ရွာ့ကျက်သ​ရေ

#ရွာ့ကျက်သရေ

"ကကြီးရရစ် ကသတ် ကြက်၊ ကကြီး ရရစ် ငသတ် ကြင်။ ၂ တလီ ၂၊ ၂ နှစ်လီ၄၊ ၂ သုံးလီ ၆။ သဝေထိုး ငရေးချ ကသတ် ငေါက်၊ သဝေထိုး ငရေးချ၊ ငသတ် ဒေါင်..."

"ကကြီးရေး က၊ ကကြီးရေးချ ကာ၊ ကကြီးရေး လုံးကြီးတင် ကိ...။ မရရစ် လုံးတင် ချောင်းငင် ကသတ် မြိုက်၊ မ ရရစ် လုံးတင် ချောင်းငင် ငသတ်မြိုင်.."

"ဧဝံ မေ သုတံ၊ ဧကံ သမယံ"

ကကြီး၊ ခကွေး၊ ဂငယ်၊ ဃကြီးအစရှိသော အသံများသည် မိုးသံနှင့် လုံးထွေးပြီးသကာလ ကုက္ကိုဝသူကြီးမင်း ဦးဘိုးထုံး၏အိမ်မြောက်ဖက်အရပ်တွင် ထကြွသောင်းကျန်းလျက် နေကြလေသည်။ အချိန်ကား နံနက်ခြောက်နာရီခန့်သာ ရှိသေး၏။ အဆိုပါဆူညံလှစွာသော အသံတို့ကား ကုက္ကိုရွာအဖို့ မင်္ဂလာရှိသော အသံ၊ သာယာသော အသံ၊ ကျက်သရေရှိသောအသံများ ဖြစ်ကြ၏။ ရွာသူကြီး၏အိမ်တွင် မိုးအေးအေးနှင့် ကွေး၍ အိပ်ပျော်နေသော မောင်လူအေးအဖို့ ငှက်ဆိုး၏အသံနှင့် ခပ်ဆင်ဆင် တူလျက်နေလေသည်။

ထိုအသံများ၏ပိုင်ရှင် ကျောင်းသား၊ ကျောင်းသူကလေးတို့ စုဝေးရာ ရွာကျောင်းကား ဒိစတြိတ်ကောင်စီ၏ အထောက်အပံ့ခံကျောင်း မဟုတ်။ အစိုးရမင်းက အသိအမှတ်ပြုသောကျောင်းလည်း မဟုတ်။ အမျိုးသားပညာရေးအဖွဲ့က အားပေးသောကျောင်းလည်း မဟုတ်ပေ။ ထိုကျောင်းသား၊ ကျောင်းသူကလေးများက တယောက်လျှင် တနှစ်အတွက် စပါးသုံးတင်းမျှသော အထောက်အပံ့ကိုသာ ခံယူကာ တည်ထောင်ထားသောကျောင်း ဖြစ်လေသည်။

ဤသို့ ကျောင်းသားကလေး၊ ကျောင်းသူကလေးများမှတပါး အခြားမည်သူ၏အထောက်အပံ့ကို ခံယူသောကျောင်း မဟုတ်သောကြောင့် ပညာအုပ်၊ ပညာဝန်ထောက်၊ ပညာဝန်၊ ဒိစတြိတ်ကောင်စီ လူကြီးမင်းတို့၏ စစ်ဆေးခြင်းမှ လုံးလုံးကင်း၏။ ထိုကျောင်းကို အုပ်ချုပ်ကာ မင်းလုပ်၍နေသော ဆရာစောပင် ပညာအုပ်၊ သူပင် ပညာဝန်ထောက်၊ သူပင် ပညာဝန်၊ သူပင် ပညာမင်းကြီး၊ သူပင် ပညာရေးအမတ်ချုပ်ကြီး ဖြစ်လေသည်။

နွေအခါ မေမြို့၌ ရုံးစိုက်၍ မိုးအခါ ရန်ကုန်မြို့တွင် ရုံးစိုက်တော်မူသော ပညာရေးအမတ်ချုပ်ကြီးထက်ပင် ဆရာစောမှာ လွတ်လပ်ခွင့်ရသေး၏။ ပညာရေးအမတ်ချုပ်ကြီးမှာ မင်းတိုင်ပင်အမတ်တို့၏ အမေးများကို ဖြေကြားရသေး၏။ ကုက္ကိုရွာ ဆရာစောကား မည်သူ၏အမေးကို ဖြေကြားရန် မလို။ မိမိစိတ်ထင်တိုင်း သင်ကြားနိုင်သော ဂုဏ်ထူးရှိ၏။ မိမိသင်ကြားလိုသော စာပေတို့ကို သင်ကြားနိုင်၏။ မိမိ ကျောင်းလွှတ်ချင်သောအချိန်တွင် လွှတ်နိုင်၏။ မိမိ ကျောင်းပိတ်ချင်သောအချိန်တွင် ပိတ်ထားနိုင်၏။ သူ့အား မည်သူမျှ လာ၍ ဒုက္ခမပေးနိုင်။ ပညာအုပ်မင်းများလာလျှင် ဆင်းကြိုရသောဒုက္ခ၊ သူတို့အတွက် လှည်းတို့၊ လှေတို့ကို စီမံပေးရသော ဒုက္ခမျိုးမှလည်း လုံးလုံးကင်းပေ၏။

ကျောင်း၏ပုံပန်းကို အနည်းငယ် ရေးပါရစေဦး။ ဆရာစော၏ကျောင်းမှာ ဓနိကာ၊ ဓနိမိုး၊ ဝါးလုံးတိုင်၊ ဝါးခြမ်းခင်း၊ ပြတင်းပေါက် နှစ်ပေါက်၊ တံခါး နှစ်ပေါက်မျှသာ ရှိလေသည်။ ဤမျှနှင့် ကျောင်း၏ပုံပန်း ပေါ်လောက်ပြီ။

ဆရာစော၏အကြောင်း ရေးသားရန် လိုသေး၏။ ဆရာစောကား အထက်သား ဇာတိ၊ ဘုန်းကြီးလူထွက် ဖြစ်လေသည်။ မည်သည့်မြို့၊ မည်သည့်အရပ်မှ ရောက်လာသည်ဟူ၍ကား မည်သူမျှ မပြောပြနိုင်။ ရဟန်းဘဝက မည်သည့်စာအထိ ပေါက်ခဲ့သည်ဟူ၍လည်း မည်သူမျှ မသိ။ ဆရာစော၏အပြောအတိုင်းကား သင်ရိုးပေါက်ခဲ့သူတယောက် ဖြစ်လေသည်။ ရဟန်းဘဝတွင် မပျော်ပိုက်၍ လူထွက်ရသည်မဟုတ်။ ဝိနည်းအတိုင်း မကျင့်နိုင်သောကြောင့်သာ လူထွက်၍လာရခြင်း ဖြစ်လေသည်။

ဆရာစော၏ပုံပန်းကား အသားနက်နက်၊ မျက်လုံးကျယ်ကျယ်၊ နှုတ်ခမ်းတွဲတွဲ၊ နှာတံကောက်ကောက်။ သို့သော် ကြောက်စရာကား မကောင်းပေ။ တထွာခန့်ရှည်သော ဆံတိုများကို သိမ်းရုံးကာ မျက်နှာသုတ်ပုဝါဖြင့် ပေါင်း၍ထား၏။ အင်္ကျီကား မရှိ။ လုံကွင်းမှာ လက်နှီးရောင်၊ ဖာထေးရာတွေမှာ အနန္တ၊ အောက်ဖက်အစတွင် အကွဲက နှစ်ကွဲ၊ လက်ထဲတွင်ကား ကြိမ်လုံးတလုံးကို ကိုင်လျက်၊ ပါးစပ်တွင်မူ ဆေးတံကြီးကို ခဲထားလေသည်။ ထိုဆေးတံမှာ အရိုးကျိုးနေပေပြီ။ “သစ်မရှိခင် စပ်ကြား၊ ဝါးပေါင်းကွပ်” ဆိုသော စကားနှင့်အညီ ကျိုး၍သွားသော သစ်သားရိုး၏ နေရာတွင် ဝါးရိုးကို တပ်၍ထား၏။ ထိုဆေးတံကြီးကို ဖွာကာ ဖွာကာ ဆယ်အိမ်ခေါင်း ဦးလူမောင်နှင့် တွဲရေး၊ ခွဲရေးအကြောင်း ဆွေးနွေးနေကြလေသည်။

ဤသို့ ဆွေးနွေး၍ ကောင်းနေကြခိုက်တွင် မောင်တင်နှင့် မယ်အေးတို့သည် တယောက်ကိုတယောက် ဆဲရေးနေကြလေသည်။ ငထွန်းကား စာမအံ။ ယင်ကောင်တွေကိုဖမ်းပြီးလျှင် နောက်တိုး၏နားထဲသို့ လွှတ်သွင်းသဖြင့် နောက်တိုးနှင့် ငထွန်းတို့ တယောက်နှင့်တယောက် စကားများကြပြီးနောက် တယောက် တချက်စီ ထိုးနေကြလေပြီ။ စိန်ဘေကား ဘေသန်းနှင့်အတူ ကျောင်းနောက်ဖေး ကွင်းပြင်ထဲတွင် ပြေးလွှားကစားကာ ဖားကလေးများကို ဖမ်းလျက်နေကြလေသည်။ နောက်ဖေးအိမ်သာတွင်ကား ဘထွန်း၊ သာအေး၊ ငွေလှိုင်၊ စံမြတို့လူစု ဦးတာတေ၏ကျွဲများကို ဖမ်း၍စီးရန် တိုင်ပင်နေကြလေသည်။ ထွန်းဝေနှင့် စံသိန်းတို့ကား ကျောင်းအောက်တွင် နပန်းလုံးနေကြကုန်၏။ သာထွန်းနှင့် ညွှန့်မောင်တို့က ဒိုင်လုပ်ကြလေသည်။ ဝေလင်းကား မိမိ၏ကျောက်သင်ပုန်းပေါ်တွင် ခွေးရုပ်၊ ကြောင်ရုပ်၊ ကြက်ရုပ်များကို ရေးပြီးလျှင် တင်အေးအား ပြလျက်နေလေသည်။ တင်အေးကား ဝေလင်းအား ချီးမွမ်း၍မဆုံးပြီ။ မိခွေးနှင့် မယ်သိန်းတို့ ထောင့်တထောင့် ခရားစေ့တောက်တမ်း ကစားနေကြလေသည်။

ဆရာစောကား စကားပြော၍ ကောင်းတုန်းပင်။ သို့နှင့် ယခင်က ဆူညံ၍နေသော စာအံသံကြီးမှာ တစတစ တိုး၍ တိုး၍ သွားတော့၏။ နောက်ဆုံး၌ စာအံသံဟူ၍ မကြားရတော့ပြီ။ ဆော့နေကြသော အသံ၊ ရန်ဖြစ်နေကြသောအသံ၊ ရယ်နေကြသော အသံတို့ကိုသာ ကြားရလေသည်။ ထိုအခါကျမှ ဆရာစောလည်း မိမိ၏ညာလက်တွင် ကိုင်၍ထားသော ကြိမ်လုံးဖြင့် ကြမ်းပြင်ကို ဘမ်း ဘမ်း မြည်အောင် သုံးလေးချက် နှက်လေ၏။

ကျောင်းသား ကျောင်းသူအပေါင်းတို့လည်း ရမိရရာကို နားကွဲလုအောင် ဟစ်အော်ခြင်း ပြုကြလေသည်။ အိမ်သာတွင် တိုင်ပင်နေသူတို့သည်လည်း​ကောင်း၊ ကျောင်းအောက်တွင် နပန်းလုံးနေသူတို့သည်လည်း​ကောင်း၊ ကွင်းပြင်တွင် ကစားနေသူတို့သည်လည်း​ကောင်း၊ မိမိတို့၏နေရာများသို့ ရောက်ကြလေပြီ။ သူတို့လည်း ထင်မိထင်ရာကို ကောက်ကာ အော်ဟစ်နေကြကုန်၏။ ဆရာစောကား တိုင်းရေး၊ ပြည်ရေး အကြောင်း ဆက်လက်၍ ဆွေး​နွေးလျက်နေပြန်လေသည်။

အတန်ကြာလျှင် စာအံသံကြီး တိတ်လျက်သွားပြန်၏။ ဆရာစော၏ကြိမ်လုံးနှင့် ကျောင်းတော်၏ကြမ်းပြင်တို့ စကားပြောကြရပြန်၏။ ဤနည်းအတိုင်း တိတ်ချည်၊ ဆူချည်နှင့် နေလေတော့သည်။ စာအံခြင်း သုံးကြိမ်မြောက် တိတ်၍သွားသောအခါ အေးမောင်နှင့်လူလှတို့ ကျောက်တံလုရာမှ ရန်ဖြစ်ကြ၏။ အေးမောင်က ကျောက်တံဖြင့် ထိုးလိုက်ရာ လူလှလက်မှ သွေးဖြန်းဖြန်း ထွက်လေသည်။ လူလှက ပြန်၍ ကျောက်သင်ပုန်းစောင်းဖြင့် ခုတ်လိုက်ရာ အေးမောင်၏နဖူးတွင် ကွမ်းသီးလုံးခန့် ဖူး၍လာ၏။

အချို့က အေးမောင် လွန်သည်ဟု ဆိုကြလေသည်။ အချို့ကမူကား လူလှ လွန်သည်ဟု ဆိုကြ၏။ အချို့က အေးမောင်အား သနားကြ၏။ အချို့ကမူကား လူလှအား သနားကြလေသည်။ တိုးတိုး တိုးတိုး စုရုံး စုရုံးနှင့် နေကြကုန်၏။ အေးမောင်နှင့် လူလှတို့မှာ ကျိတ်ကာ ငိုနေကြရှာလေသည်။ နှစ်ယောက်စလုံး လွန်သူချည်း ဖြစ်ကြ၏။ ဆရာစော သိသွားမှဖြင့် ကြိမ်လုံးဓာတ်စာ ကျွေးမည်ကို ကြောက်ကြလေသည်။

အောင်သိန်းကား သူတကာ အရိုက်ခံရသည်ကို မြင်လိုသူ ဖြစ်၏။ သူ၏ပယောဂကြောင့် အေးမောင်တို့၏ရန်ပွဲအကြောင်း ဆရာစော၏နားသို့ ပေါက်သွား၏။ အေးမောင်နှင့် လူလှတို့အား ဆရာစော ခေါ်လေပြီ။ ရောက်ကြကုန်၏။ အကြောင်းကို မေးလေပြီ။ ဟုတ်မှန်သည့်အတိုင်း ဖြေကြကုန်၏။

အေးမောင်၏ကျောပေါ်သို့ ဆရာစော၏ကြိမ်လုံးစကြာ ငါးချက် ခ,လေပြီ။ အေးမောင်မှာ တော်တော်နှင့် မထနိုင်။ လူလှ၏ လက်ဝါးပြင်ပေါ်သို့လည်း ထိုကြိမ်လုံးစကြာပင် ငါးကြိမ်တိုင်တိုင် ဆင်းသက်လေပြီ။ လူလှလည်း စာအုပ်ကိုပင် မကိုင်နိုင်။

အောင်သိန်းကား စုတ်တသပ်သပ်နှင့် ဝမ်းနည်းလျက်နေ၏။ သို့သော် သူ၏စိတ်ထဲတွင်ကား ဝမ်းသာ၍မဆုံးပြီ။ အလွန်ညစ်သော အောင်သိန်းပါတကား။

ဟော ဟိုမှာ ကြည့်ကြပါဦး။ လား လား စံအောင်တို့လူစု ကျောင်းပြေး ဘိုးအောင်ကို ဖမ်းလာကြလေသည်။ ဘိုးအောင်ကား မလိုက်ချင့် လိုက်ချင် လိုက်ပါလာရရှာ၏။ သူ့အား ကြိုးများဖြင့် တည်းထားသောကြောင့် ပါလာရခြင်း ဖြစ်လေသည်။ စံအောင်တို့လူစုကား ပြုံးစိ ပြုံးစိနှင့် နေကြလေသည်။ သူတို့တကိုယ်လုံးလည်း ရွှဲရွှဲစိုနေတော့၏။ ဘိုးအောင်ကို မိုးရေထဲတွင် ဆွဲလာကြလေသည်။

ဘိုးအောင် ကျောင်းပြေး၊ အိမ်ပြေး လုပ်နေသည်မှာ လေးရက်ပင် ကြာလေပြီ။ ဘုန်းတော်ကြီး ဦးဝိမလ၏ကျောင်းတွင် ခိုကပ်ကာ နေလေသည်။ စံအောင်တို့လူစု ဘိုးအောင်ကို သွား၍ အဖမ်းတွင် ဘုန်းကြီးကျောင်းသားများနှင့် စစ်ဖြစ်ခဲ့ကြရသေးသည်။ စံအောင်တို့က မိုက်အားကောင်းသောကြောင့်သာ ဘုန်းကြီးကျောင်းသားများ လက်​လျှော့ကြရလေသည်။

ဆရာစော၏ ကျောင်းတကျောင်းလုံးတွင် စံအောင်ထက် မိုက်သောသူမရှိ။ စံအောင်အား ဗိုလ်တင်၍ ထားကြရလေသည်။ တကျောင်းလုံးတွင် ဆရာစောအပြင် သူ့ကို အကြောက်ရဆုံး ဖြစ်၏။ ဆရာစောကိုယ်တိုင်ပင် စံအောင်အား ခပ်ရွံ့ရွံ့။ သူ့အား အလိုလိုက်၍ထားလေသည်။ ကျောင်းသားများ မုံ့ဝယ်စားလျှင် စံအောင်အား တဝက် ဝေငှ၍ စားကြရ၏။ စံအောင်တည်းဟူသော နတ်ဆိုးကို မပသ၊ မတင်မြှောက်ဘဲ မစားဝံ့ကြချေ။

စံအောင်တို့လူစုလက်တွင် ရုန်းကန်၊ ရုန်းကန်နှင့် ပါ၍လာသော ဘိုးအောင်ကား ဆရာစော၏ ရှေ့မှောက်သို့ ရောက်လာလေပြီ။ ဆရာက ဒေါသထွက်ခိုက်၊ ဆရာစော၏ကြိမ်လုံးစကြာမှာလည်း သွေးစွန်းခိုက်၊ ဘိုးအောင်ကိုလည်း မိ၍လာခိုက်နှင့် ကြုံကြိုက်လေပြီ။

ကျောင်းသားအပေါင်းတို့ တုန်လျက်နေကြကုန်၏။ ရင်ထဲတွင် တထိတ်ထိတ်နှင့် နေကြလေသည်။ အောင်သိန်းမှာ ဘိုးအောင်ကို သနားယောင်ယောင်နေ၏။ သို့သော် စိတ်ထဲတွင်ကား ဝမ်းသာ၍ မဆုံးပြီ။ သူတကာ အရိုက်ခံရလျှင် အောင်သိန်း ဝမ်းမသာသည်မရှိ။

ဘိုးအောင် ကျောင်းပေါ်သို့ ရောက်သည်နှင့်တပြိုင်နက် မမေးမမြန်းဘဲ ဆရာစောသည် မိမိ၏ကြိမ်လုံးစကြာဖြင့် လှမ်း၍နှက်တော့၏။ အချက်ပေါင်း မရေတွက်နိုင်ပြီ။ ဘိုးအောင်လည်း ဆရာစော၏ ရင်ခွင်အတွင်းသို့ တိုး၍ တိုး၍ ဝင်သောကြောင့် အနည်းငယ် သက်သာရာရလေသည်။ နောက်ဆုံး၌ ဘိုးအောင်လည်း မော။ ဆရာစောလည်း မောလေတော့သည်။ သည်တော့မှ ရိုက်ပွဲကြီး ပြီးသွားလေသတည်း။

ကျောင်းသားအပေါင်းတို့က ဘိုးအောင်၏ရှောင်တိမ်းပုံကို သဘောကျကြကုန်၏။ အောင်သိန်းတယောက်သာ မကျေမနပ် ဖြစ်လျက်နေလေသည်။

ဆရာစောမှာ မော၍ အထိုင်လိုက်၊ အင်းသားကြီးကတော် ဒေါ် သာအိလည်း သားကလေး ရွှေလှနှင့် ရွှေစတို့ကို လက်ဆွဲကာ ရောက်လာခိုက်နှင့် တပြိုင်တည်း ကျလေသည်။ ဒေါ်သာအိကား သားကလေး ရွှေသွေးနှစ်ယောက်တို့အား ဆန်နှစ်ပြည်၊ ငွေနှစ်မတ်တို့နှင့် ကျောင်းအပ်ရန် လာခြင်းဖြစ်လေသည်။ ဆရာစောလည်း ပြုံးရွှင်စွာ စကားပြောပြီးလျှင် ရွှေလှနှင့် ရွှေစတို့အား လက်ခံလိုက်လေသည်။ ဒေါ်သာအိမှာ သားကလေးနှစ်ယောက်တို့အား ကျောင်းတွင် ထားခဲ့ပြီးလျှင် ဆင်း၍သွား၏။

ရွှေလှနှင့် ရွှေစတို့လည်း ကျွက်ကျွက်ညံအောင် ငိုကြွေးကြလေသည်။ မငိုဘဲနေကြမည်လော။ ရွှေလှမှာ ခြောက်နှစ်၊ ရွှေစမှာ လေးနှစ်မျှသာ ရှိကြသေး၏။ အိမ်တွင် ဆော့ကြလွန်း၍ တယောက်လျှင် ဆန်တပြည်၊ ငွေတမတ်နှင့် ဆရာစောအား ကလေးလာ၍ အထိန်းခိုင်းခြင်းဖြစ်လေသည်။ ရွှေလှနှင့် ရွှေစတို့ ငို၍ကောင်းတုန်းမှာပင် ဒေါ် သာအိ မိမိ၏အိမ်သို့ ပြန်ရောက်၏။

ရွှေလှတို့၏ငိုချင်းလည်း မဆုံးသေး။ ဆရာစော၏ကြိမ်စကြာ ကျောင်းတော်၏ကြမ်းပြင်ပေါ်သို့ ဘမ်း ဘမ်း ဟူသော အသံဖြင့် ကျဆင်းလေမှ ရွှေလှတို့၏ငိုချင်း ဆုံးလေသတည်း။

ထိုနောက် ဒေါ်သာအိ ပူဇော်၍သွားသော ဆန်နှစ်ပြည်၊ ​ငွေနှစ်မတ်တို့ကို အပ်ရန် ဆရာကတော်ကြီးအား ဆရာစောက ခေါ်လေသည်။ ထူးသာ ထူးနိုင်သည်။ မလာနိုင်သေး။ အဘယ်လာနိုင်အံ့နည်း။ ကျောင်းသား၊ ကျောင်းသူတို့အား ရောင်းရန် ပဲလှော်ကို ​လှော်လျက်နေလေသည်။ ။ ဆရာစော၏ကျောင်းသားကျောင်းသူတို့ကား ဆရာကတော်ကြီးရောင်းသော ပဲလှော်အပြင် မည်သည့်မုံ့ကိုမျှ ဝယ်စားခြင်းကို မပြုရ။ ကျောင်းသားများနှင့် သင့်လျော်လေအောင် အထူးစီမံထားသော ပဲလှော် ဖြစ်လေသည်။ (ဤကား ဆရာကတော်ကြီး၏အဆိုတည်း။)

ဆရာကတော်ကြီး ပဲလှော်နေခိုက်တွင် မြစိန်က ထမင်းအိုးတည်၏။ သန်းမြက ငါးလုပ်၏။ မယ်သင်က ကင်ပွန်းရွက်ချွေ၏။ သူတို့သုံးယောက်ကား သင်ပုန်းကြီးကိုပင် ကုန်အောင် မသင်ကြားရသေးပေ။ သို့သော် ဆရာကတော်ကြီး၏အချစ်တော်များ ဖြစ်ကြလေသည်။ ဆရာကတော်ကြီး၏အချစ်တော်ဆိုလျှင် ဆရာစော၏အချစ်တော်လည်း ဖြစ်ရပေမည်။ ဆရာစောနှင့် ဆရာကတော်ကြီးတို့မှာ နှစ်ကိုယ့်တစိတ် ဖြစ်ကြသောကြောင့်ပေတည်း။

ဆရာကတော်ကြီး၏အလိုအားဖြင့် မိန်းကလေးတို့မည်သည်မှာ စာတတ်ရန် မလို။ စာတတ်လျှင် ရည်းစားထားလေ့ ရှိကြကုန်၏။ က-ကြီး၊ ခ-ကွေးနှင့် ဘုရားရှိခိုးတတ်လျှင် တော်ပြီ။ မိမိမှာ ဆရာကတော်ပင် ဖြစ်စေကာမူ စာဖတ်၍ မတတ်။ မိန်းကလေးဟူက အချက်အပြုတ်တတ်ရမည်။ အချက်အပြုတ်မတတ်ပါက ရှက်စရာကောင်းလေသည်။ ထိုကြောင့် မိမိ၏အချစ်တော် မယ်သင်၊ သန်းမြ၊ မြစိန်တိုအား ချက်ပြုတ်နည်း အမျိုးစုံအောင် သင်ကြားပြသလျက် နေလေသည်။

ဆရာကတော်ကြီး၏လုံ့လကြောင့် မြစိန်တို့သုံးယောက်မှာ ထမင်းချက်လည်း တတ်ကြလေပြီ။ ချဉ်ပေါင်ဟင်း၊ ကင်ပွန်းရွက်ဟင်း၊ ကန်စွန်းရွက်ဟင်း ချက်နည်းတို့ကိုလည်း တတ်ကြလေပြီ။ ကြက်သား၊ ဘဲသား၊ ဝက်သားဟင်းချက်နည်းတို့ကိုကား မသင်ကြားရသေးချေ။ ဆရာကတော်ကြီး မချက်တတ်သောကြောင့် မဟုတ်ပါ။ ကြက်သား၊ ဘဲသား၊ ဝက်သားတို့ကို မဝယ်နိုင်သေးသောကြောင့်သာ မသင်ကြားရခြင်း ဖြစ်လေသည်။

ဟော ဟော... ဆရာကတော်ကြီး ထွက်လာပြီ။ ဆံပင်မှာ ဆီမရှိ၊ ခေါင်းပွကြီးနှင့်ဖြစ်၏။ အင်္ကျီမှာ လက်နှီးရောင်၊ ထမီမှာ ဖာထေးရာတွေ အနန္တ၊ ညစ်ထေးတော်မူလှသော ဆရာကတော်ကြီး ဖြစ်လေသည်။ အင်းသားကြီးကတော် ဒေါ်သာအိ ပူဇော်ခဲ့သော ဆန်နှစ်ပြည်နှင့် ငွေနှစ်မတ်တို့ကို သိမ်းကာ နောက်ဖေးသို့ ဝင်သွား၏။

ဆရာစောလည်း ကျောင်းလွှတ်လိုက်ပြီ။ ကျောင်းသားအပေါင်းတို့လည်း နှစ်ထောင်းအားရ အိမ်သို့ ပြန်ကြလေသတည်း။

ကျောင်းသားများကို ကြည့်ကာ “သည်ကျောင်းဆရာ သင်ပုံမျိုးနဲ့ ကျောင်းသားတွေ စာမှတတ်ပမလား သူကြီးမင်း” ဟု မောင်လူအေးက သူကြီးမင်း ဦးဘိုးထုံးအား မေး၏။

“တတ်သင့်သလောက်တော့ တတ်တာပါဘဲ” ဟု ဦးဘိုးထုံးက ဖြေလေသည်။

“တတ်မယ် မထင်ပါဘူးဗျာ” ဟု မောင်လူအေး ဆိုပြန်လေသည်။

ဤသို့ မှတ်ချက်ချသော မောင်လူအေးမှာ မိမိငယ်စဉ်က ဤကျောင်းမျိုးမှာပင် ပညာသင်ကြားပြီးနောက် တစတစ တိုးတက်ကာ ယခုအခြေအနေသို့ ရောက်နေရသည်ကို အမှတ်ရဟန် မတူ။ နောင် နှစ်ပေါင်း ၄၀-၅၀-ခန့်ကြာလျှင် ဤရွာကျောင်းမှပင် မြန်မာပြည်သမတ ထွက်ချင်ထွက်နေမည်ကိုလည်း စဉ်းစားမိပုံမပေါ်။
-------------------
#သိပ္ပံမောင်ဝ
၁၂၉၅ ခု၊ ဝါဆိုလ။

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)