တက်ဘုန်းကြီး အမှာစာ

#တက်ဘုန်းကြီး

#တက်ဘုန်းကြီး၏ချွတ်ယွင်းချက်
#သိန်းဖေမြင့်  

​လောကတွင် အကောင်းအဆိုး ဒွန်တွဲနေလေ့ရှိပါသည်။ လူကောင်းရှိသလို လူဆိုးရှိသည်။ အလဇ္ဇီဒုဿီလ ဘုန်းတော်ကြီးများရှိသလို၊ လဇ္ဇီပေသလ သိက္ခာကာမ ဝိနည်းတော်နှင့်အညီ သီတင်းသုံး နေထိုင်ကြသော ဘုန်းတော်ကြီးများလည်းရှိသည်။ ကျွန်တော့်ဝတ္ထုတွင် ဇာတ်ကောင်များထည့်ရာ၌ အလဇ္ဇီဒုဿီလ ဘုန်းကြီးများကိုချည်း ထည့်ထားသည်။ ပြီးတော့ ငယ်ရွယ်သူပီပီ၊ တက်ခေတ် တက်လူပီပီ၊ ထက်မြက်လှသည့်အရွယ်ပီပီ တစ်ဖက်သတ် တအားထိုးနှက်ထားခဲ့သည်။ အမှန်တော့ အကောင်းနှင့်အဆိုး ယှဉ်ပြသင့်သည်။ အလဇ္ဇီဒုဿီလများကို ဖော်ထုတ် ရှုတ်ချသလို၊ လဇ္ဇီပေသလ သိက္ခာကာမ ရဟန်းတော်များကို မီးမောင်းထိုး တင်ပြသင့်သည်။

================================

#ယခုခေတ်မြန်မာစာပေအရေးတော်ပုံ
#သာသနာပြု ဝတ္ထုအကြောင်း
#ဇော်ဂျီ
#ကြီးပွားရေးမဂ္ဂဇင်း၊ ပဉ္စမတွဲ၊ နံပါတ်-၇၊ စာမျက်နှာ ၃၃-၃၆ “သာသနာပြု ဝတ္ထုအကြောင်း” မှ ကောက်နုတ်ဖော်ပြချက်။

ဤဝတ္ထုကို “သာသနာပြုဝတ္ထု” ဟု ကျွန်ုပ် ခေါ်ဆိုလေသည်။ ဤဝတ္ထုကို ဖတ်ပြီးသောအခါ ကျွန်ုပ်သည် ရဟန်းကောင်း ရဟန်းမြတ်တို့ကို ပိုမို၍ ကြည်ညိုလာသည်။ ရဟန်းပီသသော ရဟန်းတို့ကို ပို၍သဒ္ဓါလာသည်။ ရဟန်းညစ်တို့ ကွယ်ပကြပါစေ၊ ရဟန်းကောင်းများသာ ကျန်ရှိကြပါစေဟုလည်း သာသနာအတွက် စိုးရိမ်သဖြင့် ဆုတောင်းပါသည်။

ဦးသိန်းဖေ (သိန်းဖေမြင့်)၏ ရည်ရွယ်ချက်သည် ယခုခေတ် မြန်မာပြည်ဗုဒ္ဓသာသနာစင်ကြယ်ရေးပင်ဖြစ်သည်။

............ အတိုချုပ်ဆိုသော် ဦးသုဓဇသည် သင်္ကန်း၏ဂုဏ်ဖြင့်လည်းကောင်း၊ အသံသြဇာဖြင့်လည်းကောင်း လူအပေါင်းတို့ကို လိမ်လည်နေသော ဘုန်းကြီးဖြစ်သည်။ ထို့ပြင် အခမ်းအနားနှင့်မှသာ အကြိုအဆိုခံလို၍ ပန်းပလ္လင်နှင့်မှ တရားဟောချင်သော ဘုန်းကြီးလည်းဖြစ်သည်။

...... ဘာသာခြားတို့ကို ဗုဒ္ဓဘာသာဝင်ဖြစ်အောင် ပြုခြင်း၊ ရှိပြီးဗုဒ္ဓဘာသာဝင်တို့ကို အသစ်ထပ်လောင်း၍ သဒ္ဓါကဲမိုးအောင် ပြုခြင်းများကိုသာ သာသနာပြုမှု ဟု မယူဆထိုက်။ သာသနာ၌ အပြစ်အဆာကိုတွေ့၍ ထိုအပြစ် အနာအဆာကို ထုတ်ဖော်၍ပြောပြခြင်းလည်း “သာသနာပြုမှု”ဟု ဆိုထိုက်သည်။

ဦးသိန်းဖေ (သိန်းဖေမြင့်) ၏ ကောင်းမြတ်သောစေတနာကို ကျွန်ုပ် သာဓုခေါ်ပါ၏။

==============================

#မောင်နု၏ ရှင်းတမ်း
#မောင်နု
#တက်ဘုန်းကြီးဝတ္ထုနှင့် ငနု၏ရှင်းတမ်းမှ ကောက်နုတ်ဖော်ပြချက်။

.......... အကြောင်းရင်းကို ဘုရားတပည့်တော် ဉာဏ်မီသရွေ့  ရှာရာ “ငခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ရသည်"ဟူသော စကားကဲ့သို့ အလဇ္ဇီဒုဿီလရဟန်းတို့နှင့် ရဟန်းတု ရဟန်းယောင်အချို့ကြောင့် လဇ္ဇီပေသလ၊ သိက္ခာကာမ၊ သီလဝန္တ ဖြစ်ကြကုန်သော ရဟန်းကောင်း ရဟန်းမြတ်အပေါင်းတို့၏ ဂုဏ်သတင်းမှာ ညှိုးနွမ်းခြင်းဖြစ်ရသည်ဟူသော အကြောင်းရင်းကို တွေ့ရပါသည် ဘုရား။

သို့ဖြစ်ရာ ဒုဿီလရဟန်းညစ်တို့ကို စက်ဆုပ်သည့်စိတ်ကြောင့် ၎င်းဒုဿီလ ရဟန်းညစ်များနှင့်တကွ ၎င်းတို့ကို ကိုးကွယ်သည့် ဘာသာတစ်ခုလုံးကိုပါ ဖြုတ်ပစ်လိုက်ကြသော ရုရှားပြည်ကဲ့သို့ မြန်မာပြည်တွင်လည်း ဒုဿီလရဟန်းတို့၏ပယောဂကြောင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏ မကြည်ညို သဒ္ဓါတရားနည်းပါးသောစိတ်တို့သည် လဇ္ဇီပေသလ၊ သိက္ခာကာမ၊ သီလဝန္တ ဖြစ်ကြကုန်သော သံဃာတော်တို့ထံ ကူးစက်ပြန့်ပွားမည့်ဘေးကြီးကို စိုးရိမ်ပူပန်မိပါသောကြောင့် ဤကဲ့သို့ ရဟန်းဆိုးများနှင့် အတုအယောင်များ နည်းပါးကွယ်ပျောက်ကုန်နိုင်ရန် ရည်သန်​သော စိတ်ကောင်း စေတနာကောင်းနှင့် ဤ “တက်ဘုန်းကြီး” ဝတ္ထုကို ထုတ်ဝေရပါသည်ဘုရား။

================================

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)