မင်းလတ်

#မင်းလတ်

မင်းလတ်ကား မန္တလေးနှင့်ပြည် အပြန်ပြန် အလှန်လှန် သွားနေသော ကူးတို့သင်္ဘော၏အမည် ဖြစ်၏။ မင်းလတ် ပြည်မြို့သို့ ရောက်သောအကြိမ်ပေါင်းလည်း များလှလေပြီ။ မန္တလေးမြို့သို့ ပြန်၍ရောက်သော အကြိမ်ပေါင်းကိုလည်း မရေတွက်နိုင်၊ ယခု မန္တ လေးမှ ထွက်၍လာခဲ့သော အကြိမ်မှာလည်း ထိုမရေတွက်နိုင်သော အကြိမ်ပေါင်းများစွာတွင် တကြိမ်မျှသာ ဖြစ်၏။ ထူးခြားသောအကြိမ်ဟူ၍ကား မဆိုနိုင်။

မန္တလေးမှ နံနက်စောစော ထွက်၍လာခဲ့၏။ စစ်ကိုင်း၊ အင်းဝ စသော ရှေးအခါက ကျော်စောခဲ့ကြသည့် မြို့တော်ဟောင်းများတွင် ဆိုက်ကပ်၏။ တက်သူတက်၊ ဆင်းသူဆင်း၊ ကူလီတသင်းကလည်း သူ့ငှါးပါ၊ ငါ့ငှါးပါနှင့် ဆူညံစွာ အော်ဟစ်ကြကုန်၏။

ထိုမှလွန်ပြန်လျှင် ရွာသစ်ကြီး၊ ကျောက်တလုံး ငဇွန်၊ မြင်းမူ အစရှိသော ဝါထွက်ရာ ဆိပ်ကမ်းများတွင် ဆိုက်ကပ်ပြန်၏။ အချို့ကမ်းတွင် သင်္ဘောကပ်၍ ဆိုက်ရန် သမ္မန်ကြီးများ ရှိ၏။ အချို့တွင်ကား ကမ်းပါးတွင် ထိုး၍ ဆိုက်ကပ်ရလေသည်။ သင်္ဘောသည် ထိုကမ်းပါးအနီးသို့ ရောက်သည်နှင့်တပြိုင်နက် သင်္ဘောကုလား လေးယောက်သည် အသီးသီး သင်္ဘောပေါ်မှ ခုန်၍ဆင်းကြပြီးလျှင် ကြိုးကြီးတချောင်းကို ကမ်းခြေသို့ ရေကူးကာ ဆွဲယူကြကုန်၏။ ရောက်လျှင် စိုက်ထားအပ်သော တိုင်တို့တွင် ချည်ကြ၏။ သင်္ဘောမှာလည်း ထိုကြိုးအားဖြင့် ကမ်းပါးသို့ ကပ်၍ သွားရလေသည်။

ကမ်းပါးပေါ်တွင် သင်္ဘောအလာကို အတောင့်သား စောင့်စား၍နေကြသော လူတို့မှာလည်း ဆူညံလျက်ပင်။ ကူလီတွေက မရှား။ အပျော်အပါး လာရောက်ရှုစားသူတွေကလည်း ရှိ။ အသိမိတ်ဆွေတို့အား လာရောက်ကာ ပို့ကြသူ ကြိုကြသူတွေကလည်း အများ၊ သင်္ဘောဆိပ်ကမ်းတွင် ကပ်လိုက်သည်နှင့်တပြိုင်နက် တက်မည့်သူတွေကလည်း တိုး၍ တက်ကြ၊ ဆင်းမည့်သူတွေကလည်း တိုး၍ ဆင်းကြ၊ ရေထဲကျမှာကိုလည်း စိုးရ၊ ပျော်စရာလည်း မကျတကျ။

ကမ်းခြေတလျှောက်ကို ရှုမျှော်၍လာပြန်လျှင်လည်း သာယာတင့်တယ် ရှုချင်ဘွယ်ကောင်းလှ၏။ တောင်ထိပ်တောင်ကုန်းကလေးတွေကိုလည်း​ကောင်း၊ စိမ်းလန်းလျက်နေသော ယာခင်းများကိုလည်း​ကောင်း၊ တောင်ထိပ်တွေအပေါ်တွင် ဖြူဖြူဖွေးဖွေး စေတီတော်ကလေးတို့ကိုလည်း​ကောင်း၊ ပျက်စီးယိုယွင်း အိုမင်းလျက်နေကြသော စေတီတော်တို့ကိုလည်း​ကောင်း၊ သဲအတိပြီး၍ ပျော်ကြီး ပျော်ချင်စဘွယ်ကောင်းလှသော သောင်ပြင်
ကိုလည်း​ကောင်း၊ တောင်ကမ်းပါး တောင်ပြတ်ကြီးတို့ကိုလည်း​ကောင်း တွေ့မြင်ရလျှင် မည်သူစိတ်မချမ်းမြေ့၊ စိတ်မကြည်နူးဘဲ နေနိုင်ပါအံ့နည်း။

မြစ်ကမ်းခြေတလျှောက်တွင် ရေသောက်ရန်လာကြသော နွားအုပ်ကြီးအပေါ်၌ မင်းလုပ်ကာ နေကြသော နွားကျောင်းသားကလေးတို့မှာလည်း မိမိတို့အနီးမှ သင်္ဘောဖြတ်သွားသည်ကို မြင်ကြရလျင် စိတ်ပျော်သလိုလို၊ ဘာလိုလိုဖြစ်၍ ခုန်ပေါက်ကာ ကပြလို ကပြ၊ လက်တွင်ကိုင်၍ထားသော အဝတ်စ လုံချည်စုတ်တို့ကို လှုပ်ပြလိုလှုပ်ပြ၊ အော်ပြီးနှုတ်ဆက်လို နှုတ်ဆက်၊ ပျော်စဘွယ်လိ။ ထိုနွားကျောင်းသားတို့၏စိတ်တွင်ကား မိမိတို့အနားမှ ဖြတ်၍သွားသော သင်္ဘောမှာ ဘယ်နေရာကလာ၍ ဘယ်နေရာသို့ သွားသည်ကိုမသိ၊ မန္တလေးနှင့်ပြည်သို့သွားသော ကူးတို့သင်္ဘောဟူ၍ကား သိချင်သိပေလိမ့်မည်။ သို့ရာတွင် ထိုမန္တလေး၊ ပြည်မြို့တို့သည် မိမိတို့နှင့် မည်မျှကွာဝေးသည်ကိုလည်း​ကောင်း၊ ထိုမြို့တို့သည် မည်မျှကြီးကျယ်ကြသည်ကိုလည်း​ကောင်း၊ မီးရထားမော်တော်ကားတို့ ပြည့်နှက်လျက်နေသည်ကိုလည်း​ကောင်း၊ အနည်းငယ်မျှ သိရှာကြမည်မဟုတ်၊ သိလည်းမသိလို။ မိမိ၏နွားအုပ်တွင် မင်းလုပ်၍နေသည်ကိုပင် ကျေနပ်လှလေပြီ။ သွေးတကြီးကြီးနှင့် အနည်းနည်းအဖုံဖုံ ဂုဏ်လုပ်၍ နေကြလေတော့သည်။

ထိုနွားကျောင်းသားတို့အပြင်၊ ကမ်းပါးအနီး တောင်ထိပ်များပေါ်တွင် ကျောင်းကလေး တကျောင်းတလေကို တွေ့မြင်ရပေ၏။ ထိုကျောင်းများ အနီးအနားတွင် ရွာလည်းမရှိ၊ လူသူမနီးသော တောင်ထိပ်ပေါ်၌ တကိုယ်တည်း တရားအားထုတ်ရန် ထွက်၍လာကြသော ရဟန်း၊ ရသေ့၊ သူတော်ကောင်းများ ဖြစ်တန်ရာ၏။ ရေအတွက်ကား ဧရာဝတီမြစ်ကြီးကိုပင် အမှီပြု၏။ အားထား၏။

ထိုကျောင်းကလေး အသီးသီးတို့တွင် သီတင်းသုံးနေတော်မူကြသော သူတော်သူမြတ်တို့ကား ထိုကူးတို့သင်္ဘောပေါ်တွင် ပါ၍လာကြသောသူတို့မှာ မည်သူများ ဖြစ်ပါလိမ့်မည်ကိုလည်း ဂရုမစိုက်။ မည်သို့သွားကြသည်ကိုလည်း အမှုမထား။ ဤသင်္ဘောသွားသောအချိန်ကား မည်သည့်အချိန်ပေတည်း စသည်ဖြင့်သာ အမှတ်ထားပေလိမ့်မည်။ ဤသင်္ဘော ဧရာဝတီမြစ်​ကြော စုန်သွားတိုင်း တရက်၊ တရက် ကုန်လွန်၍ သွားပေပြီ။ ထိုရက်တို့ကား ပြန်၍မလာ။ လူတို့၏အသက်သာလျှင် သေရက်သို့ နီးလေပြီတကား။ မည်သည့်အရာမှ မမြဲပါတကား၊ အနိစ္စပါတကား စသည်ဖြင့် တရားတော်ကို နှလုံးသွင်းကာ ကျန်ရစ်နေရှာကြကုန်၏။

“မင်းလတ်”လည်း စုန်မြဲတိုင်း စုန်၍လာခဲ့၏။ မြင်းခြံသို့ မိုးချုပ်မှ ရောက်လေသည်။ မြင်းခြံ၌ တည အမောဖြေ၏။ ခရီးဆက်လက်၍ သွားမည့်သူတို့အနက်လည်း မြို့ပေါ်သို့တက်၍ လည်လိုလည်၊ မြင်းခြံရှိ အသိမိတ်ဆွေတို့ကလည်း ဆင်းလာပြီးလျှင် နှုတ်ခွန်းဆက်ကြသည်လည်း မရှား။ ညဉ့်နက်လျှင် အိပ်ကြပြန်၏။ နံနက်မိုးမလင်းမီ မြင်းခြံမှထွက်၍ လာခဲ့ပြန်၏။

နေ့ခင်းတွင် ညောင်ဦးသို့ ရောက်၏။ ညောင်ဦးရောက်သည်မှ ပုဂံလွန်သည့်တိုင်အောင် မိုင်ပေါင်း လေးငါးမိုင်ခန့်ရှိ၏။ သင်္ဘောပေါ်မှနေ၍ ဖူးရသော စေတီတော် ပုထိုးတော်တို့ကား မရေတွက်နိုင်ပြီ။ ဖရိုဖရဲ ပြိုကွဲပျက်စီးနေကြသည်လည်း ရှိ၏။ အစိုးရကျောက်စာဌာနမှ ပြုပြင်ထားသည်ကိုလည်း မရှား။ အနော်ရထာ၊ ကျန်စစ်သားတို့ တည်ထားခဲ့သော ရွှေစည်းခုံစေတီတော်မြတ်မှစ၍ များလှစွာသော စေတီပုထိုးတော်တို့ကို ဖူးမျှော်၍ မကုန်နိုင်၊ အရှုံးပေးရ၏။ သည်မှာကား အာနန္ဒာ၊ ထိုမှာကား ရွှေဂူကြီး၊ ထိုအနီးကား သဗ္ဗညု၊ ထိုရွှေကား စူဠာမဏိ၊ ထိုကွေ့တွင်ကား လောကနန္ဒာ၊ ထိုထိုသော ဘုရားတို့ကား ဓမ္မရံကြီး၊ ဓမ္မရာဇိက၊ မင်္ဂလာစေတီ အစရှိသဖြင့် များလှထွေထွေ ရေတွက်၍ပင် မကုန်နိုင်။

ထိုထိုတဝိုက်တွင် ထီးကြီး၊ နန်းကြီး၊ မြို့ကြီး၊ ပြကြီးတို့ ထွန်းကားခဲ့ပေပြီ။ ကာလကြာလျှင် ထိုထိုတဝိုက်မှာပင် ထိုထီးကြီး၊ နန်းကြီး၊ မြို့ကြီး ပြကြီးတို့ ပျက်စီးယိုယွင်းခဲ့ကြပေပြီ။ ထိုပုဂံကမ်းပေါ်တွင် မားမားစွင့်စွင့် မြင့်မြင့်စောက်စောက် ကျောက်အုတ်တို့ဖြင့်ပြီးသော စေတီပုထိုးတို့ကား ကူးတို့သင်္ဘောကလေး ဖြတ်၍သွားသည်ကို အမှုမထား၊ ဣ​နြေ္ဒသိက္ခာတော်ကြီးမားစွာနှင့် တည်နေတော်မူကြကုန်၏။ ထိုစေတီပုထိုးတော်ကြီးတို့ကား ပုဂံပြည်ကြီး စည်ကားကြီးကျယ်သည်ကိုလည်း ကြုံတော်မူခဲ့ကြပေပြီ။ ထို့နောက် တရုတ်ပြေးမင်းလက်ထက် တရုတ်စစ်တပ်ကြီး ချီတက်လာသည်ကိုလည်း ကြုံတော်မူခဲ့ကြပေပြီ။ ထိုတရုတ်စစ်ကို ခုခံကာကွယ်ရန် မိမိတို့နှင့်အတူ တည်ထားခဲ့သော စေတီ ပုထိုးတော်တို့ကို ဖျက်ဆီး၍ မြို့ရိုးခံတပ်ကြီး တည်လုပ်သည်ကိုလည်း ကြုံတော်မူခဲ့ကြပေပြီ။ မိမိနှင့် ဖွားဖက်ဖြစ်ကြကုန်သော စေတီပုထိုးတော်များ မိုးလေဝဿအတွက် ပျက်စီးကုန်ကြသည်ကိုလည်း ကြုံတော်မူခဲ့ကြပေပြီ။ မိမိတို့သာလျှင် ကျန်ရစ်တော့၏။ မိမိတို့ ကိုယ်တိုင်လည်း အမြဲတည်မည် မဟုတ်၊ တနေ့နေ့၌ အမှန် ပျက်စီးရပေဦးမည်။ မိမိတို့သာမဟုတ်၊ လောကတွင် မြင်မြင်သမျှ လူသူသတ္တဝါ အရာဝတ္ထုတို့လည်း ပျက်စီးကြရမည်သာတည်း ဟူ၍ မဆိုကြသော်လည်း ဆိုတော်မူကြဘိသို့ မတုန်မလှုပ် ကျန်ရစ်ရှာတော်မူကြကုန်သော်လည်း တနေ့ပတ်လုံး စုန်မြဲတိုင်း စုန်၍လာခဲ့၏။

နေမင်းလည်း ညနေ ခြောက်နာရီအချိန်ရောက်လျှင် နီသောအရောင်တို့ကိုလွှတ်၏။ ထိုနီသောအရောင်တို့ကား ဧရာဝတီမြစ်ကြောပေါ်သို့ ကျလျှင် မြစ်တပြင်လုံး နီနီရဲရဲကြီး နေပေ၏။ စိတ်ကြည်နူးဘွယ်ကောင်းလှပေ၏။ အတန် ကြာလျှင် နေမင်းသည် အနောက်ရိုးမ တောင်အကြားသို့ ဝင်၍သွား၏။ အလင်းရောင်လည်း ပျောက်၍သွား၏။ ဧရာဝတီမြစ်ကြီးလည်း နီရာမှဝါ၊ ဝါရာမှခရမ်းရောင်၊ ခရမ်းရောင်မှ အပြာ၊ အပြာမှ အနက်ရောင်သို့ ကူးပြောင်း၍ သွားတော့သတည်း။

သင်္ဘော၌ မီးထွန်းကြရ၏။ အတန်ကြာလျှင် ခပ်လှမ်းလှမ်းမှ ထိန်ထိန်လင်းလင်း ဝင်းဝင်းပြောင်ပြောင် ဓာတ်မီးရောင်တို့ကို မြင်ရလေသည်။ အံ့ဩကာ လှမ်း၍ ကြည့်ကြ၏။ တယောက်ကိုတယောက် မေးမြန်းကြကုန်၏။ ထိုတဝင်းဝင်း တပြောင်ပြောင်နှင့် နေသော နေရာကား ရေနံချောင်းမြို့ပေတည်း။ အဝေးကမြင်ရလျှင် သာက သာယာပါဘိ၊ ရှုချင်ဘွယ် ကောင်းလှပေ၏။

မကြာမီ ရေနံချောင်း ဆိပ်ကမ်း၌ သင်္ဘောဆိုက်၏။ အချိန်မရှိတော့သဖြင့် ထိုနေရာမှာပင် တည စခန်းချရပြန်၏။ မြင်းခြံမှာတုန်းကကဲ့သို့ပင် ဆင်းသူက ဆင်း၊ တက်သူက တက်၊ နှုတ်ဆက်ရန် လာသူတွေကလည်း မရှား၊ နံနက်စောစော ရေနံချောင်းမှ ထွက်လာပြီးလျှင် မကွေး၊ မင်းဘူး အစရှိသော ဆိပ်ကမ်းတို့တွင် အစဉ်အတိုင်း ဆိုက်ကပ်၍ လာခဲ့၏။ သင်္ဘောအတွင်း၌ ပါလာသူတို့ကား မိမိတို့ ရောက်လိုရာ အရပ်၊ မိမိတို့ကိစ္စအမျိုးမျိုး၊ ဆွေမျိုးအပေါင်းတို့၏အကြောင်းများကိုသာ ပြောဆို၍ လာကြကုန်၏။ စိတ်ကူး၍လာကြကုန်၏။

အချို့မှာ အိပ်လျက်၊ အချိုကား သားကလေး သမီးကလေးကို ချော့နေ၊ ထမင်းဆိုင်တွင် ထမင်းဝယ်၍ စားလာသူ လေးယောက်မှာ တိုင်းရေးပြည်ရေး ဆန်ရေးစပါးရေးတို့ကို ပြောကြားဆွေးနွေး၍ လာကြကုန်၏။ ထိုသူတို့အနား ပက်လက်ကုလားထိုင်ပေါ်တွင် ပိုးသင်္ကန်းဖြင့် ဦးခေါင်းတော်ကို အုပ်ကာ ကျိန်းနေရှာသော ဦးပဉ္စင်းကား အိပ်ပင်ပျော်နေသလော။ ထိုလူလေးယောက်၏ တိုင်းရေး ပြည်ရေးအကြောင်းကိုပင် နားစွင့်ကာ ထောင်နေပါသလော။
ထိုပိုးသင်္ကန်း ကိုယ်တော်၏အနီး ကော်ဇောပေါ်၌ သီတင်းသုံးလာတော်မူသော ကိုယ်တော် ဦးပဉ္စင်းကလေးကား ဒဂုန်မဂ္ဂဇင်းတွင် ပါသော ဝတ္ထုတပုဒ်ကို မြိန်ရှက်စွာ ဖတ်၍နေရှာတော်မူပေ၏။ ထိုကိုယ်တော်နှစ်ပါးတို့၏အနားတွင်ကား အဘိုးကြီးနှစ်ယောက် ဓားပြမှုအကြောင်း ပြောကြား၍နေကြလေသည်။ သူတို့နှစ်ယောက်နှင့် ကပ်နေသော လူခပ်လတ်လတ် ခပ်ဝဝမှာကား မည်သူ့ကိုမျှ ဂရုမစိုက်၊ မည်သူ့စကားကို အရေးမလုပ်၊ စာရင်းစာအုပ်တအုပ် အထဲတွင် ရေးသားထားသော စာရင်းများကိုသာလျှင် ရှင်းလင်း၍နေ၏။

ထိုလူ၏ နောက်ဖက်တွင် အလွန်တရာမှ ညစ်ထေးလှစွာသော လင်မယားနှစ်ယောက်သည်ကား ဖက်ရှူလိပ် တလိပ်စီ ဖွာကာ စကားမပြော၊ ဆေးလိပ်၏အရသာကို ခံနေရှာကြကုန်၏။ အနားတွင်ကား သုံးလေးနှစ်၊ လေးငါးနှစ်အရွယ် သားကလေး သမီးကလေး သုံးယောက်မှာ ထမင်းအိုးတလုံးမှ ထမင်းကျန်များကို လုယက်ကာ စားသောက်နေကြကုန်၏။ သူတို့ရှေ့နား အဝတ်သစ် အစားသစ်နှင့် သင်ဖြူးပေါ်တွင် ထိုင်နေသူကား သူရိယသတင်းစာကို ခပ်ကျယ်ကျယ်ကြီး ဖတ်လျက်နေလေသတည်း။

နေဝင်၍ အလင်းရောင်ပျောက်လျှင် “မင်းလတ်” လည်း ပြည်ဆိပ်ကမ်း၌ ကပ်လေ၏။ လိုက်ပါလာသူတို့လည်း တယောက်မျှမကျန် ဆူညံစွာ သူထက်ငါ ဆင်းတဲ့၍ သွားကြကုန်၏။ အတန်ကြာလျှင် သင်္ဘောမှာ ဆိတ်ငြိမ်၍ နေတော့သတည်း။
-----------------------
#သိပ္ပံမောင်ဝ
ဂန္ထလောက၊ ၁၂၉၃ ခု၊ သီတင်းကျွတ်လ။

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)