မှန်တစ်ချပ်
(၁)
တရားလိုပြ သက်သေ အမှတ်(၁)မှာ ဆယ်ကျော်သက်အရွယ် လူငယ်ကလေးတစ်ဦးဖြစ်သည်။ ဟောင်းနွမ်းညစ်ပေ အကွက်မ??တော့ပြီဖြစ်သော လက်စက စွပ်ကျယ်ဖားဖားနှင့် ကျောင်းစိမ်းလုံချည်ဟောင်းကို ၀တ်ဆင်ထားသည်။ မှုန်မွဲသောရုပ်သွင်ဟု ဆိုရမည်။ တရားခွင် သက်သေထိုင်ခုံရှေ့တွင် သူကို မတ်တပ်ရပ်စေ၍ ကတိသစ္စာပြုခိုင်းလိုက်သည်။
“ နာမည် ဘယ်သူလဲ ”
“ မောင်ဖိုးတိုးပါ ”
“ အသက် ”
“ ၁၂နှစ် ”
“ ကျောင်းသားလား ”
“ မဟုတ်ပါဘူး၊ ကျောင်းထွက်တာ နှစ်နွေရှိပါပြီ ”
“ အဖေနာမည် ”
“ ဦးဘိုးတေ ”
“ ဦးဘိုးတေ ဟုတ်လား။ ဒါဆိုရင် မင်းဟာ ဟောဒီရုံးရှေ့က တရားလို တရားပြိုင်တို့ရဲ့သားပေါ့ ”
“ ဟုတ်ပါတယ် ”
“ မင်းဟာ မင်းအမေပြတဲ့ တရားလိုပြ သက်သေ၊ အကြင်လင်မယားအဖြစ်မှ ကွာရှင်းပြတ်စဲပေးပါလို့ မင်းအမေကိုယ်တိုင်က တရားလိုပြုလုပ် စွဲဆိုတဲ့အမှုမှာ မင်းရဲ့ အဖေက ကွာရှင်းမပေးနိုင်ပါဘူးလို့ ချေပခဲ့တယ်။ အဲဒီအမှုမှာ အမေဘက်က သက်သေအဖြစ် မောင်ဖိုးတိုးက ထွက်ဆိုမယ် ဟုတ်လား။ အဲဒါကို ကောင်းကောင်းနားလည်ရဲ့လား ”
“ ကျွန်တော် ကောင်းကောင်းကြီး နားလည်ပါတယ် ”
ဖျတ်ခနဲ တောက်လဲ့သွားသော မျက်၀န်း၀င်း၀င်းကလေးများကလည်း ကျွန်တော် ရှင်းပြသည်ကို တကယ်နားလည်ကြောင်း ဖြေဆိုနေချေသည်။ အံသြလို့မကုန်မီ သက်ပြင်းမောတစ်ခုကို ကျိတ်၍ ချလိုက်မိတော့သည်။
တရားသူကြီးတော်တော်များများသည် ကွာလိုမှုကို စစ်ဆေးစီရင်လိုခြင်း မရှိကြပါ။ မလွှဲမရှောင်သာ လက်ခံစစ်ဆေးရလျှင်လည်း ကွာရှင်းမပေးလိုသည့်ဘက်မှ အလေးပေး စဉ်းစားပေးတက်ကြသည်။ ကွာပေးရမည်ကို စိုးရွံ ကြသည်။ ကွာရှင်းခွင့် ဒီဂရီမှာ လက်မှတ်ရေးထိုးပေးခြင်းထက် လက်ထပ်စာချုပ်ပေါ် လက်မှတ်ရေးထိုးရခြင်းကို ပို၍နှစ်လိုကြသည်။ မင်္ဂလာရှိသည်ဟု ထင်သည်။
သည်အထဲမှာ ကျွန်တော်လည်း ပါသည်။ သို့ဖြစ်၍ မောင်ဖိုးတိုးလေးကို အလောတကြီး ရှင်းပြမိခဲ့ခြင်း ဖြစ်လေသည်။ တရားလိုနှင့် တရားပြိုင် နှစ်ဖက်စလုံးကို အကျိုးဆောင်ရှေ့နေ ငှားရမ်းခြင်းမရှိသဖြင့် သက်သေထွက်ဆိုချက်များကို ပြည့်ပြည့်စုံစုံ ရရှိစေရန် ကျွန်တော်ကပင် ဦးဆောင်မေးမြန်းရလေသည်။
(၂)
“ မောင်ဖိုးတိုး ၊ မင်းတို့ရဲ့ မိသားစုအခြေအနေကစပြီး မင်းသိသမျှ ပြောစမ်းကွာ ”
ဖိုးတိုးကလေးက မျက်လုံးလေးပေကလပ် ပေကလပ်နှင့် သွက်လက်ချက်ချာစွာ ထွက်ဆိုချက်ပေးလေသည်။
“ အဖေနဲ့ အမေမှာ သားသမီးလေးယောက်ရှိပါတယ်။ ကျွှန်တော်က သားအကြီးဆုံးပါ။ ညီလေးတစ်ယောက်နှင့် ညီမလေးနှစ်ယောက်လည်း ရှိပါသေးတယ်။ အမေက ကောက်စိုက်ချိန်၊ ကောက်ရိတ်ချိန်တွေမှာ လက်စားလိုက်ပြီး လယ်ထဲ ချောင်းထဲမှာ ငါးရှာ ဖားရှာလည်းလုပ်ပါတယ်။ ကျွန်တော့်ကိုလည်း လေးတန်းအောင်တဲ့အထိ ကျောင်းထားပေးခဲ့ပါသေးတယ် ”
“ အဖေရော ဘာလုပ်သလဲ ”
“ အရက်သောက်ပါတယ်။ ညနေ ညနေဆို အမေရှာပေးတဲ့ ငွေကလေးနဲ့ အရက်မူးအောင် သောက်ပြီး အမေ့ကို ရမ်းပါတယ် ”
“ အလုပ်လေ၊ ဘာအလုပ်လုပ်သလဲ ”
“ အဲဒါ အဖေ့အလုပ်ပါ။ နောက် အဖေလုပ်တာ တစ်ခုရှိပါသေးတယ် ”
“ ဘာလဲ ”
“ နောက်မိန်းမတစ်ယောက်ယူပြီး အိမ်ပေါ်ခေါ်တင်ထားတာပါ ”
“ အဲဒီတော့ မောင်ဖိုးတိုးရဲ့ အမေက ဘယ်သူနဲ့နေသလဲ ”
“ အဖေနဲ့ပဲ နေပါတယ် ”
“ အဲဒီတော့ အဆင်ပြေသွားကြရောလား ”
“ အစပိုင်းတော့ အဆင်ပြေပါတယ်။ နောက်ကျတော့ အဖေက အမေ့ကိုခဏ ခဏ ရိုက်ပါတယ်။ အမေလည်း ဦးလေးငပြားနောက် လိုက်ပြေးတော့တာပဲ ”
“ ဦးလေးငပြားဆိုတာ ဘယ်သူလဲ ”
“ အမေ ပထမယူထားတဲ့ နောက်ယောကျ်ားပါ ”
" ဟေ…ဘယ်လို၊ ပထမယူတဲ့ နောက်ယောကျ်ား ဟုတ်လား ”
“ ဟုတ်ပါတယ်။ အမေလည်း ဦးလေးငပြားနောက်ကို လိုက်သွားရော အဖေလည်း ဦးလေးငပြားကို မယားခိုးတယ်ဆိုပြီး တရားစွဲတော့တာပါပဲ ”
“ အဲဒီတော့ ဦးလေးငပြားဆိုတဲ့သူ ဘာဖြစ်သွားသလဲ ”
“ ဘာမှ မဖြစ်ပါဖူး။ ဦးလေးငပြားက အဖေ့ကို ငွေသုံးထောင်လျော်ကြေးပေးပြီး အမှုပိတ်သွားပါတယ် ”
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ(၄၉၇)အရ စွဲဆိုသော မယားခိုးမှုသည် တရားလို လင်ယောကျ်ားက ကျေအေးလွှာတင်လျှင် ကျေအေးပိတ်သိမ်းနိုင်သော အမှုမျိုးဖြစ်သည်။ ဖိုးတိုးကလေး၏ဖခင် ဦးဘိုးတေက ငွေသုံးထောင် လျော်ကြေးယူ၍ ကျေအေးလွှာ တင်သွှင်းပေးခဲ့ပုံရသည်။
“ အဲဒီနောက်ကျတော့ မင်းရဲ့မိခင်နဲ့ ဦးငပြားတို့ ဆက်ပြီး ပေါင်းသင်းနေခဲ့သလား ”
“ ဟင့်အင်း မပေါင်းရပါဘူး။ အဖေက ဦးငပြားကို အမေနဲ့ ကင်းကင်းရှင်းရှင်းနေရမယ်လို့ ပြောပြီးမှ အမှုပိတ်ပေးခဲ့တာပါ ”
“ အဲဒီတော့ မောင်ဖိုးတိုးရဲ့မိခင်က... ”
“ အမေက အဖေနဲ့ပဲ ပြန်ပြီးနေရပါတယ်။ အရင်တုန်းကလိုပဲ အဖေနဲ့သူရဲ့နောက်မိန်းမကို လုပ်ကိုင်ကျွေးရပါတယ်။ အဖေကလည်း အရင်တုန်းကလိုပဲ အမေ့ကိုနှိပ်စက်ပါတယ် ”
“ အဲဒီနောက်ကျတော့ကော ”
“ အမေဟာ အဖေနဲ့ သုံးလေးလလောက် အတူတူနေပြီး ဒုတိယနောက်ယောကျ်ားနောက်ကို လိုက်ပြေးသွားပါတယ် ”
“ အဲဒီ ဒုတိယနောက်ယောကျ်ားက ဘယ်သူလဲ ”
“ ကျွန်တော်ပြောလို့ မဖြစ်ပါဘူး၊ အမေက မပြောနဲ့ဆိုလို့ပါ ”
“ ဘာကြောင့် မင်းအမေက မပြောခိုင်းတာလဲ ”
“ အဖေက မယားခိုးမှုနဲ့ တရားစွဲမှာစိုးလို့ပါ ”
" နေပါဦး ၊ အခု မောင်ဖိုးတိုးက ဘယ်သူနဲ့ အတူနေလဲ။ အမေနဲ့လား၊ အဖေနဲ့လား ”
“ အစကတော့ ကျွန်တော်တို့မောင်နှမတွေ အကုန်လုံး အမေ့နောက် လိုက်သွားကြတာပါ။ အခုတော့ ကျွန်တော် အမေနဲ့လည်း မနေဘူး။ အဖေနဲ့လည်း မနေဘူး။ ဘကြီးဦးလှိုင်ဘွားတို့ဆီမှာပဲ စာရင်းငှားသွားလုပ်နေပါတယ် ”
“ ညီလေး ၊ ညီမလေးတွေက အမေနဲ့ အတူနေတာပေါ့ ”
“ ဟုတ်ကဲ့”
“ မင်းတို့အမေရဲ့ ဒုတိယယောကျ်ားနဲ့ အတူနေကြတာဟာ အမေအဖေတို့နဲ့ အတူနေရတာထက်ပိုပြီး မင်းတို့ စိတ်ချမ်းသာကြသလား ”
ဖိုးတိုးလေး တစ်ကိုယ်လုံး ဆတ်ခနဲ တုန်သွားသည်။ တစ်လျှောက်လုံး အရွယ်နဲ့ မလိုက်အောင် သွက်လက်ချက်ချာစွာ ဖြေဆိုခဲ့သော ဖိုးတိုးကလေးသည် ရုတ်တရက် ငြိမ်သက်သွားပြီး ကျွန်တော်ကို တွေတွေကြီး စိုက်ကြည့်နေသည်။
မျက်လုံး၀င်း၀င်းကလေးများမှာ ရီဝေလျက် ပိုမိုရွှန်းလဲ့လာ၏။ မျက်ရည်ကြည်များ ဖြစ်ပေလိမ့်မည်။ သည်မေးခွန်းကို မေးလိုက်မိပြီးမှ အမှုအတွက် မေးရန် မလိုအပ်သော မေးခွန်းဟု သတိပြုလိုက်မိသည်။ ဖိုးတိုးလေး မဖြေလျှင်လည်း နေပါစေတော့လေ။
နောက်မေးခွန်း မေးမည်ပြင်လိုက်စဉ်မှာပင် ဖိုးတိုးကလေးက ခေါင်းကို ယင်နားခံရသလို ရုတ်တရက် ခါယမ်းလိုက်လျက်
“ ကျွန်တော်တို့ စိတ်ချမ်းသာဖို့ထက် အမေစိတ်ချမ်းသာဖို့က ပိုပြီး အရေးကြီးပါတယ် ”
ကျွန်တော် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သည်မျှ ခံစားမှုကဲသောအဖြေမျိုး ဖိုးတိုးလေး ဖြေမည်ဟု မမျှော်လင့်မိ။ သူ့ကို ကြမ်းတမ်းသောဘ၀က သင်ကြားပေးလိုက်ခြင်း ဖြစ်တန်ရာသည်။
“ ဒါဖြင့် မောင်ဖိုးတိုးလေးရဲ့ မိခင်ဟာ အခုယောကျ်ားနဲ့ စိတ်ချမ်းသာနေတယ်ပေါ့ ”
“ ဟုတ်ကဲ့ ”
“ ခုပေါင်းနေတဲ့ ယောကျ်ားက မောင်ဖိုးတိုးရဲ့မိခင်ကို ကောင်းကောင်းမွန်မွန် ရှာဖွေလုပ်ကိုင် ကျွေးနေလို့လား ”
“ ဟင့်အင်း အမေကပဲရှာကျွေးတာပါ။ ပြီးတော့ အဖေ့လိုပဲ သူလည်း အရက်သောက်တတ်ပါတယ်။ ဒါပေမဲ့ သူက အဖေ့ထက် တစ်ခုသာတယ် ”
“ ဘာများပါလိမ့်ကွာ ”
“ အမေ့ကိုမရိုက်ပါဘူး၊ မနှိပ်စက်ဘူး၊ မူးရင် မရမ်းဘူး ”
ကျွန်တော် ဒုတိယအကြိမ် ပါးစပ်အဟောင်းသား ဖြစ်သွားစေသော မောင်ဖိုးတိုးရဲ့အဖြေ ဖြစ်သည်။
“ ကဲ…မောင်ဖိုးတိုး၊ မင်းကို နောက်ဆုံးတစ်ခုပဲ မေးတော့မယ်။ မင်းအဖေဟာ မင်းအမေကို သံယောဇဉ် မပြတ်လို့ ပြန်ပေါင်းချင်လို့ ကွာမပေးနိုင်တာ ဆိုရင်ရော မင်းက ပြန်မပေါင်းစေချင်ဘူးလား ”
“ ဟင့်အင်း၊ ပြန်မပေါင်းစေချင်တော့ပါဘူး ”
“ ဘာဖြစ်လို့များပါလိမ့်ကွယ် ”
“ အဖေ့လက်ထဲ အမေပြန်ရောက်သွားရင်လည်း အဖေဟာ အမေကို တတိယမြောက် နောက်ယောကျ်ားနောက် လိုက်ပြေးအောင် နှိပ်စက်ဦးမှာမို့လို့ပါ။ အမေဟာ အဖေ့အတွက် လျော်ကြေးတောင်း တောင်းပေးတတ်တဲ့ ငွေတွင်းကြီးလို ဖြစ်နေတာကိုး။ ဒါကြောင့် အဖေက အမေ့ကို ကွာမပေးချင်တာ ”
(၃)
တရားပြိုင်ပြသက်သေများကို စစ်ဆေးသည့် ရုံးချိန်းနေ့တိုင်းမှာ သူမိခင်နှင့်အတူ လိုက်ပါလာလေ့ရှိသော ဖိုးတိုးလေးသည် ဒီကနေ့လည်း ကျွန်တော် စီရင်ချက် ဖတ်ကြားနေသည်ကို တရားခွင်အ၀င်၀ တံခါးရွက်ကိုမှီလျက် စူးစိုက်နားထောင်နေရှာသည်။
တရားလို တရားပြိုင်နှစ်ဦးကိုမူ ဖိုးတိုးလေးက ကျောခိုင်းလျက် ကျွန်တော်ဘက် လှည့်ရပ်နေကြသည်။
စီရင်ချက် ဖတ်ကြားရင်း တစ်ချက် တစ်ချက် မော်ကြည့်လိုက်တိုင်း ခံစားမှု ထုံထိုင်းသော စက်ဆုပ်ဖွယ်မျက်နှာ နှစ်ခုကို ကျော်လျက် ညှိုးလျရီဝေသော ဖိုးတိုးလေး၏ မျက်၀န်းအစုံနှင့် တည့်တည့် တန်းတိုးနေတတ်သည် ။
“ အမိန့်”
မစစ်ဆေးလိုသောအမှု၊ မဖတ်ကြားချင်သော စီရက်ချက်၊ မချချင်သော အမိန့်ကို ရှောင်လွဲ၍ မရနိုင်ပြီ။
“ ကောက်ချက်(၁)နှင့်(၂)ပါ အဖြေများအရ တရားလိုနှင့် တရားပြိုင်တို့ ဆက်လက်ပေါင်းသင်းနေလျှင်လည်း အကျိူးထူးဖွယ် မမြင်သဖြင့် တရားလို စွဲဆိုသည့်အတိုင်း အကြင်လင်မယားအဖြစ်မှ ကွာရှင်းပြတ်စဲခွင့်ပြု၍ စရိတ်နှင့်တကွ အနိုင်ဒီဂရီ ချမှတ်ပေးလိုက်သည်။ ”
စီရင်ချက် ဖတ်ကြားပြီးဆုံးသည်နှင့် တစ်ပြိုက်နက် တရားခွင်ပေါ်မှနေ၍ ဖိုးတိုးလေးကို မျှော်ကြည့်လိုက်မိသည်။
သူ ကျွန်တော်ဘက်ကို လှည့်မနေတော့ပါ။ တံခါးရွက်ကို မျက်နှာအပ်လျက်၊ ကျောင်းစိမ်းပုဆိုးခါးပုံစကလေးကို ဖြုတ်၍ မျက်ရည်တို့သုတ်လျက်၊ ပုခုံးကလေးနှစ်ဖက် သိမ့်သိမ့်လှုပ်ခါလျက်။
“ ဖိုးတိုးရယ် မင်းပဲ ကွာပေးစေချင်ဆို ”ဟု သူ့ကို အပြစ်မတင်ရက်ပါ။ လုံခြုံစွာ ခိုလှုံနွေးထွေးရာ မိုးကောင်းကင်ကြီးတစ်ခုလုံး ဗြုန်းခနဲ အက်ကွဲပြိုကျသွားခြင်းအတွက် အဘယ်ရင်သွေးငယ်က ၀မ်းမြောက်နိုင်မည်လဲကွယ်...။
---------------------------------
မောင်ရင့်မာ (ကျောင်းကုန်း)
crd 👉 https://m.facebook.com/story.php?story_fbid=998716880561607&id=100012699135352
Comments
Post a Comment