နယ်ပိုင်မင်း

#နယ်ပိုင်မင်း

ဆယ်ပေပတ်လည် အခန်းကလေးအတွင်း စိတ်ရှုပ်၍နေသူကား နယ်ပိုင်မင်း မောင်လူအေး ဖြစ်၏။ ထိုဆယ်ပေပတ်လည် အခန်းကလေးကား နယ်ပိုင်မင်း၏ ရုံးခန်းဖြစ်လေသည်။ ထိုအခန်းနှင့် မျက်နှာချင်းဆိုင်အခန်းကား နယ်ပိုင်မင်း၏တရားခွင်ဖြစ်၏။ ဘေးချင်းကပ်လျက်နေသော အခန်းကား နယ်ပိုင်စာရေးများ၏အလုပ်ခန်း၊ ကျောချင်းကပ်အခန်းကား ရာဘက်တရားသူကြီး ဦးဘသော်၏အခန်းတည်း။ အောက်ထပ်တွင်ကား တရားခံများ ချုပ်ထားရာ အခန်း၊ ဘိလစ်၏အခန်း၊ ရှေ့နေများ နေရာအခန်းများ ရှိလေသည်။ ဤမျှနှင့် နယ်ပိုင်ရုံးတော်၏ ပုံပန်းပေါ်လောက်ပြီ။

မောင်လူအေးသည် မိမိရုံးခန်းအတွင်း အလုပ်ရှုပ် စိတ်ရှုပ်နေခိုက်တွင် ရာဘက်တရားသူကြီး ဦးဘသော်က သက်သေများအား ငေါက်နေသောအသံကို အတိုင်းသားကြားရ၏။

“မောင်မင်းကို မေးတာကတခြား၊ မောင်မင်းဖြေတာက တမျိုး၊ ငါ ဘာကို ရေးရမလဲ၊ ရုံးတော်ကို မောင်မင်းစိတ်ထဲမှာ ဈေးထင်သလား၊ အောင်မယ် ပြုံးနေပြန်ပြီ။ ငါ့များ မင်းရည်းစား ထင်နေသလား၊ သက်သေလိမ်ပြီး ထွက်မယ်မကြံနဲ့။ အခုထောင်ကျသွားမယ်” စသော အသံများသည် ထရံနှစ်ဖက်ကို ထိုးဖောက်ပြီးသကာလ မောင်လူအေး၏နားထဲသို့ စူးဝင်၍ သွားတော့၏။

အခြားဖက် အခန်းတွင်ကား နယ်ပိုင်စာရေးကြီး ဦးဘတိုးက အခွန်လာသွင်းသူများ နောက်ကျသောကြောင့် ဆူပွက်လျက်နေ၏။

“ခင်ဗျားတို့ကို ချိန်းထားတာ လေးငါးရက်ရှိပြီ။ အခုမှလာလို့ ကျုပ် ဘာလုပ်တတ်မှာတုံး။ ဒဏ်ငွေသာ ပေးပေတော့။ ခင်ဗျားတို့ ဖိုးအေ နယ်ပိုင်က တောင်းပန်လို့ ရမှာမဟုတ်ဘူး” စသော အသံများသည်လည်း မောင်လူအေး၏ ရှုပ်နေသော နားအတွင်းသို့ ချဥ်းနင်းဝင်ရောက်လျက်နေ၏။

ဒုတိယစာရေး ဖန်ကတုံး မောင်ဖျန်စိန်ကား မိမိရှေ့စားပွဲပေါ်တွင် တင်ထားသောစာရင်းစာအုပ်တွေ အမှုတွဲတွေ တပုံကြီးနှင့် အလုပ်ရှုပ်လျက်နေ၏။ ဤမျှအလုပ်ရှုပ်နေစေကာမူ ဆေးလိပ်ကိုကား လက်မှမချ။ စီးကရက်တလိပ်ပြီးတလိပ် ဖွာလျက်နေ၏။

တတိယစာရေး ဘကွန်းကား ဘာအလုပ်ရှုပ်နေမှန်းမသိ။ အခန်းထဲတွင် ဟိုလျှောက်သည်လျှောက်နှင့် နေ၏။

ရုံးပြာတာဖြစ်ကြကုန်သော ပန်ဒစ်နှင့် မဟာရန်တို့ကား နယ်ပိုင်အခန်းထဲသို့ အမှုတွဲတွေ စာရွက်တွေ ယူကာ ဝင်လာ၊ အခန်းထဲမှ ယူသွားစရာရှိတာတွေကို ယူသွားကာနှင့် အလုပ်များနေရှာကြကုန်၏။ ခုဝင် ခုထွက်နှင့် ခြေညောင်းစရာ။

နယ်ပိုင်စားပွဲပေါ်တွင်ကား စာရွက်တွေ အမှုတွဲတွေနှင့် ရှုပ်နေလိုက်သည်မှာ အပ်ချစရာပင် နေရာလပ်မရှိ။ စားပွဲပေါ်တွင်မျှ မကသေး။ အနီးရှိ ကုလားထိုင်တွေမှာလည်း အလွတ်မရှိ။ အနားရှိ ဘီရိုပေါ်တွင်လည်း အလွတ်မရှိ။ ကြမ်းပြင်ပေါ်တွင်လည်း အလွတ်မရှိ။ များလိုက်တဲ့ဖြစ်ခြင်း၊ မောင်လူအေး ယင်းတို့ကိုမြင်လျှင် စိတ်အပင်ပန်းကြီး ပင်ပန်းလျက်နေတော့၏။

ဤသို့စိတ်ပင်ပန်းစွာနှင့် အလုပ်တွေကို ကြည့်နေစဉ် အပြင်ဖက်မှ ပြာတာမောင်ဘိုးရွှေသည် အသံဝါကြီးဖြင့် ကျယ်လောင်စွာ“လျှောက်လွှာ လျှောက်လွှာ နယ်ပိုင်မင်း လျှောက်လွှာ” ဟူ၍ သုံးကြိမ်တိုင်တိုင် အော်လိုက်ပေ၏။ သူ၏အသံကြီးကို ကြားလိုက်သည်နှင့်တပြိုင်နက် တရုံးလုံး တိတ်ဆိတ်၍သွားလေတော့၏။ ထိုအသံဝါကြီးမှာ ပဲ့တင်ထပ်၍သွား၏။ ကိုက်တရာအတွင်းမှပင် ကြားရ၏။
တကယ့်အသံကြီး ဖြစ်ပေသည်။

ပြာတာမောင်ဘိုးရွှေ၏ “လျှောက်လွှာ” ဆိုသော ပဲ့တင်သံကြီးမျှ မစဲမီ၊ အင်္ကျီညစ်ညစ်၊ လုံချည်ညစ်ညစ် ဆံပင်စုတ်ဖွားနှင့် လျှောက်လွှာတစောင်ကို ကိုင်ကာ အခန်းတွင်းသို့ မိန်းမတယောက် ဝင်၍လာ၏။ အသူနည်း။ မဘုမဖြစ်ပါသည်။ အဘယ်ကြောင့်လာပါသနည်း။ မနေ့က မရွှေသောင်း၏ခွေးနက်ကြီးက မိမိအား ကိုက်သောကြောင့် တရားစွဲရန်ဖြစ်ပါသည်။ ကိုက်တတ်သောခွေးကို မွေးထားပြီး အဘယ့်ကြောင့် ကောင်းစွာ မသိမ်းထားပါသနည်း။ ဤအမှုကား လူကြီးရုံးနှင့် သင့်တော်၏။ လူကြီးရုံးသို့ လွှဲလိုက်လေသည်။

ထိုမဘုမမှ ထွက်သွားမည် မလုပ်သေး။ ခေါင်းပေါင်းစ ထောင်ထောင်၊ မျက်နှာပြောင်နှင့် လူတယောက် လျှောက်လွှာကလေးကိုင်ကာ ဝင်လာပြန်၏။ လူကြီးလူကျယ်တယောက်နှင့် တူလေသည်။ အဘယ်ကြောင့် လာပါသနည်း။ အင်္ဂလာသူကြီးနှင့် ပတ်သက်၍ လျှောက်ထားရန် ဖြစ်ပါသည်။ အင်္ဂလာသူကြီးသည် မိမိအား မတရားဒဏ်ရိုက်လိုက်သဖြင့် ထိုသူကြီးအား စစ်ဆေးပြီး အပြစ်ပေးရန် လျှောက်ထားခြင်းဖြစ်လေသည်။ မောင်လူအေးလည်း မိမိ၏ နေ့စဉ်မှတ်တမ်းစာအုပ်ကို ဖွင့်၍ကြည့်၏။ ရက်ချိန်းတွေ ပြည့်နေပြီဖြစ်သောကြောင့် ဆိုင်ရာမြို့ပိုင်ထံ စစ်ဆေးရန် ပို့လိုက်၏။

ထိုလူထွက်သွားသည်နှင့်တပြိုင်နက် ဝင်၍လာသူကား တရုတ်အစန်ဖြစ်၏။ တနေ့က အင်းမရွာတွင် အလုပ်မရှိ လူမိုက်ဘွဲ့ရ ငဘိုးညန်က အလကားသက်သက် နေ့လယ်ကြောင်တောင်တွင် လမ်းလျှောက်နေခိုက် ပါးနားရိုက်သဖြင့် နာကျင်စေမှုနှင့် တရားစွဲရန်ဖြစ်၏။ ထိုအမှုကား ဒုတိယမြို့ပိုင်ကလေးနှင့် သင့်လျော်လေသည်။ သူအား လွှဲပေးလိုက်၏။

အောင်မယ် ဗျင်းစွဲသူကြီး ဘိုးရွှေအုပ်ပါကလား။ ဘာကိစ္စပါလိမ့်။ လျှောက်လွှာကြီးကို ဆုပ်ထားလိုက်သည်မှာ ကြေမွ၍ပင်သွားပေပြီ။ နောက်နားကလဲ လူလေးငါးယောက်။ ရွာကော်မီတီဘိုးလှ၊ ဘသောင်း၊ ဦးကုလားတို့ပါကလား။ အကြောင်းများ ထူးလာကြသလား။ အင်း ....လူဆိုးဘိုးမောင် ရွာထဲတွင် သောင်းကျန်းနေသောကြောင့် တရာ့တဆယ်လုပ်ရန် လျှောက်ထားကြပေသကိုး။ လျှောက်တာကတော့ ကောင်းပါရဲ့။ သည်အကောင် တကယ်ဘဲ ဆိုးသလား သူကြီးမင်းရဲ့။ ဆိုးမှလဲ လုပ်ကြပါ။ မတော်တဆ လူကောင်းဖြစ်နေပါ့မယ်။ သူတို့အားလုံးကို စစ်ဆေး၏။ ပြီးလျှင် ဘိုးမောင်ကို ဖမ်းရန် ဝရမ်းထုတ်ပေးလိုက်လေသည်။ သူကြီးလည်း ပြုံးလျက် ထွက်သွား၏။ ငါလိုသူကြီးကို ဘယ်လိုအကောင်မှတ်သလဲဟု ကြိမ်းဝါးသွားပုံရလေသည်။

ထို့နောက် ဝင်လာကြသူတို့ကား ဆယ့်ငါးယောက်ခန့်ရှိလေသည်။ အသက်ခပ်ကြီးကြီးလည်းပါ၏။ အသက် ခပ်ငယ်ငယ်လည်းပါ၏။ အဝတ်အစားပြောင်ပြောင်နှင့်လည်းပါ၏။ အဝတ်အစားညစ်ထေးစွာနှင့် ယောက်ျားက အများ၊ မိန်းမက သုံးလေးယောက်၊ ကလေးသုံးယောက်လည်း သူတို့၏မိဖများနှင့် ပါလာ၏။ ဘုမသိ ဘမသိ။ ကြောက်ရမှန်းမသိ။ လန့်ရမှန်းမသိ။ မျက်လုံးကလေးများ ကြောင်တောင်တောင်နှင့် နယ်ပိုင်မောင်လူအေးအား ကြည့်နေကြကုန်၏။ ထိုလူစုတွင် ခေါင်းဆောင်ဟူ၍ မှတ်ထင်ရသော အသက် ငါးဆယ်ခန့်လူ၏လက်ထဲတွင် လျှောက်လွှာ တစောင်ပါ၏။ ထိုလျှောက်လွှာက အခြားမဟုတ်။ မကြာမီက ဓားပြတို့ကို မခုခံသောကြောင့် အစိုးရမင်းက ဒဏ်ရိုက်ထားသည်ကို ချမ်းသာပေးရန် ဖြစ်၏။ အဘယ်ချမ်းသာပေးနိုင်မတုံး။ အထက် အစိုးရမင်းကြီးက ဒဏ်ရိုက်သည်ကို မိမိက အဘယ်မှာလျှင် ချမ်းသာခွင့် ပေးနိုင်ပါအံ့နည်း။ ကျေနပ်အောင် ပြော၍လွှတ်လိုက်ရ၏။ ထိုလူဆယ့်လေးငါးယောက်တို့မှာလည်း မကျေနပ်။ စိတ်ပျက်ပျက်နှင့်ပင် ထွက်၍ သွားကြတော့၏။

သူတို့လူသိုက် ထွက်သွားပြီးနောက် လျှောက်လွှာကိုင်၍ ဝင်လာသူ မရှိ။ ရှင်း၍ သွားပေပြီ။ သက်မကြီးကို ချကာ နာရီမော်၍ ကြည့်၏။ တော်တော် အချိန်နှောင်းသွားပေပြီ။ စားပွဲပေါ်တွင် ပုံနေသော အလုပ်တို့ကို လုပ်ရတော့အံ့။ ဝမ်းမြောက်စွာ စီးကရက်တလိပ်ကို မီးညှိ၍ ဖွာ၏။ ပြီးမှမပြီးသေးမီ ပြာတာမောင်ဘိုးရွှေ ဝင်လာပြီးလျှင် လေးထောင့် စာရွက်ကလေးတခုကို ပေး၏။ ဝိဇ္ဇာဘွဲ့ရ မောင်စံသိန်း ဆိုသူက ငွေလိုကြောင်း စာရွက်ကလေးတည်း။ ဝင်လာရန် အမိန့်ပေးလိုက်၏။ ဝိဇ္ဇာဘွဲ့ရ မောင်စံသိန်း ဝင်၍ လာလေသည်။ ဝိဇ္ဇာတို့ဘာဝ ခန့်ခန့်ညားညားပေပင်။ ဝန်ထောက်စာမေးပွဲ ဝင်လိုသောကြောင့် အကျင့်စာရိတ္တကောင်းကြောင်း လက်မှတ်တောင်းရန် ဖြစ်၏။ ထိုဝိဇ္ဇာကလေးနှင့် တခါ နှစ်ခါ တွေ့ကြုံဘူး၏။ လက်မှတ်ကို ရေးပေးလိုက်လေသည်။ မပြန်သေး။ ကျေးဇူးတင်စကား ပြောနေသေး၏။ အောင်မယ်လေးဟဲ့နော်။ ရယင်တော်ရော့ပေါ့။ စကားရှည်နေရသေး။ ငါ့အလုပ်တွေ ကြည့်ပါပေတော့လား။ အလုပ်တွေ များနေသောကြောင့် စကားရှည်ရှည်မပြောနိုင်၍ ဝမ်းနည်းကြောင်း ပြော၍ လွှတ်လိုက်ရ၏။

ထွက်သွားလေပြီ။ အလုပ်လုပ်ရတော့အံ့။ အဘယ်မှာ လုပ်ရဦးမည်နည်း။ ရာဇဝတ်ဝန်ထောက် ပေါက်လာပြန်ပြီ။ တရာ့ကိုး တရာ့တဆယ် လုပ်ရန် လာရောက် တိုင်ပင်ခြင်းဖြစ်လေသည်။ စီးကရက်သောက်ရန်ပေးပြီး တော်တော်ကြာအောင် ဆွေးနွေးနေရ၏။ မောင်လူအေးကား များစွာ စိတ်မပါလှ။ မိမိရှေ့တွင် ပုံ၍ နေသော အလုပ်များ ဘယ်သို့ကုန်အောင် လုပ်ရမည်နည်းဟူ၍သာ စိတ်ကူးထုတ်လျက်နေသည်။

ရာဇဝတ်ဝန်ထောက်မင်းနှင့် စကားပြော၍မပြီးသေး၊ ပြာတာပန်ဒစ် ဝင်လာ၍ ကြေးနန်းစာတစောင်ကို ပေး၏။ ဖွင့်၍ ဖတ်လိုက်ရာ ဧရာဝတီမြစ်ရေတိုးသဖြင့် အစိုးရ တာများ ပြိုမှာကို စိုးရိမ်ရသောကြောင့် ချက်ခြင်း သွား၍ စီမံရန် ဖြစ်လေသည်။ အဘယ်သို့ လုပ်ရအံ့နည်း။ ခက်တော့တာဘဲ။ မနက်ဖြန်လည်း အမှုတွေ ချိန်းထား၏။ ယနေ့လည်း အမှုတွေ စစ်ရန် ရှိသေးသည်။ အလုပ်များရတဲ့အထဲ ဒါတွေက လာရှုပ်ပြန်ပြီ။ တာခေါင်းတို့၊ တာဗိုလ်တို့၊ တာဝန်ထောက်တို့၊ တာအရေးပိုင်တို့ ရှိပါလျက် မိမိတို့လို ဘာမဆိုင် ညာမဆိုင် အလုပ်များပြီးသားသူတို့ကို အဘယ်ကြောင့် အလုပ်ပေးရပြန်ပါသနည်း။ မနက်ဖြန်ကို သွားရန် စီမံရ၏။ ချိန်းထားသော အမှုများကို ပြန်၍ ရက်ရွှေ့ရပြန်၏။ ဤသို့ အလုပ်ရှုပ်နေသည်ကို မြင်လျှင် ရာဇဝတ်ဝန်ထောက်မင်းလည်း အားနာလာသဖြင့် နှုတ်ဆက်ကာ ထွက်၍သွားတော့၏။

ဤကိစ္စတော့ဖြင့် ပြီးသွားပြီ။ ရှေ့တွင် ပုံနေသော အလုပ်များကို စ၍ လုပ်ရတော့အံ့။ အမှုတွဲတခုကို ဖွင့်၏။ ကလောင်ကို ကိုင်၏။ စာတလုံး နှစ်လုံးကို ရေး၏။ ရေး၍ မပြီးသေး။ မြို့ပိုင်မင်း ပေါက်၍ လာလေသည်။ လက်ထဲတွင် အမှုတွဲတွေ တပုံကြီးနှင့်၊ ဘာကြောင့် လာပါလိမ့်။ လူခွန်၊ မြေခွန်၊ ကိုင်းခွန်၊ ဂရန်စသော အခွန်တော် အမျိုးမျိုးအတွက် တိုင်ပင်ရန် လာခြင်း ဖြစ်လေသည်။ အတော်ကြာအောင် နှစ်ယောက်သား ခေါင်းချင်းဆိုင်ကာ အကြံထုတ် ဉာဏ်ထုတ်နေကြ၏။ အကြံရခက်သဖြင့် ခေါင်းကိုက်လုမတတ်။

ဤသို့ ခေါင်းရှုပ်နေကြသည်အတွင်း ကြေးနန်းစာတစောင် ရောက်လာပြန်၏။ လန့်၍ သွားလေသည်။ ဖောက်၍ ဖတ်လိုက်ရာ စစ်ကွင်းသူကြီးအား ဓားပြများ သတ်သွားကြောင်း ချက်ခြင်း လိုက်သွားရန် ပါလေသည်။ “ချက်ခြင်း” ဆိုသော စကားသည် ခက်လှပေ၏။ အမိန့်ပေးသောသူ၌ကား လွယ်ကူ၏။ လိုက်နာရသောသူအဖို့ကား မည်မျှခက်နေရပါသနည်း။ ယခုချက်ခြင်း ထွက်သွားပါက ယနေ့ချိန်းထားသော အမှုတွေ၊ ရှေ့တွင် ပုံနေသော အမှုတွဲကို မည်သို့ လုပ်ရပါအံ့နည်း။ မနက်ဖြန်ဆိုလျှင် အစိုးရတာအတွက် သွားရဦးမည်။ ထိုနှစ်မျိုးစလုံး အရေးကြီး၏။ အဘယ်သို့ လုပ်ရအံ့နည်း။ မနက်ဖြန် ဓားပြမှုဖြစ်ရာသို့ သွားလျှင် ကောင်းလေရဲ့။ အကယ်၍ တာကျိုးသွားက မခက်ပေလော။ ဤသို့ တွေးတောယင်း အချိန်ကုန်ခဲ့၏။ မြို့ပိုင်မင်းလည်း အကြံမပေးတတ်။ အလိုက်သိစွာ နှုတ်ဆက်၍ ထွက်သွားခဲ့ဘိ၏။ ဓားပြမှုရှိရာသို့ နောက်တနေ့မှ သွားမည်ဟု ဆုံးဖြတ်လိုက်လေသည်။ နာရီကိုကြည့်လိုက်ရာ နှစ်ချက်ထိုးနေပြီ။ ဘာအလုပ်မျှလည်း မပြီးသေး။

သည်တခါ အသေအချာလုပ်တော့မည် ဟူသော မျက်နှာထားနှင့် ကလောင်ကို တင်းတင်းကြီး ကိုင်၏။ ကလောင် လက်ထဲသို့ ရောက်၍မျှ မကြာသေးမီ ခေါင်းပေါင်းစ တထောင်ထောင်နှင့် လူ ၂ ယောက် အကြောင်းမကြား ဘာမကြား ရှေ့သို့ ရောက်၍လာကြ၏။ ကုလားထိုင်တွင် ဆွဲ၍ ထိုင်ကြ၏။ ဆေးတံကြီးများကိုက်လို့။ ဘယ်သူတွေပါလိမ့်။ တော်တော်ရဲတဲ့လူတွေပါကလား။ အောင်မယ် လက်ထဲမှာလဲ စာအုပ်ကြီးတွေနဲ့ ပါကလား။ ဖြတ်ပိုင်းစာအုပ်တွေလဲ ပါရဲ့။ ထီလက်မှတ် ရောင်းသူတွေလော။ အလှူခံတွေလော။ အောင်မယ်လေးဟဲ့ ... လူတွေ အလုပ်များတုန်းမှ ရောက်လာကြတယ်။ ကိုင်းကိုင်း ဘာကိစ္စလာကြပါလိမ့်။ ကြို့ပင်ကောက် မိဘမဲ့ကျောင်းအတွက် အလှူခံပုဂ္ဂိုလ်များပေတည်း။ အော်... တော်တော်အားကြပါပေရဲ့နော်။ စကားနဲလိုသဖြင့် ချက်ခြင်းပင် ငွေနှစ်ကျပ် အိတ်ထဲမှ ထုတ်၍ ပေးလိုက်၏။ ပြန်ကြပါတော့။ အောင်မယ်လေးဟဲ့ မောင်မင်းကြီးသားတွေ ဘယ်ပြန်ကြအုံးမလဲ။ နှစ်ကျပ်ဟာ  နည်းပြန်သတဲ့။ အနည်းဆုံး ၁၀လောက် ထည့်ဖို့ ကောင်းတယ် ဆိုကိုး။ သူတို့ကတော့ အားနေကြတဲ့လူတွေ။ တရားကျအောင် ပြောနိုင်ကြမပေါ့။ သည်မှာ မအားတဲ့လူမှာတော့ အခက်ကြီး ခက်နေပြီ။ ဘယ်လိုပြောလို့မှမရ။ တောက်တဲ့ကပ် ကပ်နေတော့တာဘဲ။ နောက်ဆုံး၌ အားမနာ ပါးမနာနိုင်တော့ဘဲ နှစ်ကျပ် ယူချင်ယူ မယူချင်နေဟူ၍ ခပ်ဆတ်ဆတ်ကလေး ပြောတော့မှ ငွေနှစ်ကျပ်ကို စားပွဲပေါ်မှ ကောက်ယူသွားကြလေတော့သတည်း။ ဖြတ်ပိုင်းကိုပေးရန်ပင် သတိမရကြ။

အင်း ...အေးပြီ။ အလုပ်လုပ်ရတော့မလား အောက်မေ့ပါ။ အပြင်ဖက်က ဆူညံဆူညံနဲ့ ဖြစ်နေကြတာ ဘယ်သူတွေပါလိမ့်။ အစိုးရ မြေသိမ်းလို့ လျော်ကြေးလာယူကြသူများ ဖြစ်လေသည်။ ငွေမရကြသေးလို့ စုရုံးစုရုံးနှင့်၊ ညနေလေးနာရီ သင်္ဘောမမှီလျှင် ခက်မည်စိုးသောကြောင့် စုရုံးစုရုံးနှင့် ဆူညံနေသူများ ဖြစ်ကြလေသည်။ ချက်ခြင်း ငွေတိုက်တွင် ငွေသွားထုတ်စေ၍ အလှည့်ကျ မိမိတို့ရထိုက်သော ငွေများကို ဝေပေး၏။ လျော့နေ၍ ပြန်ပြောသူကပြော၊ ပိုသွား၍ ပြန်ပေးသူကပေး၊ ငွေအ နေသဖြင့် ပြန်လဲသူကလဲ၊ မနည်းပင် အချိန်ကုန်၍သွားလေတော့သည်။ ထိုအထဲ လျော်ကြေးပေးတာနည်းသည်ဟု ကျိန်ဆဲသွားသူတွေကလဲ ရှိသေး။ အောင်မယ်လေးဟဲ့ ဒုက္ခ။ ငွေတွေ ဝေပေးနေသည်နှင့် သုံးနာရီခွဲ၍သွား၏။

လုပ်စရာတွေလဲ အများကြီး ရှိသေး။ ဘယ်ဟာကို စ၍ ကိုင်ရမည်ပင် မသိတော့ပြီ။ ဝမ်းထဲတွင် ဟာတာတာဖြစ်၏။ ဆေးလိပ်တလိပ်ကို ညှိမည်အလုပ်တွင် အင်္ဂလိပ်ယောင်ယောင် ကုလားယောင်ယောင် အမောင် ဘောင်းဘီဝတ် တယောက် ပေါက်၍လာပြန်၏။ မောင်လူအေးကား ဟစ်၍သာ ငိုလိုက်ချင်တော့သည်။ စလိုက်သည်နှင့်တပြိုင်နက် မောင်လူအေး စကားမပြောရ။ သူကသာ ပြောလိုက်သည်မှာ မောင်လူအေး ငေး၍သာ နေရ၏။ အသူနည်း။ အသက်အာမခံတိုက်က နယ်လှည့်ကိုယ်စားလှယ် ဖြစ်လေသည်။ ပြောလိုက်တဲ့စကား အတောမသတ်ပြီ။ သူ၏ကုမ္ပဏီကောင်းကြောင်း ထိုကုမ္ပဏီတွင် အသက်ပေါင်ထားလျှင် အတိုးများစွာရမည့်အကြောင်းကို စိတ်ပါလောက်အောင် ပြောရှာ၏။ မောင်လူအေးနားထဲသို့ တခုမျှ မဝင်။ အပြင်သို့သာ ထွက်တော့၏။ နောက်ဆုံး၌“အသက် မပေါင်ဘူး”ဟူ၍ တခွန်းတည်းသာ ပြောပြီး၊ မိမိလုပ်လိုသော အလုပ်ကိုသာ ကောက်၍လုပ်တော့၏။ ထိုသူလည်း အံ့အားသင့်စွာ ထိုင်နေ၏။ နောက်မှ ထွက်သွားလေတော့သည်။

လေးနာရီခွဲပြီ။ ဘာအလုပ်ကိုလည်း ဟုတ်ဟုတ်ဟတ်ဟတ် မလုပ်ရသေး။ စိတ်ပျက်မိ၏။ စိတ်တိုမိ၏။ စိတ်ကောက်မိ၏။ ဤသို့နေခိုက် ကျယ်လောင်စွာသော သီချင်းသံကို တရားခွင်အခန်းဆီမှ ကြားလိုက်ရ၏။ စိတ်ပေါက်ပေါက်နှင့်ထွက်ကြည့်လိုက်ရာ ဘကြီးသား ပုလိပ်နှစ်ယောက်အကြားတွင် လက်ထိပ်နှင့် ရပ်နေသည်ကို မြင်ရ၏။ သည်တော့မှ အရူးမောင်အောင်လှ၏အမှုကို ချိန်းထားကြောင်း သတိရတော့၏။

အချိန်လည်း နှောင်းပြီ။ ဤအမှုကိုပင် ပြီးအောင် စီရင်မည်ဟု အမှုတွဲကို ယူကာ တရားခွင်ပေါ် တက်၏။ ရှေးဦးစွာ ထိုသူ ရူးမရူး စုံစမ်းရန် ဖြစ်၏။ အောက်ပါအတိုင်း မေးခွန်းများကို ထုတ်၏။ အောက်ပါအတိုင်း အဖြေများကို ရလေသည်။

မေး။ ။မောင်မင်း ဘယ်သူလဲ။

ဖြေ။ ။တန်ဆောင်မုန်းလ မီးထွန်းပွဲ အလွန်စည်ကားမှာဘဲနော်။

မေး။ ။မဟုတ်ဘူး။ မောင်မင်းအမည်ကို မေးတယ်။

ဖြေ။ ။ဟုတ်ကဲ့။ ပန်းမြိုင်လယ် အိုလေသာနယ်ဘွေ။ မျှော်လေတိုင်း။

မေး။ ။မောင်မင်း ဘယ်သူ့သားလဲ။

ဖြေ။ ။မိဘနှစ်ပါးရဲ့ သားပေါ့။ ဘာလီကို သုကြိတ်မြင်တော့ လိုက်ကိုက်။

မေး။ ။ဟုတ်ပြီ။ မောင်မင်းအဖေ ဘယ်သူလဲ။

ဖြေ။ ။အဖေပေါ့ဗျာ။ မေးနေရသေးသလား။ အို လေ တောမြိုင်စွန်းက။

မေး။ ။မောင်မင်းအဖေနာမည် ဘာလဲ။

ဖြေ။ ။ဦးအောင်ဇေယျပေါ့ဗျာ။ ဘာမှတ်လို့ မေးတာတုန်း။ ကျုပ်စိတ်ဆိုးလာပြီ။ ကောင်းကောင်း သီချင်းမဆိုရဘူး။

(ပုလိပ်များက ဟန့်ထားရ၏။)

မေး။ ။မောင်မင်းအဖေက ဦးအောင်ဇေယျ ဆိုလျှင် မောင်မင်းအမေနာမည် ဘာခေါ် သလဲ။

ဖြေ။ ။ အောင်မယ် လာသေးရဲ့။ သိလိုယင် ပြောမပေါ့။ လှိုင်ထိပ်ခေါင်တင် မဟုတ်လားဗျ။ ကျုပ်အမေဟာ စုံဆယ်ဖြာ ပန်ထွာဦးတင်။

​မေး။ ။ဟေ့ နေပါအုံး၊ မင်း ဘယ်မှာ နေသလဲ။

ဖြေ။ ။အခုအခါ ရေသိပ်ကြီးတယ်လို့ ဆိုကြတယ်။

မေး။ ။ မောင်မင်း ဘာဖြစ်လို့ သည်ကို ရောက်လာသလဲ။

ဖြေ။ ။ခင်ဗျား ဘာလုပ်စားသလဲ။ ဟိုမေး သည်မေးနဲ့။ ကြာကြာတော့ စိတ်မရှည်နိုင်တော့ဘူး။

မေး။ ။မောင်မင်း နားမှာ ရပ်နေကြတာ ဘယ်သူတွေလဲ။

ဖြေ။ ။တချက်တော့ ကြဲလိုက်ချင်သေးတယ်ကွဲ့။ တို့အမေ မသေခင်က မှာသွားတယ်။

မေး။ ။မောင်မင်း အသက် ဘယ်လောက်ရှိပြီလဲ။

ဖြေ။ ။မင်းနှင့် ဘာဆိုင်သလဲ။ ငါနေတဲ့အိမ်ဟာ ငါ့အိမ်၊ ဘယ်သူဆိုင်သေးသလဲ။

မေး။ ။ကောင်းပြီ။ မောင်မင့်အိမ်ပါဘဲ။ မောင်မင်း ဆွေမျိုးသားချင်း မရှိဘူးလား။

ဖြေ။ ။ကျုပ်တို့ငယ်ငယ်က တယ်ပျော်စရာကောင်းသဗျာ။ ဟား ဟား ဟား ဟား။

(ပုလိပ်များက တားရ၏။)

မေး။ ။မောင်မင်းတို့ ငယ်ငယ်က ပျော်တာ ထားလိုက်ပါအုံး။ မောင်မင်းကို ဘယ်သူအုပ်ထိန်းသလဲ။

ဖြေ။ ။သည်အင်္ကျီ သုံးမတ်ပေးရတယ်။ ငထူးတို့ မင်းတို့ ဝတ်နိုင်မှာမဟုတ်ဘူးကွယ်။ အို​ဖော်ကွာဝေးသူမို့။

​ခြောက်နာရီလည်း ထိုးတော့မည်။ တရုံးလုံးလည်း မှောင်နေပြီ။ လူသံသူသံလည်း မကြားရ၊ မိမိနှင့် အရူးအောင်လှတို့သာ ကျန်တော့သည်။ ဤအရူးမှုနှင့်ပင် အဆုံးသတ်ရတော့မည်။ အလုပ်တွေလည်း တောင်ပုံရာပုံ။ အဘယ်နည်းနှင့် ပြီးအောင် လုပ်မတုန်း။ အရူး အောင်လှနှင့် အလုပ်ချင်း လွှဲလိုက်ချင်သောဆန္ဒ များများကြီး ပေါ် ပေါက်ပြီးလျှင် တရားခွင်မှ ဆင်းခဲ့၏။ တောင်ပုံရာပုံသော အလုပ်တို့ကို အိမ်သို့ ယူလာရန် မှာထားပြီး ရုံးဆင်းလာခဲ့သတည်း။
-------------------------
#သိပ္ပံမောင်ဝ
ဂန္ထလောက၊ ၁၂၉၄ ခု၊ သီတင်းကျွတ်လ။

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)