ရွေးကောက်ပွဲ
#ရွေးကောက်ပွဲ
ဤဒီမိုကရေစီခေတ်တွင် ရွေးကောက်ပွဲတွေကား များလှပေတော့သည်။ မင်းတိုင်ပင် ရွေးကောက်ပွဲ၊ မြူနီစီပယ် ရွေးကောက်ပွဲ၊ ဒိစတြိတ်ကောင်စီ ရွေးကောက်ပွဲ၊ သူကြီး ရွေးကောက်ပွဲ၊ ကျေးရွာကော်မီတီ ရွေးကောက်ပွဲ ... များလိုက်သည့် ရွေးကောက်ပွဲတွေ၊ ရေတွက်၍ပင် မကုန်နိုင်ပြီ။ ယခု ရေးသားမည့် ရွေးကောက်ပွဲကား သူကြီးရွေးကောက်ပွဲ ဖြစ်လေသည်။ မည်သည့်ရွာက သူကြီးရွေးကောက်ပွဲပေနည်း။ လင်းလွန်းပင်ရွာက သူကြီးရွေးကောက်ပွဲ ဖြစ်လေသည်။
လင်းလွန်းပင် သူကြီး ဦးဘိုးဆောင်ကား လူဆိုးဓားပြတို့ကို ကြောက်သောကြောင့် သူကြီးအလုပ်မှ နုတ်ထွက်သည်မှာ နှစ်လခန့် ကြာလေပြီ။ သူ၏သား မောင်သာပန်းက ရွာကို ခေတ္တ အုပ်ချုပ်လျက်နေ၏။ ရွေးကောက်ပွဲတွေ ထွန်းကားနေသော ခေတ်ကြီးထဲတွင် သူကြီးရွေးကောက်ပွဲကို ပြုလုပ်ရပေမည်။ ရှေးခေတ်ကမူကား သူကြီးသားမှာ မပင်ပန်းဘဲ သူကြီးဖြစ်သွားမည်မှာ မုချပင်။
လင်းလွန်းပင်ရွာတွင် ကျွက်စီ ကျွက်စီ ဖြစ်လျက်နေလေပြီ။ မောင်ရွှေကျေးလည်း အရွေးခံမည်ဟု အများက ပြောနေကြလေသည်။ ဟုတ်မှန်စရာ အကြောင်းရှိ၏။ မောင်ရွှေကျေးကား အင်းသားကြီး ဖြစ်လေသည်။ ပစ္စည်း ခိုင်လုံ၏။ အသောက်အစား ကင်း၏။ လူရည်လည်၏။ သိုရာတွင် ရွာသားများနှင့် မသင့်ဟု ပြောသံ ကြားရလေသည်။ ရွေးကောက်ပွဲ ခေတ်စားနေသောအခါတွင် ရွာသားများနှင့် မသင့်လျှင် အဘယ်မျှပင် အရည်အချင်းရှိစေကာမူ ရွာသူကြီးဖြစ်ရန် ခဲယဉ်း၏။
မောင်သာပန်းကား သူကြီးသားဖြစ်၏။ သူကြီးသားဖြစ်သောကြောင့် မျက်နှာရှိပြီးသား ဖြစ်လေသည်။ သူကြီးဟောင်း ဦးဘိုးဆောင်မှာလည်း ကျေးရွာအုပ်ချုပ်ခြင်းတွင် ညံ့၏။ အခွန်ကောက်ခံခြင်းတွင် ဖျင်း၏။ တရားစီရင်ခြင်းတွင် ဘာတခုမျှ မတတ်။ သို့သော် ရွာသားတို့၏မျက်စိနှင့် ကြည့်လျှင် ဦးဘိုးဆောင်မှာ သူကြီး၏အရည်အခြင်းနှင့် များစွာပြည့်စုံသောသူတယောက် ဖြစ်လျက်နေ၏။ သူကြီးညံ့လေ ရွာသားကြိုက်လေ၊ နှစ်သက်လေ၊ မြတ်နိုး
လေပင်။
မောင်ရွှေကျေးဖက်မှ လူများနှင့် မောင်သာပန်းဖက်မှ လူများ အလုပ်ရှုပ်နေကြလေပြီ။ သူ့ဖက် ခဲပြားထည့်ပါ၊ ငါ့ဖက် ခဲပြားထည့်ပါနှင့် ဟောပြောနေကြကုန်၏။ မင်းတိုင်ပင် ရွေးကောက်ပွဲတုန်းကထက်ပင် အရေးကြီးကြလေသည်။ တရွာလုံး ဆူညံ ဆူညံ၊ ကျွက်စီကျွက်စီ ဖြစ်နေကြပြီ။
ဆယ်အိမ်ခေါင်း ဦးဘမောင်က မောင်သာပန်းဖက်က တိုက်တွန်း၏။ ကျေးရွာကော်မီတီ ဦးထွန်းအောင်က မောင်ရွှေကျေးဖက်မှ အားပေးလေသည်။ သူတို့နှစ်ယောက် လယ်ထွန်ရာတွင် စကားများရာက ထိုးကြ သတ်ကြကုန်၏။ နှစ်ယောက်စလုံး ဖူးဖူးရောင်ရောင် ဖြစ်ကုန်ကြလေပြီ။ ဦးဘမောင် အိပ်ရာမှ မထနိုင်သည်မှာ လေးရက်မျှ ကြာ၏။ ဦးထွန်းအောင် ဖျားနေသည်မှာ ခြောက်ရက်ခန့် ကြာလေသည်။
တနေ့သော် လင်းလွန်းပင်ရွာသို့ သမွန်ပြာတာ မောင်စု ရောက်၍လာလေသည်။ မောင်စု၏လက်ထဲ၌ ဝါဆိုလဆန်း ရှစ်ရက်နေ့တွင် သူကြီးရွေးကောက်ပွဲကို ကျင်းပမည် ဟူသော နယ်ပိုင်မင်း၏အမိန့် ပါလာ၏။ မောင်သာပန်းနှင့် မောင်ရွှေကျေးတို့ တစောင်စီ ရကြလေသည်။ မောင်စုလည်း မောင်သာပန်း၏အိမ်တွင် ဟိုပြော သည်ပြောနှင့် ထမင်းဝအောင် စားသွားလေသည်။ ဆေးလိပ်တွေကိုလည်း နှိုက်ယူသွားသေး၏။ အလွန်ညစ်သော သမွန်ပြာတာတွေပါတကား။
ထိုနေ့တွင် တရွာလုံး ဆူနေတော့၏။ လယ်ထွန်ရာမှာလည်း ရွေးကောက်ပွဲ၊ ကြက်ဝိုင်းတွင်လည်း ရွေးကောက်ပွဲ၊ ငါးများရာမှာလည်း ရွေးကောက်ပွဲ၊ ရွာ့ရေတွင်းမှာလည်း ရွေးကောက်ပွဲ၊ ဦးရာဇိန္ဒကျောင်းတွင်လည်း ရွေးကောက်ပွဲ၊ ဥပုသ်စရပ်တွင်လည်း ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲအကြောင်းကိုသာလျှင် တရွာလုံး ပြောကြားနေကြလေသည်။
ထိုရွေးကောက်ပွဲမှာ လင်းလွန်းပင် ရွာသူရွာသားတို့အဖို့ အလွန်ပင် အရေးကြီးပေ၏။ မြန်မာပြည်သို့ ဘုရင်ခံအသစ်တပါး ရောက်လာသည်မှာ သူတို့အတွက် အရေးမကြီး။ အိန္ဒိယပြည်တွင် ဘုရင်ခံချုပ်ကြီးတွေ ပြောင်းလဲသွားသည်မှာ သူတို့အတွက် အရေးမကြီး၊ အင်္ဂလန်ပြည်တွင် နန်းရင်းဝန်ကြီးတွေ ပြောင်းလဲသည်မှာ သူတို့အတွက် အရေးမကြီး။ သူတို့ရွာမှာ သူကြီးအသစ်လဲသည်ကသာ အရေးကြီးလေသည်။
ယနေ့ကား ဝါဆိုလဆန်း ရှစ်ရက်နေ့တည်း။ တရွာလုံးရှိ ရွာသူ ရွာသားတို့ အလုပ်မဆင်းကြတော့ပြီ။ နွားများ အားလပ်ခွင့် ရကြကုန်၏။ ငါးများ ချမ်းသာခွင့်ရကြကုန်၏။ မောင်သာပန်းနှင့် မောင်ရွှေကျေးတို့ကား တညလုံး အိပ်မပျော်ကြချေ။ နံနက် လေးနာရီအချိန်တွင် အိပ်ရာမှထကြပြီးလျှင် အမျိုးမျိုး စီမံလျက်နေကြလေသည်။ ခပ်လှမ်းလှမ်းမှ လာကြသော မဲဆန္ဒရှင်တို့အား ထမင်းကျွေးရန် စီမံကြ၏။ သို့သော် မဲဆန္ဒကို မတရား ဝယ်ယူသည်ဟု တဖက်က လျှောက်ထားလျှင် ခက်လေတော့မည်။ မခက်ပါ။ ထိုနေ့တွင် ရဟန်းတော်တို့အား ဆွမ်းကျွေးသည်ဟုဆိုကာ ဝိနည်းရှောင်က လွယ်၏။ ဆွမ်းကျွေးကာ တရားနာခြင်းသည် မတရား လက်ဆောင်ထိုးသည်မဟုတ်။ မည်သူမျှ မတားနိုင်။ ကုသိုလ်လုပ်ခြင်းနှင့် မဲဝယ်ခြင်းသည် မည်သို့မျှ မသက်ဆိုင်။ နယ်ပိုင်လည်း စွပ်စွဲနိုင်မည်မဟုတ်။ ဤသို့ ရဟန်းတော်များကို ဆွမ်းကျွေးလျှင် ရွာသူရွာသားတို့ကိုပါ ကျွေးမွေးသည်မှာ ထုံးစံဖြစ်လေသည်။ ထိုသို့ ကျွေးမွေးသည်ကို မဲဝယ်သည် ဟူ၍ မည်သူ ဆိုနိုင်အံ့နည်း။
ထိုနေ့တွင် ရွှေကျေးအိမ်၌ ဆွမ်းကျွေးပွဲတပွဲ၊ သာပန်းအိမ်၌လည်း ဆွမ်းကျွေးပွဲတပွဲပြုလုပ်ကြလေသည်။ ဉာဏ်များသော ပုဂ္ဂိုလ်တို့ပေတည်း။ နှစ်အိမ်လုံးမှာ လူစည်ကားလျက်ပင်။ ဆယ်နာရီထိုးပြီ။ ဘုန်းတော်ကြီး ဦးရာဇိန္ဒကျောင်းဝိုင်းအပြင်ဖက် စရပ်တွင် ရွေးကောက်ပွဲကျင်းပရာ နေရာများကို ပြင်ဆင်ကြကုန်၏။ မဲပုံးများထားရာ မဲရုံကလေးကိုလည်း စီမံကြလေသည်။
လူပျိုခေါင်း မောင်ကာလီတို့လူစုကား မောင်ရွှေကျေး၏အိမ်တွင် ထမင်းစားသောက်ရန် သွားကြကုန်၏။ ထမင်းစားရုံမျှမက လက်ဖက်ရည်တို့၊ ကွမ်းယာတို့ကိုလည်း ဗိုက်ကားအောင် စားသောက်ခဲ့ကြသေးသည်။ ထိုမျှမကသေး၊ မဲတမဲလျှင် ငွေ တကျပ်ကျ ပေးမည်ဆိုက မဲလိုသလောက်ရအောင် လုပ်ပေးနိုင်သည်ဟူ၍လည်း ဆိုသေး၏။ မောင်ကာလီ အပြောကောင်းသောကြောင့် မောင်ရွှေကျေး၏သေတ္တာထဲမှ ငွေ ၂ဝိ ထွက်လေပြီ။
၁၁ နာရီထိုးသော် မောင်လူအေးနှင့် သူ၏စာရေး မောင်ဖျန်စိန်တို့ ရောက်လာကြကုန်၏။ ရွေးကောက်ပွဲ ကျင်းပရာ စရပ်သို့ ခြေဦးလှည့်ကြလေသည်။ မောင်ရွှေကျေးနှင့် မောင်သာပန်းတို့လည်း ခရီးဦးကြိုပြုကာ နောက်မှ လိုက်လာကြကုန်၏။ ရွာထဲတွင် ရှိကြသော ရွာသူ ရွာသား ကလေးများပါမကျန် ရွေးကောက်ပွဲ ကျင်းပရာ စရပ်သို့ လိုက်ပါလာကြလေသတည်း။
စရပ်သို့ ရောက်ကြသောအခါ စရပ်ပတ်ဝန်းကျင်တွင် ဆူဆူညံညံနှင့် နေကြ၏။ တကျွန်းပြန် ဦးသာအေးကား အရက်မူးပြီးလျှင် ဟိုပြော သည်ပြောနှင့် လုပ်နေလေသည်။ တကျွန်းပြန်တည်းဟူသော ဘွဲ့ထူးကြီးကို ရထားသူ ဖြစ်သောကြောင့် ရွာထဲတွင် တံခွန်မှန်ကင်းကဲ့သို့ ထောင်လွှားခြင်း ပြုလျက်နေ၏။ မောင်ရွှေကျေး၏ပုံးထဲ ခဲပြားမထည့်သူအား မှတ်ထားမည်ဟု ဆိုလေသည်။ သို့သော် ခဲပြား ထည့်သည်ကို မည်သူမျှ မမြင်နိုင်အောင် မဲပုံးများ ထားရာ ရုံကလေးကို အလုံကာထားသောကြောင့် ဤသို့မှတ်ထားရန် ခဲယဉ်းလှပေ၏။
ဦးသာအေး နှောင့်ယှက်နေသည်ကို မခံနိုင်ရှာသော မောင်သာပန်းက နယ်ပိုင်အား တိုင်ကြားလေသည်။ တကျွန်းပြန် ဦးသာအေး နယ်ပိုင်ရှေ့သို့ ရောက်လေပြီ။ မူးနေ၏။ ငြိမ်ငြိမ်သက်သက် မနေလျှင် ခေတ္တသူကြီး မောင်သာပန်း၏အိမ်တွင် ၂၄ နာရီချုပ်ထားမည်ဟု ပြောလိုက်တော့မှ ဦးသာအေး ငြိမ်သွားသတည်း။ တကျွန်းပြန်ပေမင့် ၂၄ နာရီ အချုပ်ကိုကား ကြောက်လှပေ၏။ ဦးသာအေး၏ကိစ္စ ပြီးသွားလေပြီ။ ရွေးကောက်ပွဲကျင်းပရန်သာ လိုတော့၏။
နေပါဦး၊ နေပါဦး။ စစ်ကွင်းသူကြီးမင်းသည် လျှောက်လွှာတစောင်ကို ကိုင်ကာ နယ်ပိုင်နားမှာ ရပ်နေပြန်ပြီ။ အဘယ်သို့သော လျှောက်လွှာပါနည်း။ မိမိအား အထူးအာဏာကိုပေးရန် လျှောက်ထားသော လျှောက်လွှာဖြစ်လေသည်။ အရေးပိုင်မင်းထံ အစီရင်ခံစာရေးမည်ဟု ပြောပြီးလျှင် ရွေးကောက်ပွဲကို စမည်ပြု၏။ စ၍ မရသေးပေ။ ဇလုပ်ကြီး ရွာသူကြီး မောင်သာလင်းသည် လျှောက်လွှာတစောင်နှင့် သူ၏နေရာမှ ထလာပြန်၏။ ခြောက်လုံးပူး သေနတ်ဆုကိုပေးရန် လျှောက်လွှာဖြစ်လေသည်။ ဆုများအကြောင်း ရေးသည့်အခါ စဉ်းစားမည်ဟု ပြောပြီးလျှင် လျှောက်လွှာကို စားပွဲပေါ်၌ တင်ထားလိုက်လေသည်။
ရွေးကောက်ပွဲကို အကယ်ပင် စတော့မည်။ အဘယ်မှာလျှင် စ၍ ရသေးအံ့နည်း။ ကျေးရွာကော်မီတီ မောင်လူကြီးသည် ထောင့်တထောင့်မှ ထ၍လာပြန်၏။ ရွာမြေအသစ် ရှာပေးရန် လျှောက်လွှာ ဖြစ်လေသည်။ ရွေးကောက်ပွဲ လုပ်ရာမှာ သူတို့တတွေကတမှု။ အလွန်ရှုပ်ပွေလှ၏။ မောင်လူအေး စိတ်မရှည်တော့ပြီ။ လျှောက်စရာရှိလျှင် ရွေးကောက်ပွဲပြီးမှ လျှောက်နိုင်၏ဟု ပြောလိုက်တော့မှ အေးသွားလေတော့သတည်း။
လျှောက်လွှာကိစ္စတွေကား ပြီးသွားလေပြီ။ ရွေးကောက်ပွဲကို စ,ရန်သာ လိုတော့၏။ မောင်ရွှေကျေးနှင့် မောင်သာပန်းတို့၏ အရည်အချင်းများကို စစ်ဆေးပြီးလျှင် မောင်သာပန်းအား ပုံးအနီ၊ မောင်ရွှေကျေးအား ပုံးအစိမ်းတို့ကို ပေးလေသည်။ မောင်လူအေးက ပရိသတ်ကြီးအား မောင်သာပန်းကို သဘောကျလျှင် ပုံးအနီထဲတွင် ခဲပြား ထည့်ကြပါ။ မောင်ရွှေကျေးကို သဘောကျလျှင် ပုံးအစိမ်းထဲတွင် ခဲပြား ထည့်ကြပါဟု ပြောကြား၏။ အားလုံးတိတ်လျက် နားထောင်နေကြလေသည်။
မောင်သာပန်း အနီ၊ မောင်ရွှေကျေး အစိမ်း။ မောင်ရွှေကျေး အစိမ်း၊ မောင်သာပန်း အနီ။ ထိုခဏတွင် အနီ အစိမ်း၊ အစိမ်း အနီ ဆိုသော အသံများအပြင် မည်သည့်အသံကိုမျှ မကြားရချေ။
ဆယ်အိမ်ခေါင်း ဦးလူမောင်က ချောင်တချောင်မှ ထ၍ “မောင်သာပန်းက ရဲရင့်လို နီသဗျ။ ကျေးငှက်၍ အမွေးအတောင်က စိမ်းလို့ မောင်ရွှေကျေးက စိမ်းသဗျ။ ဘာမျှ မှားစရာ မရှိဘူး” ဟု ဆို၏။
“ခင်ဗျားတို့ရဲ့ ကျေးငှက်ကို ကျုပ်တို့ လေးတချက်တည်းနဲ့ ခွင်းမယ်ဗျ” ဟူ၍ ကော်မီတီ ဦးဒါလီက ဆိုလေသည်။ ပရိသတ်ကြီးလည်း အတောမသတ်အောင် ရယ်ကြလေသတည်း။
မောင်လူအေးသည် ပုံးစိမ်းနှင့် ပုံးနီတို့ကို မဲဆန္ဒရုံကလေးအထဲတွင် သွား၍ထားပြီးနောက် လူခွန်စာရင်းကို ဖွင့်ကာ “မောင်ကာလီ ” ဟု ခေါ်လိုက်၏။ မောင်ကာလီ တက်၍လာလေပြီ။ မောင်သာပန်းနှင့် မောင်ရွှေကျေးတို့ နှစ်ယောက်စလုံး သူကို ပြုံး၍ ကြည့်ကြလေသည်။ မောင်ကာလီ၏ပုံပန်းကို ကြည့်ကြပါဦး။ မန္တလေးလုံချည်အသစ်ကို ဝတ်၊ လက်နှီးရောင် ခေါင်းပေါင်းကို ပေါင်းထား၏။ အင်္ကျီကား မရှိပေ။ ဘွတ်ဖိနပ် တရန်ကို လက်တဖက်ကကိုင်၊ လက်တဖက်တွင်ကား ထီး၊ ရှုပ်ပွေ့၍ နေလေတော့သည်။ စိတ်ရှုပ်စရာ လွန်စွာကောင်း၏။ သို့သော် ရွာသူရွာသားတို့ကမူကား မောင်ကာလီမှာ အလွန်ဂိုက်ကျသည်ဟု တီးတိုးစကား ပြောကြားနေကြလေသည်။ မောင်ကာလီကား ပြုံးပြုံး ပြုံးပြုံးနှင့် ဝင်လာ၏။
မောင်လူအေး၏အနီးသို့ ရောက်လျှင် ရပ်လျက်နေလေသည်။ မောင်လူအေးလည်း စစ်မေးစရာ ရှိသည်တို့ကို မေး၊ စစ်ဆေးစရာ ရှိသည်တို့ကို စစ်ဆေးပြီးလျှင် ခဲပြားတပြားကို လှမ်း၍ ပေး၏။ လှမ်းယူရန် မောင်ကာလီတွင် လက်ပိုမပါ။ လက်နှစ်ဖက်စလုံး မအားရှာပေ။ ပရိသတ်ကြီးက ဝါးခနဲ ရယ်ကြပြန်လေသည်။ နောက်မှ ဘွတ်ဖိနပ်များကို ပခုံးတွင် ချိတ်ကာ ခဲပြားကို လှမ်း၍ယူ၏။ ပရိသတ်ကြီးလည်း အတောမသတ်အောင် ရယ်လေတော့သတည်း။
မောင်ကာလီ မဲဆန္ဒရုံမှ ထွက်လာလေပြီ။ မောင်ရွှေကျေးက သူ့ပုံးထဲ မဲထည့်ခဲ့သည်ဟု ထင်၏။ မောင်သာပန်းကလည်း သူ့ပုံးထဲ ထည့်ခဲ့သည်ဟု ထင်မှတ်လေသည်။ မောင်ကာလီကား မောင်ရွှေကျေးထံမှ ငွေ ၂ဝိ၊ မောင်သာပန်းထံမှ ငွေ ၂ဝိရပြီးလေပြီ။ အလွန်အလှော်ကောင်းသော မောင်ကာလီပါတကား။
လူခွန်စာရင်းတွင် ပါသောသူတို့အား တယောက်ပြီးလျှင် တယောက်ကို ခေါ်လာရာ လူ ၂၀ ခန့် ဆန္ဒပေးပြီးလေပြီ။ ထို့နောက် မောင်လူအေးက “မြွေဟောက်”ဟု ခေါ်လိုက်ရာ လူအများ ရယ်ကြပြန်၏။ “မြွေဟောက်” ဆိုသူသည် အဘယ်သို့သော သူနည်းဟု သိလို၍ မောင်လူအေး လှမ်း၍ ကြည့်လေသည်။
ဟော ..ဟော “မြွေဟောက်” ဝင်လာလေပြီ။ အင်္ကျီမပါ။ ခေါင်းပေါင်းလည်းမရှိ။ မျက်နှာသုတ်ပုဝါ ညစ်ပေပေကို လုံချည်လုပ်၍ ဝတ်လာရရှာလေသည်။ လွန်စွာ့ လွန်စွာမှပင် ဆင်းရဲဟန်တူ၏။ မောင်လူအေး သနားမိလေသည်။ သို့သော် “မြွေဟောက်” ကား အရယ်ပင် မပျက်။ ရွာသားတို့ကလည်း ရယ်လျက်ပင်။ သတ္တဝါတို့၏ဓမ္မတာ ဖြစ်လေရာမှာ ပျော်စမြဲ ဖြစ်သည်ဟု မောင်လူအေး တွေးတောမိပြန်လေသည်။ အင်း “မြွေဟောက်” မဲဆန္ဒရုံတွင်းမှ ထွက်လာသောအခါ “ဟေ့ သာပန်း၊ မင်းပုံးထဲမှာ ထည့်သကွဲ့” ဟု ဆိုကာ ဆင်းသွားလေသတည်း။ ကြားရသူတို့လည်း ရယ်လျက် ကျန်ရစ်ကြလေသည်။
“မြွေဟောက်” မဲထည့်ပြီးသည့်နောက် ရယ်စရာအချက် မပေါ် သေးပေ။ လူပေါင်း ၉၀ကျော် မဲပေးပြီးလေပြီ။ သုံးလေးယောက်သာ ကျန်တော့၏။ လူခွန်စာရင်းတွင် နောက်ဆုံးအမည်ကား “ကဇန်း” ဖြစ်လေသည်။ “ကဇန်း” ဟူ၍ မောင်လူအေးက ခေါ် လိုက်ရာ ရွာသူရွာသားကို ရုတ်ရုတ် ရုတ်ရုတ် ဖြစ်ပြန်၏။ ဟိုကြည့် သည်ကြည့် လုပ်ကြပြန်၏။ အဘယ်ကြောင့်ပါလိမ့်။ ထူးဆန်းသောကြောင့် ဖြစ်ဟန်တူလေသည်။
ဟော ဟိုမှာ ကြည့်လော့။ လူနှစ်ယောက် တက်လာကြလေပြီ။ တယောက်ကား ရှေ့က၊ တယောက်မှာ နောက်က လိုက်လာလေသည်။ ရှေ့လူက နောက်လူကို တွဲ၍လာခြင်း ဖြစ်၏။ “ကဇန်း” မျက်စိကွယ်သည်မှာ လေးလမျှသာ ကြာသေးသည်။
“ကဇန်း” မိမိအနားသို့ ရောက်လျှင် မောင်လူအေးက “ဘယ်သူ့ပုံးထဲ ထည့်ချင်သလဲ” ဟု မေး၏။ “မောင်သာပန်းပုံးထဲ ထည့်ချင်သယ်” ဟု ဖြေလေသည်။
မောင်လူအေးကိုယ်တိုင် မဲဆန္ဒရုံထဲသို့ ဝင်ကာ ခဲပြားကို မောင်သာပန်း၏ပုံးထဲသို့ ကဇန်းအစား ထည့်ပေးရ၏။
ကဇန်းတို့ ဆင်းသွားလျှင် မဲဆန္ဒပေးသောကိစ္စကြီး ပြီးသွားလေတော့သတည်း။
မောင်လူအေးလည်း မောင်သာပန်းနှင့် မောင်ရွှေကျေးတို့အား မေးစရာရှိသည်တို့ကို မေး၊ စစ်ဆေးစရာရှိသည်တို့ကို စစ်ဆေး၏။ အုပ်စုသူကြီးတို့အားလည်း စစ်ဆေးလေသည်။ ဤသို့ စစ်ဆေးပြီးလျှင် ပုံးစိမ်းနှင့် ပုံးနီတို့ကို မဲဆန္ဒရုံကလေးအထဲမှ ယူထုတ်ပြီးလျှင် လူကြီးများစုံရာရှေ့တွင် ပုံးများကို ဖွင့်ကာ ခဲပြားများကို ရေတွက်၏။ ပရိသတ်ကား ငြိမ်လျက်ပင်။
မဲကို ရေတွက်ပြီးလျှင် မောင်လူအေးက ဤသို့ ကျေညာ၏။ မောင်သာပန်း ဂ၅ မဲ။ မောင်ရွှေကျေး ၁၅ မဲ။ ပရိသတ်ကြီး ဆူညံ၍ သွား၏။ မောင်ရွှေကျေးကား ကြက်ပျောက်၊ ငှက်ပျောက် ပျောက်သွားလေပြီ။ ကောင်းကင်သို့ပင် ပျံသွားလေရော့သလား။ ရွာသူရွာသားတို့လည်း စကားတပြောပြောနှင့် ရွာသို့ ပြန်သွားကြကုန်၏။ လင်းလွန်းပင်ရွေးကောက်ပွဲကြီး ဆုံးခန်းတိုင် ရောက်လေပြီ။
--------------------------
#သိပ္ပံမောင်ဝ
၁၂၉၅ ခု၊ ဝါခေါင်လ။
Comments
Post a Comment