လောကီရတနာ (အပိုင်း ၅) (ဇာတ်သိမ်းပိုင်း)
#လောကီရတနာ
အပိုင်း (၅)(ဇာတ်သိမ်းပိုင်း)
၁၀။
"ဘုရားရေ"
ကျွန်မမှာ မဟုတ်နိုင်ဘူးဟု တွေး၏။ မဖြစ်နိုင်ပါဘူးဟုလည်း ထင်လိုက်၏။ မဖြစ်နိုင် မဟုတ်နိုင်ဘူးဟု ထင်ခြင်းတွေးခြင်းသည် မဖြစ်စေချင် မဟုတ်စေချင်ခြင်းဘက်က ကာကွယ်လျက် တွေးခြင်းသာဖြစ်သည်။ ကျွန်မ၏အတွေးကို ခိုင်လုံသည်ဟု စိတ်မချဝံ့သဖြင့် ရှင်းအောင် ထပ်မေးရပြန်သည်။ သေချာအောင် ထပ်မေးရပြန်သော်လည်း သေချာတတ်အပ် ပြောလိုက်မှာကို နားနှင့် မထောင်ရဲသလောက် တုန်လှုပ်နေသည့်အဖြစ်သို့ သတိပြုမိသည်။
"ဘယ်က နားစွန်နားဖျား ကြားလာတာလဲ ... ဟုတ်ကဲ့လား"
"ဒီလိုပဲ ကြားတာပဲ ... ဓာတ်လုံး သူများ ယူပြေးလို့ စိတ်တောင် နောက်တောက်တောက်ဖြစ်နေသလို ဆိုလားပဲ"
ကျွန်မသည် ဒေါင်ချာစိုင်းလာလေ၏။ ဘောက်ထော်ဘူတာရုံလမ်းအတိုင်း သွားနေလျှင် ကြာသည်ထင်၍ စာရေးတန်းမှဖြတ်ကာ ဘောလုံးကွင်းကို ကျော်လျက် ကံဘဲ့ဘက်သို့ ထွက်လာခဲ့သည်။ မြေနီလမ်းမှာ ကြမ်းလှသည်။ ချိုင့်ဝှမ်းတွေ ထူထပ်လွန်း၍ ရှောင်ကာ မြန်မြန်ရောက်အောင် လမ်းကောင်းကို ရွေးလျှောက်မှ ပိုကြာသည်ဟု ထင်လေသည်။ အိမ်ဆိုင်ကလေးတွေကို ဖြတ်ခဲ့လျက် အဆောက်အအုံများ တစ်ခုပြီးတစ်ခု ကျော်သွားတိုင်း ရောက်ခါနီးပြီ ဟု အားပေးလာခဲ့ရသည်။ နေမှာ ခြစ်ခြစ်တောက်အောင် ပူနေလေသည်။
ကျွန်မ ရောက်လိုသည့် လမ်းအကွေ့ကား အမြင်သာနီးသော်လည်း အတော်ကြီး လျှောက်နေရသည်။ ကျွန်မစိတ်ထဲ၌ သည်လောက်ကြာကြာ လျှောက်နေရလောက်အောင် ဝေးသည့်ခရီးလမ်း မဟုတ်။ သို့ရာတွင် မရောက်နိုင်သေး၍ အဝေးကြီး လျှောက်နေသလို လျှောက်နေရလေသည်။ ပိန္နဲပင်အရွက်များ အုပ်ကွယ်နေသည့် သွပ်မိုးကျောင်းကြီးကို လှမ်းမြင်ရသည်။ ကျောင်းမှာ ဆေးအနက်သုတ်ထားကာ နှစ်ထပ်ကျောင်းဖြစ်၍ ဘောက်ထော်ဘက်ကလာလျှင် ၎င်း ဆွမ်းစားကျောင်းကို ပထမ မြင်ရသည်။ ဆွမ်းစားကျောင်း အောက်ထပ်၌ ကြီးကြီးခင်သည် ဤအချိန်၌ ရှိစမြဲ ဖြစ်သည်။ ကျွန်မသည် မြန်မြန်လျှောက်လာခဲ့ကာ ကျောင်း၏ခြံစည်းရိုးထောင့်သို့ ရောက်လျှင် ထရံသံဆူးကြိုးတန်းနား ကပ်သွားလျက် ... "ကြီးကြီးခင် ... ကြီးကြီးခင်" ဟု နှစ်ခွန်း သုံးခွန်း ဟစ်ခေါ်ကြည့်သည်။
ကျောင်းအပေါ်ထပ်မှ စာဖတ်နေသော ဦးပဥ္စင်းတစ်ပါးသည် စာအုပ်ကို ပိတ်ကာ အောက်သို့ငုံ့ကြည့်လျက် "ဒီမှာ မရှိဘူး ... ဒကာမကြီး၊ အိမ်မှာ ရှိတယ်"ဟု ပြောလိုက်၏။ ဓာတ်လုံး သူများယူသွားလို့များ စိတ်နောက်သွားလို့ အိမ်ရောက်နေသလားဟု လန့်ထိတ်သွားလျက် ကျောင်းဝင်းထောင့်အဆုံးအထိ မြန်မြန်လျှောက်လာခဲ့၏။ ၀င်းထောင့်သို့ ရောက်သောအခါ လမ်းမက မသွားဘဲ ကျောင်းခြံစည်းရိုးနားက ကပ်လျှောက်သွားကာ ကျောင်းကိုလွန်မှ လမ်းပေါ်သို့ ကွေ့ဆင်းလျက် အိမ်ဆီသို့ သုတ်သုတ်သွားလေသည်။
ကြီးကြီးခင်နှင့် နောက်ဆုံးတစ်ခေါက် တွေ့ပြီးနောက် ကျွန်မ နိုင်ငံခြားသို့ ခရီးထွက်သွားရသည်။ ရောက်ပြန်လည်း အလုပ်ကိစ္စများဖြင့် မြို့ထဲသို့ သွားနေရလျက် မိုးချုပ်မှ အိမ်ပြန်ရောက်တတ်သဖြင့် ဘယ်မှ မသွားအားဘဲ ဖြစ်နေလေသည်။ ယခု လာခဲ့တော့မှပင် ကြီးကြီးခင်နဲ့ မတွေ့ရတာ ၅လလောက် ရှိမည်ဟု တွက်ကြည့်မိသည်။ ကျွန်မနှင့် မတွေ့ကြသည့်အတွင်း ဓာတ်လုံးကို ဘယ်သူ့အား ထုတ်ပြ၍ ဘယ်သူက ယူပြေးမှန်း သေချာဂန မသိခဲ့ရခြင်းကြောင့် မတွေးတတ် မစဉ်းစားတတ်နှင့် ခေါင်းရှုပ်လာကာ ဒီသတင်း မဟုတ်ပါစေနှင့်ဟု တစ်လမ်းလုံး နင်းကန်ဆုတောင်းလာမိသည်။
လမ်းပေါ်မှ အိမ်၏ကုန်းမြင့်ကလေးပေါ်သို့ တက်လာခဲ့သည်။ ခြံတံခါးမှာ ပိတ်ထားသည်။ အိမ်ပေါ်၌ လူရိပ်လူစ မမြင်ရဘဲ အိမ်ရှေ့ပြတင်းတံခါးများအားလုံး ပိတ်ထားသည်။ အမြဲစည်းကားနေတတ်သော အိမ်တစ်အိမ် တံခါးများ ပိတ်ဆို့ တိတ်ဆိတ်နေခြင်းသည် အိမ်ထဲ၌ တစ်စုံတစ်ရာ ဖြစ်နေကြဟန် အထင်နှင့် တွေးကြည့်သည်။ အထင်နှင့် ဒိတ်ဒိတ် ဒိတ်ဒိတ် ဖြစ်လာသည်။ ခြံတံခါးကို လက်နှိုက်၍ ကလန့်ကို ဆွဲဖွင့်လိုက်ကာ အထဲသို့ ၀င်လာသည်။
လှေကားခြေရင်းကနေ၍ "ဒေါ်ဒေါ် ... ဒေါ်ဒေါ်" ဟု ဟစ်ခေါ်လိုက်သည်။ အိမ်ထဲမှ "လာပြီ ... လာပြီ"ဟု ခပ်ဝဲဝဲ အသံတစ်သံ ကြားရသည်။ ထိုအသံမှာ ဒေါ်ဒေါ်အသံလည်း မဟုတ်၊ ကြီးကြီးခင်အသံလည်း မဟုတ်၊ လူစိမ်းတစ်ယောက်အသံ ဖြစ်နေသည်။
အိမ်ရှေ့တံခါးပွင့်လာကာ ကျွန်မ မမြင်ဖူးသည့် မိန်းမကြီးတစ်ယောက် တံခါးဖွင့်ပေးတာ တွေ့ရလေသည်။ "ဒေါ်ဒေါ်ကော ... "ဟု လှမ်းမေးရင်း ပြေးတက်လာသည်။
"အထဲမှာ ဖျားနေတယ်"
ကြီးကြီးခင်ကို သတင်းမေးရန် လာခဲ့ရာတွင် ဒေါ်ဒေါ်ဖျားနေသည့် သတင်းကြားရသဖြင့် အိမ်မရောက်တာ ကြာနေခြင်းကို မျက်နှာပူပူဖြင့် တက်ခဲ့ရသည်။
"လှိုင်လား ... လာ ... လာ ... ဒီအထဲကို ၀င်ခဲ့ပါ"
ဒေါ်ဒေါ်၏အသံလာရာ အခန်းထဲသို့ စွတ်ဝင်သွားသည်။ ဒေါ်ဒေါ်သည် ပိန်ချုံးလျက် အိပ်ရာပေါ်တွင် လှဲနေကာ ဒေါ်ဒေါ်၏အနီး၌ ဂျပန်ပြည်သံအမတ်ကြီး လုပ်သွားသော ဒေါက်တာ ဦးသိန်းမောင်၏ဇနီး ဒေါ်ဒေါ်ကြီးဒေါ်ခင်လတ် ရောက်နေလေသည်။ ဒေါ်ဒေါ်ကြီးကို ပြုံးနှုတ်ဆက်လိုက်ကာ ... "ဘယ်နှယ့် ဒေါ်ဒေါ်ဖျားနေတာ ကြာပြီလား" ဟု သတင်းမေးရင်း ကျွန်မမျက်လုံးမှာ ကြီးကြီးခင်ကို လျှောက်ရှာနေလေသည်။
"ဖျားတာကြာပါပြီ ... ခုမှ အစာ စ စားနိုင်တာ ... လှိုင်လည်း အတော်အလုပ်များနေတယ်လို့ ကြားရတယ် ... ကလေးတွေကော နေကောင်းရဲ့လား"
ဒေါ်ဒေါ့်အနား၌ ထိုင်လိုက်ကာ ဘယ်မေးခွန်းမှ မဖြေဘဲ ... "ကြီးကြီးခင် ... ဓာတ်လုံးလုယူပြေးလို့ ကြီးကြီးခင်လည်း တစ်မျိုးဖြစ်နေတယ်ကြားတာနဲ့ ကျွန်မ ထွက်လာခဲ့တယ် ... ဒေါ်ဒေါ်ဖျားတာ မသိပါဘူး၊ ကြီးကြီးခင်ကော ... " ဟု မေးလိုက်၏။
"ရှိတယ် ... ဒေါ်ဒေါ်ဖျားလို့ ဒီလာနေတယ်။ ခြံနောက်ဖေးမှာ ထင်ပါရဲ့ ... ဓာတ်လုံးအကြောင်းတော့ မပြောပါနဲ့ လှိုင်ရယ်"
ဓာတ်လုံးသတင်းကို အမြန်ကြားချင် သိချင်လှပြီဖြစ်၍ မဆိုင်းနိုင်အောင် အရင်လိုလျက် ... "ပြောပါဦး ဒေါ်ဒေါ်ရယ် ... ဘယ်လိုဖြစ်တာလဲ"ဟု မြန်မြန်ပြောရန် ဆက်မေးရသည်။ ကျောင်းက ဦးပဥ္စင်းတစ်ပါးကို သူထုတ်ပြတယ်လေ။ ဥိးပဥ္စင်းက သူ့ကို အယုံသွင်းပြီး သူ့အကြိုက်ချည်းလိုက်နေတာ အဟုတ်ထင်ပြီး ထုတ်ပြတော့ သုတ်ပြေးတာပေါ့ "
" ပြေးပြီ...။ ဘယ်ကိုပြေးသလဲ ဒေါ်ဒေါ်"
ကျွန်မရင်ခုန်ပုံသည် ရင်ထဲကဟု မထင်ရ။ ရင်တွင်းက မဟုတ်ဘဲ ရင်ညွှန့်နား ကပ်ခုန်နေသလို ဇတ်ဇတ် ဇတ်ဇတ် ဖြစ်နေလေသည်။
" ညောင်လေးပင် ပြေးတာပေါ့ ... ညောင်လေးပင်က ကရင်ဘုန်းကြီးဘဲ.. ညောင်လေးပင်အဆက်နဲ့ ဒီကျောင်းရောက်လာတာ။ ဦးပဥ္စင်းလည်း ဓါတ်လုံးယူလစ်ကရော၊ ဝိဇ္ဇာမလည်း အရူးကြီးဖြစ်ကျန်ရစ်တာပေါ့..."
ဘယ်လို ရူးကျန်ရစ်ခဲ့သည်ကို ကျွန်မအား အကျယ်တဝင့် ပြောပြနေစရာမလိုပေ။ ကျွန်မမျက်စိထဲတွင် ဓာတ်လုံးယူပြေး၍ ကြီးကြီးခင် ယောက်ယက်ခတ်သွားမည့်ပုံပန်းကို သေချာတတ်အပ် မြင်နေရသည်။ ကြီးကြီးခင်ထံမှ ဓာတ်လုံးယူပြေးသော ဦးပဥ္စင်းသည် ညောင်လေးပင်သို့ ထွက်ပြေးကာ လူဝတ်လဲလေ၏။ လူဝတ်လဲကာ ဖိုထိုး၍ နေလေ၏။ ဖိုထိုးနေပြီး မကြာမီ ၀တ်ပုံစားပုံ နေပုံထိုင်ပုံတွေ ပြောင်းလဲလာကာ ပြောင်ပြောင်ရောင်ရောင် ဖြစ်လာရုံမက ဖောဖောသီသီကြီးကြီး သုံးစွဲနေပုံကို အရပ်က မသင်္ကာစပြုလာကြသည်။
မေဒိနီကျောင်းက ပြန်လာပြီးမှ လူဝတ်လဲကာ ဖိုထိုးနေရင်း ဗြုံးခနဲ "သူဌေး" ဖြစ်နေခြင်းကို ဆန်းနေကြစဉ် မေဒိနီကျောင်းတွင်နေသော ကြီးကြီးခင်၏ဓာတ်လုံး ခိုးယူလာသည့်သတင်းသည် တစ်စွန်းတစ်စ ညောင်လေးပင်သို့ ရောက်သွားသည်။ ညောင်လေးပင်တွင် ရှိကြသော ကြီးကြီးခင်၏မိတ်ဆွေများသည် တစ်စွန်းတစ်စရသည့်သတင်းဖြင့် ရှင်လူထွက်ကို မပြတ် အကဲစောင့်ခတ်လျက် ချောင်းနေကြသည်။ ရှင်လူထွက်သည် ရွှေတွေငွေတွေ လက်ဖျားသီးနေကာ ၀င့်ဝါမောက်ကြွားလျက် ရှိနေပြီး ဓာတ်လုံးကို ရွှေဖြစ်အောင် ထိုးလျက် ရွှေတွေကို ရောင်းချသုံးစွဲနေသည်။ ကျွန်မမှာ ဓာတ်လုံးကို ရွှေမထိုးနဲ့၊ ထိုးရင်ပျက်သွားလိမ့်မယ်ဟု ကာယကံရှင်ဆရာတော်ဘုရား မှာကြားသွားခဲ့သည်ဆိုသော အချက်ကို သတိရလိုက်ကာ ပြီးပါပြီဟု စိတ်မကောင်းဖြစ်သွားမိသည်။
"ကြီးကြီးခင်ဓာတ်လုံးမှန်း အရပ်က မသိကြတော့ဘူးလား ... ဒီလိုပဲ ကြည့်နေကြသလား" ဟု ဆိုလိုက်၏။
ကြီးကြီးခင်၏ ရင်းနှီးသောမိတ်ဆွေများက ညောင်လေးပင်မြို့ရှိ မိတ်ဆွေတစ်ဦးထံသို့ သွားကြကာ ရှင်လူထွက်၏အဖြစ်ကို သတင်းသွားပေးကြသည်။ ထိုမိတ်ဆွေမှာ ကြီးကြီးခင်ကိုခင်မင်သော မိတ်ဆွေဖြစ်၍ ကြားကြားချင်းပင် "ရှင်လူထွက်" ကို ခေါ်၍ စစ်လေ၏။ ရှင်လူထွက်သည် ပထမ ငြင်းကွယ်နေပြီးမှ နောက်ဆုံး ငြင်းကွယ်၍ မရတော့သဖြင့် ဓာတ်လုံးကို ယူပြေးခဲ့သော်လည်း ထိုဓာတ်လုံးမှာ သူ့လက်တွင် မရှိတော့ဘဲ ဓါးပြတိုက်သွားကြောင်း အစစ်ခံလေသည်။ ရှင်လူထွက်၏အစစ်ခံချက်ကို မယုံကြည်ဘဲ ဓာတ်လုံးကို ပေးအပ်ရန် အတင်းအဓမ္မ စစ်လားဆေးလား လုပ်ကြတော့မှာပင် ရှင်လူထွက်လည်း ကာယကံရှင်၏လက်ထဲသို့ သူကိုယ်တိုင် ထည့်မည်။ ဘယ်သူ့မှ မပေးနိုင်ဘူးဆိုနေ၍ ရှင်လူထွက်ကို ကားပေါ်တင်ကာ ညောင်လေးပင်မှ မိတ်ဆွေကိုယ်တိုင် ကံဘဲ့ မေဒိနီကျောင်းဝင်းထဲသို့ လိုက်ပို့ရသည်အထိ ဖြစ်ပျက်ခဲ့လေ၏။
"ကျောင်းရောက်တော့ အားလုံးရှေ့မှာပဲ သူ့လည်ပင်းထဲက ဓာတ်လုံးကို အံထုတ်ပြီး ၀ိဇ္ဇာမလက်ထဲ ပြန်အပ်တယ်။ ဓာတ်လုံး ပြန်ရလို့ပေါ့ ... မရရင် ခုလောက်ရှိ သွက်သွက်လည်နေမှာပဲ"
သူများ မပြရန် အတန်တန်သတိပေးပါလျက် ယခုလိုအဖြစ်မျိုး ရောက်ရသည်ဟု ကြီးကြီးခင်ကို စိတ်ထဲမှ အပြစ်တင်မိသည်။ ထိုစဉ် ကြီးကြီးခင်သည် ခြံထဲမှ တက်လာကာ အခန်းထဲသို့ ၀င်လာ၏။ ကျွန်မကို မြင်လျှင် မျက်နှာပျက်သွားသည်။ "လှိုင် ... ရောက်နေသလား" ဟု ခပ်လေးလေးပင် နှုတ်ဆက်၏။
"ဟောဒီမှာ ရှင့်အကြောင်း ပြောနေကြတယ်" ဟု ဒေါက်တာ ဦးသိန်းမောင်ကတော်ကြီးက ပြောလိုက်၍ မျက်နှာ ပို၍ပျက်သွားပြန်ကာ ကျွန်မအနား၌ ထိုင်လိုက်သည်။
"ဘယ်မလဲ ဒီဓာတ်လုံး ပြစမ်းပါ"
ကျွန်မသည် ကြီးကြီးခင်ကို လှည့်ကြည့်လိုက်သည်။ ကြီးကြီးခင်လည်း ဓာတ်လုံးပြရန် တောင်းနေသော ဒေါ်ဒေါ်ကြီး၏မျက်နှာကို မချိပြုံး ပြုံးလျက် ကြည့်နေ၏။
"ပြစမ်းပါ ... ကြည့်ချင်လို့ပါ၊ လည်ချောင်းထဲမှာပဲ ထားသလား ... ခဏပြစမ်းပါ"
ကြီးကြီးခင်သည် ငြင်းလည်းမငြင်း၊ အားနာနာနှင့် ပါးစပ်ထဲမှ ဓာတ်လုံးထုတ်ယူကာ ဒေါ်ဒေါ်ကြီး၏လက်သို့ ကမ်းပေးလိုက်သည်။ ထိုသို့ အလွယ်တကူ ကမ်းပေးလိုက်ပြန်၍ ကျွန်မမှာ ငေးကြည့်နေရင်း ဦးပဥ္စင်းလည်း ဒီလိုပြခဲ့မှာပဲဟု အောက်မေ့လိုက်ကာ ခေါင်းကို ယမ်းနေမိတော့သည်။
ဒေါ်ဒေါ်ကြီးသည် ဓာတ်လုံးကို ကြည့်ကာ ကျီစယ်သည့်မျက်နှာဖြင့် ပြုံး၍ ... "ဟော ... မရှိတော့ဘူး" ဟု အော်လိုက်ကာ ဓာတ်လုံးကို ဖွက်လိုက်၏။
ကြီးကြီးခင်သည် မျက်နှာငယ်ကလေးဖြင့် ... "မလုပ်ပါနဲ့ မမကြီးရယ်" ဟုဆိုကာ မျက်လုံးများ ၀ိုင်းလာလေသည်။
"ဟုတ်တယ် ... ကိုင်ထားရင်း ဘယ်ရောက်သွားမှန်း မသိဘူး၊ ဟောဒီမှာကြည့်"
ကြီးကြီးခင်သည် ပထမ ကျီစားသည့်ထင်နေပြီးလျှင် လက်ဝါးခါပြလိုက်မှ မျက်နှာမည်းသွားကာ ... "မလုပ်ပါနဲ့ မမကြီးရယ် ... ပေးပါ မမကြီးရယ်" ဟု ဆိုကာ ရှိခိုးမတတ် တစာစာ တောင်းပန် ပြောဆိုနေသည်။ ကြီးကြီးခင်ကို မျက်ရည်လည်ဝိုင်းလာသည်အထိ စပြီးမှ ဓာတ်လုံးကို ပြန်၍ ကမ်းပေးလိုက်သည်။ ကြီးကြီးခင်လည်း ဓာတ်လုံးကို ပါးစပ်ထဲငုံလိုက်ကာ နေရာမှ ထသွားသည်။ ကျွန်မသည် ဒေါ်ဒေါ်နှင့် စကားပြောပြီး အိမ်ရှေ့မှ ကွေ့ကာ မီးဖိုထဲသို့ ၀င်သွားသည်။
"ကြီးကြီးခင်"
ကြီးကြီးခင်၏ရှေ့၌ မျက်နှာချင်းဆိုင်ရပ်လျက် မျက်နှာကို ငေးကြည့်ကာ တစ်ခွန်းသာ ခေါ်မိသည်။ စကားကို မပြောနိုင်ဘဲ ရပ်ကြည့်နေမိသည်။ ကြီးကြီးခင်သည် ညှိုးငယ်လျက် မှိုင်တိမှိုင်တိုင်ဖြစ်နေကာ နှုတ်ကပြောချင်သည့်စကားများမှာ အပြင်သို့ ထွက်ရန် ဓာတ်လုံး ထုတ်လိုက်ဖို့ထက် ခဲယဉ်းသောအခြေသို့ ရောက်နေတော့သည်။
၁၁။
ကျွန််မသည် အလောင်းခြေရင်းမှနေ၍ ကြီးကြီးခင်၏မျက်နှာကို တစိမ့်စိမ့် ထိုင်ကြည့်နေရင်း ကျွန်မနှင့် နောက်ဆုံးအဖြစ် တွေ့ကြသည့်နေ့က မီးဖိုထဲတွင် ကျွန်မအား စကားတစ်ခွန်းမှ မပြောနိုင်လောက်အောင် ဆို့လျက် မှိုင်တိမှိုင်တိုင် ဖြစ်နေရှာသော မျက်နှာကလေးကို ကွက်ခနဲ မြင်ယောင်လာသည်။ မျက်တောင်သာ မခတ်ပေသည့် အသက်ထွက်နေသောမျက်နှာသည် မှိုင်တိမှိုင်တိုင်ပင် ထင်နေရ၏။ ကြီးကြီးခင်သည် မသေမီကပင် စိတ်ထိခိုက်လောက်အောင် ဒဏ်ရာဒဏ်ချက် ရသွားလေသည်။
သူ့ဓာတ်လုံးကို သူတစ်ပါးက ရွှေဖြစ်အောင် အသုံးချခြင်းသည် သူ့အသည်းကို ဓားနှင့်မွှန်းပြီးသား အနာတရကြီး ဒဏ်ရာရလိုက်ပေပြီ။ ကျွန်မကိုမြင်လျှင် အကြောင်းသိချင်းမို့ ပို၍သာ စိတ်မချမ်းမသာဖြစ်သွားမည်ကြောင့် ဤအတောအတွင်း ၀မ်းနည်းနည်းဖြင့် မတွေ့ဘဲ နေလိုက်မိသည်။ ကြီးကြီးခင်သေပြီဟူသော အသိသည် အသည်းကို ဆတ်ဆတ်ခါ နာနေတော့သည်။ တစ်ဘဝလုံး ကိုယ်တိုင်လည်း မစားဘဲ မီးဖိုချောင်အလုပ်ကို ပင်ပန်းကြီးစွာ လုပ်ပေးနေရင်း နောက်ဆုံး အမောကြီးမောသွားကာ မီးဖိုနား၌ပင် ခေါင်းချသွားလေပြီ။ ကျွန်မအနားတွင် ၀ိုင်းထိုင်နေကြသော အမြတ်တော်ကြေး ၀န်ထောက်ကတော် ဒေါ်ပြုံးနှင့် မမြစိန်၊ ခင်ခင်စုတို့လည်း ကျွန်မကဲ့သို့ စိတ်မချမ်းမသာ ဖြစ်နေကြသည်။ တရှုံ့ရှုံ့ ငိုနေကြသည်။
ကျွန်မသည် ပါးပေါ်သို့ စီးလိမ့်ကျလာသော မျက်ရည်ပေါက်ကြီးကို သုတ်လျက် … "အသက်ထွက်တာ ဘယ်အချိန်လောက်ကလဲ" ဟု ခင်ခင်စုကို လှမ်းမေးကြည့်သည်။
"၇-နာရီ လောက်ပဲ … အသက်မထွက်ခင် ဆရာဝန်ကို သူ့လည်ပင်းထဲမှာ ဓာတ်လုံးရှိတယ်လို့ ပြောပြကြတော့ ပါးစပ်ကို ဇွန်းနဲ့ကလန့်ပြီး နှိုက်ရှာကြည့်သေးတယ်၊ မရပါဘူး မမရယ် … ၀မ်းထဲများ ရောက်သွားသလား မသိပါဘူး"
ကြီးကြီးခင်၏ပါးစပ်ထဲ၌ ဓာတ်လုံးရှိနေမှန်း လူသိသူသိ များကြသည်။ သူတစ်ပါး မယူနိုင်အောင် လုံလုံခြုံခြုံ ဖွက်ထားပါလျက်နှင့် သူတစ်ပါးလက်ထဲသို့ ရောက်မိအောင် ရောက်သွားခဲ့ရသေးခြင်းကြောင့် ယခု အသက်ပျောက်၍ ၀မ်းထဲရောက်သွားသယောင်ယောင် ထပ်ပြီး လူသိသူသိများကြဦးမယ်ဆိုလျှင် မသူတော်တို့ သင်္ချိုင်းလိုက်၍ ဗိုက်ခွဲပြီးများ ယူချင်လိမ့်ဦးမလားဟု မြှော်မြင်ထိတ်လန့်ကာ ကြက်သီးများပင် ထသွားမိသည်။
"မသေခင်ကလေးက မမရယ် … မကြာသေးဘူး။ သထုံ သွားသေးတယ်။ လေယာဉ်ပျံနဲ့ သွားလို့ မင်္ဂလာဒုံကို လိုက်ပို့လိုက်ရသေးတယ်"
"သထုံ ဘာသွားလုပ်တာ" ဟု အံ့အားသင့်စွာ မေးလိုက်သည်။
"အို … မမကမှ မသိဘဲ၊ မသေခင် သိပ်ယောက်ယက်ခတ်သွားတာပေါ့။ ပဲခူး ရွှေမော်ဓောဘုရားတည်ကြတာ သူ မကူညီရင် ဘယ်နည်းနဲ့မှ ပြီးမှာ မဟုတ်ဘူး၊ သူ့တာဝန်ကျနေပြီ၊ ဒီဘုရားမှာ သူဌာပနာမှ ပြီးလိမ့်မယ်၊ နို့မိုရင် မပြီးနိုင်သေးဘူး ဆိုပြီး ယောက်ယက်ခတ်နေတာပဲ"
"ဘာ ဌာပနာရမှာတဲ့လဲ"
ကျွန်မသည် အလန့်တကြား မေးလိုက်သည်။
ဖျတ်ခနဲ ခေါင်းထဲသို့ ၀င်ရောက်လာသော အသိတစ်ခုဖြင့် ရင်ထဲ၌ ဟစ်အော်ငိုနေမိသည်။
"သူကိုးကွယ်တဲ့ သစ်ကနက်သား ဒက္ခိဏသာခါဘုရားကို သထုံအိမ်မှာထားတာ အဲဒါ ပြန်ယူတယ်။ သထုံက သွားယူပြီး ဒက္ခိဏသာခါကို ပဲခူးယူသွားတယ်။ ဌာပနာတိုက်မပိတ်ခင်ကလေး ပြေးလှူတာပဲ။ ညနေက စျေးသွားမယ်လို့အထွက် မူးတယ်ဆိုပြီး ထိုင်လိုက်တော့လေ သူ့လက်ထဲမှာ ပိုက်ဆံအိတ်ကလေး ကိုင်ထားတယ်။ ဒီအိတ်ကလေးကို ခုနက အသက်ထွက်တော့မှ ဖွင့်ကြည့်ကြတော့ ပဲခူးရွှေမော်ဓောဘုရားမှာ ဌာပနာတိုက်ထဲ ထည့်ဖို့အတွက် ဘုရားလှူခဲ့တဲ့ လက်မှတ်ဖြတ်ပိုင်းကလေး တွေ့ကြတယ်"
ခင်ခင်စုသည် အလောင်းခေါင်းရင်းတွင် ချထားသော သားရေအိတ်အသေးစားကလေးကို ကောက်ယူကာ အိတ်ထဲမှ ဖြတ်ပိုင်းလက်မှတ်ကို ဖွင့်ထုတ်ယူပြီး ကျွန်မကို လှမ်းပေးလေသည်။
"လယ်ဝန်မင်း ဦးဘိုဦး၏ သမီး မအေးခင် ကောင်းမှု"
ကျွန်မမှာ ရွှေမောဓောဘုရားမှ ဌာပနာပစ္စည်း အလှူဖြတ်ပိုင်း လက်မှတ်ကလေးကို ဖတ်လိုက်ကာ မျက်ရည်များ မဆည်နိုင်အောင် ဖြစ်နေမိသည်။ ဓာတ်လုံးကို ရှေ့ဆက်ကြံစည်ဖို့ရာတွင် လမ်းခုလတ်၌ သူတစ်ပါး ၀င်နှိပ်စက်သွားသဖြင့် လမ်းဆုံးသွားတော့သည့်အတွက် မျှော်လင့်ချက်ကလေး ကုန်ဆုံးသွားကာ မချိတင်ကဲဖြင့် ဌာပနာလိုက်ခြင်းဟု ဤသို့ထင်ကာ၊ ဤသို့အတတ်စွဲကာ၊ ဤသို့ပင် အောက်မေ့လိုက်မိတော့ကာ ရွှေမော်ဓော၌ ဌာပနာခဲ့သော ဒက္ခိသာခါ ဆင်းတုတော်၌ တစ်နည်းနည်းဖြင့် ဓာတ်လုံး ပါသွားလေပြီလားဟူသော အတွေးအထင်တို့သည် သာမန်ရိုးတိုးရိပ်တိတ်ထင်သလို မထင်ဘဲ တန်းတန်းစွဲ ထင်နည်းမျိုး ထင်လိုက်မိတော့သည်။
ရှင်လူထွက်လက်ထဲမှဓာတ်လုံး သူ့လက်ထဲ ပြန်ရောက်လာပြီးသည့်နောက်ပိုင်း၌ ရွှေ မလုပ်ရန် ဆရာတော်ဘုရားတားမြစ်ခဲ့သလို မဖြစ်ရလေခြင်းအတွက် ဘယ်လောက်များ ယူကျုံးမရဖြစ်လိုက်မည်နည်း။ ဘယ်လောက်ထိအောင် စိတ်ဒုက္ခကြီး ရောက်သွားရလိမ့်မည်နည်း။ ရွှေမော်ဓောဘုရားသို့ သွားရောက်မလှူခင် အတောအတွင်း ကြီးကြီးခင် ခံစားသွားရမည်ဖြစ်သော မချိတင်ကဲဝေဒနာသည် ဘယ်နှစ်ရက် ဘယ်နှစ်လ ခံစားသွားရသော ဝေဒနာဆိုးမျိုးမှန်း ရှင်လူထွက် သိပါလေစ။
ကျွန်မသည် … "သနားလိုက်ပါရဲ့ ကြီးကြီးခင်ရယ်" ဟု ဟစ်၍ အော်ပြောလိုက်သကဲ့သို့ ရင်ထဲက … "သနားလိုက်ပါရဲ့ ကြီးကြီးခင်ရယ်" ပြောမိကာ ဆောက်တည်ရာမရ ကြင်နာသနား၍ မဆုံးနိုင်အောင် ဖြစ်နေတော့သည်။
"ကိုင်း … ကိုင်း၊ ညဉ့်နက်ပြီ၊ အလောင်းပြင်ဖို့ ရေချိုးမှ"
ကြောင်အိမ်နားတွင် ရပ်ကြည့်နေသော အဘိုးကြီးက ပြောလိုက်၍ ကျွန်မအနားက ခင်ခင်စုတို့ ထလိုက်ကြသည်။ ကျွန်မသည် နောက်ဆုံးမှ ထလိုက်သည်။ ကျွန်မ၏မျက်စိမှာ ကြီးကြီးခင်နှင့် ခွာမရဘဲဖြစ်ကာ မတ်တတ်ရပ်နေရာကပင် မရွှေ့တော့ဘဲ ရပ်မြဲ ရပ်ကြည့်နေမိသည်။ အလောင်းရေချိုးရန်ရှိသဖြင့် ခင်ခင်စုတို့ အခန်းထဲမှ ထွက်သွားကြသည်။ အလောင်းနားတွင် ဦးပဥ္စင်း ၂-ပါး၊ အဘိုးကြီး၊ အမယ်ကြီးတစ်ယောက်နှင့် ကျွန်မသာ ရှိလေသည်။
ထိုသို့ ကျွန်မရပ်ကြည့်နေရင်း တောင်လုပ်ရတော့မလို မြောက်လုပ်ရတော့မလို ယောင်တောင်တောင် ဖြစ်နေကြသော ဦးပဥ္စင်းနှင့် အဘိုးကြီး၏အမူအရာကို မြင်လိုက်ရတော့မှ … အရှက်အကြောက်ကြီးကာ တစ်သက်လုံး အပျိုကြီးလုပ်လာသော ကြီးကြီးခင်အဖို့ သေကာမှ ယောကျ်ားတွေ အထူးသဖြင့် ဦးပဥ္စင်းများပါ ၀ိုင်းပြီး အဝတ်အစားချွတ်ကာ ရေချိုးပေးကြရတော့မည်။
ကျွန်မတစ်ယောက်လုံး အနားတွင် ရှိနေပါလျက် မျက်နှာလွှဲသွားရန် မတတ်နိုင်လွန်းသောကြောင့် မလွှဲသာမနေသာ ကိစ္စကြီးဖြစ်၍ နောက်ဆုံးအားဖြင့် လုပ်ပေးရမည့်တာဝန်ကို လုပ်ရန် ဖျစ်နှစ်လျက် စိတ်ကိုတင်းလိုက်ပြီးနောက် …"ကျွန်မ ချိုးပေးပါ့မယ်" ဟု ပြောလိုက်ရသည်။
ယခုအသက်အရွယ်အထိ ကျွန်မမှာ လူသေကို ရေချိုးပေးတာ တစ်ကြိမ်တစ်ခါမျှ မျက်စိဖြင့် မမြင်ဖူးခဲ့ပေ။ ကျွန်မနှင့်နီးစပ်ရာ မိဘလင်သား ဆွေမျိုး ညီအစ်ကိုမောင်နှမများ အသက်ပျောက်သည့်အခါမျိုး၌ပင် အသက်ထွက်သွားရင် ပရိဒေဝမီးတောက်ကာ မျက်ရည်ပေါက်ကြီးသာ ကျမိလျက် အလောင်းပြင်ရန် ရေချိုးပေးကာနီး၌ လူကြီးတွေ "ဖယ်ကြ ဖယ်ကြ သွားကြ" ဟု ပြောတတ်ကြသည့်အတိုင်း မမြင်ကွယ်ရာတွင် ခေတ္တထွက်ရှောင်ပေးခဲ့သည်ချည်း ဖြစ်ခဲ့သောကြောင့် ဘယ်လိုရေချိုးပေးကြမှန်းလည်း မမြင်ဖူးခဲ့ပေ။
လူသေကို အသက်မပျောက်ခင် ၀တ်ထားသည့် အဝတ်နှင့်ပင် မချွတ်ဘဲ ချိုးလိုက်သလား၊ ချွတ်ပြီးမှ ချိုးပေးကြသလားလည်း မမြင်ဖူး၍ မသိခဲ့ပေ။ ကျွန်မမှာ ရေချိုးလျှင် အင်္ကျီအဝတ်အစားများ ချွတ်ရမည်ကိုသာ နားလည်ကာ ကြီးကြီးခင်၏အပေါ်၌ လွှမ်းခြုံထားသော အညာစောင်အနီကို ဖယ်လိုက်ကာ အင်္ကျီကြယ်သီးကို ဖြုတ်ပေးလေ၏။ အဘိုးကြီးသည် မီးဖိုထဲသို့ ၀င်သွားကာ လက်ဆွဲသံပုံးကို ယူလျက် ဘုံဘိုင်၌ ရေသွားခပ်နေသည်။ ကျွန်မဘေးက အမေကြီးမှာ ကူတော့မလို ကိုင်တော့မလို အမူအရာမျိုးသာ တစ်ပြတည်း ပြနေလျက် တကယ်တမ်း ကိုင်တွယ်ကူညီဖို့ရန် ရွံ့သလို ကြောက်သလို ရှိနေ၏။
အနားတွင် ဦးပဥ္စင်းများ ရှိကြ၍ အပေါ်ပဒုမ္မာအင်္ကျီမှ ကြယ်သီးများကို အားလုံး မဖြုတ်ဘဲ အပေါ်နှစ်လုံးချန်ကာ အတွင်းမှ ဘော်လီကြယ်စိများကို ဖြုတ်လိုက်၏။ ဖြုတ်ပြီး အင်္ကျီကို မလှပ်ဘဲ လုံချည်သာ အထက်သို့ ပင့်၍ ပင့်၍ ကိုယ်ကြီးကို တွန်းလိုက် ခါးကို မလိုက်ဖြင့် လုံချည် ရင်ခေါင်းရောက်အောင် ဘော်လီအင်္ကျီအောက်က လျှို၍ မြှင့်ယူကာ ရင်လျားပေးပြီး ကြယ်စိများအားလုံး ဖြုတ်လိုက်၏။
ဦးပဥ္စင်းများမှာ ရပ်ကြည့်နေကြသည်။ ကျွန်မမှာ အရှက်အကြောက် လုံလုံခြုံခြုံဖြင့် အင်္ကျီ ကိုယ်ကကျွတ်သွားအောင် ခက်ခက်ခဲခဲ ချွတ်ပေးနေရသည်။ ကျွန်မစိတ်ထဲတွင် အလောင်းကြီး ပက်လက်စန့်နေရက်အတိုင်းပင် အပေါ်က ရေလောင်းချ ချိုးပေးရသည်ဟု ထင်မိသည်။ မဟုတ်ချေတကား … ။ အဘိုးကြီးသည် ရေပုံးကို အနား၌ ချလိုက်ကာ အလောင်းကို ပခုံးနှစ်ဖက်မှ ဆွဲထူထိုင်ပေးနေ၍ ကျွန်မလည်း ဘုမသိဘမသိ ထူပေးကာ ထိုင်ပေးလိုက်ရ၏။ မီးရောင်အောက်တွင် ကြီးကြီးခင်သည် ထမီရင်လျားနှင့် ငုတ်တုတ်ကြီး ထထိုင်လေသည်။
အဘိုးကြီးက နောက်သို့ ပြန်မလဲအောင် နောက်ကနေပြီး ကျောကိုကိုင်လျက် ဖေးမ တွန်းပေးထားသည်။ ကြီးကြီးခင်၏ ခေါင်းပေါ်မှ ဘီးစပတ်ကြီးမှာ ထူလိုက်သည်နှင့် ပြေကျသွားလေသည်။ ဂုတ်ပေါ်တွင် ဖားလျားဝဲနေသော ဆံပင်ဆံတိုကလေးနှင့် ဇက်ကြီး ကျိုးကျနေသည်။ ကြမ်းပေါ်၌ လက်များ တွဲလောင်းကျနေကာ ခြေထောက်နှစ်ဖက် ဆင်းထားသည်။ အမေကြီးသည် ခေါင်းက ပြေကျသွားသော ဆံစုများနှင့် ဆင်စွယ်ဘီးကို ကောက်ယူကာ လက်နှစ်ဖက်တွင် မျှကိုင်ထားသည်။ ကျွန်မမှာ ခြေရင်းဘက်က ဆောင့်ကြောင့်ထိုင်လျက် ဘေးက သံပုံးထဲမှ ရေကို ခွက်နှင့် ခပ်လိုက်ကာ လောင်းတော့မည်ပြုစဉ် ရေခွက်ကြီးကို ရွယ်၍ ကြက်သီးဖြန်းဖြန်းထသွားသည်။ ကျွန်မမျက်စိထဲ၌ ခြေဆင်းထိုင်နေသော ကြီးကြီးခင်၏မျက်နှာကို မမြင်ရခြင်းမှာ အဆိုးဝါးဆုံး ဖြစ်သည်။
ဂုတ်ပေါ်တွင် ဆံပင်ဖားလျားနှင့် ခြေဆင်းလျက် ဇက်ကြီးကျိုးကျနေပုံသည် အသိသာ အမြင်သာဆုံးဖြစ်သဖြင့် သည်တစ်ကြိမ်ကလွဲ၍ နောက်တစ်ကြိမ် ဘယ်သူသေလို့မှ သည်လို လူသေကြီး ထိုင်နေပုံမျိုးကို မမြင်ပါရစေနဲ့ဟု စိတ်ထဲက ယောင်ရမ်းဆုတောင်းမိတော့သည်။
"ဟဲ့ … ကလေးမ၊ သည်လို မလောင်းကောင်းဘူး၊ ရေခွက်ကို ဘေးကနေ ပန်းပြီးတော့ အောက်ကို လောင်းချသွားရတယ်"
လူကောင်းကို ရေချိုးပေးသလိုပင် လက်ထဲက ရေခွက်ဖြင့် ပခုံးသို့ လှမ်းကာ ပခုံးမှ ရေလောင်းချပေးလိုက်မိသဖြင့် အဘိုးကြီးက ဆိုလိုက်သည်။ ကျွန်မမှာ သူပြောသည့်အတိုင်း လူသေ ရေချိုးနည်း၊ နိဿနည်းကျနအောင် သတိထားပြီး အတော်ကြိုးစား၍ လောင်းချိုးပေးရသည်။
"ဆပ်ပြာတိုက် … ဆပ်ပြာတိုက်"
အမေကြီးက ဆံစုများ ကိုင်ထားသော လက်ဘက်က မဟုတ်ဘဲ ဘီးကိုင်ထားသော လက်တစ်ဖက်ဖြင့် ဆပ်ပြာခွက်ကို လှမ်းယူလာပေး၍ ဆပ်ပြာခွက်ကို သူ့လက်ထဲမှ ဘီးလွတ်ကျမသွားအောင် အသာသတိထားပြီး လှမ်းယူလိုက်ရသည်။ ရေလောင်းရုံ မဟုတ်ဘဲ ဆပ်ပြာတိုက်ပေးရမည့် အလုပ်ကလည်း ကျွန်မအဖို့ မလွယ်လှပေ၊ တတ်နိုင်လျှင် မလုပ်ချင်သောစိတ် ဖြစ်မိသည်။ သေတယ်ဆိုတော့ သေတာနဲ့ ကိုင်ချင်တွယ်ချင်သည့်သူပင် မရှိတော့ပါကလားဟု မလုပ်ချင်သောစိတ်ကို ပထမ တရားချသည်။ တရားချပြီးမှ ဆပ်ပြာတုံးကို လက်ထဲပါအောင် ပွတ်ယူလိုက်ကာ အလောင်း၏ရင်နှင့် လက်နှစ်ဖက်ကို အနှံ့အပြား ပွတ်သုတ်ပေးရသည်။ ထို့နောက် ခြေထောက်ကို ဆပ်ပြာတိုက်ရန် ဒူးဆစ်လောက်အထိ လက်ကို ရေစိုထဘီအတွင်းသို့ လျှိုသွင်းလျက် လျှောက်ပွတ်ပေးရသည်။
ကျွန်မလုပ်သမျှ ဇက်ကျိုး၍ စင်းခံနေကာ ကိုယ်ငွေ့မရှိမှန်း၊ မလှုပ်ရှားနိုင်မှန်း၊ လူတစ်ယောက်က နောက်ကျောကို ကိုင်ထောင် ထူပေးထားမှန်း၊ သေနေမှန်း သိလျက် မြင်လျက်နှင့် ကျွန်မလုပ်၍ လှုပ်ယမ်းသွားလျှင် လှုပ်တာနှင့် တစ်ချက်တည်း ကျွန်မအား လှမ်းကိုင်ပုတ်လိုက်တော့မလောက် စိတ်ထဲတွင် ကယောင်ချောက်ချား ထင်မြင်ကာ ခေါင်းနပန်း ကြီးကြီးသွားခြင်းကို သည်တစ်ကြိမ်ပဲ ကြုံဖူးသည်။
ဆပ်ပြာများတိုက်ပြီးနောက် ဆောင့်ကြောင့်ထိုင်ရာက ရေကိုခပ်၍ ကုန်းထရပ်ကာ လောင်းချပေးသည်။ အလောင်းရှေ့တွင် ထိုသို့ကုန်းလိုက်ကွလိုက် ရေခပ်လိုက်လောင်းလိုက်နှင့်ပင် ကျွန်မလက်ထဲ ၀ကွက်ရောက်နေသော အလောင်းသည် ရေချိုးခြင်းကိစ္စ ပြီးသွားသည်။ အနားသို့ ဘယ်အချိန်က ရောက်နေမှန်းမသိသော မိန်းမရွယ်ရွယ်တစ်ယောက်သည် သူ့လက်ထဲမှ ထဘီတစ်ထည်ကို ကမ်းပေးသည်။ ရေချိုးနေတုန်း တစ်ချိန်လုံး အလောင်း၏ကျောကို ကိုင်ပေးထားသော အဘိုးကြီးက "ခေါင်းက စွပ်လိုက်" ဟု ပြောလိုက်သည်။
"မလုပ်ပါနဲ့ … ပေးပါ ... ဒီကို"
ကြီးကြီးခင်အသက်ရှင်စဉ်က ရေချိုးပြီး ဘယ်နည်းနှင့်မှ ထဘီကို ခေါင်းက စွပ်ဝတ်လိမ့်မည် မဟုတ်သဖြင့် ကျွန်မမှာ ထိုမိန်းမထဘီ ခေါင်းက စွပ်ချလိုက်မှာကို အသည်းယားသွားကာ သူ့လက်ထဲမှ ထဘီကို လှမ်းယူလိုက်သည်။ ထဘီရေစိုကို ညှစ်လိုက်ကာ ထဘီခြောက်ကို ခြေထောက်ကနေ၍ ရင်ခေါင်းရောက်အောင် တဖြည်းဖြည်းပင့်မသွင်းပေးပြီး ထဘီ ရင်လောက်ရောက်သွားမှ အောက်က ထဘီရေစိုကို ချွတ်ယူရလေသည်။ အသည်းအေးလောက်အောင် အေးစက်လှသော လူသေ၏အသားအေးပုံကြီးသည် လက်ထဲ၌ စွဲနေလေသည်။ ကျွန်မသည် ကျောထဲက စိမ့်သွားလျှက် လက်၌ စွဲနေသော အအေးကို စိတ်ဖျောက်ပစ်ကာ မိန်းမလက်ထဲက ဘော်လီအင်္ကျီကို လှမ်းယူလိုက်သည်။
"ဟဲ့ … ဟဲ့ … ပြောင်းပြန်ဝတ်"
ကျွန်မမှာ ဘော်လီအင်္ကျီကို လက်လျှိုပြီးမှ ကမန်းကတန်း ပြောင်းပြန် ပြန်လှည့်လျှိုလိုက်ကာ ကျောတွင်သွား၍ ကြယ်စိတပ်ပေးရသည်။ လူကို သေတာနှင့် ကြည့်မကောင်းအောင် ကိုးရိုးကားရား ပြောင်းပြန်ဇောက်ထိုး လုပ်ကြပုံကို သေသောသူက သေလို့သာ ခံနေတာဟု တွေးလိုက်မိသည်။ ကြီးကြီးခင်သည် ဒိုဗီချ ပဒုမ္မာအင်္ကျီကို ပြောင်းပြန်ဝတ်လျက် ဘယ်သူ့ကိုမှ မကြည့်ဘဲ ရင်ပတ်နှင့်မေးစေ့ ထိလုအောင် ငုံ့ထိုင်နေကာ ဆံပင်ဖားလျား လက်ကားယားဖြင့် ခြေဆင်းထားသည်။
"ကိုင်း … ရွှေ့ရအောင်၊ အပြင်မှာ ခုတင် ဆင်ထားပြီးပြီ"
ပို့မယ့်ပို့ ခုတင်ရောက်အောင်ပို့မှဟု အောက်မေ့ရတော့ကာ အလောင်းရွှေ့ရမည့်နေရာနှင့် အပြင်ဘက်က ခုတင်မှာ မနီးလှ၍ အဘိုးကြီးနှင့်ကျွန်မ ပွေ့ဖို့ရာ နိုင်မှနိုင်ပါ့မလားဟု ပူပန်လိုက်မိသည်။ ကျွန်မ၏ ရှိရှိသမျှခွန်အားကို ထုတ်လျက် အလောင်းကြီးကို တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင် သူတစ်ဖက် ကိုယ်တစ်ဖက် လက်သွင်းကာ ပွေ့ချီလိုက်ကြသည်။ ယူသွားမည့်လမ်းတွင် အဆင်းတွေ အကွေ့တွေရှိ၍ လက်ပေါ်ရောက်တာနှင့် လေးလွန်းလှသဖြင့် နိုင်မှာမဟုတ်ဘူးထင်ကာ မျက်လုံးများပင် ပြာသွားသည်။
ကျောင်းသို့ ရောက်ရှိနေသော ပရိသတ်မှာ စုရုံးစုရုံးဖြင့် ခပ်လှမ်းလှမ်းကနေ ကြည့်နေကြလျက် ကျွန်မတို့ အလောင်းကို ပွေ့လိုက်တာမြင်လျှင် ရှဲသွားကြကာ နံရံသို့ သွားကပ်နေကြသည်။ ကိုယ် မချီနိုင်သော ၀န်ထုပ်ဝန်ပိုးကြီးကို ခုတင်နားရောက်အောင် ဟီးတိုက်၍ ချီပွေ့ ရွှေ့လာခဲ့ကြရ၏။ အလောင်းကို ပွေ့လာရင်း ပျဉ်ပေါ်တွင် နင်းခဲ့ကြသော ခြေနင်းသံများသည် နားထဲတွင် တဒိန်းဒိန်း၊ တဒုံးဒုံး ပြန်ကြားနေရသည်။ အဘိုးကြီးနှင့် ကျွန်မ၏အသက်ရှူသံသည်လည်း အဂ္ဂိရတ်ဖိုဆွဲနေသည့် ရှူးရှဲ ရှူးရှဲ အသံမြည်နေသကဲ့သို့ မြည်နေလေသည်။
လမ်းခုလတ်တွင် ကျွန်မတို့ မနိုင်မနင်းဖြစ်နေမှန်း မြင်၍ ထဘီလာကမ်းပေးသော မိန်းမသည် မနေသာဘဲ ခြေထောက်ဘက်က ၀င်ကူမ ပေးလိုက်သဖြင့် ထိုမိန်းမကို ကျေးဇူးတင်မိခြင်းမှာ ပြောမပြတတ်လောက်အောင်ပင် ဖြစ်သည်။ ကျွန်မမှာ ကိုယ်ပွေ့လာသော ပစ္စည်းကို မျက်စိ၌ သေသေချာချာ မမြင်တော့ပေ။ ဇောနှင့်ဖြစ်၍ သူနှင့် ခွာသည့်အခါကျမှပင် ကျွန်မပခုံးပေါ်တွင် ဆံပင် ဆံတိုကလေး ၀ဲကျပါလာသော သူ့အား မြင်လို့မပြီး၊ မြင်လို့မဆုံး ဖြစ်နေပေလိမ့်မည်။ ခုတင်နားရောက်လျှင် အနားတွင် ရပ်ကြည့်နေကြသော မိန်းမကြီးတစ်ဦးက … "ပြင်ပါရစေ ပြောချနော် … ပြင်မယ်လို့ ပြောချ" ဟု ကတိုက်ကရိုက် လှမ်းပြောလိုက်သည်။
အကယ်၍ အလောင်းချပြီး ရွဲ့နေခဲ့လျှင် နှစ်ခါထပ်မပြင်ကောင်း၍ စောစောကတည်းက မချခင် ပါးစပ်က ပြောထားရမည့်စည်းကမ်းကို သဘောပေါက်သွားမိသည်။ ခုတင်ပေါ်ရှိ ပိတ်ဖြူ ခင်းထားရာပေါ်သို့ ချလိုက်ကြသည့်အခါ အလောင်းကြီးမှာ မတည့်ဘဲ စွေစောင်းရွဲ့နေလေသည်။ သို့သော် ပါးစပ်က ပြင်မယ်ဟု အရင်ပြောထားနှင့်ပြီးကြ၍ ကိစ္စမရှိ။ တစ်ခါ ပြန်မ၍ တည့်တည့် ထားလိုက်ကြသည်။ အံကြိတ်၍ မှုန်ကုပ်ကာ ရှုံ့လျက်ရှိသော ကျွန်မမျက်နှာကို ပင်ပန်းကြီးစွာပင့်၍ ပြန်ဟင်းချလိုက်ပြီး ကြီးကြီးခင်၏မျက်နှာကို စိုက်ကြည့်လိုက်သည်။
လောကလူ့ဘောင်ကြီးတွင် နေရစ်ခဲ့သော ကျွန်မအား အမျိုးမျိုးအဖုံဖုံ သင်ခန်းစာများ ပေးသွားသော ကျေးဇူးရှင်အား သူ၏အကျင့်သီလနှင့် စိတ်စေတနာများကို နှစ်လိုကြည်ညိုစွာ ကြည်ညိုပြီး ကြည်ညိုရင်းဖြင့် ရင်ထဲ၌ တသသ ကြည်ညိုနေမိလျက် နောက်ဆုံးတွင် ကျွန်မသည် မချိတရိဖြင့်ပင် စိတ်ထဲက သေသူအား ပန်ကြားတမ်းတလိုက်ကာ မည်သူ့ကိုမျှ မကြည့်ဘဲ အလောင်းနားမှ လှည့်ထွက်လာခဲ့သည်။
"ဂူသွင်းပါ့မယ် ကြီးကြီးခင်"
-----------------------------------
#ဂျာနယ်ကျော်မမလေး
crd 👉 ShweZinU
Comments
Post a Comment