စည်းစိမ်
#စည်းစိမ်
မောင်လူအေး ဘီ-အေ အောင်သည်မှာ အတော်ပင် ကြာလေပြီ။ ဘီ-အေ အောင်ပြီးသည့်နောက် ဝန်ထောက်အလုပ်ကို ရသောကြောင့် ငွေဝင်လမ်း မှန်လျက်နေပေ၏။ ဝတ်ရေး စားရေးအတွက် ပူပန်ရန် တစုံတရာမရှိ။ တင့်တင့်တယ်တယ် နေထိုင်နိုင်သူတယောက် ဖြစ်လေသည်။
သို့သော်လည်း ယခုထက်တိုင် မောင်လူအေး သားမယားမရှိ။ တကိုယ်တည်း လူပျိုကြီးလုပ်နေသောကြောင့် မိတ်ဆွေအပေါင်းက မကြာမကြာ ပြောင်လှောင်လေ့ရှိလေသည်။ ဤသို့ မိတ်ဆွေများ ပြောင်ကြ လှောင်ကြစေကာမူ မောင်လူအေးမှာ အမည်နှင့်လိုက်အောင်ပင် အေးအေးဆေးဆေး တယောက်တည်းပင် အပူမရှာသေးဘဲ ဘူတာကလေးလုပ်လျက် နေပေ၏။
ပညာလည်း ပြည့်စုံ၊ အလုပ်အကိုင်ကလည်း လက်ရှိ၊ ရိုးသားကြောင်းကိုလည်း အများအသိပင် ဖြစ်သောကြောင့် မောင်လူအေးအား သားမက်ဖမ်းလိုသော ယောက္ခမလောင်းများ အတော်အတန် ပေါ်ပေါက်ခဲ့လေသည်။ မိဖများကလည်း တယောက်တည်း အရပ်ဝေးတွင် လွှတ်ထားရမည်ကို စိတ်မချသောကြောင့် သင့်လျော်သော သူတယောက်ယောက်၏သမီးနှင့် နေရာချလိုသဖြင့် မောင်လူအေးအား မကြာမကြာ စာလှမ်း၍ ပေးလေ့ရှိ၏။ မောင်လူအေးလည်း အေးအေးနေပါရစေဟူ၍သာလျှင် မိခင် ဖခင်တို့ထံသို့ စာပြန်လိုက်လေ၏။ ဤနည်းအတိုင်း မောင်လူအေးမှာ အသက် ၃၀ နီးပါးရောက်၍လာလေတော့သတည်း။
ယခုအခါတွင်ကား မောင်လူအေးသည် အထက်အညာ ဧရာဝတီမြစ်ကမ်းပေါ်တွင် တည်ရှိသော မြို့တမြို့၌ ဝန်ထောက်အလုပ်ဖြင့် နေထိုင်လျက်ရှိ၏။ ဧရာဝတီမြစ်ဖက်သို့ မျက်နှာပြု၍ ဆောက်ထားသော အိမ်တွင် မိမိအစေခံများနှင့်အတူတူ တကိုယ်တည်း နေထိုင်လျက်ရှိပေ၏။ (အစေခံ ဆိုရာမှာလည်း များများစားစား မရှိ။ မောင်သူနှင့် သူ၏မယား မယ်အေး၊ သမီးကလေး သန်းမေပါ သုံးယောက်သာ ရှိလေသည်။ မိမိသွားလေရာပါသော ကြောင်ကြီး နှစ်ကောင်၊ ကြောင်မကြီးမှ မွေးသော ကြောင်ကလေး သုံးကောင်အပြင်၊ အခြားအိမ်သားဟူ၍ မရှိချေ။ ကြောင်ကလေးများမှာလည်း ကစားတတ်တုန်းအရွယ် နှစ်လကျော်ကျော်သာ ရှိကြသေး၏။
အိမ်အသုံးအဆောင်ဆို၍လည်း များစွာမရှိ၊ ပက်လက်ကုလားထိုင်တလုံး၊ ရိုးရိုးကုလားထိုင် သုံးလုံး၊ စာရေးစားပွဲတခု၊ စာအုပ်တင်သော စင်ကလေးတခု၊ စာထည့်သော စာခြင်းတလုံး၊ မိမိ ကောလိပ်နေစဉ်က မိတ်ဆွေများနှင့် ရော၍ ရိုက်ထားသော ဓာတ်ပုံ သုံးလေးပုံသာ ဧည့်ခန်းထဲ၌ ရှိ၏။
အိပ်ခန်းတွင်ကား အဝတ်သေတ္တာတလုံး၊ ဘိနပ်များ ထည့်သော ဖာတလုံး၊ ခေါက်ကုတင် တခုနှင့် အိပ်ရာလိပ် စောင် အစရှိသော အသုံးအဆောင်များသာ ရှိ၏။ ထမင်းစားခန်းတွင်ကား စားပွဲ ကုလားထိုင်ဟူ၍ မရှိ။ သစ်တုံး ကလေး နှစ်တုံးပေါ်တွင် ပျဉ်ပြားတချပ် ခင်း၍ ထမင်းစားပွဲ ပြုလုပ်ကာ ထား၏။ ထမင်းစားသောက်သောအခါ ကြမ်းပေါ်တွင် ထိုင်၍ စားလေသည်။
ဤသို့ တယောက်တည်း အိမ်အသုံးအဆောင် အနည်းငယ်မျှ၊ အစေခံ တယောက် နှစ်ယောက်မျှနှင့် နေထိုင်ရသည်ကို မည်သူ နှစ်သက်ပါအံ့နည်း။ မောင်လူအေးမှာမူကား သူတကာကဲ့သို့ ခမ်းခမ်းနားနား နေထိုင်ခြင်းကို မနှစ်သက်။ ယခုလက်ရှိ အသုံးအဆောင်ကိုပင် များသေးသည်ဟု ထင်ကာ ဖြုတ်ပစ်ချင်သေး၏။ လူထူးလူဆန်းတယောက်ပေတည်း။
တနေ့သ၌ မောင်လူအေး ရုံးမှ စောစော ဆင်းလာခဲ့၏။ အိမ်သို့ ရောက်လျှင် အစေခံ ပြင်ထားသော ကာဖီတခွက်ကို သောက်၊ ဘောင်းဘီတိုနှင့် ရှပ်အင်္ကျီကို ဝတ်၊ တုတ်ကောက်တချောင်းကို ကိုင်ကာ ဧရာဝတီမြစ် ကမ်းခြေတလျှောက် လျှောက်၍လာခဲ့၏။ မိမိလျှောက်၍လာသော လမ်းတလျှောက်တွင် လူသူမရှိ၊ တိတ်ဆိတ်လျက်နေပေ၏။ တရံတခါ မြစ်ထဲတွင် ငါးဖမ်းနေကြသော တံငါလှေကလေး တစင်း နှစ်စင်းကို တွေ့မြင်ရ၏။
ရေစပ်တွင် ငါးကိုစောင့်၍ စားနေကြသော ဗျိုင်းများကိုလည်းကောင်း၊ ဒိန်ညင်းငှက်များကိုလည်းကောင်း တွေ့မြင်ရ၏။ ကမ်းခြေတလျှောက်တွင် စိုက်ထားသော ပြောင်းခင်း ပဲခင်းတို့ စိမ်းစိမ်းစိုစိုနေသည်ကို မြင်ရသည်ကိုပင် စိတ်ရွှင်လန်းလျက်နေ၏။
ထိုခဏတွင် လောကကြီးကို လုံးလုံးမေ့လျက်နေပြီးလျှင် လောက၏အပဖြစ်သော နေရာသို့ ရောက်နေသကဲ့သို့ ထင်မှတ်မိပေ၏။ ဤသို့ ရွှင်လန်းလျက်နေသည့်အထဲတွင် စိတ်အတွင်း၌ ဟာတာတာဖြစ်၍နေ၏။ တစုံတခုမှာ မပြည့်စုံသကဲ့သို့ ဖြစ်နေပေ၏။ လွမ်းသလိုလို၊ ဘာလိုလို၊ ဘယ်လိုနေရမှန်းမသိ ဖြစ်နေပေ၏။ ဤသို့ဖြစ်ပြီး စဉ်းစားယင်းပင် အိမ်သို့ ပြန်လာခဲ့လေသတည်း။
အိမ်သို့ မှောင်မှ ပြန်ရောက်၏။ အိမ်သို့ရောက်၍ ရေမိုးချိုး၊ ထမင်းဟင်း စားသောက်ပြီးလျှင် အိမ်ရှေ့အပြင်ဖက် ဝရံတာတွင် ပက်လက်ကုလားထိုင်ကို ထုတ်ကာ ထိုင်ပြီးလျှင် အတွင်းဖက်မှ ထွက်နေသော မီးရောင်၌ နေ့ခင်းက ရောက်လာသော သတင်းစာတစောင်ကို ဖတ်၍နေ၏။
လဆန်း ဆယ်ရက်နေ့ညဖြစ်သောကြောင့် လသာလျက်နေ၏။ အမြဲမပြတ် စီးဆင်းလျက်နေသော ဧရာဝတီမြစ်ပေါ်သို့ လရောင်ကျလျက်နေသောကြောင့် မြစ်တခုလုံး အရောင်တောက်လျက်နေပေ၏။ ညဉ့်ဦးယံ ဖြစ်သောကြောင့်လည်း လေညှင်းက တိုက်ခတ်လျက်နေ၏။ အနီးအနားရှိ သစ်ပင်တို့မှ ပုရစ် အစရှိသော ပိုးမွှားတို့ကလည်း မြူထူးအော်ဟစ်နေကြ၏။ အိမ်ရှေ့ တမာပင်ပေါ်တွင်လည်း ဒီးဒုတ်တကောင်သည် တမိနစ်တွင် တကြိမ် မှန်မှန်မြည်လျက်နေ၏။ အိမ်တွင် ပေါက်ဖွားကြသော ကြောင်ကလေး သုံးကောင်မှာလည်း ကျလျက်နေသော လုံချည်စကို ဆွဲကာ ကစားနေကြလေသတည်း။
မောင်လူအေးလည်း သတင်းစာကို တရွက်ပြီးတရွက် လှန်ကာ လှန်ကာ ဖတ်လျက်နေ၏။ အတန်ကြာလျှင် မိတ်ဆွေ မောင်သောင်းဖေ ထိမ်းမြားကြောင်းကို တွေ့မြင်ရ၏။ ဤအကြောင်းကို ဆုံးအောင် ဖတ်ပြီးနောက် သတင်းစာကို ကြမ်းပေါ်သို့ ပစ်ချလိုက်၏။ မိမိရှပ်အင်္ကျီအိတ်ထဲမှ ပိုက်ဆံ နှစ်ပြားကို ထုတ်ကာ မေးစေ့တွင် ပေါက်လျက်နေသော မုတ်ဆိတ်မွေး အတိုကလေးများကို ညှပ်ကာညှပ်ကာ နုတ်လျက်နေ၏။ မျက်နှာကား ကြယ်တွေ အစုံဖြင့် ထွန်းလင်းလျက်နေသော ကောင်းကင်သို့ မော့နေ၏။ သိုရာတွင် မောင်လူအေး မျက်စိထဲ၌ကား လကိုလည်း မမြင်၊ ကြယ်အပေါင်းကိုလည်း မမြင်၊ မိုးကောင်းကင်ကိုလည်း မမြင်၊ ဘာကို စဉ်းစား၍နေပါသနည်း။
မိတ်ဆွေ မောင်သောင်းမှာ ထိမ်းမြားပြီးပေပြီ။ မိမိလည်း အချိန်တန်၍ အရွယ်ရောက်ပေပြီ။ အရွယ်ရောက်ရုံမျှမက အရွယ်ပင် လွန်ပြီဟူ၍ ဆိုသူများက ဆိုကြလေသည်။ မိန်းမယူလျှင် အဘယ်သို့သော မိန်းမမျိုးကို ယူရအံ့နည်း။
ဦးဘိုးသောင်း၏သမီး မလှတင့်သည် ရုပ်ရေရူပကာယ အလွန်လှပသော မိန်းကလေးဖြစ်၏။ အသက်လည်း ငယ်၏။ ချစ်စဘွယ်ကောင်း၏။ သို့သော် ဦးဘိုးသောင်း၌ ပိုက်ဆံ တပြားမှ မရှိ။ မိမိကပင် စိန်နားကပ်၊ စိန်လက်ကောက်၊ စိန်ကြယ်သီးတို့ကို ဝယ်ပေးရမည်ဖြစ်ချေသည်။ မဝတ်ချင်လျှင် ကောင်း၏။ မဝတ်ချင်မှာလည်းမဟုတ်။ မိန်းမဟူက ဝတ်ချင်သူချည်း ဖြစ်လေသည်။ တယောက်နှင့်တယောက် ဂုဏ်ပြိုင်နေသူများ ဖြစ်ကြ၏။ စိန်ဝတ်ချင်ရုံမက မော်တော်ကား စီးချင်ပေဦးမည်။ အိမ်ကိုလည်း ခမ်းခမ်းနားနား ဆင်ချင်ပေဦးမည်။ မိမိရသော လခမှာလည်း များလှသည် မဆိုနိုင်။ ထိုလခနှင့် လောက်နိုင်ရန် အကြောင်းမမြင်။ “အေးစေလိုလို့ တရားနာ၊ ပူဇာစ အကျိုး” ဆိုသော စကားကဲ့သို့ မအေးရသည့်ပြင်၊ မယားအတွက် သားအတွက် ပူပင်စရာတွေ များလာရန် အကြောင်းရှိ၏။ ဤသို့ အပူအပင်တွေ များလာရသည်ထက်၊ ယခုလို လူပျိုကြီးလုပ်နေရသည်ကပင် ကောင်းသေး၏။
ဦးရွှေအိုးကား အလွန်ချမ်းသာ ကြွယ်ဝသော မြေပိုင်ရှင်ကြီး တဦး ဖြစ်လေသည်။ သားသမီးဆို၍လည်း မစိုးခင် တယောက်တည်းသာ ရှိ၏။ ဥစ္စာပစ္စည်းအတွက် အနည်းငယ်မျှ စိုးရိမ်ရန် မရှိ။ စိတ်အေးလက်အေးနှင့် လုပ်ကိုင် စားသောက်ရုံ ရှိလေသည်။ သို့သော် မစိုးခင်မှာ အလွန်အရုပ်ဆိုးသည်ဟု ကြားရ၏။ ဤသို့ အရုပ်ဆိုးသောမယားနှင့် အတူတူ ပွဲလမ်းသဘင်သို့ ယှဉ်တွဲ၍ သွားမည်ဆိုလျှင် သူတကာ ကဲ့ရဲ့စရာ အကြောင်းမြင်၏။ မောင်လူအေးမှာ ငွေမက်သော သိုက်သမားပါကလား ဟူ၍ ဆိုမည်ကို စိုးရိမ်ရန် အကြောင်းလည်း ရှိလေသည်။ သူတကာ ကဲ့ရဲ့မည်ကို မစိုးရိမ်စေကာမူ ကြေးငွေပေါများ ကြွယ်ဝသူ၏သမီး ဖြစ်သောကြောင့် မိမိအပေါ်၌ မယားက အနိုင်ကျင့်မည်ကိုလည်း စိုးရိမ်ရန် ရှိသေး၏။ မိမိဩဇာ မရှိဘဲ မယား၏သြဇာ လွှမ်းမိုးမည်ကိုလည်း စိုးရိမ်မကင်း ဖြစ်မိ၏။
ဝန်ထောက် ဦးသော်တာ၏သမီး မခင်လတ်မှာ ရုပ်လည်း သင့်တင့်၏။ ဦးသော်တာမှာလည်း ကြေးငွေ အတော်အတန် ပေါများ၏။ သို့ရာတွင် ဝန်ထောက်ကတော်ကြီး မရွှေမှာ အလွန်စက်အလှည့်ကောင်းသည်ဟု ကျော်ကြားလေသည်။ သူသမီးကို ယူလျင် သူ့စက်အလှည့်ကို ခံရမည်ကား မလွဲတည်း။
သူဌေး ဦးကြွယ်၏သမီး မလှတင်မှာ ရုပ်လည်းချော၊ သဘောလည်း ကောင်း၊ အပြောလည်း ပါ၏။ ဆိုစရာ မရှိပြီ။ သို့သော် မလှတင်၏အစ်ကို မောင်တင်မောင်မှာ အလွန်ရမ်းကားသော အရက်သမား ဖြစ်၏။ အပျော်အပါး လိုက်ပြီးလျှင် သူတကာနှင့်လည်း မသင့်မတင့်ဖြစ်၏။ ဤလူမျိုးနှင့် ယောက်ဖတော်ရလျင် နေရာမကျ။
စက်သူဌေး ဦးဒါလီ၏သမီး မသောင်းတင်မှာ အလွန်တော်သည်ဟူ၍ သတင်းကြားရလေသည်။ ဥစ္စာပေါ၊ သဘောကောင်း၊ အပြောပါ၊ ရုပ်လည်းချော၊ အလွန်မှပင် သင့်တင့်လှပေ၏။ သို့သော် ဦးဒါလီသည် မိမိမယားကြီး သေဆုံးပြီးနောက် များမကြာမီ မယားငယ် တယောက် ယူ၏။ ထိုမယားမှာ မိမိသမီး မသောင်းတင်ထက်ပင် သုံးနှစ် ငယ်သေးသည်ဟု ကြားရ၏။ ဤသို့ မယားငယ်ငယ်ကလေးကို ယူထားသော အဘိုးကြီးအား ယောက္ခမတော်၍ နေရာမကျ။
ပွဲကတော်ကြီး ဒေါ်သိန်းမေမှာ မိမိယောက်ျား ဆုံးသွားပြီးနောက် ပစ္စည်းအမြောက်အမြားနှင့် သမီးကလေး တယောက်သာ ကျန်ရစ်ခဲ့၏။ သမီးရော မအေပါ သဘောလည်း ကောင်း၏။ သူတကာကိုလည်း ချစ်ခင်တတ်၏။ အရပ်နှင့်လည်း သင့်တင့်၏။ ပြောစရာ ဘာတခုမျှ မရှိ။ မအေးကြည်ကလေးနှင့် ရလျှင် နေရာကျပြီ။ သို့သော် ဒေါ်သိန်းမေ၏ဆွေမျိုးတို့မှာ အလွန်နှုတ်သီးကောင်း၊ ဓားထက်သည့်ပြင် အမျိုးလည်း ကောင်းကောင်းမသန့်ဟု တီးတိုးစကားပြောသံ ကြားရ၏။
ဤဘို တွေးတော စဉ်းစားနေသည်အတွင်း မိုးကောင်းကင်တွင် တိမ်တိုက်ကြီးသည် အနောက်ဖက်မှ တက်၍လာပြီးလျှင် လမင်းကို ဖုံးကွယ်လိုက်၏။ ဧရာဝတီမြစ်အတွင်း ငှက်ခတ်သွားသော အသံကို ခပ်မှန်မှန် ကြားရ၏။ အိမ်ရှေ့ တမာပင် အထက်မှ ဒီးဒုတ်မှာလည်း တမိနစ်တကြိမ် အစဉ်အတိုင်း မှန်မှန်ပင် မြည်လျက် ရှိနေသေး၏။
တောင်ဖက်ရှိ နယ်ပိုင် ဝန်ထောက်အိမ်မှာလည်း “ဦးကလိန် သီချင်း” ဓာတ်ပြား ဖွင့်နေသည်ကို သဲ့သဲ့ကလေး ကြားနေရ၏။ ထိုအသံများသည် မောင်လူအေး၏စိတ်ထဲတွင် ဝေး၍ ဝေး၍ သွားကြလေကုန်၏။ အတန်ကြာလျှင် လုံးလုံးပင် ပျောက်၍သွားကြ၏။ မောင်လူအေးလည်း ပက်လက်ကုလားထိုင်ပေါ်တွင် တရှူးရှူးနှင့် အိပ်ပျော်လျက်နေတော့သတည်း။
ဤစည်းစိမ်ထက် အဘယ်စည်းစိမ် သာနိုင်ပါအံ့နည်း။
---------------------------------------
#သိပ္ပံမောင်ဝ
ဂန္ထလောက၊ ၁၂၉၂ ခု၊ တန်ဆောင်မုန်းလ။
Comments
Post a Comment