လေလံပွဲ
#လေလံပွဲ
ဘာလေလံပွဲလဲ။ အင်းလေလံပွဲ ဖြစ်ပါသည်။ ယနေ့ကား အင်းလေလံပွဲနေ့ ဖြစ်၏။ အင်းသားကြီးတို့အဖို့ နေ့ထူးနေ့မြတ်ကြီး ဖြစ်လေသည်။ မောင်လူအေး၏နယ်အတွင်းရှိ ငါးများအဖို့ကား နေ့ဆိုးနေ့ယုတ်ကြီးပေတည်း။
နံနက်စောစောကပင် နယ်ပိုင် ရုံးတော်ဝင်းအတွင်းသို့ အင်းသားကြီး၊ အင်းသားလတ်၊ အင်းသားကလေး၊ အင်းသားမကြီး(ဝါ)အင်းသမီးကြီး၊ အင်းသားမလတ် (ဝါ) အင်းသမီးလတ်၊ အင်းသားမကလေး (ဝါ) အင်းသမီးကလေး၊ လက်ထောက်အင်းသား၊ လက်ထောက် အင်းသမီး (ဝါ) လက်ထောက်အင်းသမ၊ အချခံ အင်းသမီး (ဝါ) အချခံ အင်းသမ၊ အင်းသားယောင်၊ အင်းသမီးယောင် (ဝါ) အင်းသမယောင်၊ အင်းကူလီမှစ၍ အင်းနှင့်အသက်မွေးသူတို့ ရောက်နှင့်ကြလေပြီ။
တမြို့လုံးလည်း သူတို့ချည်း၊ ဟိုသွားလည်း သူတို့နှင့်တွေ့။ သည်သွားလည်း သူတို့နှင့်တွေ့။ ဈေးထဲမှာလည်း သူတို့။ တရုတ်ခေါက်ဆွဲဆိုင်မှာလည်း သူတို့။ ကုလားထမင်းဆိုင်မှာလည်း သူတို့။ အပြန့်အရက်ဆိုင်မှာလည်း သူတို့။ ကုလားမူဆာ၏ကဇော်ဆိုင်မှာလည်း သူတို့။ မောင်တူ၏ဖဲဝိုင်းမှာလည်း သူတို့။ တမြို့လုံးအနှံ့အပြား အင်းသားတတွေ လွတ်၍နေကြလေသည်။
အင်းသားကြီးတယောက်မှာ နောက်လိုက်က အထွေထွေ၊ ခေါင်းပေါင်းစကြီးတွေ တထောင်ထောင်နှင့် ဟိုသွား သည်သွား။ အိတ်ထဲများမှာ ငွေသံတွေ တချွင်ချွင်။ မယားခမျာမှာလည်း အပါးကမခွာ၊ မျက်နှာထား ခပ်မာမာ။ အချို့မှာ အသင်းအပင်း အစုအဝေးနှင့် နယ်ပိုင် ရုံးဝင်းအတွင်း ကုက္ကိုပင်ကြီးအောက်တွင် ကော်ဇောတွေ ခင်းလျက် ထမင်းစားပွဲကြီး ကျင်းပနေကြလေတော့သည်။
ကိုသာလူကား အင်းခွန် မကြေသောကြောင့် အင်းဆွဲရန် လက်မှတ်မရနိုင်။ မိတ်ဆွေမောင်ဘိုးအောင်အား ထောင်၍ အင်းအဆွဲခိုင်းရန် ကြံ၏။ သို့သော် မောင်ဘိုးအောင်လည်း လက်မှတ်မရနိုင်။ ပစ္စည်းရှိသူမဟုတ်။ ကိုသာလူကား အနည်းငယ်မျှ မစိုးရိမ်။ အင်းမသူကြီး ဦးဘိုးရှင်ထံသွား၍ မောင်ဘိုးအောင်၌ ပစ္စည်းရှိကြောင်း လက်မှတ်အထိုးခိုင်းရပေမည်။ ကိုယ်တော်မြတ်သူကြီးမှာ မျက်နှာထားတည်တည်နှင့် အမြင်ကပ်စရာ။ သို့သော် သူ့နေရာနှင့်သူ၊ အောက်မကြို့က မဖြစ်။ တောင်းပန်စကား သွား၍ပြော၏။ အဖက်မလုပ်။ တော်တော် လူဝါးဝတဲ့သူကြီး။ သူ့ကိုယ်ကိုသူ သိကြားများ မှတ်နေလေရော့သလား။ သို့သော် ကိုသာလူတို့ မည်သို့ လုပ်လိုက်သည်မသိ။ ခဏကြာလျှင် သူကြီးလည်း ပြုံးပြုံးရွှင်ရွှင်နှင့်ပင် လက်မှတ်ကို ထိုး၍ပေးလိုက်၏။
မောင်ဘိုးအောင် လက်မှတ်ရသွားလေပြီ။ အကယ်ပင် ကိစ္စတုံးပြီလော။ မတုံးသေး။ မြို့ပိုင်မင်းထံ ပြေးရဦးမည်။ သူကြီး၏လက်မှတ်ကား ပစ္စည်းရှိကြောင်း လက်မှတ်သာတည်း။ အင်းဆွဲရန် လက်မှတ်ကား မြို့ပိုင်မင်း၊ အင်းခွန်ဝန်မင်း၊ နယ်ပိုင်မင်းတို့ကသာ ပေးနိုင်လေသည်။
မြို့ပိုင်မင်းထံ ဝင်ရန်မှာလည်း မလွယ်ဘူး။ အင်းလက်မှတ်အတွက် စောင့်စားနေကြသော လူထုကြီးကား မနည်း။ မောင်ဘိုးနီ၊ မောင်သာဟန်၊ မောင်မြို့၊ မောင်နီတာကိုလည်း ချွေးတလုံးလုံးနှင့် အင်းသားကြီး မောင်ကြိုင်လည်း လူထုထဲတွင် ဟိုတိုး သည်တိုးနှင့် နေပါကလား။ သည်အကောင် မနှစ်က အင်းဖိုးငွေမကျေတာတောင် မျက်နှာပြောင်တိုက်ပြီး လာသေးသကိုး၊ တကဲ့အကောင်။
မြို့ပိုင်မင်းကား စောစောကပင် ရုံးသို့ ရောက်နေလေသည်။ သူ၏အခန်းထဲတွင် ရှိ၏။ မြို့ပိုင်မင်းထက် ကြောက်ရသူကား မြို့ပိုင်မင်း၏ယပ်ဆွဲသူ မောင်ခင် ဖြစ်လေသည်။ ကိုယ်တော်မြတ်မှာ မြို့ပိုင်မင်းထက်ပင် အဝတ်အစားပြောင်သေး၏။ စီးကရက်ကို လက်ကြားညှပ်၊ ဘိနပ်ကို စီးလျက်၊ ဟိုလူကိုအော်၊ သည်လူ့ကို မာန်နှင့် အင်မတန် ဂိုက်ထုတ်နေလေသည်။ သူနှင့်သင့်သူကား ရှေ့ကနေရ၏။ မသင့်သူတို့ကား နောက်သို့ ဆုတ်ရလေသည်။ သူကိုယ်ကိုသူ မြို့ပိုင်မင်း ထင်နေလေရော့သလား။ အင်းကိုပင် မဆွဲရသေး။ ငရဲသို့ ရောက်ကြရပေပြီ။
မောင်ခင်က မျက်နှာသာ ပေးလိုက်သောသူတို့ တယောက်ပြီးတယောက် အစဉ်အတိုင်း ရုံးခန်းထဲ ဝင်ကြရ၏။ မြို့ပိုင်မင်းနှင့် တွေ့ပြီလော။ မတွေ့ရသေးပါ။ ရုံးစာရေးကြီး၊ ရုံးစာရေးကလေး၊ အသင်ရုံးစာရေးများ၊ ရုံးစာရေးကြီး၏လက်ထောက်များ၊ အကူရုံးစာရေးများနှင့် တဆင့် တဆင့် တွေ့၍ သွားရလေသည်။ သူတို့လည်း အမျိုးမျိုး မေးခွန်းတွေ ဘာတွေနှင့် အနှောင့်အယှက် ပြုကြလေသည်။ ဒုက္ခ၊ ကျားကြီးလဲကြောက်ရ၊ ကျားကလေးလဲ ကြောက်ရ၊ ဘယ်နေရာမှ ဟန်မကျပါကလားနော်။
နောက်ဆုံး၌ မြို့ပိုင်မင်းထံသို့ ရောက်ကြ၏။ မြို့ပိုင်မင်းလည်း မေးခွန်းအမျိုးမျိုး ထုတ်လျက် နေလေတော့သည်။ ဝိဇ္ဇာစာမေးပွဲတွင် မေးသော မေးခွန်းတို့ထက်ပင် အင်းသားကြီးတို့အဖို ပိုခက်သေး၏။ အားလုံး မမှန်သည်ကိုချည်း ဖြေကြလေသည်။ နှစ်ဆယ်တန်အိမ်ကို နှစ်ထောင်တန်သည်ဟု ကျမ်းကိုင်၍ ဆို၏။ ငါးကျပ်တန်သော လှေတစင်းကို တရာတန်သည်ဟု ကျမ်းကိုင်၍ ဆို၏။ တဆယ်တန်သော နွားတကောင်ကို တရာတန်သည်ဟု ကျမ်းကိုင်၍ ဆို၏။ ကျမ်းစူးသည် ဆိုသော စကားကို မကြားဘူးသကဲ့သို့ ညာနိုင်သမျှ ညာသောဟူ၏။ လေလံပွဲ သေသေချာချာ ကျကျနန စစ်ဆေးသောသူကိုပင် ယောင်လည်လည်ဖြစ်အောင် ဖြေကြလေသည်။ တော်လဲ တော်ကြပါပေရဲ့။
နောက်ဆုံး၌ မြို့ပိုင်မင်းလည်း အချို့ကို ပယ်၍ အချို့ကို လက်မှတ်ထုတ်၍ ပေးလိုက်လေသတည်း။ လက်မှတ်ရလာသူများအနက် ဘိုးအောင်၊ ထွန်းစိန်၊ စံဦး၊ မောင်မြ၊ လုံထော်တို့လည်း ပါကြလေသည်။ လက်မှတ်ကလေးတွေ ကိုယ်စီနှင့် ထွက်လာကြကုန်၏။ မျက်နှာတွေကား မှိုရသလို။ ကိုစံပကြီးကား မောင်ခင်နှင့် မသင့်သူဖြစ်သောကြောင့် ရုံးအပြင်ဖက်တွင် ဟိုတိုး သည်တိုးနှင့် နေရရှာ၏။ သနားစရာ ခမျာမှာ လက်မှတ် မရသဖြင့် အခက်။
အင်းသားကြီးဟောင်း ဦးငွေရ၊ ဦးစံဖူး၊ ဦးဘိုးထွန်း၊ ဦးဘသာတို့ကား စောစောပင် လက်မှတ်ရထားသူများ ဖြစ်ကြသောကြောင့် တိုးဝှေ့နေကြသူများတွင် မပါဝင်။ ခပ်အေးအေးပင် ကုက္ကိုပင်ရိပ်တွင် ဆေးလိပ်ကာ ကွမ်းစားကာနှင့် ထိုင်နေကြလေသည်။ သူတို့၏နောက်လိုက်များကား ဝိုင်းလျက်။
မောင်မြကား လက်မှတ် ရလာသည်နှင့်တပြိုင်နက် အင်းသားကြီး ဦးငွေရတို့ ထိုင်နေရာသို့ ရောက်လာလေသည်။ မျက်နှာထားရွှင်ပျစွာ ထားလျက်နေ၏။ မောင်မြ ရလာသော လက်မှတ်ကား ပန်းလှိုင်ရေကျော်အင်းအတွက် လက်မှတ် ဖြစ်လေသည်။ ပန်းလှိုင်ရေကျော် အင်းသားကြီးဟောင်း ဦးငွေရကား လက်မှတ်ကို မောင်မြလက်ထဲ မြင်လိုက်သည်နှင့်တပြိုင်နက် မျက်နှာပျက်လျက် သွားတော့၏။ ထိုအင်း မိမိလက်မှ လွတ်သွားက ခက်လေတော့မည်။ ဦးငွေရ၏မယား ဒေါ်ရုကား မျက်နှာကြီး စူလျက်။
မောင်မြကား ပန်းလှိုင်ရေကျော်အင်းကို နှစ်ထောင်အထိ တက်ပေးမည်ဟု ဦးငွေရ မကြားတကြား ပြောလျက်နေ၏။ ဦးငွေရ မျက်နှာနီ၍ လာလေပြီ။ မိမိက တထောင်ထက် ပို၍မပေးနိုင်။ တစ်ထောင်နှင့်ရမှ ငွေနှစ်ရာလောက် မြတ်မည်။ မောင်မြကား ပစ္စည်းမရှိသူ မှန်၏။ သို့သော် အင်းဆွဲရန် လက်မှတ်ရသူ ဖြစ်လေသည်။ နောင်ခါမှ ဖြစ်ချင်ရာဖြစ်၊ နှစ်ထောင်များ ပေးလိုက်မှဖြင့် မိမိတို့ အလုပ်လက်မဲ့ ဖြစ်လေတော့မည်။ အခက်ကြီးနှင့် ကြုံရပေ၏။ မောင်မြကား လက်မှတ်ကို ဝင့်ကာဝင့်ကာနှင့် စကားများလျက်နေလေတော့သည်။
ဦးငွေရတို့လင်မယားကား ချွေးပြိုင်ပြိုင် ယိုကာ ကျလေပြီ။ နောက်ဆုံး၌ ဦးငွေရက မောင်မြအား မိမိအင်းကို ဝင်၍ လုမဆွဲရန် တောင်းပန်ရှာ၏။ မောင်မြကား တောင်းပန်၍မရ။ ခရီးစရိတ် ငွေအစိတ်ကို ထုတ်၍ပေး၏။ နည်းသေးသည်။ မယူ။ သုံးဆယ်ပေး၏။ နည်းသေးသည် မယူ။ လေးဆယ်ပေး၏။ နည်းသေးသည် မယူ။ ငါးဆယ်ပေးမှ ကျေနပ်လေတော့၏။ ငွေငါးဆယ်ရလျှင် မောင်မြလည်း မောင်တူ၏ဖဲဝိုင်းသို့ စိုင်းလေပြီ။ ဦးငွေရကား အင်းမှ မဆွဲရ သေးမီ ငါးဆယ် ထွက်ရရှာ၏။ ဤနည်းအတိုင်း ဘိုးနီနှင့် သာဟန်တို့လည်း အင်းသားကြီးဟောင်း ဦးဘိုးထွန်းနှင့် ဦးဘသာတို့ထံမှ ငွေသုံးဆယ်စီ ရခဲ့ကြလေသည်။ တရုတ်အပြန့်၏ အရက်ဆိုင်သို့ ခြေဦးလှည့်ကြလေပြီ။
ရန်ကုန်မှ ယနေ့ နံနက် ရောက်၍လာသော ငါးပွဲစား မောင်ကန်မှာလည်း ခေါင်းပေါင်းစ တထောင်ထောင်နှင့်ပင်။ သူ၏နောက်မှ အင်းသားကြီးဟောင်းများ၊ အင်းသားကြီးလောင်းများ တကောက်ကောက်နှင့် မခွါနိုင်ကြ။ သူ၏ အိတ်ထဲတွင် ငွေ နှစ်ထောင်ပါလာသည်ဟု ကြားရ၏။ စပေါ် ငွေပေးရန် သူ့ထံမှ မျက်နှာသေကလေးများနှင့် ငွေတောင်းနေကြလေသည်။ အင်းဂရန်ကို အပေါင်ထားမည် ဆိုသူက ဆို။ အင်းမှထွက်သော ကုန်များကို ပေါပေါနှင့် ပေးမည်ဆိုသူက မရှား။ အမျိုးမျိုး ချော့ကာမော့ကာ မောင်ကန်ထံမှ ငွေထွက်အောင် ညှစ်၍နေကြကုန်၏။ ဤအခါတွင် မောင်ကန်ကား နတ်သိကြားထက်ပင် တန်ခိုးကြီးပေသေး၏။ ယပ်ခတ်ပေးသူကပေး။ ရေယူပေးသူတွေကလည်း အများ၊ တော်တော်ပင် ခမ်းနားပေသည်။
သို့နှင့်ပင် နယ်ပိုင်ရုံးဝင်း တဝင်းလုံး ဟိုစုရုံး သည်စုရုံး၊ ဟိုလူးလာခပ်၊ သည်လူးလာခပ်၊ ဟိုပြောသည်ပြောနှင့် တသောသော နေကြလေတော့သည်။
ရုံးအောက်က လက်ဖက်ရည်ဆိုင်ရှင် ဒေါ်သိန်းခင်မှာလည်း အရောင်းရ တွင်သောကြောင့် တပြုံးပြုံး။ လက်ပင်မလည်နိုင်။ နယ်ပိုင်ရုံးတွင် တနှစ်ပတ်လုံး ဤအခါကဲ့သို့ လူစည်ကားခြင်း တခါမျှ မရှိခဲ့ဘူး။ အင်းဆွဲရန် လက်မှတ်ရသူတို့ကား တရွှင်ရွှင်။ မရသူတို့က တမှိုင်မှိုင်။ မောင်ကုလားတို့လူစုကား အင်းဆွဲနိုင်သူတွေလည်း မဟုတ်။ လက်မှတ်ရနိုင်သူတွေလည်း မဟုတ်။ ငွေကြေးဆို၍ တပြားတချပ်မျှ ရှိသူတွေလည်း မဟုတ်။ သို့ပါလျက် ခုနစ်မိုင်ခရီးမှ လာ၍ သူတကာ အင်းလေလံဆွဲသည်ကို သွားရည်ယိုသည်မှာ အံ့သြပါရဲ့။
သို့နှင့်ပင် ဆယ်နာရီ ထိုး၏။ ထို့နောက် ဆယ်နာရီ ခွဲ၏။ နယ်ပိုင် မောင်လူအေး လာလေပြီ။ အားလုံး ဝိုင်း၍ကြည့်ကြ၏။ “တယ်ဆိုးတဲ့ နယ်ပိုင်” “တယ်ကြမ်းတဲ့ နယ်ပိုင်” စသည်ဖြင့် တီးတိုးစကား ပြောကြလေသည်။ မောင်လူအေးကား ရှေးအခါက လူအေးဖြစ်သည် မှန်၏။ ယခု လူသရမ်းတွေနှင့် လုပ်နေရသောကြောင့် လူကြမ်းဖြစ်နေလေပြီ။ အရေးပိုင်ကား သူ၏သင်္ဘောထဲတွင် ရှိသေး၏။ အရေးပိုင်လာမှ လေလံပွဲ စသည်။ အရေးပိုင်မင်း အလာကိုသာလျှင် စောင့်စား၍နေကြကုန်၏။ လေလံဆွဲမည့်သူများ၏ စိတ်ထဲတွင် တထိတ်ထိတ်နှင့် နေလေတော့သည်။
လေလံပစ်မည့်နေရာကား နယ်ပိုင်မင်းရုံးအောက်တွင် ဖြစ်၏။ အရေးပိုင်မင်း ထိုင်ရန် ခုံမြင့်ကလေး ပြုလုပ်၍ထားလေသည်။ အခြားအရာရှိများကား မြေပြင်၌ ကုလားထိုင်များပေါ်တွင် ထိုင်ကြရမည်။ ဆယ့်တနာရီ ထိုးသည်နှင့် တပြိုင်နက် အရေးပိုင်မင်း ပေါက်၍လာလေသည်။ နယ်ပိုင် မောင်လူအေးလည်း ခရီးဦးကြိုပြု၍ ခုံမြင့်ရှိရာသို့ ခေါ်ခဲ့၏။ ရောက်လျှင် နှစ်ယောက်သား ခုံမြင့်ပေါ်ရှိ ကုလားထိုင်နှစ်လုံးတွင် ယှဉ်ကာ ထိုင်ကြလေသည်။ မြို့ပိုင်၊ အခွန်ဝန်၊ အင်းခွန်ဝန်တို့လည်း အသီးသီး မိမိတို့နေရာများတွင် ထိုင်ကြလေသည်။ အင်းဆွဲမည့်သူများနှင့်တကွ မိမိတို့၏နောက်လိုက်များပါ ထိုနေရာသို့ ဝိုင်း၍လာကြ၏။ ထိုသူတို့ရောက်သည်နှင့် တပြိုင်နက် အခွန်ဝန်မင်းက အင်းအမှုတွဲ တတွဲကို ကိုင်ပြီးလျှင် “ပန်းလှိုင်ရေကျော်အင်း" ဟူ၍ အော်လိုက်လေသည်။ အနားတွင် ထိုင်နေကြသော သူတို့လည်း ဟိုကြည့် သည်ကြည့်နှင့် လုပ်နေကြ၏။ အတန်ကလေးကြာလျှင် ထောင့်တထောင့်မှ ဦးငွေရကြီး ထ၍ လာလေသည်။ အားလုံးသောပရိသတ်တို့ သူ့အား စိုက်၍ ကြည့်နေကြလေသည်။ အခြား မည်သူ ထမည်နည်း။ မည်သူတဦးမျှ မထ။ ဦးငွေရ စိတ်အေးသွားလေတော့သည်။ မောင်မြအား ငါးဆယ်ပေးလိုက်ပြီမဟုတ်ပါလော။
ဦးငွေရလည်း အရေးပိုင်မင်းတို့ရှေ့သို့ ရောက်လေပြီ။ အင်းဆွဲရန် လက်မှတ်ကို အခွန်ဝန်မင်းအား ကမ်းပေးလိုက်၏။ အခွန်ဝန်မင်းလည်း အမှုတွဲနှင့် လက်မှတ်ကိုပါ အရေးပိုင်မင်းထံ ကမ်း၍ ပေးပြန်၏။
အရေးပိုင်မင်း။ ။သည်အင်းကို ဘယ်လောက်ပေးမလဲ ဦးငွေရ။
ဦးငွေရ။ ။ငါးရာပေးပါမည် ဘုရား။
အရေးပိုင်။ ။မရောင်းနိုင်ဘူး။ မနှစ်က တထောင်နဲ့ ရောင်းတယ်။
ရ။ ။မနှစ်က ရှုံးပါ ဘုရား။
နယ်ပိုင်။ ။မနှစ်က ရှုံးပေမဲ့ သည်နှစ် မြတ်မယ်။
ရ။ ။မြတ်မှာ ဟုတ်ပါဘူး။ ဆားဈေးတွေက တက်နေပါဘုရား။
အင်းခွန်ဝန်။ ။ခင်ဗျား တထောင်နဲ့တောင် မြတ်သေးတာ ကျုပ်အသိနဲ့။ လာညာနေပြန်ပြီ။
ရ။ ။ရှုံးပါ ဘုရား။ ဘယ်အကျိန်မျိုးဘဲ ပေးပေး။
အခွန်ဝန်။ ။သည်ထက် တက်မပေးနိုင်ဘူးလား။
ရ။ ။ခုနစ်ရာ့ငါးဆယ်ပေးပါ့မယ် ဘုရား။ သည့်ထက် တက်မပေးနိုင်တော့ပါ။ ဒါအများဆုံးပါဘဲ။
အရေးပိုင်။ ။သည်ဈေးနဲ့ မရောင်းဘူး။ နည်းတယ်။
ရ။ ။မနည်းပါ ဘုရား။ များတောင် နေပါသေးတယ်။
(ပရိသတ်က ရယ်ကြ၏။)
နယ်ပိုင်။ ။များတယ် ထင်ယင် လေလံချိုးထားလိုက်မယ်။ တက်မလား၊ မပေးဘူးလား။
ရ ။ ။ရှစ်ရာ ပေးပါ့မယ် ဘုရား။ သည်ထက်တော့ မပေးနိုင်တော့ပါ။
အရေးပိုင်။ ။ကောင်းပြီ။ ရှစ်ရာနဲ့ တနှစ်ရောင်းမယ်။ အင်းသားကြီးဟောင်း ဖြစ်လို့ ပေးတယ်။ သိလား။ စပေါ်ငွေ ရှစ်ဆယ်ပေးရမယ်။
ရ။ ။“ပေးပါ့မယ်” ဆို၍ အခွန်ဝန်ကို ငွေထုတ်ပေး၏။
အခွန်ဝန်က ငွေတိုက်တွင် သွား၍ အသွင်းခိုင်းလေသည်။ ဦးငွေရလည်း ပြုံး၍ ထွက်သွားလေတော့၏။ မနှစ်ကထက် နှစ်ရာတောင် သက်သာလေသည်။ သူ၏သားမယား ဆွေမျိုး နောက်လိုက်တစုတို့လည်း တပြုံးပြုံးနှင့် နောက်က လိုက်လာကြလေသည်။ အထက်ပါနည်းအတိုင်း လုသူမရှိဘဲ လျှော့ဈေးနှင့် ရောင်းလိုက်ရသော အင်းပေါင်း ၁ဝ-အင်းခန့် ရှိလေပြီ။
အခွန်ဝန်မင်းက “တပေကုလားအင်း” ဟု အော်လိုက်သည်နှင့်တပြိုင်နက် ဘိုးအောင်နှင့် ကုလားကြီးကို ထောင့်တထောင့်စီမှ ထ၍ လာကြလေသည်။ ပရိသတ်လည်း အုတ်အုတ်ကျက်ကျက် ဖြစ်သွား၏။ လက်မှတ်အသီးသီး ကမ်းပေးကြ၏။ ကုလားကြီးကား အင်းသားကြီးဟောင်း၊ သူတို့၏အမည်များကို အရေးပိုင်မင်း အမှုတွဲတွင် မှတ်လေပြီ။ ပြီးသည်နှင့် တပြိုင်နက် လေလံပစ်တော့မည် လုပ်၏။ ကုလားကြီးက “လျှောက်ပါရစေ” ဟုဆို၏။
အရေးပိုင်။ ။ဘာလျှောက်လိုသလဲ။
ကုလားကြီး။ ။အခု လေလံမှာ ဝင်လုတဲ့ မောင်ဘိုးအောင်ဟာ အခွန်မကြေတဲ့ အင်းသားကြီးဟောင်း ကိုသာလူက ထောင်ဆွဲသူ ဖြစ်ပါတယ် ဘုရား။
(အထက်ပါအတိုင်း မောင်ကုလားကြီးက ပုတ်လိုက်လျှင် ပရိသတ်ကြီးလည်း အုတ်အုတ်ကျက်ကျက် ဖြစ်သွား၏။)
အရေးပိုင်။ ။မောင်ကုလားကြီး ပြောတဲ့အတိုင်း မှန်သလား မောင်ဘိုးအောင်။
ဘိုးအောင်။ ။မဟုတ်ရပါ ဘုရား။
ကုလားကြီး။ ။မယုံလျှင် သူကြီးကို မေးပါ။
သူကြီးကိုခေါ်၏။ သူကြီးဦးဘိုးရှင် နေရာမှထ၏။
အရေးပိုင်။ မောင်ကုလားကြီး ပြောတဲ့အတိုင်း မှန်သလားသူကြီးမင်း။
သူကြီး။ ။မှန်ပါတယ် ဘုရား။
(ခက်ပြီ၊ ခက်ပြီ။ ခွေးမသား သူကြီး။ ငါတို့ကို သတ်ပြီ။ စောစောကတော့ လက်မှတ်ပေးပြီး အခု အချက်ထဲကျမှ လုပ်လေတယ်။ နေနှင့်အုံး။ တနေ့တော့တွေ့ရမယ်။)
အရေးပိုင်။ ။မောင်ဘိုးအောင် လေလံ မဆွဲနိုင်ဘူး။
မောင်ဘိုးအောင်လည်း သူကြီးအပေါ်တွင် အခဲမကျေဘဲ မျက်နှာသေကလေးနှင့် လေလံပွဲမှ ထွက်ကြွ၍ သွားလေပြီ။ ပရိသတ်ထဲမှ အချိုက ဝမ်းသာ၏။ အချို့က ဝမ်းနည်းလေသည်။ ။ သည် တပေကုလားအင်းကို မောင်ကုလားကြီးအား တထောင့်ခြောက်ရာနှင့် ရောင်းလိုက်လေပြီ။ ကုလားကြီးတို့လူစု ဝမ်းမြောက်ဝမ်းသာနှင့် ထွက်၍သွားကြ၏။ ပြီးလျှင် အခွန်ဝန်မင်းက “မက်ခင်းကြီးအင်း”ဟူ၍ အော်လိုက်၏။
မောင်ပန်းဦးနှင့် မောင်သိန်းမောင်တို့ တထောင့်စီမှ ထ၍လာကြလေသည်။ အသီးသီး လက်မှတ်များကို ကမ်း၍ပေး၏။ မောင်ပန်းဦးကား ဣန္ဒြေရရ။ မောင်သိန်းမောင်ကား အရက်မူးလျက် ယိုင်တိယိုင်တိုင်။
အရေးပိုင်မင်းလည်း ထိုသူတို့၏နာမည်များကို အမှုတွဲတွင် ရေးပြီးနောက် ပန်းဦးဖက်သို့ လှည့်လျက် “သည်အင်းကို ဘယ်လောက်ပေးမလဲ”ဟု မေး၏။
ပန်းဦး။ ။၂,၅ဝဝိ ပေးပါမယ် ဘုရား။
အရေးပိုင်မင်း။ ။သိန်းမောင်ကော။
သိန်းမောင်။ ။၂,၇၅ဝိ ပေးပါမယ်။
ပန်းဦး။ ။၃,ဝဝဝိ။
သိန်းမောင်။ ။၃,၅ဝဝိ။
ပန်းဦး။ ။၄,ဝဝဝိ။
သိန်းမောင်။ ။၄,၅ဝဝိ။
(အရေးပိုင်မင်းက “မနှစ်က ၂,၅ဝဝ နဲ့ ရောင်းတယ်။ စဉ်းစားပြီး ဆွဲကြ။ အမြတ်မရှိဘဲ မခံချင်လို့ ဆွဲယင် အလကားဘဲ”ဟုဆို၏။)
ပန်းဦး။ ။၅,ဝဝဝိ။
သိန်းမောင်။ ။၅,၅ဝဝိ။
ပန်းဦးအား သူ၏မိတ်ဆွေများက ဆွဲ၍ထားကြ၏။ ရုန်း၍ထ၏။ မထနိုင်။
အရေးပိုင်မင်း။ ။၅,၅ဝဝိ-တခါ။ ၅,၅ဝဝိ။
ပန်းဦး။ ။၆,ဝဝဝိ
(ဆွဲထားရာမှ)
သိန်းမောင်။ ။၆,၅ဝဝိ။
ပန်းဦးကား မူးနေသူ မဟုတ်။ သို့သော် မခံချင်သော စိတ်မိုက်က သွေးဆောင်လျက်နေ၏။ မိမိမယားက မိမိ၏လုံချည်စကို ဆွဲထားလေသည်။ အကယ်၍ ၆,၅၀ဝိ ထက် ပို၍ပေးလိုက်လျှင် ၃ဝဝဝ ကျော် ရှုံးပေလိမ့်မည်။ မိမိ၌ စိုက်ဆောင်စရာ ငွေသုံးထောင်လည်း မရှိ။ ၆,၅ဝဝိ ထက်ပို၍ တက်ပေးလိုက်လျှင် မိမိထောင်ကျမည်မှာ ဧကန္တ။ ထောင်ကျရုံမက မိမိ၏သားမယားတို့လည်း အတိဒုက္ခ ရောက်ကြပေလိမ့်မည်။ မျက်စိတဖက်တွင် ထောင်ကြီးကို မြင်လျက် နေ၏။ အခြားတဖက်တွင်ကား သိန်းမောင်က မိမိအား လူကြောက်ဟု ခေါ်နေသည်ကိုလည်းကောင်း၊ ပရိသတ်တို့က သတ္တိကြောင်သူဟူ၍ ခေါ်နေသည်ကိုလည်းကောင်း မြင်လျက်နေလေသည်။ ထောင်ကို ကြောက်သော စိတ်ကောင်းနှင့် မခံချင်သော စိတ်ရိုင်းတို့၏အကြားတွင် ပန်းဦးကား မှိုင်တွေတွေကြီး နေလေတော့သည်။
အရေးပိုင်မင်း။ ။၆,၅ဝဝိ-တခါ။ ၆,၅ဝဝိ နှစ်ခါ။ ၆,၅ဝဝိ နှစ်ခါ။
ပန်းဦး။ ။၇,ဝဝဝိ။
သိန်းမောင်ကား မထနိုင်ပြီ။ သူ၏ပါးစပ်ကို မယားနှင့်ဆွေမျိုးတွေက ပိတ်၍ထားကြလေသည်။
အရေးပိုင်မင်း။ ။၇,ဝဝဝိ တခါ။ ၇,ဝဝဝိ နှစ်ခါ။ ၇,ဝဝဝိ သုံးခါ။
ပန်းဦး မက်ခင်းကြီးအင်းကို ၇,ဝဝဝိနှင့် ရသွားလေပြီ။ အကျိုးရှိသောရခြင်းမျိုးမဟုတ်။ ဧကန္တ ထောင်ကျမည့် ရခြင်း ဖြစ်လေသည်။ မခံချင်သောစိတ်ရိုင်းက ချယ်လှယ်သောကြောင့် အင်းသားကြီးတွေ ထောင်နန်းစံဘူးကြသည်မှာ များလေပြီ။ ပရိသတ်အထဲမှ အချို့က ပန်းဦး၏သတ္တိကို ချီးမွမ်းကြ၏။ အချို့က လူမိုက်၊ အရူးဟု ခေါ်ဆိုကြလေသည်။ ပန်းဦးကား အင်းကို ရသော်လည်း ဝမ်းမသာပြီ။ မိမိ၏ပျက်စီးရာ ပျက်စီးကြောင်း အင်းကြီးပေတည်း။ တသက်လုံး စုဆောင်း၍ထားသော ငွေကလေး ၁၅ မိနစ်အတွင်း ပျက်စီးခြင်းသို့ ရောက်ရပေတော့မည်။ ပစ္စည်းပျက်စီးခြင်းကား မထောင်းတာ။ ထောင်အတွင်းသို့ရောက်ခြင်းကား မခံနိုင်စရာ။ ဣနြေ္ဒမပျက်ရန် ဟန်ဆောင်ပါသော်လည်း မျက်နှာမူကား ဣနြေပျက်ကြောင်း သက်သေခံလျက်ပင်။ ဤကား မခံချင်သောစိတ်၏ တာသွားပုံတည်း။
အရေးပိုင်မင်းနှင့် အရာရှိများလည်း အစဉ်အတိုင်း အင်းများကို လေလံတင်လျက် သွားကြ၏။ လေးနာရီထိုးလျှင် အင်းပေါင်း ၉၀ ပြီးလေပြီ။ ဤမျှနှင့် လေလံပွဲကြီး ပြီးဆုံးခြင်းသို့ ရောက်တော့သတည်း။
-------------------------
#သိပ္ပံမောင်ဝ
ဂန္ထလောက၊ ၁၂၉၅ ခု၊ ကဆုန်လ။
Comments
Post a Comment