​လောကီရတနာ (အပိုင်း ၄)

#လောကီရတနာ

အပိုင်း (၄)

၈။

ကျွန်မ အားလပ်သောအချိန်ပိုင်းကို သတ်မှတ်လျက် ဆရာကြီးထံ၌ ပညာသင်ကြားရန် ကွမ်းရွဲတန်းသို့ သွားနေရ၏။ တဲထဲ၌ ကျောက်သင်ပုန်း အတိုအပြတ်တစ်ခုကို ဓနိဖက်နံရံဖြင့် မှီထောင်ထားကာ မြေဖြူနှင့် ရေးသား ပြသသွားသော အချက်တွေကို အမှီလိုက်၍ ကူးမှတ်ရသည်။ ဆရာကြီးနှုတ်မှ ရှင်းပြသွားသော အဓိပ္ပာယ်တွေကို နားထောင်ကာ မှတ်ဥာဏ်ထဲလည်း အတိုတောက် တေးမှတ်ထားရသည်။ ကြီးကြီးခင်ထံမှယူထားသော တာ၀န်အတွက် သိလိုသည့် လျှို့ဝှက်အက္ခရာများ၏အဖြေကို ကိုယ်တိုင် မကြံတတ်သေး၍ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်နိုင်သော လမ်းစပေါ်ရာနောက်သို့ လိုက်ပြန်ကာ လုံ့လဝီရိယကြီးစွာဖြင့် ဆည်းပူးအားထုတ်သင်ကြားနေသည်။

ကျောက်သင်ပုန်းပေါ်၌ ၁-၂-၃-၄ စာမထွေးနှင့်ဟု ထရေးလိုက်ပြီးလျှင် ဆရာကြီးသည် ကုလားထိုင်ပေါ် ပြန်ထိုင်ကာ ဆေးတံသောက်နေ၏။ သင်ပုန်းပေါ်က စာတန်းကို ငေးစိုက်ကာ ကျွန်မသင်ယူရမည့် ပညာမှာ လွယ်ကူသောပညာမျိုးမဟုတ်ဘဲ သူ့အသက်ကို သေနိုင် ရှင်နိုင်သော ဆေးပညာအတတ်ဖြစ်၍ ဓာတ်ကို မနိုင်မပိုင်လျှင် လူသတ်သမားအဖြစ်နှင့် အပြစ်လွတ်မည်မဟုတ်ကြောင်းကို တွေးတောစဉ်းစားနေမိသည်။

ဆရာကြီးသည် ဆေးတံကို ဖွာရှိုက်ကာ ပါးစောင်တွင် ခဲကိုက်လျက် "အခုခေတ် ဆရာ၀န်ဖြစ်ချင်ရင် ဆေးကျောင်းမှာ ဘယ်နှစ်နှစ်သင်ရသလဲ"ဟု မေး၏။

"၇-နှစ်လောက် သင်ရပါတယ်ဆရာ"ဟု ဖြေကြားလိုက်သည်။

"သည်ပညာကလည်း နှစ်ကြာကြာ ဆရာနဲ့သင်ပြီးမှ တတ်တဲ့ပညာမျိုး၊ ရှေးတုန်းက ဇီ၀ကတို့လည်း တက္ကသိုလ် ကျောင်းတက်ပြီး ဆရာ့ဆီမှာ သွားသင်ရတာ သည်ပညာပဲ… ၊ အခုတော့ ဆရာ မရှာဘဲ ဆေးကျမ်းတွေကြည့်၊ ဆေးကျမ်းထဲပါတဲ့ သင်္ဂြိုဟ်တွေကို အရ အာဂုံကျက်ပြီး ဆေးကုနေကြတယ်။ သင်္ဂြိုဟ်တတ်လို့ ဆေးကုတတ်မှဖြင့် သံဃာတော်တွေ ဆရာခေါ်စရာ မလိုတော့ဘူး။ သင်္ဂြိုဟ်ထဲမှာလည်း ပွေးကိုင်း ၅ိ၊ ဇာသီး၂ိခွဲ၊ စမုံမျိုးငါးပါး ၄-ပဲ စီ၊ အားလုံးအလေးချိန် မင်းကိုကာကဲလို့ ဆရာတော့ မတွေ့ဖူးပါဘူး၊ ဆေးကျမ်းတွေများများ ထွက်တာ ကာနာဂူမိုရာဆိုတဲ့ စာအုပ်ရောင်းစားတဲ့ ကုလားသာ ကျေးဇူးများပြီး အရပ်ထဲမှာတော့ လူမမာ များနေတယ်၊ ဆရာများရင် သားသေတယ် ဆိုတဲ့စကားဟာ သွေးထွက်အောင် မှန်မနေဘူးလား၊ မမလေးကော ဆေးကျမ်းတွေ ဖတ်ဖူးခဲ့သလား"

ကျွန်မ ပြုံး၍ ခေါင်းညိတ်ကာ"အနည်းအပါးပါပဲဆရာ" ဟု ပြောလိုက်သည်။

"ဆေးကျမ်းတွေဟာ များသောအားဖြင့် အထက်သားတွေ အရေးများတယ်။ ဒါကြောင့် ဆေးမြစ်တွေဟာ များသောအားဖြင့် အထက်အရပ်က အပင်တွေကိုသာ ရေးထားတာ တွေ့ရတယ်။ ဥပမာ- ကတက်ပင် ဆိုပါတော့၊ အညာက ကတက်ပင်က ဆေးဘက်မ၀င်တော့ဘူးလား၊ ကျောက်ဖရုံသီးကို မီးသွေးနဲ့ထိတော့ ပုပ်သွားတာဟာ အထက်အရပ်က မီးသွေးနဲ့ ထိမလား၊ အောက်အရပ်က မီးသွေးနဲ့ ထိမလား။ ထိချင်တဲ့ မီးသွေးနဲ့ထိ ပုပ်မှာပဲ"

ဆရာကြီးသည် ကုလားထိုင်မှထကာ ကျောက်သင်ပုန်းပေါ်တွင် မူလနှစ်ပါးဟု ရေးလိုက်၏။

မူလနှစ်ပါး
________

(၁)

အမည်ပညတ်အားဖြင့်-နေ၊ ဂဏန်းအားဖြင့်-၁၊
စာအားဖြင့်-တနင်္ဂနွေ၊ ဓာတ်အားဖြင့်-ဥဏှတေဇော၊
ဗျည်းအားဖြင့်-အ၊ အရသာအားဖြင့်-အပူ

(၂)
       
အမည်ပညတ်အားဖြင့်-လ
စာအားဖြင့်-တနင်္လာ၊
ဂဏန်းအားဖြင့်-၂၊
ဓါတ်အားဖြင့်-အာပေါ၊
အရသာအားဖြင့်-အအေး၊

ကျောက်သင်ပုန်းကို လက်ညှိုးထိုးပြကာ"မူလနှစ်ပါးရဲ့ ဂဏန်းတွေ ၁နဲ့၂  မြင်ပလား"ဟု ပြော၍ ကျွန်မက လိုက်ကူးရေးရင်း ခေါင်းညိတ်လိုက်သည်။

"ရုပ်မှန်သမျှ အပူအအေးသာ ဖောက်ပြန်တယ်။ အပူအအေး နှစ်ပါးကြောင့် သတ္တဝါတွေ ဝေဒနာရကြတယ်။ ကုဠနူနာ၊ လိပ်ခေါင်းရောဂါ၊ အူအတက်ပေါက်ရောဂါ၊ ကျောက်ကပ်ထဲရေ၀င်ရောဂါ၊ သွေးတိုးရောဂါ၊ ခုလိုခေါ်ဝေါ်အမည်ပေးနေတဲ့ ရောဂါတွေဟာ မရှိဘူး၊ ဧကန်စင်စစ်ရှိတာက အေးမှု ပူမှု နှစ်ပါးက ဖောက်ပြန်နေတာကြောင့် ပူသည့်အနာနှင့် အေးသည့်အနာပဲရှိတယ်"

ကျောက်သင်ပုန်းပေါ်က စာပိုဒ်များ၏ ၁-၂အောက်တွင် ပူသည့်အနာက-၁၊ အေးသည့်အနာက-၂ဟု ဖြည့်ရေးပြလိုက်ကာ …
"မမလေး ၁နဲ့ ၂ ပိုင်းခြားဝေဖန်စီစစ်ပြီး သဘောအဓိပ္ပာယ်ကို အကျယ်တ၀င့် အနုစိတ်သိအောင် သင်ယူကြိုးစား အားထုတ်ရင် ၃ နဲ့၄ကို နားလည်ပြီး ဖြစ်သွားလိမ့်မယ်၊ ဒါကြောင့် ၁-၂-၃-၄ စာမထွေးနဲ့"

ကျွန်မရင်ထဲ၌ မျိုဝှက်ထားသော အက္ခရာတွေ အဖြေရှာဖို့အရေးထက် ၁နဲ့၂၏ အဖြေအကျယ်ကို အနုစိတ်ကာ အစင်အကြယ် မှန်ကန်တိကျအောင် နားလည်တတ်သိဖို့ အရေးကပင် မလွယ်လှပါကလားဟု များစွာ စိတ်အိုက်သွားတော့သည်။

ဂျာနယ်ကျော်ထုတ်ဝေသော ပုံနှိပ်လုပ်ငန်းကတစ်ဖက်၊ ကွမ်းရွဲတန်းသွားကာ တဲကလေးထဲတွင် ဆေးကျောင်းတက်၍ ပညာသင်နေရသည်က တစ်ဖက်နှင့် မအားရသဖြင့် ကံဘဲ့သို့မရောက်တာ ကြာနေလေ၏။ တစ်နေ့တွင် ကံဘဲ့သို့ ထွက်သွားလေသည်။ ကြီးကြီးခင်သည် ကျွန်မကိုမြင်မြင်ချင်း မှိုရသောမျက်နှာဖြင့် ဆီး၍ကြိုရင်း ၀မ်းသာအားရပြောပြ၏။

"လှိုင်ရေ … ညောင်လေးပင်က ရွှေကျင်ဆရာတော်ဘုရား ဂုတ်မှာ အနာပေါက်လို့ ရန်ကုန်ကို ဆေးကုကြွလာတယ်၊ ဟိုဘက်က ဦးဘိုးထင်အိမ်ကလေးမှာပဲ၊ ခဏပင့်ထားပြီး ဆေးကုနေရတယ်"

ကြီးကြီးခင်သည် ဆရာတော်ဘုရား ကြွလာ ဆေးကုခြင်းကို ဖွယ်ဖွယ်ရာရာ ဆွမ်းချက်ကပ်နေရသဖြင့် သူ့အကြိုက်တွေ့ကာ ဆွေ့ဆွေ့ခုန်လောက်အောင် ၀မ်းမြောက်၀မ်းသာဖြစ်နေလေ၏။ ရဟန်းသံဃာနှင့် နီးနီးနားနား ဆည်းကပ်ကိုးကွယ်ရခြင်းကို သူ့ဘ၀တွင် စိတ်အချမ်းသာဆုံး ဖြစ်လေသည်။ ဆေးလာကုသောဆရာတော် အနာပျောက်ကင်း ချမ်းသာ၍ ညောင်လေးပင် ပြန်ကြွမှာကို ပြန်မကြွစေရဘဲ  ညီအစ်မ ၂ ယောက် အတင်းတားကြ၏။ ဒေါ်ဒေါ်သည် အိမ်နှင့်မနီးဝေး ကွက်လပ်မြေယာကြီးကို ဆိုင်ရာတွင် သာသနာ့မြေအဖြစ် ကြိုးစားပမ်းစား လျှောက်ယူကာ ၅ ရက်အတွင်း ကျောင်းဖြစ်အောင် ဆောက်ကြသည်။ ညောင်လေးပင် ဆရာတော်ဘုရားအား" တပည့်တော်မတို့ကို ချီးမြှင့်ပါဘုရား၊ ပြန်မကြွပါနှင့်"ဟု ပူဆာ လျှောက်ထားချက်ကို ငဲ့ကွက်ကာ ညောင်လေးပင်သို့ ပြန်မကြွတော့ဘဲ ဆောက်ပေးသော ဝါးကျောင်းကလေးတွင် အတူပါလာသော ဦးပဉ္ဇင်း ၂ ပါးနှင့် ကျောင်းထိုင်လိုက်ရတော့၏။

ဆရာတော်ဘုရား ကံဘဲ့တွင် အခြေစိုက်ကာ ကျောင်းထိုင်ရပြီး မကြာမီ ကျွန်မလည်း ကံဘဲ့သို့ တစ်ခေါက် ညနေဘက် ရောက်သွားပြန်သည်။ မနက်မှပြန်ရန် ဒေါ်ဒေါ်အတင်းဆွဲထားသဖြင့် ကံဘဲ့၌ ညဉ့်အိပ်ရလေသည်။ ည ၁- ချက်လောက်တွင် ဆူညံသံကြား၍ အိပ်ရာမှ လန့်နိုးသွားသည်။ ဒေါ်ဒေါ်နှင့် ကြီးကြီးခင်တို့မှာ အချိန်မတော် ထ၍ ရန်ဖြစ်နေကြသည်။

"အစောကြီး ရှိသေးတယ်လို့ ပြောတဲ့ဥစ္စာ၊ ဒီအချိန်မျိုး တံခါးဖွင့်ဖွင့်ထွက်တာ ဘယ်တော့ အနုကြမ်းစီးခံရမလဲ။ မသွားနဲ့ဦး … စောသေးတယ်"

ဒေါ်ဒေါ်၏အသံမှာ မာကျောလှသည်။

"ဘယ်စောရမလဲ မသိန်းရယ် … ညနေက ဟင်းအိုးတွေ လုံးရုံပဲ လုံးထားခဲ့တာ … မပြီးသေးဘူး။ သွားမှ ချက်ရမှာ၊ သွားရမယ်"

ဆူညံသံမစဲ၍ ခြင်ထောင်ထဲမှ ထွက်ခဲ့ကာ "ဒေါ်ဒေါ်တို့ ဘာဖြစ်နေတာလဲ"ဟု ဒေါ်ဒေါ်၏အိပ်ရာခြေရင်းက ရပ်မေးလိုက်သည်။ ကြီးကြီးခင်မှာ နောက်ဖေးဘက်သို့ ထွက်သွားသည်။ ဒေါ်ဒေါ်သည် အိပ်ရာထဲမှနေ၍ အပြင်ထွက်လာကာ "ပြောလို့ဆိုလို့ မရဘူး လှိုင်ရယ် … ကျောင်းမှာ အရုဏ်ဆွမ်း သွားချက်တာ စောပါသေးတယ်လို့ တားတာ မရဘူး။ ညတိုင်း ဒီလိုပဲ၊ အချိန်မဟုတ် အချိန်ဟုတ် ထထွက်သွားတာပဲ။ အရုဏ်တက်ဖို့ အများကြီးလိုသေးတယ်" ဟု မကျေမချမ်းသံဖြင့် ပြောဆို ဒေါပွနေ၏။ ကျွန်မမှာ ကြီးကြီး၏ဘ၀ကို "သည်အတိုင်း မြင်ရမှာပဲ" တွေးတောကာ ကုလားထိုင်၌ အသာငြိမ်ထိုင်နေလိုက်သည်။

ကြီးကြီးခင်မှာ ကျောင်းဝေယျာ၀စ္စက တိုးလာသဖြင့် ကျောင်းသို့ သွားကာ အရုဏ်ဆွမ်းချက်ပေးရန်ရှိ၍ ဘုရားမီးများကို သန်းခေါင်ကျော်လောက်က ထွန်းပူဇော်ထားနှင့်လေသည်။

"ပေါက်ပွင် … ပေါက်ပွင့်"

နောက်ဖေးမှ ကြီးကြီးခင်၏အသံကို ခပ်တိုးတိုး ကြားရသည်။ ဒေါ်ဒေါ်မွေးစားထားသည့် ၉နှစ်သားလောက်ရှိမည့်  သူငယ်လေးကို ကျောင်းသွားဖို့ သူနှင့်အဖော်လိုက်ရန် နှိုးနေခြင်း ဖြစ်၏။ နောက်ဖေးဘက်သို့ ထသွားကာ "ဟုတ်သားပဲကြီးကြီးခင် … စောပါသေးတယ်" ဟု သွားပြောမိတယ်။

"မစောဘူး လှိုင်ရဲ့ … သံဃာက ၃ပါး၊ နောက် ကျောင်းသားတွေက ရှိသေးတာ။ သူ ဘာသိလို့လဲ၊ အရမ်း ပြောနေတာ"

ကြီးကြီးခင်သည် မှောင်ထဲတွင် ခေါင်းကိုစမ်းဖြီးလျက် ဘီးစပတ်ကြီးပတ်လိုက်ကာ အရုဏ်မမီမှာကို ပူပန်သောဇောဖြင့် ကပျာကသီ အ၀တ်လဲနေ၏။ အိမ်ထဲ၌ တစ်ယောက်တည်း ပျာယာခတ် လျှောက်သွားနေပြီးလျှင် မီးဖိုထဲ၀င်လျက် ယူစရာကလေးတွေ ခြင်းတောင်းထဲတွင် ယူငင်ထည့်ကာ မီးဖိုလှေကားတံခါး ဖွင့်လိုက်သည်။ ကြီးကြီးခင်က ခြင်းတောင်းနှင့်ရှေ့က၊ ပေါက်ပွင့်က လက်ဆွဲမီးအိမ်ကလေးဆွဲကာ နောက်ကလိုက်လျက် လှေကားမှ ကမန်းကတန်း ဆင်းသွားကြလေသည်။

ကျွန်မသည် မီးဖိုတံခါးကို ပိတ်လိုက်ကာ အိမ်ရှေ့ပြတင်းပေါက်သို့ သွား၍ သံတိုင်ကြားမှ ကြီးကြီးခင်တို့ကို ရပ်ကြည့်နေသည်။ အပြင်ဘက်တွင် မှောင်မည်းနေသည်။ လမ်းပေါ်က လူသံကြား၍ ခွေးတွေ ဝိုင်းဟောင်နေကြသည်။ တစ်အိမ်တစ်အိမ်မှ ထွက်၍ ဟောင်ကြသည့် ခွေးဟောင်းသံတစီစီနှင့် မှောင်ထဲတွင် သုတ်သုတ် သုတ်သုတ် လျှောက်သွားကြသော ကြီးကြီးခင်တို့ ကွယ်ပျောက်သွားမှ ပြတင်းတံခါးကို ဆွဲပိတ်ကာ လေးလံစွာ ရင်ကိုပင့်၍ သက်ပြင်းကြီး ချလိုက်မိ၏။

ကံဘဲ့သို့ လာတိုင်း ကြီးကြီးခင်သည် လျှို့ဝှက်အက္ခရာအကြောင်းကို အစလုပ်၍ မေးလားစမ်းလား မလုပ်ဘဲ ဆိတ်ဆိတ်နေ၏။ ကျွန်မက စပြောမှသာ ၀မ်းသာအားရခေါင်းညိတ်လျက် "ကြိုးစားပါနော် … ကြိုးစားပါ"ဟု ဆိုတတ်၏။ နံနက် ၆နာရီလောက် ကျောင်းကပြန်ခဲ့ကာ မီးဖိုထဲ တန်း၀င်သွားလျက် ကံဘဲ့ရှိ အခြားဘုန်းကြီးကျောင်းများအတွက် နေ့ဆွမ်းနှင့် အိမ်သားများ စားကြဖို့အတွက် ထမင်း၀င်ချက်နေပြန်၏။ ကျွန်မမှာ စကားပြောစရာရှိ၍ မီးဖိုထဲ လိုက်ပြောရသည်။

"ကြီးကြီးခင် … ကျွန်မ အခု ဆရာကြီးတစ်ယောက်ဆီမှာ ဆေးပညာသင်နေတယ်။ ဆရာကြီးက ဓာတ်သဘောတွေ တော်တော်နားလည်တယ်။ နီးတော့ နီးစပ်တာပဲ"

ကျွန်မစကားမဆုံးခင် "ကိုယ့်ဘာသာကိုယ် ကြံစည်နော် … ဘယ်သူ့မှ ဒါကို သွားမမေးလိုက်နဲ့နော်"ဟု ထိတ်ထိတ်ပျာပျာ ၀င်ပြောနေ၍ မျက်နှာကို စိမ့်စိမ့်ပြုံးကြည့်လိုက်ကာ "ကျမက ကြီးကြီးခင်ထက် လုံသေးတယ် … စိတ်သာချ" ဟု ပြန်ပြောလိုက်သည်။

"ဆရာကြီး သခင်ကိုယ်တော်မှိုင်းဆီကော ရောက်သေးသလား"ဟု စစ်မေး၍ ကျွန်မက ဆရာကြီးအလိုရှိသော ငွေ ၃၀၀ိ/- ကို သွားရင်း ရောက်ခဲ့ကြောင်းနဲ့ အဂ္ဂိရတ်ပညာကို တစ်ခွန်းနှစ်ခွန်းလောက်သာ ဆွေးနွေးကြည့်ရသေးကြောင်း ပြောပြလိုက်သည်။

"ကြီးကြီးခင်ကော ကြံစည်ကြည့်သေးသလား"

ကြီးကြီးခင်သည် ခေါင်းကို လေးလေးသာ ယမ်းနေကာ အဖြေမပေးချေ။

"ဒီအက္ခရာဟာ ဓာတ်တွေကို ပြောတာဖြစ်မှာပဲထင်တယ် … ဒီစကားလုံး ဖော်နိုင်ရင် ဓာတ်ကို သိရမှာမျိုးနဲ့ တူတယ်"

"ဓာတ်ကိုပြောတာ ဟုတ်မယ်မထင်ဘူး"ဟု ဆိုလိုက်၍ ကျွန်မမှာ ပက်လက်လန်သွားမလောက် ဖြစ်သွားကာ … "နို့ … ဘာကို ခေါ်ရမှာတုံး ကြီးကြီးခင်ရဲ့၊ ဒီအက္ခရာကရတဲ့ အဖြေနဲ့ ဆက်ထိုးရမယ်ဆိုတော့ ကျွန်မက ဓာတ်ပြောတာပဲ ထင်ပြီး ကြံဖန်အားထုတ်နေလိုက်ရတာ … ဓာတ်မဟုတ်လို့ ဘာကိုကြံပေးရမှာလဲ ကြီးကြီးခင်ရဲ့"

"ဆရာတော်ဘုရားရဲ့ စာအရဆိုရင် "ဓာတ်" ရှာဖို့ ပြောတာတော့ ဟုတ်မယ်မထင်ဘူး။ ဒီအခြေအနေရောက်အောင် ဓာတ်တွေနဲ့ ထိုးလာပြီးသားပဲ၊ ဒီပြင်ပစ္စည်းများလား မဆိုနိုင်ဘူး။ ကြီးကြီးခင်လည်း မတွေးတတ်ဘူး လှိုင်ရယ် …"

ကြီးကြီးခင်မှာ ကာယကံရှင်၏စာကို ဆုပ်ထားသူဖြစ်၍ သူက ကျွန်မထက် ပို၍ တွေးဆနိုင်စရာလမ်း ရှိသည်။ အဖြေမှန် မမှန် သူ့လက်ထဲတွင် ရှိ၍ ဒါကိုလည်း မပြောနိုင်ဘူးဟု ငြင်းခဲ့သဖြင့် ဓာတ်ပစ္စည်း ဟုတ် မဟုတ်ကို သူက ကျွန်မထက် ပိုသိနိုင်ပေလိမ့်မည်။ အကယ်၍ ကျွန်မသာ မှန် မမှန် ပြမည့်အဖြေကို ကြိုတင်သိထားခွင့်ရပါက ခုလောက် ခဲခဲယဉ်းယဉ်း ငုံထားနေရလိမ့်မည်မဟုတ်ဟု ထင်မိသည်။ မှန် မမှန် ပြမည့်အဖြေကို သိလျက်နှင့် မကြံတတ်နေခြင်းသည် အလွန် အခံရခက်စရာကောင်းပေမည်။

အဖြေကို မည်မျှ သိချင်ရှာမည်နည်း။ ကိုယ်တိုင်လည်း မကြံနိုင်၊ ဘေးက ကြံဖန်ပေးရန်လည်း သည်အတိုင်းဆိုလျှင် ခဲယဉ်းနေ၏။ ကြီးကြီးခင်လည်းပင်ထဲက ဓာတ်လုံးအခြေအနေမျိုးရောက်အောင် ကိုယ်တိုင် အဂ္ဂိရတ်ထိုးတော့မတတ်ဖြစ်ကာ ဓာတ်လုံးချင်း တူညီလာသည့် အခြေအနေမျိုးရောက်မှ ရှေ့ဆက်ရမည့် ခရီးတစ်ထစ်ကို ဖော်ကောင်း ဖော်နိုင်လိမ့်မည့်အဖြစ်မျိုး ဖြစ်နေတော့၏။ မထွေးနိုင် မအန်နိုင်ဖြစ်နေရှာသော ကြီးကြီးခင်၏ဘ၀ကို ကျွန်မရင်ထဲ၌ ပြောဖွယ်ရာမရှိအောင် သနားကြင်နာသွားမိသည်။

" ဓာတ်ပစ္စည်းမဟုတ်ဘူးဆိုတော့ အဖြေရှာဖို့ ခက်သားပဲ ကြီးကြီးခင်၊ အက္ခရာတွေဆိုတာကတော့ ရှိကြတာပဲ။ ဗေဒင်ပညာမှာလည်း အက္ခရာနဲ့ဂဏန်း ရှိတာပဲ၊ ဆေးပညာမှာလည်း အက္ခရာနဲ့ ဂဏန်းရှိတာပဲ၊ အဂ္ဂိရတ်မှာလည်း အက္ခရာနဲ့ ဂဏန်းပဲ၊ အင်းအိုင်ခလဲ့ လက်ဖွဲ့တို့မှာလည်း အက္ခရာနဲ့ ဂဏန်းတွေချည်းပဲ။ ဗျည်းတွေရဲ့ ဆိုလိုချင်တဲ့အဓိပ္ပာယ်ကောက်ဖို့က ဥာဏ်မီသလောက် ကြံစည်ကြည့်တော့ အဂ္ဂိရတ်နယ်ပယ်ထဲမှာ အသုံးချဖို့ပြထားတဲ့ အက္ခရာဟာက ဘော်တို့၊ ဟင်းရိုင်းတို့၊ ဆေးဒန်းတို့၊ ဒီလိုဓာတ်မျိုးတွေထဲက ကောက်ယူဖို့ပြတာပဲလို့ ထင်လိုက်မိတယ်။ မဟုတ်ဘူးဆိုရင် ကျွန်မ အားထုတ်ခဲ့တာတွေ တက်တက်စင် လွဲတာပေါ့"

ကျွန်မက ပြောပြီး စိတ်ပျက်စွာ ငေး၍ နေ၏။

ကြီးကြီးခင်သည်  ချဉ်ပေါင်ရွက်များကို ဇလုံထဲသို့ ခြွေချနေရင်း စိတ်က တခြားရောက်ကာ တွေးတောနေသလိုရှိပြီး …
"ဓာတ်တော့မဟုတ်ဘူး လှိုင်ရဲ့ … သူ့ကို နောက်ဆုံးကျွေးရတဲ့ အစာပဲ၊ အဲဒီအစာကို သူနဲ့ လုံထဲထည့် ပြီး ကျွေးလိုက်ရမှာ၊ ဓာတ်မဟုတ်ဘဲ ဒိပြင် ဘာများ ကောက်ယူနိုင်သေးသလဲလို့ ကြံစမ်းပါ။ ဒိပြင်ဟာ ကြံပါ လှိုင်ရယ် … ဖြစ်လာမှာပါ"

ကံဘဲ့သို့ ပြန်လာခဲ့ပြီးနောက် ကျွန်မမှာ ပြောင်းလဲသွားလေသည်။ ရှေးကလောက် စိတ်အားထက်သန်ခြင်း မဖြစ်တော့ဘဲ ဘာအဓိပ္ပာယ်များပါလိမ့်ဟုသာ သတိရရင် တွေးမိကာ ပျောက်သွားလေသည်။ တာ၀န်၀တ္တရားကြီးတစ်ခု မရမနေကြိုးစားချင်သော ဆန္ဒမှာလည်း အေးသွားကာ အားထုတ်ချင်သော လုံ့လလည်း လျော့သွားသည်။ သို့ရာတွင် စွဲလမ်းထားသော လျှို့ဝှက်အက္ခရာကား မေ့ပျောက်ခြင်း မရှိဘဲ ဆရာကြီးထံ၌ ပညာသင်ယူနေသည့် အချိန်အတောအတွင်း၌ အက္ခရာများနှင့် ပတ်သက်၍ ရှင်းလင်းသင်ကြားနေလျှင် လျှို့ဝှက် အက္ခရာတွေကို သွား၍ သတိရလိုက်ကာ ပျောက်နေရာမှ ပြန်ပေါ်လာတတ်သည်။ တစ်နေ့ ဆရာ့ထံ၌ ပညာသင်ကြားနေစဉ် ဆရာကြီးသည် ကမ္ဘာ့တံဆိပ်ဖြစ်သော ထူးဆန်းသော ဗျည်း အက္ခရာများကို စပ်မိသလို  လျှောက်ပြောပြသွားသည်။

"လူဝံရဲ့ ချက်မှာ "၀" တံဆိပ် ခတ်နှိပ်လျက် ပါရှိတယ်။ ဓာတ်အားဖြင့် ပထဝီဓာတ်၊ ခြေထောက် နှစ်ချောင်းရှိပြီး လယ်ကွင်းထဲမှာ ကျင်းနဲ့နေတဲ့ လယ်ပုစွန်လုံးရဲ့ ကျောကုန်းပေါ်မှာ ဗ ထက်ချိုက် တံဆိပ်ခတ်နှိပ် ရှိပါတယ်။ ဓာတ်အားဖြင့် အာပေါဓာတ်၊ ဥဒေါင်းငှက်ရဲ့ အမြီးအတောင်မှာ ဓအောက်ချိုက်တံဆိပ်ခတ်နှိပ်ပြီး ပါရှိတယ်။ ဓာတ်အားဖြင့် တေဇောဓာတ်၊ ငါးရံရဲ့ အမြီးမှာ စလုံးတံဆိပ် ခတ်နှိပ်ပြီး ပါရှိတယ်။ ဓာတ်အားဖြင့် ဝါယောဓာတ်၊ သတ္တဝါလေးမျိုး ဓာတ်လေးပါးကို မှတ်ထား…"
ကျွန်မခေါင်းထဲ၌ သိုထားသော လျှို့ဝှက်အက္ခရာများ ဘွားခနဲ ပေါ်လာကာ ကိုယ်မသိ မမြင်နိုင်သည့် အနက်အဓိပ္ပာယ်ကို ဟိုနည်းသည်နည်းဖြင့် ကြံဆတွေးတော ငေးငိုင်နေမိသည်။

၉။

လှပသော နံနက်ခင်း ဖြစ်သည်။ ကောင်းကင်မှ ထွက်ပြူစနေရောင်သည် ပူနွေးနေ၏။ ကံဘဲ့ အုတ်နီလမ်းဘေးရှိ ကုန်းမြင့်ပေါ်၌ မြကဲ့သို့ စိမ်းညိုနေသော အညွန့်အခက်များ အုပ်ဝေနေသည့် သစ်ပင်များသည် စိုလျက် ပျိုလျက် အရောင်ထွက်လျက် နေကြ၏။ ပတ်၀န်းကျင်တစ်ရပ်လုံး ဆိတ်ငြိမ်း အေးချမ်းစွာဖြင့် ရိုးရိုးကလေး ရှိနေခြင်းပင် သာယာတင့်တယ်နေသည်။ ကျွန်မသည် မှန်ခုံရှေ့၌ရပ်ကာ မှန်ခုံအနောက်ရှိ ပြတင်းပေါက်မှ နံနက်ဦး ငြိမ်၀ပ်စွာ လှပဖြူလင်းနေသော ကံဘဲ့ရပ်ကွက်၏ရှုခင်းကို လှမ်း မျှော်ကြည့်နေမိသည်။

"လှိုင်ရေ … မြန်မြန်လုပ်၊ ကျောင်းမှာ တချို့ဧည့်သည်တွေတောင် လာနေကြပတဲ့၊ ဒေါ်ဒေါ် သွားနှင့်မယ်"

ဒေါ်ဒေါ်သည် ဖြီးလိမ်း၀တ်စားပြီးနေပြီ။ ခေါင်းတွင် ဘီးစပတ်ပုံ့ပုံ့ကလေး ပတ်ထုံးထားလျက် ဆံထုံးပေါ်၌ အုပ်ထားသော ပိုက်ကလေးမှာ သပ်သပ်ရပ်ရပ် ပိနေသည်။ ပဒုမ္မာအင်္ကျီအဖြူတွင် ဆီးဖြူသီးလုံးလောက်ရှိမည့် နီညိုရောင် ပယင်းကြယ်စိ အလုံးကြီးကြီးကို တပ်လျက် ဇင်းမယ်လုံချည် ၀တ်ထားသည်။ အရပ်အလုံးမှာ အပျိုကလေးကိုယ်လိုပင် သေးသေးပျတ်ပျတ်နှင့် နုလည်းနုသည်။ ပျိုလည်း ပျိုနေသေးသည်။ အသက် ၅၀ရွယ် အမယ်ကြီးမျိုးနှင့်မတူ။

ဇင်းမယ်လုံချည်စကို ပေါင်ကနေဆုပ်ကိုင်၍ အခန်းထဲမှ လျင်လျင်မြန်မြန် လှမ်းကာ ရွရွလေး နင်းထွက်သွားပုံကို နောက်ကနေ ကြည့်လျက် … "ဒေါ်ဒေါ်က သိပ်ကြည့်ကောင်းတာပဲ၊ သွားနှင့်ပါ၊ လာခဲ့မယ်" ဟု လှည့်ပြောလိုက်သည်။ ရယ်မောသွားသော ဒေါ်ဒေါ်၏ ကြည်လင်သောအသံသည် တစ်ကိုယ်လုံးကို ပျံ့နှံ့၍သွား၏။ ဒေါ်ဒေါ်၏ကိုယ်မှ မွှေးနေသော ရေမွှေးနံ့သည် အခန်းထဲတွင် ထုံသင်းကျန်ရစ်ခဲ့သည်။

ယနေ့နံနက် မေဒိနီတောရကျောင်းကလေး၌ ကထိန်ပွဲရှိ၍ ကျွန်မမှာ ကံဘဲ့သို့ ညဘက် လာအိပ်ရသည်။ ကြီးကြီးခင်သည် ယားလို့မှ မကုတ်အားအောင် အလုပ်များနေလေ၏။ ရဟန်းသံဃာများအတွက် အရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့် ကထိန်ပွဲသို့ လာသမျှ ပရိသတ် ကျွေးမွေးဧည့်ခံရန် အုန်နို့ခေါက်ဆွဲ စီစဉ်ကာ အလှူအတွက် အားလုံး၏စားမှု၊ သောက်မှုတာ၀န်တွေကို တစ်ယောက်တည်း ကျုံးလုပ်နေရှာသည်။ ညကလည်း အိမ်၏တစ်ဖက် ဦးဘိုထင်၏ ခြံကလေးထဲမှ ပိန္နဲပင်တွင် လက်ဆွဲဓာတ်မီးများ ချိတ်လျက် ဟင်းလျာအိုးများ တစ်အိုးပြီးတစ်အိုး တစ်ညလုံးလိုလို ချက်နေပေသည်။

"ကြီးကြီးခင် မမောသေးဘူးလား၊ အိပ်ပါတော့" ဟု အိမ်ပေါ်မှ လှမ်းအော်ပြောလိုက်ရာ … "မမောပါဘူး လှိုင်ရေ … အိပ်ပါ။ အုန်းသီးတွေက မနည်းဘူး၊ ခြစ်ရဦးမှာ၊ ခေါက်ဆွဲဟင်းကတော့ ပထမတန်းပဲ" ဟု အားရပါးရ အော်ပြောနေသည်။  အစာလည်း မစားဘဲ သည်လောက် အပင်ပန်းခံနိုင်တာ မတွေ့ဖူး၍ သူက မမောဘဲ သူ့ကို မြင်သူတိုင်းကပင် မောသွားကြတတ်၏။ ကျွန်မမှာ ဒေါ်ဒေါ်လောသွား၍ ကပျာကယာ ဖြီးလိမ်း၀တ်စားကာ ကျောင်းသို့ ထွက်လာခဲ့သည်။

ကျယ်၀န်းသော ကျောင်း၀င်းကြီးထဲ၌ ဆွမ်းစားဇရပ်တစ်လုံးနှင့် ဆရာတော်နေသော ကျူထရံ ဝါးကျောင်းကလေးသာ ရှိသည်။ ကြီးကြီးခင်စိုက်ထားသော သရက်ပင်၊ ပိန္နဲပင်တို့မှာ ၀င်းထဲတွင် ပင်ပေါက်ပင်ပျိုကလေးတွေသာ ရှိကြသေး၍ အရိပ်အာဝါသ နည်းနေလေသည်။ ငှက်ပျော၊ မာလကာ၊ ကင်မွန်း၊ ဒန့်ဒလွန်စသည့် စားပင်သောက်ပင်တို့ကား တစ်ထွာ၊ တစ်တောင်လောက် ရှိနေကာ ကြီးလျှင် ပြိုင်တူကြီးလာကြမည့် လက္ခဏာရှိသည်။ နောက်သုံးနှစ်လောက်ဆိုလျှင် သည်ကျောင်းတော့ သာသာယာယာ ရှိမှာပဲဟု ပင်ပျိုပင်ပေါက်ကလေးတွေကို စိတ်ကူးဖြင့် ကြီးထွားဖန်ဆင်းကြည့်မိသည်။ မြေကွက်လပ်တွင် ရွက်ထည်ရုံမိုးလျက် ဧည့်သည်များ ဧည့်ခံရန် စားပွဲ၊ ကုလားထိုင်များ ခင်းကျင်း ပြင်ဆင်ထားလေသည်။

ဧည့်သည်များ အချို့ရောက်ကာ ထိုင်နေကြသည်။ ကျွန်မသည် ဆွမ်းစားဇရပ်ထဲသို့ တန်း၀င်သွားကာ ကြီးကြီးခင်ကို ရှာလေ၏။ မီးခိုးများ ခိုးလွန်း၍ မျက်ရည်တွေကျနေကာ ချွေးတလုံးလုံးဖြစ်နေသော ကြီးကြီးခင်ကို မီးဖိုးနား၌ တွေ့ရသည်။ ဖိုပေါ်ရှိ ဟင်းအိုးကြီးထဲသို့ စိတ်ကူးရသလို အဆာတွေ တစ်မျိုးပြီးတစ်မျိုး ပစ်ထည့်ကာ မွှေချက်နေသည်။

"လှိုင် … သွားလေ၊ ဒီမှာ မီးခိုးတယ်၊ အပြင်ထွက်။ အရုဏ်ဆွမ်းပြီးလို့ ဟင်းပွဲတွေ ဇရပ်ပေါ်မှာ ရှိတယ်၊ ဆာရင် အဆာပြေလေး စားလိုက်ပါလား"

ကျွန်မလည်း မီးဖိုနားတွင် ထိုင်ချကာ ကြီးကြီးခင်ကို ပြုံးကြည့်နေသည်။

ကြွေရည်သုတ် ဟင်းခပ်ဇွန်းကြီးဖြင့် ဟင်းရည်များကို အိုးထဲမှ ခပ်ယူလျက် … "မြည်းစမ်းပါ လှိုင် …၊ အပေါ့ အငံ ဘယ့်နှယ်လဲ … ကောင်းရဲ့လား" ဟု လာပေး၍ အနည်းငယ် မှုတ်သောက်လိုက်ပြီး "မမြည်းဘဲနဲ့ ချက်တဲ့ဟင်းက အစပ်တည့်လိုက်တာ  ကြီးကြီးခင်ရယ်၊ ကောင်းတာမှ ပထမတန်းပဲ" ဟု ပြောလိုက်သည်။ ကြီးကြီးခင်သည် နှစ်နှစ်ခြိုက်ခြိုက် ရယ်နေလေ၏။ ချိုနေသောမျက်နှာဖြင့် ရွှန်းရွှန်းစားစားကြည့်ကာ "သံဃာတော်တွေ ဆွမ်းဘုဉ်းပေးတာ အားရစရာကောင်းလိုက်တာ လှိုင်ရယ် … အရုဏ်တက်က လာကြည့်ပါတော့။ ဟင်းတွေ ကောင်းလွန်းလို့ ဘုဉ်းပေးလိုက်ကြတာ မြိန်စရာကြီး" ဟု ပလုတ်ပလောင်း ပြောပြနေသည်။

"သံဃာဘယ်နှစ်ပါး ရှိသွားပြီလဲ ကြီးကြီးခင်"

"အခုလား … ၁၂ပါးလောက် ဖြစ်လာပြီ၊ ကြည့်ပါ လှိုင်ရယ်။ နောက် လေးငါးနှစ်ကြာရင် ကြည့်ပါ၊ … ဒီ၀င်းကြီးထဲမှာ ကျောင်းတိုက်တွေ ပြည့်လာမှာပဲ၊ သံဃာတွေလည်း များလာမှာပဲ။ ဆွမ်းစရိတ် လစဉ်အလှူခံတာ တစ်လ ၃၀၀လောက် ရနေပြီ၊ ပရိယတ္တိသာသနာ ပြန့်ပွားအောင် ဆရာတော်က သိပ်အားထုတ်တာ … ဖြစ်လာမယ် … ဖြစ်လာမယ် … သိပ်စည်ကားလာမယ်"

ကျွန်မမှာ ကြီးကြီးခင် မြိန်ရေရှက်ရေ ပြောနေပုံကို စိုက်ကြည့်ကာ ကြီးကြီးခင်ပြောသည့်အတိုင်း ကျောင်းတွေ သံဃာတွေ တိုးလာခဲ့ရင် ကြီးကြီးခင် ဘယ်လောက်ပင်ပန်းလိုက်မလဲဟု တွေးနေမိသည်။

"ကြီးကြီးခင် စိုက်ထားတဲ့ သစ်ပင်တွေ ပြီးတော့ လျှောက်ကြည့်စမ်းပါ …။ အုန်း၊ ပန်းပင်တွေလည်း အားကြီး ပွင့်တာပဲ၊ ဘုံဘိုင်နဲ့ ရေသွယ်လို့ရတော့ အပင်တွေ သိပ်သန်လာတာပဲတဲ့။ လူတိုင်း သဒ္ဓါတရားဖြစ်ပါတယ် လှိုင်ရယ်။ လိုတာ လှူသွားတာပဲ"

ကျောင်းက ဘုန်းကြီးကို မပြောနှင့်။ ကျောင်းရောက်သည့်သူတိုင်း ကြီးကြီးခင်ကို မြင်တာနှင့် သဒ္ဓါတရားဖြစ်စရာ ကောင်းနေသည်။ ကုသိုလ်ရေး ကောင်းမှုရေးအတွက် စိတ်အားတက်စရာ ကောင်းလှသည်။ သဒ္ဓါတရား ထက်သန်ကြ၍ သံဃာတော်များအတွက် အရုဏ်ဆွမ်းတစ်နပ် ကပ်လှူမည့် ဒကာပေါ်လျှင် ကြီးကြီးခင်မှာ ထခုန်မတတ် ၀မ်းမြောက်၀မ်းသာ ဖြစ်နေလေ၏။ ဆွမ်းကပ်လိုက်သည့် ဒကာ ဒကာမကိုယ်တိုင် လာချက်ပြုတ်၍ ကပ်နေစရာမလိုဘဲ ကြီးကြီးခင်လက်ထဲသာ သံဃာကုန် ဆွမ်းတစ်နပ်အတွက် ကုန်ကျမည့်စရိတ်ကို သဒ္ဓါတရားရှိသလောက် ပေးလှူသွားရုံပင် ဖြစ်သည်။

ကြီးကြီးခင်သည် လာသမျှ အလှူရှင်အတွက် သူက ဒိုင်ခံချက်ပေးလေ၏။ နံနက်အရုဏ်ကျမှ  လာ၍ ကပ်လှူရန် အဆင်သင့်လုပ်ပေးထား၏။ ဆွမ်းတစ်နပ်စာ ၀င်ခုသည့်အတွက် ဆွမ်းစရိတ်အလှူငွေထဲမှ တစ်နေ့အတွက် သက်သာသွားသဖြင့် လှူသူ တန်းသူတို့ ပေါများလေလေ ကြည်နူး၀မ်းသာ၍ မဆုံးလေ ဖြစ်နေလေသည်။ ထုံးစံအတိုင်းပင် ဒေါ်ဒေါ်နှင့် ကြီးကြီးခင်မှာ တကျက်ကျက် ရန်ဖြစ်ကြသည်။ ဒေါ်ဒေါ်မှာ သံဃာများအတွက် ဆွမ်းစရိတ်ရရန် ကိုယ်တိုင်လည်ကောက် အလှူခံခြင်းကို ပင်ပန်းလှ၍ ကြည့်ရှုသုံးရန် တဖွဖွပြောနေသည့်ကြားထဲမှ ကြီးကြီးခင်က ကျောင်းကနေပြီး ကုန်ကုန် ခန်းခန်း ဗုံးပေါလအောချည်း လုပ်နေသဖြင့် မျက်နှာချင်းဆိုင်တာနှင့် ရန်ဖြစ်ကြသည်။

"ကြည့်လုပ်ပါဦး မစိန်ခင်ရဲ့ … ဆီတွေကလဲ သုံးလိုက်တာ အရမ်းပဲ၊ တော်ရုံ မဟုတ်ဘူး။ အလှူငွေ ပြတ်သွားတိုင်း စိုက်ရတာချည်းပဲ။ စိုက်ရတာက ထားပါတော့၊ ကုန်သင့်မှ ကုန်ပါစေ"

"ကုန်ရင် ဖြစ်လာမှာပေါ့၊ ဖြစ်ဖြစ်လာတာပဲ မဟုတ်လား"

ဒေါ်ဒေါ်သည် သည်းမခံနိုင်လောက်အောင် ဖြစ်သွားကာ သည်လိုပြောရမလားဟု နင်းကန်ဆူပွက်နေသည်။ ကျွန်မမှာ ဟင်းအိုးနားတွင် မီးခိုးလွန်း၍ ဇရပ်၏နောက်ဖေးကပြင်ပေါ်သို့ တက်ရွှေ့ထိုင်လိုက်ကာ "ကြီးကြီးခင် … အခု အိမ်ကို မိုးချုပ်မှ ပြန်တယ်ဆို" ဟု လှမ်းမေးလိုက်သည်။

"အင်းလေ … ခုတော့ မနက် အိမ်က ၃-နာရီလောက် ထလာပြီး မိုးချုပ်မှပဲ ပြန်တော့တယ်။ တယ် နားပူတယ် လှိုင်ရယ် … မသိန်းဟာ ကြီးကြီးခင်ကို မြင်တာနဲ့ ဆူတာပဲ၊ တစ်နေ့လုံးလာနေတော့ နားအေးတာပေါ့၊ အရုဏ်ဆွမ်းကပ်ပြီး တစ်ခါ နေ့ဆွမ်းကပ်၊ နေ့လည် သံဃာတွေ စာချနေတဲ့အချိန် ကြီးကြီးခင်က ခြံထဲမှာ သစ်ပင်တွေ လျှောက်စိုက်နေပြီး ညနေကျပြန်တော့ မနက်အရုဏ်ဆွမ်းဟင်းအတွက် စုစု စျေးက၀ယ်ပို့လိုက်တဲ့ ဟင်းရံတွေကို အကုန်ချက်ပြုတ်ထားခဲ့ပြီး မှောင်မှ အိမ်ပြန်အိပ်တာပဲ"

"ကြီးကြီးခင် ဒါနဲ့ပဲ အချိန်ကုန်မှာပါပဲ" ဟု ကျွန်မက ညည်းလိုက်မိသည်။ ကြီးကြီးခင်သည် လက်မလည်အောင် လုပ်နေရင်းပင် ပြန်ပြောသည်။

"အချိန် မရောက်သေးလို့ပေါ့ လှိုင်ရယ် … အချိန်ရောက်တော့လည်း … အင်း … ဒီလိုပေါ့၊ လှိုင်ကော ကြံစည်လို့ မရသေးဘူးလား"

ကျွန်မက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ ကြီးကြီးခင်အဖြစ်ကိုလည်း ရယ်ချင်၏။ ကြီးကြီးခင်၏လိုအင်ဆန္ဒကို ဖြည့်လိုက်သည့်စေတနာ အကြောင်းပြု၍ ကျွန်မအလိုဆန္ဒ အလိုလို သွားပြည့်ကာ ဆေးပညာတွင် ခရီးအတော်ပေါက်နေသော အခြေအနေသို့ ရောက်နေလေပြီ။ လောက၌ အကျိုးတရား အကြောင်းတရားများသည်  ဆန်းကြယ်စွာ ဆက်စပ်နေတာ ကျွန်မဘ၀တွင် သင်ခန်းစာအမျိုးမျိုးရလျက် အထူးအဆန်းကြီး ကြုံတွေ့နေရသည်။

"ကြံလို့မရသေးပါဘူး ကြီးကြီးခင်ရယ် … ကျွန်မအခု သင်နေတဲ့ပညာ တစ်နေ့ ကြံလို့ရအောင် ပို့ပေးမှာပါပဲ … အချိန်ကာလသာ ကြာချင်ကြာမယ်၊ တစ်နေ့ အဖြေတော့ရမှာပဲ။ အလုပ်ကလည်း မအားဘူး ကြီးကြီးခင်ရဲ့ … ပုံနှိပ်လုပ်ငန်းတစ်မျိုး၊ ပညာသင်ရတာကလည်းတစ်မျိုး၊ ဒါကြောင့်လည်း မရောက်တာ"

ကြီးကြီးခင်သည် သူ့အလုပ်ကိုချလျက် ကျွန်မအနားသို့လာကာ "လှိုင် ပြောသွားတာလေ သိပ်မှန်တာပဲ၊ ကြီးကြီးခင် နှင်းဆီပင်တွေ ဝါးလုံးထောက်ပေးတာ သိပ်သန်လာတာပဲ … ပိန္နဲပင်တွေလည်း လှိုင်ပြောသလို  ခဲတွေ စုပုံလိုက်တာပဲ။ ကြိုးစားသင့်ပါ လှိုင်ရယ် … လှိုင် တစ်နေ့ ဓာတ်ဆရာဖြစ်မှာ မုချပဲ" ဟု လာပြော၍ ကျွန်မလည်း အတောမသတ် ရယ်မောကာ ဧည့်ခံရမည့်အတွက် နေရာမှ ထလာခဲ့၏။

ဤသို့ဖြင့် တစ်နှစ်ကုန်၍ တန်ဆောင်မုန်းလသို့ ရောက်လာတိုင်း ကံဘဲ့တွင် ကထိန်ခင်းသောအလှူ လုပ်နေ၏။ အလှူ ဘယ်နှစ်ကြိမ်မြောက်ဟူသော ကထိန်ဖိတ်စာများ နှစ်တိုင်း ရိုက်နှိပ်ကမ်းဝေခဲ့သည်။ တစ်နှစ်က မုန့်ဟင်းခါး၊ တစ်နှစ်က ကြာဇံကြီးခေါက်ဆွဲ၊ တစ်နှစ်က ကြက်သားပလာတာ၊ ရေခဲမုန့် စသည့်အားဖြင့် လူတွေ ပြောစမှတ်ပြုလောက်အောင် အရသာရှိရှိ ကျွေးမွေးဧည့်ခံကာ နှစ်စဉ်မပျက် မြိုင်မြိုင်ဆိုင်ဆိုင်ကြီး လှူဒါန်းလာနိုင်ခဲ့ကြလေသည်။

ကြီးကြီးခင် ပြောသည့်အတိုင်းပင် ၃-၄နှစ် ရှိသည်နှင့် ကျောင်း၀င်းကြီးထဲတွင် ကျောင်းဆောင်တွေ တစ်ဆောင်ပြီးတစ်ဆောင် တိုးချဲ့ဆောက်လာရ၏။ သံဃာတော်တွေကား အပါး ၆၀ ကျော် ရောက်လာ စာသင်နေကြ၏။ စာပြန်ပွဲများတွင် မေဒိနီကျောင်းက ဆွတ်ခူးသော အောင်ပွဲစာရင်းများမှာ နှစ်စဉ် တိုးတက်လျက်သာ ရှိသည်။ ကြီးကြီးခင်မှာ ညအိပ်အိမ်ပြန်ခြင်း မရှိတော့ဘဲ ဒေါ်ဒေါ်၏ အဆူအပူလွတ်အောင် နားအေးပါးအေး ဆွမ်းစားဇရပ်သို့ အပြီးပြောင်းရွှေ့နေတော့ကာ ကျောင်းကပ္ပိယမကြီးအဖြစ် ဆွမ်းချက်ကျွေးနေတော့၏။

သံဃာ ၆၀ ကျော်အတွက် ည ၂နာရီက ထ၍ ဆွမ်းချက်ရ၏။ ဆွမ်းအိုး ဟင်းအိုးကြီးလာ၍ ဦးပဉ္စင်း၊ ကိုရင်များက ဝိုင်းကူ လုပ်ပေးကြရသည်။ ကျောင်း၀င်းထဲ၌ ကိုယ်တိုင်စိုက်ပျိုးထားသော သစ်ပင်၊ ပန်းပင်တွေကား စိမ်းလန်းအုပ်ဝေနေကာ စားပင်သောက်ပင်များပါ စုံလင်စွာ စိုက်ထားသည့်အတွက် အ၀ယ်ရပင် သက်သာလာတော့သည်။ နေ့စဉ်နှင့်အမျှ ပင်ပန်းကြီးစွာ မီးဖိုထဲ၀င်နေငြားလည်း မောသည် ပန်းသည်မရှိ။ ရုပ်ဆင်းမကျ၊ တစ်နှစ်လာလည်း သည်လိုပဲ၊ တစ်နှစ်လာလည်း သည်လိုပဲဟု လူတိုင်းပါးစပ်ဖျားက ပြောလာကြသည်။

ကြီးကြီးခင် နေမကောင်းဘူး ဟူသော သတင်းစကားမှာ နားမှ လေသံပင် မကြားစဖူးကြအောင် ကျန်းမာရေး ပြည့်စုံသဖြင့် နီးစပ်သူတိုင်းကပင် "ကြီးကြီးခင် … အစာလည်း မစားဘူး၊ မကျန်းမမာလည်း မဖြစ်ဘူး၊ ပင်ပန်းလည်း ခံနိုင်တယ်၊ ဆေးကောင်းတော့ ရှိပြီ ထင်တယ်" ဟု ရယ်စရာ နောက်ပြောင် ပြောဆိုနှုတ်ဆက်တတ်ကြသည်။ အတွင်းသိ အစင်းသိသူတို့က "ဓာတ်လုံးတန်ခိုး" ဟု နောက်ပြောင်ကြသည်။ ကြီးကြီးခင်လည်ပင်းထဲ၌ ဓာတ်လုံးရှိသည်ဆိုသော သတင်းမှာ ဒေါ်ဒေါ်နှင့် စုစုတို့မှတစ်ဆင့် တစ်စတစ်စ သိရှိ ရိပ်မိလာကြကာ အဆင့်ဆင့် ပြန့်ပွားကုန်သောကြောင့် နီးစပ်သူတိုင်း သိလာကြသည်။

ကျွန်မမှာ ဓာတ်လုံးအကြောင်း လူသိသူသိများနေသဖြင့် ကြီးကြီးခင်နှင့်တွေ့တိုင်း "သတိထားနော် ကြီးကြီးခင် … လူသိတိုင်း ကောင်းတာ မဟုတ်ဘူး" ဟု ပြောမိသည်။ "သိသာ သိတာပါ … မပြပါဘူး" ဟု ပြောသော်လည်း ကျွန်မကို ပြဖူးသောထုံးကို ထောက်ရှုကာ အတင်းပြခိုင်းရင် ပြမှာပါဟု စိတ်ထဲ၌ ထင်မိသည်။

ကြီးကြီးခင်သည် သူ့ဘ၀ကို အကျေနပ်ကြီး ကျေနပ်လျက် စက်ကဲ့သို့ မှန်မှန်ကြီး ခုတ်မောင်းကာ အချိန်ရှိသရွေ့ မီးဖိုထဲ၌သာ အချိန်ကုန်လွန်ပစ်နေလေ၏။ ကျောင်းထဲသို့ ဧည့်သည်လာလျှင် လုပ်ရာကိုင်ရာကထ၍ ပြေးကြိုကာ ဆရာတော်ထံသို့ သွားပို့၏။

ကျောင်းအတွက် သဒ္ဓါတရား မပွားများ ပွားများအောင် နိဗ္ဗာန်ဆော် လုပ်တတ်လေသည်။ လာသမျှ ဧည့်သည်ကို ဧည့်၀တ်ကျေစွာ လိုလေသေးမရှိ ဧည့်ခံဆက်ဆံတတ်ခြင်းကြောင့် တစ်ခါတစ်ရံ ဒေါ်ဒေါ်ကပင် "ရွှေကြိုလေ ကျောင်းမှာ ရွှေကြိုသွားလုပ်နေတယ်" ဟု ကျွန်မကို ပြောတတ်သည်။ ကျွန်မနှင့် ကြီးကြီးခင်မှာ ယခင်ကလောက် ခဏခဏ မတွေ့နိုင်ကြဘဲ အဆက်ပြတ်နေသည်။ ကျွန်မမှာ အားသည့်အချိန်ကို ပညာသာ ဆည်းပူးအားထုတ်ကာ ဓာတ်တွေကို လက်တွေ့ စမ်းသပ် နေခြင်းဖြင့် အချိန်ကုန်နေသည်။

ဆက်ရန် ...
----------------------------
#ဂျာနယ်ကျော်မမလေး

crd 👉 ShweZinU
https://m.facebook.com/story.php?story_fbid=363079784078903&id=236399853413564

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)