တက်ဘုန်းကြီး၊ နိဒါန်း

#တက်ဘုန်းကြီး

နိဒါန်း

မေမေနှင့် ဖေဖေတို့ထံ သားမောင် ရိုသေစွာ အစီရင်ခံပါသည်။

ဟိုတနေ့က မေမေတို့ထံကငွေကို ကောင်းစွာရရှိပါသည်။ ရှေးက ဖေဖေတို့ မေမေတို့ စာများကို သား ရရှိလျှင်၊ မိုဃ်းဦးကလေး ကျတော့ ကမ္ဘာလောကကြီးတခုလုံး ရွှင်မြူးတာလို၊ ငသိန်း မြူးရ ရွှင်ရတယ်။ မေမေတို့ စာတွေကို ခေါင်းအုံးအောက်မှာ ထားပြီးအိပ်တော့ ဟောဒီအပြောကျယ်တဲ့ ပင်လယ်ကြီးကို ဧရာမသင်္ဘောကြီးနဲ့ ကူးပြီး မေမေတို့ဆီ ပြန်လာရတယ်လို့ အိပ်မက်မက်ရတာ သိပ်စည်းစိမ်ရှိတယ်။ အချို့စာတွေမှာတော့ ငသိန်းကို အစိုးရအလိုနှင့် ဆန့်ကျင်ပီး၊ ဗမာပြည် လွတ်လပ်ရေးလေး ဘာလေးနဲ့ ဆူမိပူမိတဲ့ အပြစ်အတွက် ဖေဖေတို့ ကြိမ်းကြ မောင်းကြတယ် ...။ သို့ပေမဲ့ ... အဲဒီစာမျိုးတွေကို ဘတ်ရလို့ သားမအံ့သြဘူး။ ဪ .... ဒါက ခုကာလ ကျွန်ခေတ်မှာရှိကြတဲ့ မိဘများရဲ့ ထုံးစံဘဲလို့ တွက်မိတာကိုး။

ဟိုတနေ့က စာကတော့ ဘတ်လိုက်ရတယ် ဆိုရင်ဘဲ ငသိန်းမှာ ရင်ဆို့သွားတယ်။ ကြယ်တွေ လတွေနဲ့ တင့်တယ်နေတဲ့ကောင်းကင်က မိုးဃ်းကြိုးထစ်သံကြားရသလို သိပ်အံ့သြသွားတယ်။ လူ့လောကကြီးကို မုန်းလာတယ်။ ငသိန်းက ကျောင်းပိတ်ရက်အတွင်း တလလောက် ပဉ္စင်းတက်ဘို့ ခွင့်ပေးပါလို့ ဖေဖေတို့ထံ တောင်းပန်တယ်။ ဖေဖေတို့က ခွင့်မပေးနိုင်ဘူးတဲ့။ ပဉ္စင်းတက်ရင် လူများတွေက ကဲ့ရဲ့လိမ့်မယ်တဲ့။ ဖေဖေတို့ မေမေတို့မှာ လူများတွေရဲ့ တံထွေးခွက်မှာ ပက်လက်မျောမယ်တဲ့။ ပဉ္စင်းတက်တာကို ဘာလို့ ကဲ့ရဲ့ရသလဲ။ ကဲ့ရဲ့မဲ့လူတွေကို လက်ညှိုးထိုးပြီး မေးချင်တယ် မေမေရဲ့ ။ ငသိန်းဟာ အံကြိတ်လိုက်ပြီး လူမိုက်စိတ် တွေ ဝင်လာတယ်။ အိပ်ရာပေါ်မှာ လှဲပြီး စဉ်းစားတယ်။
ဟိုးရှေးတုန်းက သား ပဉ္စင်းရှိတယ်ဆိုရင် ပဉ္စင်းမယ်တော်ကြီးနဲ့ ခမည်းတော်ကြီးဟာ အင်မတန် ဂုဏ်ရှိတယ်။ ခုတော့ ... ပဉ္စင်းမယ်တော် ခမည်းတော်တွေမှာ၊ သူများတံထွေးခွက် ပက်လက်မျောတော့မယ်တဲ့လား  ဖေဖေ။

ကဲ့ရဲ့ ချီးမွမ်းတာတွေတော့ ထားပါအုံး။ အချီးမွမ်းခံရမှာကို ဂရုစိုက်နေတဲ့လူမှာသာ အကဲ့ရဲ့ခံရတာကို ကြောက်တာ။ ငသိန်းကတော့ ဘာလုပ်လုပ် အချီးမွမ်းခံရအောင်ရယ်လို့ လုပ်တာ မဟုတ်တော့၊ သူများ ကဲ့ရဲ့တာကို ဘယ်တော့မှ မကြောက်ပါဘူး။ သားအတွက် အရေးကြီးနေတာက လူတွေကဲ့ရဲ့ကြလိမ့်မယ်ဆိုတဲ့ စကားမှာ အရိပ်ပေါ်နေတဲ့ သာသနာတော်ကြီးအတွက် စိုးရိမ်စရာအချက်တွေပါဘဲ ဖေဖေရဲ့။ သာသနာတော် တက်၍ ပဉ္စင်းအဖြစ်ကို ခဏဖြစ်စေ အမြဲဖြစ်စေ ယူခြင်းသည်၊ ကဲ့ရဲ့ ရှုံ့ချဘွယ်ရာ ဖြစ်က ...

၁/ ဗုဒ္ဓဘာသာ မြန်မာများသည် သာသနာကို ချီးမြှင့်ခြင်း၊ ဘာသာကို ယုံကြည်ခြင်း၊ အကျင့်သီလကို စောင့်သုံးခြင်းတို့၌ များစွာ ယုတ်လျော့သောကြောင့်လည်း​ကောင်း

၂/ သာသနာတော်ထမ်း ရဟန်းဘုန်းကြီးများကပင် စုတ်ပဲ့ ညစ်ညမ်း မကောင်းမှုလွှမ်းနေသဖြင့် လူတို့က မုန်းထား ကဲ့ရဲ့ကြခြင်းပင်သော်လည်း​ကောင်း ဖြစ်ရမည်။ နှစ်ကြောင်းလုံးပင်လည်း ဖြစ်ရမည်ဟု သား အလင်းဉာဏ် ပေါက်      
    မိသည်။

သားမှာလေ စာကိုဘတ်ပြီး ဒါတွေးလေ စိတ်တုန်လှုပ် ခြောက်ခြားလေဘဲ။ ငသိန်းစိတ်ဟာ ဘယ်လိုနေမှန်း မသိဘူး။ ငိုချင်လိုက်တာလဲ လွန်လို့။ ဘာ့ကြောင့်မှန်းလဲ မသိဘူး၊ မေးခွန်းတခုကလဲ သားစိတ်ထဲမှာ ခဏခဏ ပေါ်ပေါ်နေတာဘဲ။ ဒီလိုသာဖြင့် ဒို့ဘုရားရှင်သာသနာတော် မကြာခင် ဒို့ပြည်က ကွယ်ပျောက်မသွားပေဘူးလားတဲ့။

မန္တလေးက ချစ်မိတ်ဆွေတယောက် ပေးလိုက်တဲ့စာကို သတိရတယ်။

“စားစရာမရှိတာက တခြား။ ဘုရားစွယ်ရောင်ပြပြီး ပွဲခံတာက တခြား။ အဲဒီပွဲတွေမှာ သင်္ကန်းဝတ်တွေဟာ ဝါထိန်နေတဲ့ပြင် အပျိုကလေးတွေ လိုက်တိုး၊ ဒီပြင် ကာလသားအတန်းအစား ခပ်ညံ့ညံ့မျိုး လုပ်တဲ့ အကျင့်တွေလဲ လုပ်တယ်လို့ ကြားရတယ် ...”

တမြန်နှစ်တုန်းက မုံရွာမြို့ ကာနီဗယ်မှာ သား ငသိန်းရယ်၊ ယခုနှစ် အိုးဝေမဂ္ဂဇင်းအယ်ဒီတာ ညိုမြဆိုတဲ့အကောင်ရယ်၊ တယောက်လည်ပင်း တယောက်ဖက်ပြီး ကြည့်နေကြတော့ ဘုန်းကြီးတွေ ကစားဝိုင်းမှာ လောင်းနေကြတာကို တွေ့ရတာကိုး .. မေမေရဲ့။ ညိုမြက “ဟေ့ သိန်းဖေ” တဲ့ “ဘာလဲကွ” လို့ သားကထူးတော့ “ငါ့လခွီး ဘုန်းကြီးတွေလုပ်ပုံ ကြည့်စမ်းပါအုံးကွာ လူရေ။ အချိန်ကျပြီဟ .. ဘုန်းကြီး မကောင်းတာ လုပ်တာတွေကို မင်း ကလောင်စွမ်းသလောက်ကလေးနှင့် နှံစမ်းကွာ” လို့ ပြောတာလဲ အခု ကြားယောင်ယောင်ဘဲ ဖေဖေ။

“ကျောင်းသားတွေ သပိတ်မှောက်နေတုန်းက တပည့်တော် မန္တလေးမှာ ဘုရားကြီးကနေပြီး စကြာသီဟကို ဓါတ်ရထား စီးလာတော့ ရထားပေါ်မှာ ဦးပဉ္စင်းတပါး ပေါင်ဒါတွေ ဖွေးနေအောင် လိမ်းထားတာကို တွေ့ရတယ်။ ကိုယ်တော့” လို့ ဘုန်းကြီးတပါးကို လျှောက်တော့ “ငါ့လူရ ... ပေါင်ဒါလောက် အလှဆီလောက်တော့ ရိုးနေပြီ။ လက်သဲကလေးတွေတောင် မထင်မရှား ဆေးနီဆိုးတဲ့ ဘုန်းကြီးတွေ ရန်ကုန်မှာရှိတယ်” ဟု ဖြေသံကိုလဲ မှတ်မိသေးတယ် မေမေရဲ့။

ပြီးတော့ သတင်းစာထဲမှာ ပါသလို ဘုန်းကြီးတွေ မိန်းမတွေနှင့် ပျော်မြူးကြတာကိုတော့ သား ထပ်ပြောဘို့ မလိုပါဘူး။ မေမေတို့မှာ နားတောင် လျှံ၍နေရော့မယ်။ ဒါတွေ တွေးမိတော့ သာသနာကြီး ပျက်စီးမှာကို မစိုးရိမ်ဘဲ မနေ နိုင်ဘူးပေါ့၊ သာသနာတော်ကြီးကို စောင့်ကြပ်ရမယ်ဆိုတဲ့ သာသနာတော်စောင့်ကြီးတွေက ဒီလို ဖေါက်ပြားယုတ်မာနေကြရင် ခေါင်မိုဃ်းမလုံတဲ့အိမ်လို သာသနာတော်ကြီးတခုလုံး၊ အကျင့်ဆိုး အကျင့်ယုတ် မိုယ်းတွေနှင့် ရွှဲနေတော့မှာပေါ့ မေမေရယ်။

ကဲ မေမေ၊ မေမေကတော့ ဒီလောက်ပြောရုံနဲ့ ရှင်းအုံးမှာ မဟုတ်ဘူး။ သာသနာတော်ကြီးမှာ အပြစ်တွေ၊ အလဇ္ဇီတွေ ပေါနေပုံကို ဥပမာတခု ထင်ထင်ရှားရှားပြမယ်။ သားပေးတဲ့ ဥပမာနာမည်ကတော့ “တက်ဘုန်းကြီး” တဲ့။ တချို့က ခုခေတ်ကြီးကို တက်ခေတ်တဲ့။ ခုခေတ်မှာ ပေါ်နေတဲ့ လူငယ်တွေကို တက်လူတဲ့ ခေါ်ကြတယ်။ ဒါ့ကြောင့် သားကလဲ ခုခေတ်မှာပေါ်နေတဲ့ ဘုန်းကြီးမို့ “တက်ဘုန်းကြီး” လို့ အမည်ပေးလိုက်တယ်။

“တက်ဘုန်းကြီး” အကြောင်းကို ရေးပြတာဟာ မေမေ အပျော်ဘတ်ဘို့ ရေးပြတာ မဟုတ်ဘူး။ သာသနာကြီးရဲ့ ချို့ယွင်းချက်တွေကို သား ကွက်ကွက်ကွင်းကွင်း မြင်အောင် ပြတာ။ တကယ်လို့ပေါ့လေ။ သားရေးတဲ့ဟာကို ဘတ်ရလို့ ပျော်လဲ ပျော်တယ်ဆိုရင်တော့ သားလဲ သိပ်ဝမ်းသာတာဘဲ။ တခု ရှိသေးတယ်။ သားက ပါဠိဘတ် သိပ်ပျင်းတယ်။ သို့ပေမဲ့ ဒီတက်ဘုန်းကြီးက ဘုန်းကြီးလဲ ဖြစ်ပြန်။ ဓမ္မကထိကလဲ ဖြစ်ပြန်မို့ မလွှဲသာဘူး မေမေရယ်။ ပါဠိထည့်ရတာဘဲ။ ကြိုးစားပြီး ဘတ်ပါနော်။ ဟုတ်လား .. မေမေ။

ဘတ်ပြီးတော့ မေမေနှင့် ဖေဖေ ဆွေးနွေးကြပါ။ ဒီလို ညစ်ပြီးတော့နေတဲ့ သာသနာကို မပြုပြင် မသုတ်သင်ထိုက်ဘူးလား။ ပြုပြင် သုတ်သင်ထိုက်တယ်ဆိုရင် ဘယ်လို ပြုပြင်သုတ်သင်ရမလဲ။ သား သဘောပေါက်တာကတော့ သာသနာတော်ကြီး ညိုးရ ဆုတ်ရတာဟာ .... သာသနာပြုမင်း မရှိလို့။ တနည်းတော့ ... ဗမာတွေ ထီးမဲ့မင်းမဲ့ ဖြစ်နေလို့။ ကျွန်ဖြစ်နေလို့ပေါ့။ သာသနာတော်ကို အားလုံး စင်ကြယ်အောင် သုတ်သင်ရန် စည်ပင်တိုးတက်အောင် ပြုပြင်ရန်ဆိုတော့ ဗမာဗုဒ္ဓဘာသာတွေလက်ထဲမှာ အာဏာစက် ရှိရမယ်။ ဝါ တိုင်းရေးပြည်ရေး တန်ခိုးရှိရမယ်။ ဝါ ဗမာတွေ သခင်လူမျိုးပြန်ဖြစ်ရမယ်။ ဒီလို သား အလင်းဉာဏ်ပေါက်တာမို့ သားအကြောင်းကို စဉ်းစားပါနော်။

နိုင်ငံ့လွတ်လပ်ရေး ဝါ သာသနာတော်စည်ပင်မှုရဲ့ အုဋ်မြစ်ချရေးကို လူငယ်အချို့ စတင် ဆောင်ရွက်နေကြပြီ။ သားဟာ နိုင်ငံလွတ်လပ်ရေးစစ်ပွဲကို ဝင်နွှဲတဲ့အခါကျတော့ မေမေတို့ ဖေဖေတို့က ခွင့်ပြုပါနော် ... ။ သား ရသမျှ ကုသိုလ်ကို မေမေတို့ကို အမျှဝေပါမယ်။ မေမေကလဲ အခါတိုင်းလို မျက်ရည်တွေ ဖြိုင်ဖြိုင်စီးပြီး ရှိုက်ကြီးငင်ကြီးနှင့် သားကို ဆွဲမထားပါနဲ့ မေမေရယ်။

/သားချစ်-သိန်းဖေ
--------------------------------------
#သိန်းဖေမြင့်

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)