ည​နေခင်း

#ညနေခင်း

ယနေ့ကား မောင်လူအေးအဘို့ အလုပ်များသောနေ့ပေတည်း။ နံနက် ဆယ်နာရီမှစ၍ ရုံးခန်းထဲတွင် ထိုင်နေသည်မှာ ညနေ လေးနာရီတိုင်အောင် နေရာမှမထသေးရချေ။ အကျဉ်းသမားထက်ပင်ဆိုးနေပေပြီ။ အမှုတွဲများနှင့်ရှုပ်ထွေးနေသောကြောင့်ပေလော။ မဟုတ်ပါ။ နေ့ကား တနင်္ဂနွေနေ့ ဖြစ်၏။ ရိုးရိုးအလုပ်မဟုတ်တန်ရာ။ ရိုးရိုးအလုပ်မဟုတ်လျှင် အဆန်းအလုပ် ဖြစ်ရမည်။ အဘယ်သို့သော အဆန်းအလုပ်ပါနည်း။ မြူနီစီပယ်ရွေးကောက်ပွဲအတွက် ခဲပြားများကို တံဆိပ်ရိုက်သောအလုပ် ဖြစ်ပါသည်။ ဤရွေးကောက်ပွဲ ခေတ်ကြီးထဲတွင် စာရေးကိုလည်း မယုံရ၊ ပြာတာကိုလည်း မယုံရ၊ ကိုယ်တိုင်ကြုံနေရခြင်း ဖြစ်လေသည်။

ဒီမိုကရေစီခေတ်ကြီးထဲတွင် ရွေးကောက်ပွဲတွေမှာ မနည်းပြီ။ တော်တော်ကြာ မင်းတိုင်ပင်ရွေးကောက်ပွဲ၊ တော်တော်ကြာ ဒိစတြိတ်ကောင်စီ ရွေးကောက်ပွဲ၊ တော်တော်ကြာ မြူနီစီပယ်ရွေးကောက်ပွဲ၊ တော်တော်ကြာ သူကြီးရွေးကောက်ပွဲ၊ တော်တော်ကြာ ကော်မီတီ ရွေးကောက်ပွဲ၊ နောင်အခါများတွင် မယားယူရာမှာ လင်ယူရာမှာပင် ရွေးကောက်ပွဲလုပ်ရမလား မသိပေ။

ယခုခေတ်တွင် ရွေးကောက်ပွဲတွေ များသလောက် အလိမ်အကောက်တွေကလည်း များလေသည်။ ဤအလိမ်အကောက်တွေကို ကြောက်လို့သာ မောင်လူအေးသည် နံနက် ဆယ်နာရီမှ ညနေ လေးနာရီတိုင်အောင် တနင်္ဂနွေနေ့တွင် မိမိ၏ရုံးခန်းအတွင်း၌ အလုပ်များလျက်နေတော့၏။ ခဲပြား ၆ဝဝဝ ကျော်တို့ကို တံဆိပ်ရိုက်ရသည်မှာ တော်တော်နှင့် မပြီးနိုင်။

ညနေ လေးနာရီထိုးပြီးမှ နေအိမ်သို့ ပြန်ရ၏။ အိမ်ပြန်ရောက်၍ လက်ဖက်ရည်သောက်ပြီးလျှင် ခပ်အေးအေးကလေး အမောဖြေကာ နေရလျှင် ကောင်းပေလိမ့်မည်။ သို့သော် မနေရ။ တောသွားရန် ရှိသေး၏။ စိတ်ပျက်စရာ၊ စိတ်ရှုပ်စရာ လွန်စွာမှပင် ကောင်းလှပေတော့သည်။ သို့သော် “သူ့ဆန်စား ရဲမှ” ဆိုသောစကားအတိုင်း ရွှေ့ဆိုင်းထား၍မဖြစ်၊ ယနေ့ညနေပင် သွားရပေမည်။

ရေမိုးချိုး၊ အဝတ်အစားလဲ၊ ပြင်စရာရှိသည်ကို ပြင်၊ ထုပ်စရာရှိသည်ကို ထုပ်၊ ယူစရာရှိသည်ကို ယူ၊ မှာစရာရှိသည်ကို မှာပြီးလျှင် နေအိမ်မှ ထွက်ခဲ့လေသတည်း။ နေကား ဝင်တော့မည်။

နေအိမ်နှင့် မြစ်ဆိပ်ကား မဝေးလှ။ ပေ ၂ဝဝ ခန့်သာ ရှိပေလိမ့်မည်။ မြစ်ဆိပ်တွင် အဗ္ဗဒူရာမန်၏သမ္ဗန် စောင့်နေလေသည်။ သမ္ဗန်ဖြင့် ခရီးသွားခြင်းသည် သင်္ဘောဖြင့်သွားခြင်းထက် ကောင်း၏။ လှေဖြင့်သွားခြင်းထက် သာ၏။ မီးရထားဖြင့်သွားခြင်းထက် နေရာကျ၏။ လေယာဉ်ပျံဖြင့်သွားခြင်းထက် စည်းစိမ်ရှိ၏။

မောင်လူအေးသည် မိမိ၏တပည့်များနှင့် သမ္ဗန်ဆိပ်မှ ထွက်လာ၍ မကြာမီပင် “ကျွိကျွိ-အီး-ဖတ်ဖတ်၊ ကျွိ ကျွိ-အီး-ဖတ်ဖတ်" ဆိုသော တူရိယာအသံကို ကြားရလေတော့သည်။ ထိုအသံကား နာရီ၏စက်သံကဲ့သို့ မနှေးမမြန်၊ မပေါ့မလေး၊ မှန်လျက်နေ၏။ ဤကဲ့သို့မှန်လျက်နေခြင်းသည်လျှင် မောင်လူအေး၏နားအရသာကို တိုးပွါးစေ၏။ “ကျွိကျွိ-အီး” ကား အဗ္ဗဒူရာမန်၏တက်သံ ဖြစ်လေသည်။ “ဖတ်ဖတ်” ကား တက် ရေပေါ် ကျသော အသံတည်း။

ကျွိ ကျွိ အီး... ဖတ်ဖတ် အသံကိုပင် တူရိယာအသံဟူ၍ ဆိုရမည်လောဟု ရယ်မောကောင်း ရယ်မောကြပေလိမ့်မည်။ ဤအသံကို တရံတခါသာ ကြားဘူးကြသောသူတို့၏ နားတွင် ခါးနေပေလိမ့်မည်။ အကြားရ ကပ်နေပေလိမ့်မည်။ နားငြီးနေပေလိမ့်မည်။ ဤအသံကို အဖန်ဖန် ကြားနေရသော မောင်လူအေး၏နားထဲတွင်ကား သာယာလျက်နေလေတော့သည်။

တူရိယာအသံမည်သည်ကား ကြားရဖန်များမှသာလျှင် သာယာခြင်းအရသာ ပေါ်၏။ ကုလားဗုံသံကို မြန်မာများ ခံ၍မရ။ မြန်မာ့ဆိုင်းသံ၊ နှဲသံတို့ကို အင်္ဂလိပ်များ ကြား၍မရ။ တရုတ်နှဲသံ၊ ဆိုင်းသံတို့ကို ကုလားများ မခံနိုင်၊ တရံတခါသာ ကြားရသောကြောင့် ဖြစ်လေသည်။ ကြားနေကျဖြစ်သော မိမိတို့၏တူရိယာအသံများကိုမူကား နားထောင်၍ မငြီး၊ ကြားပြီးယင်း ကြားချင်ယင်း ဖြစ်၏။ တူရိယာတမျိုးက အခြားတမျိုးထက် သာသည်ဟူ၍ အဘယ်မှာ ဆိုနိုင်အံ့နည်း။ ကြိုက်ရာ ကောင်းစမြဲ၊ နားရည်ဝရာ ကောင်းစမြဲ ဖြစ်လေသည်။

တူရိယာအကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းလိုက်ရသည် မှာ အတော်ပင် အချိန်ကုန်သွားလေပြီ။ မောင်လူအေးတို့ စီး၍သွားကြသော သမ္ဗန်ရှိရာသို့ ပြန်ကြဦးစို့။

သမ္ဗန်ဦးတွင် ထိုင်နေကြသော သူနှစ်ယောက်ကား စာရေး မောင်ဖျန်စိန်နှင့် ပြာတာ မောင်ဘိုးရွှေတို့ ဖြစ်ကြလေသည်။ စကားတခွန်းကိုမျှ မပြောကြ။ မည်သည့်အကြောင်းတွေကို တွေးတောနေကြသည် မသိပေ။ သမ္ဗန်၏ပဲ့ဖက် အဗ္ဗဒူရာမန်၏အနားတွင် ထိုင်နေသူကား မောင်လူအေး၏တပည့် ထွန်းဘေတည်း။ တယောက်တည်း စကားပြောဖော်မရှိသောကြောင့် သူလည်း တခုခုကို စဉ်းစားနေပေလိမ့်မည်။ သမ္မန်ဝမ်း၌ ခင်းထားသော ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်နေသူကား မောင်လူအေး ဖြစ်လေသည်။ သူ၏လက်ထဲတွင် မကြာမီက ရောက်လာသော အင်္ဂလိပ်စာအုပ်တအုပ်ကို မြင်ရ၏။ ထိုစာအုပ်ကို မဖတ်နိုင်။ ​ငေးလျက်နေလေသည်။“ကျွိ ကျွိ အီး....ဖတ်ဖတ်” တူရိယာ၏အသံ၊ ညနေခင်း၏ သာယာသောအခြေအနေ၊ မြစ်ရေ၏ ကြည်လင်ငြိမ်သက်နေသော အခြင်းအရာ၊ လေပြေ၏ ဖြည်းညှင်းစွာ တိုက်ခတ်နေသော အရသာတို့ကို ခံစားကာနေသော မောင်လူအေးကား ထိုစာအုပ်ကို အဘယ်မှာလျှင် ဖတ်ရန် သတိရနိုင်ပါအံ့နည်း။

နေမင်းလည်း ဝင်လုပြီဖြစ်သောကြောင့် နေရောင်ခြည် ရေပြင်ကို ဟပ်သဖြင့် တဖျတ်ဖျတ်နှင့် နေသည်မှာ ရှု၍ မငြီးနိုင်အောင် ဖြစ်၏။ အဖြူရောင်တိမ်တိုက်တို့ကို နေရောင်ဖျန်းလိုက်သဖြင့် မရမ်းရောင်တလှည့်၊ အဝါရောင် တခါ၊ အပြာရောင်တမျိုး၊ မီးခိုးရောင်တသွယ် တင့်တယ်ဘိတောင်း။ မြင်ရသူအပေါင်းမှာ အဘယ်မှာလျှင် နှစ်ထောင်းအားရ တင်းတိမ်နိုင်အံ့နည်း။

ထိုအခိုက် ထိုအခါတွင် ဤကမ္ဘာလောကကြီးကို အေးမြခြင်းတည်းဟူသော ကွန်ချာဖြင့် အုပ်၍ ထားပေ၏။ မည်သူမျှ မကြည်နူးဘဲ မနေနိုင်။ မည်သူမျှ မနှစ်သက်ဘဲ မနေနိုင်။ စိတ်ပူခြင်း၊ စိတ်နောက်ခြင်း၊ စိတ်ရှုပ်ခြင်းတို့ ပျောက်ကင်းရမည်ပင်။“ ကျွိ ကျွိ အီး... ဖတ်ဖတ်” တူရိယာ ဆရာကြီး အဗ္ဗဒူရာမန်ပင်လျှင် စိတ်ထဲတွင် ကြည်နူးရွှင်ပျ၍ နေပေလိမ့်မည်။ စစ်တကောင်းတွင် ကျန်ရစ်ခဲ့ရှာသောဇနီးခမျာကို သတိရကာ ပီတိသောမနဿတွေ ပွါး၍ နေပေလိမ့်မည်တကား။

“ကျွိကျွိအီး.............ဖတ်ဖတ်” "ကျွိကျွိ အီး...........ဖတ်ဖတ်” နှင့် လာရာလမ်းတလျှောက် ကမ်းခြေတွင် ရေဆင်းချိုးနေကြသော သူတို့ကို အဆက်မပြတ် မြင်၍သွား၏။ ကလေးလူကြီး၊ ယောက်ျား မိန်းမ၊ အပျို အအို၊ ကုလား မြန်မာ၊ ဖြူဖြူ မဲမဲ၊ ပိန်ပိန် ဝဝ၊ မြင့်မြင့် ပုပု အမျိုးမျိုး အစားစား အားလုံးပင် ပျော်ပျော်ရွှင်ရွှင် ရေဆင်းချိုးနေကြလေသည်။ သူတို့တတွေမှာ သီချင်းဆိုသူ ဆို၊ စကားများသူ များ၊ လိုက်တမ်းပြေးတမ်း ကစားသူ ကစား။ ရေကူးနေသူတွေကလည်း အများ၊ ဂျွမ်းပစ်နေသူတွေကလည်း မရှားပေ။ ဤအချိန် ဤအခါ ဤနေရာမျိုးတွင် အဘယ်သူသည် မပျော်ရွှင်ဘဲ နေနိုင်ပါအံ့နည်း။ ထိုကမ်းခြေတွင် ပျော်ပါးစွာ ရှိနေကြကုန်သော သူတို့၏စိတ်ထဲသို့ စိတ်ညစ်စရာတွေ မဝင်နိုင်၊ စိတ်ပျက်စရာတွေ မလာနိုင်၊ စိတ်ရှုပ်စရာတွေ မတိုးနိုင်၊ အပြင်ဖက်တွင် ခေတ္တမျှ မှိုင်ကာ နေကြရပေသည်။ ထိုသူတို့၏ စိတ်အတွင်းသို့ ကြည်လင်ခြင်းစိတ်တို့သာလျှင် ဝင်နိုင်ပေ၏။

ထိုရေချိုးနေသူတို့ကို လွန်လျှင် မြို့ပြင်သို့ ရောက်၏။ “ကျွိကျွိ အီး....ဖတ်ဖတ်” ဆရာကြီးကလည်း တကျွိကျွိ၊ တအီးအီး၊ တဖတ်ဖတ်နှင့် အတောပင် မသတ်ပြီ။ မကြာမီပင် ပဲ၊ ပြောင်း၊ ဆေး၊ မုန်လာတို့ကို စိုက်ပျိုးထားရာ ယာခင်းများသို့ ရောက်၍လာ၏။ ကမ်းခြေသောင်စပ်တွင် စိမ်းစိမ်းလန်းလန်း ရှုမခန်းပေ။ အထက်ကောင်းကင်ပြင်တွင်လည်း တိမ်တိုက်တို့မှာ အမျိုးမျိုး ပြောင်းလဲကာ မျက်လှည့်ပြနေကြကုန်၏။ ဝါရာမှ နီ၊ နီရာမှ ပြာ၊ ပြာရာမှ မီးခိုးရောင်၊ “တိမ်တောင်သဖွယ် မင်းရေးကျယ်” ဆိုသော ရှေးလူကြီးတို့၏စကားအတိုင်းပင်တည်း။

အလို ဟိုမှာ ရှုလော့၊ ဆေးတံကြီးကို ခဲကာ လက်ပိုက်လျက် ယာခင်းများကို အားပါးတရ ကြည့်၍နေပေသည်။ မိမိ၏ယာခင်းများကို ကြည့်ပြီးလျှင် အားရ၍ မဆုံးနိုင်၊ နှစ်သက်၍ မဆုံးနိုင်၊ သဘောကျ၍ မဆုံးနိုင်ပြီ။ မိမိ၏ယာအပြင် မည်သည့်အရာကိုမျှ မခင်မင်။ ထိုယာသမား၏စိတ်ထဲတွင် မိမိ၏ယာအပြင် မည်သည့်အရာကိုမျှ မစုံမက်၊ မိမိ၏အပြင် မည်သည့်အရာကိုမျှ မမြတ်နိုးပေ။ နယ်ပိုင်အလုပ်ကို အလိုမရှိ၊ အရေးပိုင်အလုပ်ကို မလိုချင်၊ မင်းကြီးအလုပ်ကို မနှစ်သက်၊ ဘုရင်ခံအလုပ်ကို မစွဲလမ်း၊ ဘုရင်မင်းမြတ်ဖြစ်ရန်ကိုပင် စက်ဆုပ်နေပေလိမ့်မည်။

ပုဂံတောင်သူကြီးအား တိုင်းပြည်ကို အုပ်ချုပ်၍ မင်းလုပ်ပါမည့်အကြောင်း တောင်းပန်ကြသောအခါ ခွေးမကြီး၏နို့ကို ခွေးသားကလေးများ ဝိုင်းစို့ကြသကဲ့သို့ တွဲရ၍ စီရရီ သီးနေကြသော သခွါးခင်းကို ပစ်၍ အဘယ်မှာလျှင် မင်းလုပ်ရပါအံ့နည်းဟု ငေါက်လိုက်ရာ မှူးမတ်များက ဝိုင်း၍ ထောင်းခါမှ မင်းလုပ်သော တောင်သူကြီးမင်း၏အကြောင်းကို မောင်လူအေး သတိရမိပေသည်။ ထိုအကြောင်းကို ရာဇဝင်စာအုပ်များတွင် ဖတ်ခဲ့စဉ်က အလွန် အ,သော တောင်သူကြီးပါတကားဟု များများကြီး ကဲ့ရဲ့မိခဲ့ပေ၏။ ရှုတ်ချမိခဲ့ပေ၏။ ရယ်မိခဲ့ပေ၏။ ယခုကား မကဲ့ရဲ့၊ မရှုတ်ချ၊ မရယ်လိုပြီ။ တောင်သူကြီးမင်းဖက်ကပင် ရှေ့နေလိုက်ပေဦးမည်။
----------------------
#သိပ္ပံမောင်ဝ
၁၂၉၅ ခု၊ ပွာသိုလ။

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)