မြင်း​တွေ

#မြင်းတွေ

“မြင်းတွေ၊ မြင်းတွေ” ဟူ၍ ကျောင်းကုန်းရွာရှိ ကလေးတတွေမှာ ဆူညံစွာ အော်ဟစ်ကာ နေကြလေသည်။ မိဘများအား ခေါ် ပြသူ၊ အချင်းချင်း လက်ညှိုးထိုးကာ ပြသူပြ၊ လမ်းဘေးမှ အိမ်ဝင်းအတွင်း ဝင်ပြေးသူပြေး၊ လမ်းထဲတွင် ပြေးလွှားကစားနေကြသော ကလေးများကို မနိုင့်တနိုင်နှင့် ချီပွေ့သွားသူသွား၊ ပျော်လည်း ပျော်ကြ၊ အံ့လည်း အံ့ဩကြ၊ ကြောက်လည်း ကြောက်ကြလေသည်။ ထိုကလေးတွေ၏စိတ်ထဲတွင် မည်သို့နေမှန်း မသိပေ။
ထိုမြင်းတွေကား လေးကောင်မျှသာတည်း။ အားလုံး မြင်းနီချည်း ဖြစ်လေသည်။

ရှေ့ဆုံးတွင် ခပ်မှန်မှန်ပြေးလာသော မြင်းကား အတော်ပင် အရပ်အမောင်းကောင်း၏။ ပြေးပုံ ခပ်ကြမ်းကြမ်း၊ ဦးခေါင်းကြီးကို မော်၍လာလေသည်။ ထိုမြင်းကြီးကား မြန်မာပြည်ဖွား မဟုတ်၊ ရှမ်းပြည်ဖွားမဟုတ်၊ အိန္ဒိယပြည်ဖွား မဒရပ် မြင်းအစားထဲက ဖြစ်လေသည်။ ထိုမြင်းကြီးပေါ်တွင် ပါလာသူကား တရုတ်ဘောင်းဘီအနက်၊ ကာကီရောင် ရှပ်အင်္ကျီ၊ ဗ​လေဇာ အနက်တို့ကို ဝတ်ထား၏။ ဦးခေါင်းတွင်ကား ကာကီရောင် ဦးထုပ်ကို ဆောင်းထားလေသည်။ လက်ထဲတွင် မည်သည့်အရာမျှ မပါ။ ပါးစပ်တွင်ကား စီးကရက် တပ်ထားသော စွပ်တံကို ခဲ၍ထား၏။ မီးမညှိရသေး။ မြင်းပေါ်တွင် ဖြစ်သောကြောင့် မီးညှိ၍ မရသောကြောင့် ဖြစ်ဟန်တူလေသည်။ ထိုသူကား မိမိဖြတ်၍သွားသော ကျောင်းကုန်းရွာသားများကို အမှုမထား၊ ခပ်တည်တည် မြင်းကို စီး၍သွား၏။ ရွာသားတို့၏စိတ်တွင်ကား ထိုသူသည် ဝန်ထောက်လော၊ မြို့အုပ်လော၊ ဘာလော၊ ညာလော စသဖြင့် အမျိုးမျိုး တွေးတော ကြံဆလျက်နေကြလေသည်။

ထိုမြင်းကြီး၏နောက် မြင်းမကလေးပေါ်တွင် ပါလာသူကား စမာရွာသူကြီးမင်း မောင်ဘိုးရင် ဖြစ်၏။ သူ၏လက်တဖက်က ဇက်ကြိုးကိုဆွဲ၊ ကျန်တဖက်က နှစ်လုံးပူး သေနတ်ကြီးကို ကိုင်လာလေသည်။ မည်သူ့ကို ပစ်မည်မသိ။ ယခင်လကပင် လူတယောက်ကို သေနတ်ဖြင့် ပစ်၍ အချုပ်ခံရ၏။ ကံကောင်းသောကြောင့်သာ လွတ်၍သွားလေသည်။ သူ၏မျက်နှာမှာ လွန်စွာမှပင် ကြောက်စရာကောင်း၏။ အသားက မဲမဲ၊ ဆံပင်က တိုတို၊ သူဝတ်ထားလိုက်သည်မှာလည်း တရုတ်ဘောင်းဘီအနက်၊ ကာကီရောင် ရှပ်အင်္ကျီများ ဖြစ်လေသည်။ လူကလည်း ကြမ်းကြမ်း၊ စိတ်ကလည်း ထန်ထန်၊ အင်မတန်မှ တန်ခိုးကြီးသောသူကြီး ဖြစ်လေသည်။

ထိုသူကြီးမင်း၏ နောက်မှ မြင်းပေါ်တွင်ကား မောင်ဘိုးရွှေ ဖြစ်ပါသည်။ မောင်ဘိုးရွှေကား နယ်ပိုင်မင်း၏ရုံးပြာတာ ဖြစ်၏။ သူ၏အရပ်ကား ခြောက်ပေနီးပါး။ သူ၏ကိုယ်လုံးမှာ သေးသေး။ သူ၏အသားမှာ မဲမဲ ဖြစ်လေသည်။ ဗိုလ်ကေမှာ ဖိုးရိုးဖားရား။ ဝတ်ထားသော လုံချည်မှာ အနက်။ လွယ်လာသော လွယ်အိတ်မှာလည်း အနက်ပင်။ မောင်ဘိုးရွှေကား မည်သူကိုမျှ အမှုမထား၊ ဝန်ထောက်နှင့် သူကြီးတို့၏ရှေ့မှ ပြေး၍ မသွားရသည်ကိုသာလျှင် မကျေမနပ်ဖြစ်၍လာ၏။ ရှေးဟောင်းနှောင်းဖြစ်တို့ကို တွေးတောယင်း မြင်းပေါ် တွင် သွေးကြီးကာ လာလေသည်။ မိမိ ပခုက္ကူနယ်တွင် နေထိုင်စဉ်က ပခုက္ကူမြို့ မြင်းပြိုင်ပွဲတွင် ဝင်၍ နွှဲခဲ့သည်များကိုလည်း​ကောင်း၊ သူစီး မြင်း ပဌမရ၍ မြင်းရှင်က ကောင်းကောင်းပေးသဖြင့် ၎င်းငွေနှင့် ပျော်ပျော်ပါးပါး သွားလား၊ လာလား လုပ်ခဲ့သည်များကိုလည်း​ကောင်း စဥ်းစားမိ၏။ ရှေးအခါက သူတကာ၏ရှေ့မှ စီးခဲ့ရဘူးသော်လည်း ယခုကား သူတကာ၏နောက်မှ ခပ်ဖြည်းဖြည်း လိုက်လာရလေသည်။ ကျေနပ်ဘွယ်ရာ မရှိပေ။ မိမိ၏မြင်းကို စိုင်းကာ သူကြီးတို့၊ ဝန်ထောက်တို့ ရှေ့ကို တက်သွားချင်၏။ သို့သော် မတက်ဝံ့ရှာပေ။ သူတို့မှာကား သူကြီးဖြစ်၏။ ဝန်ထောက်ဖြစ်၏။ မိမိကား ပြာတာမျှသာ ဖြစ်လေသည်။ သို့သော် မြင်းစီးရာတွင် သူတို့ထက် မိမိက သာ၏။ မိမိနှင့် ပြိုင်၍ စီးဝံ့ကြမည်မဟုတ် စသဖြင့် တွေးတောကာ စိတ်ကြီးဝင်လျက် လိုက်ပါလာလေသတည်း။

မောင်ဘိုးရွှေ၏နောက်မှ လိုက်လာသူကား နယ်ပိုင်ရုံးစာရေး မောင်ဖျန်စိန် ဖြစ်လေသည်။ သူကား တရုတ်ကပြား၊ ရိုးသားသူ ဖြစ်၏။ ကြောက်လည်း ကြောက်တတ်၊ စကားလည်းနည်း၊ နှေးလည်း နှေးကွေးသူတည်း။ မောင်ဖျန်စိန်မှာ မိမိ၏မြင်းကို နိုင်အောင်သာလျှင် ကြိုးစားအားထုတ်ကာ နေရရှာ၏။ ဝါတော် ၆ဝရပြီးသား ဘုန်းတော်ကြီးကဲ့သို့ စက္ခုဣနြေကို ချကာ မြင်း၏ဦးခေါင်းကိုသာလျှင် စိုက်၍ ကြည့်လာ၏။ မြင်း၏ဇက်ကြိုးကိုလည်း လက်နှစ်ဖက်ဖြင့် စုံကိုင်ကာ ခပ်တင်းတင်း ဆွဲထားလေသည်။ နဖူးမှ ချွေးလုံးကြီးများ စီးဆင်း၍နေသည်ကိုပင် လက်ဖြင့် မသုတ်နိုင်ရှာပေ။ အကယ်၍ မြင်းဆွဲပြေးမှဖြင့် ခက်လေတော့မည်။ မောင်ဖျန်စိန်ကား မြင်းကျောပေါ်သို့ တခါမျှ မရောက်ဘူးချေ။ ယခုမှသာလျှင် ဝန်ထောက်ကို ကြောက်သောကြောင့် အရဲစွန့်ကာ လိုက်ပါလာရခြင်းဖြစ်လေသည်။

မြင်း၏စိတ်တွင်ကား မိမိ၏ကျောပေါ်၌ ပါလာသူမှာ မည်သို့သောသူနည်းဟု တွေးတော၍ နေ၏။ မိမိကို စီးဘူးသူ များလှလေပြီ။ ဤကဲ့သို့ တယောက်မျှ မကြုံဘူးသေးပေ။ ဇက်ကြိုးကို တင်းတင်းကြီး ဆွဲထားသောကြောင့် အသွားရ ခက်လှပေသည်။ စိတ်ပေါက်ပေါက်ရှိလှသဖြင့် ဇွတ်အတင်း ရပ်လျက်နေ၏။ မောင်ဖျန်စိန်ကား မည်သို့မျှ မလုပ်တတ်တော့ပေ။ မြင်းရပ်နေသောအခါ အနီးအနားတွင်ရှိကြသော ကလေးများအား အမောင်းခိုင်းမည် ကြံသေး၏။ အကယ်၍ မိမိ၏မြင်း တအားကုန်လွှတ်၍ ပြေးမည်ဆိုက ခက်လေတော့မည်။ မြင်းနှင့်ဖျန်စိန်၊ ဖျန်စိန်နှင့်မြင်း၊ စစ်ခင်းနေကြလေပြီ။ ကြာလျှင် မတတ်နိုင်၊ ရှေ့ကစီးသွားသော ပြာတာမောင်ဘိုးရွှေအား ဟစ်၍ ခေါ် ရရှာ၏။ မောင်ဘိုးရွှေ လာ၍ ဇက်ကြိုးကိုဆွဲကာ ခေါ်သွားတော့မှ ကိုယ်တော်မြတ်မြင်းမှာ လိုက်ပါသွားလေသည်။

သို့နှင့်ပင် အပြင်ဖက် ကွင်းကြီးထဲသို့ ရောက်သွားကြကုန်၏။ အချိန်ကား နံနက်ခင်း ရှစ်နာရီခန့်သာ ရှိသေးသည်။ မိုးတွင်းအခါဖြစ်သောကြောင့် မိုးအုံ့လျက်နေ၏။ မအေးမပူ၊ နေ၍ကောင်းရုံကလေး ဖြစ်လေသည်။ ကွင်းထဲတွင် မြင်းလေးစီးတို့ကို စီးကာ ဖြတ်သွားကြရာ ခပ်လှမ်းလှမ်းတွင် ကောက်စိုက်နေကြသော မိန်းမတတွေကို မြင်ရပေ၏။ သူတို့ကား သီချင်းတကျော်ကျော်နှင့် ပျော်လှပေသည်။ နံနက်ခြောက်နာရီမှ ညနေ ငါးနာရီတိုင်အောင် တကုန်း ကုန်းနှင့် ကောက်စိုက်ရှာကြ၊ တနေ့လုံးမှ တနာရီ အနားရကြ၏။ အခ ကျပြန်လျှင် တနေ့မှ ငါးမူးသာ ရကြလေသည်။ သူတို့တတွေမှာ မညောင်းကြ​ယောင်တကား။ တကိုယ်လုံးလည်း ရွှံ့တွေပေ၊ ထိုင်စရာလည်း နေရာမရှိ၊ ထိုကောက်စိုက်သမတွေကား ပျော်လှပေသည်။ ကံစီမံရာ ပျော်ကြစမြဲ ဖြစ်သောကြောင့် သူတို့အတွက် ဝိုင်းဝန်းကာ ပူပေးသော်လည်း သူတို့ကမူကား အမှုပင်ထားကြမည် မဟုတ်ပေ။

ထိုကောက်စိုက်သမတို့သည် မိမိတို့ အနီးအနားတွင် ဖြတ်သွားကြသော မြင်းလေးစီးတို့ကိုမြင်လျှင် ပျော်ရွှင်ကြသောကြောင့် လက်တို့ကာ ပြုံးကြ၊ ရယ်ကြ၊ ​မောကြ၊ တဟားဟားနှင့် နေကြလေတော့သည်။ ထိုမြင်းနီရှင် လေးဦးတို့ကို စောင်းကာ သီချင်းဆိုကြသေး၏။ မောင်ဘိုးရွှေက လက်သီးပြလေသည်။ သူကြီးနှင့် ဝန်ထောက်တို့ကား ဣန္ဒြေမပျက် သွားမြဲတိုင်းသာလျှင် သွားကြ၏။ မောင်ဖျန်စိန်ကား မိမိ၏မြင်းကို မနိုင့်တနိုင်၊ မြင်းပေါ်မှ မကျစေရန် များစွာ ကြိုးစားနေရရှာလေသည်။

ဤသို့ ရွှံ့တွေ၊ ဗွက်တွေ၊ နွံတွေ ထူထပ်လှသော ကွင်းပြင်ကြီးအတွင်း မြင်းလေးစီးနှင့် တဖြည်းဖြည်း လာနေကြခိုက် ကောင်းကင်တွင် မိုးသားတွေ ဆိုင်း၍ တက်လာကြကုန်၏။ ခက်လေပြီ။ ထိုတဝိုက်တွင် မိုးခိုစရာမရှိ။ ရွာနှင့်လည်း မနီး။ သစ်ပင်ကြီးကြီးဟူ၍လည်း မမြင်။ စိုးရိမ်မကင်း ဖြစ်မိကြကုန်၏။

မကြာမီ မိုးကြီး သည်းထန်စွာ ရွာသွန်း၍ ချလိုက်လေသည်။ ပေါက္ခရဏီမိုးဖြစ်လျှင် ကောင်းလေစွဟု တောင့်တမိကြကုန်၏။ ပေါက္ခရဏီမိုးတို့၏သဘောကား စိုစွတ်လိုသူတို့ကိုသာ စိုစွတ်၍ မစိုစွတ်လိုသူတို့ကိုကား မစိုစွတ်ဘဲ နေလေသည်။ ဤမိုးကား ပေါက္ခရဏီမိုး မဟုတ်သောကြောင့် မစိုစွတ်လိုသော မြင်းနီရှင်လေးဦးတို့မှာ တကိုယ်လုံး ရွှဲရွှဲစို၍ သွားကြကုန်၏။ မိုးချည်း ရွာသည်မဟုတ်။ လေကလည်း အပြင်းအထန် တိုက်ခတ်ပြန်သောကြောင့် မြင်းများ ပေါ်မှာပင် ကျမယောင်ယောင် နေကြသည်။ စာရေး မောင်ဖျန်စိန်ကား မြင်းစီးမတတ်ရသည့်အထဲတွင် မိုးကြီးကလည်း သည်း၊ လေကလည်း တိုက်လှသဖြင့် များစွာ အခံရခက်၏။ မိုးကရွာ၊ လေကတိုက်သောကြောင့် ခမျာ မြင်းနီ လေးစီးတို့လည်း ချမ်းရှာလွန်း၍ ခိုက်ခိုက်သာ တုန်နေကြလေတော့သည်။ နားရွက်ထဲ ရေဝင်မည် စိုးကြသောကြောင့်လည်း နားရွက်များကို ကုပ်ကာ ခပ်ဖြည်းဖြည်း လျှောက်၍လာကြကုန်၏။

ရွှံ့တွေ စင်လှသောကြောင့် ဘောင်းဘီအနက်တွေမှာ ရွှံ့ကွက်တွေ ထူထပ်နေလေတော့သည်။ အင်္ကျီတို့မှာလည်း ဆိုစရာမရှိ။ ဦးထုပ်များမှာပင် ရွှံ့ကွက်တွေ မကင်းပေ။ မြင်းတွေ တကိုယ်လုံးမှာလည်း ရွံတွေ အလမ်းလိမ်း ကပ်နေပေ၏။ မြင်းရော လူပါ နဂိုရုပ်ပင် မပေါ်၊ တော်တော်ပင် အကြည့်ရဆိုးလေသည်။ နဂိုရုပ် မပေါ်သည်က မခက်၊ ချမ်းလှသဖြင့် ခိုက်ခိုက်တုန်နေကြသည်က ခက်လေသည်။

လူအများကား ဝန်ထောက်မင်း တရားခွင်ပေါ်တွင် ပုဆိုးသစ်၊ အင်္ကျီသစ်၊ ဘိနပ်သစ်တို့ကို ဝတ်၊ ခေါင်းပေါင်းကို ကျော့ကျော့ကလေး ပေါင်းကာ၊ တရားစီရင်နေသည်ကိုသာ တွေ့ဘူး၊ မြင်ဘူး၊ ကြုံဘူးကြပေလိမ့်မည်။ နံနက် ဆယ်နာရီခွဲ၊ ၁၁ နာရီမှ ရုံးတက်၊ ညနေ လေးနာရီမတိုင်မီ စတိုင်တင်းတင်းနှင့် ရုံးမှ ဆင်းလာသည်များကိုသာ မြင်ဘူးကြပေလိမ့်မည်။ ရပ်ထဲ၊ ရွာထဲ၊ မြို့ထဲတွင် ပွဲလမ်းသဘင်ရှိက ရှေ့ဆုံးနေရာတွင် ခန့်ခန့်ညားညား ထိုင်နေသည်များကိုသာ ကြုံဘူးကြပေလိမ့်မည်။ သူကြီးတတွေက “မှန်ပဘုရား၊ မှန်ပဘုရားနှင့် ပြားပြားဝပ်ကာ နေကြသည်ကိုသာ မြင်ဘူးကြပေလိမ့်မည်။ ဝန်ထောက်မင်း ယခု ကြုံရသော အဖြစ်အပျက်မျိုးကိုကား မြင်ဘူးကြမည်မဟုတ် ဟူ၍ မောင်လူအေးသည် မိမိ၏အဖြစ်အပျက်ကို တွေးတောလျက်လာရာ ငဖျင်းချောင်းရွာသို့ ရောက်မှသာလျှင် စဉ်းစားခန်း ပြတ်သွားလေသတည်း။
------------------------------
#သိပ္ပံမောင်ဝ
၁၂၉၄ ခု၊ တော်သလင်းလ။

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)