မြင်းပွဲ
#မြင်းပွဲ
ဤမြင်းပွဲကား ရန်ကုန်မြို့တွင် စနေနေ့တိုင်း ကျင်းပနေသော မြင်းပွဲမဟုတ်ပါ။ အထက်အညာ ဗိုလ်တဲတခု၏ဝင်းအတွင်း ကျင်းပနေသော မြင်းပွဲဖြစ်လေသည်။ ဖောင်တော်ဦးဘုရားပွဲတွင် မြင်းအမြောက်အမြား ရောက်မည် ဟူ၍ ကြားသောကြောင့် မြင်းတကောင်ကို ဝယ်အံ့ဟု မောင်လူအေးသည် နေအိမ်မှ ထွက်လာပြီးလျှင် ဖောင်တော်ဦးဘုရားနှင့် မနီးမဝေးတွင် တည်ရှိသော ဗိုလ်တဲ၌ စခန်းချလျက်နေ၏။ ဖောင်တော်ဦးဘုရားတွင် လူစည်ကားသည်ကိုလည်းကောင်း၊ မောင်လူအေး မြင်းကောင်းတစီးရသည်ကိုလည်းကောင်း မရှုစိမ့်နိုင်သော သိကြားမင်းနှင့် မိုးနတ်သားတို့သည် ဖောင်တော်ဦးဘုရားပွဲကျင်းပသောအချိန်တွင် မိုးကြီး သည်းထန်စွာ ရွာသွန်းစေ၏။ သိကြားမင်းနှင့်မိုးနတ်သားတို့၏ ပယောဂကြောင့် ဘုရားပွဲကြီးလည်း ပျက်၊ မောင်လူအေးလည်း ဘုရားပွဲသို့ မရောက်ဘဲ ရှိနေခဲ့လေ၏။
ဘုရားပွဲကြီး ပျက်စီး၍သွားသော်လည်း ဘုရားပွဲကျခါမှ ရောင်းအံ့ဟု ခဲ၍ထားကြကုန်သော မြင်းပိုင်ရှင်တို့ကား အဘယ်မှာလျှင် စိတ်ပျက်အံ့နည်း။ ဘုရားပွဲသို့ လာမြဲတိုင်း လာကြကုန်၏။ ဘုရားပွဲတွင် လူမရှိကြောင်းကို သိကြသော အခါကျမှ စိတ်ပျက်ကာ အနီးအနားရွာများတွင် စခန်းချလျက် မြင်းဝယ်လိုသူတို့၏သတင်း နားစွင့်ကာ နားထောင်နေကြလေသည်။ ဤသို့နားစွင့်ကာ နားထောင်နေကြသော မြင်းရှင်များ၏နားသို့ မောင်လူအေး မြင်းဝယ်လိုသည် ဟူသော သတင်းသည် အဘယ်နည်းဖြင့် ရောက်သွားသည်မသိ။ ရောက်၍ကား သွားပေသည်။
မောင်လူအေးသည် နံနက်စောစော ကာဖီသောက်ပြီး၍ ဗိုလ်တဲ ဝရံတာတွင် သတင်းစာတစောင်ကိုဖတ်နေခိုက် မြင်းသုံးစီးဖြင့် လူသုံးယောက် ပေါက်လာကြကုန်၏။ အစိုးရကိစ္စနှင့်ပတ်သက်၍ လျှောက်ရန်ရှိသောကြောင့် လာကြသည်ထင်သဖြင့် သတင်းစာကိုဖတ်ယင်း စောင့်စားနေ၏။ အတန်ကလေးကြာလျှင် ဇီးဖြူပင် သူကြီးမင်းနှင့် လူသုံး လေးယောက် မြင်းကိုယ်စီနှင့် ပေါက်၍လာကြပြန်၏။ သူကြီးမင်း မိမိနှင့် တွေချင်သောကြောင့် လာသည်ထင်၍ ဗိုလ်တဲပေါ်သို့ သူကြီးမင်းတက်အလာကိုသာ စောင့်စားယင်း သတင်းစာကို ဆက်၍ဖတ်နေပြန်၏။ မကြာမီ မြင်းဆယ်စီးခန့်နှင့်လူဆယ်ယောက် ပေါက်၍လာပြန်၏။ သူတို့အထဲတွင် ဆင်နက်ကျွန်းသူကြီးမင်း ဦးဘသစ်လည်း ပါလာလေသည်။
အလို ... သည်လူတွေ ဘာကိစ္စတွေနှင့် လာကြပါလိမ့်။ ဧကန္တ မြင်းရောင်းရန် လာကြဟန်တူလေသည်။ မည်သူမျှလည်း ဗိုလ်တဲ့အပေါ် သို့ တက်မလာ။ သူတို့ တက်မလာလျှင် ငါဆင်းမှ တော်တော့မည်ဟု စိတ်ကူးကာ ဗိုလ်တဲအောက်ထပ်သို့ ဆင်း၍သွား၏။
ဗိုလ်တဲအောက်သို့ ရောက်လေသော် ဝင်းအတွင်း မြင်းဖြူ၊ မြင်းနီ၊ မြင်းနက်မှစ၍ အရောင်အမျိုးမျိုး၊ အရွယ်အမျိုးမျိုးတို့နှင့် ပြည့်လျက်နေသည်ကို တွေ့မြင်ရ၏။ ဆင်နက်ကျွန်းသူကြီး ဦးဘသစ်နှင့် စကားပြောနေခိုက် မြင်းနီတကောင်ကို စီးလျက် ရောက်လာသူကား မြို့ပိုင်ကလေး ဦးဘဟန် ဖြစ်လေသည်။ သူ့နောက်မှလည်း မြင်းဖြူရှင် နှစ်ဦး သုံးဦး ပါလာသေး၏။ ဦးဘဟန်ကား အညာသားဖြစ်သောကြောင့် မြင်းကျမ်း အတော်အတန်ကျေသူဖြစ်လေသည်။ အညာမှာ မြင်းပေါသောကြောင့်တည်း။ အကယ်၍ မောင်လူအေး မြင်းကောင်းကို ဝယ်မိက တော်၏။ မြင်းဆိုးကို ဝယ်မိက ခက်ချေတော့မည်။ ဤသို့ တွေးတောမိသည့်အတိုင်း မောင်လူအေး မြင်းမဝယ်ခင် အရောက်ပြေးလာခြင်းပင်ဖြစ်လေသည်။ ဝမ်းလည်းမြောက်၊ ကျေးဇူးလည်း တင်စရာပေပ။ ထိုထက် မကသေး၊ မိမိထက် အဆအရာအထောင်မက မြင်းကျမ်းကျေသူ မြင်းပွဲစားဦးဘိုးသာကိုလည်း ခေါ်ခဲ့ပေသေးသည်။ ဤမျှ မြင်းကျမ်းကျေသူ ပုဂ္ဂိုလ်ကြီးများ ရှိပါလျက် မောင်လူအေး မြင်းဆိုးကို ဝယ်မိသည်ရှိသော် မောင်လူအေး ကံခေသောကြောင့်သာ ဖြစ်ရမည်။
မောင်လူအေးနှင့် မြို့ပိုင်ကလေးဦးဘဟန်တို့ စကားကောင်းနေကြခိုက် မြင်းရှင်အပေါင်းတို့မှာ ငြိမ်သက်စွာ စောင့်စား၍နေကြလေသည်။ ထိုသူတို့စောင့်စားနေကြ၍ အတန်ကလေးကြာခါမှ မြင်းပွဲကြီး စလေတော့သတည်း။
ဤမြင်းပွဲကြီးမှာ ရန်ကုန်မြင်းပွဲတို့ထက် ကောင်း မကောင်းကို ချင့်ချိန်ကြပါကုန်။
လက်ဦးဆုံး မြင်းဖြူမတကောင်ကို အစီးခိုင်း၏။ မြန်မာကုံးနှီးနှင့်၊ ကကြိုးတန်ဆာ အစိမ်းရောင်များကား အလွန်မှပင် လှပကြပေသည်။ မြင်းရှင်မှာလည်း မင်းသားကြီးကဲ့သို့ ခေါင်းပေါင်း ပေါင်းထားသောကြောင့် မြင်းနှင့်မြင်းရှင် အလွန်မှပင် ပနံရလျက်နေကြလေသည်။ ထိုမြင်းရှင်သည် မိမိ၏မြင်းကို ဗိုလ်တဲပတ်ကာ အကြိမ်ပေါင်းများစွာ စီး၍ပြရှာ၏။ အခြားမြင်းရှင်တို့ကား ထိုမြင်းကို အသေအချာ စိုက်ကြည့်သူကကြည့်၊ အနီးအနားတွင် ရှိသူအား တီးတိုးစကား ပြောသူကပြော၊ မောင်လူအေးနှင့် ဦးဘဟန်တို့၏မျက်နှာကဲကို ခတ်သူက ခတ်လျက် နေကြကုန်၏။ မောင်လူအေးကား မြင်းကောင်းသည် မကောင်းသည်ကို မကြည့်နိုင်။ မြင်းပေါ်မှ လူမှာ ရုပ်သေးထဲက မင်းသားကြီး မြင်းစီးသည်နှင့် တူသည်ကိုသာလျှင် သဘောကျလျက်နေလေသတည်း။ နောက်ဆုံးတွင် မြင်းလည်းမော၊ လူလည်းမော၊ ချွေးတလုံးလုံးနှင့် နေကြတော့မှ မောင်လူအေးက အရပ်ခိုင်းလေသည်။ မြင်းပေါ်မှလူ ဆင်းလိုက်သောအခါ မြို့ပိုင်ကလေး ဦးဘဟန်က သည်မြင်းမ နောက်ခြေ ကောင်းကောင်းမသန်ဟု မှတ်ချက်ချ၏။ မြင်းရှင်ခမျာမှာ မျက်နှာပျက်၍သွားလေသည်။ သိုသော် မည်သို့မျှ မဆို။
နောက်တကောင်ကို အစီးခိုင်းပြန်၏။ ဤအကြိမ်ကား မြင်းနက်ကြီး ဖြစ်လေသည်။ လှက လှပါဘိသနှင့်။ ဝလိုက်သည်မှာလည်း လုံးလျက်နေလေသည်။ ကကြိုးတန်ဆာများမှာ ပန်းရောင်၊ အထူးကြည့်၍ကောင်း၏။ မြင်းရှင်ကလည်း ရှမ်းဘောင်ဘီအပြာကို ဝတ်ထား၏။ ရှမ်းဦးထုပ်အပြာကိုလည်း ဆောင်းလိုက်သေး။ အသက်ကလည်း ခပ်ငယ်ငယ်။ မောင်လူအေး၏စိတ်ထဲတွင် ရုပ်ရှင်မင်းသား မောင်ဘတင့် ဗိုလ်ဝလို ဝတ်စားထားသည်ကို မြင်ယောင်ယောင်နေလေသည်။ ထိုဗိုလ်ဝနှင့် မြင်းနက်ကြီးတို့လည်း ဗိုလ်တဲကို အကြိမ်ပေါင်းများစွာ ပတ်ခဲ့လေပြီ။ မောင်လူအေး၏မျက်စိထဲတွင် ကြည့်၍ကောင်းတုန်းပင်။ နောက်ဆုံး အတော်မောသောအခါကျမှ အရပ်ခိုင်းတော့၏။
မောင်လူအေး ထိုမြင်းနက်ကြီးကို သဘောကျလေပြီ။
“နေပါဦး နေပါဦး။ သေသေချာချာ ကြည့်ပါဦး”ဟုဆိုကာ ဦးဘဟန်သည် မြင်းကို အသေအချာ ကြည့်လေသည်။ နောက်ဆုံးတွင် ထိုမြင်း၌ သူကောင်ဆွဲ ဗွေပါသည်ဟု မှတ်ချက်ချလေသည်။ ထိုဗွေကား လူကို ခိုက်တတ်လေသည်။ မောင်လူအေး အဘယ်မှာလျှင် မြင်းနက်ကြီးကို ဝယ်ဝံ့တော့အံ့နည်း။ မြင်းရှင်ကား မကျေမနပ်။ ချွေးများကို သုတ်နေရှာ၏။
ထို့နောက် တကောင်ကို အစီးခိုင်းပြန်၏။ ထိုမြင်းကား မြင်းနီမကြီး ဖြစ်လေသည်။ ထွားထွားကျိုင်းကျိုင်း၊ လည်ဆံဖားဖားနှင့် ယခင်က မြင်းများထက်ပင် လှပပေသေးသည်။ ဤမြင်းတွင် ထူးခြားသောအချက်ကား ကုံးနှီးမပါခြင်း ပင်တည်း။ မြင်းရှင်သည် မိမိ၏မြင်းကို ကုံးနှီးမပါဘဲ စီး၍ပြ၏။ ဆိုလိုရင်းကား ကုံးနှီးမပါဘဲ ငြိမ်ငြိမ် စီး၍ရလျှင် ကုံးနှီးပါလေက အဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်းဟူသော ဆိုလိုရင်းပင် ဖြစ်လေသည်။
မြင်းကိုချည်း မကြည့်ပါနှင့်ဦး။ မြင်းရှင်ကိုလည်း သတိထား၍ ကြည့်ကြပါ။ ပါးစပ်တွင် သွားတချောင်းမျှ မရှိ။ အသက်ကား ၄၀ကျော်သာ ရှိသေးသည်။ မျက်မှန်ကိုလည်း တပ်ထားလေသေးသည်။ ဦးခေါင်းက ပြောင်ရသည့်အထဲ မျက်နှာသုတ်ပုဝါကို လည်မှာ ပတ်ထားပြန်၏။ ထိုမြင်းဆရာ ဂိုက်ကျကျ ဟန်ပါပါ မိမိ၏မြင်းပေါ် တွင် ထိုင်နေသည်မှာ ကဏ္ဍိက၏ဆရာ မောင်ဆန်နှင့် ခပ်ဆင်ဆင် တူပေလိမ့်မည်။ မြင်းပေါ်က စီးသောကြောင့်သာ မောင်ဆန်ဟူ၍ အတတ်မစွဲနိုင်။ အကယ်၍သာ မြင်း၏အမြီးကို ဆွဲလိုက်မည်ဖြစ်မူ မောင်ဆန်ဟူ၍ လူတကာကခေါ်မည် ဖြစ်လေသည်။ မောင်ဆန်ကို ကြည့်ရသည်နှင့်ပင် မြင်းကို မကြည့်နိုင်တော့ပြီ။ မြင်းပြိုင်ပွဲကြီးကို ကြည့်နေကြသူတို့လည်း မောင်ဆန်ကို ကြည့်ကာ တဟားဟား တဝါးဝါးနှင့် နေကြကုန်၏။
မောင်ဆန်သည်လည်းကောင်း၊ မြင်းသည်လည်းကောင်း မည်သူ့အားမျှ ဂရုမစိုက်၊ မိမိတို့၏တာဝန်ကိုသာလျှင် ကျေပြွန်အောင် ထမ်းဆောင်သွားကြလေသည်။ နောက်ဆုံး အတော်မောသွားကြသောအခါကျမှ ရပ်လိုက်ကြ၏။ မောင်ဆန် မြင်းပေါ်မှ ဆင်းလိုက်သည်နှင့်တပြိုင်နက် ဦးဘဟန် မြင်းအနားသို့သွားပြီးလျှင် မြင်းကို အသေအချာ စုံစမ်းလေသည်။ နောက်ဆုံးတွင် ဤမြင်း၌ ဗ္ဗေသင်ဖြူးခင်းရှိသည်ဟူ၍ မှတ်ချက်ချ၏။ ဤဗွေလည်း ဗွေဆိုးပင်။ မောင်လူအေး မဝယ်ဝံ့။ ကဏ္ဍိကနှင့်မောင်ဆန်တို့ ဗိုလ်တဲဝင်းအတွင်းမှ မကျေမနပ် ထွက်သွားကြလေသတည်း။
ထို့နောက် တကောင်ကို အစီးခိုင်းပြန်၏။ ဤမြင်းကား ဖောင်းဝတ် ဖြစ်လေသည်။ အတော်ပင် ကြွားသော မြင်းဖြစ်၏။ အပြေးလည်း နေရာကျ၊ လှလည်း လှ၊ ဆတ်လည်း ဆတ်၊ ရိုးပုံလည်း ပေါ်၊ မောင်လူအေး အတော်ပင် သဘောကျလေသည်။ ထိုမြင်းကို ဝယ်ရန် ဆုံးဖြတ်လိုက်၏။ အကြောင်းကို ဦးဘဟန်အား ပြောကြားပြီးလျှင် ဈေးအဆစ်ခိုင်းလေသည်။ ဦးဘဟန်သည် မြင်း၏အဖိုးကို မစုံစမ်းမီ မြင်းကို စစ်ဆေးပြန်၏။ ဗွေဆိုး တခုမျှ မပါ။ နေရာကျပြီ။ ဝယ်ရန်သာ လိုတော့၏။ ဈေးတည့်ပါက မောင်လူအေး၏မြင်းဖြစ်တော့မည်။
သို့သော် နေပါဦး။ မြင်းပွဲစား ဦးဘိုးသာအား ပြဦးမှ နေရာကျမည်။ ဦးဘိုးသာအား မြင်းကို ပြ၏။ ဦးဘိုးသာလည်း မြင်းကို အသေအချာ စစ်ဆေးပြီးလျှင် ထိုမြင်း၌ ဗွေမျက်ရည်သုတ် ရှိသည်ဟု မှတ်ချက်ချ၏။ ဗွေမျက်ရည်သုတ်ပါသော မြင်းကား သခင်ကို ခိုက်တတ်၏။ ကောင်းပြီ။ မောင်လူအေး မဝယ်ဝံ့။
ထို့နောက် တကောင်ကို အစီးခိုင်းပြန်၏။ ထိုမြင်းလည်း ပြေးပုံ လွှားပုံ၊ ခုန်ပုံ ပေါက်ပုံ အလွန်နေရာကျလေသည်။ ဘာမျှဆိုစရာမရှိ။ လှလည်း လှလေသည်။ ဝလည်း ဝလေသည်။ ကြွားလည်း ကြွားလေသည်။ အသွားလည်း ကောင်းလေသည်။ ဤမြင်းထက်သာသော မြင်းကား ကဏ္ဍိကတစီးသာ ရှိတော့မည်။ မောင်လူအေးလည်း သဘောကျ၊ ဦးဘဟန်လည်း သဘောကျ၊ သို့သော် ဦးဘိုးသာက သဘောမကျချေ။ ထိုမြင်းတွင် ဗွေသန်လျက် ပါလေသည်။ ဤဗွေလည်း ဗွေဆိုးဖြစ်၏။ မောင်လူအေး မဝယ်ချင်။
ထို့နောက် မြင်းတကောင် ပြီးလျှင် တကောင်ကို အစီးခိုင်း၏။ မြင်းကောင်းချည်း ဖြစ်လေသည်။ သို့ရာတွင် မြင်းတိုင်းတွင် ဗွေဆိုးတမျိုးမျိုး ပါသည်ချည်းဖြစ်လေသည်။ မြင်း ၃၀ အနက် တကောင်မျှ ဗွေဆိုး မလွတ်။ အကယ်၍သာ ဗွေဆိုးများကို ရှောင်နေမည်ဖြစ်မူ မောင်လူအေးသည် အဘယ်နံရောအခါကာလမှ မြင်းပိုင်ရှင်တယောက် ဖြစ်ပါတော့အံ့နည်း။
---------------------
#သိပ္ပံမောင်ဝ
၁၂၉၇ ခု၊ တပို့တွဲလ။
Comments
Post a Comment