကို ဖွာယင်း စည်းစိမ်ယူနေ၏။ ဘယ်သူနှင့်မျှ စကားမပြော။ တဖက်သော နေရာတွင်ကား မိန်းမကြီးတယောက်သည် ဆယ်နှစ်ရွယ်သမီးကလေးအား အရုပ်ဝယ်ပေးမည် ဆိုကာ ညာ၍ အနင်းခိုင်းနေပေသည်။ အောင်မယ်၊ ဟောဟိုဖက်က အဖိုးအိုနှင့် မြေးကလေးတို့မှာ ဘာလုပ်နေကြပါလိမ့်။ မြေးကလေးက ထမင်းခူးကျွေးနေ၏။ အဖိုးအိုကား အသက် ၇၀ ကျော်၊ မြေးကလေးမှာ ၁၁ နှစ်ခန့်။ သူတို့မြေးအဖိုးအပြင် မည်သူမျှ သူတို့နားတွင် မရှိ။ မြေးအဖိုးနှစ်ယောက် စကားတတွတ်တွတ်နှင့် နေကြလေတော့သည်။ ဤအဖိုးကြီးကား မိမိအား ကူညီထောက်ပံ့မည့် သားသမီး ကြီးကြီးမားမား ရှိဟန်မတူ။ သည်မြေးကလေးနှင့် လုပ်ကိုင်စားသောက်လာပုံရ၏။ အဖိုးကြီးကား အရွယ်လွန်ပြီ။ မြေးမိန်းကလေးကား အရွယ်မရောက်သေး။ မိဘနှင့် အတူတကွနေထိုင်ရသော မိန်းကလေးတို့ကား ပျော်တုန်းပါးတုန်း ကစားတုန်း။ ဤမိန်းကလေးကား အဖိုးအိုကြီးကို လုပ်ကျွေးနေရရှာပေသည်။ ဤမြေးအဖိုးတို့ကား နောင် မည်သို့ စခန်းသွားကြပေဦးမည်နည်း။
ဤလှည်းဝိုင်းကြီးမှ ထွက်လာပြီးလျှင် ရုံပွဲသို့ ရောက်ခဲ့ပြန်၏။ စောသေးသောကြောင့် ရုံပွဲရှေ့တွင် လူများစွာ မရှိသေးပေ။ ရုံထဲတွင်ကား ဆိုင်းဆရာများ ဆူညံစွာ ဆိုင်းတီးကာ ပွဲကြည့်လိုသူတို့ကို ဖိတ်ခေါ်နေလေသည်။ ရုံရှေ့ရှိ ပွဲဈေးဆိုင် သုံးလေးဆိုင်တို့တွင် ထွန်းထားသော ဓာတ်မီးများကြောင့် ရုံရှေ့တဝိုက်တွင် အတော်လင်းလျက်နေ၏။ မောင်လူအေးသည် ရုံပွဲအနီး ပတ်ဝန်းကျင်တွင် မယောင်မလည် လျှောက်၍သွားလေသည်။
လားလား ရုံဘေးနားတွင် လူတယောက်သည် ကုန်းကုန်း ကုန်းကုန်းနှင့် ဘာလုပ်နေသည် မသိ။ မတရားကျင့်မည့်သူများပေလော၊ ခါးပိုက်နှိုက်ရန် စောင့်စား၍နေသော လူပေလော၊ အခင်းသွားရန် စီမံနေသော သူပေ
လော။ ထိုနေရာမှာ အတော်မှောင်သော နေရာဖြစ်လေသည်။ မောင်လူအေးသည် မယောင်မလည် ထိုသူအနားမှ ဖြတ်၍ လျှောက်သွားယင်း ထိုသူ၏အကဲကို ခတ်၏။ မောင်လူအေး ကြားရသည်မှာကား “လက်ထဲ သည်တမတ်ဘဲရှိ၊ သည်တမတ်ဘဲပျောက်၊ တယ်ခက်တာကိုး” ဟူသော စကားပေတည်း။ ဤစကားကို ကြားရသော မောင်လူအေးတွင် စဉ်းစားစရာတွေ များစွာ ပေါ်ပေါက်၍လာလေသည်။ အကယ်ပင် ပိုက်ဆံတမတ် ပျောက်သွားသောကြောင့် ရှာ နေသူပေလော။ မောင်လူအေး အနားလာသောကြောင့် တမင်ဟန်ဆောင်ကာ မောင်လူအေးအား တပတ်ရိုက်လွှတ်လိုက်ခြင်းပေလော။ ဤသို့ စဉ်းစားယင်းပင် ထိုနေရာမှ ထွက်ခဲ့သတည်း။
ထို့နောက် ကုသိနာရုံဘုရား ပရိဝုဏ်အတွင်းသို့ ဝင်ခဲ့လေသည်။ သီချင်းဆိုကာ ပိုက်ဆံတောင်းနေသော မျက်မမြင်တယောက်၏အနီးတွင် လူအများ ဝိုင်းလျက်နေသည်ကို မြင်ရ၏။ ထိုသူမှာ ချွေးတလုံးလုံးနှင့် နေလေတော့သည်။ သူပင် သီချင်းဆို၊ သူပင် ပါးစပ် ဆိုင်းတီး၊ သူပင် စည်းလိုက်၊ သူပင် လက်ခုပ်တီး၊ တယောက်တည်း ရှုပ်ပွေနေ၏။ မမောဘဲနေမည်လော။ ရွှေပြည်ကြီးသီချင်းကို ဖွဲ့နွဲ့ ကာ ချွဲချွဲပြစ်ပြစ် ဆိုလေသည်။ အချို့က စုတ်သတ်ကြကုန်၏။ သီပေါမင်းတရားအား တမ်းတသောကြောင့်ပေလော။ ထိုသူ၏အဆိုမှာ ကောင်းသောကြောင့်ပေလောဟု မပြောနိုင်။ သီချင်းကို နားထောင်နေကြသော သူတို့၏ကျေးဇူးကြောင့် ဆယ်မိနစ်အတွင်း ငွေတကျပ်ခန့် ထိုသူမှာ ရ၍သွားလေသည်။ အတော်ပင် နေရာကျသော အလုပ်ပါတကား။
ထိုနေရာမှ ထွက်လာပြီးနောက် ဗုဒ္ဓဝင်ကားများကို ရေးဆွဲထားရာ တန်ဆောင်းသို့ သွားပြန်၏။ အစည်ကားဆုံးသော တန်ဆောင်းပေတည်း။ တိုး၍ပင် မပေါက်။ ထိုဗုဒ္ဓဝင်ကားများကား မန္တလေးပန်းချီကျော် ဦးချစ်မြဲ၏ပန်းချီကားများ ဖြစ်လေသည်။ ယသော်ဓရာမင်းသမီး၏အပျိုတော်များမှာ ယခုခေတ် အပျိုကလေးများကဲ့သို့ ဆံထုံးကြီးကြီး၊ ဆံမြိတ်တွေ ချလိုက်သေး။ ဝတ်စားထားသည်မှာလည်း အင်္ကျီလက်ရှည်ပင် ဖြစ်စေကာမူ အလွန်ပင် ခေတ်ဆန်လှ ပေ၏။ မျက်နှာပေါက်များမှာလည်း ခေတ်ဆန်သူ ရုပ်ချောချောကလေးများ၏ မျက်နှာပေါက်များအတိုင်းပင်။ ထိုအရုပ်ကားများမှာ ဓာတ်မီး၏အရောင်တွင် အလွန်ပင် ပနံရလျက် နေကြလေသည်။ ခေတ်သမား မောင်လူအေးသည် ဦးချစ်မြဲ၏လက်စွမ်းကို ချီးမွမ်း၍ မဆုံးတော့ပြီ။
မောင်လူအေးနှင့်အတူ တိုးဝှေ့ကာ ကြည့်ရှုနေကြသောသူတို့ကား မောင်လူအေး၏မျက်စိမျိုးနှင့် ကြည့်သည် မကြည့်သည်ကို သူတို့ ပြောဆိုနေကြသောစကားဖြင့် အကဲခတ်နိုင်ပေသည်။ မောင်လူအေးနှင့် အနီးဆုံးသော လူသိုက်ကား ခြောက်ယောက်ခန့် ရှိ၏။ အမယ်ကြီး သုံးယောက်၊ အသက်လေးဆယ်ကျော်နှစ်ယောက်၊ အပျိုကလေး တယောက်။ အမယ်ကြီးများ စာမတတ်၊ အပျိုကလေးက ဖတ်ပြရလေသည်။
အပျို။ ။ဘုရားလောင်း သိဒ္ဓတ္ထမင်းသား တောထွက်မည် အပြုတွင် ကြာခြည်ကို မပြီး သားရာဟုလာ၏မျက်နှာကို ကြည့်နေတဲ့ပုံတဲ့။
အမယ်ကြီး။ ။အင်း တောထွက်မဲ့ဆဲဆဲတောင် သားကလေး မျက်နှာကို ကြည့်ချင်သေး။ သံယောဇဉ်ကိုး။
အခြား အမယ်ကြီး။ ။သားပစ်၊ မယားပစ်၊ နန်းတော်ပစ်ပြီး တောထွက်နိုင်တာဘဲ တော်လှပြီ။
အခြားတယောက်။ ။ဒါ ဘာဟုတ်သေးသလဲ။ အရှင် မိတ္တေယျမြတ်စွာဘုရားလောင်းဟာ သူ့ရှေ့မှာ သူ့သားကို ဘီလူးက ကျွတ်ကျွတ်ဝါးစားတာတောင် အားရလွန်းလို့တဲ့။
ထို့နောက် ထိုလူစုသည် အခြားကားများကို ဆက်လက်၍ ကြည့်ယင်း မှတ်ချက်ချသွားလေသတည်း။
သူတို့၏နောက် အသက် ၇ဝ ခန့်အဘိုးကြီးနှင့် မြေးကလေး ၁၄ နှစ် ခန့် တယောက် ထိုအနားသို့ ရောက်လာ၏။ သိဒ္ဓတ္ထမင်းသား ကဏ္ဍိကမြင်းကို စီးပြီး တောထွက်သွားသည်ကို ကြည့်ယင်း အဖိုးကြီးက
“သည်ပန်းချီဆရာ မြင်းအဆွဲ တယ်ကောင်းတာကိုး။ သူမြင်းဟာ ကျော့နေတာဘဲ”
မြင်းဝါသနာပါသူနှင့်တူရဲ့။
ထိုနောက် အသက် ၂၀ ကျော် လုလင်ပျို နှစ်ယောက်တို့၏စကားကို နားထောင်ကြပါဦး။
တယောက်။ ။ဟေ့ ဟိုသိဒ္ဓတ္ထမင်းသား ဝတ်ထားတဲ့ ပုဆိုးအဆင်ကလေးဟာ မကောင်းလားဟေ့။
အခြားတယောက်။ ။ငါမကြိုက်ပေါင်ကွာ။ ဟိုဖက်နားက ကားမှာ ဇီဝက ဝတ်ထားတဲ့ ပုဆိုးအဆင်ကလေးက သာလို့ ကောင်းတယ်။
အခြားသူတို့လည်း မိမိကြိုက်ရာ ကြိုက်ရာ စကားများကို ပြောကြားသွားကုန်၏။ ထိုသူတို့၏ဝါသနာ မည်သို့မည်ပုံ ရှိသည်ကို သိရှိရလေသည်။ အတော်ကြာမှ မောင်လူအေး ထိုတန်ဆောင်းမှ ထွက်လာခဲ့လေသတည်း။
-------------------------------
#သိပ္ပံမောင်ဝ
ဂန္ထလောက၊ ၁၂၉၈ ခု၊ သီတင်းကျွတ်လ။
Comments
Post a Comment