ခေတ်စမ်းပုတ္တောဝါဒ
#ခေတ်စမ်းပုတ္တောဝါဒ
မောင်လူအေးတို့၏သားကလေး မောင်လူမွှေးသည် နှစ်နှစ်ကျော်ကျော် နှစ်နှစ်ခွဲအရွယ်သို့ ရောက်လာလေပြီ။ စကားကို မပီကလာ ပီကလာ တတ်စအရွယ် မိဘတို့၏အပျော်ဆုံးအရွယ်ကလေး ဖြစ်၏။
မောင်လူမွှေး၌ ထူးချွန်သောအချက်ကား အစားနှင့်ကစားကို ခုံမင်ခြင်း ဖြစ်၏။ မောင်လူမွှေးတယောက်တည်း မဟုတ်၊ ကလေးတိုင်းလိုလိုပင် ကစားနှင့် အစားကို ခုံမင်တတ်ကြလေသည်။ မနက်စောစော မျက်စိနှစ်လုံးပွင့်သည်နှင့် တပြိုင်နက် သူ၏နှုတ်က လက်ဦးဆုံးထွက်သောစကားကား “ဆီးသီးပေး” ဆိုသော စကားပင်တည်း။
အိပ်ရာမှထ မျက်နှာသစ်ပြီးသည်နှင့်တပြိုင်နက် နွားနို့တခွက်နှင့် မုန့်သေတ္တာများကို စားသောက်ပြီးသော်လည်း တင်းမတိမ်သေး။ “ဆီးသီးပေး” “ဆီးသီးပေး” ဟူ၍သာ အော်နေတော့၏။ ဘီရိုထဲမှ တရုတ်ဆီးသီး တထုပ်နှစ်ထုပ်ကို ထုတ်ပေးသော်လည်း မကျေနပ်သေး။ လေး ငါးထုပ် မရမချင်း အော်၏။ ထိုအခါ မိဘတို့မှာ မနေနိုင်။ တယောက်ယောက်က ထ၍ သူကြိုက်သလောက် ယူပေးရလေသည်။ ဆီးသီးထုပ်များကို သူကြိုက်သလောက် ရသည်နှင့် တပြိုင်နက် “အောက်ဆင်းမယ်” “အောက်ဆင်းမယ်” ဟူ၍ အော်လေတော့၏။ သူ့သဘောအတိုင်း အောက်ရောက်သောအခါ အိမ်ဘေးရှိ သဲပုံတွင် ကစားလေတော့၏။ သဲထဲတွင် လှိမ့်၍ ကစားလို ကစား၊ ခေါင်းပေါ် တွင် သဲများကို တင်ကာ ကစားလို ကစား၊ သဲပေါ်ကို ရေဖြင့် လောင်းလိုလောင်း၊ စိတ်ထင်တိုင်း ကြဲနေလေသတည်း။ သူ့တကိုယ်လုံး ရစရာမရှိတော့ပြီ၊ ဖြစ်ချင်သလို ဖြစ်နေတော့၏။
အတန်ကြာသောအခါကျမှ အိမ်ပေါ်သို့ ခေါ်တင်လာပြီးလျှင် ရေချိုးပေးရ၏။ ရေချိုး အဝတ်အစားလဲပြီးသည်နှင့် တပြိုင်နက် “ဆီးသီးပေး” “ဆီးသီးပေး” ဟူ၍ အော်ပြန်၏။ ဆီးသီးများကို လိုသလောက် ရသောအခါ “ရေကစားမယ်” “ရေကစားမယ်”ဟု အော်ပြန်၏။ ရေချိုးခန်းထဲသို့ ရောက်သောအခါ ရေကစားပြန်၏။ တနေ့လုံး သူ့မှာ ကစားခြင်း၊ စားခြင်းနှင့်သာ အချိန်ကုန်လေသည်။ အိပ်ချိန်လည်း ကောင်းကောင်းမအိပ်။ ထမင်းစားချိန်ကျပြန်လျှင်လည်း ထမင်းကောင်းကောင်း မစားနိုင်။ စည်းပျက်ကမ်းပျက် ဖြစ်နေလေတော့သတည်း။
တနေ့သော် မောင်လူအေး ဤသို့ ဆုံးဖြတ်၏။
“သည်ကလေးကို လွှတ်ထား၍ မဖြစ်တော့ပြီ။ သင့်အား စည်းကမ်းပေးတော့အံ့”
ဤသို့ မောင်လူအေး ဆုံးဖြတ်ခိုက်မှာပင် ကောင်ကလေးသည် တဖက်သောအခန်းမှ နေ၍ “ဆီးသီးပေး” “ဆီးသီးပေး” ဟု ဆိုကာ ပူဆာတော့၏။ မောင်လူအေး အချက်ရလေပြီ။ ပူဆာနေသောကလေးအား မိမိ၏အနားသို့ လာရန် ခေါ်၏။ ကလေးလည်း ဘီရိုထဲမှ တရုတ်ဆီးသီးများကို ယူပေးလိမ့်မည်အထင်နှင့် မိမိဖခင်အနားသို့ ပြေး၍ လာလေသတည်း။ ကလေး မိမိ၏အနားသို့ ရောက်သောအခါ မောင်လူအေး ဆုံးမစကား ပြောကြားသည်ကား ဤသို့တည်း။
“အခု မောင် ဘာကိုလိုလို့ ငိုနေရတာတုန်း”
“ဆီးသီးပေး” ဟူ၍ ကလေးက တောင်း၏။
“မဟုတ်ဘူး။ ဆီးသီး ဆိုတာမျိုးကို တနေ့လုံး စားနေရတာ မဟုတ်ဘူး၊ သိလား။ ထမင်းစားပြီးတဲ့နောက် တလုံးတလေ စားသောက်ရတာ။ အခုတော့ မောင့်မှာ တနေ့လုံး “ဆီးသီးပေး-ဆီးသီးပေး” နဲ့ ပူဆာနေတော့တာဘဲ၊ နားညည်းလိုက်တာ ပြောစရာမရှိ။ ဆီးသီးတွေကို တောင်းတိုင်း ပေးလို့ စားပြန်တော့ ထမင်းမစားနိုင်ဘူး။ သည်တော့ ဘာကောင်းမလဲ။ တနေ့တခြား ပိန်ညှော်ကလေး ဖြစ်လာမယ် သိလား။ မောင်ဟာ ဘာမှ မသိသေးဘဲကိုး။ အဲဒါ အားကြီး ခက်တယ်၊ မသိတတ်လို့ သိတတ်တဲ့လူကြီးက ပြောပေမဲ့ မရဘူး။ မောင့်စိတ်ထဲမှာများ လူကြီးတွေဟာ မောင့်လောက် နားမလည်ဘူး၊ မသိတတ်ဘူး၊ လူအတွေများ ထင်နေရော့သလား”
“ဆီးသီးပေး” ဟု ကလေးက ဆိုပြန်၏။
“ဟ မဟုတ်ဘူး။ အခုလို ဆုံးမဩဝါဒ ပေးနေရာမှာတောင် “ဆီးသီးပေး”လုပ်နေသေးတယ်။ လူကြီးက ပြောတာကို နားထောင်စမ်းပါအုံး။ ဆီးသီးတို့၊ မုန့်တို့ကို တနေ့လုံး စားတာဟာ မကောင်းဘူးဆိုတာ မောင်မသိဘူးလား။ ကျန်းမာရေးနဲ့ ဆန့်ကျင်တယ်။ အစားအသောက်ဆိုတာ တနေ့လုံး စားနေရတာမျိုး မဟုတ်ဘူး။ သူ့အချိန်နဲ့သူ စားရတယ်။ အိပ်ချိန်မှာ အိပ်ရတယ်။ စားချိန်မှာ စားရတယ်။ ကစားချိန်မှာ ကစားရတယ်။ အခုတော့ မောင့်မှာ အိပ်ချိန်မှာလဲ ကစားတော့တာဘဲ။ တနေ့လုံး ဆီးသီးကိုတောင်းပြီး တစားတည်း စားနေတော့တာဘဲ။ ထမင်းစားချိန်ကျတော့ ကောင်းကောင်း မစားနိုင်ဘူး။ အဲဒါ ဘာကောင်းသလဲ”
“ဆီးသီးပေး” ဟု ကလေးက တောင်းပြန်၏။
“ နေပါအုံး။ ပြောလေ သဲလေ ဖြစ်နေတော့တာဘဲ။ မောင်ဟာ အခု အင်မတန် စည်းကမ်းပျက်နေတယ်။ ဖေဖေတို့ငယ်ငယ်တုန်းက ဖေဖေတို့ရဲ့ အဖွား ဖွားဒွေးကြီးဆိုတာ ရှိတယ်။ ဖွားဒွေးကြီးဟာ မနက်စောစော အိပ်ရာက ဖေဖေတို့ ထယင် မုန့်ပျားသလက်ဖြစ်ဖြစ် ဘိတ်မုန့်ဖြစ်ဖြစ် တပြားဖိုး ဝယ်ကျွေးတယ်။ ပိုလို့လဲ မစားရဘူး။ သည်တပြားနဲ့ ကျေနပ်ကြရတယ်။ ထမင်းစားချိန်ကျမှ တခါ ထမင်းစားရပြန်တယ်။ နေ့လယ်ကျယင် တခါ မုန့်တပြားဖိုး ဝယ်ကျွေးပြန်တယ်။ ညကျ ညထမင်း စားရတယ်။ အဲဒါဘဲ။ တနေ့ကို မုန့်နှစ်ပြားဖိုး စားရတယ်။ ထမင်း နှစ်ခါ စားရတယ်။ အခု မောင့်မှာတော့ သည်လို မဟုတ်ဘူး။ တနေ့လုံး စားနေတော့တာဘဲ။ မစားရယင် အော်ဟစ်ပြီး ပူဆာတယ်။ ဖေဖေတို့ ငယ်ငယ်တုန်းကတော့ အချိန်ကျ စားသောက်ပြီးယင် မပူဆာတော့ဘူး။ ပူဆာယင်လဲ အဖွားဒွေးကြီးက ဝယ်ကျွေးတာ မဟုတ်ဘူး။ အရိုက်တောင် ခံရသေးတယ်။ သည်တော့ ဖေဖေတို့ မပူဆာတော့ဘူးပေါ့။ အခုတော့ မောင့်မှာ စားရ သောက်ရတာလဲ မနည်းဘူး။ ဒါလဲ ပူဆာနေသေးတာဘဲ"
“ဆီးသီးပေး” ဟူ၍ ကလေးက တောင်းပြန်၏။
“ဟာ မဟုတ်ပါဘူး။ ခက်နေပါပြီ။ အခု မောင့်မှာ လိမ္မော်ရည်ဆိုလဲ သောက်တော့တာဘဲ။ မုံသေတ္တာဆိုလဲ စားတော့တာဘဲ။ ဆီးသီးဆိုလဲ တနေ့လုံး စားတော့တာဘဲ။ ကိတ်မုန့်ဆိုတာလဲ မရှားဘူး။ ဖေဖေတို့တုန်းကတော့ မုန့်ပြားသလက်၊ ဘိတ်မုန့်တို့နဲ့ ကျေနပ်ခဲ့ကြတယ်။ ဖေဖေတိုနဲ့စာယင် မောင်စားတာ ရှစ်ဆ၊ ကိုးဆလောက် ပိုတယ်။ နောက်ဆုံးကျတော့ ဘာထူးသလဲ။ ဘာမှ မထူးဘူး၊ ဖေဖေတို့ကတောင် မောင့်အရွယ်တုန်းက မောင့်ထက် ကျန်းမာသေးတယ်။ သန်စွမ်းသေးတယ်”
“ဆီးသီးပေး” ဟူ၍ ဆိုကာ ကလေးက ထောက်ခံပြန်၏။
“တယ်ခက်တာကိုး။ ဆုံးမနေတုန်း တိုးတိုးလာတော့တာဘဲ။ ဖေဖေတို့ မောင့်အရွယ်တုန်းက အိမ်ပေါ်မှာဘဲ အရုပ်ကလေးတွေနဲ့ ကစားရတယ်။ သဲတို့၊ ရွှံ့ ရေတို့နဲ့ ကစားရတာ မဟုတ်ဘူး။ ခေါင်းပေါ်မှာ သဲတွေကို တင်ဖို့တော့ ဝေးပါရော။ အခုတော့ မောင့်မှာ မိုးလင်းတာနဲ့ “အောက်ဆင်းမယ်” “အောက်ဆင်းမယ်” နဲ့ အော်၊ အောက်ဆင်းရတော့ သဲတွေကို ခေါင်းပေါ် တင်ပြီး ကစားတယ်။ မောင့်ကိုထိန်းတဲ့ အထိန်းတွေကလဲ မောင့်ကို မတားဝံ့ကြဘူး။ မောင် ထင်သလို မောင်နေတယ်။ ဖေဖေတို့လက်ထက်တုန်းကတော့ သည်လိုဆိုယင် ဖွားဒွေးကြီး ဆော်လို့ အော်နေရပြီ။ ကြားလား ဖေဖေ ပြောတာ"
“ဖေဖေ အောက်ဆင်းမယ်” ဟု ဆိုကာ ထောက်ခံ၏။
"ဪ ခက်ဘဲ ခက်သေးတော့တယ်။ နောက်ပြီးတော့ ရှိသေးတယ်။ ဘယ်ကိုဘဲ ဖေဖေတို့ သွားသွား လိုက်ချင်တော့တာဘဲ။ အလကားနေယင်းလဲ ပေါ်ပေါ် စီးမယ် ဆိုပြီး ပူဆာတယ်။ အဲဒါ ဘာကောင်းသလဲ၊ ခေါ်သင့်တဲ့နေရာကို သွားယင် ခေါ်မှာပေါ့၊ မခေါ် သင့်တဲ့နေရာကို သွားယင် ခေါ်လို့ ဖြစ်မလား။ လူကြီးဆိုတာ ကလေးထက် နားလည်တယ် သိလား။ ဘာမှ ဆူပူစရာမရှိဘူး။ အခုတော့ သည်လို မဟုတ်ပါဘူး။ သွားတိုင်း လိုက်ချင်တယ်။ မလိုက်ရယင် ငိုတယ်၊ ဆူတယ်။ အဲဒါ ဘာကောင်းမလဲ။ ဖေဖေတို့ ငယ်ငယ်တုန်းကတော့ မော်တော်ကားလဲ မစီးရပါဘူး။ အခုလို မော်တော်ကားတွေလဲ မများသေးပါဘူး။ တောင်ဝိုင်းကြီးတို့၊ တောင်ဝိုင်းကလေးတို့ ဆိုတာကို သွားယင် လှည်းကြမ်းကြီးနဲ့ သွားရတယ်။ ဖွားဒွေးကြီးက ခေါ်တဲ့အခါ လိုက်ရတာဘဲ။ မခေါ်တဲ့အခါ အိမ်မှာ နေခဲ့ရတာပေါ့။ လိုက်မယ် ပူဆာလို့ မရဘူး။ ပူဆာယင် ဝါးခြမ်းနဲ့ ဆော်တယ်။ သိရဲ့လား။ အခု မောင်ကတော့ ဘယ်သူ့ကိုမှ မကြောက်ဘူး။ ဘယ်သူ ပြောလို့မှ မရဘူး"
“ဖေဖေ ပေါ်ပေါ် စီးမယ်” ဟု ပူဆာ၏။
“တယ်ခက်သကိုး။ ပြောယင်း ပြောယင်း ဆိုးဆိုးလာတယ်။ နောက်ပြီးတော့ ဖေဖေတို့ငယ်ငယ်တုန်းက အသံလွှင့်စက်တွေလဲ မပေါ်သေးဘူး။ သီချင်းစက်ဆိုတာလဲ ပေါ်ခါစ ရှိသေးတယ်။ အခု မောင့်မှာ ညတိုင်း ညတိုင်း 'မောင်ခွေးဖို့' ဓာတ်ပြားကို ကြားရတယ်။ 'မောင်ခွေးဖို့' သီချင်းစာအုပ်ကို မောင်ဖို့ ဝယ်ပေးထားတယ်။ နို့ပေမဲ့ မောင် တခါတည်း ကြည့်တယ်၊ နောက်ပြီး ပစ်ထားတယ် မဟုတ်လား။ အဲဒါ ဘာကောင်းသလဲ။ ဖေဖေတို့ငယ်ငယ်တုန်းကတော့သည်စာအုပ်မျိုး မရှိဘူး။ သည်စာအုပ်မျိုးသာ ရှိမယ်ဆိုယင် ဖေဖေတို့ အင်မတန်ကြိုက်မှာဘဲ။ အခုတော့ မောင့်မှာ သည်စာအုပ်ကို ဘာမှ ဂရုမစိုက်ဘူး။ တော်တော် စိတ်ပျက်ဖို့ကောင်းတယ်။ စာအုပ်ကို ကြည့်မယ် မှုတ်လား”
“ဖေဖေ ဆီးသီးပေး” ဟု တောင်း၏။
“ခက်တာကိုး။ ပြောနေ၊ ဆုံးမနေတာ မကြားဘူးလား”
“ဆီးသီးပေး” ဟု ဆိုပြန်၏။
“တယ်နော်”
“ဆီးသီးပေး”
“ဘယ့်နှယ်လဲ”
“ဆီးသီးပေး”
“ငါ့မှာ ခက်တော့တာဘဲ”
“ဆီးသီးပေး”
“သည်ကလေးကို ဘယ့်နှယ် လုပ်ရပါလိမ့်”
“ဆီးသီးပေး"
“ဪ ဒုက်ခ၊ ဒုက်ခ”
“ဆီးသီးပေး၊ ဆီးသီးပေး၊ ဆီးသီးပေး” ဟူ၍ ဆက်ဆိုကာ ကျယ်လောင်စွာ ငိုလေသတည်း။
မောင်လူအေး မတတ်နိုင်တော့သဖြင့် နေရာမှ ထပြီးလျှင် တရုတ်ဆီးသီး နှစ်ထုပ်ကို ယူ၍ပေး၏။ ထိုနှစ်ထုပ်တို့ကို လွှင့်ပစ်လိုက်ပြီးလျှင်“အများကြီးပေး၊ အများကြီးပေး”ဟူ၍ အော်နေသောအခါ မောင်လူအေးမှာ ဘီရိုထဲမှ တရုတ်ဆီးသီးထည့်သော ပုလင်းကြီးကို ယူထုတ်ပြီးလျှင် “ကြိုက်သလောက် ယူတော်မူပါ ဘုရာ့” ဟု ဆိုကာ ပုလင်းကို ကလေးအား ပေး၍ ထွက်သွားလေသတည်း။
သားကို အဖေ မနိုင်၊ တပည့်ကို ဆရာမနိုင်၊ တိုင်းသူပြည်သားကို အစိုးရ မနိုင်သော ခေတ်ကြီးပါတကား။
---------------------------
#သိပ္ပံမောင်ဝ
ဂန္ထလောက၊ ၁၃ဝ၂ ခု၊ ကဆုန်လ။
Comments
Post a Comment