ချိတ်ပုံကြော
#ချိတ်ပုံကြော
မောင်လူအေးသည် ညစာ စားသောက်ပြီးလျှင် အိမ်ရှေ့ဝရံတာသို့ ထွက်ကာ ပဲလှော်၊ မြေပဲ၊ သကြားလုံး စသော အမြည်းတမျိုးမျိုးနှင့် လက်ဖက်ရည်ကြမ်းကို သောက်လေ့ရှိ၏။ ဤသို့ လက်ဖက်ရည်ကြမ်းကို သောက်ကာ သတင်းစာ၊ မဂ္ဂဇင်း စာအုပ်များကို ဖတ်ယင်း စည်းစိမ်ယူလေ့ရှိ၏။ တခါတခါလည်း ညနေက ဂေါက်သီးရိုက်ခဲ့သည်များကို စားမြုံ့ပြန်ကာ စည်းစိမ်ခံလေ့ရှိ၏။
ဤသို့ ဝရံတာသို့ ထွက်ကာ စည်းစိမ်ခံသောအခါများတွင် သူ၏သုံးနှစ်သားအရွယ် သားကလေး မောင်လူမွှေးသည်လည်း ပေါက်လာပြီးလျှင် မပီကလာ ပီကလာ ပေါက်ကရစကားများကို ပြောကြားကာ မြေပဲ၊ ပဲလှော်၊ သကြားလုံးများကို ကပ်စားလေ့ရှိလေသည်။
တခုသောညတွင် ခါတိုင်းကဲ့သိုပင် ကောင်ကလေးသည် ပေါက်လာပြီးလျှင် မြေပဲများကို ကပ်စားပြီးနောက် ထွေရာလေးပါး ပြောကြားနေခိုက်တွင် မောင်လူအေးအား “ဖေဖေချိတ်ပုံကြော” ဟူ၍ ဆို၏။ မောင်လူအေး သူ့စကားကို နားမလည်သောကြောင့် “မောင် ဘာပြောသလဲ” ဟုမေး၏။ ကောင်ကလေးက “ချိတ်ပုံကြော” ဟု ထပ်၍ဆိုပြန်၏။ မောင်လူအေး နားမလည်ချေ။ ကလေးအား ထပ်ကာထပ်ကာ မေး၏။ ကလေးကလည်း ထပ်ကာ ထပ်ကာ ဖြေလေသည်။ သို့သော် မောင်လူအေးမှာ သားကလေးပြောသော စကား၏အဓိပ္ပါယ်ကို နားမလည်နိုင်သောကြောင့် သားရော အဖေပါ အခက်ကြုံနေကြရလေတော့သတည်း။
အတန်ကြာမှ အိမ်ထဲတွင် စာဖတ်နေသော ခင်သန်းမြင့်အား“သားကလေးပြောနေသည်မှာ ဘာလဲ” ဟု လှမ်းမေးလိုက်၏။ အခါ ခင်သန်းမြင့်က “ကလေးက ဆိတ်ပုံပြောပါလို့ ပြောတာ။ တယ် နားဝေးတာကိုး” ဟု မောင်လူအေးအား အပြစ်ဆို၏။
“မသိပါဘူးဗျာ။ ချိတ်ပုံကြော၊ ချိတ်ပုံကြောဆိုတော့ အဓိပ္ပါယ်ကို ဘယ်ကောက်လို့ ရမတုန်း”
“အခု အဓိပ္ပါယ်ကို သိပြီမဟုတ်လား။ ကိုင်း ပြောလိုက်ပေတော့”
“ဘာဆိတ်ပုံကို ပြောရမှာလဲ။ ကိုယ်လဲမပြောတတ်ဘူး။ သူ့ကို ဘယ်သူကများ ဆိတ်ပုံပြောဘူးလို့ သူက အပြောခိုင်းနေတာလဲ“
"ခင်ခင်သီတို့ ပြောတာကြားလို့ အပြောခိုင်းတာ ထင်ပါရဲ့”
“ဟုတ်ပါပြီ။ ခင်ခင်သီတို့ ပြောတဲ့ ဆိတ်ပုံက ဘာဆိတ်ပုံလဲ။ ကိုယ်မှ ဆိတ်ပုံ မပြောတတ်ဘဲဟာ”
“မပြောတတ်ယင်လဲ ကြံဖန်ပြီးပြောလိုက်ပါလား။ ကလေးက နားထောင်ချင်လို့ အပြောခိုင်းတာ”
“ဒါဖြင့်လဲ ပြောရတာပလေ။ လာ-လာ....မွှေးလာ။ ပေါင်ပေါ်မှာထိုင်၊ ဆိတ်ပုံပြောမယ်”
ဤသို့ဆိုကာ ကလေးကို ပေါင်ပေါ်တွင် တင်ပြီးလျှင် အောက်ပါအတိုင်း ဆိတ်ပုံပြောလေတော့သတည်း။
“ရှေးရှေးတုန်းက မောင်လူအေးဆိုတဲ့ လူတယောက်ရှိတယ်။ သူ့ဆီမှာ မောင်လူမွှေးဆိုတဲ့ သုံးနှစ်အရွယ် ကလေးတယောက်ရှိတယ်။ ဟုတ်တယ် မဟုတ်လား”
“ဟုတ်တယ်” ဟူ၍ သားကလေးက ဖြေ၏။
“အဲသည် မောင်လူအေးအိမ်မှာ မဟာရန်ဆိုတဲ့ စားပွဲထိုးတယောက်ရှိတယ်။ မောင်သိတယ် မဟုတ်လား”
“သိတယ်”
“အဲဒီ မဟာရန်ဆီမှာ မွေးထားတဲ့ ဆိတ်တကောင်ရှိတယ်။ ပန်းပင်တွေကို လာလာစားတဲ့ ဆိတ်ဟာလေ။ သိတယ် မဟုတ်လား”
“အင်း သိတယ်”
“အဲဒီဆိတ်ဟာ တနေ့တော့ မာလီရိတ်ထားတဲ့ မြက်တွေကို သွားစားပါရော။ မာလီက သူရောင်းစားဖို့ ရိတ်ထားတဲ့ မြက်တွေကို စားတော့ စိတ်ဆိုးတာပေါ့။ စိတ်ဆိုးတော့ ကြိမ်လုံးကြီးနဲ့ ရိုက်ပါရော။ ဆိတ်ဟာ နာလွန်းလို့ ဘအဲ ဘအဲ နဲ့ အော်ပြီးပြေးတာပေါ့။ ပြေးပြီးတော့ ဟိုဖက်ဆရာဝန်အိမ်နားက ခြံထောင့်မှာ လှဲပြီးတော့ အိပ်နေတယ်။ သူကောင်းကောင်း လမ်းမလျှောက်နိုင်တော့ဘူး”
“သူသေရောလား”
“မသေပါဘူး။ နာလို့ လှဲနေတယ်။ အဲဒီအခါမှာဘဲ မောင်လူအေးတို့အိမ်မှာမွေးထားတဲ့ “လွေဇော” ဆိုတဲ့ ခွေးမကလဲ မီးဖိုထဲကို ဝင်သွားပြီးတော့ ထမင်းချက်တရုတ် “တာတ” က ချက်ဖို့လို့ ဝယ်လာခဲ့တဲ့ အမဲသားတွေကို သွားစားပါရော။ တာကက မြင်တော့ အားကြီးစိတ်ဆိုးတာပေါ့။ မီးဖိုထဲမှာရှိတဲ့ ထင်းစကြီးနဲ့ ချတော့ နာလွန်းလို့ အိုင်အိုင် အိုင်နဲ့ အော်ပြီး ပြေးပါရော”
“နာသွားရောလား”
“ဟာ-နာသွားတာပေါ့”
“ကောင်းတယ် ကောင်းတယ်”
“လွေဇောဟာ အရိုက်ခံရတော့ နာလွန်းလိုအော်ပြီး ပြေးလိုက်တာ မဟာရန်ရဲ့ဆိတ် လှဲအိပ်နေတဲ့နေရာကို ရောက်သွားရော။ သည်တော့ကာ ဆိတ်ကမေးတယ်။ 'လွေဇော လွေဇော နင်ဘာဖြစ်လို့ အော်ပြီး ပြေးလာတာလဲ'။ သည်တော့ကာ လွေဇောက 'ငါ မီးဖိုထဲမှာ အမဲသားသွားခိုးစားလို့ ထမင်းချက် တာတက ရိုက်လိုက်တာကြောင့် ပြေးလာရတယ်'လို့ ပြောတယ်။ နောက်ပြီး လွေဇောက 'နင်ကော ဘာဖြစ်လို့ သည်မှာ လာအိပ်နေရသလဲ'လို့ ဆိတ်ကိုမေးတယ်။ ဆိတ်က 'ငါ မာလီရဲ့မြက်တွေကို သွားခိုးစားလို့ ငါ့ကို မာလီရိုက်တဲ့အတွက် ဒီမှာလာအိပ်နေတယ်လို့ ပြောတယ်”
“သူတို့နှစ်ယောက်လုံး နာနေရောလား”
“နာနေတာပေါ့။ ဒီလိုစကားပြောကြပြီးတော့ ဆိတ်က ပြောတယ်။ 'လွေဇော လွေဇော နင်က မာလီရဲ့ မြက်တွေကို သွားပြီး ယူခဲ့။ ငါက မီးဖိုထဲက အမဲသားတွေကို သွားခိုးမယ်။ သည်ရောက်တော့ လဲပြီးတော့ စားရအောင်' လို့ဆိုတယ်။ ဒီတော့ လွေဇော အားကြီးဝမ်းသာသွားတာပေါ့။ မနက်ဖြန် မနက်ကျတော့ လွေဇောက မာလီရိတ်ထားတဲ့ မြက်တွေကို ခိုးပြီး ယူသွားတယ်။ ဆိတ်ကလဲ မီးဖိုထဲကအမဲသားတွေကို ခိုးပြီးယူသွားတယ်။ သူတို့နေရာကိုရောက်
တော့ လဲပြီး စားကြတာပေါ့။ စားလိုက်ကြတာ ဗိုက်ကြီးတွေဟာ တင်းသွားတာဘဲ။ ဗိုက်ကြီးတွေတင်းတော့ အိပ်လိုက်ကြတာ ရှူးရှူး ရှူးရှူးနဲ့ နေတယ်”
“မောင်အိပ်သလိုဘဲလား”
“ဟုတ်တယ် မောင်အိပ်သလိုပေါ့။ ရှူးရှူး ရှူးရှူးနဲ့ အိပ်ကြတယ်။ ညနေကျတော့ သူတို့ အိပ်ရာက ထကြရော။ အိပ်ရာကထပြီးတော့ လွေဇောက အိမ်ရှေ့ဘုန်းကြီးကျောင်းကခွေးတွေ၊ ဆရာဝန်အိမ်ကခွေးတွေ၊ ဆည်အရေးပိုင်အိမ်ကခွေးတွေကို သွားခေါ်တယ်။ ဆိတ်ကလဲ ကုလားတွေအိမ်က ဆိတ်တွေကို သွားခေါ် တယ်။ ညကျတော့ ဆိတ်တွေ ခွေးတွေ အများကြီး လာကြတာပေါ့။ လကလဲ အားကြီးသာတယ်။ ပျော်စရာကြီး နေတာဘဲ”
“သူတို့လာပြီးတော့ ဘာလုပ်သလဲ”
“သူတို့အားလုံးရောက်တော့ သီချင်းဆိုကြ၊ ဆိုင်းတီးကြ၊ ကကြ၊ အော်ကြနဲ့ ဆူနေတာဘဲ။ ထုံဗေထုံ-ထုံဗေထုံနဲ့ တီးတဲ့ဆိတ်တွေက တီးကြ။ ဘအဲ-ဘအဲနဲ့ဆိုပြီး ကတဲ့ဆိတ်တွေကလဲ ကကြ။ တဝင်းလုံး ဆူနေတော့တာဘဲ။ အဲဒီလို ကကြ၊ သီချင်းဆိုကြ၊ တီးကြနဲ့ ပျော်ပါးနေကြတဲ့အခါ သူတို့အထဲက ဆိတ်တကောင်က 'မောင်ငယ်ဟာ လူမိုက်ကြီး... မောင်ငယ်ဟာ လူမိုက်ကြီး' လို့ အော်လိုက်တယ်။ အားလုံး ဆိတ်တွေ ခွေးတွေကလဲ သူ့လိုဘဲ 'မောင်ငယ်ဟာ လူမိုက်ကြီး၊ မောင်ငယ်ဟာလူမိုက်ကြီး'လို့ လိုက်ပြီး အော်ကြတာပေါ့။ ဒီတော့ကာ မော်တော်ကားမောင်းသမား မောင်ငယ်က သူအိပ်ရာထဲက နေပြီး ကြားပါရော။ ကြားတော့ သူ ကောင်းကောင်း စိတ်ဆိုးသွားတာပေါ့။ တခါထဲအိပ်ရာကထပြီး စက်ဘီးစီးပြီး မြန်မြန်ကြီး သူအိမ်က ထွက်လာတယ်။ မော်တော်ကားထားတဲ့ရုံကို ရောက်တော့ မော်တော်ကား စက်တချက်ထဲ နှိုးလိုက်တာ မော်တော်ကားစက်က ဂရူး ဂရူး ဂရူးနဲ့မြည်တာပေါ့။ မော်တော်ကားစက်နှိုးပြီးတော့ တခါထဲ ဆိတ်တွေ ခွေးတွေကို မော်တော်ကားနဲ့ လိုက်တိုက်တာဘဲ”
“ဆိတ်တွေ သေကုန်ရောလား”
“မသေဘူး။ ခွေးတွေရော၊ ဆိတ်တွေရော အားလုံး ပြေးကုန်ကြတာပေါ့။ အဲဒီပုံ ပြေးနေကြတုန်းမှာဘဲ ဆိတ်သားကလေး တကောင်ကို မောင်ငယ်က မော်တော်ကားနဲ့ တိုက်လိုက်တယ်။ တိုက်လိုက်တော့ ဆိတ်ကလေး ခြေထောက်ကျိုးသွားရော။ ဆိတ်ကလေးဟာ နာလွန်းလို့ ပဲ...ပဲ နဲ့ အော်လိုက်တာ သနားစရာဘဲ။ ဒီတော့ မောင်လူမွှေးဆိုတဲ့ ကောင်ကလေးက အိပ်ရာက နိုးလာတယ်။ ဆိတ်ကလေး အော်နေတာကို ကြားတော့ သနားလွန်းလို့ အိမ်ပေါ် က ဆင်းသွားပြီး ဆိတ်ကလေးရဲ့ခြေနာကို ပရုတ်ဆီ ထည့်ပေးတယ်။ နောက်ပြီးတော့ ခြေကို အဝတ်တွေနဲ့ စည်းပေးတယ်”
“ဟုတ်တယ်-ဟုတ်တယ်”
“နောက် လေးငါးရက်ကြာတော့ ဆိတ်ကလေးရဲ့ ခြေနာဟာ ပျောက်သွားရော။ ဆိတ်ကလေးဟာ မောင်မွှေးကို ကျေးဇူးတင်လွန်းလို့ မောင်မွှေးတို့အိမ်မှာ လာနေတယ်။ မောင်မွှေးနဲ့ ဆိတ်ကလေးဟာ သူငယ်ချင်း ဖြစ်သွားတာပေါ့။ မောင်မွှေးက ဘယ်ကိုဘဲ သွားသွား မောင်မွှေးနောက်က ပဲ..ပဲပဲနဲ့ အော်ပြီး လိုက်တယ်။ မောင်မွှေးနဲ့ ဆိတ်ကလေးဟာ သူတို့အိမ်ရှေ့က မြက်ခင်းပေါ်မှာ ညနေတိုင်း ကစားကြတာပေါ့။ ဆိတ်ကလေး တော်တော်ကြီးလာတော့ မောင်လူမွှေး အဖေ ကိုလူအေးက လှည်းငယ်ငယ်ကလေး တစီးကို လုပ်ပေးတယ်။ ဆိတ်ကလေးက လှည်းကို ဆွဲတယ်။ မောင်မွှေးက လှည်းပေါ်က စီးပြီးလိုက်တယ်။ မနက်စောစော ဆိုယင် သူတို့ ရွှေဘိုဈေးထဲသွားပြီးတော့ သကြားလုံးတွေ၊ ချောကလက်တွေ၊ မုန့်တွေကို ဝယ်စားကြတယ်။ ဈေးမှာ အရပ်ထဲက ကောင်ကလေးတွေက၊ မောင်မွှေးကို စယင် ဆိတ်က လိုက်ပြီး ခွေ့တယ်။ ကောင်ကလေးတွေ ကြောက်လို့ ပြေးကုန်ကြတာပေါ့”
“ဟုတ်တယ်......ဟုတ်တယ်”
“ညနေကျပြန်ယင် မောင်မွှေးက လှည်းကလေးကို စီးလို့၊ ဆိတ်ကလေးက လှည်းကလေးကို ဆွဲလို့၊ တပ်ကုန်းဖက်ကို ထွက်သွားကြတယ်။ တပ်ကုန်း ရောက်တော့ မောင်မွှေးက ဂေါက်သီးရိုက် ကစားတာပေါ့။ ဆိတ်ကလေးက ဂေါက်သီးထည့်တဲ့ အိတ်ကို လွယ်ပြီး နောက်က လိုက်တယ်။ “ဂေါက်သီး” ရိုက်လို့ပြီးယင် လှည်းကလေးနဲ့ အိမ်ကို ပြန်လာကြတာပေါ့။ အိမ်ရောက်တော့ ခပ်မောမောနဲ့ သံပုရာရေ သောက်လိုက်ကြ၊ ထမင်းစားကြ၊ မိုးချုပ်တော့ အိပ်ကြ၊ မောင်မွှေးရော ဆိတ်ကလေးရော အိပ်ပျော်သွားကြရော။ အဲဒါနဲ့ ဆိတ်ပုံလဲ ပြီးရော။ ဖေဖေပြောတဲ့ ဆိတ်ပုံဟာ ကောင်းသလား”
“ကောင်းတယ်။ ဖေဖေ ချိတ်ပုံကြောပါအုံး”
“ပြောလို့ ပြီးပါပကော”
“နောက်ပြီးတော့ တခါကြောအုံး”
“ဟာ- ခက်နေပါပြီ။ တခါပြောပြီးယင် တော်ရောပေါ့”
“ဖေဖေ ချိတ်ပုံကြောအုံး”
“ကိုင်းကိုင်း နားထောင်”
ဤသို့ဆိုကာ ထပ်၍ ပြောရပြန်၏။ ဆုံးသောအခါ ကလေးက အပြောခိုင်းပြန်၏။ မောင်လူအေး ပြောရပြန်၏။ သို့နှင့် ထပ်တလဲလဲ ပြောလိုက်ရသည်မှာ လေးကြိမ်တိုင်တော့၏။ နောက်ဆုံး ကောင်ကလေး အိပ်ပျော်သွားတော့မှ မောင်လူအေး လက်ထဲမှ သတင်းစာကို ဖတ်ရလေသတည်း။
--------------------
#သိပ္ပံမောင်ဝ
မှတ်တမ်းဝင် စာပေများ၊ ရွှေဘို၊ ၂၇-၉-၄၀။
Comments
Post a Comment