သင်းတို့နှစ်ကောင်
#သင်းတို့နှစ်ကောင်
မောင်လူအေးမှာ စာရေးစားပွဲတွင် အမှုတွဲတွေနှင့် အလုပ်များလျက် နေလေသည်။ သင်းတို့နှစ်ကောင်ကား ဘာမျှမသိ၊ ဘာမျှနားမလည်၊ မောင်လူအေး စာရေးနေရာ စားပွဲအနီးတွင် ကိုက်တမ်း လိုက်တမ်း ကစားနေကြကုန်၏။ အချိန်ကား ကိုးနာရီခန့် ရှိပေလိမ့်မည်။
သင်းတို့ နှစ်ကောင် ဆိုရာ၌ အာမိတ်နှင့် လွေဇောခေါ်သော ချင်း ခွေးကလေးနှစ်ကောင်တို့ကို ဆိုလို၏။ အာမိတ်၊ လွေဇောဟူသော အမည်တို့မှာ အဓိပ္ပါယ်မရှိသော ရုဠီအမည် မဟုတ်။ အဓိပ္ပါယ်ရှိသော နိမိတ္တက အနွတ္တ အမည်များ ဖြစ်ကြလေသည်။ အာမိတ်ဆိုသည်မှာ စည်တုတ္တရာနယ် ဝတ်ကြီးရွာသူကြီးအပိုင် ချင်းရွာကလေးတရွာ၏အမည် ဖြစ်၏။ လွေဇောဆိုသည်မှာလည်း ထိုနည်းတူ ချင်းရွာကလေးတရွာ၏အမည် ဖြစ်လေသည်။ ထိုချင်းရွာကလေးများသို့ နယ်လှည့်ထွက်ရာတွင် တောင်းယူခဲ့သော ချင်းခွေးကလေးများဖြစ်ကြသောကြောင့် ထိုရွာကလေးများ၏အမည်ကို စွဲ၍ ပေးထားသောအမည်များပေတည်း။
သင်းတို့ကို တောင်းခဲ့စဉ်က အာမိတ်မှာ ဆယ်လက်မခန့် မြင့်၍ လွေဇောမှာ ခြောက်လက်မခန့်သာ မြင့်ပေလိမ့်မည်။ ပုလုကွေးလေး ငယ်ငယ်ကလေးများ ဖြစ်ကြကုန်၏။ အာမိတ်မှာ နှစ်လသား။ လွေဇောကား တလကျော်ကျော်၊ တလခွဲသမီးခန့် ရှိပေလိမ့်မည်။ ယခုကား အာမိတ်မှာ ခွေးပျိုကြီးဖားဖား။ လွေဇောမှာ ခွေးမတမ်းဖားဖား ဖြစ်နေကြလေပြီ။ ငယ်ရုပ်တွေ ပျောက်ပြီးလျှင် ကြီးရုပ်တွေ ရောက်နေကြလေပြီ။
သူတို့၏အသွေးအမွေးကို ရေးသားရန် လိုပေသေး၏။ အာမိတ်၏အသွေးမှာ အညိုရောင်၊ လွေဇော၏အသွေးကား အညိုရောင်တွင် အဖြူကွက်များ ရှိ၏။ ထိပ်တွင် ကြာကလေးနှင့် တမျိုးကြည့်၍ကောင်းလေသည်။ အာမိတ်မှာ အမွေးဖားဖား။ လွေဇောကား အမွေးမဖား။ အမြီးသာလျင် ဖွားဖွားကြီးနေ၏။ အာမိတ်မှာ နားရွက်ကုပ်ကုပ်၊ မျက်နှာဝိုင်းဝိုင်း၊ လွေဇောကား မျက်နှာသွယ်သွယ်၊ နားရွက်ထောင်ထောင်၊ ဝက်ဝံမျက်နှာနှင့် ခပ်ဆင်ဆင်တူ၏။ သင်းတို့နှစ်ကောင်မှာ မည်သည့်နေရာတကွက်မျှ မတူကြပေ။
အကျင့်စာရိတ္တ၊ သဘောထားများလည်း တကောင်နှင့်တကောင် ဆန့်ကျင်ဖက်ကြီး ဖြစ်နေကြသည်ကို တွေ့မြင်ရ၏။ အာမိတ်သည် ကြောက်တတ်၏။ သဘောကောင်း၏။ သို့သော် စိတ်အနည်းငယ် တိုလေသည်။ လွေဇောကား သတ္တိရှိ၏။ ခေါင်းမာ၏။ ဇွဲကောင်း၏။
အာမိတ်မှာ တခုခုလန့်စရာ၊ ကြောက်စရာရှိလျှင် သခင့်အနားက မခွာ၊ အမြီးကိုသာလျှင် ကုပ်၍ထားလေတော့သည်။ ပိုးကောင်ကလေးကို မြင်လျှင်လည်း လန့်တော့၏။ ခွေးကြီးများ အဝေးတွင် အချင်းချင်း ကိုက်နေကြသည်ကို မြင်လျှင်လည်း လန့်လေတော့၏။ တံခါးပိတ်သံကြားလျှင်လည်း လန့်တော့၏။ လွေဇောကား ဤသို့မဟုတ်။ ဘာကိုမှ မကြောက်။ သေနတ်သံကိုပင် အမှုမထား။ ဂရုမစိုက်။ မတုန်မလှုပ်ချေ။
ဇွဲကောင်းခြင်းတွင် လွေဇော၏ခြေဖျားပင် အာမိတ်မမှီ။ ကြောက်တတ်သူသည် ဇွဲကောင်းခဲ၏။ အာမိတ်အား ခေါ်လိုက်လျှင် ငေါက်ခနဲ ထလာပြီးလျှင် သခင်၏အနီး၌ ထိုင်၏။ တခွန်းခေါ်၍ မလာသည်ရှိသော် တချက်ငေါက်ရုံနှင့် လာလေတော့သည်။ လွေဇောကား ဤသို့ မဟုတ်။ ခေါ်လိုက်ပေမင့် သူစိတ်လိုမှ လာလေသည်။ သူစိတ်မလိုလျှင် မည်သို့ပင် ချော့၍ ခေါ်စေကာ၊ မည်သို့ပင် ငေါက်၍ခေါ်စေကာ နေရာမှ မထ။ ခေါ်သူကို အဖက်ပင် မလုပ်။ နောက်ဆုံးတွင် ခေါ်သောသူ၊ ငေါက်သောသူတို့က လက်လျှော့ကြရလေသည်။
အာမိတ်အား ရိုက်သည်ကို မဆိုထားဘိ၊ ကြိမ်လုံးဖြင့် ရွယ်သည်ကိုပင် ကြောက်ရှာလွန်း၍ ပြားပြားဝပ်နေဘိ၏။ လွေဇောကား မည်သို့ပင် အရိုက်ခံရစေကာမူ အမှုပင်မထား။ ဖြုန်ပင်မဖြုန်။ အာမိတ်အား တချက်ရိုက်လိုက်ရုံနှင့် အော်၍ မဆုံးတော့ပြီ။ လွေဇောအား ကြိမ်လုံးဖြင့် ဆယ်ချက်ပင် ဆက်၍ ဆော်စေကာမူ အော်မည်ဝေးစွ အသံပင် မထွက်။ ကြိတ်၍သာ ခံလေသည်။
သင်းတို့နှစ်ကောင်တွင် အခြားထူးခြားသည့်အချက်များပင် ရှိသေး၏။ အာမိတ်သည် စိတ်မှတ်မရှိ။ သူအား ရိုက်လိုက်၊ ငေါက်လိုက်သော်လည်း ထိုရိုက်လိုက် ငေါက်လိုက်သောသူတို့အား ဒေါသမထွက် ရန်ငြိုးမထား၊ ချက်ခြင်းပင် စိတ်ပြေ၍သွား၏။ အခုရိုက် အခုပင်ခေါ်လိုက်သော် အမြီးကလေးကို နန့်ကာနန့်ကာ ချစ်ခင်သောအမူအရာနှင့် ထိုရိုက်သောသူ၏အနားသို့ လာရှာပေသည်။ စိတ်ထဲတွင် ဒေါသကို မြဲမြဲစွဲစွဲ မထားပေ။ လွေဇောကား ဤသို့မဟုတ်။ သူ့အား ရိုက်လိုက်၊ ငေါက်လိုက်သောသူအား တော်တော်နှင့် အခဲမကျေ။ တရက်နှစ်ရက် တိုင်အောင် ထိုရိုက်သောသူ၏အနားသို့ မကပ်တော့ပြီ။ မည်သို့ပင် ခေါ်ခေါ် အရေးပင်မလုပ်၊ စိတ်မှတ်ကြီးလေသည်။
အာမိတ်မှာ သတ္တိကြောင်သူ ဖြစ်လေရကား အိမ်ဝင်းအတွင်းမှ အပြင်ပသို့ မထွက်ဝံ့ချေ။ ဝင်းအပြင်ဖက်တွင် သွားလာနေကြသောလူများ၊ ခွေးများ၊ နွားများကို ကြောက်ရွံ့ရှာပေသည်။ လွေဇောကား မည်သူ့ကိုမျှ ဂရုမစိုက်။ အချက်ရလျှင် အပြင်အပသို့ ထွက်သည်သာတည်း။ မြင်မြင်သမျှကို ဟောင်လေတော့၏။ မောင်လူအေးတို့၏အလစ်တွင် လွေဇောက ခေါင်းဆောင်သောကြောင့် ခမျာအာမိတ်ကြီးမှာ အိမ်ဝင်းအပြင်ဖက်သို့ မထွက်ဝံ့ထွက်ဝံ့နှင့် ထွက်ရှာ၏။ မောင်လူအေးတို့ မြင်သွားလျှင် အိမ်ဝင်းအတွင်းသို့ ပြေးဝင်ကာ ကြောက်ရှာလွန်း၍ မျက်နှာချိုသွေးလေတော့သည်။ သူ့အား မောင်လူအေးတို့ အဘယ်မှာ ရိုက်ရက်တော့အံ့နည်း။ လွေဇောကား မောင်လူအေးတို့ကို မြင်သော်လည်း အမှုမထား၊ ခေါ်သော်လည်း မလာ၊ ငေါက်သော်လည်း မရ၊ ထွန်းဖေတို့ သွားဖမ်းတော့မှ တန်းလန်း တန်းလန်းနှင့် ပါလာတော့၏။ မောင်လူအေးတို့က စိတ်ဆိုးဆိုးနှင့် ရိုက်သော်လည်း ငုံ့၍သာ ခံလေသည်။ အတော်ခေါင်းမာသော ခွေးမကလေးပေတည်း။ အာမိတ်မှာ အသက်လည်း ကြီး၊ အရွယ်လည်း ကြီးသောကြောင့် ခေါင်းဆောင်စရာရှိလျှင် သူသာ ခေါင်းဆောင်ရန် သင့်၏။ ယခုကား သူ့ထက် အသက်လည်းငယ်၊ အရွယ် လည်းသေးသော လွေဇော၏ခေါင်းဆောင်ရာကို လိုက်နာရရှာ၏။ သတ္တိကြောင်သူတို့၏ဓမ္မတာပေတည်း။
အာမိတ်သည် သခင်ကို ခင်တွယ်၏။ သခင်မရှိလျှင် နေမထိ ထိုင်မတတ်ဖြစ်၏။ သခင် သွားလျှင် လိုက်ချင်သောကြောင့် ဆူညံစွာ အော်ဟစ်လေ့ရှိလေသည်။ မောင်လူအေး ရုံးမှ ပြန်သောအခါ၊ တောမှပြန်သောအခါများတွင် ခရီးဦးကြိုပြု၏။ ဝမ်းသာလှသောကြောင့် ခုန်ပေါက်ကာ သခင်၏အပေါ်သို့ တွယ်၍တက်လေ့ရှိ၏။ လွေဇောကား သခင် မည်သို့ပင်သွားသွား ဂရုမစိုက်။
နေအိမ်ဝင်းအတွင်းသို့ လူစိမ်းများဝင်လာလျှင် အာမိတ်မကြိုက်၊ ဟောင်လေတော့၏။ လွေဇောကား ဤသို့မဟုတ်။ မည်သူ့ကိုမဆို ခရီးဦးကြိုပြုကာ ဝမ်းသာသောအမူအရာကို ပြ၏။ အိမ်ထဲဝင်လာသောသူ၏ ခြေလက်တို့ကို လျှာဖြင့် လျက်ကာ ချစ်ခင်သော အမူအရာကိုပြ၏။ အာမိတ်ကား ဟောင်၍ မဆုံးတော့ပြီ။
အာမိတ်သည် သိက္ခာရှိ၏။ လွေဇောကား သိက္ခာမရှိ။ အာမိတ်သည် အိမ်ပေါ်မှာသာလျင် အနေများ၏။ လူအနားမှ ခွာလေ့မရှိ။ ဝင်းအတွင်း ပြေးလွှားကစားသော်လည်း မကြာမီမှာပင် ပြန်၍ တက်လာလေ့ရှိသည်။ လွေဇောမှာ အောက်သို့ဆင်းရသည်နှင့်တပြိုင်နက် မီးဖိုချောင်သို့ရောက်သွား၏။ ထွန်းဖေတို့ ရိုက်၍ လွှတ်လည်း မရ။
စားသောက်ရာတွင် အာမိတ်မှာ ဣန္ဒြေရရ စားသောက်လေ့ရှိ၏။ လွေဇောကား ဣန္ဒြေအနည်းငယ်မျှမရှိ။ သူတို့အသီးသီးအတွက် ဇလုံကလေးတခုစီနှင့် ထမင်းကျွေး၏။ ကျွေးသည်နှင့်တပြိုင်နက် လွေဇောမှာ ကတိုက်ကရိုက် ပျာရိပျာရာနှင့် ရှိသမျှသောဟင်းတို့ကို ကုန်အောင် စားသောက်လိုက်လေတော့၏။ အာမိတ်မှာမူကား ဟိုလှည့်သည်လှည့်နှင့်ပင် စ၍မစားသောက်ရသေးပေ။ လွေဇောသည် မိမိ၏ဇလုံထဲမှ ဟင်းဖတ်များကို စားသောက်ပြီးသည်နှင့်တပြိုင်နက် အာမိတ်၏ဇလုံထဲမှ ဟင်းဖတ်များကို သွား၍နှိုက်ပြန်၏။ အာမိတ်မှာ စိတ်ကောင်းနေသည့်အခါ အနှိုက်ခံ၏။ စိတ်တိုနေသည့်အခါ ကိုက်၍လွှတ်လေ့ရှိလေသည်။ ဤသို့ အာမိတ်သည် လွေဇော၏နိုင်ထက်စီးနင်းပြုခြင်းကို မခံရလေအောင် မောင်လူအေးမှာ အမြဲ လွေဇာအား တားဆီးရလေသည်။
ညစာ စားသောက်ပြီးကြလျှင် မောင်လူအေးတို့နှင့် အတူတူ အိမ်ပေါ်ထပ်သို့ တက်ကာ နှစ်ကောင်သား ခုန်ပေါက် ပြေးလွှားကာ တဗြုန်းဗြုန်းနှင့် နေကြလေတော့၏။ ကိုက်တမ်းလည်း ကစားလေ့ရှိကြလေသည်။ အာမိတ်ကိုက်သောအခါ ညှာညှာတာတာ ဖြည်းညှင်းစွာ ကိုက်လေ့ရှိ၏။ လွေဇောကိုက်သောအခါမူကား တအားကုန်ကိုက်သောကြောင့် အာမိတ်ခမျာမှာ အလွန်နာရှာလေသည်။ အော်မှသာ လွှတ်လိုက်လေ့ရှိ၏။ ဤသို့ ကစားကြသောအခါများတွင် အာမိတ်မှာ လွေဇောအား အမြဲအရှုံးပေးရရှာ၏။ အာမိတ်ကြီးသည် လွေဇောအပေါ်၌ အလွန်သည်းခံရှာပေသည်။
နေ့လယ်တွင် တနေ့လုံး သိုးအောင် အိပ်လေ့ရှိကြလေသည်။ အာမိတ်၏အမွေးမှာ သိုးမွေးကဲ့သို့ ထူထပ်နေသောကြောင့် ပူတုန်း အိုက်တုန်းအခါတွင် အတော်ပင် နေမတတ် ထိုင်မတတ် ဖြစ်၏။ ပူလွန်းမက ပူသောအခါ ခင်သန်းမြင့် သနပ်ခါးလိမ်းရာနေရာသို့သွားပြီးလျှင် သနပ်ခါးသွေးရန်ထားသော ရေပန်းကန်ကို မှောက်၍ ပစ်လေသည်။ ကြမ်းပေါ်တွင် ရေစိုသွားသောအခါကျမှ ထိုနေရာတွင် ထိုး၍အိပ်လေ
တော့သတည်း။ အာမိတ်က??ပေမင့် ဉာဏ်အကောင်းသား။ သို့သော် သူ့ရေပန်းကန်ကို မှောက်ရမလားဟု ခင်သန်းမြင့်က ဒေါဖောင်းသော အခါ အာမိတ်ကြီးခမျာမှာ နေစရာ မရှိတော့ပြီ။ သေတ္တာကြို သေတ္တာကြားထဲ ဝင်ကာပုန်း၊ မောင်လူအေး၏ကြားထဲ ဝင်ပုန်းနှင့် သနားစရာကောင်းလှ၏။
အာမိတ်မှာ ဣန္ဒြေသိက္ခာရှိပြီးလျှင် ရိုးသားသောကြောင့် မောင်လူအေး၏အချစ်တော်ဖြစ်၏။ ခင်သန်းမြင့်ကမူကား လွေဇောခွေးဆိုးမကလေးကို အာမိတ်ထက် ပို၍ချစ်လေသည်။ ဆိုးသောကြောင့် ပို၍ချစ်သည်ဟုဆို၏။ သားသမီးရှိကြသော မိဖတို့မှာလည်း ဤနည်းအတိုင်းပင် ဖြစ်လေသည်။ တေပေသော သားသမီးတို့အား မိခင်လုပ်သူတို့က ပိုမို၍ချစ်ခင်လေ့ရှိ၏။ ရိုးသားဖြောင့်မတ်၍ ကောင်းမွန်သော သားသမီးတို့ကိုမူကား ဖခင်က ပိုမို၍ ချစ်ခင်လေသည်။ မိခင်တို့သည် ဖခင်တို့ထက် သနားတတ်သောစိတ်ထား ပိုမိုကြီးမားသောကြောင့် ဖြစ်ဟန်တူ၏။
မောင်လူအေး ထမင်းကျွေးသောအခါ အာမိတ်၏ဇလုံထဲတွင် ဟင်းကို ပိုမို၍ ထည့်၏။ ခင်သန်းမြင့်ကျွေးသောအခါမူကား လွေဇာ၏ဇလုံထဲတွင် ဟင်းဖတ် ပိုမို၍များလေသည်။ မေတ္တာရှိရာ ဟင်းဖတ်ပါခြင်းပေတည်း။
ဤချင်းခွေးကလေး နှစ်ကောင်တို့၏ပုံပန်းသဏ္ဌာန်၊ အကျင့်သိက္ခာတို့အကြောင်းကို သိကြရလေပြီ။ ထိုနှစ်ကောင်အနက် တကောင်ကောင်ကို ပေးမည်ဆိုလျှင် ဤဆောင်းပါးကို ဖတ်သူသည် မည်သူ့ကို ယူမည်နည်း။
-----------------------------
#သိပ္ပံမောင်ဝ
ဂန္ထလောက၊ ၁၂၉၈ ခု၊ နတ်တော်လ။
Comments
Post a Comment