အပြင်ကလူ (၂)(အပိုင်း ၆)
#အပြင်ကလူ ( ၂ )
#အေးရဲ့ဖွင့်ဟဝန်ခံချက်
အပိုင်း (၆)
"အေး အခုလို ဖွင့်မေးတာ ကျွန်တော် သိပ်ဝမ်းသာတာပဲ” ဟုတော့ ခပ်အေးအေးပြောပါသည်။
“ကျွန်တော့်မှာလည်း ဖွင့်မေးစရာတစ်ခုရှိတယ်”
“မေးပေါ့” လို့ ကျွန်မက အနည်းငယ်ထိတ်လန့်လာသည်။
“မော်လမြိုင်မသွားခင် စနေနေ့တစ်နေ့ အေး လာခဲ့ပါ။ ကျွန်တော် အရေးတကြီး ပြောစရာတစ်ခုရှိတယ်လို့ စာရေးတာ မှတ်မိသေးလား၊ ကျွန်တော် စမတ်အင်မူကာဒန် စာအုပ်ဆိုင်နားက စောင့်နေတာ တစ်နေကုန်ပဲ၊ အေး မလာဘူး”
“အေး လာတာပေါ့” လို့ဆိုပြီး ကျွန်မ ငိုချင်လာပါသည်။
“အေး မလာပါဘူး”
"အေး လာတယ်၊ နုနုက ကပ်လိုက်လာတယ်၊ ကားရပ်စရာတောင် မရှာတတ်၊ မမြင်တတ်တော့ဘူး။ နုနုက အေးရှက်အောင် အမျိုးစုံပြောတယ်၊ သူ အေးကို အလကားညာနေတာလို့ ယုံလာအောင် စိတ်ပျက်စိတ်ညစ်လာအောင် တစ်ချိန်လုံးပြောနေတယ်၊ နုနုက အေးထက် ငါးနှစ်ကျော်လည်းကြီးတော့ အေးက ငယ်လည်းငယ်၊ အ,လည်းအ,တော့ ဘာမှမလုပ်တတ်တော့ဘူး၊ အေးမှားတာပဲ၊ ဒါနဲ့ ဆူးလေဘုရားကို ထပ်တလဲလဲ ပတ်မောင်းနေတာ ဘယ်လောက်ကြာမှန်းမသိ၊ သူက အနားမှာ ကပ်ပါလာတော့ ဘာမှလည်း ပြောလို့လုပ်လို့ ရမှာမဟုတ်ဘူး၊ ဒါနဲ့ အင်းလျားဆောင်ကို ပြန်ကြတယ်”
ကျွန်မ မျက်ရည်ဝိုင်းလာသည်ကို ထိန်းသိမ်းနေပါသည်။ ငါ ဆယ့်ခြောက်နှစ်အရွယ် မဟုတ်တော့ဘူး၊ ဆယ့်ခြောက်နှစ်က ဖြစ်ပျက်ခဲ့တာဟာ အသက်သုံးဆယ်အထိ မရွေ့မလျား တည်နေသော်လည်း ဆယ့်ခြောက်နှစ်တုန်းကလို ငိုချင်တိုင်းငိုလို့ မရတော့ဘူး။
သူကတော့ ပြောမည်။ “ဘယ်သူ ဘာပြောမှာ ပူစရာလား အေးရယ်” လို့။ “အေးနဲ့ ကျွန်တော်တို့ကိစ္စဟာ ကျွန်တော်တို့နဲ့သာ ဆိုင်ပါတယ်” လို့။ သူ တကယ်ပြောသည်မှာကတော့...“ကျွန်တော့်အမှားကတော့ နောက် အေးနဲ့ တွေ့ကြတဲ့အခါမှာ အေး ဘာလို့မလာတာလဲလို့ မမေးနိုင်တာပဲ၊ အေးက အခုလို ဖြေရှင်းလိမ့်မယ်လို့ မျှော်လင့်တယ်”
“အေးကလည်း သူ မမေးဘူး၊ မမေးချင်လို့၊ အရေးမကြီးလို့၊ ဂရုမစိုက်လို့ပဲလို့ ထင်တယ်”
“ကျွန်တော်တို့ သိပ်ငယ်ရွယ် နုံအခဲ့တယ် ဆိုရမလား၊ စိတ်ကူးနေတာပဲရှိတယ် ဆိုရမလား”
“အေးတို့ ဆယ့်ခြောက်နှစ်ကျော်၊ ဆယ့်ခုနစ်နှစ်ထဲ ရှိသေးတယ်၊ ခုပြန်ကြည့်တော့ ဘယ်လောက် အတွေ့ အကြုံ နည်းပြီး စိတ်ကူးနဲ့ပဲ မှားပြီးရင်းမှားနေသလဲဆိုတာပဲ၊ အဲဒီတော့ မာရ်နတ် ခြေထိုးလို့ သိပ်လွယ်တာပေါ့” ဟု ဒေါသထွက်မြဲ မချုပ်တည်းနိုင်သေးဘဲ ပြောလိုက်လျှင် ...
သူက...
"အခုအရေးကြီးတာက အတိတ်မဟုတ်ဘူး၊ လောလောဆယ်မှာ ဘာလုပ်ကြမလဲ”
ဒါ ဆေးရုံ။ တစ်ခါက သူနှင့်ကျွန်မတို့ အတူထိုင်၊ စကားတွေ့ကရာ ပြောမဆုံးနိုင်ခဲ့သည့် အင်းလျားကန်ဘောင်မှာမဟုတ်၊ ရွက်နုသစ် ဆင်လုလုမှာ အရင်ဦးအောင် ပွင့်ကြသည့် ပန်းဝါဝါ အခိုင်ပေါင်းတစ်ရာ ခိုတွဲစီးကစားကြသည့် ငုပင်အောက်က ခုံတန်းလျားပေါ်မှာမဟုတ်။
ကျွန်မ ဘာလို့များ ဒါဆေးရုံလို့ အကြိမ်ကြိမ် သတိပေးနေပါလိမ့်။ ဆရာဝန်ဘဝဟာ လှုံစရာ တစ်လမ်းပဲရယ်လို့ နှစ်များစွာ ကိုယ်စိတ်နှစ်ပါး နှစ်ခဲ့လေလို့လား။ ဆေးရုံ၏ နာခြင်း၊ အိုခြင်း၊ သေခြင်း၊ ဝေဒနာခံစားခြင်းတို့ကပဲ အရေမထူနိုင်တတ်သော ကျွန်မကို သတိရှိခြင်းနဲ့ပဲ ကာကွယ်တတ်သည့်အတတ် သင်ပေးခဲ့လေသလား။
အသက် သုံးဆယ်ဆိုတာ မအိုသေးပါဘူးလို့ ကျွန်မ အားတက်လိုက်ပါသည်။ ကျွန်မကို နှစ်ဆယ့်ခြောက် နှစ်ဆယ့်ခုနစ်လို့ ထင်ကြသေးသည်။ နုနုကပင် “အေးအေး ဘယ်တော့မှ မအိုတော့ဘူးလား” လို့ ချီးမွမ်းသလို၊ ခြေကြောက်သလို ပြောခဲ့သေးသည်။ အသက်လေးဆယ်မှာ လူ့ဘဝစတင်သည်ဆိုလျှင် ကျွန်မ ထိုစတင်သည့်အမှုပြုဖို့ ဆယ်နှစ်တောင် ပြင်ဆင်ခွင့် ရဦးမည်။ ကျွန်မ ပြုံးချင်လာပါပြီ။ သူ့ကို ကြည့်ပါဦး၊ ဘယ်လောက် ငယ်ရွယ်ဟန်ပေါက်သည့် လူလတ်ရွယ် ရှိသေးသူပါလဲ၊ လူ့ပြည်မှာ ကျွန်မတို့ နောက်ထပ် အနှစ်သုံးလေးဆယ် ဆက်နေကြရဦးမည်။ အဲဒါ ဘယ်လိုနေချင်သလဲ။
ပြတင်းကိုကျော်၍ ကြည့်လိုက်လျှင် ဆေးရုံကြီးကို ဝိုင်းရံထားသည့် ကုက္ကိုပင်များမှာ ပန်းနုရောင်အပွင့်များ အထပ်ထပ်အုပ်ပြီး ပုလဲနှင့် ကျောက်နီ ရောမွှေထားသလို လှနေကြသည်ကို မြင်ရပါသည်။ ဝတ်ဆံလေးတွေက အဖြူပဲ၊ အပွင့်လေးတွေကလည်း သေးနုပါဘိ။
“အေး ငေးနေတာကြာပြီ” လို့ သူက သတိပေးတော့...
“ဟုတ်တယ်၊ အေး တွေးနေတာ၊ မသေခင် ညပေါင်းများစွာ ဖြတ်သန်းရဦးမယ်၊ နေ့မှာ အေး ဒုက္ခသိပ်မများဘဲ နေတတ်တယ်၊ ညမှာ မအိပ်တတ်ဘူး”
ကျွန်မရဲ့ အိပ်မက်ချောက်ချားတတ်သောညများ အေးမြ ငြိမ်းချမ်းချင်လှပါပြီ။ အိပ်မက်များစွာနဲ့ မနာကျင်ချင်၊ ခေါင်းအုံးမှာ မျက်ရည်မစိုထိုင်းစေချင်၊ ဒါ ဆေးရုံပေမဲ့ သူ့ကို မေးခွန်းတစ်ခု မေးရဦးမည်။
“ကိုနှင်းနွယ် အေးကိုချစ်သလား”
သူက ချက်ချင်းပင် လွယ်ကူစွာ “ချစ်တာပေါ့ အေးရယ်” လို့ တစ်ခွန်းပဲဆိုသည်။
ကျွန်မတို့နှစ်ယောက်လုံး တုန်လှုပ်မသွားပါ၊ အတူ သိခဲ့ကြသည်ပဲ၊ ကျွန်မတို့သည် ကောင်းသောသူငယ်ချင်း၊ ကောင်းသောအဖော်များလည်း ဖြစ်ခဲ့ပြီ။ ပခုံးချင်းမှီနွဲ့ပြီး ထိုင်ပြီး ရုပ်ရှင်ကြည့်ခဲ့ကြသည်။ လက်တွဲပြီး လမ်းကူးခဲ့ကြသည်။ မျက်နှာချင်းဆိုင်ဆုံလျှင် ပြုံးရယ်ပျော်ရွှင်မြဲ။ လူ့ဘဝမှာ ဘယ်လိုနေထိုင်ကြမည်ဆိုတာ တိုင်ပင်မြဲ။ သူက ဂိုဂင်လို ပန်းချီဆွဲမည်၊ အေးက ဆရာဝန်လုပ်မည်၊ ဘာမှ အထူးအထွေမရှိ။
“အေး ကျွန်တော့်ကိုချစ်သလား” လို့ သူက မေးပြန်တော့“သူ သိသားနဲ့” ကျွန်မ နည်းနည်းတော့ ရှက်သလိုပင်။
"သေသေချာချာ ကြားရအောင် ပြောပါဦး၊ သူငယ်ချင်းကောင်းပီပီ” လို့ သူက ရယ်ရွှင်လိုက်လျှင်...
“သူ့ကို ချစ်တာပေါ့”
သူက လက်လှမ်း၍ ကြိုယူပြီး ကျွန်မနှင့်အတူ အိပ်ရာပေါ် ထိုင်ကြပါသည်။ ပြီးတော့ ကျွန်မတို့ ပထမဆုံးအကြိမ် နမ်းကြပါသည်။သို့သော် ရုတ်ခြည်းပဲ ကျွန်မ ငိုယိုလိုက်ချင်၏။ မိဘနှစ်ပါးကို ငယ်ငယ်ရွယ်ရွယ်နှင့် ဆုံးပါးခဲ့ရသဖြင့် အားငယ်မြဲရှိသော ကျွန်မရဲ့ ကလေးဘဝက ကြောက်ရွံ့ခြင်းမျိုး အပြည့် လွှမ်းမိုးလာပါသည်။ မိဘက စွန့်ခွာခဲ့သည့် ကျွန်မသည် စွန့်ခွာခြင်း ခံရမည်ကို အမြဲကြောက်ရွံ့ နေလိမ့်မည်။ မိဘ၏အချစ်က ကျွန်မကို မကယ်ဆယ်နိုင်ခဲ့။ တစ်ယောက်တည်းကျန်ရစ်စေခဲ့သည်။ ဒီတော့ ဘယ်သူ့အချစ်ကကော ကယ်ဆယ်နိုင်မည်လဲ၊ မြဲခိုင်နိုင်မည်လဲ၊ ကြာရှည်တည်တံ့နိုင်မည်လဲ၊ ကျွန်မကို တစ်ယောက်တည်း မကျန်ရစ်စေနိုင်မည်လဲ၊ ဘယ်သူ တာဝန်ခံနိုင်မည်လဲ။
မိဘဆုံးသွားသည်ကို ဘယ်သူမှ အစားမထိုးနိုင်သလို၊ ကျွန်မချစ်သူ ကိုနှင်းနွယ်ကိုလည်း ဘယ်သူမှ အစားမထိုးနိုင်ခဲ့။
အင်္ဂလန်မှာနေစဉ်က ကျွန်မရဲ့ ဆရာ ပရော်ဖက်ဆာ ဂျွန်ဂရစ်ဖစ်က ပြောခဲ့သည်မှာ ... အေး အင်မတန်ကြိုးစား အားထုတ်နိုင်မှ ထိုအားငယ်ခြင်း၊ အချစ်၌ တကယ်မယုံဝံ့ခြင်း၊ အားမကိုးဝံ့ခြင်းတို့ ပျောက်ပျက်နိုင်မည်တဲ့။ ဘယ်လို အားထုတ်ရမလဲဆိုတော့ စွန့်စားခြင်းအပြည့်နဲ့ အချစ်ကို ရှာဖွေရမတဲ့။ အေး စွန့်စားချင်တာပေါ့။ အချစ်ကို ရချင်တာပေါ့။ သို့သော် ကိုနှင်းနွယ်ကိုတောင်မှ အားမကိုးရလျှင် ဘယ်သူ့ကို အားကိုးနိုင်မည်လဲဆိုတဲ့ အတွေးနှင့် မအောင်မြင်နိုင်ခဲ့။
ကိုနှင်းနွယ် လွတ်လပ်နေသည်ဆိုတဲ့ အသိကလည်း ကျွန်မကို ချုပ်နှောင်ထားသည်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် လွတ်လပ်သော၊ အဖွဲ့ အနှောင်မရှိသူအဖြစ် ထားရမည်။ တစ်နေ့ ပြန်တွေ့ဖို့ ကျွန်မ အမြဲစောင့်စား မျှော်လင့်ခဲ့ပြီး ကံကြမ္မာကိုသာ လမ်းပြသူလို့ မှီခိုပြီး ဘာမှမလှုပ်ရှားနိုင်ခဲ့။ ချောက်ချားသည့် တိရစ္ဆာန်ကလေးများ ဘာမှ မလုပ်တတ်တော့ဘဲ မြေမှာ ငြိမ်ဝပ်နေသလို မလှုပ်မယှက် သေဟန်ဆောင်သလို။
ခုတော့ ကံကြမ္မာသည် ဆန်းကြယ်ပြီး ခမ်းနားကြီးကျယ်နိုင်သော လမ်းထွင်လေပြီ။ သို့သော် မတွန်းလှန်နိုင်သော ကြောက်ရွံ့ခြင်း စိုးမိုးလာသည်တွင် ကျွန်မ သူ့ကို တွန်းပစ်ခဲ့ကာ လူနာအခန်း နံပါတ်တစ်မှ ခပ်သုတ်သုတ် ထွက်လာပြီး ရုံးခန်းသို့ ဝင်ခဲ့ပါသည်။ ကျွန်မ တစ်ကိုယ်လုံး တုန်နေသည်။ အေး ဘာလုပ်ရမလဲ၊ ဘာလုပ်ရမလဲ၊ မေးရမယ့်သူမရှိ။ အို မဟုတ်ဘူး၊ သူ့ကိုပဲ မေးပေါ့။ ကိုနှင်းနွယ်ကို မေးပေါ့။ သူတစ်ယောက်ပဲ ယုံရမည့်သူ ရှိတာပဲ။
ကျွန်မသည် မျက်နှာကို လက်ဖြင့်အုပ်ပြီး စားပွဲမှာ ဘယ်လောက်ကြာကြာ ထိုင်မိသည်မသိ၊ မျက်ရည်လည်း ကျသည်မဟုတ်၊ ဘာမှမလုပ်တတ်ခြင်းသာ ရှိသည်။ ပိတ်ထားခဲ့သော တံခါးကို ဖြည်းဖြည်းညင်သာ ခေါက်သံကြားမှ ထိတ်ခနဲ ထမိပါသည်။ “ဝင်ခဲ့ပါ” ဟု ပြောလိုက်ပြီး အခန်းထောင့် ကြွေလက်ဆေးခွက်အထက်မှ မှန်တွင် ကိုယ့်မျက်နှာကို ကြည့်လိုက်ပါသည်။ မှန်ထဲမှာ ကျွန်မရဲ့ အရိပ်သည် မျက်ရည်များ မရှိဘဲ ဘယ်လောက် ကြောက်ရွံ့သည် ဖြစ်စေ သတ္တိဆောင်၍ လိုအပ်သမျှကို ရင်ဆိုင်ဖို့ ပြင်ဆင်ဟန်ပြပါသည်။
တံခါးကို ဖြည်းညင်းစွာဖွင့်၍ ဝင်လာသူမှာ ထင်မိသည့်အတိုင်း ကိုနှင်းနွယ်ပဲ၊ သူပဲ။ “ထိုင်ပါ” ဟု ပြောပြီး ကျွန်မက စပြီးထိုင်ပါသည်။ သူက ထိုင်သော်လည်း ပြတင်းဘက်ကို မျက်နှာလှည့်ပြီး စိတ်ဝင်စားခြင်းမရှိဘဲ
ကောင်းကင်၊ သစ်ပင် လူသူတို့ကို ငေးမောနေပါသည်။ ကျွန်မတို့ အကြာကြီး တိတ်ဆိတ်နေပါသည်။ သူ တံခါးကို အနည်းငယ် ဟထားခဲ့သဖြင့် အထူးကုအခန်းမှ တစ်ချက်တစ်ချက် လူနာညည်းသံ၊ ဆရာမများ စကားတိုးတိတ် ပြောကြသံ၊ လက်ထောက်ဆရာဝန်နှင့် အလုပ်သင်ဆရာဝန်တို့ ခပ်သုတ်သုတ်လျှောက်သွားကြသံကို ကြားရသည်။ ခန်းဆီးကာသဖြင့် ဘာမှတော့ မမြင်ရပါ။ ဆရာဝန်မကြီးရဲ့ အခန်းကို ဘယ်သူမှ တံခါးမခေါက်ဘဲ ဝင်လာဖို့မရှိ၊ တယ်လီဖုန်းဖြင့်ပင် အင်မတန် လိုအပ်မှ ခေါ်ကြမည်။ ပြီးတော့ လူနာ ဦးနှင်းနွယ်သည် အရေးကြီးသောသူဖြစ်သည်ဆိုတာ အနည်းငယ်တော့ ရိပ်မိကြလိမ့်မည်။ မကြာခင်ဘဲ အို... ပန်းချီဆရာ နှင်းနွယ်လား ဆိုပြီး ရှေးဟောင်းနောက်ကြောင်းတွေ ပေါ်လာပါလိမ့်ဦးမည်။
နောက်ဆုံး သူက “ကျွန်တော် ကလောပြန်ရမလား” လို့ မေးပါသည်။
“ပြန်ချင်သလား” လို့ ကျွန်မက ပြန်မေးလိုက်တော့...
“မပြန်ချင်ဘူး”
ကျွန်မ သတိရလာပြီး “သူ ခု ဘယ်မှာတည်းနေသလဲ”
“ဦးရွှေလှိုင်အိမ်မှာ"
"ဒီလိုလုပ်လေ၊ အင်းလျားလိတ်ဟိုတယ်မှာ ပြောင်းနေ၊ အေး အခန်းတစ်ခန်း ငှားခိုင်းလိုက်မယ်၊ အဲဒီမှာ နေဦးပေါ့။ အေးမှာ ကားအပိုတစ်စင်းရှိတာလည်း ယူထားပေါ့၊ အေး ခွင့်တစ်ပတ် ယူလိုက်မယ်၊ သူ ဆေးရုံမှာ နှစ်ရက်လောက်တော့ နေပါဦး၊ ဓာတ်မှန်ထပ်ရိုက်ပြီး အဆုတ်ထဲ ရေကုန်သွားတာ တွေ့မှ စိတ်ချရမှာ၊ ပြီးတော့ အေးက ခွင့်ရဖို့ စီစဉ်ရဦးမယ်၊ နောက်အပတ်လောက်မှရမှာ၊ သူ ဆေးရုံကဆင်းတော့ ဟိုတယ်ကို အေး ညနေတိုင်း လာမှာပေါ့” စသည်ဖြင့် တစ်ထိုင်တည်း စီစဉ်သည်ကို သူက မျက်လုံးများ ဝင်းလာပြီး ငေးကြည့်နေသည်။
“အေးမှာ သိပ်တာဝန်များနေမှာပဲ၊ ကျွန်တော်လည်း ဂိုဂင်လို မဆင်းရဲပေမဲ့ အင်းလျားလိတ်ဟိုတယ်တော့ မတတ်နိုင်ဘူး၊ ကျွန်တော် ရန်ကုန်မှာ ဘယ်လိုဆက်နေရမလဲ မပြောတတ်ဘူး”
“အေး စီစဉ်သလို နေရုံပေါ့၊ ဘာများ ခက်နေသလဲ” ဟု ကျွန်မက ပြောလိုက်ပါသည်။ ကျွန်မရဲ့ ငယ်ငယ်ကလိုကြီးစိုးသောလေသံကို သူကလည်း နှစ်ခြိုက်ပုံရသည်။ ကျွန်မ ကြေးငွေတတ်နိုင်သည်ကိုလည်း သူ မငြူစူသူပါ။
“အေး ခြောက်မိုင်က အိမ်မှာပဲပေါ့”
“ဟုတ်တယ် လေးငါးခါ ရောက်ဖူးတယ်မဟုတ်လား”
“လေးငါးခါ ဘယ်ကမလဲ။ ကျွန်တော် ရန်ကုန်ရောက်တိုင်း အေးရဲ့ အိမ်ကို လာကြည့်တာပဲ၊ ခြံတံခါးက အမြဲသော့ခတ်ထားတော့ အလွယ်တကူ ဝင်ခဲ့လို့မရဘူး။ တစ်ခါ မာလီကုလားအဘိုးကြီးနဲ့ တွေ့တယ်၊ အရင် အဘိုးကြီးပဲနော်၊ သိပ်လည်း အိုမသွားဘူး၊ သူက မမ မရှိဘူးတဲ့၊ ဒါပေမဲ့ အေး အပေါ်ထပ်မှာရှိတယ် ထင်တာပဲ၊ ပြီးတော့ နုနုတို့နဲ့လည်း မတွေ့ချင်ဘူး၊ သူတို့ မော်လမြိုင် ခဏခဏပြန်တာ၊ ကလေး ဘော်ဒါကျောင်းမှာ ထားမယ်ပြင်တာတော့ သိပါတယ်”
“ဆေးကောလိပ်ကိုလာရင် ရတာပဲ၊ ဆေးရုံကြီးလာလည်း ရတာပဲ”
“ဒါပေမဲ့ အေးရယ်၊ အေး ကျွန်တော့်ကို လုံးဝ မလိုလားတော့ဘူး၊ နာမည်တောင် မကြားချင်တော့ဘူး၊ သေလူလို သဘောထားလိုက်ပြီဆိုတာ လူတိုင်းသိတာပဲ၊ ကျွန်တော် အသိဆုံးပေါ့။ တစ်ခါနှစ်ခါထက်ပိုပြီး မကြိုးစားတော့ဘူး၊ အဲလေ ကျွန်တော့်အပြစ်လုံးလုံးပဲ ထားလိုက်ပါ၊ အေး စိတ်နာပြေတော့မှ အေးက စခေါ်တော့မှ ကျွန်တော် ထူးနိုင်တော့မယ်လို့ပဲ သဘောထားပါတယ်။ ဒါပေမဲ့...”
"ဘာ ဒါပမေဲ့လဲ..."
“မဝိုင်းသမီး လက်ထပ်ပွဲကို အေး လာမယ်ဆိုတာ စုံစမ်းထားလို့ သိရတော့ ကျွန်တော် ရန်ကုန်ဆင်းလာတာပဲ။ လူတွေကြားမှာတော့ အေး ကျွန်တော့်ကို မနှင်ထုတ်နိုင်ဘူးလို့ တွက်ခဲ့တာပဲ”
“ ပြီးတော့ နုနုအကြောင်းပဲ တစ်ချိန်လုံး ပြောနေတာပဲ”
“နုနုကို မချစ်တဲ့အကြောင်း တစ်ချိန်လုံး ပြောနေတာ အေး အသိပဲ၊ အမှန်ကတော့ ကျွန်တော်ဟာ ဘယ်လောက်ညံ့ဖျင်းနိုင်၊ ဆိုးဝါးနိုင်၊ အားနည်းနိုင်၊ အမှားလုပ်နိုင်၊ တစ်ကိုယ်ကောင်းလည်း ကြံနိုင်တဲ့ လူမျိုးလည်းဆိုတာ အေး သိစေချင်တယ်။ တစ်ခါ ကျွန်တော်ဟာ အနည်းဆုံး ရိုးဖြောင့်တဲ့လူ၊ သူတစ်ပါး နစ်နာအောင် မလုပ်တတ်တဲ့သူ၊ အန္တရာယ်မရှိတဲ့သူ၊ ရန်မပြုတတ်သူ ဆိုတာကိုလည်း သိစေချင်တယ်။ ကျွန်တော့်ကို အေး ဘယ်လိုထင်မြင်တယ်။ ဘယ်လိုထင်မြင်သည်ဖြစ်စေ ခွင့်မလွှတ်နိုင်အောင် နားလည်နိုင်တယ် ဆိုတာဟာ ဘဝမှာ အရေးကြီးဆုံးအချက် ဆိုရင် အေး ယုံမှာလား”
ကျွန်မ ပြတင်းဘက်သို့ မျက်နှာပြုပြီး အပြင်မှ နေရောင်မှာ စိမ်းမြရွန်းလက်နေသည့် သစ်ပင်၊ သစ်ရွက်များကို ငေးမောနေလိုက်ပါသည်။ သူ့ရဲ့ တိုးတိတ်သောအသံသည် နားထဲမှာ ပီသကျယ်လောင်လျက်ရှိသည်။ ချက်ချင်းပင် အပြင်မှဆေးရုံကိစ္စနှင့် ပတ်သက်သော အသံဗလံတို့ကို သဲ့သဲ့ကြားရပြန်သည်။ ကျွန်မ ထပြီး တံခါးပိတ်လိုက်သည်။ နှလုံးခုန်သံ ကျယ်လောင်လာပြီး သူတောင် ကြားလေမလား ထင်ရပါသည်။
“ပြောခဲ့တဲ့အတိုင်း ညက တစ်ညလုံး အိပ်မပျော်ဘူး၊ ဆေးရုံမတက်ဖူးတော့ လူနာတွေကြားမှာ သေခြင်းတရားနဲ့ ရင်ဆိုင်တွေ့တာအမှန်ပဲ၊ ကျွန်တော် သေသွားရင် သေသွားနိုင်တယ် ထင်ပါတယ်၊ အေးကို တစ်ချိန်လုံး တွေးနေတယ်၊ ခုနေ သေသွားရင် မသေခင် နောက်ဆုံးတွေ့ချင်တာက အေးပဲ၊ မတွေ့နိုင်လို့ မှာခဲ့ချင်တဲ့စကားဟာလည်း အေးဖို့ပဲ၊ အေးကို ကျွန်တော် ဘယ်လောက်ချစ်တယ်၊ အေးတစ်ယောက်တည်းကိုသာ ကျွန်တော် တစ်သက်လုံး ချစ်တယ်ဆိုတာ ဘယ်လိုနားလည်အောင် ပြောရပါ့မလဲလို့၊ မှာခဲ့ရပါ့မလဲလို့ ပူနေတာပါပဲ။ အေး ဒါကို နားလည်နိုင်ရင်၊ လက်ခံနိုင်ရင် ကျွန်တော် သေရမှာ မကြောက်တော့ဘူး။ လူ့ဘဝရဲ့ လုပ်ငန်းကြီးတစ်ရပ် ပြီးစီးခဲ့ပြီလို့ ထင်ပါတယ်။ ကျွန်တော် သိပ်စိတ်ကူးယဉ်ခဲ့သူလို့ ပြောဦးမှာလား”
ကျွန်မ တိုင်ကပ်နာရီကို ကြည့်လိုက်တော့ ၁၂ နာရီ ထိုးလုပြီဟု သိရသည်။ ကျွန်မ နေ့လယ်စာ စောစော ထွက်စားနိုင်ပြီ။ ညနေပိုင်းအတွက် အလုပ်ခွင်ကို ပြန်ဝင်နိုင်မည့်အင်အား မရှိတော့ပါ။ တစ်သက်လုံး ခွင့်မည်မည်ရရ မယူဘဲ အလုပ်မှာ ဘဝနှစ်ခဲ့သည့် ဆရာဝန်မကြီးကို တစ်နေ့ဝက်မျှ ဖြုန်းခနဲ ခွင့်ယူထွက်သွားသည့်အတွက် ဘယ်သူမျှ အပြစ်ယူမည် မဟုတ်ပါ။
ကျွန်မ ပြတင်းပေါက်မှ ခွာလာပြီး သူ့ကုလားထိုင်နောက်မှနေပြီး ဆံပင်ခွေရစ်သော သူ့ခေါင်းကို ပွေ့ဖက်လိုက်လျှင် သူက ခေါင်းကိုမော့ပြီး ကျွန်မရင်ခွင်ထဲမှာ မှီလိုက်ပါသည်။ ကျွန်မက ငုံ့ပြီး သူ့ကောက်လိမ်သော နဖူးပေါ်ကျမြဲ ဆံခွေကို နှုတ်ခမ်းနှင့် ထိလိုက်လျှင် ကျွန်မ၏ မျက်ရည်ပေါက်များသည် သူ့မျက်နှာပေါ်ကျကာ သူ့မျက်ရည်များနှင့် ရောနှောသွားပါသည်။
“ကျွန်တော် ဘယ်လောက်များ အမှားတွေ လုပ်မိလို့ပါလိမ့်” ဟု သူက ဆိုတော့...
“အေးကော ဘယ်လောက်များ မှားခဲ့ပါလိမ့်”
ကျွန်မတို့ အတူနမ်းကြပြန်ပါသည်။ ကျွန်မ မကြောက်ရွံ့တော့ပါ။ ကျွန်မတို့ အင်းလျားလိတ်ဟိုတယ်ဘက်သို့ ကားမောင်းလာခဲ့ကြတော့ အလွန်ငယ်ရွယ်သော ယခင်ကဘဝကို ပြန်ရောက်သွားကြသည်။ သူနှင့်ကျွန်မ အပြန်အလှန် ပိုင်ဆိုင်ကြပြီ။ ကျွန်မစိတ် ပေါ့ပါးလန်းဆန်းလာသည်။ အရေးကြီးသောကိစ္စတစ်ရပ် ရှင်းလင်းသွားလေပြီ။ ဘာကြောင့် ဆယ်နှစ် ဆယ့်ငါးနှစ်မျှ အချိန်ယူရပါသလဲ ဆိုတာကတော့ အံ့ဩစရာ၊ နားမလည်နိုင်စရာလို့ ဆိုကြမည်။ သို့သော် သူရော ကျွန်မပါ တစ်မူခြားနားသောလူမျိုး ဖြစ်ပါလိမ့်မည်။ သူ့ကိုရော ကျွန်မကိုပါ တစ်စုံတစ်ရာသည် ချုပ်ချယ်ထားပြီး ထိုတစ်စုံတစ်ရာ ကို ကျွန်မ နားလည်စပြုလာသည်။ ထို တစ်စုံတစ်ရာနှင့် ကျွန်မ အတူမွေးဖွားခဲ့သလားမသိ။
ကျွန်မရဲ့ အရည်အချင်းကောင်းလား၊ ဆိုးသလား ဘယ်သူပြောနိုင်မလဲ။ ထိုတစ်စုံတစ်ရာသည် ကျွန်မတို့ သတ္တလောက၊ တိရစ္ဆာန်လောကအတွင်း အမြင့်ဆုံးသို့ရောက်လာတဲ့ ဦးနှောက်ကြီးမား ပြောင်မြောက်တဲ့ လူသတ္တဝါတို့
အောင်မြင်ရရှိလာတဲ့ အစွမ်းကုန်ထွန်းတောက်ခဲ့သော ရင့်ကျက်ယဉ်ကျေးမှု ဖြစ်နိုင်သည်။ တစ်ပါးသူကို ရန်ပြုတိုက်ခိုက်ခြင်းမှ ကင်းလွတ်လာသောအစွမ်းလို့ ဆိုရမည်။ ဥပမာ လောကမှာ သူသတ်သူနှင့်၊ အသတ်ခံရသူ နှစ်မျိုးပဲရှိသည် ဆိုပါတော့၊ ထိုအစွမ်းကြောင့် ကျွန်မသည် မသတ်တတ်နိုင်ဘဲ အသတ်ခံရသူသာ ဖြစ်တော့သည်။ ဒါလည်း အစွမ်းကုန်ထွန်းတောက်ခဲ့သော ရင့်မာခြင်း ဖြစ်တော့သည်။
ကျွန်မ ငယ်ငယ်က ဖတ်ရသော ငါးရာ့ငါးဆယ် ဝတ္ထုပေါင်းချုပ်ထဲမှာ သည်းခံသူ ရသေ့ကို စမ်းသပ်သည့် ဘုရင့်အမိန့်အရ ရသေ့ကို နှာခေါင်းဖြတ်လိုက်၊ နားရွက်ဖြတ်လိုက်၊ လျှာဖြတ်လိုက်၊ မျက်လုံးဖောက်လိုက် လုပ်တော့ ရသေ့သည် ဒေါသမောဟနှင့် ဝေဒနာကို ချုပ်တည်းနိုင်မြဲ ချုပ်တည်းဆဲ၊ သည်းခံတရားကိုပဲ ဆက်ဟောသတဲ့။ ဘုရင်က လက်လျှော့ပြီး “သင်ရသေ့ သင့်ရဲ့ သည်းခံတရားနဲ့ သင်နေရစ်တော့” ဆိုပြီး စွန့်ခွာခဲ့သည်မှာ မြေမျိုခံရလေသည်။
ထိုမျှ သည်းခံနိုင်ခြင်းကို ကျွန်မ နားလည်ဖို့ တစ်သက်လုံး ကြိုးစားခဲ့၏။ ဘုရားရဟန္တာ၏သတ္တိကို ကျွန်မ သာမန်လူက ဘယ်လို လုံးဝနားလည်နိုင်မလဲ။ သို့သော် ရှေ့က ပြောခဲ့သည့် ကျွန်မနှင့်အတူ မွေးဖွားခဲ့သည်ထင်ရသော ထိုတစ်စုံတစ်ရာသည် ဘုရားရဟန္တာ၏ သည်းခံခြင်းသတ္တိအောက်ခြေအစလို့ တင်စားနိုင်မည် ထင်ပါသည်။
ကျွန်မကို ရန်ပြုတိုက်ခိုက်သူ၊ မကောင်းကြံသူသည် တစ်ယောက်သော နုနုဖြစ်လျှင် ထိုနုနုမှာ တာဝန်ကြီးစွာရှိသည်လို့တော့ ကျွန်မ ယုံပါသည်။ လူသတ်သမားမှာ တာဝန်ကြီးစွာရှိသည်အမှန်ပေါ့။ သို့သော် အသတ်ခံရသူကလည်း အသတ်ခံဖို့ ရွေးချယ်ခြင်းအတွက် တာဝန်အနည်းငယ်မျှဖြစ်စေ မရှိထိုက်ဘူးလား။ သည်လို စိစစ်ပြန်တော့ နုနုကို စက်ဆုပ်ခြင်း အနည်းငယ်လျော့ပါးသွား၏။ ကျွန်မ လုံးဝပယ်ဖျောက်ဖို့ မတတ်နိုင်သေးသော ဒေါသ မောဟမီးတို့မှလည်း ပူလောင်ခြင်း ခဏ သက်သာသွား၏။
ကိုနှင်းနွယ်က ကျွန်မနှင့် သဘောတူယုံကြည်ပါသည်။ သူလည်း အသတ်ခံတတ်သူတစ်ယောက်ပင်တည်း။ သို့သော် သူနှင့်ကျွန်မသည် သာမန်လူများပင် ဖြစ်နေသေးကာ ဒေါသ မောဟနှင့် ဒုက္ခဝေဒနာကို နိုင်နင်းချေဖျက်နိုင်သည့်အတတ် မရရှိသေးလေတော့ မကောင်းမှုဆိုသည်မှာ မကောင်းမှုသာဖြစ်၍ ထိုမသမာရန်ပြုခြင်းသည် အလွန်ယုတ်ညံ့မြဲ ယုတ်ညံ့နေကာ လက်ခံနိုင်သောကိစ္စ၊ စွန့်လွှတ်နိုင်သောကိစ္စ မဟုတ်လို့ ကျွန်မ ပြောချင်သည်။
“နုနုအကြောင်း မပြောကြပါစို့နဲ့လား အေးရယ်” လို့ ကိုနှင်းနွယ်က ပြော၏။
“ဖြစ်ပျက်သမျှအတွက် လူတစ်ယောက်တည်းက အားလုံး တာဝန်ယူနိုင်တယ်ဆိုရင် ကျွန်တော် တာဝန်ယူနိုင်ပါတယ်”
“ဟင့်အင်း” ဟု ကျွန်မ မြဲမြဲစွာ ဆိုသည်။
“ပြောရမယ်။ ပြောရဦးမယ်၊ ဘယ်လောက် စိတ်မချမ်းသာ ဖြစ်ရပါစေ၊ ဘယ်လောက် အရှက်ကွဲ သိမ်ဖျင်းတဲ့စကားလုံး သုံးရသည် ဖြစ်စေ၊ ပထမဆုံးနှင့် နောက်ဆုံးအကြိမ်အဖြစ်တော့ ပြောရမယ်။ မပြောရရင် အေး ဘယ်တော့မှ ရင်အေးနိုင်မယ် မဟုတ်ဘူး၊ မကျက်နိုင်တဲ့ဒဏ်ရာလို တစစ်စစ် ကိုက်နေမှာပါ။ အေးကို ခွင့်လွှတ်ပါ”
ကျွန်မရဲ့ ရင်တွင်မက ခေါင်းတွင်း၊ ဦးနှောက်တွင်းကပါ နာကြည်းသည်ကို ဖြေဖို့၊ ကုသဖို့လို့ ကျွန်မ ဝန်ခံသည်။ အေးကို သည်းခံပြီး နားထောင်ပါ၊ အေးရဲ့ ဝေဒနာနဲ့ ထိုဝေဒနာကို ဖန်တီးခဲ့တဲ့ နုနုအကြောင်း ဆွေးနွေးချင်သေးသည်။ ဒီဒဏ်ရာကို နှစ်များစွာပင် ကြိုးစားချေဖျောက်လို့ မရခဲ့ဘူး၊ တစ်နေ့တော့လည်း တဖြည်းဖြည်း မေ့ပျောက်လွင့်ပြယ်သွားမှာပဲ၊ ဒါပေမဲ့ ကံကြမ္မာက ပေးလိုက်တော့ အခု သူနဲ့ ရင်ဆိုင်ပြီး တွေ့တဲ့အခါ ရှင်းပစ်လိုက်ရင် ပိုမကောင်းဘူးလား၊ ဘာလို့ ဆယ်နှစ် ဆယ့်ငါးနှစ် ထပ်စောင့်နေမလဲ။ လူ့ဘဝမှာ ဆက်နေသည့် အချိန်တွင်းမှာ ဖြစ်နိုင်ရင် ဒဏ်ရာအနာများ ကောင်းစွာကျက်ပြီး စိတ်အေးချမ်းမြ နေချင်ပါတယ်။ အေးဟာ လူ့ဘဝကို ချစ်ခင်သူ၊ တွယ်တာသူ၊ လူ့ဘဝကပေးတဲ့ တရားသဖြင့် ရနိုင်သမျှ ကောင်းမြတ်တာမှန်သမျှကို ဘယ်သူ့ကိုမျှ ရန်မပြုရ၊ မတိုက်ခိုက်ရဘဲ ရယူပိုင်ဆိုင်ချင်ပါတယ်။ ပြီးတော့ လူ့ဘဝ ဒီတစ်ဘဝကိုသာ ယုံကြည်ပြီး ကိုယ်စိတ်ချမ်းသာစွာနဲ့ နေချင်တဲ့အေးကို ဘယ်သူအပြစ်တင်လဲ မပူပင်ပါဘူး။ ကိုနှင်းနွယ်က အေးဘက်က လူလား။
“ဟုတ်တယ်၊ အေးဘက်ကလူ၊ အေးသိသားပဲ”
ကျွန်မရဲ့ လူ့ဘဝရဲ့ သုခ၊ ဒုက္ခဝေဒနာ မှန်သမျှကို အံဝင်ခွင်ကျ ဝင်ရောက်နားလည်၊ အတူခံစားနိုင်စွမ်းရှိသူတစ်ယောက်ကတော့ ကိုနှင်းနွယ်ပဲ။ သူ့ကို ပြန်လည်ရရှိရတာ သိပ်ကျေနပ်စရာပဲ။ တကယ်တော့ သိပ်ပျော်တာပဲ။ ဒီလို ကျွန်မ ရိုးသားပွင့်လင်းစွာ သူ့ကို ပြောနိုင်တာကို သူက နားလည် ရိုသေသည်။ ဘယ်သူ ပြက်ရယ်ပြုစေ၊ အရိုအသေတန်စေ၊ အရှက်ရစေအောင် ကြံစေကာမူ ကိုနှင်းနွယ်နှင့်ကျွန်မ အတူယုံကြည်ကြသော တရားအရပ်ရပ်တို့သည် အင်အားကြီးလှပြီး ကျွန်မတို့ကို ပိုပြီးသတ္တိရှိစေပါသည်။ ယခု ကျွန်မတို့သည် တစ်ယောက်ကိုတစ်ယောက် ယုံသည်သာမက ချစ်သည်ဆိုတာပါ ဖွင့်ဟဝန်ခံပြီး ဖြစ်လေရာ လူ့ဘဝမှာ နေထိုင်လို့ ကောင်းဖို့သာ ရှိတော့လေသည်။
ဆက်ရန်
-----------------
#ကြည်အေး
Comments
Post a Comment