ကိုဒေါင်း(ကိုဒေါင်း၏စစ်ပွဲ)
#ကိုဒေါင်း၏စစ်ပွဲ
ကိုဒေါင်ကား သေလေပြီ။ ကိုဒေါင်းသည် သက်တော်ရာကျော်ရှည်ပါစေသတည်း။
သတ္တဗေဒအလိုအားဖြင့် စစ်ဟူသည် လိုအပ်သော ဓမ္မတာဖြစ်ကြောင်းနှင့် သတ္တဗေဒဖားခွဲပါမောက္ခတို့က ဆိုကြကုန်၏။ မိမိ၏ မျိုးဆက်ပြန့်ပွားရေးအတွက် လုံးပမ်းသောအားဖြင့် ဃရာဝါသအမှုကို သတ္တဝါတို့ပြုကြကုန်၏။ ထိုဃရာဝါသကိုအကြောင်းပြု၍ လူဦးရေတိုးသောအကျိုးတရားသည် ဖြစ်ပေါ်လာ၏။ လူဦးရေတိုးသော အကျိုးတရားကြောင့် သဘာဝထောက်ပံ့မှုသည် လျှော့ပါး၍လာရလေသည်။ သဘာဝအင်အားချို့တဲ့သည်နှင့်အမျှ ဝိသမလောဘထူပြောလာရသည်။ လောဘကြောင့် ဒေါသမီးအရှိန်တောက်သည်။ ဒေါသမီးလောင်သောကြောင့် မောဟမှိုင်းတက်သည်။ ထိုအခါ လောဘ၊ ဒေါသနှင့် မောဟတို့သည် သုံးဦးသားရင်ဆိုင်၍ နာနတ်သီးနှင့်ပစ်ခတ်ကြလေရာ လူတို့သည် သေကျေပျက်စီးကြကုန်၏။ လူဦးရေလည်းလျော့ပါးသွားပြန်သည်။ မြေဆီဩဇာတို့လည်းပြန်၍တက်လာသည်။ သဘာဝအင်အားလည်း ပြန်၍ကြီးမားလာသည်။ သဘာဝထောက်ပံ့မှု
ကြောင့် တဖန်လူဦးရေတိုးရပြန်သည်။ ထို့ကြောင့် အထက်ကဆိုခဲ့သည့်နည်းအတိုင်း ဂျာအေးကို သူ့အမေရိုက်သည့် ဇာတ်လမ်းကြီးကို လူ့ဘဝဇာတ်ရုံကြီး၌ လူဟူသောဇာတ်သမားတို့က ပရိသတ်ပွဲတောင်းသောကြောင့် နောက်တချီထပ်၍ ကပြရပြန်သတည်း။
စစ်ဖြစ်ခြင်း၏အကြောင်းရင်းသည် သင်္ခါရစက်ဝိုင်းအတွင်း၌ ဂျာအေးသူ့အမေရိုက်သလို တဝဲလည်လည်နေပုံကို ကိုဒေါင်းလို တောသားပါမွှားက ဤသို့ရွှေဉာဏ်တော်စူးစူးရောက်ရောက်နှင့် တွေးမိမည်မဟုတ်ချေ။
ကိုဒေါင်းတွေးမိသမျှမှာ “ငါလခွေးနှယ်၊ သာသနာသက္ကရာဇ် တဝက်မှမကျိုးသေးဘူး။ သိကြားမင်းရဲ့ ဝရဇိန်လက်နက်က တယ်ဆော်သဟေ့” ဟူသတည်း။
သို့သော် ကျွန်ုပ်တို့သည် သူ့အာဘော်ကို မျက်မှန်းရမ်းဆ၍သာ ပြောနိုင်တော့မည်။ ကျွန်တော်အတပ်သိသမျှမှာကား ကိုဒေါင်းသည် ပြီးခဲ့သောကမ္ဘာစစ်ကြီးကို ရွံ့ရှာသည်။ မုန်းတီးသည်။ အမြင်ကတ်သည်။ ကမ္ဘာစစ်ကြီး၏နောက်ဆွယ်က ကပ်၍ပါလာသော မတရားမှု အဓမ္မမှုတို့ကို အော့နှလုံးနာသည်။
“အင်္ဂလိပ်ပြေးပဟေ့” ဟူသော အသံကိုကြားသည်နှင့်တပြိုင်နက် ကိုဒေါင်းသည် အရှင်အင်္ဂလိပ်အစိုးရမင်းတို့၏ ကျေးတော်မျိုး၊ ကျွန်တော်မျိုးပီပီ သူ့အရှင်သခင်ကောင်း၏ စံနမူနာကိုယူ၍ ညောင်လိမ်ဘက်သို့ အောင်မြင်စွာ ဆုတ်ခွာသွားလေသတည်း။
သို့နှင့်လည်း အဓမ္မမှုသည် ကိုဒေါင်းအား မခံချိအခံသာဖြစ်အောင် မလွတ်တမ်း ကလိလိုက်သေးသည်။ ထိုအချိန်အခါကား ခိုကိုးရာမဲ့နေသော အချိန်အခါတည်း။ အင်္ဂလိပ်လည်း စွန့်လွှတ်ခဲ့ပြီ။ ဂျပန်ကိုယ်တော်မြတ်လည်း မပေါ်လာသေး။ လွတ်လပ်ရေးတပ်မတော်ဆိုသည်ကိုလည်း နားမျှလေသံမကြားစဖူး။ မြို့အုပ် မြို့ချုပ် ပုလိပ်စသည်တို့သည်လည်း၊ အင်္ဂလိပ်လည်း၊ ပျောက်သူတို့လည်း ပျောက်၍ ခြေရာသာလျှင် နောက်ကာကျန်ရစ်ခဲ့လေပြီ။ အကွပ်အကဲမရှိသည့်အချိန်ကာလဖြစ်လေရကား ယုတ်မာညစ်ပတ်သော လူကြီးလူကောင်းတစ်ဦးသည် သခင်တွေတက်လာလျှင် ခံချဖို့ဆိုပြီး ကိုးလုံးကျည်၊ ခြောက်လုံးကျည်နှင့် ကျည်မကြီးများကို စု၍နေသော အချိန်အခါဖြစ်သတည်း။
ရပ်ပေါ်ရွာပေါ်ရှိ တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ်တို့သည် ထိုယုတ်မာသောလူကြီးလူကောင်း ပုလိပ်လူထွက်၏ဩဇာကိုခံယူကာ တရုတ်၊ ကုလား၊ ကရင်အိမ်များကို တက်စီး ဓားပြတိုက်ရင်း လုယက်ရေးအဖွဲ့ကြီးကို တည်ထောင်ဖွဲ့စည်းလျှက် မကြာမြင့်သောအနာဂတ်၌ လူမျိုးအချင်းချင်း သွေးကွဲမှုများကို ဖန်တီးလျက်ရှိလေသတည်း။
ထိုသို့သောအခါသမယထဲတွင် ကိုဒေါင်း၏ပလေကပ်လုံချည်သည်လည်း မျိုးဖျက်ဓားပြဂိုဏ်းသားတို့၏လက်ချက်မှ မလွတ်ကင်းနိုင်ရှာပေ။ မကောင်းမှုသည် ကောင်းမှု၏ကုပ်ကို ခွစီးနေသည့်အခါ ကိုဒေါင်း၏ပလေကပ်လုံချည်မှာ သိကြားပုဆိုး တိမ်မီးခိုးမဟုတ်ချေရကား ဓါးပြနောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားရှာသည်။
တနေ့သော် ကိုဒေါင်းသည် ဘောင်းဘီဂွတိုကိုသာ ဝတ်ပြီးလျှင် ညောင်လိမ်မှ ကျွန်တော်တို့ထံ ပုန်းလျှိုးဝှက်လျှိုးနှင့် လာသည်။
ကိုဒေါင်းကိုကြည့်ပါ။ အမဲအူတဘက်သည် သူ၏ထိပ်ပြောင်ကို လက်ဝါးကြီးအုပ်ထားပါသည်။ စွပ်ပြဲအင်္ကျီ လည်ပင်းစုတ်မှာမူကား ကိုဒေါင်း၏ပြားကပ်နေသော ရင်ဘတ်ကို တွယ်၍ထားသည်။ အတွင်းခံဘောင်းဘီခွတိုမှာ တစ်ခါဖူးမျှ လူတောထဲမျက်နှာပြဖူးသည်မရှိသောကြောင့် ရှက်ကိုးရှက်ကန်းနှင့် ကိုဒေါင်း၏ခါး ပတ်ပတ်လည်ကို အတင်းဖက်ထားသည်။
သူ့ကို အဝေးကနေပြီး သေသေချာချာကြည့်လျှင် ဘယ်သူနှင့် တူသလိုလိုရှိသည်။ သို့သော် အမှတ်တမဲ့ကြည့်လျှင်ကား ကိုဒေါင်းသည် ကိုဒေါင်းနှင့် တထေရာတည်းတူလှပါ၏။ အဘယ်ကြောင့်ဆိုသော် သူ၏မူပိုင်ဖြစ်သော လက်မတိုကလေးက သူ၏နန်းဇာတိ ရုပ်အသွင်ကို အစဉ်ပင် ဖော်၍ပေးသောကြောင့်ဖြစ်၏။
သို့နှင့်ပင် ကျွန်ုပ်လည်း ရယ်ကာမောကာနှင့် ကိုဒေါင်းအား လုံချည်များ ပေးလိုက်ရပါသေးသည်။ လုံချည်ထည်လဲရပြီးနောက် ကိုဒေါင်းလည်း ပေါက်မလာတော့ပါ။ မိုးတွင်းတစ်မိုးတွင်းလုံး ယောက္ခကြီးလယ်ကို စပါးဈေးကျသည့်အပတ်နှင့် မီအောင် ကုန်း၍လုပ်နေသည်ကို သိရ၍ ကျွန်ုပ်မှာ မပြုံးဘဲ ဝါးလုံးကွဲရယ်လိုက်မိပါသေးသည်။ သို့သော် သူနှင့်ရေစက်မကုန်နိုင်ပါ။ ဒို့ဗမာအစိုးရအဖွဲ့ တွင် ဗေဒင်ဆရာက အမှုစစ်ရာဇဝတ်အုပ်လုပ်ပြီး ဓားပြမှုစုံစမ်းခြင်းကြောင့် ဓားပြတွေ လွတ်လပ်ရေးရနေသော လောက၏အဆင်မပြေပုံကိုကြည့်ရင်း မတ်တတ်မူတူးတို့သည် ကျွန်ုပ်တို့၏ရွာကိုရောက်လာလေရာ ကျွန်ုပ်မှာ မြို့ရေးအတွက် ဗျာပါဒတွေများနေသဖြင့် ကိုဒေါင်းတယောက် သက်ကယ်သောင်သို့ လူပျိုလှည့်အသွားတွင် လှော်တက်နှင့်အခုတ်ခံရသည့်ဇာတ်လမ်းကြီးကို မေးမြန်းစုံစမ်းရမည့်ကိစ္စကိုပင်လျှင် မမေးမမြန်းအားပါ။
တနေ့သော် ကိုဒေါင်းသည် ကျွန်တော့်ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ပေါက်လာပြီးလျှင် ကျွန်တော်နှင့်တွေ့လျှင်တွေ့ချင်း ခွက်ထိုးခွက်လန်ရယ်လေသည်။
“ကိုယ့်လူ ဘာဖြစ်လာတာတုံး”
“ဟား ဟား မပြောချင်ပါဘူးကွာ”
ကိုဒေါင်း၏ “မပြောချင်ပါဘူး” ဟူသောစကားမျိုးသည် အတော်ကြောက်စရာကောင်းသည်။ မပြောချင်ပါဘူးကွာဆိုပြီး ပြောမည့်ပြောတော့ ခင်စိန်ကို မတော်တရော်တွေရေးဆွဲပြခဲ့ပုံကို ပြောတတ်သည်။
“မပြောချင်လဲ နေလဗျာ”
“မဟုတ်ပါဘူးကွဲ့၊ ငါက ဗိုလ်တဲမှာ ဌာနအုပ်လုပ်တဲ့အကောင်နဲ့ ငါ့ပလေကပ်လုံချည်ကို တိုက်သွားတဲ့ ဓားပြခေါင်းဆောင်က ဂျပန်တွေကို ဖက်လှဲတကင်းနဲ့ ထမင်းကျွေးနေတာ တွေ့ရလို့ပါ”
“ဟေ့လူ၊ တော် တန် တိတ်။ ဒီစကားမျိုးမပြောနဲ့။ ကျုပ်တို့တိုင်းပြည်မှာ ဗိုလ်ကျချင်တဲ့လူတိုင်းဟာ ဂျပန်သောဘာသောညာသောစစ်ဦးမှာဆိုရင် လူမိုက်နဲ့ လူကြီးလူကောင်းထဲက လူဆိုးလူမိုက်ကို ဗိုလ်ထင်မှာချည်းပဲ။ မကောင်းမှုတွင်ကျယ်တဲ့ခေတ်မှာ ယခု ဂျပန်လက်ထက်က ဩဇာကြီးဓားပြဗိုလ်တွေဟာ နောင် ဘယ်သူပဲ မြန်မာပြည်ဝင်လာလာ မျက်နှာကြီးကြဦးမှာပဲ၊ စိတ်ချ။ ခင်ဗျားသိသလောက် မြင်သလောက်ပြောသရွေ့တော့ ဂျပန်ရေနွေးအလောင်းခံရဦးမှာပဲ”
တုတ်တပြက် ဓားတပြတ်နှင့် ချောင်းရိုက်တတ်သည့်ယောက်ဖလောင်းများအကြားမှ အောင်မြင်စွာထွင်းဖောက်နိုင်သောသတ္တိသည် ကိုဒေါင်း၌ရှိရိုးမှန်ပါ၏။ သို့သော် ဂျပန်ရေနွေးသံကြားရသောအခါ သူ၏မှောင်မည်းသောမျက်နှာမှာ သွေးဆုတ်သွားသဖြင့် ဖြူရောင်သမ်းလာပါသည်။
ယခုမူကား ကိုဒေါင်းသည် ဝဋ်ကျွတ်ပေပြီ။ မတရားသော ဤစစ်ကြီးကို မြန်မာလူမျိုးအနေနှင့် ခံမတိုက်နိုင်သောကြောင့် ကျွန်ခေတ်အတွင်း ကျွန်ဇာတ်ခင်းခဲ့ရသူပီပီ ဤစစ်ကြီးကို လက်မြှောက်လိုက်ရပေပြီ။ ယင်းသို့ လက်မြှောက်အရှုံးပေးပြီးသည်၏အခြားမဲ့၌ ကိုဒေါင်းသည် လူတိုင်းလူတိုင်းရအပ်သောအခွင့်အရေးဖြစ်သည့် ခြောက်ပေစတုရန်းမျှရှိသော မြေကြီးအောက်၌ ဆိတ်သုဉ်းသောသုခကို တင်းပြည့်ကျပ်ပြည့်ခံစားကာ မြေတွင်းအောင်းလျှက်ရှိပါပြီ။
သို့သော် ဤဒုတိယကမ္ဘာစစ်ကြီးတွင် သူသည် ချွင်းချက်မရှိ အရှုံးပေးလိုက်ရသည်မှန်သော်လည်း ထိုကမ္ဘာစစ်ကြီးမျိုးထက် အဆအရာတစ်ထောင်မကပြင်းထန်သော မဟာစစ်ပွဲတွင် ကိုဒေါင်းသည် ဗိုလ်ချုပ်လုပ်၍ တော်လှန်တိုက်ခိုက်အနိုင်ယူကာ အောင်သေအောင်သားကို ဆန်နီအရက်နှင့်မြည်းရင်း ကျကျနန စားခဲ့ဖူးပါသည်။ အတိတ်ကိုဆောင်ရသော် ဤသို့တည်း။
မိချောသည်လည်ကောင်း၊ ခင်စိန်သည်လည်းကောင်း၊ ညောင်လိမ်သူသည်လည်းကောင်း ကိုဒေါင်း၏လက်ဦးဆရာမများဖြစ်လေရာကိုဒေါင်း၏ကစော်ရည်ဖုံးလွှမ်းသော ဦးနှောက်ထဲ၌ ထိုဆရာမများ၏အရိပ်အရောင်သည် ကြိမ်လုံးကိုကိုင်ကာ အမြဲတစေ တစ္ဆေခြောက်၍ ပြလျက်ရှိသည်။
“ဒီလိုသာ ငါနေရမယ်ဆိုရင် မဖြစ်ဖူးလကွာ၊ အချစ်ဦးဆိုတာ လွဲရင်လွဲတတ်တာပဲ။ ဒီလိုလွဲလို့ ရင်ထဲဟာနေရင် ငါမနေတတ်ဘူးကွဲ။ ဒီအကြားထဲမှာ အစ်ကိုတွေအစ်မတွေက တိုက်တွန်းပြန်တော့ မင်္ဂလာအခမ်းအနားနဲ့ ကျကျနန ပုဆိုးတန်းတင် အကြင်လင်မယားဘဝ ရောက်ရပြန်ရောပေါ့”
“အလိုလေး.. ကိုယ့်လူက ကျကျနန အိမ်ထောင်ပြုခဲ့ဖူးသေးသကိုး။ အိမ်ထောင်ကျတာဟာ ချောက်ကျတာပဲ”
အမှန်မှာ ကျွန်တော်သည် ကိုဒေါင်းနှင့် ဤမျှရင်းနှီးပါလျက်နှင့် ကိုဒေါင်း ဤသို့ အကျအန မင်္ဂလာဆောင်ခဲ့ဖူးသည်ဆိုသည်ကို ယခုမှ နားရှိ၍ ဆတ်ဆတ်ကြားမိပါသည်။ “ဟာ.. ဟာ ကိုယ့်လူက မိန်းမ ယူဖူးသေးသကိုး”ဟု ကျွန်တော်က စ,လိုက်ပါသည်။ ကျွန်တော်က ဒီလို ခနဲ့လိုက်လျှင် သူစိတ်ဆိုးသွားမည်လား အောက်မေ့၍ စ,မိခြင်းဖြစ်ပါသည်။
သူကမူ“အေး ဟေ့၊ ငါမိုက်မိတာပါပဲ။ ဒါမျိုးဆိုတာ တစ်ခါသာမိုက်ရမှာကွဲ့။ ငါကတော့ မပြောပါနဲ့။ ထပ်ခါထပ်ခါ မိုက်ရတဲ့အရသာကလေးဟာ ပူပူအိုက်အိုက်ထဲမှာ ဟိုက်စကင်းစားလိုက်ရသလိုပဲကွဲ့”
ကိုဒေါင်းကဲ့သို့ တောသားအဖို့ အိုက်စ်ကရင်းလိုအရသာမျိုး လျှာဖျားမှာလာ၍ တွေ့ရသည်မှာ ကုသိုလ်အတော်ထူးလှပါသည်။ ကိုဒေါင်းအိမ်ထောင်ကျသည့်အခါတွင် ကျွန်တော်မှာ သူငယ်နှပ်စားအရွယ်မျှပင်ရှိဦးမည်။ အကြောင်းအခွင့်သင့်၍ ကျွန်တော်၏မွေးသမိခင်အား မေးကြည့်သည့်အခါ ကိုဒေါင်း၏မိန်းမကို ရေးရေးမျှမှန်းဆနိုင်ပါသည်။ ပိန်ပိန်ပါးပါး၊ ဖျက်ဖျက်လတ်လတ်၊ စကားသွက်သွက်၊ အသားညိုညို၊ ကိုဒေါင်းထက် အသက်အနည်းငယ်ကြီးသည်။ အဆင်းမလှသော်လည်း ယဉ်စစရှိသည်ဟူ၍ ကိုဒေါင်းက သူ့မိန်းမကို အမွှန်းတင်လေ့ရှိသည်။ သို့သော် ကျွန်တော်မှတ်မိသရွေ့မှာ သူ့မိန်းမ၏မုန့်ဟင်းခါးသည် စား၍အတော်ကောင်းသည်။
ကျွန်တော်၏ဦးလေးတော်တယောက်ထံမှရရှိသော သတင်းတရပ်အဆိုမှာ ချစ်စခင်စဘဝတွင် ကိုဒေါင်းက မုန့်ကြိတ်၊ ကိုဒေါင်းက မုန့်ညှစ်၊ ကိုဒေါင်းက မုန့်ဟင်းခါးဟင်းရည်ချက်၊ ကိုဒေါင်းက မုန့်ဟင်းခါးတောင်းကြီးကို ရှေ့တစ်ဆိုင်း နောက်တစ်ဆိုင်း ထမ်းပြီး ဈေးသို့အရောက်ပို့ပေးကာမှ ကိုဒေါင်းမိန်းမက နှုတ်သီးကောင်းလျှာပါး ဈေးသည်အဖြစ်နှင့် မုန့်ဟင်းခါးရောင်းသည်။
ကိုဒေါင်းခမျာ အတော်ပင်ပန်းရှာသည်။ နံနက်စောစော အရုဏ်မတက်မီ ထရသည်။ ဈေးအမီ မုန့်ဟင်းခါးပို့ရသည်။ အပြန် မုန့်ကြိတ်ရသည်။ ထမင်းလည်း နံနက်စာညစာ မိန်းမအတွက် ချက်ရသေးသည်။ ပွဲလမ်းရှိပြန်လျှင် ညကိုပါ အလုပ်လုပ်ရပြန်သည်။ ထို့ကြောင့် သူ့အဖို့ ညစဉ်ညတိုင်း ခြေပစ်လက်ပစ်အိပ်ရသည်မှာ အားမရနိုင်။ မယားမရှိတုန်းမှာ အစ်ကို၏သရက်ဥယျာဉ်ဝယ် သာယာအေးမြသောအရိပ်အောက်တွင် အနားယူရင်း အိပ်လိုက်သေးသည်။
ကိုဒေါင်းမိန်းမမှာကား ဆိုခဲ့သည့်အတိုင်း ဖျတ်ဖျတ်လတ်လတ်၊ နှုတ်သွက်သွက်နှင့်မို့ ရပ်ထဲရွာထဲ၌ ယောက်ျားမိန်းမ အသိမိတ်ဆွေ အလွန်များသည်။ လူပျိုကာလသားကလေးများကို သူပို၍အလေးပေးသည်။ သို့နှင့်လည်း မယားဝတ်ကျေပွန်သော ကိုဒေါင်းကိုမူကား မျက်နှာသာမပေးချေ။ တခါတလေ လေးကွေးချည့်နဲ့သောကိုဒေါင်းကို စိတ်မရှည်၍ မုန့်ဟင်းခါးမွှေသော ဒလက်နှင့် တချက်တချက် ရိုက်မိသည်။ ထိုအခါ ကိုဒေါင်းက မတုန်မလှုပ်နှင့် “ဟဲ ဟဲ” ဟုရယ်သည်။ သူ့မယားက ကနွဲ့ကရ ပွတ်သီးပွတ်သပ် ရယ်သံမျိုးဟု မယူဆနိုင်။ ကိုဒေါင်းကတော့ သဘောကျ၍ ရယ်သည်ဆိုသည်။ သူ့မိန်းမက သက်သက်အရွဲ့တိုက်သည်ဟုဆိုသည်။
အိမ်မှာ တကုတ်ကုတ်အလုပ်လုပ်ရသည်မှာ ငြီးငွေ့ဖွယ်ကောင်းသည်။ ရွာနီးချုပ်စပ် ပွဲလမ်းသဘင်များသို့ ဈေးရောင်းရန် မဟုတ်ဘဲ အပျော်အပါးသက်သက် ပွဲသွားကြည့်ရသည်မှာ စိတ်ပြေလက်ပျောက်ဖြစ်သည်။ သို့သော် ကိုဒေါင်းလို မတုန်မလှုပ်ကျောက်ရုပ်မျိုးက မယားအား သည်းညည်းခံပြီး အလိုက်သင့်အလျားသင့် ပေါင်းသင်းခြင်းသည် သာ၍ငြီးငွေ့ဖွယ်ကောင်းသည်။ ပွဲလမ်းသဘင်ပျော်ပွဲရွှင်ပွဲတို့၌ သူ့ကို အဖော်ခေါ်ရလျှင် ဘယ်မှာ ပျော်စရာရှိနိုင်ပါမတုန်း။
ထို့ကြောင့် ကိုဒေါင်းမိန်းမက ကိုဒေါင်းကို အိမ်အစောင့်ခိုင်းပြီး မိမိရွာမှ အခြားတပါးသို့ ထွက်၍ ထွက်၍ လည်တတ်သည်။ ထွက်လည်ပြီးအိမ်အပြန်မှာ ကိုဒေါင်းက ဆူဆူပူပူလုပ်လိုက်လျှင် ချစ်စခင်စ ကြင်နာစလင်မယားအဖြစ်နှင့် လျှာနှင့်သွားတွေ့၍ ရန်ဖြစ်လိုက်ရလျှင် ဤလောကကြီးသည် အတော်ပင်စည်စည်ကားကားဖြစ်မည်ဟု ကိုဒေါင်းမိန်းမက တွေးမိသည်။
ပွဲကြည့်သည်တွင် သျှောင်တစောင်းထုံးထားသော လူပျိုကြီးများ၊ မုဆိုးဖိုများနှင့်တွေ့ရသည့်အခါ ကိုဒေါင်းမိန်းမသည် အတော်ကျေနပ်မိသည်။ အထူးသဖြင့် မုဆိုးဖိုများက သူတို့မိန်းမတွေနှင့် လင်မယားရန်ဖြစ် သတ်ကြပုတ်ကြပြီး တပျော်တပါးကြီးနေခဲ့ပုံများကို ပြောကြားလျှင် ကိုဒေါင်းမိန်းမ၏အကြောများမှာ ရှိန်းတိန်းတိန်း ဖိန်းတိန်းတိန်းနှင့် ဓါတ်လိုက်သွားတတ်သည်။ လူပျို၊ ကာလသားတို့နှင်လည်း တွေ့ကြုံခဲ့ဖူးရသည်မှာ တစ်ခါနှစ်ခါ သုံးလေးခါဆိုသလို ဖြစ်သည်။ ဒီလိုအကောင်တွေဟာ ချစ်လိုက်မှဖြင့် အရမ်းချည်းပဲ။ အတင်းရော အဓမ္မ။ အို အင်္ကျီတွေစုတ်ကုန်ပါ့မယ်။ ဟဲ့ ငါက လင်နဲ့သားနဲ့နေတာဟဲ့၊ အဲသလို ပြည်ရွာမှာ ကြေငြာထုတ်တာတောင်မှ သင်းတို့ နောက်မဆုတ်ဘူး။
ကိုဒေါင်းမိန်းမသည် လူငယ်လူရွယ်၊ လူပျိုကြီး၊ မုဆိုးဖိုကြီးများ မိန်းမနှင့်တွေ့လျှင် အဘယ်မျှအသက်ဝင်လာသည်ကို စူးစမ်းလေ့လာပြီး ကိုဒေါင်း၏မတုန်မလှုပ် “ဟဲ.. ဟဲ.. ဟင်း.. ဟင်း” စသော အဓိပ္ပာယ်ယတ္တမရှိသော အလာပနတို့ကို နှိုင်းယှဉ်ကြည့်မိသောအခါ ရွံ့သလိုလို စက်ဆုပ်သလိုလို ဖြစ်လာသည်။
အထူးသဖြင့် ကိုဒေါင်းရှေ့၌ သူ့ဘက်က ယောက်ျားမိတ်ဆွေများနှင့် တရုန်းရုန်း ကျီစယ်နေသည်ကိုပင်လျှင် ကိုဒေါင်းက တဟဲဟဲ တဟင်းဟင်းနှင့် မတုန်မလှုပ်နေသည့်အခါ ကိုဒေါင်းမိန်းမက ကိုဒေါင်းအား ငရုတ်ကျည်ပွေ့နှင့် ပေါက်လိုက်ချင်သည်။
သင်းတို့က ယောက်ျားမဟုတ်လေရော့သလား။ ဒီကလောက် ရိုးလွန်း အလွန်း နလွန်းလျှင် ယောက်ျားလုပ်နေဖို့တောင် မကောင်းဘူး။ ဟေ့ကောင်မ လာစမ်း။ ဒါ နင့်လင်တွေလား။ ယောက်ျားကို ရှေ့မှာပြောင်ပြောင်ထားပြီးတော့ ဒီကလောက် မနုဿီဟဇာတ်ခင်းနေတာ ငါမသိဘူးမှတ်သလား။ ဟဲ့ ဖေဟဲ့၊ မောင်ဟဲ့။ ကိုဒေါင်းက အဲသလိုလို ဆဲဆဲပြီး နဖူးကွဲအောင်၊ ပါးကျိုးအောင်၊ ဘေးအောင့်အောင် ထိုး, ရိုက်,
ဆောင့်ဆွဲပြီး အယုတ္တအနတ္တတွေနှင့် ခုနှစ်အိမ်ကြားရှစ်အိမ်ကြား လူတကာနှင့်သမုတ်ကာ စွပ်စွဲလိုက်ရင် မယားနေစ ကြောင်သေမှ ဆိုတဲ့ အရသာကလေး တွေ့ရမှာပဲ။
အဲသလို လင်မယားရန်ဖြစ်ပြီးတော့မှ မယားက လင်ကို “ကိုယ်မဟုတ်ဘဲနှင့် မစွပ်စွဲနဲ့တော့” ဆိုပြီး မျက်ရည်ခံထိုးကာ ရှင်းလင်းပြလိုက်ရမည်။ အဲဒီတော့ လင်က “မိန်းမရာ ငါလက်လွန်သွားပါတယ်။ ဘယ်နေရာထိသလဲ” ဆိုပြီး ထိပ်ပေါက်ပေါက် ခေါင်းကွဲတွေကို ထုံးနနွင်းနဲ့ သိပ်ပေးရမည်။ ဒီတော့မှ မယားက “ဟင့် ဟင့်”နဲ့ ထပ်ချွဲတော့ငနဲက နောင်တရပြီး မယားရင်ခွင်ထဲ ခေါင်းကလေးထိုးထိုးပေးရင်းနှင့်...။
ဤသို့ ကိုဒေါင်းမိန်းမ စိတ်ကူးကောင်းတုန်းမှာ အလိုက်မသိတတ်သော ကိုဒေါင်းက “ဟဲ.. ဟဲ.. ထမင်းကျက်ပြီ” ဆိုပြီး ထမင်းပြင်ပြီးကြောင်းကို မယားအား လာ၍ သံတော်ဦးတင်နေသည်။
“ဘယ်ကလောက် သောက်မြင်ကတ်စရာကောင်းတဲ့ ဖိနပ်စာလဲ” ဟု ကိုဒေါင်းမိန်းမက စိတ်ထဲတွင် အော်၍ဆဲလိုက်သည်။
ကိုဒေါင်း၌ သည်ဟာမျိုးတွေကို စိတ်ကူးနေဖို့အချိန်မရှိ။ နံနက်လင်းလျှင် မုန့်ဟင်းခါး၊ ဈေးထွက်ချိန် မုန့်ဟင်းခါး၊ ဈေးသိမ်းချိန် မုန့်ဟင်းခါး၊ အိပ်ရာဝင်ချိန် မုန့်ဟင်းခါး ဟူ၍ စိတ်စွဲ၍နေလေရာ အိပ်မက်ထဲမှာပင်လျှင် မုန့်ဟင်းခါးကို အကွင်းလိုက်မြင်နေရသည်။ အိုးအိမ်ထူထောင်စအခါဆိုသည်မှာ သို့ကလို အလုပ်ကို သဲသဲမဲမဲ ကြိုးစားမှ သားသမီး တိုးလို့တွဲလောင်းမှာ လူနဲ့သူနဲ့တူအောင် ထားနိုင်ပေမည်။ သူက ကိုယ့်ထက်ကြီးတော့ သူ့ကို အစ်မကြီးအရာမှာ ထားမည်။ သူ မုန့်ဟင်းခါးရောင်းတတ်လို့ပေါ့။ ကိုယ်တယောက်တည်း သည်လိုသာ လောကမှာ စခန်းသွားရမည်ဆိုရင် ဘယ်ဖြစ်နိုင်ပါ့မလဲ။
တနေ့သော် မိန်းမက အကြောင်းတစ်ခုရှိ၍ ရွာတရွာသို့ ကိုဒေါင်းကို စေလွှတ်လိုက်သည်။ ဘာကိုရမည်ရှာပြီး ဘယ်ကိုလွှတ်လိုက်သည်ကို ကျွန်ုပ်မမှတ်မိ။ သို့သော် ဒါက အရေးမကြီး။ မိန်းမအကြိုက်လိုက်ကာ ခြေမြန်လက်မြန်နှင့် အလုပ်ကို ပြီးစီးအောင်လုပ်သည်။ အလုပ်မှာ မှန်းခြေထက်စော၍ပြီးသောကြောင့် နေဝင်ရီတရောမှာ ပြန်လာသည်။
ယခု ကျွန်ုပ်တို့ရုံးအနီး သရက်ပင် ကျိုးတိုးကျဲတဲနေရာသည် ယခင်က ကိုဒေါင်း၏ယောက်ဖတော်များပိုင်သော ဥယျာဉ်ဖြစ်သည်။ မှတ်မိသေးတော့သည်။ ထိုဥယျာဉ်နေရာကို လျော်ကြေးနှင့် အစိုးရက သိမ်းယူသောအခါ ကိုဒေါင်း၏ယောက်ဖတော်များ ပြေစာတွင် လက်မှတ်သာထိုးလိုက်ရသည်။ ဘယ်ရွေ့ဘယ်မျှ ရသင့်ရထိုက်သည်ကို မသိလိုက်ရဟု ဆိုဖူးသည်။ သို့သော် စာအုပ်ဖတ်သူတို့ကို ကိုဒေါင်းအကြောင်းနှင့် သူ့မိန်းမအကြောင်းပြောပြဖို့သာလျှင် ကျွန်ုပ်၌ အခွင့်အရေးရှိသည်ဖြစ်ရာ ကိုဒေါင်းယောက်ဖလျှော်ကြေးရ မရ ပြဿနာကို ဘေးချိတ်ထားခဲ့ပြီး ကိုဒေါင်းကို ခပ်သုတ်သုတ် အိမ်ပြန်ခိုင်းရချေတော့မည်။
ခပ်သုတ်သုတ်ပြန်ပါဆိုသမင့်လည်း ဥယျာဉ်သို့ ကိုဒေါင်းရောက်သည့်အချိန်အခါကား သူငယ်တိတ်ဆိတ်ချိန်ဖြစ်သည်။ ထိုည တော်တော်ကလေးမှောင်သည်။ ယောက်ဖတော်များ ဥယျာဉ်မြေကို အစိုးရအပြီးအပိုင်မသိမ်းမီ ရွာထဲ၌ အိမ်သွားဆောက်နေသောကြောင့် ဥယျာဉ်ထဲ၌ ကိုဒေါင်းမိန်းမတယောက်သာရှိသည်။ မိန်းမကို အိမ်မှာထားခဲ့ရသည်မှာ စိတ်မချဖို့ အလွန်ကောင်းပါကလား။ အခုမှပဲ တွေးမိတော့သည်။ သို့သော် ကိုဒေါင်း စိတ်မချသည်မှာ တစ္ဆေကို စိတ်မချ၍ ဖြစ်သည်။ သင်္ချိုင်းကုန်းနှင့် တဖက်စီမို့ မတော်တဆ တစ္ဆေလာခြောက်လျှင် ဘယ့်နှယ်လုပ်ရပါ့။
“အဲဒီညက စိတ်ထဲကတော့ တမျိုးပဲကွာ။ မီးရောင်မှိတ်တုတ်ကလေးက ငါ့ကို မြန်မြန်လာဖို့ အချက်ပေးနေသလိုပဲ။ ငါ ဥယျာဉ်ရောက်တော့ ယောက်ျားသံလိုလိုကြားတယ်။ အဲဒါနဲ့ ခြေသံမကြားအောင် နင်းပြီး တံစက်မြိတ်အောက်မှာ ခိုဝင်လိုက်တယ်ဆိုရင်ပဲ လားလား ဟေ့ အခန်းထဲက ဘာသံလဲတော့ မသိဘူးကွာ။ ဟား ဟား”
သို့သော် ကိုဒေါင်းက သည်အထိ သူ့မိန်းမကို ဘယ်သူနှင့်မျှ မဥပါဒ်သေးပါ။ သူမရှိတုန်း ကြောက်၍ တယောက်ယောက်ကို အဖော်ခေါ်အိပ်သည်ဟု ထင်မိသည်။ ထို့ကြောင့် ကိုယ့်အိမ်မို့ ကိုယ်ရဲရဲတင်းတင်းကြီး တက်လိုက်သည်။
အခန်းဝ၌ မီးခွက်မှာ ရေနံဆီကုန်ခါနီး၍ မီးသီးများကြွေနေသည်။ အခန်းဝမှ အိပ်ရာသို့ လှမ်းကြည့်လိုက်သောအခါ ကိုဒေါင်းမိန်းမမှာ ထဘီရင်လျားနှင့်ရှိနေသည်။ အနီးတွင် ယခင်က အိမ်လာနေကျ မုဆိုးဖို ကိုဟိုဒင်းက ညာဒူးပေါ်တွင် ညာလက်ကိုတင်ကာ ကိုဒေါင်းသောက်နေကျ ဆေးပေါ့လိပ်ကြီးကို အတွင်ဖွာနေသည်။ ကိုဒေါင်းမိန်းမက သနပ်ခါးရေကျဲလိမ်းထားသော မျက်နှာနှင့် ကိုဟိုဒင်း ဆေးလိပ်သောက်နေသည်ကို ကြည့်နေသည်။
“ဆေးလိပ် ဆေးစပ်ကလေးက တယ်ကောင်းတာပဲ၊ သူ့ယောက်ျားငယ်ငယ်ကလေးအတွက် စေတနာတွေပိုပြီး လိပ်ထားတာ ထင်ပါရဲ့” ဟု ယောက်ျားက ခနဲ့သည်။
“အမလေးတော် သူ့အကြောင်း ထည့်မပြောစမ်းပါနဲ့။ ပါးစပ်ထဲ လက်ညှိုးထည့်လို့တောင် မကိုက်တတ်တဲ့သတ္တဝါကြီးမို့ ကျွန်မဖြင့်လေ ရှင့်ကို အမြဲတောင့်တနေတာပဲ”
ဤကား ကိုဒေါင်းမိန်းမအသံဖြစ်သည်။ ကိုဒေါင်းက ဒီအသံကိုကြားရသောအခါ “ငါ့မိန်းမမှ ဟုတ်ရဲ့လားလို့ အောက်မေ့မိသေးကွဲ့။ အမှန်မှာတော့ သူ ငါ့မိန်းမ မဟုတ်တော့ဘူးကွ”ဟူ၍ ကျွန်တော်အား နောက်ကြောင်းပြန်ရင်း ပြောပြပါသည်။
သို့သော် သူပြောပုံက ခပ်အေးအေးပင်။ နှမြောတသသောအသံ မပါပါ။ သို့သော်လည်း ဧကန္တ ကိုဒေါင်းသည် မ စိတ်ဖြင့်မွှန်ပြီး ဒိန်းဒလိန်းနတ်ပူးကာ ငှက်ကြီးတောင်ဓားကိုဆွဲ၍ မသမာသောလူယုတ်ကို သုတ်သင်ရန် သန္နိဋ္ဌာန်ဖြင့် ချုပ်တည်းထားသည်ဟု ကျွန်တော် ထင်မိသည်။
ကိုဒေါင်းမူကား ထိုအသံကြားသည်နှင့်တပြိုင်နက် “ဟဲ ဟဲ” မရယ်ချင့်ရယ်ချင် ရယ်လိုက်သည်။
ယောက်ျားနှင့်မိန်းမမှာ ခါးပိုက်နှိုက်တုန်း ပုလိပ်မိသွားသလို အံ့အားသင့်၍ ကြက်သေ သေနေကြသည်။ နှစ်ဦးသား ပြေးပေါက်မရှာနိုင်တော့ပြီ။ သူခိုးမှာ ခိုးထုပ်ခိုးထည်နှင့် မိနေ၍ အိမ်ရှင်သဘောအတိုင်း လုပ်လျှင်ခံဖို့ပင် ရှိပါတော့သည်။ သူ့စိတ်ထဲတွင် ဂတ်ကို မြင်ရသည်။ ဂတ်မှ ရုံးကို ရောက်သည်။ ရုံးတွင် တရားသူကြီးက ထောင်တစ်နှစ် ထစ်တစ်နှောင်လို့ စီရင်ချက်ချသည်။ ထောင်ကလွတ်၍ ရပ်ထဲရွာထဲ ပြန်ဝင်လာရာ မယားခိုးဟူ၍ ကလေးငယ်မှအစ လက်ညှိုးထိုးကြသည်။
“ဟဲ ဟဲ” ဟု ကိုဒေါင်းက ရယ်လိုက်မှ မယားခိုးမှာ သတိပြန်လည်လာသည်။
ကိုဒေါင်းမိန်းမကမူကား တုတ်တပြက် ဓားတပြက်ဖြစ်ပြီး ကိုဒေါင်းက ဒေါသပုန်ထလျှင် လင်ကို ဘယ်လိုမူပြီး ချွဲရပါ့မလဲဟု တွေးနေသည်။ အသက်မရှိတဲ့ထင်းတုံးကြီး ဒီတခါ အသက်ဝင်တော့မည်။ ခုမှ မယားကိုချစ်မှန်း သိတော့မည်။ ခုမှ မယားအလိုမပြည့်ဘူးဆိုတာ သင်းသိမည်။ သင်း ငါ့ကို အမှန်ချစ်သည်။ ဒါကြောင့် ဒီလိုအဖြစ်ကိုမြင်ရလျှင် ဒိန်းဒလိန်းနတ်ပူးပြီး ငါ့အပေါ် ရမ်းကားတော့မည်။ ပါးရိုက်၊ ဖနောင့်နှင့်ပေါက်၊ လက်သီးနှင့်ထိုး၊ ဒူးနှင့်တိုက်၊ လှိမ့်ကန်၊ ဆံပင်ဆွဲ၊ အဲသလို သူ ငါ့ကို အမျိုးမျိုးနှိပ်စက်တော့မည်။ သူနှိပ်စက်လို့ဝတော့မှ ငါက မျက်ရည်ခံထိုးပြီး မာယာတစ်သိန်း အပလိန်းအနန္တနဲ့ မြူပြီးဆွလိုက်ရရင် ဒီတော့မှ ငါ့လင် ပျော့ကျသွားပြီး...။
“ဟဲဟဲ ဟဲဟဲ”ဟု လေရှည်ဆွဲလိုက်သော ကိုဒေါင်း၏အသံသည် သူ့မိန်းမ၏ ညစ်ပတ်ယုတ်မာသောအကြံကို ပြောင်ချော်ချော်နှင့် သရော်လိုက်သည်။ မိန်းမမှာ ငေါက်ကနဲ ထထိုင်သည်။ မိုးကြိုးပစ်သည်ဟု ထင်လိုက်သည်။ ရိုက်ပုတ်ဆဲဆိုသည့်အဖြစ်ထက်ပို၍ဆိုးတော့မည်ကို သူသိလာသည်။ ကိုဒေါင်းက အပြီးအပိုင် ဒီအမှုကို စီရင်ပြီး နှစ်ဦးစလုံးကို သတ်မည်ဆိုလျှင် သတ်ထိုက်ပါသည်။ ကိုဒေါင်းအကြောင်းကို ကိုဒေါင်းမိန်းမ ကောင်းကောင်းသိသည်။ ရက်စက်တော့မည်ဆိုလျှင် မြုံစိစိနှင့် ရယ်သံပေးတတ်သည်။ ဧကန္တ သေဖို့သာ ပြင်ပေရော့။
“ဟဲဟဲ နင်တို့နှစ်ယောက်အကြောင်း အစက ငါမသိလို့။ ဒီလိုဆို စောစောက ပြောပါတော့လား“
ဟုတ်ပါတယ်။ ဒီလိုအရယ်မျိုးဟာ သေမင်းကို ဆင့်စာချပြီး ခေါ်တဲ့အသံမျိုးပဲ။ သင်း ငါ့ကို အဟုတ်သတ်တော့မယ်။ မသကာ ကိုယ့်မယားကလေး တခါတလေ ဖောက်ပြန်တာ သဘောရှိ ရိုက်ဆုံးမဖို့ပဲ ရှိပါတယ်။ သဘောရှိရိုက်ပြီးမှ မှားကြောင်းဝန်ချရင် ယောက်ျားက အနူးအညွတ်ခွင့်လွှတ်ဖို့လည်း ရှိတာပေါ့။ ဒီလိုခွင့်လွှတ်ရင် နောင်တသက်လုံး ကိုယ့်လင်ကလွဲပြီး ....။
“ဟဲဟဲ ကမြင်းမ ငါ့အိပ်ရာကထွက်။ ဟဲ့ ဟိုကောင်ကြီး ဒီအသက်အရွယ်ကြီးနဲ့များကွာ ကြာခိုတယ်လို့။ ကျုပ်တို့လူငယ်တွေ ကမြင်းဖို့ ချန်ထားပါဦး။ ထွက်ဆိုထွက်လဟာ နှစ်ယောက်စလုံး”
အင်း... အယူခံလို့ကတော့ ရမယ့်ကိစ္စမဟုတ်ပြီ။ ထို့ကြောင့် မိန်းမနှင့်ယောက်ျား နှစ်ဦးသား အပြင်ထွက်ရသည်။ သူတို့ ဘာကို ဘယ်လိုလုပ်ပြီး ပြန်ပြောရမည်မသိ၊ ကိုဒေါင်း၏အမိန့်ကိုသာ နာခံတတ်တော့သည်။ အမှန်မှာ နှစ်ယောက်စလုံး ဇက်စင်းခိုင်းပြီး ဓားနှင့် ပိုင်းသတ်... အမလေး မတွေးဝံ့တော့ပါဘူး။ တရားပိုင်မင်း မြန်မြန်သာ စီရင်တော်မူပါဘုရား။
နှစ်ဦးစလုံး ကိုဒေါင်းဩဇာကို တစ်သဝေမသိမ်း လိုက်နာသည်။
“ဟဲဟဲ ကျုပ် စောစောကသိရင် စောစောက ပြီးပါတယ်”ဟု ကိုဒေါင်းက ဆိုရင်းနှင့် သူ့အိပ်ရာခေါင်းရင်း ဓနိပျစ်ကြား၌ ညှပ်ထားသော ငှက်ကြီးတောင်ဓားကို နုတ်ယူသည်။
ဒု-သ-န-သောကြီးက ဒူးတုန်သွားသည်။ သူ့ပါးစပ်မှ တောင်းပန်သံများ မထွက်တချက် ထွက်တချက် ထွက်လာသည်။
“ဒီလိုတော့မလုပ်ပါနဲ့မောင်ရယ်၊ မှားတာလဲ မှားတာပေါ့။ ပြုသူအသစ် ဖြစ်သူအဟောင်းဆိုတာလို...”
“သောက်စကားတွေကြွယ်မနေနဲ့။ ခွေးသားကြီး သွား ရှေ့က၊ ဟိုကောင်မ နင့်လင်နောက်က လိုက်လေ။ ဘာငေးနေသလဲ“ ဟူ၍ ကိုဒေါင်းက အမိန့်ပေးပြန်သည်။
ကိုဟိုဒင်းက ရှေ့က၊ မိန်းမက နောက်က၊ နှစ်ဦးသားရင်ထဲမှာ ဖိုလျက်နှင့် ခြံပြင်ဘက်လျှောက်ခဲ့ရသည်။ ပါးကွက်အာဏာသား ကိုဒေါင်းကား ငှက်ကြီးတောင်ဓားကို လက်ကိုင်တုတ်ပမာ မြေကြီးထောက်ကာ ဟန်လွှဲရင်း လိုက်လာသည်။
ကိုဒေါင်းရှေ့မှ အမိုက်နှစ်ကောင်နှင့် ပဏ္ဍာရသော အမှောင်သည် ဥယျာဉ်ပတ်လည် တစ်လောကလုံးကို ဖုံးလွှမ်းလျက်ရှိသော်လည်း ဥယျာဉ်ရှေ့တူရူက တောတန်းကလေး၏ဟိုမှာဘက်ရှိ သင်္ချိုင်းပေါ်က ထုံးသုတ်ပြီးစ ဂူတစ်ခုကိုမူ လုံးလုံးပျောက်သွားအောင် မလွှမ်းမိုးရှာပေ။ အမိုက်နှစ်ဦးတို့ သံသရာခရီး၌ လမ်းမမှားရအောင် သင်္ချိုင်းမှ ဖြူဖွေးသောဂူက မှတ်တိုင်သဖွယ် ပြလျက်ရှိသည်။
ဝူ ဟူသော ခွေးအူသံမှာ တမင်သက်သက် ငေါ့ပြီး ရှည်လျားစွာ ဆွဲ၍ အူလိုက်သောအသံနှင့် တူသလိုလို။
ဗုဒ္ဓေါ မေ သရဏံ၊ ဓမ်မောမေ သရဏံ၊ သံဃောမေ သရဏံ ဟူသော လေသံများသည် ဖောက်ပြားသူ နှစ်ဦး၏ပါးစပ်မှ ဖျစ်ညှစ်ကာ ထွက်ပေါ်လာသည်။ သင်းတို့နှစ်ယောက် ကိုယ့်အကြောင်းကိုယ်သိ၊ ကိုယ့်ကံကြမ္မာ ကိုယ်မြင်ပြီး ကိုယ့်ကိုယ်ကိုယ် သရဏံဂုဏ်တင်နေကြပြီ။ သို့သော် ကိုဒေါင်းမှာ ထိုအသံတို့ကို မကြား။
ငါကတော့ သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းခဲ့သည်။ အိမ်ထောင်ရေးဆိုသဟာကို ဟိုဟာနဲ့ချည်းပဲ ပြီးကြသည်မဟုတ်။ လင်ရယ် မယားရယ်ဆိုပြီး လူတလုံး သူတလုံးဖြစ်ဖို့က အရေးကြီးသည်။ ငါကတော့ အဟုတ်မှတ်နေသည်။ တော်သေးရဲ့။ စောစောက ပိုက်ဆံမကုန်ဘဲ အကြောင်းသိလိုက်ရသည်။ ဤသို့ ခပ်ဆင်ဆင် ကိုဒေါင်း တွေးနေခိုက် ဥယျာဉ်ဝသို့ ရောက်လာကြသည်။
ဥယျာဉ်ရှေ့တည့်တည့်က လမ်းကြောင်းမှာ သင်္ချိုင်းကုန်းသို့ ပို့ဆောင်သော ဖြတ်လမ်းဖြစ်သည်။ ဥယျာဉ်၏ဘယ်ဘက်သို့ ဖြောင့်တန်းစွာစီနေသောလမ်းမှာ ရွာနှင့်ရုံးကို ဆက်ထားသော လမ်းမကြီးဖြစ်သည်။
မိုက်သားဝသူနှစ်ဦးအဖို့ ရာဇဝတ်ကောင်တို့ သွားရာလမ်းဖြစ်သော သင်္ချိုင်းလမ်းသည်သာလျှင် သူတို့သွားဖို့လမ်းဖြစ်သည်ဟူ၍ အသည်းစွဲယူဆထားပြီးဖြစ်သောကြောင့် ထိုသင်္ချိုင်းလမ်းသို့ ဆင်းသွားကြသည်။
ဟဲဟဲ ပိုက်ဆံမကုန်ဘဲ အကြောင်းသိလိုက်ရပြီ။ ပိုက်ဆံမကုန်တဲ့အပြင် သူက ငါ့ကို မုန့်ဟင်းခါးရောင်းပြီး ကျွေးလိုက်လို့ လက်ထဲမှာ ငွေအတော်စုဆောင်းပြီး ကျန်ရစ်လိုက်သေးသည်။ နိပ်ဟ။
သည်နေရာမှာ ကိုဒေါင်း သဘောကျသွားပြီး ဟားဟား ဟားဟား ဟု စိတ်ထဲက ကျိတ်ရယ်လိုက်ရာ အသံကုန်ထွက်သွားသည်။
သင်္ချိုင်းကုန်းလမ်းကြောင်းကို လိုက်နေသူနှစ်ဦးမှာ ကိုဒေါင်း၏ရယ်သံကိုကြားရာ လန့်ပြီး နှစ်ဦးသားရပ်နေသည်။ ဤတွင်မှ ကိုဒေါင်းသည် သူ၏ရာဇဝတ်ကောင်နှစ်ဦး လမ်းမကြီးပေါ်မရှိဘဲ ချုံပုတ်နှစ်ခုကြားက သင်္ချိုင်းလမ်းပေါ် ရောက်နေသည်ကို တွေ့ရသည်။
“ဟဲ.. ဟဲ.. ဟဲ ဟားဟား၊ နင်တို့ ဘယ်ချုံတောတိုးနေတာလဲ။ ဟိုကောင်မက လင်စိတ်မွှန်ပြီး ကိုယ်နေ့တိုင်းသွားနေကျ ရွာလမ်းကိုတောင် မမှတ်မိဘူးလား။ နင်တို့နှစ်ယောက် ဒီလိုပဲ ချုံတောတိုးနေကျမို့ သောက်ကျင့်များ ပါလာတာလားဟဲ့။ ဟားဟား”
ကိုဒေါင်းက ဟက်ဟက်ပက်ပက် ရယ်ပြန်သည်။
“သိပါဘူးတော်၊ ကျုပ်က ကျုပ်တို့ကို သင်္ချိုင်းကုန်းခေါ်ပြီး ...”
ဤနေရာ၌ ကိုဒေါင်းမိန်းမက ရှေ့ဆက်ပြောရမှာ ကြောက်ရွံ့သောကြောင့် လေဖြတ်ထားသည်။
“ဟား ဟား ဟားဟား သင်္ချိုင်းကုန်းခေါ်ပြီး နင်တို့ကို ဘာလုပ်ရမှာလဲ။ ဟားဟား ငါ ခုမှ တွေးမိတယ်၊ နင်တို့ကို သတ်မလို့အောက်မေ့သလား။ ငါ့ငှက်ကြီးတောင်ဓားဟာ နင်တို့နဲ့ မတန်ဘူးဟဲ့၊ နင်တို့ကို ဘယ်မှာသတ်ရဦးမှာလဲ။ နင်တို့ကို ဒဏ်ခတ်ဖို့ ကျန်သေးတယ်”
ဒု-သ-န-သောကြီးက မသတ်တော့ဘူးဆိုသည်ကို နားလည်လာသဖြင့် စကားကောင်းကြားရမလား အောက်မေ့နေတုန်း ဒဏ်ခတ်မည် ကြားရပြန်၍ စိတ်မရှည်ဖြစ်သွားသည်။
“ကဲကွယ် မင်းပေးချင်တဲ့ဒဏ်ပေးပါ”
“ဟာ ဟာ၊ ကျုပ်က ဒဏ်ခတ်ဖို့ အာဏာမရှိဘူး။ တရားစောင့်တဲ့နတ်တွေက ခတ်လိမ့်မယ်။ ခင်ဗျားတို့ အသက်ရှင်နေသမျှ ကာလပတ်လုံး လောကငရဲကြီးကို ခံစားရအောင် ကျုပ်လွှတ်လိုက်တော့မယ်"
ကိုဟိုဒင်း ရင်ဝက အလုံးကြီးကျသွားသည်။ သို့သော် မိန်းမက ဒီလိုဒဏ်ခတ်တာမျိုး မယုံကြည်နိုင်။ ဒီလိုလွှတ်လိုက်တယ်ဆိုတာ သူ့အပေါ်မှာ လုံးလုံးစိတ်မကုန်သေးလို့ပဲ။
“ဒီလိုဆိုရင်လဲကွယ်၊ တခါတလေ မှားတဲ့ဥစ္စာ သူလဲ သူ့အိမ် သူပြန်၊ ကိုယ်လည်း ကိုယ့်အိမ်ကိုပြန်ပေါ့”
“ဟားဟားဟား ဘာရမလဲ။ ငါပြောပြီးပါပကော။ ဒီကိစ္စ စောစောက ငါသိရင် စောစောပြီးပါတယ်။ နင့်ချစ်သူနောက် နင်လိုက်တာ ငါကြည်ဖြူပါတယ်ဟယ်။ ရှိကြီးခိုးပါရဲ့။ မင်း ငါ့နောက်တော့ ပြန်မလိုက်ပါနဲ့”
မိန်းမသည် အကယ်၍ ကိုဒေါင်းက ငှက်ကြီးတောင်ဓားနှင့် သူ၏အူအသည်းကို မွှေ၍ သတ်ခဲ့လျှင် သူ့လင် အချစ်ကြီးလို့ အမျက်ကြီးရသည်ဆိုပြီး သူ့ဝမ်းဗိုက်ကိုမွှေသော ကိုဒေါင်း၏လက်ကို သာယာသောသဘောဖြင့် ပွတ်သီးပွတ်သပ်လုပ်ရင်း ကျေကျေနပ်နပ်ကြီး အသက်ထွက်သွားပေမည်။ ယခုလို ငါကြည်ဖြူပါတယ်ဟယ် ဟူသော ပစ်ပစ်ခါခါစကားသည် ကိုဒေါင်း၏မိန်းမကို ငှက်ကြီးတောင်ဓားနှင့် အရင်းပိုင်းမှပိုင်းလိုက်သည်ထက် ဆိုးသောကြောင့် ကိုဒေါင်း၏မိန်းမသည် မှောက်ထိုးလဲလေသတည်း။
ကာမဘောင်ကို မိတ်ဖွဲ့၍ လောကငရဲထဲ တစ်လှမ်းချင်းဝင်လိုက်သူ ထိုမိန်းမသည် အမိုက်၏ဒဏ်ကြောင့် မေ့မြောကာ ကျန်ရစ်ခဲ့လေသည်။
ကိုဒေါင်းကား ခြံထဲသို့ ဝင်လာခဲ့လေသတည်း။ နံနက်လင်းသော် ကိုဒေါင်း၏အမင်္ဂလာသတင်းသည် အရပ်ထဲသို့ နှံ့ပျံ့သွားလေသည်။ နောက်တညအဖို့ ကိုဒေါင်းသည် ဃရာဝါသ အနှောင်အဖွဲ့ကို တော်လှန်၍ တော်လှန်ရေးကို အရယူသောအကြောင်းကို ယိုးမယ်ဖွဲ့၍ သရက်ဥယျာဉ်ဝယ် အဖော်အပေါင်းတို့နှင့်အတူ ဘူးသီးနှင့်ကြက်သား ဆီပြန်ချက်ကာ ဆန်နီအရက်ဖြင့် စားပွဲထိုင်ရင်း စစ်သူကြီးတိုင်း အောင်မြင်နိုင်ခဲသော အောင်ပွဲကို တခမ်းတနား ဝှဲချီး ဆင်ယင်ကျင်းပခြင်းအားဖြင့် လှေကားသုံးထစ်ဆင်းပြီးသော လူပျိုအဖြစ်၏ အချုပ်အခြာ အာဏာပိုင်သဘောကို လူသိရှင်ကြား ကြေညာလိုက်လေသတည်း။
* * *
ကိုဒေါင်းကား သေလေပြီ။ ကိုဒေါင်းသည် သက်တော်ရာကျော် ရှည်ပါစေသတည်း။
-------------------
#မောင်ထင်
Comments
Post a Comment