မောင်လူမွှေး
#မောင်လူမွှေး
ကျွန်တော်၏အမည်မှာ မောင်လူမွှေးဖြစ်ပါသည်။ ကျွန်တော်၏ဘခင်မှာ ဦးလူအေး၊ မိခင်မှာ ဒေါ်ခင်သန်းမြင့်တို့ ဖြစ်ကြပါသည်။ ကျွန်တော် ဤလောကကြီးအတွင်းသို့ ရောက်လာသည်မှာ မြန်မာသက္ကရာဇ် ၁၂၉၉ ခု၊ နတ်တော်လဆုတ် ဂရက်နေ့ (အင်္ဂလိပ်သက္ကရာဇ် ၁၉၃၇ ခု၊ ဒီဇင်္ဘာလ ၂၅ ရက်၊ နာတာလူးပွဲနေ့) တွင် ဖြစ်ပါသည်။ ကျွန်တော် ဤလောကကြီးအတွင်းသို့ ရောက်လာရခြင်းအကြောင်းမှာ လောကဇာတ်ရုံကြီးတွင် ဇာတ်ခင်းကျင်း ကပြရန်ဖြစ်ပါသည်။ သို့သော် မည်သို့သောဇာတ်မျိုးကို မည်သည့်အခါတွင် မည်သို့ကပြရမည်ကို ကျွန်တော်ကိုယ်တိုင်ပင် မသိသေးပါ။ ကံ ဆိုသော နာမည်ကျော်ဇာတ်ဆရာကြီးက ခိုင်းစေသောဇာတ်ကို ကပြရပါမည်။
ကျွန်တော် သိသလောက်ဆိုရလျှင် အသောဇာတ်၊ အဆွေးဇာတ်၊ အလွမ်းဇာတ်၊ အပျော်ဇာတ်၊ ကြောက်ဖွယ်ဇာတ် အစရှိသော ဇာတ်မျိုးကို ကပြရပါမည်။ သို့သော် အဘယ်သို့သော အသောဇာတ်၊ အလွမ်းဇာတ်မျိုးကို ကပြရမည်ဟူ၍ကား မသိသေးပါ။ ဇာတ်လမ်း ဇာတ်ကွက်များကိုလည်း စီစဉ်ထားခြင်း မရှိသေးပါ။ ကံဇာတ်ဆရာကျော်ကြီးက ညွှန်ကြားချက်အရ အချိန်ကာလ အခွင့်အရေးတို့ကို ကြည့်ပြီးလျှင် ကပြသွားရပါမည်။ ကျွန်တော်၏သဘောအလိုအားဖြင့် အသောဇာတ်၊ အပျော်ဇာတ်တို့ကိုသာ ခပ်များများ ကပြသွားချင်ပါသည်။ သို့သော် ကျွန်တော်၏အလိုအတိုင်း ကပြရမည် မဟုတ်ပါ။ ကံဇာတ်ဆရာကျော်ကြီး၏အလိုအတိုင်းသာ ကပြသွားရမည်ဖြစ်ပါသည်။ ကျွန်တော် ဤလောကဇာတ်ရုံကြီးတွင် နောင်မည်သို့သော ဇာတ်မျိုးကို ကပြရမည်ကို စောင့်၍ကြည့်ရန် တောင်းပန်ပါသည်။
ဤလောကကြီးအတွင်းသို့ မရောက်မီက ကျွန်တော်၏အဖြစ်အပျက်ကလေးများကို ပြောပါရစေဦးခင်ဗျား။
ကျွန်တော်၏မိခင် ဒေါ်ခင်သန်းမြင့်၏ဝမ်းထဲသို့ ရောက်နေမှန်းကိုသိရသည်မှာ လွန်ခဲ့သော လေးငါးလခန့်အခါက ဖြစ်ပါသည်။ ထိုလေးငါးလအထက်က အဖြစ်အပျက်ကို ကျွန်တော် မမှတ်မိပါ။ အိပ်ပျော်နေသောသူကဲ့သို့ဖြစ်နေပါသည်။ ကျွန်တော် မှတ်မိသလောက်ဆိုရလျှင် ကျွန်တော့်မှာ မိခင်၏ဝမ်းထဲက ရေအိတ်ကြီးတလုံးအထဲမှာ ရောက်နေခဲ့ပါသည်။ ထိုရေအိတ်ကြီးအတွင်းမှာ ဝဲဖက် သွားလိုက်၊ ယာဖက် သွားလိုက်နှင့် ပျော်ပါးစွာ နေထိုင်ခဲ့ပါသည်။စောစောတုန်းက တော်တော်ကလေး ချောင်ချောင်ချိချိ ရှိပါသေး၏။ ကျွန်တော် ရေအိတ်အတွင်း နေထိုင်ရသည်မှာ လက်ဦးတွင် အနှောင့်အယှက် အနည်းငယ်နှင့်မျှ မတွေ့ကြုံရပါ။ ဤကဲ့သို့ ရေအိတ်ထဲမှာ နေခိုက် ဆာလောင်မွတ်သိပ်ခြင်း အနည်းငယ်မျှ မရှိပါ။ အာဟာရသိဒ္ဓိပြီးသော ဇော်ဂျီများကဲ့သို့ ဖြစ်နေပါသည်။
ကျွန်တော့်၌ ပါးစပ်တပေါက် ရှိသော်လည်း ထိုပါးစပ်ကို မည်သို့အသုံးချရမှန်း မသိသောကြောင့် အတော်ပင် စိတ်အိုက်ခဲ့ပါသည်။ ကျွန်တော်၌ မျက်လုံးလည်း နှစ်လုံးပါလာပါသည်။ ထိုမျက်လုံးနှစ်လုံးမှာလည်း ရေအိတ်ထဲတွင် အနည်းငယ်မျှ အသုံးမကျပါ။ သူတို့မှာ အားလပ်ခွင့် ယူနေကြပါသည်။ ကျွန်တော်၏နှာခေါင်း နှစ်ပေါက်တို့မှာလည်း မျက်လုံးများကဲ့သို့ပင် အလုပ်လက်မဲ့ဖြစ်နေကြပါသည်။ ကျွန်တော်၏စိတ်ထဲတွင် ထိုနှာခေါင်း နှစ်ပေါက်နှင့် မျက်လုံးနှစ်လုံးတို့မှာ အပိုသက်သက် ပါလာကြသည်ဟူ၍ ထင်မှတ်မိပါသည်။ ကျွန်တော်၏ ဒွါရနှစ်ပေါက်တို့မှာလည်း နှာခေါင်း မျက်စိတို့ကဲ့သို့ပင် အလုပ်မရှိကြဘဲ အငြိမ်းစားဖြစ်နေပါသည်။ နားနှစ်ပေါက်တို့လည်း ပါလာသေး၏။ ယင်းတို့လည်း များစွာ အလုပ်မရှိကြပါ။ သို့သော် အပြင်ဖက်တွင် ကျွန်တော်၏အကြောင်း ပြောနေသည်ကို ရေအိတ်ထဲမှ တခါတခါ ကြားမယောင်ယောင် နေပါသည်။
လွန်ခဲ့သည့် နှစ်လလောက်က ကျွန်တော်တို့အိမ်သို့ အင်းစိန်အရေးပိုင် ဦးလှရှိန် ဆိုသူနှင့် ဇနီးတို့ အလည်ရောက်ကြပါသည်။ ဝန်ထောက်ဦးစောဟန် ဆိုသူလည်း သူတို့နှင့်အတူတူ ပါလာပါသည်။ သူတို့အား ကျွန်တော်၏ဘခင် ဦးလူအေးက ကျွန်တော့်အကြောင်းကို ပြောပြပါသည်။ သူတို့အားလုံးပင် ဝမ်းမြောက်ကြောင်း ပြောကြသောအခါ ကျွန်တော်ကပါ ရော၍ ဝမ်းမြောက်လိုက်ပါသည်။
သူတို့ရောက်ကြသောနေ့တွင် ညစာကို စားသောက်ပြီးနောက် ကျွန်တော်၏ဘခင်နှင့် ဦးလှရှိန်၊ ဦးစောဟန်တို့သည် အိမ်အောက်ထပ် ဧည့်ခန်းထဲတွင် စကားများနေကြပါသည်။ ကျွန်တော်၏မိခင်နှင့် ဦးလှရှိန်၏ဇနီးတို့ကား အိပ်ရာပေါ်မှာ လှဲကာ စကားပြောနေကြပါသည်။ ဤသို့ စကားပြောနေကြရာတွင် ဦးလှရှိန်၏ဇနီးက ကျွန်တော်၏မိခင်အား “မိန်းကလေးမွေးရင် ကောင်းမယ်။ မိန်းကလေးက အမေကို အကူအညီပေးတယ်။ အားလဲထားရတယ်။ မိန်းကလေး မွေးပါစေလို့ ဆုတောင်းတာပါဘဲ။ သူတို့ယောက်ျားတွေကတော့ ယောက်ျားကလေးကို လိုချင်ကြမှာပေါ့” ဟုပြောပါသည်။ ကျွန်တော်၏မိခင်ကလည်း သဘောတူပါသည်။ သူတို့ပြောသောစကားကို ကြားရသောအခါ ကျွန်တော်၏စိတ်ထဲမှာ“ရော ငါဟာယောက်ျားလား ...မိန်းမလား၊ ဘယ်လိုဟာကို ယောက်ျားဆိုတာလဲ၊ ဘယ်လိုဟာကို မိန်းမဆိုသလဲ” လို့ တွေးမရသည်နှင့် အကြံအိုက်လျက် နေရပါတော့သည်။
နောက်တနေ့ နံနက်တွင် ဦးလှရှိန်တို့ ပြန်သွားကြပါသည်။ သူတို့ ပြန်သွားပြီးနောက် နှစ်ရက် သုံးရက်ကြာသောအခါ လူတယောက်ရောက်လာပါသည်။ ကျွန်တော်၏ဘခင်က “ လာပါ၊ လာပါ၊ ဒေါက်တာပါဒီ” ရယ်လို့ ခေါ်သံကို ကြားရပါသည်။ ဒေါက်တာ ဆိုသည်မှာ မည်သို့သောသူနည်း ဟူ၍ တွေးတောနေတုန်း သူ၏ခြေသံမှာ ကျွန်တော်၏အနားသို့ နီး၍နီး၍ လာပါသည်။ မကြာမီပင် သူ၏လက်ကြမ်းကြီးနှင့် ကျွန်တော့်ကို လိုက်ဖမ်းနေပါသည်။ ကျွန်
တော့်မှာ သူမမိရလေအောင် ရေအိတ်ထဲမှာ ထွက်ပြေး တိမ်းရှောင်နေပါသည်။ သို့သော်လည်း ကျွန်တော်၏ချက်နှင့်အချင်းတို့ကို ဆက်သွယ်ထားသောကြိုးက အနှောင့်အယှက် ဖြစ်နေသောကြောင့် ကျွန်တော့်ကို မိသွားပါသည်။ ကျွန်တော်၏မျက်စိကို သူ၏လက်ကြီးနှင့် ဖိထားပါသည်။ သူ၏လက်မာမာကြီးဖြင့် ဖိထားသောကြောင့် ကျွန်တော်၏ယာဖက် မျက်စိနုနုနယ်နယ်ကလေးမှာ အလွန်ပင် နာကျင်သွားပါသည်။ စိတ်ဆိုးဆိုးနှင့် ကျိန်ဆဲမည်ကြံသော်လည်း မည်သို့ကျိန်ဆဲရမှန်း မသိပါ။ ပါးစပ်ဖြင့် ကျိန်ဆဲရမလား၊ နှာခေါင်းဖြင့် ကျိန်ဆဲရမလား၊ မျက်စိဖြင့် ကျိန်ဆဲရမလား မသိသောကြောင့် အသာငြိမ်ခံနေရပါသည်။
ဒေါက်တာဆိုသောသူမှာ အတော်ကြာအောင်ပင် ဟိုစမ်းသည်စမ်းနှင့် လုပ်နေပါသေးသည်။ ထိုသို့ စမ်းသပ်ပြီးနောက် ကျွန်တော်၏ရင်ပတ်ကို အဝိုင်းကလေးတခုဖြင့် ဖိထားပြန်ပါသည်။ ကျွန်တော်၏ဘခင်နှင့် ဒေါက်တာဆိုသူတို့ ပြောဆိုကြသောစကားကို ထောက်သော် ကျွန်တော်၏နှလုံးသားခုန်သည် မခုန်သည်ကို သိလို၍ နားကြပ်ဖြင့် နားထောင်ကြောင်း သိရပါသည်။
ထိုဒေါက်တာဆိုသူ ပြန်သွားပြီးနောက် ရက်ပေါင်းအတော်ကြာအောင်ပင် အနှောင့်အယှက်မရှိ ရေအိတ်ထဲတွင် ပျော်ပျော်ပါးပါး ကစားနေရပါသည်။ ကျွန်တော်၏ချက်ကြိုးမှာ အလွန်ပင်ရှုပ်ပါသည်။ လွတ်လွတ်လပ်လပ် မရှိပါ။ အဘယ်ကြောင့် ကျွန်တော်မှာ ချက်ကြိုးကြီး ပါလာသည်ကို တွေးတော၍ မရနိုင်အောင်ပင် ဖြစ်နေပါသည်။
တနေ့သော် ကျွန်တော်တို့အိမ်သို့ ဆရာမဆိုသူတယောက် ပေါက်လာပြန်ပါသည်။ သူ့ကို ကျွန်တော်၏မိခင်က အိပ်ခန်းထဲသို့ခေါ် ပြီးလျှင် အစမ်းခိုင်းပြန်ပါသည်။ ဆရာမ စမ်းသောအခါ ယခင် ဒေါက်တာဆိုသူ စမ်းတုန်းကလောက် မကြောက်တော့ပါ။ ကျင့်သားရသွားပါပြီ။ ကျွန်တော့်ကို စမ်းသပ်ပြီးနောက် ဆရာမက ကောင်းပါသည်ဟု ဆိုပါသည်။ ကျွန်တော်၏မိခင်က ယောက်ျားကလေးလား၊ မိန်းကလေးလားဟု မေးသောအခါ ယောက်ျားကလေးထင်
ကြောင်း၊ သို့သော် အသေအချာ မပြောနိုင်ကြောင်း ပြန်ပြောပါသည်။ ကျွန်တော်၏စိတ်ထဲတွင် “ယောက်ျား မိန်းမ” ဆိုသော စကားမှာ အနှောင့်အယှက် ဖြစ်နေပါသည်။“ငါဟာ ယောက်ျားလား၊ မိန်းမလား” ဆိုသော ပြဿနာမှာ ကျွန်တော်၏စိတ်ထဲတွင် အမြဲကိန်းအောင်းနေပါတော့သည်။
လွန်ခဲ့သည့်တလလောက်က ကျွန်တော်တို့အိမ်သို့ ဦးသက်စု ဆိုသူနှင့် ဒေါ်ခင်သန်းဆိုသူ ဇနီးမောင်နှံတို့ အလည်ရောက်လာကြပါသည်။ ဦးသက်စုက ကျွန်တော်၏ဘခင်နှင့် စကားပြောနေရာမှ “ ခင်ဗျားရဲ့ ကလေးဟာ ယောက်ျားကလေး ဖြစ်ပါစေဗျာ” လို့ ပြောသောအသံကို ကြားရပါသည်။ ဒေါ်ခင်သန်းက ကျွန်တော်၏မိခင်နှင့်စကားပြောရာမှာ “မိန်းကလေးဟာ ကောင်းတယ်မြင့်ရ၊ မိန်းကလေးဆိုတော့ အမေကို အကူအညီပေးနိုင်တယ်၊ မိန်းကလေးဖြစ် ပါစေ” ပြောတာကို ကြားရပြန်ပါတယ်။ မည်သူမဆို ကျွန်တော်၏အကြောင်းကို ပြောကြလျှင် “ မိန်းကလေး၊ ယောက်ျားကလေး” ဆိုသောစကား မပါလျှင် မပြီးတော့ပါ။ ထိုမိန်းကလေး၊ ယောက်ျားကလေးဆိုသော ပြဿနာမှာ ကျွန်တော်၏အဖို့ တနေ့တခြား ရှုပ်ထွေး၍လာပါတော့သည်။ “ ငါဟာ ယောက်ျားလား၊ မိန်းမလား” ဟူ၍ နေ့တိုင်းပင် စဉ်းစားမိပါသည်။
ကျွန်တော် ဤလောကကြီးအတွင်းသို့ ရောက်ရန် ၁၅ ရက်ခန့်သာ ကျန်သောအခါ ကျွန်တော်၏ဘခင်နှင့်မိခင်တို့ အိပ်ခန်းထဲတွင် ကျွန်တော်၏အကြောင်း ဆွေးနွေးကြသည်ကို ကြားရပြန်ပါသည်။
“ ဆရာမကတော့ ယောက်ျားကလေးလို့ ဆိုတာဘဲ၊ ယောက်ျားကလေးဘဲ မွေးပါစေကွယ်” ဟု ကျွန်တော်၏ဘခင်က ဆို၏။
“ယောက်ျားကလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ချစ်ရမှာဘဲ မထူးပါဘူး”ဟု ကျွန်တော့်မိခင်က ပြန်ပြောပါသည်။
“နို့ပေမဲ့ ယောက်ျားကလေးဆိုတော့ ပိုပြီးကောင်းတာပေါ့။ နေရာတကာမှာ အားထားရတာပေါ့ကွဲ”
“ မိန်းကလေးလဲ အားထားရတာပါဘဲ။ မိန်းကလေးဆိုတော့ အစစရာရာမှာ အမေကို ကူညီနိုင်တာပေါ့”
“ဟုတ်ပါတယ်လေ။ နို့ပေမဲ့ မိန်းကလေးနဲ့ ယောက်ျားကလေးဟာ ဘယ်သူကပိုပြီး စရိတ်ကုန်ကြမယ်ဆိုတာက အရေးကြီးတယ်”
“ယောက်ျားကလေးရဲ့ စရိတ်က ပိုကုန်တော့မပေါ့။ ယောက်ျားကလေးတယောက်ကို ကျောင်းထားရတဲ့စရိတ်ဟာ နဲသလား”
“ကျောင်းထားရတဲ့စရိတ် ဆိုတာ မဟုတ်ဘူးဗျ။ ကလေးရဲ့ ပင်စင်အတွက် အစိုးရကို ပေးရမဲ့စရိတ်ကိုဆိုတာ။ မိန်းကလေးဆိုယင် ပိုပြီး ပေးရတယ်”
“ အင်း ဟုတ်ပေသားဘဲ၊ မိန်းကလေးက ဘယ်လောက်လဲ။ ယောက်ျားကလေးက ဘယ်လောက်လဲ”
“ နေအုံး ပင်စင်ဥပဒေစာအုပ်ကို ကြည့်အုံးမယ် ”
ဤကဲ့သို့ ဆိုပြီးလျှင် ခုတင်အောက် သံသေတ္တာကလေးကို ဆွဲထုတ်သောအသံကို ကြားရပါသည်။ ဤအသံကိုကြားပြီးနောက် ကျွန်တော်၏ဖခင်က “ယောက်ျားကလေးတယောက်အတွက် ၉ကျပ်၊ မိန်းကလေးတယောက်အတွက်
၁၈ကျပ်၊ အစိုးရကို လတိုင်းပေးရမတဲ့ဗျ။ သည်တော့ ယောက်ျားကလေးဆိုယင် တဝက် မသက်သာပါလား။ အဲဒါကြောင့် ယောက်ျားကလေးကို လိုချင်တာပေါ့”
“အေး ဟုတ်တယ်၊ ယောက်ျားကလေးဆိုယင် သာပြီးနေရာကျမယ်”
ဤသို့ပြောဆိုကြပြီးနောက် အခြားအကြောင်းတွေကို ဆက်လက် ပြောသွားကြပါသည်။ ကျွန်တော်နှင့် မသက်ဆိုင်သည်တကြောင်း “ယောက်ျားမိန်းမ” ပြဿနာကို တွေးတောနေသည်တကြောင်းတို့ကြောင့် ဆက်လက်ပြီး နားမထောင်တော့ပါ။ "ငါဟာ ယောက်ျားကလေးဖြစ်ပါစေ” ဟူ၍သာ ဆုတောင်းနေပါတော့သည်။
ထို့နောက် များမကြာမီ ကျွန်တော်နေထိုင်ရာ ရေအိတ်မှာ ယခင်ကကဲ့သို့ ကျယ်ကျယ်ဝန်းဝန်း မရှိတော့ပါ။ ရေအိတ်ထဲတွင် ချောင်ချောင်ချိချိ မနေနိုင်တော့ပါ။ အလွန်တရာမှပင် ကျဉ်းကျပ်လာပါတော့သည်။ ကျွန်တော်၏ ကိုယ်ကာယမှာလည်း ကြီး၍လာပါသည်။ ရေအိတ်ထဲတွင် နေရသည်မှာလည်း ယခင်ကကဲ့သို့ မပျော်တော့ပါ။ အဘယ်သို့ လွတ်လွတ်လပ်လပ်နေထိုင်ရမည့် အကြောင်းကိုသာ စဉ်းစားလျက်နေပါသည်။ တခါတခါ ကျွန်တော်၏ စိတ်ထဲတွင် ရေအိတ်ကြီး၏အပြင်ဖက်သို့ ထွက်ချင်လာပါသည်။ သို့သော် ထိုရေအိတ်ကြီး၏အထဲမှ မည်သို့ထွက်ရမည်ကို မစဉ်းစားတတ်အောင် ဖြစ်နေပါသည်။
သက္ကရာဇ် ၁၂၉၉ ခု၊ နတ်တော်လဆုတ် ၇ ရက်နေ့ညတွင် ရေအိတ်ကြီးထဲမှာ နေထိုင်ရသည်ကို အထူးစက်ဆုပ်၍လာပါသည်။ ရေအိတ်ထဲတွင် မနေတတ်တော့ပါ။ အလွန်တရာမှပင် ကျဉ်းကျပ်နေပါသည်။ မည်သည့်နည်းနှင့်မဆို ထိုကျဉ်းကျပ်လှသော ရေအိတ်ထဲမှ ဖောက်ထွင်းပြီးထွက်တော့မည်ဟု ဆုံးဖြတ်ပြီးလျှင် ရေအိတ်ကြီးကို ကျွန်တော်၏ဦးခေါင်းဖြင့် တိုးပါသည်။ ကျွန်တော်၏မိခင်မှာ နာကျင်သောကြောင့် အိပ်ရာမှ နိုးပြီးလျှင် အော်ပါသည်။ မိခင်ကို သနားသောကြောင့် ရပ်လိုက်ပါသည်။ သို့သော် ရေအိတ်ထဲတွင် မနေချင်တော့ပါ။ တဖန် ထပ်ပြီး တိုးပြန်ပါသည်။ မိခင်က အော်ပြန်ပါသည်။ ကျွန်တော်လည်း ရပ်လိုက်ပြန်ပါသည်။ ဤသို့ တိုးချည်၊ ရပ်ချည်၊ မိခင်က အော်ချည်၊ နားချည်နှင့် ဖြစ်နေသောကြောင့် တအိမ်လုံး နိုးကုန်ကြပါသည်။
ရေနွေးအိုးတည်သူတည်၊ ဆရာမကိုသွားပြီး ခေါ် သူခေါ်နှင့် ရှုပ်ပွေနေကြပါတော့သည်။ မကြာခင် ဆရာမရောက်လာပါသည်။ ကျွန်တော်၏မိခင်ကို စမ်းသပ်ပြီးနောက် “မမွေးသေးဘူး။ တော်တော်လိုသေးတယ်” ဟု မှတ်ချက်ချပါသည်။ ကျွန်တော်၏စိတ်ပျက်ခြင်းကား ဆိုဘွယ်မရှိတော့ပါ။ ရေအိတ်ထဲမှ အပြင်သို့ ရောက်အောင် အတော်ကြာအောင် အားထုတ်ရမည့်အရေး၊ ကျွန်တော်၏မိခင် နာကျင်ရမည့်အရေးတို့ကို တွေးလိုက်တိုင်း စိတ်မကောင်းတော့ပါ။ သို့သော် ရေအိတ်ထဲမှာ ကျဉ်းကျဉ်းကျပ်ကျပ်နေရမည်ကိုကား ကြောက်လှပါတော့သည်။
ကျွန်တော်မှာ မဆုတ်မနစ်သော လုံ့လဖြင့် အပြင်ဖက်သို့ရောက်ရန် အတွင်သာ တိုးနေပါတော့သည်။ ကျွန်တော်တိုးလေ မိခင်အော်လေပင်။ မိခင်အော်သံကို ကြားရ၍ သနားသည်တကြောင်း၊ တိုးရလွန်း၍ မောသည်တကြောင်းတို့ကြောင့် ခဏခဏ နားနေရပါသည်။
ထို့နောက် အတော်ကြာလာသောအခါ ဒေါက်တာဆိုသူရောက်လာပါသည်။ ဆရာမဆိုသူနှင့်လည်းကောင်း၊ ကျွန်တော်၏ဖခင်နှင့်လည်းကောင်း စကားပြောကြပါသည်။ ကျွန်တော့်ကိုလည်း စမ်းသပ်ပါသေးသည်။ ဤသို့ စမ်းသပ်ပြီးနောက် “မကြာတော့ပါဘူး” ဟု မှတ်ချက်ချပါသည်။
ကျွန်တော့်မှာ အတော်ပင် အားတက်လာပါသည်။ ကျွန်တော်တိုးနေရသည်မှာ တညနှင့်တနေ့ပင် ကြာပါပြီ။ ကျွန်တော် မည်မျှမောနေပြီဖြစ်ကြောင်းကို စဉ်းစားကြည့်က သိကြပါလိမ့်မည်။ ကျွန်တော် ပြောပြရန်လိုမည် မထင်ပါ။ ဒေါက်တာဆိုသူမှာ အထက်ပါ မှတ်ချက်ကို ချပြီးနောက် အခန်းထဲမှ ထွက်သွားပြီးလျှင် အပြင်ဖက်အခန်းမှာ ကျွန်တော်၏ဖခင်နှင့် စကားသွားပြောနေကြပါသည်။ သူ အခန်းထဲမှ ထွက်သွားပြီးသည့်နောက် ကျွန်တော်လည်း အားစိုက်ပြီး တိုးပြန်ပါသည်။ ကျွန်တော်၏မိခင်မှာ ယခင်ကထက်ပင် ပိုပြီးအော်ပါသည်။ ငိုပင် ငိုပါသည်။
ကျွန်တော်ကား ရပ်နားခြင်းမပြုတော့ပါ။ ဆက်ပြီးသာလျှင် တိုးပါတော့သည်။ ကျွန်တော့်မိခင်၏အော်သံ၊ ငိုသံတို့မှာ ဆူညံ၍သာနေပါသည်။ ကျွန်တော်၏မိခင်အား များစွာ သနားသော်လည်း မရပ်နိုင်တော့ပါ။ ကျွန်တော်မြန်မြန် အပြင်ရောက်လျှင် မိခင်လည်း အနာသက်သာမည်။ ကျွန်တော်လည်း လွတ်လပ်တော့မည်။ ဤသို့တွေးပြီးလျှင် အားကြိုးမာန်တက် တိုးပါသည်။ ကျွန်တော်တိုး၍ အတော်ကလေးခရီးရောက်သွားကြောင်းကို ဆရာမသိသွားသောအခါ ဒေါက်တာဆိုသူကို လှမ်း၍ခေါ်လိုက်သောအသံကို ကြားရပါသည်။ ဒေါက်တာဆိုသူလည်း အပြေးအလွှား အခန်းထဲသို့ ဝင်လာပါသည်။
ဒေါက်တာဆိုသူ ကျွန်တော်၏မိခင်အနားသို့ ရောက်သည်နှင့်တပြိုင်နက် ရေအိတ် ပေါက်သွားပါသည်။ ရေအိတ်ပေါက်သွားသည်နှင့်တပြိုင်နက် ကျွန်တော်သည် ဒိုင်ဗင်ထိုးပြီး ချလိုက်ပါသည်။ ကျွန်တော့်မိခင်၏အိပ်ရာပေါ်သို့ မှောက်ရက်ကလေး ကျသွားပါသည်။ ခုတင်ပေါ်သို့ ရောက်သည်နှင့် တပြိုင်နက် “အနှောင်အဖွဲ့မှ လွတ်ပြီ၊ လွှတ်ပြီ၊ လွတ်လပ်ခြင်းကိုရပြီ။ ရပြီ” ဟု ဟစ်လိုက်ပါသည်။ ကျွန်တော်၏အသံနှင့် တပြိုင်တည်း ဒေါက်တာပါဒီဆိုသူက ကျွန်တော့်ကို အိပ်ရာပေါ်မှ ကောက်ယူပြီးလျှင် ယောကျ်ားကလေးဟူ၍ အော်လိုက်ပါသည်။ ဆရာဝန်နှင့်တပြိုင်တည်း ဆရာမဆိုသူနှင့် အခြားသူတို့ကလည်း “ယောက်ျားကလေး” ဟူ၍ ပြိုင်တူအော်ကြပါသည်။ သူတို့ပြောဆိုသံကို ကြားတော့မှ “ဪ ..ငါဟာ ယောက်ျားကလေးပါလား” ဟူ၍ တွေးတောကာ ဝမ်းမြောက်ကာ “ငါဟာ ယောက်ျား၊ ယောက်ျား၊ ယောက်ျား” ဟူ၍ သုံးကြိမ်တိုင်တိုင် ကြိမ်းပလိုက်ပါသည်။
ကျွန်တော်၏အသံကို ကြားရသောအခါ ကျွန်တော်၏အစ်ကို ကိုအာမိတ်က အခန်းအပြင်ဖက်မှနေ၍ ကျယ်လောင်စွာ ဟောင်လိုက်ပါသည်။ ကျွန်တော် ဤလောကကြီးအတွင်း ရောက်လာသည့်အတွက် ဝမ်းသာ၍ပင် ဟောင်သလော၊ ကျွန်တော် ရောက်လာသည်ကို မနာလိုသောကြောင့်ပင် ဟောင်သလောဟု မပြောတတ်ပါ။ ကိုအာမိတ်နှင့် ကျွန်တော်တို့နှစ်ယောက် ပြိုင်တူအော်နေခိုက်မှာပင် ဒေါက်တာပါဒီက “အချိန်ဘယ်လောက်လဲ” ဟု ကျွန်တော်၏ ဖခင်ကို လှမ်း၍ မေးလိုက်ပါသည်။ ကျွန်တော်၏ဖခင်က အခန်းအပြင်ဖက်မှနေ၍ ဂ နာရီမိနစ် ၅ဝ ဟူ၍ အော်ပြောလိုက်ပါသည်။
အချိန်ကိုမေးပြီးနောက် ဒေါက်တာပါဒီသည် ကျွန်တော်၏ချက်ကြိုးကို ကတ်ကျေးဖြင့်ညှပ်ကာ ဖြတ်လိုက်ပါသည်။ အနှောင်အဖွဲ့မှ လုံးလုံးကြီး လွတ်သွားပြီဖြစ်သောကြောင့် ဝမ်းမြောက်၍ မဆုံးတော့ပါ။ ကျွန်တော်၏ချက်ကြိုးကို ဖြတ်လိုက်ပြီးနောက် ကျွန်တော့်ကို ဆရာမအား လှမ်း၍ပေးလိုက်ပါသည်။ ဆရာမမှာ ကျွန်တော့်ကို အနှီးဖြင့်ပတ်ပြီးလျှင် လက်တဖက်တည်းဖြင့် ကိုင်ထားပါသည်။ “တယ် အားကောင်းတဲ့ ဆရာမပါကလား” ဟူ၍ ကျွန်တော့်စိတ်ထဲတွင် ထင်မှတ်မိပါသည်။
ကျွန်တော်၏အနားတွင် ရပ်နေကြသူများကိုကြည့်လိုက်ရာ ကျွန်တော့်ထက် များစွာကြီးမားကြသည်ကို မြင်ရပါသည်။ မိခင်၏ဝမ်းထဲမှာတုန်းကမူကား အပြင်ဖက်တွင် ရှိကြသော ဒေါက်တာပါဒီတို့၊ ဆရာမတို့၊ ဦးလှရှိန်တို့၊ ဦးသက်စုတို့မှာ ကျွန်တော်နှင့် အရွယ်ချင်းတူကြမည်ဟု ထင်မိပါသည်။ အပြင်ရောက်သောအခါကျမှ အထင်နှင့်အမြင် များစွာကွာကြောင်းကို သိရပါသည်။
ရေအိတ်ထဲမှာနေစဉ်က မှောင်အတိကျနေပါသည်။ အပြင်ဖက်သို့ ရောက်သောအခါ လင်းနေသည်ကို မြင်ရ၍ များစွာ အံ့ဩမိပါသည်။ ကျွန်တော့်မျက်စိများ၏ အသုံးဝင်ကြောင်းကိုလည်း ယခုမှ သိရပါတော့သည်။ နှာခေါင်းများလည်း အသက်ရှူနေကြပါပြီ။ “အင်း နှာခေါင်းပေါက်တွေဟာ အသက်ရှူဖို့ပါကလား” ဟူ၍လည်း စဉ်းစားမိပါသည်။
မိခင်၏ ဝမ်းထဲမှာတုန်းက အလွန်နွေးပါသည်။ အပြင်သို့ရောက်သောအခါ အလွန်အေးသောကြောင့် မနေတတ်ပါ။ ဆရာမဆိုသူက အနှီးဖြင့်ထွေးထားသည်ပင် အအေးမပျောက်ပါ။ ဝမ်းထဲမှာနေစဉ်တုန်းက ကျဉ်းကျပ်လွန်း၍ စိတ်ညစ်ရပါသည်။ အပြင်ရောက်လာပြန်တော့လည်း အေးလွန်းသောကြောင့် စိတ်ညစ်ရပါသည်။
ဒေါက်တာပါဒီမှာ ကျွန်တော်၏မိခင်အနားမှာပင် ရပ်နေပါသေးသည်။ ကျွန်တော်မှာ မိခင်၏ဝမ်းမှ ထွက်လာရပြီဖြစ်သော်လည်း ကျွန်တော်နှင့်အတူတူ ရေအိတ်ထဲတွင် နေထိုင်ကြီးပွါးလာသော ကျွန်တော်၏အသက်သခင် အချင်းကြီးကား ကျန်ရစ်ခဲ့ပါသေးသည်။ သူထွက်အလာကို ဒေါက်တာပါဒီ စောင့်စားနေဟန်တူပါသည်။
ကျွန်တော်အပြင်ရောက်ပြီးနောက် ၁၀ မိနစ်ခန့်ကြာမှ ကျွန်တော်၏မိတ်ဆွေကြီး ထွက်လာပါသည်။ အချင်းထွက်လာပြီးနောက် ဒေါက်တာပါဒီက ကျွန်တော်၏မိခင်အား ဆေးတခွက်တိုက်ပါသည်။ လက်မောင်းတွင်လည်း ဆေးထိုးပေးပါသည်။ ဆရာမကလည်း ကျွန်တော်၏မိခင်အား ခါးစည်းပေးရပါသည်။ ကျွန်တော်ကား ကျွန်တော်၏အဒေါ် ဒေါ်ခင်သီ၏လက်ထဲသို့ ရောက်သွားပါသည်။ ကျွန်တော့်မှာ ချမ်းလှသဖြင့် အကြိမ်ပေါင်းများစွာ အော်လိုက်ပါသည်။ ကျွန်တော့်အား အနှီးများဖြင့် ထပ်ပြီးထွေးကြပြန်ပါသည်။ ကျွန်တော်၏ပါးစပ်မှာ အတော်ပင် အသုံးကျပါကလားဟု အောက်မေ့မိပါသည်။
ကျွန်တော်၏မိခင်အတွက် ဆောင်ရွက်ပေးကြပြီးနောက် ဆရာမက ကျွန်တော့်ကို ဇလုံတခုထဲမှာ ထည့်ပြီး ရေချိုးပေးပါသည်။ ရေနွေးဖြင့် ချိုးပေးသောကြောင့် တော်ပါသေး၏။ ရေအေးဖြင့် ချိုးပေးမည်ဆိုလျှင် သေဘွယ်ရာသာ ရှိပါတော့သည်။
ကျွန်တော့်ကို ရေချိုးပေးပြီးနောက် ကျွန်တော်၏ချက်မှ အနာကို ဆေးထည့်ပေးပါသည်။ ထို့နောက် အနှီးတွေနှင့် အထပ်ထပ်ပတ်ပြီးလျှင် အိပ်ရာကလေးပေါ်မှာ သိပ်ထားပါသည်။ ဤအခါကျမှ နွေးလာသောကြောင့် အတော်ပင် ကျေနပ်သွားပါသည်။
အိပ်ရာပေါ်မှာ ပက်လက်ကလေးနေကာ လောကကြီး၏ထူးဆန်းပုံကို စဉ်းစားနေခိုက် ကျွန်တော်၏ဖခင် အခန်းထဲသို့ ဝင်လာပြီးလျှင် ကျွန်တော့်မိခင်နှင့် စကားတခွန်း နှစ်ခွန်းပြောပါသည်။ ကျွန်တော်၏မိခင်နှင့် စကားပြောပြီးနောက် ကျွန်တော့်ကို စိုက်ပြီး ကြည့်ပါသည်။ ဤသို့စိုက်ကြည့်ပြီးနောက် “မင့်နာမည် မောင်လူမွှေး။ မှတ်ထား” ဟု ပြောပါသည်။
“အော် ငါဟာ ယောက်ျား၊ ငါ့နာမည်ဟာ မောင်လူမွှေးပါကလား” ဟူ၍ စိတ်ထဲတွင် ဆိုနေယင်း အိပ်ပျော်သွားပါသည်။ ဤကား မောင်လူမွှေး၏ပဌမအစီရင်ခံစာပေတည်း။
----------------------------
#သိပ္ပံမောင်ဝ
ဂန္ထလောက၊ ၁၂၉၉ ခု၊ တပို့တွဲလ တပေါင်းလ။
Comments
Post a Comment