နိဗ္ဗာန်ဆော်
#နိဗ္ဗာန်ဆော်
မောင်လူအေးကား အအိပ်ကြီးသူ တယောက် ဖြစ်လေသည်။ တက္ကသိုလ်ကျောင်းမှာတုန်းက နံနက် လက်ဖက်ရည်ကို ဘယ်အခါမျှ မသောက်ရချေ။ နံနက်စာ စားရန် ခေါင်းလောင်းထိုးမှ အိပ်ရာမှ ထလေ့ရှိလေသည်။ သူတကာ နံနက်စာ စားပြီးမှ ထမင်းစားပွဲသို့ ရောက်၏။ မကြာ မကြာ နံနက်စာ ငတ်လေသည်။ ခေါက်ဆွဲနှင့် သူကျေနပ်ရသည် များ၏။
မောင်လူအေး လေးငါးခြောက်တန်းမှာတုန်းကမူကား ဖွားဒွေးကြီး သုံးကြိမ်တိုင်တိုင် နှိုးမှ အိပ်ရာမှ ထ၍ ကျောင်းသို့ သွားလေ့ရှိ၏။ ပဌမအကြိမ်နှိုးလျှင် မထသေး။ ကိစ္စမရှိ။ ဒုတိယအကြိမ် နှိုးလျှင် မထသေး။ ဖွားဒွေးကြီး ဆူလေသည်။ တတိယအကြိမ်နှိုးလျှင် မထဘဲ မနေဝံ့တော့ပြီ။ တတိယအကြိမ် နှိုး၍မှ မထဘဲနေလျှင် ဖွားဒွေးကြီး စိတ်ဆိုးသဖြင့် ဝါးခြမ်းဖြင့် ဆော်လေတော့၏။ ဤကား မောင်လူအေး၏ အအိပ်ကြီးသော ဂုဏ်ထူးဝိသေသပေတည်း။
မောင်လူအေး ကျောင်းမှထွက်၍ အလုပ်အကိုင်နှင့် ဖြစ်လာသောအခါ ထိုဂုဏ်ထူးကြီးမှာ အနည်းငယ်လျော့၍ သွားလေသည်။ ကျောင်းသားဘဝတုန်းက တာဝန်တွေမှာ မများသေးပေ။ ယခုကား တာဝန်တွေမှာ များလာလေပြီ။ ငယ်ငယ်တုန်းက ဖွားဒွေးကြီး၏ဝါးခြမ်းကို ကြောက်သောကြောင့် အိပ်ရာမှစောစော ထခဲ့ရ၏။ ယခုမူကား တာဝန်ဝါးခြမ်းကို ကြောက်သောကြောင့် စောစော အိပ်ရာမှ ထလေ့ရှိလေသည်။ တာဝန်ဝါးခြမ်းက ဖွားဒွေးကြီး၏ ဝါးခြမ်းထက် အဆတရာမက တန်ခိုးကြီးမားပေသေး၏။ အိပ်မောကျနေယင်း ဆတ်ခနဲ လန့်၍နိုးအောင်ပင် တတ်နိုင်သောတာဝန်ဝါးခြမ်းပေတည်း။
မနက်ဖြန် နံနက် စောစော ငါးနာရီထွက်သော သင်္ဘောဖြင့် မြန်မာပြာသာရွာသို့ မောင်လူအေး သွားရပေမည်။ နံနက်စောစော လေးနာရီအချိန်တွင် အိပ်ရာမှ ထရမည် ဖြစ်၏။ စောလွန်းလှသည်။ မထချင်။ သို့သော် သင်္ဘောမမှီမည်ကို စိုးရလေသည်။
နံနက်စောစော လေးနာရီထိုးသည်နှင့် တပြိုင်နက် နာရီနှိုးစက်၏ပယောဂကြောင့် မောင်လူအေး အိပ်ရာမှ ထရ၏။ အိပ်ရာမှထ၍ မကြာမီမှာပင် အနီးအနားရှိ ဘုန်းကြီးကျောင်းမှ ကုလားတက်သံကို ကြားရလေသည်။ အသံကား လက်ဦးတွင် ခပ်လေးလေး၊ ထို့နောက် တဖြည်းဖြည်း မြန်၍ မြန်၍ လာ၏။ နောက်ဆုံး၌ တချက်နှင့် တချက် ဆက်၍သွားလေသည်။ ပြီးပြန်လျှင် လေးသောအသံများ ပေါ်၍ လာပြန်၏။ ယခင်နည်းအတိုင်း မြန်၍ မြန်၍ လာပြီးလျှင် တချက်နှင့်တချက် ဆက်၍ သွားပြန်၏။
မောင်လူအေးမှာ မျက်နှာမသစ်နိုင်သေးဘဲ ထိုကုလားတက်၏တူရိယာသံကို စိုက်ကာ နားထောင်နေ၏။ မည်မျှသာယာသော အသံပေနည်း။ မည်မျှ ကြည်နူးဘွယ်ကောင်းသော အသံပေနည်း။ မည်သည့်တူရိယာသံသည် ဤကုလားတက်သံထက် သာနိုင်ပါအံ့နည်းဟု တွေးတောကာနေမိ၏။
ယခင်အခါက ကုလားတက်အသံများကို ကြားခဲ့ဘူးသည်မှာ မရေတွက်နိုင်ပြီ။ သို့သော် မည်သည့်အခါကမှ ကုလားတက်သံ သာယာသည်ဟု မထင်မှတ်မိခဲ့ပေ။ နားငြီးစရာကောင်းသော အသံဟူ၍ပင် ကဲ့ရဲ့မိခဲ့ပေသည်။ “ဒေါင်ဒေါင်” ဟူသော ကုလားတက်သံ၏သာယာခြင်းမှာ မဆိုလောက်သေး။ ထိုအသံတွင် ပါ၍လာသော အဓိပ္ပါယ်ကား မည်မျှနက်ပါသနည်း။ မည်မျှလေးပါသနည်း။ မည်မျှ နုပါသနည်း။ စဉ်းစားကြည့်ပါက ကောင်းစွာ သိရပေလိမ့်မည်။
ထို “ဒေါင် ..ဒေါင်” အသံကား နေမင်း၏ရှေ့တော်ပြေးကြီးပေတည်း။ နေမင်းကြီး မကြာမီ ထွက်ပေါ်လာတော့မည်။
"အို သတ္တဝါအပေါင်းတို့၊ ထကြလော့၊ ထကြလော့။နေမင်းကြီးကို ထ၍ ဖူးမျှော်ကြပါကုန်လော့။ ရောင်ခြည်တထောင် အလင်းကိုဆောင်ကာ နေမင်းကြီး ထွက်ပေါ်လာပုံကား ဆန်းကြယ်လှပေ၏။ ဤသို့ ဆန်းကြယ်စွာ ထွက်ပေါ်လာပုံကို မမြင်လိုက်မရှိရလေအောင် ထကြကုန်လော့၊ ထကုန်လော့"ဟူ၍ တိုက်တွန်းနေသော ကုလားတက်သံကို ကြားရလျှင် မည်သူ မကြည်နူးဘဲ နေအံ့နည်း။
ကုလားတက်သံနှင့်အတူ ပါ၍လာသော အဓိပ္ပါယ်တမျိုးလည်း ရှိသေး၏။ “ဒေါင်ဒေါင်” ဟူသော အသံကို စေ့စေ့ နားထောင်ကြည့်ကြပါဘိ။ ဤသို့ ဆိုနေပေသည်။
“အို သတ္တဝါအပေါင်းတို့။ ထကြလော့၊ ထကြလော့။ အလုပ်ခွင်သို့ ဝင်ကြလော့။ သူတကာထက် အလျင် အလုပ်ခွင်သို့ ဝင်လျှင် သူတကာထက် ပို၍ ကြီးပွါးတိုးတက်ပေလိမ့်မည်။ ဤခေတ်သည် သူတကာနှင့်အပြိုင် ဆောင်ရွက် လုပ်ကိုင်နေရသောခေတ် ဖြစ်၏။ ဤအချိန်တွင် အိပ်နေလျှင် သူတကာ ဦးသွားပေမည်။ ဤခေတ်ကား မသိသူ ကျော်သွား၊ သိသူဖော်စားသော ခေတ်ဖြစ်၏။ ထိုသူတို့ စားကြရပေလိမ့်မည်။ ထကြလော့။ သိသူများ ဖြစ်ကြကုန်
လော့။ လောကီအလုပ်ကို အားမထုတ်လိုလျှင် လောကုတ္တရာအလုပ်ကို အားထုတ်ကြကုန်လော့။ နိဗ္ဗာန်သို့ သူတကာထက် အလျင်ရောက်အောင် ကြိုးစားကြကုန်လော့။ ကမ္မဋ္ဌာန်းကို စီးဖြန်းကြပါကုန်လော့။ အိပ်နေခြင်းကား အကျိုးမရှိ။ ကျန်းမာခြင်းကိုလည်း မရ။ လောကီစီးပွါးလည်း မဖြစ်ထွန်း။ လောကုတ္တရာစီးပွါးလည်း မဆောင်။ အို...သတ္တဝါအပေါင်းတို့။ အိပ်ရာမှ ထကြ၍ အလုပ်ခွင်သို့ ဝင်ကြကုန်လော့။ ဝင်ကုန်လော့”
ဤသို့ နှိုးဆော်နေသည့် ကုလားတက်သံကို ကြားရသော မောင်လူအေး၏စိတ်မှာ လှုပ်လှုပ်ရှားရှား၊ ထထကြွကြွ ဖြစ်၍လာ၏။ မောင်လူအေးတွင် တက်ကြွသောစိတ်များ တဖွားဖွား ပေါ်၍လာကြကုန်၏။ ရှေးအခါက ဤအချိန်တွင် အိပ်ပျော်နေခဲ့သည်များကို နှမြောမိပေ၏။ ရှေးအခါက ဤအချိန်တွင် အိပ်ပျော်နေတုန်း ဖြစ်သောကြောင့် ကုလားတက်သံ၏နှိုးဆော်ချက်များကို မကြားခဲ့ရပေ။ တခါတရံ ကြားခဲ့ရဘူးသော်လည်း “ဒေါင် ဒေါင်” ဟူသော အသံကိုသာ ကြားခဲ့ရ၏။ နှိုးဆော်သော အဓိပ္ပါယ်ကိုကား မစဉ်းစားမိခဲ့ပေ။ ယခုမှသာ ထိုနှိုးဆော်သော အဓိပ္ပါယ်ကို ကွက်ကွက်ကွင်းကွင်း ကြားရပေသည်။
“ဒေါင်ဒေါင်” ဟူသော ကုလားတက်သံကား အဓိပ္ပါယ်ကင်းမဲ့သော အသံမဟုတ်။ ခြောက်သွေ့သောအသံလည်း မဟုတ်။ အဓိပ္ပါယ်နှင့်ပြည့်စုံ၍ စိုပြေသောအသံ ဖြစ်လေသည်။ ဤအသံကား စင်စစ်အားဖြင့် “နိဗ္ဗာန်ဆော်ကြီး” ဖြစ်၏။ မည်သည့် တေးကဗျာသည် ကုလားတက်သံထက် လေးနက်ပါအံ့နည်း။ သာယာပါအံ့နည်း။ နူးညံ့ပါအံ့နည်း။ ထိုကုလားတက်သံ၏အပေါ်တွင် စဉ်းစားခန်း ထုတ်နေသည်နှင့်ပင် အချိန်အတော်နှောင်းသွား၏။ ခရီးသွားစရာ မရှိဘဲ ထိုအသံအပေါ်တွင်သာ ကြာကြာကလေး စဉ်းစားခန်းထုတ်နေမည်ဆိုပါမူ မည်သို့သောစိတ်ကူးမျိုး ပေါ်လာဦးမည်မသိ။ သို့သော် သွားစရာက ရှိနေသေးသောကြောင့် စဉ်းစားခန်းကို ဖြတ်လိုက်ရလေသတည်း။
ထို့နောက် အဝတ်အစားလဲ၊ ကာဖီသောက်ပြီးလျှင် သင်္ဘောဆိပ်သို့ ထွက်လာခဲ့၏။ လမ်းထိပ်သို့ ရောက်သောအခါ “နောင်နောင်”ဟူသော ကြေးစည်သံကို ကြားရလေသည်။ ထိုအသံနှင့်အတူ ခပ်လေးလေး ဆွဲကာ ရွတ်လိုက်သော သူတယောက်၏အသံကို ကြားရသဖြင့် စိုက်ကာ နားထောင်မိ၏။ ဘုရားကိုးဆူဆရာ၏အသံနှင့် ခပ်ဆင်ဆင် တူ၏။ သို့သော် ဘုရားကိုးဆူဆရာ၏ အသံလည်း မဟုတ်ပေ။ နံနက်စောစော အိပ်ရာမှ ထကာ ဘုရားရှိခိုးသော အဘိုး ကြီးများ၏အသံမျိုးနှင့်လည်း မတူ။
ဟိုမှာ ရှုလော့။ ဝတ်ဖြူစင်ကြယ်ကို ဝတ်ကာ လျှောက်၍လာလေသည်။ လက်က ကြေးစည်ကို ဆွဲထား၏။ နှုတ်ကမူကား သာယာကြည်နူးဘွယ်ရာ ရွတ်ဆို၍လာလေသည်။ ဤသူကား နိဗ္ဗာန်ဆော်ပေတည်း။ စောစောစီးစီး လေးနာရီအချိန်တွင် သူတကာ၏အကျိုးအတွက် ဆောင်ရွက်၍နေပေ၏။ ကောင်းပေစွ။ ကောင်းပေစွ။ သာဓု။ သာဓု။
ထိုအခိုက် ထိုအခါ၌ ထိုသူတွင် မကောင်းသောစိတ်ထားရှိမည် မဟုတ်။ သူသည် မည်မျှ စိတ်ကြည်နူးနေပေမည်နည်း။ ထိုသူ၏စိတ်ထဲသို့ ခေတ္တမျှ ဝင်၍ကြည့်ကြပါကုန်လော့။ အလွန်ကြည်နူးနေသည်ကို သိရပေလိမ့်မည်။ သူကား အပျော်ကြီး ပျော်နေပေလိမ့်မည်။
ထိုသူနှင့် ကြေးစည်တို့၏ နှိုးဆော်သောအသံကြောင့် နံနက်ဆွမ်းချက်ရန် အိပ်ရာထဲမှ လူးလှိမ့်၍ ထကြလေပြီ။ လမ်းထောင့်အိမ်မှ ဒေါ်စာဥကြီး မျက်နှာသစ်နေ၏။ အိမ်ရှေ့အိမ်မှ ဦးဂေါ်ရာကြီးလည်း အော်ကျယ် အော်ကျယ်နှင့် ဘုရားရှိခိုးစပြုလေပြီ။
ထိုသူနှင့် ကြေးစည်တို့၏အသံကား မင်္ဂလာရှိသောအသံများ ဖြစ်ကြကုန်၏။ မကြာမီက ကြားခဲ့ရသော ကုလားတက်သံကဲ့သို့ပင် နေမင်း၏ရှေ့တော်ပြေးများပေတည်း။ သူတို့၏အသံများကို ကြားရသောကြောင့် အိမ်ဖောက်ထွင်း ရန် ကြံစည်နေကြသောသူတို့ အိမ်ပြန်ကြလေပြီ။ ထိုအသံတို့ကား မကောင်းမှုကို တားဆီးသောအသံတို့ ဖြစ်ကြလေသည်။ ထိုသူခိုးလောင်းတို့၏စိတ်တွင် ရုတ်တရက်သော် ငှက်ဆိုးသံကဲ့သို့ ထင်မိကြပေလိမ့်မည်။ သို့သော် စေ့စေ့ တွေးကြည့်မည်ဆိုလျှင် ထိုအသံတို့ကို ကျေးဇူးတင်ကြမည်ကား မလွဲတည်း။ ထိုအသံများကြောင့်သာ မိမိတို့ မကောင်းမှုကို မပြုမိခြင်း ဖြစ်လေသည်။ ထိုအသံများ ကယ်သောကြောင့်သာ ထောင်နခမ်းသို့ ရောက်ပြီးမှ ထောင်ထဲသို့ မရောက်ဘဲ ရှိရလေသည်။
ထိုသာယာသောအသံတို့ကား ဝေးသည်ထက်ဝေးသွားလေပြီ။ မောင်လူအေးမှာ စဉ်းစားယင်း လျှောက်၍လာလေသည်။ မြစ်ဖက်မှ လေပြေကလေးကလည်း တိုက်ခတ်လျက်နေ၏။ ဤအခါမျိုးကို မကြုံးဘူးသူသည် လူဖြစ်ကျိုး မနပ်ဟူ၍ စဉ်းစားမိ၏။ သို့နှင့် သင်္ဘောဆိပ်သို့ ရောက်လေသတည်း။
--------------------------
#သိပ္ပံမောင်ဝ
၁၂၉၅ ခု၊ ပွာသိုလ။
Comments
Post a Comment