တုပ်​ကွေး

#တုပ်ကွေး

တုပ်ကွေးကွေးခြင်း၏ အရသာကို ဤဆောင်းပါးဖတ်သူအပေါင်းတို့ ခံစားကောင်း ခံစားဘူးကြပေလိမ့်မည်။ ကုသိုလ်ကံ မကောင်းသောကြောင့် တုပ်ကွေး၏အရသာကို မခံစားရဘူးသော သူတို့လည်း ရှိချင်ရှိပေလိမ့်မည်။ ထိုသူတို့၏အကျိုးငှါ တုပ်ကွေး၏အရသာ မည်သို့နေကြောင်းကို ရေးသားဖော်ပြလိုက်ပါမည်။ ကျေးဇူးတင်လိုကလည်း တင်ကြပါကုန်။ ကျေးဇူးမတင်လိုကလည်း နေနိုင်ပါသည်။

ရာသီဥတု အပြောင်းအလဲတွင် တုပ်ကွေးနတ်ဖမ်းစားလေ့ရှိသည့်အတိုင်း မိုးအကုန် ဆောင်းအကူးတွင် မောင်လူအေးအား တုပ်ကွေးနတ်ဝင်ပူးလေတော့၏။ လက်ဦးတွင် ချောင်းအနည်းငယ်ဆိုး၏။ ထို့နောက် မျက်စိပူ၏။ ထို့နောက် တကိုယ်လုံး ဖိန်းတိန်းတိန်း ရှိန်းတိန်းတိန်း နေ၏။ ထမင်း မစားချင်၊ ဆေးလိပ်မသောက်ချင် ဖြစ်၍လာ၏။ အတန်ကြာလျှင် အိပ်ရာထဲတွင် ဝင်ကွေးချင်သောစိတ် ပေါ်၍လာလေတော့သည်။ ထိုအခါ အိပ်ရာထဲသို့ ရောက်၍သွားလေသတည်း။

အိပ်ရာထဲသို့ရောက်သောအခါ တမျိုးဆန်းကြယ်လာပြန်၏။ တကိုယ်လုံး ချမ်းစိမ့်စိမ့် ဖြစ်လာရုံမျှမက ကိုယ်လက်တွေလည်း ကိုက်လာလေ၏။ ထိုအခါ စောင်ထူထူ သုံးလေးထည်ကို ထပ်ကာ ခြုံပြီးလျှင် ကွေးနေလေတော့၏။
ဤအခါ တုပ်ကွေး၏အရသာ ပေါ်၍လာလေသည်။ အလွန်စည်းစိမ်ရှိ၊ အလွန်နှစ်သက်ဘွယ်ကောင်းသော အရသာပေတည်း။ မည်သည့်အရသာမျိုးနှင့်မျှ မတူပေ။ စာဖြင့် ရေးပြ၍ရသော အရသာမျိုးလည်းမဟုတ်။ နှုတ်ဖြင့်ပြော၍ရသော အရသာဟူ၍ သာမန်အားဖြင့် ဆိုရပေတော့မည်။

ဤသို့ အိပ်ရာထဲတွင် ကွေး၍ကောင်းတုန်းတွင် မောင်လူအေး၏စိတ်သည် ကစားစပြုလာ၏။ အရက်သမား၏ဝမ်းထဲသို့ အရက်ဝင်သွား၍ မကြာမီအတွင်း အရက်သမား၏စိတ်မှာ တမျိုးပျော်ရွှင်လာသကဲ့သို့ မောင်လူအေး၏စိတ်မှာလည်း တုပ်ကွေး၏တန်ခိုးကြောင့် ပျော်ရွှင်လာသလိုလို ဘာလိုလိုဖြစ်၍လာ၏။ စကားများချင်သလိုလို၊ ဘာလိုလို ဖြစ်၍လာ၏။ တော်တော်ကြာလျှင် သူ၏စိတ်သည် အငြိမ်မနေတော့ပြီ။

ဤသို့ ဟိုစဉ်းစား သည်စဉ်းစား လုပ်နေခိုက် ဂျူဗလီဟောရုံကြီးအနီးသို့ ရောက်သွား၏။ အဘယ်သို့ ရောက်သွားသည်ဟူ၍ကား မသိ။ ရောက်၍သွားသည်ကား မှန်ပေသည်။ မောင်လူအေး ရောက်၍သွားသောအခါကား ဂျူဗလီဟောရုံကြီးတွင် စတုတ္ထအကြိမ်မြောက် အစိုးရသိန်းထီကြီးကို ဖွင့်နေသောအခါ ဖြစ်လေသည်။

ရုံကြီးအတွင်းမှာရော အပြင်မှာရော လူအမျိုးမျိုးတို့နှင့် ပြည့်ကျပ်လျက်နေလေသည်။ ကုလား၊ တရုတ်၊ ကရင်၊ မြန်မာ၊ ကလေး၊ လူကြီး၊ ယောက်ျား၊ မိန်းမ စုံ၍သာ နေလေတော့သည်။ အပြင်ဖက် နေပူကျဲကျဲကြီးတွင် ထီလက်မှတ်များကို အသီးသီးကိုင်ကာ အောင်ဘာလေ နံပတ်ကိုသာ နားထောင်နေကြလေသည်။

မောင်လူအေးလည်း နေပူကျဲကြီးတွင် ချွေးတလုံးလုံးနှင့် မိမိ၏ထီလက်မှတ်ကိုင်ကာ ပေါက်စဉ်ဂဏန်းကိုသာ နားထောင်နေလေသည်။ ဤမျှပေါများသော လူထုကြီးထဲတွင် မိမိ၏အသိမိတ်ဆွေ တယောက်မျှမပါသည်မှာ ထူးဆန်းသလိုလို ထင်မှတ်မိလေသည်။ သို့သော် ထိုနေရာသို့ ရောက်၍ များမကြာမီအတွင်းမှာပင် အနီးအနားရှိလူများနှင့် မိတ်ဆွေဖြစ်သွားပြီးလျှင် ရယ်လားမောလား စကားပြောကာ အပျော်ကြီး ပျော်နေလေတော့သတည်း။

ဤသို့ စကားကောင်းနေ၍ ခဏမျှကြာသောအခါ “နံပတ် ၁၄၄၆၆၁ အတိတ်ခေတ်စမ်းကွ။ ပေါက်သူအမည် မောင်လူအေး၊ ပဌမဆုငွေတသိန်း”

ဤကျေညာချက်ကို ကြားလိုက်သည်နှင့်တပြိုင်နက် ...

“ကော်ပြီကွ၊ အသက်အာမခံကိုယ်စားလှယ်တွေ မလာကြနဲ့။ မော်တော်ကား ကိုယ်စားလှယ်တွေ မလာကြနဲ့၊ အလှူခံတွေ မလာကြနဲ့၊ လယ်ပေါင်မဲ့လူတွေ မလာကြနဲ့၊ ငွေတွေအားလုံး ဘဏ်မှာထားမယ်” ဟူ၍ အော်ကာလက်ခုပ်လက်ဝါး တီးလိုက်၏။

“ကိုကို...ကိုကို” ဟုခေါ်ကာ ခင်သန်းမြင့်က လှုပ်၍ နှိုး၏။

“ဟင် ..ဘာလဲ” ဟု ထူးလိုက်၏။ သို့သော် ဂျူဘလီဟောကား မျက်စိထဲက မပျောက်သေးပေ။

“ကိုကို ဘာတွေလျှောက်ပြောနေတာလဲ၊ ယောင်နေတာလား”

“ဟင်...ဘာမှ မပြောရပါကလား” ဟု မောင်လူအေးက ပြော၏။

“ကိုကို... အိပ်ပျော်သွားသလား” ဟု မေးပြန်၏။

“မပျော်ပါဘူး။ ဂျူဗလီဟော အစိုးရသိန်းထီဖွင့်ရာကို ရောက်သွားသလိုလိုဘဲ”

“ဟိုဟာ ... သည်ဟာတွေကို စဉ်းစားမနေနဲ့လေ။ အိပ်ပျော်အောင် အိပ်လိုက်ပါလား။ ကိုယ်လက်ကိုက်တာ ဘယ့်နှယ်နေသေးသလဲ။ ပရုပ်ဆီလိမ်းပေးမယ်လေ”

“အင်း အကောင်းသားဘဲ”

ခင်သန်းမြင့်သည် မောင်လူအေးအား ပရုတ်ဆီလိမ်းပေးယင်း အသာနှိပ်ပေး၏။ ပြီးလျှင် အိပ်ရာနံဘေး ဆိုဖာပေါ်တွင် ထိုင်ကာ မဂ္ဂဇင်းတအုပ်ကို ဖတ်၍နေ၏။

မောင်လူအေးလည်း ခင်သန်းမြင့်ကို ကြည့်ယင်း စဉ်းစားခန်း ထုတ်ပြန်၏။

မိမိသည် အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် ဘောပွဲကို တခါမျှ မကြည့်ဘူးသေးပေ။ ယခုနှစ် ထိုဘောပွဲကို အထက်မြန်မာပြည် မန္တလေးမြို့၌ ကျင်းပမည်ဟု သတင်းစာထဲတွင် ဖတ်လိုက်ရလေသည်။ ရွှေဘိုနှင့် မန္တလေးဝေးလှသည် မဟုတ်။ ထိုဘောပွဲကို ကြည့်ဘူးသည်ရှိရလေအောင် ရွှေဘိုမှ မော်တော်ကားဖြင့် သွားကြည့်ရလျှင် အလွန်ကောင်းပေမည်။ အထက်မြန်မာပြည်ဖက်မှနေ၍ သွားပြီး လက်ခုပ်လက်ဝါးတီးကာ အားပေးရရန်မှာလည်း ဝတ္တရားရှိပေသည်။

ဆိုဖာပေါ်တွင် ထိုင်နေသော ခင်သန်းမြင့်၏ရုပ်သည် တစတစ ပျောက်ကွယ်၍သွားပြီးလျှင် ထိုနေရာတွင် လမ်းဝန်ထောက် ဦးသာဒုတ် ရောက်နေ၏။ သူနားတွင်လည်း ကပ္ပတိန်သိန်းမောင်တို့၊ ဦးမောင်မောင်တို့တတွေ ရောက်၍ နေလေသည်။

ထိုနေရာမှာ မိမိ၏အိမ် မဟုတ်တော့ပြီ။ အထက်မြန်မာပြည် ဘောလုံးကစားရာနေရာဖြစ်နေမှန်းကို သိရလေသည်။ မောင်လူအေးမှာ မိတ်ဆွေတသိုက်နှင့် ရယ်လားမောလားနှင့် နေ၏။ မန္တလေးဘောလုံးကွင်းကြီးမှာလည်း အထူးစည်ကားလျက်နေလေသည်။

အတန်ကြာလျှင် မောင်လူအေးတို့လူသိုက် မိမိတို့နေရာအသီးသီးတွင် ထိုင်ကာ ဘောလုံးပွဲကို ကြည့်၍နေကြကုန်၏။ အထက်မြန်မာပြည်ဖက်မှာ ကစားကြသောသူများတွင် မိမိသိဘူးသော လယ်ဝန်ဦးညို၊ မြို့အုပ် ဦးမြရင်၊ သစ်တောဝန်ထောက် မစ္စတာရုတ်ကွင်း၊ လယ်ဝန်ကလေး ဦးဝင်းတို့ ပါသည်ကို မြင်ရ၏။ အောက်မြန်မာပြည်ဖက်မှာလည်း မိမိသိဘူးသောသူ သုံးလေးယောက် ပါနေလေသည်။

ဘောပွဲစ၍ ကစားသည်နှင့်တပြိုင်နက် ဦးညိုက ယူပြေးပြီးလျှင် ဦးဝင်းဖက်သို့ ပေးလိုက်၏။ ဦးဝင်းလည်း တအားကုန်ကြုံးကန်လိုက်ရာ အောက်မြန်မာပြည်အသင်း၏ဂိုးအတွင်းသို့ ဝင်သွားလေသတည်း။ ပရိသတ်ကြီး၏ဩဘာသံကြီးမှာ ဆူညံ၍သွား၏။ မောင်လူအေးမှာလည်း အထက်မြန်မာပြည်က နိုင်သည်တကြောင်း၊ ဦးသာဒုတ်နှင့် လောင်းထားသောကြောင့် ငွေငါးကျပ်ရမည်တကြောင်းတို့ကြောင့် နှစ်ထောင်းအားရရှိလှသဖြင့် ဂိုးဟူ၍ အသံကုန် အော်ကာ လက်ခုပ်လက်ဝါးတီးလိုက်၏။

“ကိုကို ကိုကို... ဘာတွေပြောနေတာလဲ” ဟု ခင်သန်းမြင့်က မောင်လူအေး၏ကိုယ်ကို လှုပ်၍မေး၏။

“ဟင် ဘာမှမပြောပါကလား” ဟု မောင်လူအေးက ဖြေ၏။

“မပြောဘူးသာဆိုတယ်၊ လက်ခုပ်တွေတီး၊ ပါးစပ်ကလဲ ဘာတွေပြောနေတယ် မသိဘူး”

“ဘာမှတော့ မပြောပါဘူး။ အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည်ဘောပွဲကို ရောက်သွားတယ်”

“ကိုကိုက အိပ်ပျော်အောင် အိပ်တာမှ မဟုတ်ဘဲ။ ဟိုစိတ်ကူး သည်စိတ်ကူး လုပ်နေတာကိုး”

“ပျော်အောင် အိပ်တာဘဲ။ ပျော်မှ မ​ပျော်ဘဲဟာ”

“ဒါဖြင့် နေရာမကျဘူး။ အဖျားဒီဂရီ ယူလေမှဘဲ”

“သဘောဘဲ”

ခင်သန်းမြင့်သည် ပြဒါးချိန်ဖြင့် မောင်လူအေး၏အဖျားကို ယူ၏။ ယူပြီးသည်နှင့်တပြိုင်နက် မျက်လုံးပြူးသွား၏။ အကြောင်းမူကား အဖျားဒီဂရီ ၁၀၄ ထက် ကျော်လွန်နေသောကြောင့်တည်း။

ထို့နောက် ချက်ခြင်းပင် ဆရာဝန်ကို အခေါ်လွှတ်လိုက်၏။ မကြာမီ ဆရာဝန်ရောက်လာလေသည်။ ဆရာဝန်လည်း မောင်လူအေးအား စမ်းသပ်ပြီးနောက် ခါးသောဆေးတွေကို သောက်ရန် ပေး၏။ ဝမ်းနှုတ်ဆေးတွေကို ပေး၏။ မောင်လူအေး အငြိမ်မနေရတော့ပြီ။

ယခင်က စည်းစိမ်ကလေးနှင့် ကွေးနေရသောစည်းစိမ်များ ပြန်မလာတော့ချေ။ ယခင်က စိတ်ကူးယဉ်သောစည်းစိမ်မျိုးလည်း ပျောက်ကွယ်၍သွားတော့၏။ အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်ဘောပွဲကိုလည်း မကြည့်ရတော့ပြီ။ အစိုးရသိန်းထီတွင် ပဌမဆုရသောကြောင့် ခံစားခဲ့ရသောစည်းစိမ်မျိုးကိုလည်း မခံစားရတော့ပြီ။ ကိုယ်လက်ကိုက်ခြင်း၊ ချောင်းဆိုးချင်း၊ ခေါင်းကိုက်ခြင်းဝေဒနာတို့ကိုသာ ခံစား၍နေရလေတော့သတည်း။

အကယ်၍ ခင်သန်းမြင့်က ဆရာဝန်ကို အခေါ်မလွှတ်လိုက်ပါလျှင် ယခင်ကထက် ဆန်းကြယ်မွန်မြတ်သော စိတ်ကူးစည်းစိမ်မျိုးကို ခံစားရမည်မှာ မလွဲတော့ပေ။
--------------------------------
#သိပ္ပံမောင်ဝ
မှတ်တမ်းဝင်စာပေများ၊ ရွှေဘို၊ -၁၂-၁၂ - ၃၉။

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)