က​လေးတို့အ​ဖေ

#ကလေးတို့အဖေ

ချီ၊ ဘူး၊ ဒိုင်း အစရှိသော ငါးပွင့်ဆိုင်ကလေးတို့ကို လွေ​ဇောမွေးဖွားသည်မှာ အတော်ကြာလေပြီ။ အာမိတ်သည် ကလေးတို့အဖေဖြစ်လာသည်မှာလည်း တော်တော်ပင် ကြာလေပြီ။ အာမိတ်မှာ ငယ်ငယ်တုန်းက လွတ်လွတ်လပ်လပ် နေလာခဲ့သော်လည်း ကလေးတို့အဖေဖြစ်လာသောအခါ တာဝန်တွေ အတော်ပို၍လာ၏။ ရှေးအခါထက်လည်း ပိုမို၍ ဣန္ဒြေရလာလေသည်။

လွေ​ဇောသည် သားသမီးများကို အာမိတ်လောက် ခင်မင်ပုံမရ။ ကလေးများ ငယ်ငယ်နို့စို့တတ်တုန်းအရွယ်သာလျှင် ဂရုစိုက်ကာ နို့ချိုကျွေးလေသည်။ ကလေးများကို သူတကာယူမည် ကြောက်လေသည်။ ကလေးများ တော်တော်ကြီးပြင်းလာ၍ နို့ဖြတ်သောအခါတွင်မူကား ကလေးတို့ကို များစွာ ခင်မင်ခြင်းမရှိပေ။ ကလေးတို့မိခင်ဖြစ်သောကြောင့် အနားသွားကာ ပလူးကြသော်လည်း လွေဇော ဂရုမစိုက်၊ စိတ်ရှုပ်ဟန်ရှိလေသည်။ တခါတခါ ကလေးတို့ကို ကိုက်လွှတ်လေ့ရှိ၏။ အများအားဖြင့် ကလေးတို့နှင့် အတူတူနေလေ့မရှိ။ အိမ်နောက်ဘေးက အစေခံတန်းလျားအနီး ကုက္ကိုပင်ကြီးအောက်တွင် ခွေးနက်ကြီးအနားမှာ အိပ်နေရလျှင် ကျေနပ်ပေပြီ။ စားချိန်သောက်ချိန်ကျမှသာလျှင် ကလေးတို့နှင့် အတူရောနှောကာ လာရောက်စားသောက်လေ့ ရှိလေသည်။

အာမိတ်ကား လွေ​ဇောကဲ့သို့ ကလေးတို့ကို ဥပေက္ခာပြုမထားပေ။ ကလေးတို့ကို စောင့်ရှောက်ရန်တာဝန်မှာ အာမိတ်အပေါ်တွင် လုံးလုံးလျားလျား ကျရောက်နေလေပြီ။ ညနေ ထမင်းစားသောက်ပြီးလျှင် အိမ်ရှေ့မြက်ခင်းပေါ်တွင် ကလေးများ လိုက်တမ်း ပြေးတမ်း ကစားနေရာတွင် အာမိတ်ပါ၏။ ဝင်းအပြင်ဖက်တွင် ခွေးများဖြတ်သွားသောအခါ ကလေးများကို ရန်မူမည်ထင်သောကြောင့် အာမိတ် အတင်းလိုက်လေ့ရှိလေသည်။ ကလေးများအနီးသို့ မျက်နှာစိမ်းလူများသွားလျှင် အာမိတ် ဟိန်းလေတော့၏။ ကလေးများကို ရန်မူမှာ အာမိတ် လွန်စွာကြောက်လေသည်။

မောင်လူအေးတို့အိမ်နှင့် မနီးမဝေးတွင် ဇော်ဂျီမြစ် စီးဆင်းနေလေသည်။ မနက်စောစော မောင်လူအေးတို့ အိပ်ရာမှမထမီ ဇော်ဂျီမြစ်ကမ်းနဖူးသို့ ကလေးများကိုခေါ်သွားပြီးလျှင် ရေစပ်တွင် ငါးစောင့်နေကြသော ဗျိုင်းတို့ကို လိုက်ဖမ်းလေ့ရှိလေသည်။ မောင်လူအေးတို့ အိပ်ရာမှထ၍ ကာဖီသောက်ချိန်ကျတော့မှ သူ့သားသမီးများနှင့် ပြန်လာလေသည်။ တကိုယ်လုံး ရွှံ့တွေပေ၊ ရေတွေစိုလျက်နေကြကုန်၏။ မောင်လူအေးမြင်လျှင် အာမိတ်ကြီးသာလျှင်
ကြိမ်းမောင်း ခံရလေသည်။

မောင်လူအေးတိုအိမ်ဝင်းခြံပေါ်တွင် ပြေးလွှားကစားနေကြသော ရှဉ့်ကလေးများကို လိုက်ရန် ကလေးများအား သင်ကြားပေးသည်မှာလည်း အာမိတ်ပင်ဖြစ်၏။ ရှဉ့်ကလေးများ ဝင်းခြံပေါ်တွင် ပြေးသွားသည်ကိုလည်း​ကောင်း၊ သစ်ကိုင်းတကိုင်းမှ တကိုင်းပေါ်သို့၊ သစ်ပင်တပင်မှ တပင်ပေါ်သို့၊ ခုန်ဆင်းကြသည်ကိုလည်း​ကောင်း မြင်လျှင် အာမိတ်ကြီးက ရှေ့ဆောင်ကာ လိုက်လေတော့၏။ ကလေးများ အာမိတ်နောက်မှ ပြေးလိုက်ကြလေသတည်း။
ကလေးများကို စောင့်ရှောက်ရန်လည်း​ကောင်း၊ သွန်သင်ဆုံးမရန်လည်း​ကောင်း လွေဇောသည် အာမိတ်အား လုံးလုံးကြီး လွှဲအပ်ထားပြီးလျှင် ခွေးနက်ကြီးနှင့် တကောင်၏မျက်နှာကို တကောင်ကြည့်ကာ ကြည်ဖြူစွာ နေ၏။

ဤကဲ့သို့ အာမိတ်ကြီး၏အုပ်ထိန်းခြင်းဖြင့်သာလျှင် ကလေးများသည် တနေ့တခြား ကြီးပြင်း၍ လာကြရလေသည်။ ကာလပေါ်ဝတ္ထုဆရာများ ရေးသားသကဲ့သို့ နာရီကိုနေ့စား နေ့ကို လစားလာသည်နှင့်ပင် ချီ၊ ဘူး၊ ဒိုင်းတို့သည် ခွေးပျိုများ ဖားဖား ဖြစ်နေကြလေပြီ။ လွေ​ဇောလောက်နီးပါး ရှိနေကြပြီဖြစ်သောကြောင့် တခါတခါ ဘူးနှင့် လွေဇောကိုပင် မောင်လူအေးတို့ မှားလေ့ရှိကြလေသည်။

ကလေးများသည် အာမိတ်၏ အုပ်ထိန်းခြင်းဖြင့် ကြီးပြင်းလာကြသောကြောင့်လားမသိ။ အာမိတ်ကိုသာ ပိုမို၍ ချစ်ကြလေသည်။ လွေ​ဇောကိုမူကား များစွာ မချစ်ကြ။ လွေဇောအနားကို များစွာမကပ်ကြ။ လွေ​ဇောကလည်း အကပ်မခံလို။ ကလေးများ အပြိုင်းအရိုင်း ကြီးပြင်းလာကြပြီဖြစ်သောကြောင့် သူတို့၏ထမင်းအိုးလည်း တနေ့တခြား ကြီးမား၍လာလေသည်။ အာမိတ်နှင့် လွေ​ဇောနှစ်ကောင်တည်း ရှိစဉ်ကမူကား သူတို့အတွက်
ထမင်းသက်သက်မချက်။ မောင်လူအေးတို့ စားသည့်အထဲကပင် ကျွေးလေသည်။ သူတို့အတွက်ပါ ပိုပြီးလျှင် ထွန်းဖေတို့က ချက်ကြရလေသည်။ ဟင်းဆို၍လည်း အထူးမချက်။ မောင်လူအေးတို့ စားသောဟင်းကိုပင် ကျွေးလေသည်။

ဘူးတို့၊ ဒိုင်းတို့ ကြီးပြင်းလာသောအခါ ခွေးတပ်ကြီးတစု တိုးလာပြီဖြစ်သောကြောင့် သူတို့အတွက် ထမင်းတအိုး သပ်သပ် ချက်ကျွေးရလေသည်။ ဆန်ကောင်းကောင်းကို မကျွေးနိုင်။ ဆန်ကွဲနှင့်အမဲရိုးတို့ကို ကျိုပြီးလျှင် တကောင်လျှင် သံဇလုံတခုကျစီနှင့် ထည့်ကျွေးလေသည်။ တလတလလျှင် ဆန်ကွဲဖိုးပင် အတော်ကုန်လေသည်။ သူတို့တတွေအတွက်ကပေမင့် တလလျှင် ဆန်ကွဲဖိုး အမဲရိုးဖိုး တော်တော်ကုန်ကျ၏။ မောင်လူအေး၏စိတ်ထဲတွင်ကား အာမိတ်တို့သားအဖတတွေကို ကျွေးမွေးရသည်မှာ အလှူပေးသည်ဟူ၍ သဘောထား၏။ စေတနာထားတတ်လျှင် ကုသိုလ်ရမည်မှာ အမှန်ပင်ဖြစ်တော့သည်။ သုံးထောင်ကုန် လေးထောင်ကုန် အလှူမလုပ်နိုင်သော မောင်လူအေးကား ဤအလှူမျိုးနှင့်ပင် ကျေနပ်ရရှာတော့၏။

မောင်လူအေးတို့အိမ်တွင် ခွေးတပ်ကြီးရှိသောကြောင့် အိမ်ဝင်းအတွင်းသို့ ဝင်ဝံ့သူ ရှားလေသည်။ မျက်နှာစိမ်းတယောက်ဝင်လာလျှင် ခွေးဟောင်သံတွေမှာ ဆူညံ၍သာနေလေတော့သည်။ တခါတရံ ထမင်းကျန်၊ ဟင်းကျန်များကို လိုက်လံရှာဖွေ စားသောက်လေ့ရှိသောခွေးဝင်စားများ ဝင်းအတွင်းဝင်လာမှဖြင့် ထိုခွေးများ မချမ်းသာတော့ပြီ။ အာမိတ်က ခေါင်းကိုဝင်ဆွဲလိုက်၊ ဘူးက အမြီးကို ဝင်ဆွဲလိုက်၊ ဒိုင်းက ဝင်ဆွဲလိုက်နှင့်ပင် ထိုခွေးမှာ အတော်ဒုက္ခရောက်လေသည်။ မောင်လူအေးတို့က ဝင်ပြီးတားတော့မှ ရပ်သွားကြလေတော့သည်။

ဤသို့ အပြင်အပမှ လာသောခွေးများကို ကိုက်ဆွဲလိုက်သောနေရာတွင် အရေးကြီးက သွေးနီးရာ ဆိုသကဲ့သို့ လွေဇောလည်း ပါဝင်လေ့ရှိလေသည်။ လွေဇော၏ ခြေလှမ်းကို အမြဲစောင့်ကြည့်နေသော ခွေးနက်ကြီးလည်း ပါလေတော့၏။ အာမိတ်နှင့် ကလေးတွေ ဘာလုပ်လုပ်၊ ဘယ်သွားသွား ခွေးနက်ကြီးသည် ဂရုမစိုက်။ လွေဇာကိုမူကား မျက်စိအပြတ်မခံ။ လွေ​ဇောသွားလျှင်သွားခြင်း၊ လွေ​ဇောအိပ်လျှင် အိပ်ခြင်း၊ လွေ​ဇောပြေးလျှင်ပြေးခြင်း။ ခွေးနောက်ပိုးကြီးဟူ၍ဆိုလျှင် မှားလိမ့်မည် မဟုတ်ပေ။ လွေ​ဇောထံတွင် မျက်နှာရအောင် အလွန်လုပ်တတ်သော ကြာသမား ခွေးနက်ကြီးပေတည်း။

အာမိတ်ကား ခွေးနက်ကြီးကဲ့သို့ ကြာသမားမဟုတ်။ ဣန္ဒြေရရ၊ ခပ်တည်တည်နေလေသည်။ ယောက်ျားပီသပါပေ၏။ သို့သော် လွေ​ဇောကမူကား ယောကျ်ားပီသသော အာမိတ်ကြီးကို များစွာ မနှစ်သက်။ အရေးမလုပ်။ ကြာသမား ခွေးနက်ကြီးကိုသာလျှင် အရေးလုပ်လေ့ရှိ၏။ သို့သော် အာမိတ်ဂရုမစိုက်။

မောင်လူအေးတို့အိမ်နှင့် မနီးမဝေးရှိ မြို့မရာဇဝတ်ဝန်ထောက် ဦးကျော်စိန်၏အိမ်တွင်လည်း ခွေးတပ်တတပ်ရှိလေသည်။ ထိုခွေးတပ်ကြီးတွင် ခွေးကြီးခွေးငယ် ငါးကောင်၊ ခြောက်ကောင်ခန့် ရှိပေလိမ့်မည်။ မောင်လူအေးတို့ ရောက်စက မောင်လူအေးတို့အိမ်တွင် အာမိတ်နှင့် လွေ​ဇောနှစ်ကောင်သာ ရှိသောကြောင့် ဦးကျော်စိန်၏ခွေးတပ်တော်သားတို့သည် အာမိတ်တို့ကို ပမာမခန့်လုပ်ကြ၏။ ခွေးနက်ကြီးကပါ မျက်နှာလို မျက်နှာရ လွေဇောတို့ဖက်မှ ပါသော်လည်း ဦးကျော်စိန်၏ခွေးတပ်က ကြီးသောကြောင့် အာမိတ်တို့မှာ အညံ့ခံနေကြရလေသည်။ တခါတခါ အာမိတ်တို့၏ပိုင်နက်ဝင်းအတွင်းသို့ ဝင်လာပြီးလျှင် အာမိတ်တို့အား ဟိန်းလိုက်၊ ဟောင်လိုက်နှင့် လုပ်ကြလေသည်။ အာမိတ်တို့ကား မိမိတို့၏ပိုင်နက်အတွင်းသို့ ကျူးကျူး ကျော်ကျော်ဝင်လာရပါမို့လားဟု ဒေါသအမျက်ခြောင်းခြောင်း ထွက်ကြပြီးလျှင် အတင်းပြေးလိုက်ကြလေတော့၏။ ဦးကျော်စိန်၏ ခွေးတပ်တော်သားတို့၏ အရေအတွက်က အားကောင်းနေကြသောကြောင့် ပိုင်နက်ထဲမှ ထွက်မသွားကြဘဲ အမှုမဲ့အမှတ်မဲ့ မထီလေးစားလုပ်နေကြလေသည်။ အာမိတ်တို့ကား ထိုခွေးတပ်သားတို့၏အနား ရောက်သောအခါ အားမတန်သောကြောင့် မာန်ကိုလျော့ကြပြီးလျှင် ဟိုလုပ်မယောင် သည်လုပ်မယောင်နှင့် လုပ်ကာ လှည့်ပြန်လာကြရရှာကုန်၏။ မည်မျှ အသည်းနာကြမည်နည်း။ ခွေးများသည် မိမိတို့၏ပိုင်နက်ကို အလွန်အရေးပေးလေ့ ရှိကြကုန်၏။ အာမိတ်နှင့် လွေဇောတို့ မျက်နှာသေကလေးများနှင့် လှည့်ပြီး အိမ်တွင်းသို့ ဝင်လာကြသည်ကို မောင်လူအေးမြင်လျှင် များစွာသနားမိတော့၏။

ယခုကား ဘူးတို့၊ ချီတို၊ ဒိုင်းမှာ ကြီးပြင်းလာကြပြီဖြစ်သောကြောင့် အာမိတ်နှင့် လွေဇောတို့မှာ အတော်ပင် အထောက်အခံ ရကြလေသည်။ အာမိတ်တို့၏တပ်က ဦးကျော်စိန်၏ခွေးတပ်ထက် အားကောင်းလာလေပြီ။ တနေ့သောအခါ အာမိတ်ကြီးက ခေါင်းဆောင်ကာ ဦးကျော်စိန်တို့အိမ်ဖက်သို့ ထွက်သွားကြလေသည်။ ပဌမသော် ဦးကျော်စိန်၏ခွေးတပ်သားများ ပြေး၍လိုက်ကြလေသည်။ သို့သော် အာမိတ်တို့၏ခွေးတပ်ကြီးကို မြင်လိုက်သောအခါ အတော်လန့်သွားကြဟန်တူလေသည်။ အာမိတ်တိုအနားသို့ မကပ်ဝံ့ကြချေ။ ထိုအခါကျမှ အာမိတ်တို့သည် ဦးကျော်စိန်တို့၏ပိုင်နက်အတွင်း ဝင်ကာ ကလဲ့စားချေလေတော့၏။

ဦးကျော်စိန်၏ဝင်းခြံတိုင်များကို စေ့အောင် ကျင်ငယ်ရေဖြင့် လိုက်၍ ပန်းတော့၏။ ဦးကျော်စိန်၏ ခွေးတပ်သားများလည်း အခဲမကျေဖြစ်ပြီးလျှင် အတော်အခံရဆိုးနေကြလေသည်။ သို့သော် အာမိတ်တို့က အားကောင်းနေကြသောကြောင့်သာ ငုံ့ခံနေကြရလေသည်။ အာမိတ်တို့တစုလည်း ကလဲ့စားချေကြပြီးလျှင် မိမိတို့ပိုင်နက်သို့ ပြန်လာကြလေသည်။ ထိုနေ့မှ အစပြု၍ မည်သူ့ပိုင်နက်ကို မည်သူကျူးကျော်ခြင်းမပြုဘဲ စစ်ပြေငြိမ်းကာ အေးချမ်းစွာ နေကြလေသတည်း။

အာမိတ်သည် မိမိ၏သခင်များကို ခင်မင်သကဲ့သို့ သားသမီးတို့ကိုလည်း သခင်များအား ခင်မင်စေချင်သည်။ မောင်လူအေး ရုံးမှ ပြန်လာလျှင် အိမ်ပေါက်ဝမှ ထွက်၍ အမြဲကြိုလေ့ရှိလေသည်။ သားသမီးများလည်း အာမိတ်၏အတုကို လိုက်ပြီးလျှင် ဆီး၍ကြိုကြကုန်၏။ မောင်လူအေးလည်း ဝမ်းသာလှသဖြင့် အားလုံးကို ခေါ်ပြီးလျှင် အိမ်ထဲသို့ဝင်၏။ တပျော်တပါးကြီးပေပလေ။ လွေဇောကား မည်သည့်အခါမှ မောင်လူအေးကို ကြိုဆိုလေ့မရှိ။ စိတ်ပျက်စရာအလွန်ကောင်း။

အာမိတ်သည် ငယ်ငယ်ကနှင့်မတူ တစတစ ခွေးရည်လည်၍လာ၏။ အကင်းပါး၍လာ၏။ အလိုက်သိ၍လာ၏။ ဝင်းအတွင်းသို့ ညစ်ညစ်စုတ်စုတ်အဝတ်အစားများကို ဝတ်စား၍လာသူကိုမြင်လျှင် ကိုက်မယောင်၊ ဟပ်မယောင် ပြုလေသည်။ ကုလားသူတောင်းစား မဝင်ဝံ့ကြ။ အလိုက်သိတတ်သော အာမိတ်ပါတကား။ အဝတ်အစားသစ်သစ်လွင်လွင်နှင့် ဝင်လာလျှင်ကား ဟောင်ဟိန်းခြင်းကို မပြုရုံမျှမက ခရီးဦးကြိုကိုပင် ပြုတတ်ပေသေးသည်။ လွေဇောကား ဤသို့မဟုတ်။ မည်သူ့ကိုမျှ ချမ်းသာမပေး။ နေ့စဉ် ပေါင်မုန့်လာပို့သော ကုလားကိုပင် မြင်တိုင်းဟောင်၏။ ဒိုဘီကုလားကိုကား ကြည့်၍မရ။ အမြဲမပြတ်ဟောင်တော့၏။ အကျိုးအကြောင်းကို မသိတတ်သော လွေ​ဇောဖြစ်၏။

တနေ့သ၌ မြန်မာပြည်၏လက်ဦးဆုံး နန်းရင်းဝန်အမတ်ကြီး ဒေါက်တာဘမော်နှင့် ပညာရေးဝန်ကြီးချုပ် ဦးသာယာဝတီမောင်မောင်တို့သည် တိုင်းခန်းလှည့်လည်ရင်း မောင်လူအေး၏နယ်သို့ ရောက်၍လာ၏။ နယ်အတွင်းရှိ အရာရှိများ၊ နယ်မိ နယ်ဖများနှင့် နန်းရင်းဝန်၊ ပညာရေးဝန်ကြီးချုပ်တို့အား မိတ်ဆက်ပေးရန်အလို့ငှါမောင်လူအေးသည် မိမိ၏အိမ်တွင် ညစာထမင်းကို တည်ခင်း ကျွေးမွေးလေသည်။ လူပေါင်း ၂၀ နီးပါးခန့် ရှိပေလိမ့်မည်။ ညစာစားသောက်နေခိုက်၊ ရှုပ်ပွေနေကြမည်ကို စိုးသောကြောင့် အာမိတ်တို့သားအဖတတွေကို နောက်ဘေး အစေခံတန်းလျားတွင် လှောင်၍ ထားစေ၏။ထမင်းစားသောက်ပြီးနောက် ဧည့်ခန်းထဲတွင် စုဝေးကာ ထိုင်ပြီး စကားပြောနေကြခိုက် အာမိတ်ကြီး အခန်းထဲသို့ ဝင်လာတော့၏။ အဘယ်သို့ လွှတ်လာသည်မသိ။ မောင်လူအေး အကြံအိုက်နေလေပြီ။ အခန်းထဲမှ နှင်ထုတ်ရမည်လော။ အမှုမဲ့အမှတ်မဲ့ထားရလျှင် ကောင်းမည်လော။ လူစိမ်းများကိုမြင်၍ အာမိတ်ဟောင်မှုဖြင့် အရှက်ကွဲတော့မည်။ ဤသို့ မောင်လူအေး တွေးနေခိုက် ဧည့်သည်များလည်း စကားပြောခြင်းကို ရပ်လိုက်ကြကုန်၏။ အာမိတ် ကိုက်တတ်သည်မကိုက်တတ်သည်ကို မသိသဖြင့် ကိုက်မှာကို ကြောက်သူကကြောက်ကြဟန်တူ၏။

ဤသို့ မောင်လူအေးမှာ အခက်အခဲနှင့် ကြုံနေခိုက်တွင် အာမိတ်သည် ဧည့်သည်တွေ၏မျက်နှာများကို လိုက်ကြည့်ပြီးလျှင် နန်းရင်းဝန်ကြီးအနီးသို့ စိုက်စိုက်၊ စိုက်စိုက်နှင့်သွား၏။ အနားသို့ ရောက်သော် နန်းရင်းဝန်၏ခြေကို တချက် နှစ်ချက် နမ်းကြည့်ပြီးလျှင် နန်းရင်းဝန်ကြီး၏ခြေရင်းတွင် ဝပ်ကာ ဣနြေသမ္ပတ္တိနှင့် နေလေသတည်း။ သည်တော့မှ မောင်လူအေး စိတ်အေးသွားသတည်း။ ။ လူ ၂၀ ခန့်တွင် နန်းရင်းဝန်ကြီးကို အာမိတ် အသို့ ရွေးနိုင်ပါသနည်း။ နန်းရင်းဝန်ကြီး၏တန်ခိုးမှာ ကြီးမားလှသောကြောင့်ပေလော။ အာမိတ်မှာ အကင်းပါးလှသောကြောင့်ပေလော။ ထိုလူ ၂၀ ခန့်အနက် နန်းရင်းဝန်ကြီးမှာ အလှဆုံးသောကြောင့်ပေလော။
-------------------------
#သိပ္ပံမောင်ဝ
ဂန္ထလောက၊ ၁၂၉၉ ခု၊ တန်ခူးလ။

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)