အပြင်ကလူ (၁)(အပိုင်း ၃)

#အပြင်ကလူ

(အပိုင်း -၃)

ထိုခဏ၌ လက်ထပ်ပွဲသည် ပိုမိုကြီးကျယ်ခမ်းနားလာပါသည်။ အမာစိန် က,လို့ ပြီးသွားပါပြီ။ နာမည်ကျော်အကယ်ဒမီဆုရ ရုပ်ရှင်မင်းသမီးက သီချင်းဆိုနေပြန်သည်။ သူ့အသံနှင့်အဆိုမှာ ကောင်းမွန်လှသည်မဟုတ်သော်လည်း
ချစ်စဖွယ်လှပသော ရုပ်ရည်အဆင်အပြင်က စိတ်ဝင်စားဖွယ်ရှိလေသည်။ သူရဲ့ အမြဲတပ်ဆင်ထားသော အပြုံးအတွက် ကျွန်မက ကြင်နာစိတ်ပွားရဆဲ၊ ရုပ်ရှင်ရိုက်ကင်မရာနှင့် လူသုံးယောက်သည် ပရိသတ်နှင့်တကွ လှုပ်ရှားမှုအားလုံးကို မီးတဝင်းဝင်းနှင့် ရုပ်ရှင်ရိုက်စပြုလေ၏။ သူကတော့ သတိထားမိဟန်မရှိဘဲ ရေခဲများအရည်ပျော်ကာ ပူနွေးခဲ့ပြီဖြစ်အောင် အရေကျဲလာပြီဖြစ်သော လိမ္မော်ရည်ကို နှစ်ကျိုက်မျှ သောက်ပြန်လေသည်။ သူသည် အနည်းငယ်ပင်ပန်းနွမ်းနယ်ဟန်ရှိသော်လည်း သူ့မျက်လုံးများ ပြိုးပြက်နေသည်။ သူ့နဖူးပေါ်က ဆံပင်ခွေကို သပ်တင်လိုက်သော်လည်း ခေါင်းမာစွာပင် ပြန်လည်ဝေဖြာကျခဲ့သည်။

“အချစ်ဆိုတာ နှင်းဆီပင်လိုပဲ”ဟု သူက စကားစပြန်လေ၏။

“မြေသြဇာကျွေးဖို့လိုတယ်။ ယုယနေဖို့လိုတယ်။ ပိုးသတ်ဖို့လိုတယ်”

“သို့မဟုတ်ရင် ညှိုးရော်တတ်တယ်။ သေတတ်တယ်ပေါ့” ဟု ကျွန်မကထောက်လိုက်လျှင် “ဟုတ်တယ်”ဟု လွယ်လင့်တကူ ဝန်ခံလေသည်။

“အနည်းဆုံး ကျွန်တော့်အဖို့ပေါ့”

“ပြောရမှာ နည်းနည်းတော့ခက်တယ်။ အချစ်စိတ်ဆိုတာ ရေငြိမ်မဟုတ်ဘူး။ ရေတက်ရေကျရှိတဲ့ ဒီ??မျှသာဖြစ်တယ်။ နုနုကိုချစ်တဲ့စိတ် ရှိဖူးတာကတော့ မပျောက်ပျက်နိုင်ဘူးပေါ့။ ဒါပေမယ့် အသစ်သစ်ဖြစ်လာတဲ့ အချစ်စိတ်
က မရှိတော့ဘူး။ အတူမနေရလို့လဲ မဟုတ်ပါဘူး။ အတူနေနေကြကတည်းက မဖြစ်တော့တာကို မှတ်မိပါတယ်။ ခုဆိုရင် နုနု အကြောင်းစဉ်းစားရတာ သေသွားတဲ့လူအကြောင်း စဉ်းစားရသလိုပါပဲ။ အတိတ်သာ ရှိတော့တယ်။
ပစ္စုပ္ပန်နဲ့ အနာဂတ်မရှိတော့ဘူး။ ကျွန်တော့်အဖို့ နုနုဟာ တောလည်သွားတုန်းက တွေ့ကြုံခဲ့ရတဲ့စမ်းရေအိုင်လေးပါပဲ။ ခု အဲသည်ကို ပြန်မရောက်တော့ပါဘူး”

“ဒါကြောင့်လဲ ရှင်ဟာ အိမ်ကိုမလာနိုင်ခဲ့တာပေါ့နော်”

“ဟုတ်ပါလိမ့်မယ်”

“ရှင်မလိမ်တာကိုတော့ ကျေနပ်ပါတယ်။ ဒါပေမယ့် လင်ရယ် မယားရယ်လို့ ဖြစ်ခဲ့ပြီး သည်အထိချစ်ကြပြီးမှ အချစ်ပျက်ပြယ်သွားရတယ်၊ ပြီးဆုံးသွားရတယ်ဆိုတာ အံ့ဩသလိုလိုပါပဲ”

“ချစ်တယ်ဆိုတာက တစ်ယောက်ကိုတစ်ယောက် နှစ်သက်တာ၊ သဘောကျတာတွေ အရင်းခံအများကြီးပါမှ ကြာရှည်မြဲနိုင်မယ် ထင်တာပဲ။ ကျွန်တော်နဲ့ နုနုက တစ်ယောက်ကိုတစ်ယောက် သဘောမှမကျကြတာ"

“အတူနေကြပြီးနောက်ပိုင်းမှာလဲ ထပ်တလဲလဲ သဘောကျဖို့အချက်တွေ အသစ်ထပ်ဖြစ်၊ အသစ်ထပ်မြင်နေဖို့လိုမှာ ထင်ပါရဲ့ ....”ဟု ကျွန်မက အသံထွက်အောင် တွေးတောလိုက်မိပါသည်။

“လူ့ဘဝဟာ ငြိမ်နေဘို့မှမဟုတ်တာ၊ ရှင်သန်ကြီးပွားနေဖို့ပဲ၊ ဒါမှမဟုတ် ဆုတ်ယုတ်ကျဆုံးသွားမှာပဲ"

ကျွန်မတို့ ခဏမျှတိတ်ဆိတ်နေပြီး သူက ခပ်ညည်းညည်း ပြောပါသည်။

“တကယ်တော့လည်းအေးရယ် • • •၊ ကျွန်တော်ကသာ အချစ်ဆိုတာကို ယုံကြည်မြတ်နိုးနေတာကိုး။ အချစ်ဆိုတာ အင်မတန်ခမ်းနားကြီးကျယ်တဲ့ အလှတစ်ပါး၊ လူ့ဘဝရဲ့ သစ္စာတရားလို့ တင်စားတာကိုး။ ဘာကိုမှမစေ့ငုဘဲ မိန်းမနဲ့ယောက်ျားကြုံကြိုက်တာ၊ တပ်မက်တာ၊ ရင်းနှီးတာလောက်ကိုပဲ အချစ်လို့ခေါ်လိုက်ပြီး လူ့ဘဝမှာ တခြားလိုချင်တာတွေ ရှာနေတဲ့လူတွေလဲ အများကြီးရှိတာပေါ့"

“ခုမင်္ဂလာဆောင်ကို ဝတ်စားပြီးလာကြတဲ့လူတွေကို ကြည့်ပါဦး၊ ဘယ်သူတစ်ယောက်ဟာ အချစ်ဆိုတာကို ကောင်းချီးပေးဖို့ လာတယ်လို့ဆိုနိုင်မှာလဲ။ မင်္ဂလာဆောင်ဟာ လူ့ဘဝရဲ့ အတုအပဟူသမျှ အကြီးအကျယ်စတင်ရာ
ဖြစ်နေပြီ"

ကျွန်မသည် တိုးတိတ်စွာ တစ်ခွန်းတော့ပြောလိုက်၏။

“ရှင်ဟာ ပျက်ပြယ်သွားတဲ့အချစ်ကြောင့် စိတ်အချဉ်ပေါက်နေတာများလားရှင် ...”

“ဟုတ်မယ်မထင်ပါဘူး”ဟု သူက မြန်မြန်ဆန်ဆန်ပင် ပြန်လည်ငြင်းဆန်လေ၏။

“အချစ်ဆိုတာလဲ အနိစ္စပဲ အေးရဲ့။ အဲဒါပေါ့၊ ကျွန်တော် နုနဲ့ မရမ်းခြံပြောင်းကြတဲ့နေ့က ပြောမိတာ။ ကျွန်တော်တို့ဟာ အချစ်အတွက်သာ ပေါင်းသင်းကြစတမ်းလို့ အချစ်ပျက်ပြယ်သွားတဲ့တစ်နေ့မှာ သားသမီး
ဆိုတာအတွက်တောင် မငဲ့ပဲ ခွဲခွာကြစတမ်းလို့"

“နုနုက ငိုပြန်မှာပေါ့"

“နုနုကငိုတယ်၊ ကျွန်တော့်မှာ ရက်စက်တဲ့နှလုံးသားရှိတယ်တဲ့၊ သားသမီးဆိုတာတောင် မငဲ့ကြေးဆိုတော့။ ဒါပေမယ့်အေးရယ် • • •ပြောခဲ့ပြီကော၊ သားသမီးဆိုတာ အရွယ်မရောက်ခင်က ကိုယ့်တာဝန်လို့ယူဆရမှာကိုး၊ သူတို့
လဲ သူတို့ကိုယ်ပိုင်ဘဝဖန်တီးရမယ့် တသီးတခြားပုဂ္ဂိုလ်တွေပဲ၊ မိဘဆိုတာက သူတို့အတွက် နှစ်အနည်းငယ်သာလိုအပ်တာပဲ”

“ဒါပေမယ့် ရှင့်သားလေး ဝင်းထွဋ်ကိုတော့ ၃ နှစ်ခွဲသာ ရှင်အချိန်ပေးခဲ့ရတယ်။ တော်ပြီလား ....”

ကျွန်မ အေးဆေးစွာပင် မေးမြန်းလိုက်ပါသည်။

“ကျွန်တော့်ဘဝရဲ့ တစ်စိတ်တစ်ဒေသ အတော်များများကြီးကို ပေးချင်ပါသေးတယ်၊ အနည်းဆုံး လူ့ဘဝမှာ ပိုက်ဆံ၊ ဂုဏ်၊ ရာထူး၊ အိမ်ယာ၊ ချောင်း၊ မြောင်းဆိုတာတွေ မရှိဘဲနဲ့ လွယ်လွယ်ပြောရရင် လူဆင်းရဲပေမယ့် စိတ်ချမ်းသာအောင် ဘယ်လိုနေရမယ်၊ ပစ္စည်းချမ်းသာသည်ဖြစ်စေ မချမ်းသာသည်ဖြစ်စေ လူ့ဘဝမှာ ပျော်ရွှင်စွာနေနည်း တစ်နည်းအားဖြင့် ကျွန်တော်သိထားတာရှိတယ်ဆိုတာ ကျွန်တော့်သားကို ပြောပြချင်ပါသေးတယ်။ ဒါပဲ ကျွန်တော့်မှာ ပေးစရာရှိတယ်ထင်တယ်။ ဒါပေမယ့် နုနုကတော့ ယူစေမယ်မထင်ပါဘူး”

“နုနုဟာ ဆယ့်ငါးနှစ်လုံးလုံး အိမ်ထောင်ထပ်မပြုဘဲနေတာကတော့ ဘာကြောင့်လဲလို့ စဉ်းစားနေတယ်။ သူ့မှာ ခင်မင်တဲ့ လွယ်လွယ်ပြောရရင် တွဲဖက်သွားလာနေတဲ့ ရွယ်တူယောက်ျားတွေတော့ ရှိတာပေါ့ ။ ဟိုလူ သည်လူနဲ့ ယူဖြစ်မလိုလိုလည်း ကျွန်မထင်တဲ့အခါ ကြားမိတဲ့အခါ ရှိတယ်။ ဒါပေမယ့် ရှင့်နောက်ဆုံးစကားကိုတော့ ကြားချင်သေးတယ် ထင်ပါရဲ့။ ရှင့်ဘက်ကတော့ အချစ်ပျက်ပြယ်သွားပြီဆိုတာပဲ ရှင်ပြောနိုင်မယ်ပေါ့...”

သူက မှန်ပြတင်းပေါက်ကြီးမှ ငေးမောကာ အပြင်၌ အုံ့ပျသာယာအေးချမ်းနေသည်ကို ကြည့်နေပြန်ပါသည်။ ရေကူးကန်၌ ဖြူလဲ့သောတိမ်ရိပ်များ ရွေ့လျားနေသည်ကို ကြည့်နေပြန်ပါသည်။

“လင်နဲ့မယားဟာ မသေမချင်း အတူနေနေကြတဲ့ နှစ်ပေါင်းများစွာမှာ တစ်ယောက်ကိုတစ်ယောက် စွဲမြဲပြီး ချစ်နေကြမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား၊ အနည်းဆုံး အများသောလူတွေ တွေဝေနေတဲ့သူတွေအဖို့ ဖြစ်နိုင်ပါ့မလား”

“ကျွန်မလဲတွေးမိတယ်”

“မဖြစ်နိုင်ဘူးဗျ...။ အနည်းဆုံး အများသောသူတွေအတွက် မဖြစ်နိုင်ဘူး။ စွဲမြဲနေကောင်းတယ်ဆိုတဲ့ လက်ခံထားတဲ့ အယူအဆကြောင့်သာ စွဲမြဲနေကြတာကိုး၊ ဒါကြောင့်ပဲ လင်နဲ့မယားအဖြစ် လူနှစ်ယောက်ထဲနဲ့သာ မလုံလောက်လို့ သားသမီးတွေမွေးလာရတယ်။ (အချစ်သက်သက်ကြောင့် မွေးလာတာလဲ ရှိရမှာပေါ့) ဒါကြောင့်လဲ ပစ္စည်းဂုဏ်သိမ်၊ ရာထူး၊ အိမ်ယာ၊ ဆွေမျိုးဆိုတာတွေ အရေးကြီးလာတာပေါ့၊ ဒါတွေက လင်နဲ့မယား စွဲမြဲနေထိုင်ဖို့အတွက် အထောက်အကူတွေဖြစ်တယ်"

“ရှင်ကတော့ အဲသည်အထောက်အကူတွေကို မလိုချင်ပါဘူး”

“မလိုချင်ပါဘူး...၊ အဲဒီအထောက်အကူတွေမရှိဘဲ တစ်သက်တာ စွဲမြဲချစ်နိုင်တဲ့အင်အား ကျွန်တော့်မှာရှိတာကိုး။ မရယ်ပါနဲ့ အေးရဲ့ ၊ မိန်းမတစ်ယောက်ကို သုံးနှစ်ခွဲ ပေါင်းပြီး အချစ်ပျက်ပြယ်သွားတယ်လို့ ဝန်ခံတဲ့သူက ဒီစကားပြောတယ်လို့ မရယ်လိုက်ပါနဲ့။ ကျွန်တော့်မှာ စွဲမြဲနိုင်တဲ့၊ အင်အားကြီးတဲ့အချစ် ရှိတယ်ဆိုတာတော့ ယုံပါတယ်။ အဆင်မသင့်လို့ပါ”

“လောကမှာ မဖြစ်နိုင်တာမရှိဘူးဆိုတဲ့ စကားလည်း ရှိပါတယ်”

“ဒါပေါ့ ဗျာ....၊ အကောင်းဖြစ်ဖြစ် အဆိုးဖြစ်ဖြစ်ပေါ့။ ပြီးတော့လည်း တကယ်ဝေခွဲကြည့်ရမယ်ဆိုရင် နုနုကို အချစ်ပျက်ပြယ်သွားပြီဆိုတာလဲ တစ်မျိုးပြောရပြန်ရင် ကျွန်တော် မကြိုက်နှစ်သက်တဲ့၊ ဥပမာ လောကီဆန်တဲ့ နုနုရဲ့ ရုပ်ပုံတစ်ပုံကို ဘယ်တုန်းကမှလည်း မချစ်နိုင်ဘူး၊ ခုလဲမချစ်နိုင်ဘူးပေါ့ ။ နုနုရဲ့ ကြိုက်နှစ်သက်ဖွယ်ပုံတွေကိုတော့ အရင်ကလည်းချစ်လာတယ်၊ ခုလည်းချစ်မြဲပဲ၊ ဥပမာ ကျွန်တော့်ရဲ့ သားကို ဒုက္ခဝေဒနာနဲ့ရင်းနှီးပြီး သူမွေးပေးတယ်၊ နောက်ထပ် မွေးပေးဖို့ မငြိုငြင်တဲ့အဖြစ်၊ အဲဒီမယားကောင်း၊ မိခင်ကောင်းရဲ့ ရုပ်ပုံကို ကျွန်တော်အမြဲချစ်နေမှာပဲ၊ ဘယ်လိုလုပ်ပြီး အချစ်ပြယ်နိုင်မှာလဲ။ ပြီးတော့ အထင်မလွဲပါနဲ့၊ တစ်ယောက်နဲ့တစ်ယောက်တူမှ ချစ်ခင်ပေါင်းသင်းနေနိုင်မယ် မဟုတ်ပါဘူး။ အများကြီးတူရင် ပိုပြေပြစ်တာပေါ့။ ဒါပေမယ့် မတူပေမယ့်လည်း တစ်ယောက်ကိုတစ်ယောက် နားလည်ရင်၊ ရိုသေရင်၊ အတ္တမများလွန်းရင် ငြိမ်းချမ်းစွာ အတူနေနိုင်တာပါပဲ”

“အတ္တမရှိဘဲချစ်ရမယ် ဆိုတာကတော့ မုသာဝါဒပေါ့ရှင်”

“မုသာဝါဒပေါ့၊ အဲဒီလိုပြောတာဟာလည်း အတ္တများလွန်းလို့သာဖြစ်ရမယ်။ အတ္တမရှိဘဲ လူဟာအသက်မရှင်နိုင်ပါဘူး။ အတ္တကိုချစ်ပဲချစ်ရမယ်ဗျ။ သနားတော့မသနားနဲ့ ဆိုတဲ့စကားတောင်ရှိတယ်။ တစ်ခုတော့ရှိတယ်။ ကိုယ့်ကိုယ်ကိုချစ်တာနဲ့ ကိုယ်နဲ့အနီးစပ်ဆုံးလူကို ချစ်တာနှစ်ခုဟာ ပြေပြစ်ဆီလျော်နေဖို့ကောင်းတယ်။ ???ဆင်မနေစေရဘူး”

“သိပ်လွယ်တာတော့လည်း မဟုတ်ဘူးထင်ပါရဲ့ရှင်။ အထူးသဖြင့် ရှင်ပြောသလို တွေဝေနေကြတဲ့ အများသောလူတွေအဖို့ပေါ့”

“အဖြေတစ်ခုတော့ရှာတွေ့တယ်ဗျ” ဟု သူက စိတ်ထက်သန်စွာ ပြောလေ၏။ သူရှေ့သို့ကိုင်းလိုက်သဖြင့် ဆံပင်များ နဖူးပေါ်သို့ ပိုမိုပျံဝဲကျလာပြန်လေ၏။ သူက ပင့်တင်ဖို့ သတိရဟန်မတူတော့ဘဲ ဖြီးသင်၍မရသော ခေါင်းမာသောဆံပင်များ နဖူးပေါ်ဖုံးအုပ်လျက်ပင် ပြောလေ၏။

“ဟပ်စလေရဲ့ ဝတ္ထုတစ်ပုဒ်ဖတ်ဖူးတယ်ဗျ၊ သည်စာရေးဆရာကို ငယ်ငယ်ကတော့ကြိုက်သား၊ ကြီးလာတော့လည်း ငြီးငွေ့သွားတာပါပဲ၊ ဒါပေမယ့် သူသေခါနီးရေးခဲ့တဲ့ ဝတ္ထုတစ်ပုဒ်က မဆိုးပါဘူး။ ဗုဒ္ဓဘာသာတရားတော် အကြောင်း တော်တော်ဆွေးနွေးသွားတယ်။ ဒါပေမယ့် ဘဝတဏှာပြတ်ရမယ်ဆိုတာကိုတော့ သဘောပေါက်သွားဟန်မတူဘူး။ သူ ဗုဒ္ဓဘာသာနားလည်ပုံက သေခါနီးလူမမာ ဘဝကူးကောင်းအောင် ပရိတ်ရွတ်ပေးတာ၊ ကြေးစည်တီးပေးတာလောက်ပဲ ရှိတယ်လို့ ကျွန်တော်ထင်တာပဲ။ သူ့ရဲ့ “ကျွန်း” ဆိုတဲ့ စာအုပ်ထဲမှာ အိမ်ထောင်ကိစ္စကို ဖြေရှင်းဖို့ ကြိုးစားတယ်။ မိဘနဲ့သားသမီးတို့ ဆက်ဆံရေး၊ လင်နဲ့မယား ဆက်ဆံရေးတွေကို ရေးတယ်။ သူ့ “ကျွန်း”မှာ စီးပွားရေးအရ ပြည့်စုံသာယာနေတယ်။ မိဘနဲ့ သားသမီးကြားမှာ ပဋိပက္ခဖြစ်ရင် ဖြေရှင်းနည်းက မွေးစားမိဘ၊ မွေးစားသားသမီးဆိုတာတွေ ထားကြတယ်။ သားသမီးတစ်စုံတစ်ယောက်က ကိုယ့်မိဘနဲ့ မဆီလျော်ရင် ပြောင်းလဲနေထိုင်ဘို့ မွေးစားမိဘတွေ ဆယ်စုံလောက်ရှိကြတယ်ဗျ။ ဆွေမျိုးမိတ်သင်္ဂဟထဲက ဖြစ်မှာပေါ့ဗျာ။ အဲဒီနည်းအားဖြင့် မိဘနဲ့သားသမီးတွေဟာ သင့်တင့်လျောက်ပတ်စွာ နေထိုင်ကြတယ်"

“ဒါပေမယ့် လင်နဲ့မယားကိစ္စကျတော့ စာရေးဆရာက သတ္တိမရှိတော့ဘူးထင်တယ်။ အဆင်မပြေလဲ သည်းခံနေကြရုံပဲ၊ အလွန်ဆုံးခွဲခွာနေကြရုံပဲလို့ ဆိုချင်ဟန်တူတယ်"

“ကျွန်တော် စဉ်းစားနေတာကြာပြီ။ အကြံတစ်ခု ရတယ်ဗျ။ လက်ထပ်ထိမ်းမြားခြင်းဆိုတာ ကျွန်တော်ပြောခဲ့ဖူးသလိုပဲ၊ အချစ်ဆိုတဲ့ပုံပြင်မှာ မိန်းမနဲ့ယောက်ျားချစ်လို့၊ အတူနေချင်လို့၊ ရင်းနှီးချင်လို့ ပြုရတဲ့ အမှုတစ်ခုသာဖြစ်တယ်။ အချစ်ဆိုတဲ့ပုံပြင်ရဲ့ အဆုံးသတ်မဟုတ်ဘူး။ အစသာဖြစ်တယ်။ ဒါပေမယ့် ခုဖြစ်နေတာက လက်ထပ်ထိမ်းမြားခြင်းဟာ ကြောက်စရာကောင်းတဲ့ အနှောင်အဖွဲ့ ဖြစ်နေတယ်၊ မှားရင်ပြင်မရလောက်အောင်၊ သို့မဟုတ် အဲသည်နီးပါး ခိုင်မာတဲ့ အဆောက်အအုံဖြစ်နေတယ်။ ခရစ်ယာန်တွေအဖို့ဆိုရင် ဘာသာတရားကိစ္စပါ ဖြစ်နေတဲ့အတွက် ပိုဆိုးတာပေါ့"

“ဒါကြောင့်လည်း လက်ထပ်ထိမ်းမြားခြင်းဟာ အသွင်သစ်တွေကို အမျိုးမျိုးဆောင်လာတယ်။ မသမာသူတွေရဲ့ လက်နက်ဖြစ်လာတယ်”

“အဲဒီလိုမဖြစ်ထိုက်ဘူးဗျာ”

“ကျွန်တော်စိတ်ကူးမိတာက ထိမ်းမြားလက်ထပ်ခြင်း ဆိုတာတစ်ခုဟာ ဆိုပါတော့ဗျာ။ ၈နှစ်ပဲ၊ ၁ဝနှစ်ပဲ စသည်ဖြင့် တည်မြဲစေရမယ်၊ အဲသည်နှစ်အပိုင်းအခြားစေ့ရင် အလိုလိုပြီးဆုံးသွားရမယ်။ အလိုလို လင်မယားဘဝ ရပ်စဲရမယ်။ ပြီးဆုံးပြီးသည့်နောက်မှာ လင်မယားရယ်လို့ ပေါင်းသင်းလာဖူးသူနှစ်ယောက်ဟာ နှစ်ဦးသဘောတူပေါ့ဗျာ ပြောနေစရာမလိုပါဘူး။ ဆုံးဖြတ်ရမယ်။ ကျေနပ်ရင်ကျေနပ်သလို၊ မကျေနပ်ရင်မကျေနပ်သလို ထိမ်းမြားလက်ထပ်ခြင်းကို ဆက်လက်တည်တံ့စေမယ်။ ဒါမှမဟုတ် ရပ်တန်းကပဲ ရပ်တော့မယ်ပေါ့ဗျာ။ ဆုံးဖြတ်ရမယ်။ ဆက်လက်တည်တံ့စေမယ်ဆိုတာလည်း ကာလအပိုင်းအခြားတော့ ထားသင့်သေးတယ်ထင်တာပဲ။ ၈နှစ်၊ ၁ဝနှစ် စသည်ဖြင့်ပေါ့"

“အဲသည်လိုဆိုရင် လင်နဲ့မယားဟာ လွတ်လပ်ခြင်းကို မနီးမဝေးမှာမြင်နေတော့ အရိုသေတန်တာတို့ ၊ နိုင်လိုမင်းထက်လုပ်တာတို့ နည်းသွားမယ်၊ သည်းခံနိုင်စွမ်းလည်း ရှိလာမယ်၊ လွတ်မြောက်ချင်လို့ မကောင်းကြံတာတွေလည်း လျော့သွားမယ်။ လင်မယားကွာရှင်းခြင်းဆိုတဲ့ ပြဿနာလဲ နည်းမယ်။ မိန်းမတွေရဲ့ အခွင့်အရေးတိုးလာတာလဲ ဖြစ်တယ်ဗျ။ သည်ဥပဒေဖြစ်ရေးကို မိန်းမနဲ့ယောက်ျား ဘယ်သူတွေက ပိုကန့်ကွက်မယ်ထင်သလဲ”

“ဘယ်နဲ့လဲ”

ကျွန်မက မျက်စိများကို ခဏမှိတ်ထားလိုက်ပါသည်။ ကျွန်မစဉ်းစားချင်ပါသေးသည်။ ပြီးတော့ သားသမီးများ .......။

“ဟုတ်တယ် သားသမီးတွေကို ဘယ်လိုလုပ်မလဲ၊ ရှင်ပြောသလို ၈နှစ်၊ ၁ဝနှစ်ဆိုတဲ့အချိန်မှာ ကလေးဘယ်နှစ်ယောက် ရနိုင်မလဲ၊ သူတို့ဟာ မိဘနှစ်ပါးဥပဒေအရ အလိုလိုကွဲသွားတဲ့အခါ ဘယ်သူနဲ့ နေမလဲ။ ဘာလုပ်ကြမလဲ၊ သူတို့ရဲ့ စိတ်ဆင်းရဲခြင်း၊ ချမ်းသာခြင်းဆိုတာကော အိမ်ထောင်ဖရိုဖရဲ ဖြစ်သွားတဲ့အခါ ....”

“အေး မှားနေပြီ” ဟု သူက ထုံးစံအတိုင်း ညင်သာစွာ ဆိုပါသည်။

“အိမ်ထောင်ဖရိုဖရဲဖြစ်တယ်လို့ကို ဆိုလို့မရတော့ဘူး။ ဥပဒေကလုပ်ထားပြီး နေ့စဉ်ဖြစ်နေတဲ့ လူမှုရေးစနစ်က လက်ခံထားတဲ့ကိစ္စဆိုတော့ လက်ထပ်ခြင်းဟာ ဆယ်နှစ်ပဲ ခံတယ်ဆိုတာကို ကလေးတွေကလည်း မွေးကတည်းက လက်ခံလာပြီး နည်းနည်းမှဆန်းတဲ့ကိစ္စမဟုတ်တော့ဘူး။ သားသမီးအရေအတွက် ကန့်သတ်တာလည်း လုပ်ရမှာပေါ့။ ၈နှစ်၊ ၁ဝနှစ်ပြည့်လို့ အလိုလိုပြီးဆုံးတော့မယ့်အချိန်မှာ ကလေးထပ်မွေးရင်လည်း သူတို့လင်မယားဟာ ဆက်လက်တည်မြဲဖို့ ဆုံးဖြတ်ပြီးသားလူတွေပဲ ဖြစ်ရမှာပေါ့"

“၈နှစ်၊ ၁ဝနှစ်သာကြာတဲ့ လက်ထပ်ခြင်းမှာ ကလေးတွေဟာ နှစ်ယောက်ထက်ပိုဖို့ မကောင်းဘူးပေါ့။ သည်ကလေးနှစ်ယောက်အတွက် မိဘနှစ်ပါးလုံးရော၊ အစိုးရရော တာဝန်ယူရမှာကတော့ ပြောနေစရာမလိုပါဘူး။ ခုလဲ သည်လိုပဲမှုတ်လား။ အရေးကြီးတာက အေးပြောတဲ့ ကလေးတွေရဲ့စိတ်ဆင်းရဲခြင်း၊ ချမ်းသာခြင်းဆိုတာပါ။ ကျွန်တော်ပြောပြီးပြီ၊ ဥပဒေအရ အလိုလိုပြီးပြတ်ရခြင်းဖြစ်တော့ လူမှုရေးစနစ်က လက်ခံထားပြီးသားဖြစ်တော့ ဒီပြဿနာရှင်းသွားတာပါပဲ”

“ထားပါတော့၊ ဒါပေမယ့် ရှင့်ရဲ့ လက်ထပ်ထိမ်းမြားခြင်းက မလွဲမသွေကွဲကွာရဖို့ကို အရင်းခံထားတဲ့ လက်ထပ်ထိမ်းမြားခြင်း ဖြစ်မနေဘူးလား”

“ဖြစ်မနေပါဘူး” ဟု သူက မြဲမြံစွာဆိုလေ၏။

“၁ဝ နှစ်တစ်ခါ ရပ်နားပြီး စဉ်စားကြဘို့ အခွင့်အရေးပေးတာပါပဲ။ မကွဲဘဲနေချင်ရတာပဲဗျာ ...၊ တစ်သက်လုံးစွဲမြဲနေတာကို နည်းနည်းလေးမှ ကန့်ကွက်ထားတဲ့သဘော ပါမှမပါတာ၊ ပြီးတော့ လင်မယားအဖြစ် နေထိုင်ခြင်းဟာ နှစ်ဦးသဘောတူ ကိစ္စမျှသာဖြစ်တယ်ဆို ပြတာပဲ။ လင်ရောမယားရောကို ညီမျှတဲ့အခွင့်အရေးပေးလိုက်တာဖြစ်တယ်၊ လင်က မယားကို မယားကလင်ကို လက်ထပ်ထိမ်းမြားခြင်းအပေါ်မှီပြီး ဖိနှိပ်စိုးမိုးတာကို ဖျက်ဖို့ကြိုးစားတာ ကိစ္စဖြစ်တယ်”

“လိင်ကိစ္စကို ပိုလွတ်လပ်စေတယ်လို့ကော မဆိုနိုင်ဘူးလား”

“လိင်ကိစ္စနဲ့ ဘာမှမဆိုင်ပါဘူး။ လိင်စိတ်ဆိုတာက ကြီးမားတဲ့အင်အားတစ်ရပ်ပဲ။ သူ့ကိုလက်ထပ်ခြင်း၊ ဂုဏ်သရေ၊ ဥပဒေဆိုတာတွေက ပိတ်ပင်တားဆီးလို့ ရတာ မှုတ်ဘူး။ လိင်ကိစ္စလွတ်လပ်ချင်တဲ့သူဟာ သူ့ဖာသာ နည်းလမ်းရှာလာတာပဲ၊ လက်ထပ်ထိမ်းမြားခြင်း ဥပဒေတစ်ခု ပြောင်းလိုက်ရုံနဲ့ လူအမျိုးမျိုးရဲ့ လိင်ကိစ္စအမျိုးမျိုးဟာ ပြောင်းလဲမသွားပါဘူး။ တစ်ခုပဲပြောနိုင်တယ်။ အလိုရှိသလိုပေါ့လေ၊ ဥပဒေဘောင်အတွင်းကနေပြီး လင်သစ်မယားသစ် ပြောင်းလဲယူဖို့ အခွင့်အရေးရတဲ့နည်းလမ်းပေါ့။ ဒါလဲ ကောင်းတဲ့အခွင့်အရေးလို့ ထင်ပါတယ်။ ပြီးတော့ လူတွေကို အနည်းဆုံး ရိုးဖြောင့်စေတဲ့နည်းလမ်းလို့လဲ ခေါ်နိုင်တာပေါ့။ အကြောင်းကြောင်းတွေကြောင့်၊ ဥပဒေကြောင့်၊ လူမှုရေးစနစ်ကြောင့်၊ အောင့်အည်းသည်းခံပြီး မကြည်ဖြူနိုင်တော့တဲ့ လင်ကို ဒါမှမဟုတ် မယားကို စိတ်၏သစ္စာမရှိတော့ဘဲ ကိုယ်၏သစ္စာသာ မရှိချင်ဘဲ ရှိနေတာထက်တော့ မကောင်းဘူးလား”

“ရှင့်ဥပဒေသစ်ဖြစ်လာဖို့ရာ ရိုးဖြောင့်ဖို့၊ သတ္တိရှိဖို့၊ နားလည်ဖို့တော့ အတော်လိုတဲ့ကိစ္စပဲ”ဟုသာ ကျွန်မပြောလိုက်ပါသည်။

“အေးရယ်..... ကွဲချင်တဲ့လင်မယားကျတော့လဲ တားလို့မရတော့ပါဘူး။ ဇွတ်ကိုကွဲတာပဲမှုတ်လား။ အနောက်နိုင်ငံမှာဆိုရင် ဖောက်ပြားမှ ကွဲလို့ရမယ်ဆိုလို့ လူငှားပြီး ဖောက်ပြားချင်ယောင်ဆောင်ရတယ်။ လက်ပူးလက်ကြပ် အမိခံရသလို တမင်လုပ်ယူရတယ်။ ရီနိုမြို့ကိုသွားပြီး ကွဲယူရတယ်။ ကျွန်တော်တို့ဆီလဲ ဘာသာပြောင်းပစ်လိုက်ပြီး ကွဲယူရတဲ့ လင်မယားတွေ ခဏခဏတွေ့ဖူးသားပဲ။ မွတ်ဆလင်ကနေ၊ ကတ်သလစ်ကနေ၊ ဗုဒ္ဓဘာသာပြောင်းပစ်ပြီး ကွဲယူရတဲ့ သူငယ်ချင်းမတွေ ခုဖြင့် ချမ်းသာကျန်းမာကြလို့ တွေ့ရတယ်"

“ကလေးတွေကိစ္စထပ်ပြောဦးမယ်။ ကွာရှင်းတယ်ဆိုတဲ့ ကိစ္စဟာ စက်ဆုပ်ဖွယ်လို့ထင်နေတဲ့ခေတ်မှာ မလွှဲသာလို့ ကွဲကွာရတဲ့မိဘရဲ့ ကလေးတွေဟာ စိတ်ဓာတ်အများကြီးပျက်စီးနိုင်တယ်။ မကွဲကွာဝံ့လို့ ဟန်ဆောင်နေတဲ့၊ ရန်ဖြစ်နေတဲ့၊ ဖောက်ပြားနေတဲ့၊ ဖိနှိပ်နေတဲ့၊ ငုံ့ခံနေတဲ့အိမ်ထောင်များမှာလည်း ကလေးတွေဟာ ပိုပြီးပျက်စီးနိုင်သေးတယ်။ မသင့်တင့်တော့ဘဲ မချစ်တော့ဘဲ အတူဆက်နေကြတဲ့မိဘတွေကို ဘယ်သားသမီးက ကြည်ညိုနိုင်မှာလဲ။ လူလိမ်လူညာတွေကို ကြည်ညိုတယ်ဆိုရင်လည်း သည်ကလေးတွေဟာ လူလိမ်လူညာတွေအဖြစ် ရောက်ခဲ့ပြီ။ ဝမ်းနည်းစရာကောင်းအောင် ရောက်ခဲ့ပြီ"

“ကျွန်တော်ဖြစ်စေချင်တဲ့ အဲသည်ဥပဒေသစ်ဟာ အိမ်ထောင်ရေးရဲ့ အဆုံးစွန်သစ္စာတရားလို့တော့ ဆိုလိုတယ် မထင်လိုက်ပါနဲ့ အေးရဲ့၊ လက်ရှိအိမ်ထောင်ရေးဥပဒေထက် ပိုပြီးကောင်းမွန်နိုင်တဲ့ နည်းသစ်ကလေးသာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာထုံးစံအရလည်း ယောက်ျားတွေကို တရားဝင် မိန်းမအများယူနိုင်ဖို့ ၊ လော်လီဖောက်ပြန်ဖို့ အားပေး အားမြှောက်ပြုထားတာရှိတယ်။ ဟိုတလောက ဖတ်လိုက်ရတာကတော့ မယားကြီးကမကျေနပ်ရင် မယားပြိုင်များဟာ အမွေခွဲရာမှာ အခွင့်အရေး ကောင်းကောင်းမရနိုင်တော့ဘူး တဲ့။ ယောက်ျားများအဖို့ ဘာမှလဲနစ်နာမသွားပါဘူး။ ခုနောက်ဆုံးဥပဒေအရ မိန်းမကအခွင့်မပေးဘဲ ယောက်ျားတစ်ယောက်သဘောနဲ့ ကွာရှင်းခွင့်မရနိုင်ဘူးလို့ ကြားတယ်။ အေး ကြားပြီးပြီလား”

“တကယ်တော့လည်းအေးရယ်....၊ လူသာလျှင် ပဓာနဆိုတာ အမှန်ပဲ၊ ဥပဒေဆိုတာ မယဉ်ကျေးသေးသူတွေအတွက် ထိန်းချုပ်ဖို့ လိုတယ်ဆိုပြီး လုပ်ယူထားရတဲ့ စည်းမျဉ်းပဲ။ တကယ်ပဲ ယဉ်ကျေးလာပြီ၊ အထက်တန်းကျလာပြီ ဆိုတဲ့အခါကျတော့လည်း မတရားမှုတွေ နည်းသွားပြီး ဥပဒေဆိုတာတောင် တယ်မလိုတော့ဘဲ ဖြစ်နေနိုင်တာပေါ့”

“ကျွန်တော့်စိတ်ကူးကလေးကတော့ လင်ရဲ့ မယားရဲ့အခွင့်အရေးကောင်း ဘယ်တစ်ခုကိုမှ မပိတ်ပင်ပါဘူး။ အခွင့်အရေးသစ် ထပ်ပေးရုံပဲဖြစ်တယ်ထင်ပါတယ်”

* * *

ထုံးစံအတိုင်းပင် တီးဝိုင်းမှ အခါပေးလိုက်ပါသည်။

“အခါတော် ......ပေးတာက နတ်ရေးငယ်ရွှေစာ၊ သာသနာရောင်လင်း .....ကောင်းခြင်း ခုသည်ချိန်ခါ ...... အခါတော် ..... ပေးတာက ....."

ပရိသတ်သည် ရုပ်ချည်းပင် တိတ်ဆိတ်ငြိမ်သက်သွားပြီး ခေါင်းအားလုံးသည် ခန်းမကြီးတံခါးဝသို့ လည်ပြန်ကာ ကြည့်နေကြပါတော့သည်။ ကျွန်မ ကောင်းစွာ သတိမထားမိလိုက်ပါ။ ထွက်စည်ပင်ယွန်းသည်ထင်ပါသည်။ ရုပ်ရှင်ကင်မရာများ မီးတဝင်းဝင်းနှင့် စတင်ရိုက်ဆ။၊ ငယ်ရွယ်လှပသော သတို့သမီးသည် ပန်းနုရောင်ထမီ၊ ထိုင်မသိမ်းပုဝါ အဖိုးတန်တို့နှင့် စိန်တဖျတ်ဖျတ်လက်လျက် ပေါ်လာပါသည်။ သတို့သမီးမှာ ၈တန်းပင်မအောင်သေးသော ကျောင်းသူမျှသာဖြစ်သည်။ ကျွန်မ၏မျက်စိရှေ့တွင်ပင် ကြီးပြင်းသွားသော ကလေးမဖြစ်သည်။ အသက် ၁၇နှစ်ပင်မပြည့်သေးပါ။ မျက်နှာကို အရောင်များစွာ ဘယ်လိုခြယ်လှယ်ထားသော်လဲ နုနယ်ငယ်ရွယ်လှသေးသည်ကို မဖုံးအုပ်နိုင်ချေ။

ပန်းရောင်ပုလဲများ ဝတ်ဆံတပ်သည့်ပုဝါသည် ဘီးဆံထုံးနောက်မှ တွန့်ရာမှဖြာ၍ ရှည်လျားစွာကျသည်ကို အပျိုရံ လေးယောက်က ဖေးမကိုင်၍ လိုက်လာကြပါသည်။ သူတို့လဲ သတို့သမီးလို လှနေကြသည်။ ငယ်ရွယ်ကြသည်။ ရှက်နေကြသည်။ သူတို့နောက်မှာ သတို့သမီးအဖေ၊ အမေသည် ယှဉ်တွဲ၍ လိုက်ပါလာသည် ။ မာနတက်နေသော မျက်နှာကိုယ်စီနှင့်ပင်။

သူက ကိုယ်ကိုကိုင်းကာ ခပ်တိုးတိုး လေသံဖြင့် “ခင်ခင်ဝိုင်း သမီးလေးက ခင်ခင်ဝိုင်း ငယ်ငယ်ကလိုပဲ၊ ပိန်ပိန်ရှည်ရှည်ကလေး။ ကြီးလာရင်တော့ ခု သူ့အမေလိုပဲ ဝဝတုတ်တုတ်ဖြစ်သွားမှာထင်ပါရဲ့၊ ဒါထက် သတို့သမီးလေးက တော်တော်ငယ်တယ်ထင်တယ်”

ကျွန်မက "၁၇ နှစ်လောက်ရှိမှာပေါ့၊ သိပ်ငယ်သေးတယ်၊ ပညာသင်ဖို့ အများကြီးလိုသေးတယ်။ လက်ထပ်ဖို့ အသင့်ဖြစ်အုံးမယ့်အရွယ် မှုတ်ဘူးထင်ပါရဲ့”

“အသင့်ဖြစ်စရာမလိုပါဘူး။ အချစ်က သင်ကြားသွားမှာပေါ့ ။ ပြီးတော့ ငယ်တော့ ပိုပြီးတတ်လွယ်လိမ့်မယ်။ အရိုးမရင့်သေးဘူး”

“ခင်ခင်ဝိုင်းကြည့်ရတာတော့ ငယ်ငယ်က ကျောင်းနေဖက်လို့ သတိမရစေတော့ဘူး” ဟု သူက ပြောပြန်သည်။

စားပွဲများ ကျပ်နေသဖြင့် လူအချင်းချင်းကပ်နေလေရာ သူ ပြောသည်ကို ကြားသွားသော ဘေးကမိန်းမဝဝက ကျယ်လောင်သောလေသံဖြင့် သူ့ကိုလိုလို ကျွန်မကိုလိုလို ပြောပါသည်။ (စစ်စစ် ထိုမိန်းမကို ပွဲလမ်းတကာ၌တွေ့ဖူးပြီး မကြာခဏ မိတ်ဆက်ပေးခြင်းခံရသော်လည်း နာမည် မမှတ်မိပါ။ အတွင်းဝန်ကတော်တစ်ယောက်ဟုထင်မိပါသည်။ စကားများသော၊ အတင်းပြောတတ်သော မိန်းမဟု မှတ်မိပါသည်။)

“မဝိုင်းတို့က သူဌေးဖြစ်နေတာကြာပြီ။ သိန်းတစ်ရာတော့ အနည်းလေးချမ်းသာမယ်။ သမီးမင်္ဂလာဆောင်မှာကို နှစ်သိန်းခွဲဖြုန်းပစ်တာ၊ အေးလေ ၊ နှမြောနေလဲအပိုပေါ့။ သူ့လင်က မယားတွေယူထားတာ ပွနေတာပဲ။ သူတောင် ဟိုတစ်လောက ဗေဒင်ယတြာလုပ်ရင်း ဗေဒင်ဆရာနောက် ပါတော့မလို့။ သူ့လင်က ဗေဒင်ဆရာကို ငွေနှစ်သောင်းပေးပြီး မိုးကုတ်ဖက် လွှတ်လိုက်ရဆိုလား။ အေးလေ၊ လိုတရနေတော့လဲ ဇိမ်ခံကိစ္စပဲ မဲရတော့တာပေါ့၊ ဟဲဟဲ”

အားနာတတ်ဟန်ရှိသော ဘေးမှမျက်နှာချင်းတူသဖြင့် ညီမဖြစ်နိုင်သော သိပ်မဝလှသော မိန်းမက ဝင်ပြောပြန်၏။

“သမီးလေးကတော့ ချစ်စရာလေး။ ရိုးရိုးအေးအေးပဲတဲ့။ သူကြိုက်တဲ့ကောင်လေးက ပညာတော်တာတစ်ခုပဲ၊ ဘာမှမရှိဘူးတဲ့။ အလုပ်သင်ဆရာဝန်ကလေးပဲ”

“အဲသည်ကောင်လေးနဲ့ ဇာတာချင်းမတဲ့ဘူးဆို”

“မသိပါဘူး မမရယ်၊ ပြောကြတာပဲ”

“ဘယ်နဲ့ပြောကြတာရမလဲ၊ ဇာတာချင်းကို မတည့်လို့ ဗေဒင်ဆရာတွေ ပင့်ပင့်ပြီး ယတြာချေလိုက်ရတာ ၃ ... ၄ လလောက်ကြာပါပကော၊ မင်္ဂလာမဆောင်ခင် ၉ ညတိတိ ရွှေတိဂုံဘုရားပေါ်မှာ လျောင်းတော်မှုတစ်ဆူရှေ့မှာ သွားပြီး ကန်တော့အိပ်ရသတဲ့။ ဒို့များတော့ လင်တစ်ယောက် သည်လောက် အောက်ကျခံမယူပေါင်”

“ဗေဒင်ဆရာတွေ ဟောတယ်တဲ့၊ မင်္ဂလာဆောင်မှာ တကယ့်ကောင်းမြတ်တဲ့အချိန်အခါ ရောက်ရောက်ချင်း စက္ကန့်မလွဲ ဘိသိက်သွန်းရမယ်တဲ့၊ အနှောင့်အယှက် အကြီးအကျယ်ပေါ်တတ်တယ်တဲ့။ ပေါ်ရင် ကွဲရင်ကွဲ၊ မကွဲရင် သတို့သမီးသေမယ်တဲ့”

“ဒါကြောင့်ထင်ပါရဲ့ ။ ခုန သတို့သမီးနားဖို့ အခန်းထဲ ဝင်ကြည့်တော့ ကန်တော့ပွဲတွေကော၊ ဖယောင်းတိုင်တွေကော လှိုင်နေတာပဲ။ ဖယောင်းတိုင်တွေကလဲ စပါယ်ရှယ်တော့၊ ရွှေတွေချထားတာ ဝင်းနေတာပဲ”

“မင်္ဂလာဆောင်ပြီးရင် အင်္ဂလန်သွားပြီး ကျောင်းဆက်နေကြမယ်ပြောတာပဲ။ ကောင်မလေးက ဆယ်တန်းတောင် မအောင်သေးဘူး။ ကလေးအမေကျောင်းသူ ဖြစ်အုံးမှာပေါ့လေ၊ စိတ်ညစ်စရာ။ ကောင်လေးကတော့ ကလေးခွဲစိတ်ကုသမှု ပါရဂူဘွဲ့ဆိုလား ယူမလို့တဲ့ ..”

“ပိုက်ဆံ အရေးကြီးတာပါပဲ။ လင်မယား နတ်ဖက်တယ်ဆိုတာ အလကားစကား၊ လင်မယား ပိုက်ဆံဖက်တာ၊ ပိုက်ဆံ”

သူရောကျွန်မပါ ပြုံးသာနေလိုက်ကြပါသည်။ မိန်းမနှစ်ယောက်သည် တစ်ဖက်လှည့်သွားပြီး ကျယ်လောင်သောလေသံနှင့် ဆက်လက်၍ ထိုမင်္ဂလာဆောင်၏စရိတ်စကများကို အသေးစိတ်တွက်ချက်ကြပြန်လေ၏။

သူက ပြုံးမြဲပင်။ နဖူးပေါ်မှ ပင့်တင်မရသော ဆံခွေကြောင့် သိမ်မွေ့ပါလျက် ရဲတင်းပုံရနေသည်။ သိမ်မွေ့သော်လည်း ရဲတင်းသည်မှာ အမှန်ဖြစ်လေသလား။ သူက ပြုံးမြဲပင် ပို၍တိုးတိတ်စွာ “လင်နဲ့မယား အချစ်ပဲဖက်ရမှာမှုတ်လား အေးရယ်၊ စိတ်ကူးလွဲလိုက်တာ” ဟုပြော၍ ရယ်မောလိုက်သေးသည်။

စောစောက မိန်းမဝဝသည် ဘာအကြားမှားသည် မသိ၊ သူ့ကိုပြုံးရယ်ကာ “ဟုတ်ပါရဲ့ရှင် ... စိတ်ကူးလွဲလိုက်တာ၊ ဘိသိက်သွန်းမဲ့အချိန်က တိတိကျကျ (၅၃) မိနစ်ခွဲ လိုသေးတယ်ဆိုတော့ ဘာလုပ်ဖို့ သည်လောက်စောစောကြီး သတို့သမီး၊ သတို့သားကို ပွဲထုတ်နေမှာလဲ။ သည်လောက်အကြာကြီး သြဘာစာရွတ်နိုင်တယ်ထားအုံး။ ကလေးတွေ ​ညောင်းကုန်မှာပေါ့ ”

“သြဘာစာရွတ်ပြီးတော့ ရတုပိုဒ်စုံ ဝင်ဆိုအုံးမှာ မမရဲ့ ”

“ဘယ်သူဆိုမှာလဲ၊ တင်တင်မြလား”

" ??????"

“ညည်းမလဲ ထင်ပါရဲ့ ချည်းပဲ၊ ဘာမှမရေရာဘူး”

“ရတုပိုဒ်စုံ စောမြအေးကြည် ဆိုပြတာ တစ်ခါကြားဖူးပါတယ်။ ပျင်းစရာကောင်းလိုက်တာ မပြောပါနဲ့။ သမီး (၅)တန်းတုန်းက အဆိုပြိုင်ပွဲဝင်ရတုန်းကပေါ့။ အဖွားကြီးဆီ နေ့စဉ်သွားသင်ရတာ ဆုတော့ရလာတယ်”

သူနှင့်ကျွန်မတို့ တိတ်ဆိတ်နေကြသည်တွင် ထိုညီအမလည်း တိတ်ဆိတ်သွားပြန်ပါသည်။ သတို့သား ဖြတ်သွားသည်ကို ကျွန်မ သေသေချာချာ မကြည့်လိုက်မိပါ။ စင်မြင့်ပေါ်နေရာယူကြမှ မြင်ရသော်လည်း ခပ်ညိုညို ပါးပါးလျလျဟုသာ သိရပါသည်။ သတို့သားမှာ (၂၄)နှစ်ခန့်ရှိပြီး အိန္ဒြေရရ မျက်နှာထားမှန်မှန်ပင်ဖြစ်သည်။ သူ့မိဘနှစ်ပါးမှာ ခင်ခင်ဝိုင်းတို့လင်မယားလောက် မျက်နှာရဲဝံ့ခြင်းမရှိဘဲ၊ မာနတက်ခြင်းမရှိဘဲ၊ စင်မြင့်ပေါ်၌ မြန်မြန်ထိုင်ကြပါတယ်။ သူတို့၌ စိန်အနည်းငယ်သာ ပြိုးပြက်လေ၏။

“ကောင်လေးဘက်က နည်းနည်းနွမ်းတာပေါ့။ သူ့အဖေက အရာရှိတောင်မှုတ်ဘူးတဲ့။ စာရေးက တဖြည်းဖြည်းတက်လာတာမျိုးနဲ့တူပါတယ်။ (ဆင်းရဲနွမ်းပါးမှလဲ ပညာကြိုးစားရမှန်းသိတာ ....) ရုံးဝန်ထောက်ဆိုလား၊ မင်္ဂလာဆောင် ဖိတ်စာရိုက်ခါနီးမှ မဖြစ်ချေဘူးဆိုပြီး မဝိုင်းတို့ချယ်လှယ်လိုက်တာပေါ့ ။ မန်နေဂျာဖြစ်သွားတယ်။ ဖိတ်စာထဲ လှလှပပပါသွားတာပေါ့ ....”

မီးတဝင်းဝင်းနှင့် ရုပ်ရှင်ရိုက်နေသော ကင်မရာတစ်လုံးသည် ပရိသတ်ဖက်သို့ လှည့်လာရာ၊ စကားပြောနေသော မိန်းမနှစ်ယောက် အမ်းနေကြပြီးမှ မျက်လွှာချကာ ပြုံးလျက်နေလိုက်ကြသည်။

သူက မှန်တံခါးအပြင်ဘက်သို့ စုံမက်စွာ ငေးမောနေပြန်သည်။ အပြင်၌ သာယာအေးချမ်းမြဲပင်။ ရေကူးကန်၏ရေပြင်သည် ခပ်ငြိမ့်ငြိမ့်ပင် ဂယက်ထနေသည်။ လှိုင်းနုနုများ အိနေသည်။ မြသားပမာ စိမ်းလဲ့နေသည်။ ကျွန်မလည်း လေးလံကျွတ်ဆတ်သော အဝတ်များကို ချွတ်ပုံခဲ့ကာ ရေပေါ်၌ ပက်လက်ဖော့၍ နားနေလိုစိတ် ပေါက်လာပါသည်။

“အပြင်သွားရအောင်ပါအေးရယ်၊ စကားပြောရတာ ပိုလွတ်လပ်မယ် ....”

သူက ခပ်တိုးတိုး ခေါ်ပြန်ပါသည်။

“လူတွေသိပ်ကျပ်နေပြီ။ ဘယ်ထွက်လို့ရတော့မလဲ။ ပြီးတော့ သတို့သမီး သတို့သားပွဲထုတ်ပြီးမှ ထွက်ရင် ပိုအားနာစရာကောင်းမှာပေါ့ ... "ဟု ကျွန်မက ဖြေ၏။

“ဒီတံခါးက ဖွင့်လို့မရဘူးလား မသိဘူး” ဟု သူက အသာကလေး လှမ်း၍တွန်းကြည့်လေ၏။ “ဖွင့်လို့ရတဲ့တံခါးမျိုး မှုတ်ဘူးထင်ပါရဲ့။ အံ့သြဖို့ကောင်းလိုက်တာ။ မှန်ခွဲပြီးသာ ထွက်သွားချင်တာပဲ။ ကျွန်တော်လာတုန်းက တီးဝိုင်းခဏနားထောင်၊ ဦးဘသန်းနဲ့စကားပြောစရာရှိတာ ခဏသွားပြောပြီး မြန်မြန်ပြန်မယ်စိတ်ကူးပြီးလာတာ။ အေးနဲ့တွေ့လို့ ပြောစရာတွေရှိလို့ ပြောလို့တော့ မပြီးသေးပါဘူး။ သည်မှာမပြောချင်တာတစ်ခုပါပဲ။ ဘယ်တတ်နိုင်မလဲ။ သည်မှာပဲ ပြောရမှာပဲ။ ကျွန်တော်သားကလေး တော်တော်ကြီးရောပေါ့ ....”

"(၁၆)နှစ်ကျော်ပြီပေါ့။ ခပ်ညှက်ညှက်ပဲ။ စာတော်တယ်၊ လိမ္မာတယ်”

“ဒါပဲလား၊ စာတော်တာကောင်းပါတယ်။ ကျောင်းစာအပြင် စာဖတ်ကော ဝါသနာပါရဲ့ လား။ နုနုကတော့ တွေ့ကြချစ်ကြလွမ်းကြတဲ့ဝတ္တုလောက် ဖတ်တာ”

“ကျွန်မရဲ့ အိမ်မှာနေကြတာပဲ။ ကျွန်မရဲ့စာအုပ်တွေလဲ ရှင့်စာအုပ်တွေလိုပါပဲ။ ဘာသာရပ်စုံပါတယ်။ နိုင်ငံရေးတော့ ကျွန်မဝါသနာမပါလှပါဘူး။ စမ်းသပ်ရုံပါပဲ ....”

“ကျေးဇူးပါပဲ”ဟု သူက သက်ပြင်းချလေ၏။

“သည်လိုဆိုရင် ကျွန်တော့်သားဟာ နုနုရဲ့ ကစားစရာအရုပ်မျှလို့ မထင်နိုင်တော့ဘူးပေါ့။ သူရိုးဖြောင့်ရဲ့ လား။ သတ္တိရှိရဲ့ လား။ ရဲရဲဝံ့ဝံ့ တွေးခေါ်တတ်သလား။ နိုင်ထက်စီးနင်းစိတ်ထား ကင်းရဲ့လား။ အနုပညာဝါသနာရှိသလား ....”

ကျွန်မသည် မျက်ရည်အနည်းငယ်ဝေ့လာပါသည်။ သူ့မျက်လုံးများ၌ ဝေ့လာသောမျက်ရည်များကိုလည်း မြင်ရပါသည်။ ကျွန်မတို့ စကားမပြောဘဲ ခဏနေကြပြီး “ရှင်ဘာဖြစ်လို့ လာမကြည့်နိုင်တာလဲ ....”ဟု မေးမိပြန်ပါသည်။

“ကျွန်တော် သူတို့သားအမိကို ခဏခဏ တွေ့ ပါတယ်” ဟု သူက ဖြည်းလေးစွာ ဝန်ခံလေ၏။

“ဗိုလ်ချုပ်ဈေးမှာ၊ နုနု အလုပ်လုပ်တဲ့ကျောင်းမှာ၊ သားတက်တဲ့ကျောင်းမှာ၊ ရုပ်ရှင်ရုံမှာ ...”

“ဆုံပြီး စကားတော့မပြောဘူးပေါ့။ နုနု ရှင့်ကို တွေ့ တယ်လို့ တစ်ခါမှပြန်မပြောဘူး”

“ကျွန်တော် အဝေးကပဲ လိုက်ကြည့်တာပဲ။ နုနုနဲ့ကျွန်တော့်မှာ ပြောစရာစကားလည်း မရှိဘူးထင်ပါတယ်။ အထူးသဖြင့် ကျွန်တော်မှာ ပြောစရာမရှိဘူးထင်ပါတယ်။ ပြောခဲ့ပြီးကော၊ တောလည်သွားရင်း တွေ့ခဲ့တဲ့ စမ်းရေအိုင်ကို ပြန်မရောက်တော့ပါဘူးလို့၊ စမ်းရေအိုင်ရောက်မှ နီးစပ်ရမယ်ဆိုတဲ့ ကြာပွင့်ကိုလဲ စမ်းရေအိုင်ရောက်မှ နီးစပ်ရမယ်ဆိုလဲ နေပါစေတော့။ ကံကောင်းရင် ကျွန်တော့်ဧည့်ခန်းက ပန်းစိုက်အိုးထဲ ရောက်လာလိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်။ အေးလေ၊ လူတစ်ကိုယ် ထင်တစ်လုံးပေါ့ဗျာ၊ အကျိုးပြုမယ်ထင်တာပဲ။ ?? ကျွန်တော့်ကို မကောင်းထင်လေ့ ရှိသလား”

“ဒါကတော့ရှင် ... ၊ ရှင်လည်းဝန်ခံသားပဲ။ နုနုက တကယ့်ကို သာမန်မိန်းကလေးမျှသာဖြစ်တယ်ဆိုတာ။ မင့်အဖေဟာ စိမ်းကားရက်စက်တဲ့လူလို့ ပြောတဲ့အခါ ပြောမှာပဲ။ သေပြီလို့ သဘောထားလိုက်လို့လည်း ပြောတဲ့အခါပြောမှာပဲ။ နောက်ဆုံးတော့လည်း သူဟာ အများနဲ့မတူတဲ့လူသာ ဖြစ်ပါတယ်။ မေမေ့မှာလဲ တာဝန်ရှိပါတယ်ဆိုတာမျိုးလဲ ပြောတဲ့အခါပြောမှာပေါ့ ....”

“ကျွန်တော်သားက ကျွန်တော့်ကို မကောင်းထင်သလား” ဟု သူက ထပ်မေးလေ၏။

“ထင်မယ်မဟုတ်ပါဘူး၊ ကလေးတွေဟာ လူကြီးတွေပြောသမျှကို အကုန်မှန်တယ်ထင်လို့ လက်ခံတယ်လို့ ရှင်ထင်သလား။ အများအားဖြင့် ကလေးတွေဟာ လူကြီးတွေထက်တောင် ပိုပြီးသိမြင်တတ်သေးတယ်။ ကလေးတွေရဲ့ အသိဉာဏ်ဟာ အရည်အချင်းမှာ လူကြီးထက်မလျော့ဘူး။ အရေအတွက်မှာသာ လျော့မယ်။ ကျွန်မပြောချင်တာက သူတို့ အကြောင်းအရာတစ်ခုကိုသိမြင်ရင် အချိန်နည်းသေးလို့ အတွေ့အကြုံနဲသေးလို့ သူတို့သိမြင်တဲ့ အကြောင်းအရာဟာ အရေအတွက်မှာသာ နဲရတယ်လို့ ကျွန်မထင်တယ်”

“ကျွန်တော်လဲ အဲသည်အတိုင်းယုံတာပဲ”ဟု သူက မြန်မြန်ပင်ထောက်ခံလေ၏။

"ဒါကြောင့် ကလေးဆိုတာလဲ ရိုသေအပ်၊ လေးစားအပ်တဲ့ လူပုဂ္ဂိုလ်ပဲဖြစ်တယ်။ သူ့ကိုပိုပြီး မညာရဘူး၊ မလှည့်ဖြားရဘူး။ လူကြီးက သူ့ထက်သာတာ တစ်ခုပဲရှိပါတယ်။ ခွန်အားပါပဲ။ ခန္ဓာအရွယ်ချင်း မယှဉ်သာတာပါပဲ။ ဒါကို ကလေးကလည်း သိတာပါပဲ”

“ရှင့်သားက ရှင့်ကို မကောင်းမထင်ပါဘူး။ အခု အရွယ်ရောက်စပြုလာတော့ ရှင့်ကို နားလည်စပြုလာပြီလို့တောင် ထင်နိုင်ပါတယ်” ဟု ကျွန်မက ခုမှ အဖြေပေးလိုက်လေ၏။

“တော်ပါပြီ၊ ကျွန်တော့်ကို ကောင်းတယ် ဆိုးတယ်လို့ ထင်စရာမလိုပါဘူး။ ပြီးတော့ ဘယ်သူမှလဲ အကောင်းသက်သက် အဆိုးသက်သက် ရှိနိုင်တာမှ မဟုတ်တာ။ လူတစ်ယောက်ဟာ အင်အားရှိတယ်၊ နည်းတယ်ဆိုတာပေါ်တည်ပြီး လူကောင်းလူဆိုးလို့ အကြမ်းအားဖြင့် ခွဲပြောကြတာဘဲ မှုတ်လား။ အင်အားဆိုတာကလဲ အခါကာလအလျှောက် ပြောင်းချင်ပြောင်းတတ်တာပဲ။ ဥပမာ ကျွန်တော်ဟာ သေရမှာကို နည်းနည်းမှ မကြောက်ပါဘူး၊ နာကျင်တဲ့ဝေဒနာကိုတော့ သိပ်ကြောက်တာပဲ။ သည်တော့ ကျွန်တော့်ကိုပစ်သတ်မယ်လို့ ခြိမ်းချောက်တဲ့အခါမျိုး၊ စစ်ထွက်တိုက်ရတဲ့အခါမျိုးမှာ ကျွန်တော်ဟာ သတ္တိရှိနေ အင်အားကြီးနေနိုင်ပေမယ့်လည်း၊ ကျွန်တော့် ခန္ဓာကိုယ်ကို တရိရိ ညှင်းပန်းနှိပ်စက်တဲ့အခါမျိုးကျတော့ ကျွန်တော်ဟာ ညံ့ဖျင်းလိမ့်မယ်"

"ကျွန်တော့်သားက ကျွန်တော့်ကို ကောင်းသလား၊ ဆိုးသလား၊ အင်အားရှိသလား၊ ညံ့ဖျင်းသလား၊ ဘယ်လိုထင်ထင် အရေးမကြီးပါဘူး။ သူများထင်တာထက် ကိုယ့်ဖာသာပိုသိတာပေါ့။ သူ ကျွန်တော့်ကို နားလည်ရင်တော်ပါပြီ။ နားလည်ရင် ကျွန်တော့်အဖို့လဲ ကောင်းတယ်၊ သူအဖို့လဲ ပိုကောင်းပါတယ်၊ သူဟာ စိတ်ချမ်းသာနိုင်တာပေါ့။ ကျွန်တော့်ကို နားလည်ရင် သူ့အမေကိုလဲ နားလည်တော့မှာပဲ၊ လူအားလုံးကို နားလည်တော့မှာပဲ၊ ဝမ်းသာစရာပါပဲ”

စောစောက ကျွန်မတို့ကို စကားလှမ်းပြောလေ့ရှိသည့် မိန်းမဝဝသည် ကျွန်မတို့ဘက် လှည့်လာပြန်လေ၏။ မိန်းမသည် အနည်းငယ်နွမ်းနယ်ခဲ့ပြီဖြစ်၏။ သူထိုင်ရသောခုံမှာ သူကိုယ်နှင့်စာလျှင် အနည်းငယ်သေးငယ်ပြီး နောက်မှီကလဲ မလုံလောက်တာအမှန်ပင်။ သူသည် ကျွန်မ မရောက်ခင် ကြာမြင့်စွာကပင် ရောက်နှင့်ခဲ့ဟန်ရှိလေ၏။ သည်မင်္ဂလာဆောင်၌ သူအလွန်စိတ်ဝင်စားနေသည်ကို ဖုံးဖိဖို့ မကြိုးစားချေ။ သူ့ဘဝ၏ တစ်စိတ်တစ်ဒေသလိုပင် ဖြစ်နေလေ၏။

“ကျွန်မလည်း ဝမ်းသာတာပါပဲ” ဟု မိန်းမက စကားစလေ၏။ သူရဲ့ နောက်ဆုံးစကားကို တစ်ပိုင်းတစ်စ ကြားလိုက်ပြန်သည် ထင်ပါတယ်။

“သည်လောက် ကြီးကြီးကျယ်ကျယ်လုပ်တာ အထစ်အငေါ့မရှိဘဲ ပြီးတော့မယ် ဆိုတော့ တကယ်တော့လည်း ပိုက်ဆံအကုန်ခံနိုင်ရင် အောင်မြင်တာချည်းပဲပေါ့”

ထိုမိန်းမသည် အသာကြွ၍ ကုလားထိုင်ကို ကျွန်မတို့ဘက် သေသေချာချာလှည့်ပြီး ကျကျနန ပြန်ထိုင်လေ၏။

“ရှင်တို့ကော ညစာစားပွဲအတွက် ဆက်နေအုံးမှာလား”

ကျွန်မက “ဘယ်ညစာစားပွဲလည်းရှင်၊ ကျွန်မတို့မသိပါဘူး”

“သည်မင်္ဂလာဆောင်အခမ်းအနားပြီးရင် ခဏနားမယ်လေ၊ ပြီးတော့ အင်းလျားလိတ်မှာပဲ ဆက်ပြီး ညစာကျွေးလိမ့်အုံးမယ်၊ ဒါကတော့ ဧည့်ပရိသတ်အကုန်အတွက် မဟုတ်ဘူးပေါ့”

မိန်းမသည် အနည်းငယ် ဟန်ကြီးပန်ကြီးလေသံဝင်ကာ “အရေးကြီးတဲ့ပရိသတ်၊ ရင်းနှီးတဲ့ပရိသတ်လောက်ပါပဲ၊ ကျွန်မတို့တော့ ဆွေမျိုးဆိုတော့ အစောကြီးကတည်းက ဖိတ်စာတစ်စုံလုံး ရထားတာဘဲ၊ ပျော်စရာကောင်းအုံးမယ်ရှင့်။ စိန်အောင်မင်းနဲ့ဗလပျံ နှစ်ပါးသွားထွက်ဦးမယ်၊ ဒဂုဏ်အောင်ရုပ်သေးလည်းကမယ်၊ မင်္ဂလာဆောင်ကတော့ သူမတူအောင်ကြီးကျယ်ပါပေရဲ့”

သူ့ညီမဖြစ်သူကမူ အတော်ပူပန်နေလေ၏။

“သြဘာစာရွတ်နေတာကလည်း မပြီးနိုင်တော့ဘူး၊ ဘိသိက်သွန်းချိန်ကျရင်လဲ မြန်မြန်သွန်းလိုက်တာမဟုတ်ဘူး၊ အနှောင့်အယှက်ရှိမယ်လို့ ဗေဒင်တွေအားလုံးက တွက်ထားကြတာ၊ ယတြာတော့ တော်တော်ချေထားတာပဲ ....၊ မန္တလေးက မဟာမြတ်မုနိတောင် ရွှေဆိုင်းတစ်ရာ လှမ်းလှူရသေးသတဲ့”

“ပြီးတော့ သတို့သားနဲ့ သတို့သမီး ဟန်းနီးမွန်းခရီး မထွက်ရဘူးလို့ တားထားတယ်မဟုတ်လား”

“အင်းလေ၊ ဒါကြောင့် အင်းလျားလိတ်မှာ နှစ်လနေကြဖို့ စီစဉ်ရတာပေါ့။ အင်းလျားလိတ်မှာနေတုန်း ရေကူးကန်ထဲလည်း ဆင်းမကူးရဘူးတဲ့။ စနေ၊ ဗုဒ္ဓဟူး မြို့ထဲမထွက်ရဘူးတဲ့”

“ဟော.....ဟော....ဩဘာစာရွတ်လို့ပြီးပြီ၊ ဘိသိက်သွန်းတော့မယ် ထင်ပါရဲ့”

သို့သော် ဩဘာစာရွတ်သော တောင်ရှည်ပုဆိုးနှင့် လူချောချောသည် နာရီကိုကြည့်လိုက်၊ သတို့သား သတို့သမီးများ၏မိဘများနှင့် တီးတိုးတိုင်ပင်လိုက် လုပ်နေပြန်သည်။ တကယ့်အချိန်အခါ မကျသေးဘူးထင်သည်။ ဆုံးမသြဝါဒစကားမပြောသေးဘဲ အဝါရောင်ဆင်တူဝတ်ထားသော အကူအညီအဖွဲ့ မှ လူငယ်များကို တစ်ဆင့်တစ်ဆင့် ခိုင်းသည်ကို မြင်ရပါ၏။ နောက်ဆုံးအဆင့်မှလူငယ်သည် ကျွန်မတို့နားမှဖြတ်သွားကာ တီးဝိုင်းအဖွဲ့ ကို မကျယ့်တကျယ် လှမ်း၍ပြောပါသည်။ ။

“ရတုပိုဒ်စုံ ရွတ်ပါတဲ့၊ ရတုပိုဒ်စုံ ရွတ်ပါတဲ့”

“ဘာဖြစ်လို့လဲ၊ ဘိသိက်သွန်းပြီးမှ ရွတ်ရမှာမဟုတ်လား”

“မဟုတ်ဘူး....အချိန်ဇယားတွေလွဲကုန်လို့ အစောကြီးထဲကလည်း ပြောထားရက်သားနဲ့၊ ရတုပိုဒ်စုံရွတ်လိုက်ပါ။ ၁၂ မိနစ်တဲ့ အပြီးရွတ်ပါ”

“ပြီးပါ့မလား • • • ၁၅မိနစ်လောက်ကြာရင်ကော”

“၁၂ မိနစ်ပဲဗျာ၊ ရအောင်ရွတ်၊ ရတုပိုဒ်စုံရွတ်ပြီးမှ အဖိုးကြီးက ဆုံးမစကားပြန်ကောက်ပြီး ဘိသိက်သွန်းမှာ”

တီးဝိုင်းဆရာသည် အနည်းငယ် ငြူစူနေပါသည်။ သို့သော် ကြည်လွင်ချိုအေးသောတေးသံသည် ချက်ချင်းပင် ထွက်ပေါ်လာပါသည်။ ဆန်းကြယ်စွာ စန္ဒယားနှင့်ထိန်းကွပ်ထားသော ရတုဆိုသံကို ကျေနပ်အားရစဖွယ် ကျွန်မတို့ ကြားနေရပါသည်။ သူလည်း စကားမပြောတော့ဘဲ နားစိုက်ထောင်နေသည်။ မိန်းမဝဝ ညီအစ်မပင် အေးအေးငြိမ်းငြိမ်း နားထောင်နေကြသည်။

“မေနှင့်မောင်တို့ လူ့ဘောင်ခန်းသာ၊ ဂုဏ်ထယ်ဝါခဲ့ မင်္ဂလာအိမ်ထက်၊ စိန်လျှံလက်၍ ရှည်ဆက်ပွားစီး၊ သားသမီးနှင့် ကြီးမားမေတ္တာ၊ နှစ်တစ်ရာဟု ....”

သို့သော် ဧည့်ပရိသတ်သည် ပြန်လည်ဆူညံလာပြန်သည်။ ညောင်းညာကြသဖြင့် လှုပ်လှုပ်ရွရွဖြစ်သည်။ ဆွဲဆွဲငင်ငင်သီဆိုရသော ရတုသံကို ပျင်းကြသည်။ ခပ်အုပ်အုပ်ရယ်သံ၊ တီးတိုးစကားသံများ ပီပြင်လာသည်။ ကျွန်မတို့ ဘေးမှ မိန်းမညီအစ်မလဲ ကျယ်လောင်သောတီးတိုးသံဖြင့် စကားပြောနေကြပြန်၏။ စောစောက ကျွန်မတို့ဘက် တည့်တည့်လှည့်ထားသော ကုလားထိုင်စက်ဝိုင်းတစ်ခြမ်းတိတိ လှည့်ယူသွားပြီးဖြစ်သဖြင့် အင်္ကျီကြေနေသော ကျောပိုင်းကိုသာ မြင်ရပါသည်။ သူ့စကားကို မသဲကွဲတော့ပါ။ နောက်မှီထိုင်ပါများသဖြင့် သူ့ပုဝါ၌ စီသော ရွှေရောင်ကြယ်ကလေးများ နှုတ်ခမ်းပဲ့နေကြသည်ကို မြင်ရသည်။

မကြာခင်ပင် ထိုမိန်းမသည် သူ့ဘက်လှည့်လာပြီး “ချောက်ထုတ်လိုက်စမ်းပါ.....ဟိုမှာ”ဟု ဆိုပါသည်။

သူညွှန်ပြရာမှာ ဖွင့်လို့ရမရ ကျွန်မ မသိသော လိမ္မော်ပွင့်နှင့် ရေညှိနွယ်ခန်းဆီးများ အနားကွပ်သော မှန်တံခါးမကြီး ဖြစ်သည်။ ထိုတံခါးမကို သူဖွင့်ချင်သဖြင့် တွန်းကြည့်သေးသည်ပင်။ ထုတ်ချင်းပေါက်မြင်ရသဖြင့် အပြင်၌ သစ်ရွက်ညိုများ၊ မြက်ခင်းများ၊ နေခြည်များ သာယာနေသည်။ ရေကူးကန်စိမ်းလဲ့လဲ့ကို မြင်နိုင်သည်။ မိန်းမချောက်ထုတ်လိုသည်မှာ တံခါးဝ၌လာရပ်နေသော ၈ နှစ်အရွယ် ကလေးငယ်ဖြစ်သည်။

ကလေးငယ်မှာ အသားအရေမည်းမှောင်လှပြီး ဆံပင်များရှည်၍ ကွေ့ လိမ်ကာ ကျနေသည်။ ခပ်ပေပေရေရေပင်။ အင်္ကျီလည်းမပါချေ။ စွပ်ကျယ်လက်ပြတ် လျော့ရဲရဲသာ ဝတ်သည်။ ပြာမွဲသော ရှုံ့ကြိုးနှင့် ဘောင်းဘီလဲ ဝတ်သည်။ မျက်လုံးများမှာမူ ပြူးကျယ်တောက်ပလှပြီး ကော့ပျံထူထဲသော မျက်ခုံး၊ မျက်တောင်များ ရှိသည်။ လုံးဝန်းသော နှုတ်ခမ်းကလေးကို ထော်၍ ရွဲ့ ၍ မှန်တံခါးနှင့်ခန်းဆီးစ စပ်ရာမှာ ရပ်နေသည်။ သူ့နှာခေါင်းကလေးမှာ မှန်နှင့်ကပ်ဖိမိ၍ ပြားကာ ပွနေလေသည်။

“ချောက်ထုတ်လိုက်စမ်းပါရှင့်၊ ကျက်သရေတုံးလိုက်တာ၊ ဘယ်အစေခံတန်းလျားက ကလေးပါလိမ့်၊ သွား ဟဲ့ ....ရှူး”

သို့သော် မှန်အပြင်က ကလေးသည် ကြားပုံမပေါ် ပါ။ ပြီးတော့ ကလေးက သူရဲ့ ပြုံးရွှင်သောမျက်နှာကို ကြည့်ကာ ပြန်ပြုံးပြန်သည်။ သူက လက်သန်းကိုကွေ့ကောက်ပြပြီး နောက်ပြောင်နေသည်။ ကလေးက ရယ်မောလိုက်ရာ၊ အသစ်ပေါက်စ ဧရာမရှေ့သွားနှစ်ချောင်း ပေါ်လာကာ ယုန်ကောင်ကလေးများကို သတိရစေလေ၏။

မိန်းမသည် သူ့ကို မြင်သွားပြီး.....“အော် ဖြစ်မှဖြစ်ရလေ ....” ဟု အသံထွက်ပါသည်။ ပြီးတော့ မျက်နှာကို မဲမှောင်ပုပ်သိုးလိုက်ပြီး ချာကနဲပြန်လှည့်သွားကာ သူ့ညီမနှင့် စကားပြောပြန်ပါသည်။

မိန်းမ၏ညီမက ပူပန်ပြန်သည်။ “ဟော ရတုပိုဒ်စုံ ဆိုတာကလည်း မပြီးနိုင်ပါလား၊ ၁၂ မိနစ်လို့ ခုနပြောသွားတယ် မဟုတ်လား၊ ခု ၁၅ မိနစ်တောင်ကျော်ပြီ၊ မမဝိုင်းတော့ စိတ်ဆိုးတော့မှာဘဲ၊ သည်တီးဝိုင်းဆရာက တယ် မောက်မာတယ်တဲ့”

“အေးကွယ်၊ ဩဘာစာဆရာ စကားလျှော့ပြောရုံပေါ့၊ ရတုကတော့ ဖြတ်ပစ်လို့မှမရတာ၊ ဆိုသံကြီးကတော့ ပျင်းစရာကြီး၊ စကားလုံးကလေးတွေကတော့ တယ်ကောင်း...ဘာတဲ့...... ခုနကြားလိုက်ပါတယ်၊ ချစ်စပယ်ကုံး ရာသက်လုံးဟု ဆံထုံးလျော့လဲ၊ ပန်ဆင်မြဲ....ဆိုလား”

မိန်းမသည် အနည်းငယ်ရှက်သွေးဖြာကာ ....“ဖိတ်စာထဲ ထည့်ရိုက်ထားတာ....၊ သမီးဆိုဆိုကြည့်နေတာ ကြားရလို့ မှတ်မိနေသေးတယ်”ဟု ပြော ပြောပြန်သည်။

ထိုခဏ၌ ရတုပိုဒ်စုံ ရွတ်ဆိုခြင်း ပြီးသွားလေ၏။ စန္ဒယားခလုတ်သံ ပြေးလွှားရာမှ အသာအယာ ရပ်ဆိုင်းသွားလေ၏။ ဩဘာစာရွတ်ဆရာသည် ယခုမှ တကယ့်မင်္ဂလာကို ပြုတော့မည်ဟန်နှင့် တောင်ရှည်ပုဆိုးခါးပုံစကို မလှ လှအောင် ပြုပြင်သပ်ရပ်လေ၏။ ယပ်တောင်လို ကားစွင့်ကာနေမှ ကျေနပ်သည်။ သူ့ခေါင်းပေါင်းစသည် လွင့်ပျံနေ၏။ ထိုနောက် မင်္ဂလာစကား စလေသည်။

အရေးကြီးသောအချိန်အတွက် တီးဝိုင်းမှ အသင့်ပြင်သည်။ ဆန်မန်းပေါက်ပေါက်၊ စပယ်ဖူး၊ စပယ်ပွင့်နှင့် မတ်စေ့သစ်၊ ကျပ်ပြားသစ်များသာ အပြည့်ပါသည်ဆိုသော ငွေဖလားများကို အဖြူချိတ် ဆင်တူဝတ်သော အပျိုမကလေးများက မင်္ဂလာပြီးမြောက်ချိန်နှင့်ကိုက်၍ ပစ်ကြရန် မင်းလမ်းတစ်လျှောက်၌ တန်းစီ၍စောင့်လျက်ရှိလေ၏။ ကျွန်မတို့ဘေးမှ မိန်းမဝဝပင် စကားပြောရပ်ကာ မင်္ဂလာစင်မြင့်သို့ မျှော်မောဆဲ သူ့ညီမက ပရိတ်ရွတ်လေသလားမသိ၊ မျက်စိအနည်းငယ်မှေး၍ နှုတ်ခမ်းတရွရွဖြင့် တစ်စုံတစ်ခု ရွတ်လေ၏။

သူသည် ဖွင့်၍ရမရ မသိနိုင်သော မှန်တံခါးပေါက်ကြီးဘက်သို့ လှမ်းကြည့်နေရာမှ ဗြုန်းကနဲ ထရပ်လိုက်လေ၏။ ပြီးတော့ သူ့အပေါ်အင်္ကျီကို ဆွဲချွတ်ပစ်လိုက်ရင်း “ရေကန်ထဲမှာ ကလေးရေနစ်နေတယ်၊ လုပ်ပါအုံး"ဟု ကျယ်ကျယ်ပြော၏။

" ဘယ်သူရေကူးတတ်သလဲဟင်.... ရေကူးတတ်ကြလား။ ကျွန်တော်မကူးတတ်ဘူး၊ အေးကော”

ကျွန်မသည် ခေါင်းခါပြဆဲ၊ မိန်းမသာများသော ကျွန်မတို့အနီးနားမှ ပရိသတ်များ စကားမပြောနိုင် ငေးမောဆဲ။

သူသည် ကုလားထိုင်လဲကျပြီး ကျယ်လောင်အက်ကွဲကာ အသံပေါ်လာ၏။ သူသည် ဖွင့်၍ရမရမသိသော မှန်တံခါးမကြီးကို ကိုယ်လုံးနှင့် တိုက်လေ၏။ မပွင့်။ သူသည် လဲကျနေသော ကုလားထိုင်ကို နောက်မှီမှကောက်ကိုင်ကာ မှန်ချပ်ကို ရိုက်ခွဲလေ၏။ ကွဲပြတ်သောမှန်စများ၏ ဆူညံသောအသံနှင့်အတူ မှန်ကွဲပေါက်မှ သူခုန်ထွက်သွားပါသည်။ သစ်ရွက်သစ်ပင်ညိုစိမ်းသော၊ တိမ်ဖြူများလင်းသော အပြင်သို့ သူရောက်သွား၏။ သူ့ကျော၌ မှန်ချွန်စနှင့် ငြိမိဟန်တူသော ရှပ်အင်္ကျီထောင့်ချိုးကွဲ စသည် လန်၍ကျနေကာ ရှမိသောဒဏ်ရာမှ သွေးအနည်းငယ်စို့သဖြင့် စွန်းထင်းလာသည်ကို မြင်ရ၏။ သူသည် ရေကူးကန်သို့ လျင်မြန်စွာ ပြေးသွားဆဲ၊ သူ့နဖူးပေါ်က ဖြီးသင်လို့မရနိုင်သော ဆံစများသည် ခြေလှမ်းများနှင့်အတူ လှုပ်ရှားခုန်ကြွနေလေသည်။

ဆက်ရန်
-----------------------
#ကြည်အေး

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)