ပန်း
#ပန်း
ပန်းတွေအပေါ်မှာ ကျွန်တော် မသာယာတတ်ဘူး။ မသာယာမိဘူး။ တချို့ပန်းများဆို မုန်းတောင်မုန်းသေးတယ်။ ပိတောက်ပန်းလိုဟာမျိုး၊ တစ်နှစ်မှာတစ်ရက်လောက်ပဲ ပွင့်တယ်။ လူတွေက တစ်နှစ်လုံး ရွက်စိမ်းတဝေဝေနဲ့နေတဲ့ ပိတောက်အပင်ကြီးတွေကို အသိအမှတ်မပြုကြဘူး။ တစ်ရက်လောက်ပွင့်တဲ့ ပန်းတွေကိုပဲ အသိအမှတ်ပြုတတ်ကြတယ်။ အပင်တွေ၊ အရွက်တွေက ဘယ်လောက် ရင်နာလိုက်ကြမလဲ။ အသိအမှတ်ပြုခြင်း မခံရတာလည်း ရင်နာစရာပဲ မဟုတ်ဘူးလား။ ဒီကြားထဲ ပိတောက်ပန်းအနံ့က ညှီစို့စို့ စိမ်းရွှေရွှေရယ်။ ရင်ခွဲတိုက်ထဲမှာ နံတဲ့အနံ့မျိုး နံတယ်လို့ ကျွန်တော်ထင်တယ်။
ဒါကြောင့် သူကပြောလေ့ရှိတယ်။ နင့်မှာ ပန်းမုန်းတီးတဲ့ရောဂါ ရှိလိမ့်မယ်ထင်တယ်တဲ့။ မုန်းတီးတာဟာ ရောဂါဆိုရင် ငါ့ကိုယ်ထဲမှာ ရောဂါတော်တော်များနေပြီလို့ ကျွန်တော်က ပြန်ပြောခဲ့ဖူးတယ်။
သူက ချစ်တယ်ဆိုတာကိုကော နင်က မုန်းတီးစရာတစ်ခုလို့ မြင်သလားလို့ မေးတုန်းက ချစ်တာဟာ မုန်းစရာဟုတ်မဟုတ်တော့ ငါမပြောတတ်ဘူး။ အချစ်ခံရမှာတော့ ငါမမုန်းမိဘူး။ ဒါပေမဲ့ `ချစ်တယ်´ဆိုတဲ့ စကားလုံးကို ငါမကြိုက်ဘူး။ ချစ်ခြင်းဆိုတာ စကားလုံးထဲမှာ တည်နေတာမဟုတ်ဘူးလို့ ကျွန်တော်က ဖြေခဲ့တယ်။
သူက ရယ်ရင်း နင့်အတွက် တရားသေလောကကြီးတစ်ခု နင့်ဘာသာ တည်ဆောက်ထားတယ် မဟုတ်လားလို့ သူက မေးသလိုပြောတယ်။ ပညာရှိတွေပြောတဲ့ Rhetorical Question ဆိုတာမျိုး။ အဖြေသိချင်လို့ မေးတဲ့အမေးမဟုတ်ဘူး။
သူကတော့ ပန်းကြိုက်တယ်။ သူ ပန်းကြိုက်မှန်းသိလို့ ပိုးရင်းပန်းရင်း ပန်းလာပို့ကြတာတွေ မနည်းဘူး။ သူ့မွေးနေ့များဆိုရင် ပန်းစည်းတွေ ပန်းခြင်းတွေတင်မကဘူး ပန်းအိုးတွေတောင် ပေးကြတယ်။ ကျွန်တော်ကတော့ တစ်ခါမှ မပေးဖူးဘူး။ တစ်ခါကတော့ ကျွန်တော်က ပြောလိုက်မိတယ်။ နင့်ကိုလက်ဆောင်ပေးတဲ့ပန်းတွေကို ရွှေတိဂုံဘုရားတောင်ဘက်မုခ်က ဒေါ်ပန်းဆိုင်မှာ သွားသွင်းပါလား။ ရတဲ့ပိုက်ဆံနဲ့ ငါတို့ နမ်ဆင်းမှာ ထမင်းသွားစားရအောင်လို့။ အဲဒီတုန်းက သူ့အနားမှာချထားတဲ့ ဝတ္ထုစာအုပ်နဲ့ သူက လှမ်းပေါက်တယ်။ နင့်မှာ အဲသလို ပေါက်တတ်ကရအတွေးမျိုးရှိတယ်လို့လည်း ကောက်ချက်ချတယ်။
နောက်သုံးရက်လောက်ကြာတော့ ကျွန်တော်တို့ခြံကို သူလာတယ်။ ဖေဖေနဲ့တွေ့တော့လည်း အဲသလိုပဲပြောတယ်။ အန်ကယ့်လ်သားမှာ ပေါက်တတ်ကရပြောစရာတွေ အများကြီးပဲလို့ ပြောတယ်။ ဖေဖေကရယ်ရင်း အဲဒါ အန်ကယ့်လ်ဆီကရတာတော့ မဟုတ်ဘူး။ မောင်သုခကြီးဆီက ရတာပဲဖြစ်မယ်လို့ ပြောတယ်။ မောင်သုခဆိုတာ ဖေဖေ့ညီ၊ ဘထွေးသုခကို ပြောတာ။
* * *
ဘထွေးသုခကလည်း ကျွန်တော့်လိုပဲ။ ပန်းမကြိုက်ဘူး။ သူ့ဆင်ခြေကတော့ တစ်မျိုး။ ဒို့မှာ အဖိုးအတန်ဆုံးပန်းရှိနေမှ တခြားပန်းတွေကို ကြိုက်နေစရာမလိုဘူး။ အဖိုးတန်လွန်းလို့ ရွှေနဲ့တောင် ခိုင်းနှိုင်းတင်စားထားရတာလို့တောင် ရယ်စရာပြောတတ်တယ်။ ငါက မင့်အဖေလို ပန်းတွေပွင့်လာအောင် ပြုစုယုယရင်း ဇွဲရှိရှိနဲ့စောင့်မနေနိုင်ဘူး။ ဒီကိစ္စမှာ ဇွဲရှိဖို့အတွက် သတ္တိရှိဖို့လည်းလိုတယ်လို့ ပြောလေ့ရှိတယ်။ အဲဒါတွေ ငါ့မှာ မရှိဘူးတဲ့။
ကျွန်တော်ကတော့ ဘထွေးသုခလောက် အစွန်းမရောက်ပါဘူး။ ပန်းတွေကို မကြိုက်တာပဲရှိတယ်။ ကြိုက်တယ်၊ မကြိုက်ဘူးဆိုတာလည်း ဆင်ခြင်တုံတရားရဲ့ အပြင်ဘက်ကကိုး။ ကျွန်တော့်မှာ ဆင်ခြေမရှိဘူး။ မကြိုက်တာဟာ မကြိုက်တာပဲပေါ့။ အဲဒါလည်း ဘထွေးသုခပြောသလိုပဲ။ ကြိုက်တာရယ်၊ ချစ်တာရယ်၊ အတူတကွပေါင်းသင်းနေထိုင်တယ်ဆိုတာတွေဟာ ဘာအဆက်အစပ်မှ မရှိဘူးတဲ့။ ပန်းခြံထဲက ပန်းတွေလိုပဲတဲ့။ ပန်းခြံတစ်ခြံလှတယ်ဆိုတာ မတူတာတွေစုထားလို့တဲ့။ တူတာတွေချည်းစုထားရင် ဘယ်လှတော့မှာလဲတဲ့။ ကျွန်တော်က အဲဒီအမြင်ကို သဘောကျတယ်။ ဖေဖေကတော့ မကြိုက်ဘူး။
ဘထွေးသုခကတော့ ရန်ကုန်ဆင်းလာတိုင်း ဟကောင်၊ ကပြားမကြီးသမီးနဲ့မင်း မယူကြသေးဘူးလားတဲ့။ ကျွန်တော်က ရည်းစားစကားတောင် မပြောရသေးဘူးလို့ပြောတိုင်း ဘထွေးက ဘာပြောနေစရာလိုလဲ။ မင်းတို့ချင်း သိနေကြတာပဲ။ မင်းတို့နှစ်ယောက်က လိုက်တယ်။ တစ်ယောက်သဘောကျတာ၊ တစ်ယောက်ကြိုက်တာကို တခြားတစ်ယောက်က သဘောမကျဘူး၊ မကြိုက်ဘူး။ လူနှစ်ယောက် အတူတကွ အကြာကြီး ပေါင်းသင်းနေဖို့ဆိုတာ တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းတူနေရင် ပျင်းဖို့ကောင်းသတဲ့။
ဒီအကြောင်းနဲ့ပတ်သက်လို့လည်း သူနဲ့ကျွန်တော် အကြာကြီးပြောဖူးတယ်။ ငြင်းခဲ့ဖူးတယ်။ သူကတော့ မကြိုက်တာနဲ့ ကြိုက်တာဟာ ဒွန်တွဲနေတဲ့ အားပြိုင်မှုပဲတဲ့။ အချိန်မရွေးပြောင်းလဲနိုင်သတဲ့။ တစ်ခါတလေတော့ လူရဲ့အတ္တနဲ့ဆိုင်သတဲ့။ ကြိုက်ပေတဲ့ အတ္တကကြီးနေတော့ မကြိုက်ဖူးလို့ပြောနေတာမျိုးလည်း ဖြစ်တတ်သေးတယ်ဆိုပဲ။ ဒါပေတဲ့ အတ္တကြီးမှုဟာ အတိုင်းအတာတစ်ခုထိပဲမို့ တစ်နေ့နေ့မှာ စိတ်ရင်းထဲရှိတာဟာ ပေါ်လာတတ်တယ်တဲ့။ အဲဒီတုန်းကတော့ ကျွန်တော်က သူ့ကို နင် ဘာလို့ အင်္ဂလိပ်စာယူသလဲ၊ စိတ်ပညာတို့ ဒဿနိကဗေဒတို့ယူပါလားလို့ ပြောလိုက်ဖူးတယ်။ အဲဒါတွေယူရင် နင့်လိုလူနဲ့တိုးနေမှာပေါ့လို့ သူက ပြန်ပြောတယ်။ ကျွန်တော်က အကြောင်းအကျိုးဆက်နွယ်တယ်ဆိုတာတွေ သိပ်လက်မခံထားတော့ တိုးစရာရှိရင် တိုးမှာပဲ။ နင့်ဖာသာ၊ ဘာသာသာကိုယူယူ ငါနဲ့တိုးစရာရှိနေတော့ အခု တိုးရတာပဲမဟုတ်လားလို့ ပြောလိုက်တယ်။ ဒါဝင်ရဲ့တိုက်ဆိုင်မှုကြီးကို နင်မကြားဖူးဘူးလားလို့မေးတော့ သူက ရယ်တယ်။ မတိုက်ဆိုင်အပ်တာတွေ တိုက်ဆိုင်နေတယ်ဆိုတာကို နင်မေးနေသလားလို့ ပြန်မေးတယ်။
ဖေဖေက နှင်းဆီပန်းတွေကို တန်ဖိုးထားပြီး စိုက်တယ်။ တချို့နှင်းဆီတွေကို နိုင်ငံခြားက တကူးတကန့် မှာစိုက်တယ်။ `သည်ဒေါက်တာ´ဆိုတဲ့ နှင်းဆီပန်းက သင်းသင်းကလေး မွှေးတယ်။ ပန်းရောင်ခပ်ရင့်ရင့်။ ၁၉၃၆ ခုလောက်ကမှပေါ်လာတာတဲ့။ အဲဒီနှင်းဆီပွင့်လာတိုင်း ဘယ်တော့မှ မခူးဘူး။ တခြားနှင်းဆီတွေပွင့်ရင် ခူးပြီး လက်ဆောင်ပေးလေ့ရှိတယ်။ `သည်ဒေါက်တာ´ပွင့်တဲ့အခါတိုင်း တကြည့်ကြည့်လုပ်နေတတ်တယ်။ အဲဒီနှင်းဆီတွေပွင့်တဲ့တစ်နေ့၊ အဖေတို့ညီအစ်ကိုနှစ်ယောက်သား သစ်ပင်အောက်မှာထိုင်စကားပြောရင်း လက်ဖက်ရည်သောက်နေကြတုန်း ကျွန်တော်ရောက်သွားတယ်။ ညဘက် ကျွန်တော် အိမ်အပြန် မိုးချုပ်မယ့်အကြောင်းသွားပြောတာ။ ဖေဖေက ဒီညနေ ကောင်မလေးတွေအိမ် မင်းသွားဦးမလားလို့ မေးတယ်။ ခဏပဲလို့ ကျွန်တော်ကဖြေတော့ `သည်ဒေါက်တာ´တွေ ပွင့်နေတယ်၊ ခူးသွားပါလားလို့ ပြောတယ်။ ကျွန်တော်က အံ့သြမိတယ်။ သူ့အမေကြီး ဘုရားပန်းထိုးဖို့လားလို့ ပြန်မေးလိုက်မိတယ်။ ဘထွေးက ရယ်ပါလေရော။ ဘထွေးရယ်တော့ ဖေဖေလည်းရယ်တယ်။ ရယ်ရင်း တောက်ခေါက်ပြီး ခေါင်းခါတယ်။ ကျွန်တော်ပြောလိုက်မိတဲ့အထဲမှာ ဘာရယ်စရာပါသွားမှန်းတောင် မသိလိုက်ဘူး။ ကျွန်တော်ကတော့ ရယ်စရာပြောတာမဟုတ်ဘူး။ သူ့အမေကြီးက အိမ်မှာ ဘုရားစင်အကြီးကြီး ထားတာ။ နေ့စဉ် ဘုရားပန်းဖိုး ရှစ်ဆယ်တစ်ရာ အကုန်ခံတာ။ အဲဒီတုန်းက ဂျစ်ကားတစ်စီးမှ ခုနစ်ထောင်လောက်ပေးရတာ။ ဖေဖေကပဲ မင်းသွားစရာရှိတာ သွားပါလို့ ပြောတာနဲ့ ကျွန်တော်လည်း ထွက်လာခဲ့တယ်။ နောက်ဖက်မှာတော့ ဖေဖေနဲ့ဘထွေးနှစ်ယောက်သား ရယ်ရင်း ကျန်ရစ်ခဲ့တယ်။ သူနဲ့တွေ့လို့ အဲဒီအကြောင်းပြောပြတော့ သူကလည်း ရယ်တယ်။ ပြီးတော့ နင်ဟာ lack of sense making လို့ ပြောတယ်။ ဟုတ်လောက်တယ်။ ပြက်လုံးဆိုတာက လူတိုင်းရယ်ဖို့မှ မဟုတ်ဘဲ။ ရယ်တတ်တဲ့လူတွေရယ်ဖို့ မဟုတ်ဘူးလား။
ဒီနှစ် နှစ်ဦးပိုင်းမှာ သူ့အမေကြီးဆုံးသွားတယ်။ သူ့အစ်မကြီးက ဒီမှာမဟုတ်တော့ ပြန်မလာနိုင်ဘူး။ ဖေဖေတို့ကပဲ တော်တော်ကြီးကြပ် လုပ်ကိုင်ပေးလိုက်ကြရတယ်။ ကျွန်တော်လည်း နေ့တိုင်းလို သူ့အိမ်မှာပဲ နေနေရတယ်။ အဓိကကတော့ သူ့အစ်ကိုဝမ်းကွဲတစ်ယောက်က ဖေဖေ့ကိုပြောလို့ပဲ။ သူ အားငယ်နေတုန်း ကျွန်တော့်ကို သူ့အနားမှာ ရှိစေချင်တယ်တဲ့။ သူ့အမေကြီးရှိတုန်းကလည်း ကျွန်တော်နဲ့ သဘောတူနေခဲ့တာဆိုတော့ ကျွန်တော့်ကိုဆိုရင် သူတို့တစ်မျိုးလုံးက စိတ်ချသတဲ့။ ဒါနဲ့ပဲ သူ့အိမ်မှာ နေ့စဉ်သွားနေပေးရတာ။ ညဘက်တော့ အိမ်မှာ ပြန်အိပ်တယ်။ မင်း ဘာလို့ ဟိုမှာမအိပ်သလဲလို့ ဖေဖေတို့ဘထွေးတို့က မေးတယ်။ အစတော့ တောဖြေတောင်ဖြေလုပ်တာပဲ။ နောက်ဆုံးတော့ အမှန်ကိုပဲ ပြောလိုက်ရတယ်။ ကျွန်တော်က သရဲကြောက်တယ်။ လူမကြောက်ဘူး။ လူက မြင်ရတယ်။ ဒီတော့ ကာကွယ်နိုင်ရင်ကာကွယ်၊ မကာကွယ်နိုင်ဘူးထင်ရင်ပြေး၊ ဒါပဲ။ သရဲက ဘယ်လိုဟာမှန်းမသိဘူး။ ဘယ်ကလာမယ်မှန်း မသိဘူး။ မတော် သူ့အမေကြီးသရဲဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ ဒီတော့ လန့်တယ်။ ဒါကြောင့် ညဘက် သူနဲ့အတူနေဖို့ နှမဝမ်းကွဲတစ်ယောက်ကို ခေါ်ထားပေးလိုက်တယ်။ သူတို့အိမ်မှာ ကျွန်တော် တစ်ခါမှ ညမအိပ်ဖူးဘူး။
* * *
သူ့မွေးနေ့က ဆောင်းတွင်းကြီးမှာ။ သူ့အမေကြီးဆုံးပြီး ရှစ်လကိုးလလောက်မှာ။ ဘွဲ့ရပြီး သူကျုတာလုပ်နေတုန်းမှာ ဆုံးသွားတာ။ သူ့အမေကြီးဆုံးပြီးကတည်းက ပိုးတဲ့ပန်းတဲ့လူတွေ ပိုများလာသလားပဲ။ လာစပ်တဲ့လူတွေ များလာတယ်။ သူကတော့ မေမေရှိကတည်းက သဘောတူထားတာရှိလို့ပါလို့ ဆင်ခြေပေးတယ်။ ဒီတော့ ဟိုလိုလို၊ ဒီလိုလိုနဲ့ မြားဦးက ကျွန်တော့်ဘက် လှည့်လာနေတယ်။ ဖေဖေ့ကိုတောင် လာစုံစမ်းကြတယ်။ ဖေဖေကတော့ သူတို့ဘာသာ ရပ်တည်နေနိုင်ကြပြီပဲ။ သူတို့ချင်းကြိုက်ရင် ယူပေါ့လို့ ပြောထားတယ်လို့ ဖြေလေ့ရှိတယ်။ ကျွန်တော့်ကိုလည်း သွယ်ဝိုက်ပြီး မေးတတ်ကြတယ်။ သူ့မွေးနေ့မတိုင်ခင်နှစ်ပတ်လောက်မှာ သူနဲ့ကျွန်တော် အတော်ကလေးကြာအောင် ထိုင်ပြီး စကားပြောဖြစ်တယ်။ သူတို့အိမ်ရှေ့ အုတ်ခုံကလေးပေါ်မှာ။ တခြားလူတွေအကြောင်းပြောရင်း ကျွန်တော်တို့အကြောင်းကို ရောက်လာတယ်။ ကျွန်တော်က တည့်တည့်ပဲမေးလိုက်တယ်။ တို့နှစ်ယောက် ဒီလိုနေသွားလို့တော့ မဖြစ်သေးဘူး။ နင်ငါ့ကို ယူမှာလားလို့မေးတော့ သူက အံ့အားသင့်တဲ့မျက်နှာနဲ့ ကျွန်တော့်ကို ကြည့်နေတယ်။ ချက်ချင်း ဘာမှပြန်မပြောဘူး။ အတော်ကလေးကြာမှ ဟဲ့၊ နင် ငါ့ကို ချစ်တယ်လို့မပြောဘဲနဲ့တော့လည်း ငါမယူချင်ဘူးလို့ ပြောတယ်။ ဒီတော့ ကျွန်တော်က ရှင်းပြရတယ်။ နင်လည်း သိပါတယ်။ `ချစ်တယ်´ ဆိုတဲ့ စကားလုံးကို ငါမကြိုက်ဘူး။ မသုံးဘူး။ ဒီစကားလုံးမရှိဘဲနဲ့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိနိုင်တယ်လို့ ငါထင်တယ်။ ချစ်တယ်လို့ပြောမှ ချစ်တာပဲလို့ ငါမယုံကြည်ဘူး။ ချစ်တယ်ဆိုတာဟာ ဘာသာစကားနဲ့ မဆိုင်ဘူး။ လူနဲ့ပဲဆိုင်တယ်လို့ ကျွန်တော်က ပြောလိုက်မိတယ်။
သူက ပြုံးနေတယ်။ ကျွန်တော့်စကားဆုံးသွားတော့ သူကပြောတယ်။ ငါ့အတွက်တော့ နင်ငါ့ကိုချစ်တယ်ဆိုတာ ငါသိချင်တယ်။ နင်ပြောသလို ဘာသာစကားနဲ့ဆိုင်ဆိုင်မဆိုင်ဆိုင်၊ နင် ငါ့ကိုချစ်တယ်ဆိုတာကို ငါသိရမှ… လို့ သူကပြောပြီး ပြုံးနေတယ်။ ကျွန်တော်လည်း ဘာဆက်ပြောရမှန်း မသိတော့ဘူး။ အတော်ကြာတော့ သူကပြောတယ်။ နင်ဟာ နင့်ဖေဖေ ငါ့ကိုပြောပြဖူးတဲ့ ပန်းတစ်ပွင့်နဲ့တူတယ်။ နင့်ဖေဖေက ပြောပြဖူးတယ်။ သူ့နှင်းဆီပန်းတွေပွင့်လာတိုင်း သူ သတိထားကြည့်မိဖူးသတဲ့။ အပင်တိုင်းမှာ နောက်ဆုံးပွင့်လာတဲ့ပန်းတစ်ပွင့်စီ ရှိတတ်တယ်။ တခြားပန်းတွေနဲ့ တစ်ပြိုင်တည်းမပွင့်ဘူး။ တခြားပန်းတွေ ကျသွားတဲ့အခါလောက်မှ အားယူပြီး ပွင့်တတ်တယ်။ အဲဒီအပွင့်က အလှဆုံးလည်းဖြစ်တတ်တယ်။ အညံ့ဆုံးလည်းဖြစ်တတ်တယ်တဲ့။ ငါ့အမြင်မှာတော့ နင်ဟာ အဲသလိုပန်းမျိုး ဖြစ်လိမ့်မယ်ထင်တယ်လို့ သူကပြောပြီး ရယ်တယ်။ ကျွန်တော်ကတော့ ကျွန်တော့်ကို ပန်းနဲ့နှိုင်းတာ သိပ်မကြိုက်ဘူး။ ဒါပေမယ့် ဘာမှ ပြန်မပြောလိုက်တော့ဘူး။ နင့်မွေးနေ့ကျရင် ပါတီတွေဘာတွေ မလုပ်ဘူးဆိုရင် နင့်ကိုငါ ထမင်းကျွေးမယ်လို့ပြောတော့ သူက နင့်မှာ တခြားရည်းစားတွေဆီ သွားစရာမရှိလို့ အချိန်ရတယ်၊ အားတယ်ဆိုရင်ပေါ့လို့ ခနဲ့တဲ့တဲ့ပြောတယ်။ အားအောင်လုပ်ရမှာပေါ့၊ နင့်မွေးနေ့ပဲလို့ ကျွန်တော်က ပြန်ပြောလိုက်တယ်။
သူ့မွေးနေ့မှာ နမ်ဆင်းကိုသွားပြီး ညစာစားတယ်။ သူနဲ့ကျွန်တော် နှစ်ယောက်တည်း။ အဲဒီက ကြက်ဥခေါက်ဆွဲကို သူက သိပ်ကြိုက်တယ်။ ကျွန်တော်က အဲဒီက ကြက်ကင်ကြိုက်တယ်။ တခြားဟာတွေ မှာထားပေမယ့် သိပ်မစားဖြစ်ကြဘူး။ သူကြိုက်တဲ့ နှင်းဆီဝိုင်တစ်လုံး ယူသွားတယ်။ ရှစ်နာရီသာသာလောက် အဲဒီက ပြန်လာကြတယ်။ သူ့အိမ်က ပေါ်တီကိုအောက်မှာကားရပ်တော့ သူက ကော်ဖီလေးဘာလေး သောက်သွားဦးလေလို့ ပြောတာနဲ့ ကျွန်တော်လည်း ကားကိုစက်သတ်ပြီး သူ့အိမ်ထဲဝင်လိုက်တယ်။ သူက အပေါ်ထပ်ကဧည့်ခန်းကို နင်သွားနှင့်၊ ငါ ကော်ဖီအိုးယူခဲ့မယ်လို့ပြောတာနဲ့ အပေါ်ထပ်ကို ကျွန်တော်တက်ခဲ့တယ်။ သူတို့အိမ်က အကြီးကြီး။ ညနေကတင် ဖေဖေကပြောသေးတယ်။ ကောင်မလေးက အိမ်ကြီးတစ်လုံးနဲ့ တစ်ယောက်တည်း။ မင်း အဲဒီ သွားနေချင်လည်းနေ။ သူ့ကို ဒီခေါ်ခဲ့ချင်လည်း ခေါ်ခဲ့ပါလားတဲ့။ ဒီတော့ ကျွန်တော်က ဖေဖေ သူနဲ့ကျွန်တော်က ဘာမှမတော်ဘူး။ ဖေဖေ့ချွေးမ မဟုတ်သေးဘူး။ ကျွန်တော်က လာ ငါတို့အိမ် လာနေလှည့်ချေလို့ ပြောလို့မဖြစ်သေးဘူးလို့ ဖေဖေ့ကို ပြန်ရှင်းလိုက်သေးတယ်။ ဖေဖေကတော့ အဲဒါကတော့ မင်းကိစ္စ။ ငါ ဘာမှ မတတ်နိုင်ဘူးလို့ပြောရင်း ရယ်တယ်။
အတော်ကလေးကြာတော့ သူက အပေါ်ထပ်ကို တက်လာတယ်။ ကော်ဖီနှပ်ထားတဲ့ ဖန်ချိုင့်တစ်ခုနဲ့ သစ်သီးကိတ်တစ်လုံးပါလာတယ်။ အပေါ်ထပ်ဧည့်ခန်းထဲမှာ ဘီရိုထဲကနေ ကော်ဖီခွက်တွေ ထုတ်လိုက်တယ်။ ကော်ဖီခွက်တွေက ရွိုင်ရယ်ဒေါ်လ်တန်တွေ။ ကျွန်တော်တို့နှစ်ယောက်သား စကားပြောရင်း ကော်ဖီသောက်နေကြမိတာ အတော်ကလေး ကြာသွားတယ်။ နောက်ပိုင်းတော့ ပြောစရာစကားတောင် ကုန်စပြုလာတယ်။ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပြုံးမိတတ်ကြတယ်။ အဲဒီတုန်းမှာပဲ ညနေက ဖေဖေပြောတဲ့စကားကို သတိရသွားမိတယ်။ သူ့ကို ပြောပြလိုက်မိတယ်။ သူက ပြုံးပြီး နားထောင်ရင်း နင့်ဖေဖေက လူကြီးဆိုတော့ အမျှော်အမြင်ရှိတာပေါ့လို့ ပြောတယ်။ သူပြောတာကို နားထောင်ရင်း သူထိုင်နေတဲ့နောက်က နံရံနဲ့ကပ်နေတဲ့စားပွဲပေါ်က ပန်းအိုးကို ကျွန်တော်သတိထားလိုက်မိတယ်။ ပန်းအိုးက ရှည်ရှည်မျောမျောကလေး။ အစိမ်းရင့်ရောင် ဖန်အကြည်နဲ့လုပ်ထားတာ။ ပန်းအိုးထဲမှာက ရိုးတံရှည်ရှည်နဲ့ အဖြူရောင် ဒေစီတစ်ပွင့်တည်း။ အဲဒါကိုကြည့်ပြီး ကျွန်တော့်စိတ်ထဲမှာ သာယာသလိုဖြစ်လာမိတယ်။ တကယ်တော့ ဘာဖြစ်သွားမှန်း မသိဘူး။ သူ့ရှေ့မှာ ထိုင်နေရာက ထရပ်လိုက်ပြီး အဲဒီပန်းအိုးဆီ သွားမိတယ်။ သူကလည်း ဘာမှန်းမသိတော့ ထိုင်ရာက ထရပ်လိုက်တယ်။ ကျွန်တော်က ဒေစီပန်းကိုယူပြီး ရိုးတံမှာကပ်နေတဲ့ရေစက်တွေကို လက်ကိုင်ပဝါနဲ့ သုတ်လိုက်တယ်။ ပြီးတော့ အကြောင်သားကြည့်နေတဲ့သူ့ကို လှမ်းပေးလိုက်တယ်။ သူက အူကြောင်ကြောင်နဲ့ လှမ်းယူလိုက်တယ်။ နောက်တော့မှ ပြုံးပြပြီး ပန်းကို တစ်ချက်မွှေးကြည့်ပြီး ရိုးတံကို သူ့လက်နှစ်ဖက်နဲ့ကိုင်ထားရင်း သူ့ရင်ဘတ်မှာအပ်ထားတယ်။ အတော်ကြာအောင် ကျွန်တော်တို့ချင်း စကားမပြောဖြစ်ကြဘူး။
သူက သူ့ဘာသာ ခေါင်းငြိမ့်နေတယ်။ ပြီးတော့မှ နင့်ဖေဖေပြောသလို နင်တို့အိမ်မှာ လိုက်နေရင် ဒီအိမ်က ငါ့အခန်းလေးကို လွမ်းနေမှာပေါ့လို့ ပြောတယ်။ ဘာလို့လဲလို့ ကျွန်တော်က မေးလိုက်မိတယ်။ လာ ငါပြမယ်လို့ပြောပြီး သူက အခန်းတံခါးတစ်ခုဆီ လျှောက်ထွက်သွားလို့ သူ့နောက်က ကျွန်တော် လိုက်သွားမိတယ်။ အခန်းတံခါးဖွင့်ပြီး သူက ဝင်သွားတယ်။ အခန်းကလေးလို့ပြောပေမယ့် သူ့အခန်းက အကျယ်ကြီး။ မှန်အကြည်တွေတပ်ထားတဲ့ ပြတင်းပေါက်တွေနဲ့။ သူ့ကုတင်နားက ပြတင်းပေါက်ဆီသွားတယ်။ ငါ့အိပ်ယာပေါ်ကနေ အိပ်မပျော်တဲ့အချိန်တွေမှာ လှမ်းကြည့်ရင် မှောင်ထဲမှာ ဟိုအဝေးက မီးရောင်တစ်လက်လက်ကို လှမ်းတွေ့ရတယ်။ လေယာဉ်ကွင်းက ထင်တယ်လို့ သူကပြောတယ်။ မြင်ရတော့ ဘာဖြစ်သလဲလို့ ကျွန်တော်က မေးလိုက်မိတယ်။ ငါ အားရှိလာသလိုလိုပဲ၊ မျှော်လင့်ချက်တစ်ခုခု ရရှိလိုက်သလိုပဲလို့ သူကဖြေတယ်။ သူက ပြတင်းပေါက်ရှေ့မှာ ရပ်ပြီး တံခါးရွက်နှစ်ခုကို ဖွင့်လိုက်တယ်။ ကျွန်တော်က သူ့နောက်နားဆီက ရပ်နေမိတယ်။ ဆောင်းဦးဆိုရင် လေသိပ်ကောင်းတာပဲလို့ သူက ပြောနေတုန်း ပြတင်းပေါက်က လေပြင်းပြင်းတိုးဝင်လာတာကို ခံစားလိုက်ရမိတယ်။ ကျွန်တော်တို့နောက်ဖက်မှာ ဝုန်းကနဲအသံမြည်ပြီး သူ့အခန်းတံခါးပိတ်သွားသံ ကြားလိုက်ရတယ်။ သူက ခေါင်းလှည့်ပြီး လှမ်းကြည့်လိုက်တယ်။ သူ့နောက်နားမှာကပ်ပြီး ကျွန်တော်ရပ်နေလို့ တံခါးကို သူမမြင်ရဘဲ ကျွန်တော့်ကို မျက်နှာချင်းဆိုင်မိရက်သား ဖြစ်သွားတယ်။
သူက သူ့တစ်ကိုယ်လုံးလှည့်ပြီး ပြတင်းပေါက်ကို ကျောပေးလိုက်တယ်။ ဒေစီပန်းကို ခုနအတိုင်းပဲ လက်နှစ်ဖက်နဲ့ ကိုင်ထားတယ်။ နင်က ငါ့ကို ပန်းပေးတယ်ဆိုတော့ အရှုံးပေးတယ်ဆိုတဲ့ သဘောပဲမဟုတ်လားလို့ သူကမေးတယ်။ ကျွန်တော်က ပြုံးနေမိတယ်။ အဲဒီလိုအပြုံးမျိုး အရင်က ကျွန်တော် ဘယ်သူ့ကိုမှ၊ တစ်ခါမှ မပြုံးဖူးဘူးထင်တယ်။ သူက ကျွန်တော့်အနား ပိုပြီး ထပ်တိုးလာရင်း နင် မနက်ဖြန် အားသလားလို့မေးတယ်။ အားတယ်၊ နင်ဘာလုပ်ချင်လို့လဲလို့ ကျွန်တော်က ပြန်မေးလိုက်တယ်။ တို့ ရုံးသွားပြီး လက်ထပ်ကြရအောင်လို့ သူကပြောတယ်။ ကောင်းသားပဲလို့ ကျွန်တော်ကဖြေလိုက်တော့ သူက ပြီးရင် နင် ဒီကိုပြောင်းလာပေါ့လို့ သူက ပြောတယ်။ အဲဒါလည်းကောင်းတာပဲလို့ ကျွန်တော်က ပြောလိုက်တယ်။ သူက ကျွန်တော့်မျက်နှာကိုကြည့်နေတုန်း သူ့လက်ထဲကပန်းကို သူ့အိပ်ယာနံဘေးက စားပွဲအပုကလေးပေါ် လှမ်းတင်လိုက်တယ်။ ပြီးတော့ သူ့ခေါင်းမှာ ပိုနီတေးစည်းထားတဲ့ ဖဲကြိုးအစိမ်းကလေးကို သူ့လက်နှစ်ဖက်နဲ့ ဆွဲပြီး ဖြုတ်ချလိုက်တော့ ဆံပင်တွေဝဲပြီး သူ့ပခုံးကျော်ကျော်ဆီ ပြေကျသွားတယ်။ သူက ပြုံးနေတယ်။ အဲဒီလိုသူပြုံးပုံမျိုး ကျွန်တော် တစ်ခါမှမတွေ့ဖူးဘူး။
အခန်းက ပြတင်းပေါက်ကို မပိတ်လိုက်မိတော့ဘူး။ အပြင်ဘက်ဆီက တစ်ချက်တလေတိုးဝင်လာတဲ့ ဆောင်းဦးလေတွေဟာ အခန်းထဲမှာ မုန်တိုင်းအဖြစ် ပြောင်းသွားတယ်။ ဘထွေးသုခပြောတာ မှန်တယ်။ ပန်းပွင့်ဖို့စောင့်ရတာဟာ ဇွဲတစ်ခုတည်း မဟုတ်ဘူး။ သတ္တိရှိဖို့လည်း လိုတယ်။ ဒီသတ္တိမျိုး ဘထွေးမှာမရှိပေမယ့် ကျွန်တော့်မှာရှိတယ် ထင်တယ်။
#မြင့်သန်း
crd 👉 Pf Soesan
Comments
Post a Comment