အင်းဝ

#အင်းဝ

ဤနေ့ကား စစ်ကိုင်းမြို့တွင် မိုးရွာသောနေ့ဖြစ်လေသည်။ အလွန်ပူပြီးနောက်၊ ရုတ်တရက် အေး၍သွား၏။ တနင်းလာနေ့တည်း။

မောင်လူအေးကား ထိုနေ့တွင် ရုံးတက်ရမည်ကို ပျင်းတင်းတင်း ရှိလှ၏။ အိမ်တွင် ခပ်အေးအေးကလေး အိပ်နေ၊ ကွေးနေ၊ စည်းစိမ်ကလေးနှင့် နေလိုသော်လည်း မနေရ၊ ရုံးသို့ သွားရလေသည်။

ရုံးရောက်သောအခါ၊ နယ်ပိုင် ဝန်ထောက်မင်း ဦးတောက ထိုနေ့ ညနေ အင်းဝတံတားဦးသို့ နယ်လှည့်သွားရမည့်အကြောင်း ပြောရာ မိမိမှာ သူလက်အောက်တွင် အလုပ်သင်ကြားနေခိုက်ဖြစ်သောကြောင့် သူနှင့် ထိုနေ့ညနေပင် လိုက်ရန် စီမံ၏။ ညနေ လေးနာရီ ရုံးမှ ဆင်း၍လာခဲ့၏။ အိမ်သို့ ရောက်လျှင် အစေခံ ပြင်ဆင်ထားပြီး ပစ္စည်းများကို ရထားနှင့် တင်ကာ နယ်ပိုင်ဝန်ထောက်မင်း အိမ်သို့ ထွက်ခဲ့လေသတည်း။

ထိုအိမ်သို့ ရောက်လျှင် နယ်ပိုင်၏ဧည့်သည်လင်မယားနှင့် သူတို့၏သားကလေး တယောက်ပါ လိုက်မည်ဟု သိရ၏။ ထိုလင်မယားတို့မှာ အသက်အရွယ်အားဖြင့် လေးဆယ်ကျော် ငါးဆယ်နီးပါး၊ နယ်ပိုင်ဝန်ထောက်မင်းလည်း ထိုအရွယ်ပင်။ ထိုသူတို့၏သားကလေးကား ၁၂ နှစ်ခန့် ရှိသေး၏။

နယ်ပိုင်မင်းအိမ်မှ ကူးတို့ဆိပ်သို့ ထွက်လာရာ ပစ္စည်းတို့မှာ လှည်းတစီးတိုက်ကျော်ကျော်ခန့် ရှိ၏။ နယ်လှည့်လိုက်သူတို့ကား ဧည့်သည်လင်မယားနှင့် သားကလေး၊ ဝန်ထောက်မင်းနှစ်ယောက်၊ စာရေးနှစ်ယောက်၊ အစေခံလေးယောက်၊ အားလုံးပေါင်းလိုက်သော် တပျော်တပါး ပျော်ပွဲစားထွက်သည်နှင့် တူလှ၏။

ငါးမိနစ်ခန့်ကြာလျှင် ကူးတို့ဆိပ်သို့ ရောက်၏။ ရထားဆိုက်ရာနှင့် ရေစပ်မှာ ကိုက်တရာကျော်ကျော် ဝေးကွာ၏။ သောင်ပြင်ကြီးကို ကျော်ဖြတ်၍ ဆင်းရလေသည်။ ပစ္စည်းများကို ပိုးသူက ပိုး။ ဆွဲသူက ဆွဲ။ ထမ်းသူက ထမ်း။ ရွက်သူက ရွက်။ လက်ဆင့်ကမ်းသူက ကမ်း။ ပင်ပန်းမည့်အစား ပျော်ပါးစရာကြီးဖြစ်လေသည်။ မကြာခင် ပြီးသွား၏။

ပြီးလျှင် ကူးတို့ငှက် သုံးစီးဖြင့် ဧရာဝတီမြစ်ကို ဖြတ်၍ ကူးကြသတည်း။ အချိန်မှာ ငါးနာရီခွဲ၊ မိုးကလည်း ဖွဲဖွဲ၊ မှောင်ကလည်း ခပ်မှောင်မှောင်၊ နေရောင်ကလည်း မရှိ၊ စစ်ကိုင်းတောင်ပေါ်တွင် ဖြူဖြူဖွေးဖွေးနေသော စေတီအဆူဆူတို့ကို မျှော်၍ ကြည့်ကာ ကြည်ညိုစွာ ဖူးရ၏။ မြစ်ရေမှာ စီးခြင်းမရှိ၊ ငြိမ်သက်ဘိ၏။ စိတ်ကြည်နူးစရာ့ ကြည်နူးစရာကြီး ဖြစ်လေသည်။ စကားပြောခြင်း မရှိကြ။ ထိုအချိန်ကာလ ထိုဌာန၏ သာယာလှသော အခြင်းအရာတို့ကို စဉ်းစားကာ စိတ်၏အရသာကို ခံစား၍ သွားကြလေသတည်း။

မကြာမီ တဖက်ကမ်းဖြစ်သော အင်းဝဆိပ်သို့ ရောက်၏။ ထိုနေရာကား ခမ်းနားခြင်း မရှိ။ ဧရာဝတီမြစ်ကမ်းတွင် တည်ထားသော အခြားရွာကလေးများကဲ့သိုပင်။ အင်းဝ ကောင်းစားစဉ်ကမူကား စည်စည်ကားကား လူသွားလူလာ ပေါများစွာ ရှိပေလိမ့်မည်။ ထိုအခါက ဘုရင်မင်းမြတ်တို့ သပြေလား ရေလား ထွက်ကြသောအခါ ဤနေရာမှာပင် ဖြစ်ပေလိမ့်မည်။ လှေပွဲသဘင် အမျိုးမျိုး ကျင်းပသည်ကိုလည်း ဤနေရာမှပင် ရှုစားတော်မူကြပေလိမ့်မည်။ မြန်မာ့လှေတပ်များ စစ်ရေးခင်းကျင်းသည်မှာလည်း ဤနေရာပင် ဖြစ်ပေလိမ့်မည်။ ဟံသာဝတီတလိုင်းများ အင်းဝကို အောင်မြင်ပြီးနောက် စစ်ကိုင်းဖက်သို့ ကူးကာ ရွှေဘို၊ ခင်ဦး အစရှိသော နယ်များတွင် သစ္စာတော်ရေတိုက်ရန် သွားမှာလည်း ဤနေရာကပင် ဖြစ်ကြပေလိမ့်မည်။ ထီးနန်း အဆက်ဆက်၊ ဘုရင်အဆက်ဆက် ပျက်စီးခဲ့လေပြီ။ ဧရာဝတီမြစ်ကြီးကား မလှုပ်မရှား၊ သွားမြဲတိုင်းသာ စီး၍ သွားနေလေသတည်း။ အနိစ္စတရားကို မလွန်ဆန်နိုင်ပါတကား။

ဤသို့ တွေးတောသောအခါ မောင်လူအေး စိတ်ထဲတွင် လွမ်းရမလိုလို ဆွေးရမလိုလို ဖြစ်မိ၏။ ပါလာသူတို့လည်း ပစ္စည်းများကို အသီးသီး သယ်တင်ကြပြီးလျှင် လှည်းဖြင့် တံတားဦးဗိုလ်တဲရှိရာသို့ ဆောင်ယူသွားကြ၏။ ဝန်ထောက်နှစ်ယောက်နှင့် ဧည့်သည်လင်မယားတို့ကား ခပ်နုံနုံတောမြင်းရထားပေါ်တွင် ခပ်မားမား သားနားစွာ စီး၍လာကြလေသတည်း။

အတန်ကြာလျှင် မြို့ရိုးနှင့် ကျုံးတို့ကို မြင်ကြရ၏။ ကျုံးတွင်း၌ ရေမရှိ။ ချိုင့်ကြီးကဲ့သို့ ဖြစ်နေလေသည်။ ယာခင်းကြီးဘဝသို့ ရောက်နေရပေပြီ။ ပဲခင်း၊ ငရုတ်ခင်း၊ နံနံခင်း၊ ပြောင်းခင်းတို့ဖြင့် ပြည့်တင်း စိမ်းစိုလျက်နေ၏။ မြို့ရိုးကြီးမှာကား ချုံအုပ် ချုံဖုတ်တို့ဖြင့် ဖုံးလွှမ်းလျက်နေ၏။ အနိစ္စ ... အနိစ္စ။

မြင်းရထားကို အတန်ကလေး မောင်းမိပြန်လျှင် မြို့ရိုးကို ဖြတ်ကာ လူဝင်ရန် လမ်းတခုကို မြင်ရသည်နှင့် မြင်းရထားကလေးကို လမ်းတွင် ရပ်စေ၍၊ လေးယောက်သား မြို့ရိုးကို ကျော်၍ မြို့တွင်းသို့ ဝင်ကြည့်ကြလေသည်။
မြို့တွင်း၌ ထန်းရွက်ကာ ထန်းရွက်မိုး တဲအိမ်ကလေး ကိုးအိမ် ဆယ်အိမ်ခန့်ရှိသော ရွာသိမ်ရွာငယ်ကလေးကို မြင်ကြရ၏။ ရွာအပြင်တွင် မိန်းကလေးနှစ်ယောက်ကို တွေ့၍ နန်းတော်တည်ရာ ဌာနကို မေးရာ ရွာမှ ခပ်လှမ်းလှမ်းတွင် မျှော်စင်တခု ရှိသေးကြောင်း ပြောကြ၏။ ထိုမျှော်စင်ကို ကြည့်ရန် ရွာကလေးကို ဖြတ်ကြ၏။ ခွေးတစီစီနှင့် ပျော်စရာကြီး ဖြစ်လေသည်။ ရွာသူကြီးအကြောင်းကို မေးရာ ရွာသူကြီး မရှိ၊ အခြားရွာမှ ရွာသူကြီးက ထိုရွာကို အုပ်??ကြောင်း ပြောကြ၏။ မင်းနေပြည်တော်ကြီးမှာ ရွာသူကြီးပင် မရှိသော ရွာသိမ်ကလေးအခြေသို့ ရောက်နေပေပြီ။ တကဲ့ အနိစ္စကြီးပါတကား။

ထိုရွာကလေး အနီးအနားတွင် ဘုရားပျက်၊ ကျောင်းပျက်၊ တန်ဆောင်းပျက်တို့ကို မြင်ရ၏။ ရွာစွန်မှနေ၍ ကြည့်လိုက်သော် မျှော်စင်ကြီးကို မြင်ရလေသည်။ ခပ်ယိုင်ယိုင်။ ခရီးသွားခိုက်ဖြစ်၍ အနီးအနားသို့ မသွားပြီ။ ရထားရှိရာသို့ ထွက်ခဲ့ကြလေသတည်း။ ( ရထားဆိုက်ထားရာ မြို့ရိုးအပြင်ဖက်တွင်လည်း တဲအိမ်ကလေး သုံးလေးအိမ် ရှိသေး၏။ သနပ်ခါး ပိန်းကြမ်းရိုက်ကာ ထွက်၍လာကြရှာသော အပျိုကလေးနှစ်ယောက် အသက်အားဖြင့် ၁၅ နှစ် ၁၆ နှစ်ခန့်သာ ရှိကြသေး၏။ ယခုကား ကျေးတောသူကလေးများသာတည်း။ ရှေးအခါက မွေးကြပါမူကား မြို့ကြီးသူများ ဖြစ်ကြပေလိမ့်မည်။ ရန်ကုန်၊ မော်လမြိုင်၊ ပြည်၊ ပုသိမ်တို့မှ လာကြသူတို့ကား အရိုင်းအစိုင်း ကျေးတောသားတွေ ဟူ၍ မထီလေးစား ပြုလုပ်ကြမည် မလွဲ။

ဘောင်းဘီတိုတို၊ ဗလေဇာအင်္ကျီဖားဖားကိုဝတ်၊ ဘွတ်ဖိနပ်ကို စွပ်၊ ဦးထုပ်ကိုဆောင်း၊ လက်ကိုင်တုတ်ကို ဟန်ပါပါ ကိုင်ကာ၊ ရထားကလေးနားတွင် ရပ်သော အင်္ဂလိပ်ယောင်ယောင်၊ တရုတ်ယောင်ယောင် မောင်လူအေးအား ပြုံးသလိုလိုနှင့် ကြည့်ကြ၏။ အချင်းချင်း လက်တို့ကာ ရယ်ကြ၏။ မောင်လူအေးကား ရှက်တက်တက် ဖြစ်သွားပြီးလျှင် ဣန္ဒြေကြီးကြီးထားကာ နေ၏။

နယ်ပိုင် ဝန်ထောက်မင်းနှင့် ဧည့်သည်လင်မယားတို့ကား ထိုမိန်းကလေးနှစ်ယောက်အား ပဲဖြူကလေး ရောင်းရန် ရှိသလားဟု မေးမြန်းကြ၏။ မိန်းကလေးတို့လည်း အလိုက်သိစွာ အနီးအနား တဲကလေးများတွင် လိုက်၍ မေးရှာကြ၏။ ရောင်းရန်ရှိသောတဲမှ ပဲတပြည်ကို ဆယ်ပြားပေး၍ ဝယ်ကြ၏။ တဆယ်တန် အမ်းစရာမရှိ။ (ဘယ်ရှိနိုင်ပမလဲ)။ ငါးကျပ်တန် အမ်းစရာ မရှိ။ (လာသေး၍) ။ တကျပ်တန် အမ်းစရာမရှိ။ (ခက်တော့တာဘဲ) ။ ငါးမူးပြား အမ်း စရာမရှိ။ (ပိုက်ဆံရှားတာကိုး)။ အခက်နှင့် တွေ့ကြုံနေကြရရှာ၏။ နောက်ဆုံး၌ မောင်လူအေး၏ဗလေဇာအိတ်အတွင်းမှ ပဲစေ့ သုံးစေ့ ရ၍ ပေးလိုက်ပါလည်း နှစ်ပြားသော ပိုက်ဆံကို အမ်းရန် မတတ်နိုင်သောကြောင့် ထိုနှစ်ပြားကို နိဗ္ဗာန ပစ္စယော ဟောတု ခဲ့ရလေသတည်း။

ဝယ်ခြမ်းသောကိစ္စပြီးလျှင် ရထားကလေးပေါ်သို့ လေးယောက်သား တက်ကြပြီးလျှင် တံတားဦး ဗိုလ်တဲရှိရာသို့ ထွက်ခဲ့ကြ၏။ မှောင်နေပြီ။ ဘာကိုမျှ မမြင်ရ။ တခါတခါ ဘုရားပျက်များ၊ တံတားပျက်များကို ကျော်လွန်၍ လာခဲ့ကြလေသည်။ တနာရီခန့်ကြာလျှင် တံတားဦးဗိုလ်တဲသို့ ရောက်ကြလေသည်။ နယ်ပိုင်ဝန်ထောက်မင်းက အင်းဝမြို့တွင်းသို့ ဝင်ကြည့်ချင်သည် ပြောသောကြောင့် နောက်တနေ့ ညနေခင်း မော်တော်ကားကြီးနှင့် သူကြီးမင်း ပေါက်၍ လာလေသည်။ လေးယောက်သား မော်တော်ကားပေါ်သို့ တက်ကြ၏။ ထိုမော်တော်ကား,ကား မော်တော်ကားတည်း။ မော်တော်ကား ပေါ်စက ရောက်လာသော မော်တော်ကား ဖြစ်ဟန်တူ၏။ နံပတ်ကား ၁ဝဝဝ ကျော်ကျော်မျှသာ ဖြစ်လေသည်။ ဇရာဒုဗ္ဗလအရွယ်သို့ ကျနေပြီဖြစ်သောကြောင့် ငယ်ရုပ်မပေါ်။ ကိုယ်တော်တခုလုံး ပိန်သည့်နေရာက ပိန်၊ ယိုင်သည့်နေရာက ယိုင်၊ ကျိုးသည့်နေရာက ကျိုး၊ ပဲ့သည့်နေရာက ပဲ့၊ တကဲ့ ကားဟောင်းကြီးဖြစ်လေသည်။

စက်ကို နှိုး၍ ထွက်သွားပြန်ပါလည်း တဂျုတ်ဂျုတ်၊ တဂျက်ဂျက်နှင့် တလမ်းလုံး မြည်တမ်း၍ သွား၏။ ယင်း၏အစွမ်းကား လှည်းနှင့်သာသာရှိ၏။ မော်တော်ကားရှားသော ဌာနဖြစ်သောကြောင့် ထိုကားအိုကြီးကိုပင် ကလေးများ မြင်လျှင် အထူးအဆန်းလုပ်ကာ ဝိုင်းအုံ၍ ကြည့်ရှာကြ၊ ပြေးလိုက်သူကပြေးလိုက်၊ ခေါ်ပြသူက ခေါ်ပြ၊ ပျော်စရာ့ ပျော်စရာကြီး ဖြစ်လေသည်။ လှည်းအနီးအနား ဖြတ်သွားပြန်လည်း နွားများက လန့်ရှာကြ။ မော်တော်ကားပေါ်တွင် လိုက်ပါသွားသူတို့မှာလည်း ဣန္ဒြေရရ ဧရာမ စည်းစိမ်ရှင်၊ သူဌေးတို့ကိုပင် ဂုဏ်ပြိုင်ချင်သောစိတ်များ ပေါ်ပေါက်၍ လာကြ၏။

သို့နှင့်ပင် အင်းဝသို့ ရောက်ကြလေသတည်း။ ရောက်လျှင် လေးယောက်သား မော်တော်ကား မဟာဖြင့် ပျော်ပါးစွာ မြို့ရိုးကြီးကို ကျော်ကာ တက်ကြ၏။ ရှေးအဆက်ဆက်က ဝေါတို့၊ ယာဉ်တို့၊ လှည်း၊ ရထား၊ မြင်းများ၊ ဆင်များဖြင့် ဝင်ကြ ထွက်ကြလေသည်။ ယခု ငါတို့ကား မော်တော်ကားပျက်ဖြင့် သွက်သွက်ကြီး မြို့အတွင်းသို့ ဝင်ရလေသည် ဟူ၍ ကိုယ်စီကိုယ်ငှ သွေးကြီးလျက် နေကြကုန်၏။

မကြာမီ အုတ်ကျောင်းဖြူဖြူကြီးသို့ ရောက်ကြ၏။ အတွင်းသို့ ဝင်ကြည့်ကြ။ ကြီးကလည်းကြီး၊ ခိုင်ကလည်းခိုင်၊ ခံ့ကလည်းခံ၊ အင်မတန့်ကျောင်းကြီးဖြစ်လေသည်။ ပျက်စီးယိုယွင်းခြင်း မရှိ၊ ပကတိ ခိုင်ခံ့လျက်ပင်။ ကျောင်းထိုင်ဘုန်းကြီးကား ဗလာ။ လင်းနို့၊ လင်းဝက်တို့၏ ကိန်းအောင်းရာ ဌာနကြီးဖြစ်လျက်နေပေပြီ။ လင်းနို့တို့၏အနံ့တို့ကြောင့် နံနံစော်စော်ရှိလှ၏။ ကျောင်းအောက် ကျောင်းပြင် ပြဲပြဲစင်အောင် ဝင်လိုဝင်၊ ထွက်လိုထွက်၊ တက်လိုတက်၊ ဆင်းလိုဆင်း၊ ခပ်ပြင်းပြင်းပင် လှမ်းခဲ့ကြလေသည်။

ထို့နောက် အနီးအနားတွင်ရှိသော ဇရပ်၊ ကျောင်း၊ ဘုရား၊ တန်ဆောင်းများသို့လည်း လှည့်ပတ်ကြည့်ကြ၊ ဖူးမျှော်ကြနှင့် တော်တော်ပင် အချိန်နှောင်းခဲ့ကြလေသည်။ ချုံကွယ်နေသော ဘုရားလည်းရှိ။ နွယ်ပတ်နေသော ဘုရားတို့လည်း မရှား။ ပျက်ပြားနေသည်တို့ကလည်း အထွေထွေ။ ရေတွက်၍ပင် မကုန်နိုင်။ ထွက်လာခဲ့ကြပြန်၏။

ယခင်မယ်နု၏ အုတ်ကျောင်းကြီး၏ရှေ့ မနီးမဝေးတွင် ဆရာယုဒသန်ကို အထိမ်းအမှတ်ပြုကာ စိုက်ထူထားသော ကျောက်တုံးကြီးကို မြင်၍ ခြံအတွင်းဝင်ကာ ကြည့်ကြသေး၏။ ထိုနေရာကား အင်းဝ လက်မရွံထောင် နေရာတည်း။ မြန်မာနှင့်အင်္ဂလိပ်တို့ ပဌမစစ်ဖြစ်ကြရာ ဆရာယုဒသန် အစရှိသော နိုင်ငံခြားသားတို့အား မသင်္ကာ၍ ထောင်အတွင်း အကျဉ်းထားခြင်း ဖြစ်၏။ ဆရာယုဒသန်မှာ အင်္ဂလိပ် သက္ကရာဇ် ၁၈၂၄ - ခုနှစ်မှ ၁၈၂၅-ခုနှစ်ထိ တနှစ်တိုင်တိုင် ထိုထောင်တွင်း နေရလေသည်။

ယခုကား ထောင်အဆောက်အဦး အစအနကိုကား မမြင်။ နေရာမြေပြင်ကိုသာ မြင်ရ၏။ ထိုအခိုက်တွင် ရှေးဟောင်း ဖြစ်ပျက်ပုံအကြောင်း၊ ထောင်အတွင်း အကျဉ်းခံခဲ့ရကြသောသူတို့၏ ဒုက္ခအကြောင်းများကို စဉ်းစားမိသဖြင့် တရားရ၏။

မျှော်စင်ကြီးသို့ ထိုနေရာမှ မဝေးတော့ပြီ။ အနည်းငယ်သွားလျှင် ရောက်တော့အံ့။ သို့သော် မှောင်လှပြီ။ လှည်းလမ်းအတိုင်း ထွက်လာရမည်ဖြစ်၍ လမ်းမမြင်က ခက်မည်။ ထိုကြောင့် ထိုနေရာမှ ခွါခဲ့ကြသတည်း။

လှည်းလမ်းအတိုင်း ထွက်ခဲ့ကြရာ လမ်းထဲတွင် မော်တော်ကား “ပျက်ကျမလား”၊ “ပျက်ကျမလား” ဟု တကြောင့်ကြကြနှင့်ပင် လမ်းမကြီးပေါ်သို့ ရောက်ရ၏။ ထို့နောက် အတန်ကလေးသွားမိပြန်လျှင် ဗားဂရာကျောင်းတိုက်သို့ သွားသော လမ်းခွဲသို့ ရောက်၏။ လမ်းမကြီးမှ မြင်နေရပေပြီ။ ဝင်ကြည့်ချင်သောစိတ်များ ပေါ်ပေါက်လာ၏။ မော်တော်ကား မောင်းသမားအား ဗားဂရာကျောင်းတိုက်ရှိရာသို့ အမောင်းခိုင်းကြ၏။ လှည်းလမ်းဖြင့်သွားရ၏။ လမ်းမှာလည်း ချိုင့်ကျင်း ထူထပ်သည်တကြောင်း၊ ဖုံအပေါင်း ထူထပ်သည်က တတန်၊ နဂိုဟန်ကလည်း ခပ်ပျက်ပျက်မို့ တဝက်ခန့်သွားမိလျှင် ကိုယ်တော်မြတ်မော်တော်ကားမှာ မသွားဘဲ ငြင်းဆန်ကာ အတင်းခံနေသတည်း။

မော်တော်ကား မောင်းသမားက အနည်းအနည်း ဖုံဖုံ စုံလင်အောင် စမ်းသော်လည်း ဖြုန်တောင်မဖြုန်၊ တုန်လှုပ်ဖိုဝေးစွ။ သည်အခါကျမှ အပေါ်က အသီးသီး ဆင်းကြပြီးလျှင် ခဏတဖြုတ် တွန်း၍ ထုတ်ကြရလေသည်။ ဤသို့ မော်တော်ကားယာဉ်ပျံက ဂုဏ်ခံသည့်အတွက် ဗားဂရာကျောင်းတိုက်နှင့် နီးလျက်နှင့် ဝေးခဲ့ရပါကြောင်း။
--------------------------------
#သိပ္ပံမောင်ဝ
ဂန္ထလောက၊ ၁၂၉၃ ခု၊ ကဆုန်လ။

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)