​လောကီရတနာ (အပိုင်း ၂)

#လောကီရတနာ

အပိုင်း ( ၂ )

၃။

ကြီးကြီးခင်နှင့်ကျွန်မသည် ထိုနေ့ကစ၍ တစ်ယောက်နှင့်တစ်ယောက် လျှို့ဝှက်လေးနက်စွာ ဖြစ်နေကြသည်။ တစ်ဦးနှင့်တစ်ဦး ပွင့်ပွင့်လင်းလင်းပြောကြခွင့် မသာသေး၍သာ၊ မျက်လုံးချင်းဆိုင်မိတိုင်း လေးနက်စွာ ဖြစ်နေကြသည်။ ကျွန်မ၏ တွေးဆထင်မြင်ချက် တစ်ချက်တည်း သွေးထွက်အောင်မှန်နေခြင်းအတွက် ထင်တာမမှားဘူးဟု ကိုယ့်ဟာကိုယ် ကျေနပ်သွားမိသည်။ သို့ဖြင့် ရက်များကုန်ကာ တစ်လလောက်အချိန်သို့ ရောက်လာခဲ့သည်။ ကျွန်မတို့မှာ အိမ်မရသေး၍ ဒေါ်ဒေါ့်အိမ်၌ပင် အိမ်ရှာရင်း နေကြရသည်။ ရက်ကြာစွာနေရလေ ကြီးကြီးခင်ကို ပိုမို၍ စိတ်၀င်စားလေသာ ဖြစ်နေရ၏။

ကြီးကြီးခင်၏သဒ္ဓါတရားကား ကြောက်ခမန်းလိလိ ဖြစ်ဘိ၏။ ကုန်ကုန်ခန်းခန်း ဘာမှ ရှေ့နောက် မကြည့်ဘဲ အရမ်းကာရော လှူဒါန်းပေးကမ်း ကျွေးမွေးချင်တတ်သော စိတ်စေတနာကြောင့် ဒေါ်ဒေါ်ကပင် ပြန်ကန့်ကွက်ရကာ ကျိတ်ဆူနေတတ်သည်။ ကြီးကြီးခင်သည် ဘယ်လောက် လုပ်ရလုပ်ရ ဘယ်လောက်ပင်ပန်းပင်ပန်း မနားဘဲလည်း လုပ်နိုင်၏။ မစားဘဲလည်း နေနိုင်၏။ ဘယ်အခါကြည့်ကြည့် ထာ၀စဉ် ဖျတ်လတ်လန်းဆန်းနေသည်။ ကြီးကြီးခင်၌ အကုသိုလ်တရားဟူ၍ မြူမှုန်မျှမကပ်ဘဲ သူတော်ကောင်းသက်သက် သူတော်ကောင်းစစ်စစ်ကြီးဖြစ်လျက် လောကကြောင်းနှင့် လွတ်နေသည်။ ၀တ်ရေး၊ နေရေး၊ စားရေးစသည့် လူ့ဘောင်သည် သူနှင့်မအပ်သလို ဘာမှ စဉ်းစားပုံမရပေ။

သူ့အဖို့၌ မနက်အိပ်ရာထက ကော်ဖီတစ်ခွက်၊ မွန်းမလွဲခင် တစ်ခွက်သောက်နေရလျှင် ပြီးတမ်းအခြေအနေသို့ ဆိုက်ရောက်နေလျက် ဒုက္ခတရား၊ ကြောင့်ကြမှုတရားများကို ခွာနေကာ ဘယ်အပူမှ မရှိဘဲ ပကတိ ရေချမ်းအိုးကြီးနှင့် တူနေလေသည်။ မရှိဘူး၊ မရဘူး၊ မဖြစ်ဘူး ဟူသော စကားမျိုးကို ဘယ်အခါမှ မပြောဘဲ လွတ်အောင်ရှောင်ကာ ပြဿနာတစ်ခုခု၊ အခက်အခဲတစ်ခုခုရှိလျှင်"မပူနဲ့...ဖြစ်လာမယ်၊ ဖြစ်မယ်၊ ဖြစ်ရမယ်"ဟုချည်း ၀င်ပြောတတ်ခြင်းကြောင့် လူလစ်သည့်အခါမျိုး၌ သူ့နားကပ်၍ "ကြီးကြီးခင်က မ တစ်လုံး ကျေနေပါလား" ဟု ကျိတ်စလိုက်သည်။ ကြီးကြီးခင်သည် မျက်နှာနီမြန်းသွားလျက် ရှက်ကိုးရှက်ကန်း ပြုံးရယ်နေတတ်လေသည်။

"မီးဖိုထဲကို မ၀င်ပါနဲ့ဆိုလည်း မရဘူး။ ဆီတစ်ပုံးကို ၁၅ရက်နဲ့ အကုန်ခပ်ပစ်တာပဲ။ သူ မရှာမဖွေရတိုင်း ဘာမှမဆင်ခြင်ဘူး။ ထင်သလို အရမ်းကာရော လုပ်ပစ်တာပဲ၊ ဘာမှ အပူလည်း မရှိဘူး၊ သူ့ပြောလိုက်ရင် ဖြစ်လာမှာပေါ့တဲ့။ တကယ့် အရူးမှ အရူးမကြီးပါ လှိုင်ရယ်"

ဒေါ်ဒေါ်က ဗျစ်တောက်ဗျစ်တောက်နှင့် စိတ်ထွက်တိုင်း နင်းကန်ဆူနေလေသည်။ တစ်ခါတစ်လေ ကျွန်မပင် ကြားထဲက၀င်၍ ကြီးကြီးခင်သဒ္ဓါတရားက ကြမ်းလှချည်လားဟု ဆိုမိပြောမိတော့သည်။ ဒေါ်ဒေါ်က အိမ်ရှေ့က ဆူပွက်နေလျှင် ကြီးကြီးခင်သည် မကြားသလိုလုပ်နေ၏။ မီးဖိုထဲ၌ အိမ်သူအိမ်သားများနှင့်တကွ လာသမျှပရိသတ် စားကြသောက်ကြရန် ကုန်းသာချက်နေ၏။ မီးဖိုပေါက်၀ကရပ်၍ လက်ညှိုးတငေါက်ငေါက်နှင့် လာဆူနေတော့မှသာ... "မသိန်းရယ်...ငါလုပ်တာနဲ့ နင်တို့မှာ ရှားပါးသွားလို့လား၊ ကုန်ရင် ဖြစ်လာမှာပေါ့... အင်းလေ... အင်း" ဟု ပြန်ပြောသည်။

ဒေါ်ဒေါ်သည် တစ်ကိုယ်လုံးတုန်နေအောင် ဒေါသထွက်လာသည်။ ကြီးကြီးခင်စကားကို နားမထောင်တတ်၍ နားထဲကန့်လန့်ကြီးဖြစ်သွားလျက်" လာပြန်ပလား... တစ်ဆိတ်ရှိ ဖြစ်လာမှာပေါ့... ဘာမှန်း ကန်းမှန်း သိလို့လဲ... အရမ်း"

ဒေါ်ဒေါ်၏မျက်လုံးမှာ လောကအကြောင်းကို ဘာမှန်းမှ မသိတတ်သောသူတစ်ယောက်နှင့် ဖက်ပြောရ၍ စိတ်ဆင်းရဲသောအသွင်ဆောင်နေ၏။ ကြီးကြီးခင်မျက်လုံးမှာ ဘယ်အရာကိုဖြစ်ဖြစ် ဘယ်လိုမှ မအောက်မေ့သော လျစ်လျူရှုသောအသွင်ကို ဆောင်၍နေ၏။ ကြီးကြီးခင်သည် သဒ္ဓါထက်မှု၏အပြစ်ဖို့ရာကို ခံယူကာ ဘယ်ပစ္စည်းမဆို စွန့်ပြီး အပိုင်းအခြားမရှိ ပါရမီဖြည့်လျက် သတိလက်လွတ်ပုံရှိနေသည်။

"သူပဲ နေနိုင်ပါတယ်တော်... သူပဲအေးတယ်... သူ့ဘ၀ကတော့ နိဗ္ဗာန်ပေါ့...ဘာမှလည်း မကြောင့်ကြဘူး၊ ဘယ်သံယောဇဉ်မှလည်း မထားဘူး။ သူ့လက်နဲ့လုပ်ပြီး စိတ်ရှိတိုင်း ပေးကျွေးစွန့်ကျဲနေတာကို ပျော်တာပဲ" စသည်အားဖြင့် စပ်မိတိုင်း တစ်ယောက်တစ်ခွန်း ဝိုင်း၍ ချီးမွမ်းပြစ်တင်ကြကုန်သည်။

ဘယ်သူတွေ ဘာပြောနေနေ ကြီးကြီးခင်သည် စိုးစိမျှမမှုချေ။ သူ၏အချိန်များကို စက်ကဲ့သို့ မီးကုန်ယမ်းကုန် ခုတ်မောင်းကာ ပြင်းထန်သောအဟုန်ဖြင့် တစ်နေ့လုံး မီးဖိုချောင်ကြီးဖက်လျက် မမောတမ်း သံသရာကျင်လည်နေတော့သည်။

ကျွန်မတို့ တာမွေဘက်တွင် အိမ်ရပြီဖြစ်၍ ပြောင်းဖို့ရာ စီစဉ်ကြရတော့သည်။ သွေးသားအရင်းနှင့်မခြား အတူတွနေထိုင်ခဲ့သော ဒေါ်ဒေါ်တို့နှင့်ခွဲရန် ၀န်လေးနေရသည့်အထဲ ကြီးကြီးခင်ကိုခွဲသွားရန် သာ၍၀န်လေးနေသည်။
ကြီးကြီးခင်သည် နောက်လှည့်မကြည့်ဘဲ လောလော လောလော ပေးတတ်ကမ်းတတ်၊ ပြောတတ်လုပ်တတ်ကာ သဘောကောင်းလွန်းအားကြီးသဖြင့် သူ့၌ရှိသော လျှို့ဝှက်မှုသည် တစ်နေ့ သူ့အား ကောင်းကျိုးမပေးနိုင်ဘဲ ဆိုးကျိုးများ ပြန်ပေးလေမလားဟု ကြောင့်ကြပူပန်သွားမိသည်။

"ကြီးကြီးခင်အတွက် ကျွန်မ စိတ်မချပါဘူး"

လူရှင်းတာနှင့် ဆန်သေတ္တာကြီးပေါ်၌ နှစ်ယောက်ထိုင်ကြရင်း စကားဆက်မရှိဘဲ ကောက်ခါငင်ကာ ဖွင့်ညည်းလိုက်သည်။

"စိတ်ချပါ လှိုင်... ကြီးကြီးခင်အတွက် ဘာမှမပူပါနဲ့။ ဘာမှမဖြစ်ပါဘူး။ လှိုင်ပြောင်းသွားရင် လှိုင့်အိမ်မှာ ကြီးကြီးခင် ခဏလာနေမယ်လေ"

ကြီးကြီးခင် လာနေပေးမယ်ဆိုလိုက်၍ အားရ၀မ်းသာ ဖြစ်သွားသည်။ ကြီးကြီးခင်နှင့် မခွဲခင် မေးချင်၊ ပြောချင်လှသည့် အကြောင်းတွေကို မေးသင့် မမေးသင့် ချိန်ဆကြည့်နေသည်။ ချိန်ဆနေရာမှ နောက်ဆုံးခွဲခါနီး ဘယ့်နှယ်ရှိရှိ တစ်ခွန်းတော့မေးမည်ဟု မမေးစဖူး ဖွင့်မေးလိုက်သည်။ ကြီးကြီးခင်သည် ကျွန်မ၏မေးခွန်းကို ဒက်ခနဲ နားလည်ကာ မဟုတ်သလိုလို ဟုတ်သလိုလိုသဘောမျိုးဖြင့် ရယ်မောနေလေသည်။ ကျွန်မမှာ ကြီးကြီးခင်၏မျက်နှာအမူအရာ ရယ်နေပုံကိုကြည့်ကာ ဒိဌသိသလို ခပ်တည်တည်ဟန်နှင့် ကြားရမည့်အဖြေကို စောင့်ကာ ဣနြေ္ဒရရ စိုက်ကြည့်နေသည်။

ကြီးကြီးခင်သည် အတောမသတ် ရယ်မောလျက်ပင် ပျာယီးပျာယာ ဟိုသည်လှည့်ကြည့် ရယ်မောပြီးနောက် ညာဘက်လည်ပင်းလည်စေ့နားကို ပုတ်ပြကာ... "ဒီမှာ ထားတယ်" ဟု ဖြေလိုက်၏။

ကျွန်မမှာ ကြက်သေသေလျက် ကြီးကြီးခင်၏ မေးရိုးအောက်က လည်စေ့နေရာ ဘေးနားကို စိန်းစိန်းစားစား ကြည့်နေမိသည်။ ကြီးကြီးခင်သည် ကျွန်မကို ရွှန်းရွှန်းစားစား ပြန်ကြည့်နေလျက် ချိုမြိန်စွာဖြင့် အနူးအညွတ် ပြုံးနေပေသည်။

"ဘယ်တော့မှ မထုတ်ဘူးလား"

ကြီးကြီးခင် ခေါင်းခါပြသည်။

"စားတော့ မျိုတော့ကော ဒီသဘောပဲ ထားသလား"

ကြီးကြီးခင် ခေါင်းညိတ်ပြသည်။ လူတစ်ဦး၏ လျှို့ဝှက်ချက်ကို သည်လောက် လျှောက်မေးနေဖို့ တော်ပါ့မလားဟု ပြန်ဆင်ခြင်ရကာ မေးချင်တာတွေ ဆက်မမေးနိုင်တော့ဘဲ ကြီးကြီးခင်အစား ကျွန်မ လည်ချောင်းနင်နေလေသည်။
ကြီးကြီးခင်သည် ဘာမှမဖြစ်သည့်သဘောကို ပြလိုဟန်ဖြင့် ရေထသောက်ပြကာ ကျွန်မနှင့် ပူးကပ်လာထိုင်သည်။ ထောင်ထဲ၌ ထောင်သားများ ပိုက်ဆံဝှက်ရန် လည်စေ့ကို ခဲနှင့်ကျင့်မျိုကြသည်ဟု ကြားဖူးနား၀ရှိ၍ ကြီးကြီးခင်လည်း သူ့ပစ္စည်းဝှက်ရန် ခဲနှင့်များ ကျင့်ရသလားဟု သိချင်လာကာ ခဲနှင့်ကျင့်ရသလား ဟု မေးမိလိုက်သည်။

"မဟုတ်ဘူး … သူ့အတိုင်းပဲ ကျင့်တာပဲ"

"၀မ်းထဲများ မတော်တဆရောက်သွားမှဖြင့် ကြီးကြီးခင်ရယ်"

ကျွန်မသည် လေသံလေးလေးဖြင့် စိတ်ပူကြီးစွာ ကြီးကြီးခင်နားနားသို့ ကပ်ပြောလိုက်သည်။ ကြီးကြီးခင်လည်း ခေါင်းရမ်းပြကာ အပန်းမကြီးဟန် ပြုံးပြနေသည်။ သူ့မျက်နှာကို တစိမ့်စိမ့်ကြည့်နေသော ကျွန်မ၏မျက်နှာကို အကဲခတ်နေကာ တစ်ခုခု ချီတုံချတုံ ဟန်အမူအရာများ ပေါက်လာပြီးနောက် … "လှိုင်… ကြည့်ချင်သလား" ဟု သာသာညင်းညင်း တိုးတိုးကလေး မေးသည်။ ကျွန်မ မြင်ချင်သော ပစ္စည်းတစ်ခုကို ကြည့်လိုလှလျက် ပြရန် ၀န်လေးနေမှာစိုးမိ၍ မျိုသိပ်ကာ ဆန္ဒမပြဘဲ ထိန်းနေသည်။ ကြည့်လိုလှသည့် အာသာဆန္ဒကို ချုပ်တီးကာ ကိုယ်နှင့် မဆိုင်သလို နှလုံးသွင်းထားလိုက်သည်။

ကျွန်မ၏ ၀မ်းသာအားရ အမူအရာများမှာ လိုအပ်တာထက်ပင် ပိုနေသည်။ ကြီးကြီးခင်၏ခါးကို တအားဖက်လိုက်ကာ … "ကျွန်မကို ယုံသလား … ကြီးကြီးခင် … ယုံသလား" ဟု ကမူးရှူးတိုး ပြောမိသည်။ ကြီးကြီးခင်သည် လက်ဝါးကိုဖြန့်ခံကာ လက်တစ်ဖက်က သူ၏လည်ပင်းကို လက်နှင့်နှိပ်လျက် ဟပ် ထုတ်လိုက်သည်။ လောက်စာလုံးနီးနီးလောက်ရှိမည့် ၀င်းအိနေသော ရွှေရောင်အဆင်းရှိသည့် ဓာတ်လုံးသည် အာခေါင်ထဲမှ လက်ဝါးပေါ်သို့ ခုန်ထွက်လာသည်။ ကျွန်မမှာ ကြီးကြီးခင်၏လက်ဝါးပေါ် ရောက်လာသော ဓာတ်လုံးကို မျက်တောင်မခတ် သဲသဲမဲမဲ စိုက်ကြည့်နေသည်။ ကြီးကြီးခင်သည် သူ့လက်ဖဝါးကို ကျွန်မဘက်သို့ တိုးကာ ကမ်းလိုက်မှ ကျွန်မလည်း မျက်လုံးကြီးများ လှန်ကာ ကြီးကြီးခင်ကို အံ့အားသင့်စွာ မော့ကြည့်လိုက်မိသည်။ "ယူကြည့်လေ" ဟု ကြီးကြီးခင်က လေသံနှင့် ပြောနေသည်။

ကျွန်မမှာ သည်လို ပေးရိုးထုံးစံ ရှိသလားဟု များစွာ အံ့အားသင့်နေလေသည်။ ကျွန်မသာဆိုလျှင် တန်ဖိုးထား၍ သည်လောက် ခဲခဲယဉ်းယဉ်း မျိုဝှက်ထားရသော ပစ္စည်းမျိုးဖြစ်ပါက ကိုယ်က လွဲပြီး မည်သူ့ကိုမျှ ပေးကိုင်လိမ့်မည် မဟုတ်သဖြင့် ယူကြည့်ရန် လွယ်လွယ်ကူကူ ပေးနေပုံကို အံ့အားကြီး သင့်နေရသည်။ သူ့လက်ထဲမှ ရုတ်တရက် ကောက်မယူဘဲနေ၍ ကြီးကြီးခင်သည် သူ့လက်နှင့် ကောက်ယူကာ ကမ်းပေးလေသည်။ သည်တော့မှ ကျွန်မလည်း လှမ်းယူလိုက်ရသည်။ အကယ်၍များ သူ့ဓာတ်လုံးကို ပါးစပ်ထဲ ပစ်သွင်းလိုက်ပြီး မပေးတော့ဘူးဆိုပါက ဘယ်နှယ့်များ နေရှာမလဲဟု ချက်ချင်း တွေးကြည့်မိသည်။ ကျွန်မ ၁၅နှစ်သမီး အရွယ်လောက်က ကျွန်မတို့အား နေထိုင်မကောင်းလျှင် ဆေးကုသပေးသော ဘကြီးအောင်အိမ်သို့ အမေလွှတ်၍ ရောက်သွားသည်။

သူ့အိမ်က နောက်ဖေးမှာ ဖိုထိုးနေသည် ပြော၍ အိမ်နောက်ဖေးရှိ ဖိုရုံပေါက်၀မှ သွားရပ်ကြည့်လျက် သည်လောက် မီးပူခံ လုပ်ကိုင်နေပုံများကို နားမလည်နိုင်အောင်ဖြစ်မိသည်။ ကျွန်မမေး၍ ဘကြီးက ဖိုဆွဲရင်း ဓာတ်လုံးထိုးတာဟု ဖြေသည်။ ဓာတ်လုံးနှင့် ပတ်သက်၍ အကျိုးအာနိသင်ကို သိချင်သဖြင့် မေးခွန်းပေါင်း သောင်းခြောက်ထောင် မေးကြည့်နေသည်။

"သည်ကောင်မလေး အမေးအမြန်းထူလိုက်တာ … ဓာတ်လုံးပေါက်တော့ ဣစ္ဆသယ လိုတာပြီးတာပေါ့ဟဲ့" ဟု ဖြေဖူးသည်။ ကျွန်မတို့ နေထိုင်မကောင်းလျှင် ဘကြီးက သူ၏ခဲရောင်ထကာ ပြောင်နေသော ဓာတ်လုံးကို ရေစိမ်တိုက်သဖြင့် ကိုင်ပြုကြည့်ဖူးသည်။

ဘကြီးအောင်အိမ်သို့ ရောက်တိုင်း … "ဘကြီး … ဓာတ်လုံးက ထိုးလို့ မပြီးသေးဘူးလား"ဟု မေးတတ်သည်။

"မပြီးသေးလို့ ဒီဓာတ်လုံးနဲ့ ငါ့ကို နင်တွေ့နေရတာပေါ့ဟဲ့ … ပြီးရင် တွေ့ပါ့မလား"

ကျွန်မငယ်စဉ်က တွေ့ဖူးကြုံဖူးသော ဓာတ်လုံးနှင့် ယခု ကြီးကြီးခင်၏ဓာတ်လုံး အသွင်သဏ္ဍာန်မှာ တခြားစီဖြစ်နေသည်။ ဓာတ်လုံး၏ လုံးနေသောသဏ္ဍာန်တွင် အရည်အသွေးများ ၀င့်လျက် ဆန်းကြယ်နေကာ ရိုးရိုးရွှေမျိုးနှင့် မနှိုင်းသာ၊ မယှဉ်သာအောင် ခြားနားသော ရွှေ၏အဆင်းသည် မျက်လုံးနှင့် မခွာချင်အောင် ဆွဲငင်နေပေသည်။ ဤဓာတ်လုံး၏ တန်ခိုးသိဒ္ဓိကား မည်သည့်ခရီးသို့ ရောက်ကာ မည်သည့်အဆင့်အတန်း၌ ရောက်နေခြင်းတော့ ကိုယ်နှင့်မဆိုင်၍မသိ။ မိမိ၏သိဒ္ဓိကို ရေအစင်ရွှေသားဖြင့် ဖော်ကျူးမောက်ကြွားနေသည့်အလား ထင်ရ၍ ဘယ်ရတနာမျိုးနှင့် မတူအောင် လိုချင်တပ်မက်စိတ် ဖြစ်ပေါ်ယစ်မူးစေနိုင်ပေသည်။

ကျွန်မမှာ သူတထူးလျှို့ဝှက်ထားသော ပစ္စည်းတစ်ခုကို ထုတ်ပြ၍ ယုံကြည်မှုကို ၀မ်းသာမိသော်လည်း ယူကိုင်ကြည့်ခွင့်ပေးသောမူကို မနှစ်သက်နိုင်ဘဲ လုံး၀ လက်မခံနိုင်အောင် ဖြစ်နေသည်။ သူတစ်ပါးလက်ထဲသို့ ပေးအပ်နိုင်ခဲ့လျှင် လည်ချောင်းထဲထည့်၍ ခက်ရာခက်ဆစ် မျိုဝှက်ထားစရာ မလိုဘူးဟု ထင်မိသည်။

"ကြီးကြီးခင် … ဖွက်တာ ရန်ကိုကြောက်လို့ ဝှက်ရတာ မဟုတ်လား။ ဘယ်သူ့မှ ပေးလည်း မပေးနဲ့၊ ပြလည်း မပြနဲ့ပေါ့"ဟု သတိပေးစကားပြောကာ ပြန်ကမ်းပေးလိုက်သည်။ ကြီးကြီးခင်လည်း တစ်ခါတည်း ပါးစပ်ထဲ သွင်းလိုက်ကာ သူ့နေရာသူ ပြန်ပို့လိုက်သည်။

"ကြီးကြီးခင် ဘာဖြစ်လို့ ဆက်မလုပ်တာလဲ"

အဂ္ဂိရတ်ဓာတ်သဘောကို ဘကြီးထံမှ ကြားဖူးနား၀ ရှိခဲ့သောကြောင့် ကိစ္စမပြီးသေး၍သာ သည်ဓာတ်လုံးကို ကျွန်မ တွေ့ရသည်။ ကိစ္စပြီးနေပါလျှင် တွေ့ရမည့်အရာမျိုး မဟုတ်ဟု တွေးမိကာ မေးလိုက်မိခြင်းဖြစ်သည်။ ကြီးကြီးခင်သည် အဖြေမပေးဘဲနေသည်။

"လုံထဲထိုးတော့ ဓာတ်လုံးကို ပြာအန်သလား"

ကျွန်မမှာ အဂ္ဂိရတ်ပညာကို လိုက်စားကာ နားလည်တတ်ကျွမ်း၍ မေးမြန်းခြင်း မဟုတ်ဘဲ သူများပြောသံ ကြားသဖြင့် လျှောက်မေးကြည့်ခြင်းသာ ဖြစ်လေသည်။ ကြီးကြီးခင်သည် တုပ်တုပ်မျှမလှုပ်ဘဲ ငြိမ်နေသည်။ ကြီးကြီးခင်ထံမှ အဖြေမရ၍ ဆက်မမေးတော့ဘဲ အသာငြိမ်နေလိုက်သည်။

ငြိမ်နေသော ကြီးကြီးခင်သည် အသက်၀င်လာကာ … "အန်တယ်"ဟု ပြန်ဖြေလိုက်သဖြင့် … "ဒီပြာတွေ ကြီးကြီးခင် စားသလား"ဟု ပြန်မေးလိုက်သည်။

ကြီးကြီးခင်သည် ပြုံးလိုက်လေသည်။ နီးကပ်စွာ ဂရုတစိုက် ကြည့်နေခိုက်ဖြစ်၍ ပြုံးလိုက်မှ ပိုမိုပြန့်သွားသော ပါးနှစ်ဖက်ကို သတိပြုမိသည်။ အသက်၆၀အရွယ် ပါးမျိုးမဟုတ်ဘဲ သွေးရောင်လျှမ်းထသွားသော ပါး၏အသားမှာ တင်းပြည့်ကာ နုပျိုစိုပြည်သော လက္ခဏာများ ထင်ရှားပေါ်လွင်သွားသည်။

"ပြာတွေ စားတော့ အကျိုးထူးသလား ကြီးကြီးခင်"

ကြီးကြီးခင်သည် ကျွန်မအနားတွင် ရှိမှန်းမှ သိပါရဲ့လားဟု ထင်မှတ်ရလောက်အောင် မလှုပ်ဘဲ ဆိတ်ငြိမ်လျက် နေပြန်၏။ ဝိဇ္ဇာ၊ ဇော်ဂျီတွေနှင့်များ တွေ့နေသလားဟု ကျွန်မက ပြက်ရယ်တင်စား၍ တွေးထင်ရလောက်အောင် မလှုပ်ဘဲ အငြိမ်ကြီး ငြိမ်သက်နေလေသည်။

ထိုအခိုက် အိမ်ရှေ့၌ ဧည့်သည်များ တက်လာကြသံကို ကြားရသည်။ ကြီးကြီးခင်သည် ကိုယ်ကိုယိမ်းကာ နောက်သို့ လိန်လျက် အိမ်ရှေ့လှေခါးမှ တက်လာကြသော ဧည့်သည်များကို ကဲကြည့်လိုက်သည်။ ဒေါ်ဒေါ်၏အသံမှာ ဆူညံသွားသည်။ ဧည့်သည်နှင့် တစ်ယောက်တစ်ခွန်း ပြောဆိုနှုတ်ဆက်နေကြသော အသံတို့ကား မကွဲမပြားအောင် ဗလုံးဗထွေး ဖြစ်နေကြသည်။ ဧည့်သည်များကို ကြည့်ပြီး ကျွန်မဘက်သို့ လှည့်လိုက်ကာ ကျွန်မကို စိုက်ကြည့်သည်။

"ကြီးကြီးခင်လေ ဘယ်သူ့ကိုမှ မပြောဖူးဘူး။ အသက်၄၀လောက်က သွေးဆုံးခဲ့တာ … အဲဒီပြာ စားပြီးတဲ့နောက် အခု အသက်၆၀မှာတောင် အင်း … အခုလေ အဲ … သွေးပြန်ပေါ်နေတယ်"

ထိုစကားကို ဘယ်လိုထားရမှန်းမသိသော မျက်နှာနှင့် ရှက်လှစွာ ဖွင့်ပြောလျက် တုန်တုန်ယင်ယင်ဖြင့် နေရာမှ ထလိုက်သည်။

အပြင်ဘက်မှ စားစရာယူခဲ့ရန် အော်လိုက်သော ဒေါ်ဒေါ်၏အသံကို … "အင်း … အင်း … ရမယ် … ရမယ် အခုပြီးပါမယ်" ဟု ပြန်အော်လိုက်လေသည်။

"လှိုင့်ကို ကြီးကြီးခင် အများကြီး အားထားပါတယ်။ ကြီးကြီးခင်ရဲ့ ခဲရာခဲဆစ်ကို လှိုင် တစ်ဖက်က ကူညီနိုင်မလားလို့ မျှော်လင့်မိတယ်။ ဒါကြောင့် …"

၄။

တာမွေအိမ်ကြီးသို့ ကျွန်မတို့ ပြောင်းရွှေ့သွားကြပြီးနောက် ကြီးကြီးခင်သည် ကျွန်မတို့နှင့် ခေတ္တခဏ လာနေသည်။ ညနှစ်ချက် ထ၍ ဆွမ်းချက်ကာ ဘုရားဆွမ်းကပ် သီလယူပြီးနောက် နံနက်လင်းလျှင် တားမရ ဆီးမရ မီးဖိုထဲသို့ ၀င်သွားကာ ကျွန်မတို့အတွက် ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ပေးလေသည်။ မွန်းမလွဲမီ ကော်ဖီတစ်ခွက်ပဲ သောက်လိုက်တာ နှစ်ဧကလောက် ကျယ်၀န်းသော ဥယျာဉ်ထဲ၌ လှည့်ပတ်လျှောက်နေကာ ပျောက်ကွယ်နေလေသည်။ ကြီးကြီးခင်၏အရိပ်အယောင် မမြင်ရသဖြင့် တိုက်ရှေ့ရှိ ရေကန်ကြီးဆီသို့ ထွက်လာခဲ့ကာ ရေကန်ဘောင်ပေါ် တွင် ရပ်လျှက် ပါးစပ်ကို လက်ခုပ်နှင့် ကွယ်ပြီး … "ကြီးကြီးခင်ရေ … ကြီးကြီးခင်"ဟု တောင်မြောက်လေးပါးက ကြားအောင် ဟစ်အော်ခေါ်နေရသည်။ ဥယျာဉ်ကြီးထဲ၌ သစ်ကြီးဝါးကြီးများ ပေါက်ရောက်နေလျှက် တောကြီးကဲ့သို့ သစ်ပင်များ ပိတ်ကျပ် ဆိုင်းအုပ်နေလေရာ ကျွန်မဟစ်ခေါ်နေသည့်အသံမှာ ပဲ့တင်ထပ်ပြန်နေသည်။ ဘယ်၀ယ်ဘယ်ဆီကမှန်း မဖမ်းနိုင်သောအသံကို ပြန်ရလေသည်။

"လာပြီး လှိုင်ရေ … လာပြီ … လာပြီ"

ကျွန်မတို့သည် ရေကန်နားရှိ မရမ်းပင်ကြီး၏အရိပ်အောက်တွင် ထိုင်ကြ၏။ ထိုနေရာသည် ကျွန်မတို့နှစ်ကိုယ်ကြား လျှို့ဝှက်စွာ စတင်တိုင်ပင် ဆွေးနွေးခဲ့ကြသောနေရာ ဖြစ်သည်။

"ကြီးကြီးခင် ဘ၀ကို အစက ပြောပြမယ်၊ ၁၉နှစ်သမီးလောက်က စတာပဲ။ ကြီးကြီးခင်တို့ မိဘဟာ တယ်ပြီး ရတနာသုံးပါး ကြည်ညိုကြတယ်။ သထုံမှာ ရွှေကျင်သာသနာပြန့်ပွားအောင် အခြေစိုက်ပေးခဲ့တယ်။ လယ်၀န်ဘ၀က ပင်စင်ယူပြီး နေ့ရှိသရွေ့ ကျောင်းဝေယျ၀စ္စ ကျောင်းကိစ္စနဲ့ အချိန်ကုန်နေကြတာပဲ။ ဒီအချိန်မှာ ကြီးကြီးခင်တို့ လှချင်ပချင်အရွယ်ပေါ့။ စိန်တစ်လုံးတည်း နားကပ်ကြီးကို ညီမတွေထက် ကြီးကြီးခင်ကို ရတီပိုကြီးပြီး ၀ယ်ပေးရတယ်။ အလှကို သိပ်ကြိုက်တာပဲ။ လှဖို့ ပဖို့လောက်ပဲ စိတ်ကူးနေတာပဲ။ တစ်နေ့တော့ "ကဲ … ဒီကမျှစ်"လို့ လမ်းမက အော်သွားတဲ့ စျေးသည်အသံကို ကြားတာနဲ့ မေမေက မျှစ်သည်ကို လှမ်းခေါ်လိုက်တယ်"

" သမီးရေ … မနက်ဆွမ်းဖို့ ၀ယ်လိုက်ပါဦးဆိုတာနဲ့ ကြီးကြီးခင်လဲ မီးဖိုထဲက စကောတစ်ချပ်ဆွဲပြီး ထွက်လာတယ်။ မျှစ်သယ်လေးက ကြီးကြီးခင်အရွယ်လောက်ပဲ ရှိတယ်။ ကျောင်းဖို့ မျှစ်နှစ်ပိဿ ချိန်တွယ် ၀ယ်ပြီး သူ့မျှစ်တောင်းကြီးကို ကြီးကြီးခင် ခေါင်းပေါ်ပြန်ပင့်ပေးလိုက်တော့ ကြီးကြီးခင်လေ သူ့ကိုကြည့်ပြီး ဘယ်လိုများ ဖြစ်သွားတယ်ဆိုတာ မပြောနဲ့တော့။ အင်း … တစ်သက်မှာ တစ်ခါ ကြုံရတာပါပဲလေ"

သစ်ပင်အောက်၌ ကြီးကြီးခင်သည် သူ၏နောက်ကြောင်းကို အစက ပြန်လှန်ဇာတ်ခင်းလျက် ပြောပြနေလေသည်။ ကြီးကြီးခင်သည် ပြောလာရင်း ဤနေရာ၌ ရပ်ကာ ရှေ့သို့ မဆက်တော့ဘဲ သူ့ဟာသူ ပြန်ကြက်သီးထနေသလို တုန်လှုပ်ချောက်ချားနေပုံ မြင်လိုက်ရသဖြင့် ကျွန်မမှာ စိတ်၀င်စားစွာ နားထောင်နေရာမှ ဘုမသိ ဘမသိနှင့် ကြက်သီးထသွားလေသည်။

"ဘယ်လိုဖြစ်သွားတာလဲ ကြီးကြီးခင်" ဟု ဆက်ပြောရန်ပင် ထောက်ပေးရသည်။

ကြီးကြီးခင်သည် မျက်နှာပျက်ကာ ချောက်ချားနေခြင်းကို ပြန်၍ ဣနြေ္ဒဆယ်လိုက်သည်။ ဣနြေ္ဒပြန်ဆည်ပြီး မျက်နှာကို ပြင်ထားလိုက်သည်။ ဣနြေ္ဒကြီးကြီးထားလျက် ထွက်သက်၀င်သက်လုပ်သော ကမ္မဌာန်းအလုပ်ကို ၀င်စားနေသယောင်။ သို့မဟုတ် ကိုယ့်စိတ်ကိုယ် ရပ်တည်ရာရအောင် ထိန်းသိမ်းနေသယောင်ယောင်။ တစ်ခဏချင်း ရုပ်တစ်မျိုးပြောင်းသွားပြန်သည်။

"ဘယ်လိုဖြစ်လို့လဲ ကြီးကြီးခင်ရယ်" ဟု ကျွန်မက ထပ်မေးရသည်။

ကြီးကြီးခင်သည် အသက်ပြင်းပြင်းကြီး ရှူထုတ်ကာ ခေါင်းကို ညိတ်၏။

"မျှစ်သယ်ကလေးကို ကြည့်ပြီး ကြီးကြီးခင် မလှုပ်နိုင်အောင် ဖြစ်နေတာပေါ့။ သူသာ အိမ်ပြင်ရောက်သွားပါရော ကြီးကြီးခင်မှာဖြင့် သတိလစ်ပြီး ဒီအတိုင်းပဲ မတ်တတ်ကြီး ရပ်နေတယ်။ မေမေက … ဟဲ့ သမီး ဘာကြည့်နေတာလဲ … ဗန်းယူသွားလေ လို့ ဆိုလိုက်တော့မှ သတိပြန်ရတယ်။ မျှစ်ဗန်းကို ကုန်းယူပြီး မီးဖိုထဲ ၀င်ပြေးတာပဲ။ တစ်ကိုယ်လုံးလည်းလေ ဆတ်ဆတ်တုန်နေတာပါပဲ လှိုင်ရယ် … ရင်ထဲမှာ ဘယ်လောက် ထိတ်သွားသလဲဆိုတာ …"

"ဘယ်လိုဖြစ်လို့လဲ ကြီးကြီးခင်ရဲ့"

ကြီးကြီးခင်သည် ငြိမ်သွားပြန်သည်။ ဣနြေ္ဒပြန်ဆယ်နေရပြန်လေသည်။ ထို့နောက် ဖြည်းဖြည်းလေးလေးကြီး ပြောပြလေသည်။

"သူ့မျှစ်တောင်းကို ခေါင်းပေါ်ပင့်တင်ပေးလိုက်တော့ စောစောက မျှစ်သယ်လေး မဟုတ်တော့ဘူး လှိုင် … ကြီးကြီးခင်ရဲ့မျက်စိထဲမှာလေ ကမ္မဋ္ဌာန်းရုပ်ကြီး … အရိုးစုကြီးက ကြီးကြီးခင်နဲ့ မျက်နှာချင်းဆိုင် ရပ်ပြီး တကထဲ မျှစ်တောင်းကြီး ရွက်လို့ …"

ဤအချိန်ကစ၍ ကြီးကြီးခင်သည် စွဲမိစွဲရာ သူ့ကိုယ်သူ သည်အတိုင်းနေ၍ မဖြစ်ဟု ယုံကြည်လာသည်။ သူ့မျက်စိနှင့် ဒိဌမြင်လိုက်ရသော အရိုးစုကြီးသည် သူတကာကို ပြောပြလို့လည်း ယုံကြမည်မဟုတ်။ လက်ရှိဘ၀မှ အလွတ်ရုန်းရန် နိမိတ်မြင်ခြင်းဟု အထင်ရောက်ကာ ဘ၀သစ်ကို ချက်ချင်း ပြင်းစွာ ဖြစ်လာမိသည်။ အရိုးစုကြီးမှာ မျက်စိထဲမှ မထွက်တော့ချေ။ အစဉ်သဖြင့် ခြောက်လှန့်နေလေ၏။ မှန်ကြည့်သည့်အခါ ကိုယ့်ရုပ်ကို မြင်ဖို့ရာတွင် အရိုးစုကြီးသည် မှန်ထဲတွင် ရောက်နေ၏။ နောက်ဆုံး မှန်မကြည့်ရဲအောင် ဖြစ်လာသည်။

ထို့ကြောင့် သူ့နှလုံးသားတွင် ခံစားမှုတစ်ခုသည် အဟုန်ပြင်းစွာ ရိုက်ခတ်နေကာ ပို၍ ပို၍ မနှစ်မြို့ဖွယ်ရာများသာ မြင်ယောင်လာသည်။ ကိုယ့်ကိုကိုယ် အရိုးစုကြီးပမာ စက်ဆုပ်စွာမြင်လာကာ ဒုက္ခဘုံကြီးမှ ထွက်ပြေးချင်သလိုလို ဖြစ်လာသည်။

ထိုဆန္ဒမှာ လျော့သည်မရှိ၊ ဆထက်ထမ်းပိုး  တိုး၍သာ ပြင်းပြလာသဖြင့် ထွက်ရာပေါက်ကို ရှာကြည့်လေသည်။ ခေါင်းကိုရိတ်ခါ သီလရှင်လုပ်လျက် လူတွေထဲနေဖို့ရန်ကို စိတ်ကူးထဲ၌ ထည့်မရအောင်လည်း ဖြစ်သည်။ သူ၏ယုံကြည်ချက်မှာ ဘုရားလက်ထက်လည်း မဟုတ်၊ ဘိက္ခူနီမခေတ်လည်း မရှိ၊ မည်သည့်အသွင်မျိုးနှင့်ဖြစ်စေ လူတွေနှင့် ဝေးရာနေရာ၌ တရားကိုပေါက်အောင် အားထုတ်ကျင့်ရန်သာ အဓိကပါဟု မယ်သီရှင်ဘ၀ကို ကွင်းရှောင်လိုက်သည်။

မိမိမှာ အရွယ်ရောက်လာပြီဖြစ်၍ အကယ်၍ မိဘများက အိမ်ထောင်ရက်သားချပါက ထိုအဖြစ်ကို မျက်မှောက်ပြုနိုင်ပါမည်လော။ ခဲယဉ်းလှပါချေသည်။ သူများနည်းတူ ၀တ်စားဖြီးလိမ်းနေဖို့ရန်ပင် သူ့အဖို့ မချီနိုင်သော ၀န်ထုပ်၀န်ပိုးလိုဖြစ်နေ၍ သာလွန်၀န်လေး ခဲယဉ်းနေပေပြီ။ ယခု ဘ၀မျိုးနှင့်သာ နေချေပါက လှမှု ပမှု ၀တ်မှု စားမှုများကို ရှောင်ကွင်းနေ၍ ရမည် မဟုတ်။ စွန့်လွှတ်ချင်၍လည်း ဖြစ်မည်မဟုတ်။ နောက်ဆုံး၌ ကြီးကြီးခင်သည် လူ့အိမ်ထောင်ကြီးနှင့် လွတ်ရာ ဝေးရာ သစ်တစ်ပင်အောက် ဝါးတစ်ပင်အောက်၌ တရားသွားကျင့်နေခြင်းသာ ကြည်နူးဖွယ်ရာ ချမ်းမြေ့ဖွယ်ရာဟု အာသာဆန္ဒ စွဲလန်းကြီးမားလာသည်။

ညအချိန် နေ၀င်ဖျိုးဖျ ဘုရားရှိခိုးပြီးနောက် အိမ်ပေါ်ပြတင်းပေါက်မှ ကြည့်လိုက်လျှင် အဝေးမှ ဆီးနေသော မြသပိတ်တောင်တန်းကြီးကို လှမ်းမြင်ရလေသည်။ လူသူကင်းဝေးစွာဖြစ်သော တောင်ကြီးကို မျက်နှာမူလျက် ငေးမျှော်နေတတ်ကာ တောင်ကြီးဆီသို့ မျှော်ကြည့်နေရခြင်းက စိတ်သက်သာရာ ချမ်းသာရာတစ်မျိုး ရရှိလာသည်။ ညအခါ တစ်ရေးနိုးထလျှင်ပင် အဝေးက တောင်ကြီးကို ရှုမျှော်ကြည့်လေ့ရှိ၏။ မကြာမီ တောင်ကြီးသည်ပင်လျှင် သူ့ဘ၀ ခရီးစဉ်၌ သူ့အဖော်ပမာ မိတ်ဆွေရင်းချာ ဖြစ်လာသည်။

တစ်ည၀ယ် လရောင်မှုန်မှုန်အောက်၌ ကြီးကြီးခင်သည် ခါတိုင်းလိုပင် ပြတင်းပေါက်က ထွက်ရပ်ကာ မြသပိတ်တောင်ကြီးကို မျှော်ကြည့်နေမိ၏။ မြသပိတ်တောင်နှင့် မလှမ်းကမ်းတည်ရှိနေသော  လဝတောင်ကိုလည်း ခပ်ရေးရေး မြင်ရ၏။ တောင်တန်းတို့သည် လရောက်အောက်၌ ငြိမ်၀ပ်ကာ အမှောင်၏ ဖုံးကွယ်ရာ၀ယ် ငုံးတိတိနှင့် မည်းနေသည်။ တောင်၏ တောင်စွယ်တောင်ဖျားမှ ရုတ်တရက် မှိတ်တုတ် မှိတ်တုတ်နှင့် ထွက်လာသော မီးရောင်နီလေးကို မြင်လိုက်ရသည်။ မီးရောင်သည် သာမန်မီးရောင် ထွက်လာပုံမျိုး မဟုတ်ချေ။ တစ်စုံတစ်ရာ အထိမ်းအမှတ် အချက်ပြနေသောမီးဟု ထင်ရအောင် မှိတ်လိုက်လင်းလိုက် ဖြစ်နေပေသည်။ လင်းလာခိုက်တွင် အလင်းရောင်သည် ဝေ့ကာဝိုက်ကာ ရဲသွားလျက် ပြန်မှိတ်သွားပြန်၏။ မှိတ်ရာမှ တဖန် ပြန်လင်းလာကာ မီးနီလုံးကလေးသည် အထက်တက်လိုက် အောက်ရောက်လိုက်နှင့်  ယမ်းနေကာ ရဟတ်လို ပတ်ချာလည်နေပြီးနောက် ကွယ်ပျောက်သွားသည်။

ကြီးကြီးခင်သည် ထူးခြားသော မီးရောင်ကို အားကုန်စူးစိုက်စွာ ရပ်ကြည့်နေမိ၏။ ညကြီးမင်းကြီး တောင်ပေါ်က ပျောက်လိုက်လင်းလိုက်ပေါ်လာသော မီးရောင်သည် အကြောင်းတစ်စုံတစ်ရာ အဓိပ္ပာယ်ရှိမည်ဟု ထင်လိုက်မိသည်။ မိမိနေရာနှင့် တောင်ရိုးသည် များစွာ ကွာလှမ်းသော်လည်း မမျှော်လင့်ဘဲ တွေ့လိုက်ရသော အချက်ပြမီးရောင်သည် မိမိနှင့်နီးစပ်ကာ ပတ်သက်၍ပဲ နေတော့သလိုလိုနှင့် ယုံမှားထင်မှားဖြင့် စိတ်တွေ ကယောက်ကယက် ဖြစ်လာတော့သည်။

ထိုညက အစပြု၍ ည လူခြေတိတ်ချိန် အိမ်သားများအားလုံး အိပ်မောကျနေချိန်၌ ကြီးကြီးခင်သည် အိပ်ယာမှ တိတ်တဆိတ်ထကာ ပြတင်းပေါက်တွင် ရပ်လျက် မီးရောင်ကို ချောင်းနေမိသည်။ မီးရောင်မှာ ပေါ်မလာဘဲ ရှိနေ၏။ တောင်ရိုးပေါ်တွင် ထူးဆန်းသော မီးရောင်သည် သုံးညလွန်မှ ထွက်လာခြင်းကို ထပ်ပြီး မြင်ရ၏။ သုံးညလွန်မြောက်သော ညတိုင်းပင် ကြီးကြီးခင်လည်း မီးရောင်ကို ထကာ ချောင်းကြည့်နေတော့၏။ တစ်ညတွင် ပြတင်းပေါက်က ရပ်စောင့်ရင်း မှေးငိုက်လာခိုက် ဝေ့ကာ သန်းကာ လင်းသွားလိုက် ပျောက်သွားလိုက်ရှိသော မီးနီရောင်ပေါ်လာသည်ကို မြင်ရလျှင် အလိုလို ဒူးများ ဆတ်ဆတ်တုန်လာကာ နှလုံးသားတွေ အရည်ပျော်မတတ် ဖြစ်လာလေသည်။

ငိုချင်သလိုလို မီးရောင်ရှိရာသို့သာ ပြေးထွက်သွားချင်သလိုလိုဖြင့် စိတ်ကို မထိန်းနိုင်လောက်အောင်ပင် ရပ်တည်ရာမရ ဖြစ်နေမိသည်။ တောင်ပေါ်က အချက်ပြမီးကို တွေ့ပြီးခဲ့သည့်နောက်ပိုင်း၌ တစ်နေ့တစ်ခြား ဟန်ဆောင်၍ပင် မရနိုင်တော့အောင် အမူအရာများ ပျက်လာလေသည်။ လူတွေနှင့် နေမဖြစ်၍ ဘာသာ သီးခြားနေရာကို ရှာရွေးနေရချင်ငြားလည်း မရ၊ ဖင်ထိုင်မကျရှိလျက် ဂနာမငြိမ် ရှိနေသည်။

"ဒီဘဝကြီးဟာ အိုလိုက် နာလိုက် သေလိုက်နဲ့ ဒုက္ခတွေ အနန္တနဲ့ ပြည့်နေတဲ့ဘ၀၊ ဖြစ်လိုက်ပျက်လိုက်နဲ့ မမြဲတဲ့ဘ၀၊ ဒုက္ခကို မနှစ်သက်မှ ဒုက္ခက ကျွတ်လွတ်နိုင်လိမ့်မယ် "

ကြီးကြီးခင်သည် အရိုးစုကြီးက အနားကပ်လျက် ဤသို့ အမြဲသတိလိုက်ပေးနေသကဲ့သို့ ရှိနေကာ၊ ထင်မှတ်နေကာ၊ အရာအားလုံးနှင့် ပဋိပက္ခကြီးဖြစ်၍ နေ၏။ ဘ၀ကို ငြီးငွေ့သော မပျော်ပိုက်သော စိတ်ဒုက္ခကြီးမှ ကျွတ်လွတ်နိုင်ရန် ရုန်းကန်တွန်းလှန်နေရခြင်းဖြင့် နေစဉ်နှင့်အမျှ ပင်ပန်းဆင်းရဲနေရပေသည်။

တစ်နေ့သော ဥပုသ်နေ့၌ အိမ်ရှိလူကုန် ကျောင်းထွက်ကာ ဥပုသ်စောင့်ကြ၏။ ကြီးကြီးခင်မှာ အိမ်တွင် နေရစ်ခဲ့သည်။ အားလုံးသွားကုန်ကြမှ ဆင်ယင်ထားသော လက်၀တ်လက်စားများကို ချွတ်ခဲ့ကာ အိမ်က လစ်ထွက်လာခဲ့လေသည်။ ကိုယ်သွားလိုရာသို့ အမြန်ရောက်ချင်လှသည့်ဇောဖြင့် ခြေကုန်သုတ်လာကာ မကြာမီ တောင်ခြေသို့ ဆိုက်ရောက်လာသည်။ နံနက်စောစော တောင်၏တင့်တယ်ခြင်းသည် စိတ်ကို နူးညံ့ချမ်းသာသွားသည်။ သဘာ၀အားဖြင့် ပေါက်ရောက်နေကုန်သော သစ်ပင်ကြီးငယ်တို့သည် စိမ်းစိုလန်းဆန်းသော ခက်မ ခက်ရွက်များ အုပ်ဝေနေလျက် အေးမြမြအရိပ်နှင့် တိတ်ဆိတ်ခြင်းအတိ ရှိနေ၏။ နေရောင်ထိုး၀င်နိုင်သော နေရာအတွင်း၌ ရောင်ခြည်များ ဖောက်ကွင်းတောက်ပ ထွန်းလင်းနေလျက် သစ်ပင် ထူထပ်ရာနေရာများတွင် ရိပ်ကွယ်နေသဖြင့် တောင်ကြီးတစ်တောင်လုံး နေရောင်ခြည်များ ပြောက်တိပြောက်ကျား ဖောက်ထွင်းတောက်ပနေပုံမှာ ကျောက်ရိုင်းကျောက်တုံးကြီး အရောင်ထွက်နေသကဲ့သို့ ထင်မှတ်ရသည်။

ကြီးကြီးခင်သည် တောင်ရိုးကြီးကို မော့ကြည့်ကာ အိမ်ကမြင်ရသော မီးရောင်ထွက်ရာနေရာသို့ မှန်းဆ တက်သွားလေသည်။ တောင်ပေါ်၌ လူသွားလူလာ မရှိပေ။ သစ်ပင်ချုံနွယ်တို့ကြားမှ ပုန်းလျှိုး တိုးဝှေ့တက်ရလေသည်။ တောင်ပေါ်ရှိ ကျေးငှက်သာရကာများ၏ အသံဗလံများကို အဖော်ပြုကာ ရောက်လိုလှသည့်နေရာသို့ ရမ်းသမ်းပြီး မှန်းသွားရ၏။ ရှေ့သို့တက်နေသော်လည်း နောက်သို့လည်း မပြတ်ပြန်ကြည့်ကာ လာလမ်းကို ပြန်မှတ်ပြီး တက်သွားသည်။ ကျွန်းပင်ကြီး တစ်ပင်အောက်သို့ ရောက်သောအခါ မောဟိုက်လွန်း၍ ခေတ္တ အပန်းဖြေ ထိုင်နားနေသည်။

တောင်ပေါ်၌ လေတိုးရာတွင် သစ်ကိုင်များ တစ်ကိုင်းနှင့်တစ်ကိုင်း ခတ်သွားကြသော အသံများသည် ရှေ့သို့ ဆက်မသွားရန် ခြောက်လှန့်နေကြ၏။ ကြီးကြီးခင်သည် စိတ်ကိုတင်းကာ တောင်မြောက်လေးပါးကို လှမ်းကြည့်သည်။ ထိုနေရာ၌ တောင်အောက်ကလို သစ်ပင်ချုံပုတ်များ ရှုပ်မနေကြပဲ ပင်ခြေအောက်၌ ရှင်းနေလေသည်။ မျက်စိထဲ၌ မြင်ရသော အရာ၀တ္ထုများနှင့် ရှူရှိုက်ရသော လေသည် တစ်ခဏခြင်း အမောပြေစေကာ အားအင်ပြည့်တင်းသည်။

မျက်စိအေး နားအေးရှိသလို ထာ၀စဉ် ပူလောင်နေသော ရင်ထဲ၌လည်း အေးမြနေ၏။ အတန်ကြာနားနေပြီးလျှင် လမ်းကောင်းကို ရွေးကာ ဆက်လက်၍ တက်သွားပြန်သည်။ ခရီးတွင်အောင် ခပ်သုတ်သုတ် နှင်လာခဲ့၏။ လမ်းတွင် သားရဲတိရစ္ဆာန်များနှင့် မတွေ့ကြုံရန် ဘုရားဂုဏ်တော်ကို တတွတ်တွတ် ရွတ်ဖတ်သွားရလေသည်။ ရှေ့သို့ တစ်နာရီခန့်တက်သွားမိလျှင် ရေစီးနေသော စမ်းကလေးသည် ရှေ့က ဖြတ်ဆီးထားသည်။ စမ်းတစ်ဖက်တွင် သစ်ပင်များ ပိတ်ကျပ်ကာ ရှုပ်နေလျက် လူသူ အရောက်အပေါက် နည်းဟန် ရှိသည်။

ကြီးကြီးခင်သည် မောလာသဖြင့် စမ်းကိုတွေ့လျှင် ရေသောက်လို၍ မြေပေါ်တွင် ထိုင်ချလျက် လက်ခုပ်နှင့် ရေကို ငုံ့ခပ်နေခိုက် "ဘယ်ကို သွားမလို့လဲ မိန်းကလေး"ဟု မေးလိုက်သော အသံကို နားမှ ကြားရလျှင် ခေါင်းကြီးသွားကာ လက်ခုပ်ထဲ၌ သယ်ခပ်ယူလိုက်သော ရေများသည် စမ်းထဲသို့ ပြန်ကျကုန်လေသည်။

ကြီးကြီးခင်လည်း နောက်သို့ လှည့်ကြည့်လိုက်သည်။ မျက်စိထဲ၌ မယုံကြည်နိုင်အောင်မြင်ရကာ ကြက်သေ သေသွားသည်။ မိမိရေငုံ့ခပ်နေသော နေရာ၏ အနောက်၌ သစ်ပင်တစ်ပင်၏ခြေရင်းတွင် မိမိဘက်သို့မျက်နှာမူကာ မြေပေါ်၌ ကျုံ့ကျုံ့ယုံ့ယုံ့ ထိုင်နေသော ရသေ့မကြီးတစ်ယောက်ကို သွားတွေ့ရသည်။ ယခုပင် ဤသစ်ပင်ရှေ့က ဖြတ်ကျော်လာခဲ့သေးလျက် မမြင်မိခြင်းကို အံ့သြကာ ကြက်သေ သေနေမိသည်။ ရသေမကြီးသည် အသက် ၆၀ခန့် ရှိပေမည်။ သူ၏ဖြူဆွတ်သော ဆံပင်များကို နောက်တွင် ထုံးခွေထားသည်။ သစ်ခေါက်ဆိုးအ၀တ်ကို ၀တ်ထားသော နီညိုရင့်ရင့်ပုတ်ပုတ် အရောင်ရှိသော ကိုယ်ရုံကြီးကို တစ်ကိုယ်လုံးခြုံလျက် မြေပေါ်၌ ငြိမ်သက်စွာ မိန်းမပီပီ ထိုင်နေသည်။ မျက်နှာတွင် နဖူးရေပါးရေများ တွန့်ရှုံ့နေကာ မှေးနေသော မျက်လုံးတို့သည် တောက်ပြောင်စူးရှလှသည်။ ကြီးကြီးခင်သည် နေရာမှထလျက် ရသေ့မကြီးအနီးသို့ လာခဲ့သည်။ ရသေ့မကြီးရှေ့တွင် ဒူးထောက်လိုက်ကာ ခြေထောက်များပေါ်၌ ဖိထိုင်ချလျက် မျက်နှာကို လက်ဝါးနှင့်အုပ်ကွယ်ပြီး ရှိုက်ကြီးတငင် ငိုမိလေသည်။

"ကြီးကြီးခင်က လူ့ဘောင်ကို မပျော်ပိုက်နိုင်တဲ့ အကြောင်းနဲ့ အရိုးစုကြီးကို မျက်စိထဲက ဖျောက်လို့မရနိုင်တဲ့ အကြောင်းတွေ ရသေ့မကြီးကို အကုန်ဖွင့်ပြောပြတယ်။ နောက် ဒီတောင်ပေါ်က ညမီးကို တွေ့ရတော့ ဒီမှာ သူတော်ကောင်းတွေ ပုန်းအောင်နေမှာပဲ။ ဒီမီးနေရာကို လိုက်ရှာရင် သူတော်သူမြတ်တွေနဲ့ တွေ့ရမှာပဲလို့ စိတ်ထဲက စွဲလန်းပြီး အိမ်က အရဲစွန့်လာတဲ့အကြောင်းတွေ ပြောပြလိုက်တယ်"

နောက်ကြောင်းကို ဇာတ်ခင်းပြောပြနေသော ကြီးကြီးခင်၏ဘေး၌ မရမ်းပင်ကြီးကို ကျောနှင့် ကပ်မှီကာ ထိုင်နားထောင်နေရင်း ကျွန်မမှာ ကြားရသောအဖြစ်အပျက် အချင်းအရာများကို တောင်ပေါ်မှ ပြကွင်းပြကွက်နှင့် လှပစွာမြင်နေကာ ၀တ္ထုကောင်းတစ်ပုဒ်ကို အရသာခံကာ ဖတ်နေဘိသကဲ့သို့ ရှိလှသည်။

"ကြီးကြီးခင်ကို ရသေ့မကြီး ဘာပြောသလဲ"

"အဲဒီနေရာမှာ … သူနှင့်အတူ တရားလာအားထုတ်နိုင်တယ်လို့ ပြောတယ်။ တောင်စွန်းပေါ်က ဆရာတော်ဘုရားဆီက ညဘက်မီးရောင်ပြခေါ်ရင် နောက်တစ်နေ့မနက် အဲဒီသွားပြီး တရားယူရသတဲ့။ ဆရာတော်ဘုရားဆီကို မခေါ်ဘဲနဲ့ မသွားရဘူး။ မီးပြခေါ်မှ သွားရတဲ့။ ကြီးကြီးခင်ကို နက်ဖြန်စောစောကြီးလာခဲ့။ ဆရာတော်ဘုရားဆီ ခေါ်သွားမယ်လို့ပြောပြီး နေရာက ထသွားတယ်။

သူ့တောင်ဝှေးကို ထောက်ပြီး စမ်းကလေးတစ်ဖက်ကို လှမ်းမကူးခင် ကြီးကြီးခင်ဘက်ကို လှည့်ပြီး …
"မိန်းကလေး … လာလမ်းအတိုင်း ပြန်၊ ဘေးမရှိဘူး"လို့ ပြောသွားတယ်။ စမ်းကလေးလည်း ကျော်သွားရော သစ်ပင်အုပ်တွေထဲမှာ ပျောက်သွားမှ ကြီးကြီးခင် ပြန်ပြေးဆင်းလာခဲ့တာပဲ"

ကျွန်မ၏မျက်စိထဲတွင် တောင်ပေါ်မှ ပြေးဆင်းလာနေသော ကြီးကြီးခင်ကို မြင်နေရသည်။ တောင်ပေါ်က ပြန်အဆင်း သူ့ကိုယ်သူ "အောင်ပြီ" ဟု မည်မျှ ၀မ်းသာအားရ ရှိလာမည်နည်း။ သူ့ကိုယ်သူ ထူးသည်ဟုလည်း မည်မျှ နှစ်သိမ့်တက်ကြွ ဖြစ်လာမည်နည်း။ သူသည် ဘ၀အသစ်ကို မျက်နှာမူထားပေပြီ။

တောင်ပေါ်သို့ သူလာစဉ်က လမ်းဟောင်းအတိုင်း လျှောက်ပြန်လာခဲ့ငြားလည်း ထိုလမ်းများသည် သူ့ဘ၀ခရီး၏လမ်းသစ်ဟု ခေါ်ဆိုရမည်။ လောကကြီး၌ သူကြိုက်သောနေရာ အစိတ်အပိုင်းကနေ၍ ပြတ်ပြတ်သားသားနှင့် နိုင်နင်းစွာ စွမ်းဆောင်ကြိုးပမ်း အားထုတ်သွားရမည့် သူ၏ ဘ၀ခရီးစဉ်သည် ဤလမ်းက စပေသည်။ သံသရာကို စက်ဆုပ်၍ လောကီကို ငြီးငွေ့ကာ တရားအားထုတ်ရန်ဟု တစ်ခုတည်းသော အကြောင်းဖြင့် ပြဌာန်းကာ လမ်းသစ်မှ လျှောက်ပြန်လာခဲ့သော ကြီးကြီးခင်သည် သူ၏ဘ၀တစ်သက်တာ၌ လောကီကို တကယ်တန်း စွန့်ခွာပစ်နိုင်ပါလေစ။

၅။

"မအေးခင် တစ်ယောက်တော့ သွပ်တွတ်တွတ် ဖြစ်နေပါပြီ" ဟူသော တီးတိုးသံများသည် ထွက်ပေါ်လာလေသည်။

ကြီးကြီးခင်၏ အိမ်သားများထဲမှ ညီမငယ်ဖြစ်သော ဒေါ်ဒေါ်ပင်လျှင် ဥမ္မတ္တကဟု ခေါ်စမှတ်ပြုလာသည်။ ကြီးကြီးခင်သည် တောင်ပေါ်၌ ဆရာတော်ဘုရားနှင့် စတွေ့ရသောနေ့၌ပင် ဤနေ့ဤရက်ကစ၍ အသက်ထက်ဆုံး ရှစ်ပါးသီလကို စောင့်ထိန်းပါမည်ဟူသော သစ္စာဖြင့် လောကအကြောင်းများနှင့် အဆက်ဖြတ်နိုင်သလောက် ပြတ်သွားအောင် ဖြတ်ပစ်လိုက်သည်။

တောင်ပေါ်မသွားရန် အိမ်က တားမြစ်၍ မရတော့ပေ။ တောင်ပေါ်သို့သာသွားနေကာ တစ်ခါတစ်ရံ ရသေ့မကြီးနှင့် ညအိပ်နေလေ၏။ တောင်ပေါ်တွင် သစ်ပင်တစ်ပင်အောက် ထိုင်ကာ ဝိပဿနာအလုပ်ကို ထင်မြင်၀င်စား အားထုတ်နေတတ်၏။

မှဲ့၊ ခြင်၊ ယင်၊ ပိုးမွှားတိရစ္ဆာန်များနှင့် အဆိပ်ပြင်းထန်သော ပိုးကောင်များ ကိုက်နေလည်း မလှုပ်မရှားဘဲ အဓိဌာန်ပါရမီ ဆောက်တည်လျက် အားထုတ်မြဲသာ အားထုတ်နေ၏။ ကြီးကြီးခင် အိမ်သို့ပြန်လာသောအခါ မည်သူနှင့်မျှ ရောနှောပြောဆိုမနေဘဲ ကျောင်းက ဆွမ်းကွမ်း ဝေယျာဝိစ္စများသာ ကျုံးလုပ်နေတတ်သည်။

တောင်နှင့် အိမ်ကို ကူးလိုက်သန်းလိုက်လုပ်နေပြီး တစ်ခါတစ်လေ တောင်ပေါ်၌ ရက်ကြာနေသဖြင့် အိမ်က စိတ်ပူကာ လိုက်ခေါ်ကြရလေသည်။ ကြီးကြီးခင်၏မိခင်မှာ ကြီးကြီးခင်အတွက် ရတတ်မအေးနိုင်အောင် ဖြစ်နေရသည်။ အမှန်စင်စစ် ကိုးကွယ်ဆည်းကပ်နေသော ဗုဒ္ဓဘာသာတရားအရ သမီးဖြစ်သူသည် တရားနှင့် မွေ့လျော်နေခြင်းအတွက် ကျေနပ်နှစ်ခြိုက်ရန် နှလုံးသွင်းဖို့ရာ ရှိသော်လည်း ကြီးကြီးခင်၏ ရှေ့အနာဂတ်အတွက် လူကြီးပီပီ မြော်မြင်ဆင်ခြင်ကြည့်၍ စိတ်မအေးနိုင်အောင် ဖြစ်နေသည်။

ကြီးကြီးခင်သည် ရသေ့မအ၀တ်ကို ၀တ်နေချင်လည်း ၀တ်နေတတ်ပြန်၏။ သွားနေလာနေကျ တောင်မှ ဆရာတော်ဘုရား ရွှေ့သွားရာ ဒေးဘလန်းတောင်စွန်းသို့ ရသေ့မကြီးနှင့်အတူ လိုက်ရွှေ့နေကြသည်။ ဒေးဘလိန်းတောင်စွန်းသို့ ရွှေ့ပြီးသည့်နောက် ကြီးကြီးခင် အိမ်ပြန်လာလျှင် ယခင်က ပြန်လာခြင်းမျိုးနှင့်မတူအောင် ထူးခြားလာပြန်လေသည်။ နေပုံထိုင်ပုံလည်း ထူးသည်။ ပြောပုံဆိုပုံလည်း ထူးသည်။ အထူးခြားဆုံးကား ကြည့်ပုံရှုပုံတို့ ဖြစ်၏။ စိတ်မနှံသောသူများကဲ့သို့ မူမမှန်ခြင်းမျိုးလည်း မဟုတ်။ စိတ်ကောင်းနေသော သူများကဲ့သို့ မူမှန်ခြင်းမျိုးလည်း မရှိ။ ပြောချင်ရာတွေပြောကာ ကြည့်ချင်ရာ ငေးငိုင်ကြည့်လျက် သို့မဟုတ် ရာဇ၀တ်ကောင်နောက် ပုလိပ်လိုက်၍ ဘယ်နေရာရောက်ရောက် မလုံဘဲ ကျီးကန်းတောင်းမှောက်ဖြစ်နေသလို ဖြစ်နေလေ၏။

"ကျွန်မကို အထက်ဆရာကြီးများက စောင့်ကြည်နေကြတယ်။ အင်းလေ … တစ်မျိုးပေါ့ … အဲ … သူတို့အတိုင်းပဲ"

သည်စကားမျိုးတွေ ပြောလာ၍ မိခင်ကြီးမှာ မျက်လုံးဝိုင်းကာ သမီးစကားကို နားမလည်ဘဲ ဖြစ်နေသည်။

"ဘယ်လိုများ ဖြစ်လာပါလိမ့်တော် … ဘယ်သူနဲ့များ တွေ့လာပါလိမ့်" ဟု စိုးရိမ်ထိတ်လန့်သွားသည့် ကြားထဲကပင် သမီးပြောတာတွေ ဟုတ်မလိုလို ထင်မှတ်ချင်ထင်မှတ်နေပြန်၏။ အခြားသူများက ကြီးကြီးခင်၏စကားကို လက်မခံကြ၍ ပြောချင်တာရှိလျှင် မိခင်ကို ကွယ်ရာတွင် ကျိတ်ပြောပြတတ်သည်။

"အသိရခက်လိုက်တာ သမီးရယ် …" ဟု သမီးကို ကြည့်ပြီး ညည်းနေရလေသည်။ တောင်ပေါ်က ပြန်လာသည့်တစ်နေ့ အိမ်ရှိလူကုန် အရေအတွက်နှင့် ခြံထဲမှ နှင်းဆီပန်းပွင့်များကို ခူးခိုင်းကာ ဗန်းထဲတွင် ပန်းပွင့်များကို မှောက်ထည့်စေလျက် ဘုရားခန်းထဲ၌ ဗန်းကိုမြှောက်၍ မျက်စိမှိတ်နေလေသည်။ တစ်အိမ်သားလုံး အနားက ဝိုင်းအုံကြည့်နေကြသည်။

ပန်းဗန်းကို မြှောက်ကိုင်လျက် မျက်စိများမှိတ်ကာ တစ်စုံတစ်ရာကို အာရုံ၀င်စားနေဟန်ရှိပြီးနောက် ဗန်းကိုချလိုက်ကာ အိမ်ရှိလူကုန် အစေ့အငှ နှင်းဆီပန်းပွင့်များကို တစ်ပွင့်ကျ ပေးကမ်းသည်။ နှင်းဆီပွင့်ကို လက်ဝါးပေါ်၌ ခါကြည့်ရန် ပြော၍ အားလုံးကိုယ်စီရသော ပန်းကို ခါကြည့်လိုက်ကြသောအခါ ပုရပိုက်ရွှေနှင့် လုပ်ထားသော ရွှေလက်ဖွဲ့ကလေးများသည် လက်ဝါးပေါ်သို့ ကျလာကြသည်။

ဒေါ်ဒေါ်နှင့်တကွ တစ်အိမ်လုံးပင် မျက်လုံးများ ပြူးသွားကြကာ … "ဘယ့်နှယ်ပါလိမ့်" ဟု စိတ်ထဲတွင် ထူးဆန်းသွားကြသည်။ ရှေ့ဆက်၍ လုပ်ခိုင်းလည်း မရတော့ပေ။ သူ့ကိုမေး၍လည်း လက်ဖွဲ့တွေ ဘယ်ကလာကြောင်း မဖြေဘဲ နေသည်။ ဝိုင်းပြီး အမေးအမြန်းထူနေကြ၍ လူတွေနှင့်ဝေးရာသို့ ထသွားသော ဣနြေ္ဒကြီးနှင့် တစ်နေရာရာ သွားငြိမ်ထိုင်နေလိုက်၏။ ကြီးကြီးခင်သတင်းသည် ဆွေမျိုးတစ်သိုက်တွင် ပျံ့နှံ့သွားလေသည်။ ကြီးကြီးခင် ထူးလာပုံကို မယုံရအခက်၊ ယုံရအခက်နှင့် ဖြစ်နေကြသည်။ ယုံကြည်အောင်ပြပါလျက် မယုံကြည်ကြသူတွေအား ယုံချင်လည်းယုံ မယုံချင်လည်းနေဟု ပြောချင်ရာတွေ လျှောက်ပြောနေသည်။

"မိုးကို မရွာအောင် တားဆိုရင်တောင် တားနိုင်တယ် သိရဲ့လား၊ ဘာမှတ်လို့လဲ"

ထိုသို့ မိုးလားကဲလား ပြောနေသဖြင့် ရှေ့ကို သည်ထက် တိုးကဲသွားမှာကြောင့် အားမပေးဘဲ အယုံမရှိသလို နေလိုက်ကြသည့်ပြင် တစ်အိမ်သားလုံးကို စိုးရိမ်တကြီး ဝိုင်းနှိမ်လာတော့သည်။ ကြီးကြီးခင်လည်း သူ့အား မယုံကြည်ခြင်း၊ အထင်အမြင်မကောင်းခြင်း၊ နှိမ်ချခြင်းကို မခံမရပ်နိုင်အောင်ရှိလာကာ ရှေ့သာတိုးလျက် သူထင်ရာတွေ သူလုပ်၏။ သူထင်ရာ သူပြောနေတော့၏။ ဥစ္စာပျောက် ပစ္စည်းပျောက်သူတို့နှင့် တွေ့လျှင်... "ဘယ်မှာသွားရှာ...တွေ့မယ်"ဟု အိမ်က မယုံကြည်သူတို့ကို ပြချင်လွန်း၍ သတိလက်လွတ် ပြောမိ ဆိုမိတော့သည်။

တစ်နေ့ ဆွေမျိုးသားချင်းထဲမှ သူ့အိမ်၌ ငွေ ၂၅၀၀- ကျပ် ပျောက်သွားသဖြင့် ကြီးကြီးခင်အား မေးရန် လာကြသည်။ ဒေါ်ဒေါ်လည်း သည်အကြောင်းကိုသိလျှင် ကြီးကြီးခင်ကို သည်လိုသာ ဝိုင်းလုပ်နေကြ၍ တိုးကဲလာမှာတွေကို ရှက်လာသဖြင့် အစမလုပ်ရန် တားမြစ်နေမိပြန်သည်။ သူ့အား မမေးရန် ကန့်ကွက်နေမှန်းသိသဖြင့်... "အဲဒီငွေ ၂၅၀၀ကျပ် ဘယ်မှာရှိတယ်...သွားရှာယူ" ဟု ပြောမိပြန်သည်။ ကြီးကြီးခင်ပြောသည့်အတိုင်း ပြောသည့်နေရာ၌ ငွေပြန်တွေ့ကြ၏။ ဤသတင်းမှာ ဖုံးမရအောင် ပျံ့နှံ့ထွက်သွားသည်။ အနားသို့ လူများ တရုံးရုံးရှိလာလျှင်  ကြီးကြီးခင်လည်း ငြီးငွေ့လာပြန်ကာ တောင်ပေါ်သို့ ပြန်ပြေးလေ၏။

သထုံတစ်ဝိုက်ရှိ တောင်များမှာ ကြီးကြီးခင် မရောက်ဖူးသော တောင်ဟူ၍ မရှိသလောက်ပင်ဖြစ်သည်။ ဇင်းကျိုက်တောင်ပေါ်က ဘုရားကို ကျားမကြောက်၊ ဆင်မကြောက်၊ အရုဏ်အမီ ညကြီးမင်းကြီး  ဆွမ်းသွားတက်ကပ်၏။ ထိုသို့ တောင်တက်ကာ တောင်ကို တစ်ယောက်တည်း ခြေသလုံးအိမ်တိုင် လျှောက်သွားနေရင်း တောင်ပေါ်၌ ဘုရားငုတ်တို တစ်ဆူကို သွားတွေ့မိ၍ ဝါးလုံးတစ်လုံးခုတ်ကာ ထိပ်တွင် လက်ကိုင်ပုဝါအဖြူ  ချည်လျက် အလံစိုက်ထားခဲ့ပြီးနောက် သူတွေ့ရှိခဲ့သော ပေါ်တော်မူဘုရားကို နောင်တွင် ဆြာဦးသွင်၏သားချင်းများက အသစ်မွမ်းမံပြင်တည်ပေးကြသည်။

"ကြီးကြီးခင်လေ ဟိုတုန်းက တောင်တွေ လျှောက်လှည့်သွားနေရတာ သိပ်စိတ်ချမ်းသာတာပဲ... ကြီးကြီးခင် တရားအားထုတ်တဲ့ ဒေးဘလိန်းတောင်စွန်းမှာ အမြဲ စတည်းချတာပဲ။ ဆရာတော်ဘုရားက ဖိုထိုးတော့ လုံကို ကြီးကြီးခင်ကို လုပ်ခိုင်းတာနဲ့ လုပ်ပေးရတယ်။ ဆရာတော်ဘုရားနဲ့ကျမှ ကြီးကြီးခင်လည်း လုံလုပ်ဖူးတော့တာပဲ ။ ဆရာတော်ဘုရားက ဆွမ်းခံကြွတာမဟုတ်ဘူး "

"သြော် ဆရာတော်ဘုရားက ဖိုထိုးသကိုး၊ အင်း... အင်း... ဆက်ပါဦး" ဟု ၀င်ပြောလိုက်သည်။ ကျွန်မသိလိုသည့်  ကြီးကြီးခင်၏လည်ပင်းထဲမှ ဓာတ်လုံးနှင့် နီးစပ်လာ၍ အိပ်ငိုက်နေသူတစ်ယောက် အိပ်ချင်ပြေသွားသလို ဖြစ်သွားကာ လန်းလန်းဆန်းဆန်း ရှိသွားသည်။

"ဖိုထိုးတာ ကြာပါပြီ... တစ်ခါတစ်လေ ကြီးကြီးခင်ကို သင်္ကန်းစုတ်နှင့် ပတ်လိပ်ထားတဲ့အထုပ်ကို ပေးပြီး ရောင်းခိုင်းတော့ ကြီးကြီးခင်လည်း တောင်ပေါ်ကဆင်းပြီး မယောင်မလည် သွားရောင်းတာပေါ့"

"သြော်...သြော်"

ကျွန်မမှာ ပြန်ငြိမ်နေလိုက်သည်။

ငြိမ်သက်လျက် ဆက်လက်နားထောင်နေစေကာမူ ကျွန်မစိတ်ထဲ၌ လှုပ်ရှားနေကာ ဦးနှောက်လည်း အလုပ်များနေ၏။ အဂ္ဂိရတ်ဓာတ်ပညာနှင့် ပတ်သက်၍ ကျွန်မသည် အတ္တနောမတိမျှသာ ရမ်းဆကြည့်နိုင်သော အခြေရှိကာ ထိုပညာ၏ ထက်မြက်သောအာနိသင်နှင့် အသုံး၀င်ပုံကို ကိုယ်တိုင်မတွေ့ဖူးသောကြောင့်တစ်ကြောင်း၊ ရွှေဖြစ်သည်ဆိုခြင်းကို  ပြောတာနှင့် ယုံကြည်ဖို့ရန် ခဲယဉ်းနေလေသည်။ လောကီပညာရပ်များကို ကျယ်၀န်းပြန့်ပြူးစွာ မြင်သိလာကာ အတွေ့အကြုံများ လာသောအခါမှပင် ပွင့်လင်းသောစိတ်ဖြင့် အကျိုးနှင့်အကြောင်းနှင့် မျှတစွာ ဝေဖန်စဉ်းစားနိုင်လိမ့်မည်ဟု အောက်မေ့မိတော့ကာ အသာငြိမ်နေလိုက်သည်။

"ဒါနဲ့ ကြီးကြီးခင်လည်း ဆရာတော်ဘုရားလိုပဲ ဖိုထိုးရောလား"

"ကြီးကြီးခင်လား … မထိုးတတ်ပါဘူး။ ထိုးလည်း ထိုးမကြည့်ဖူးသေးပါဘူး။ ဆရာတော်ဘုရား ခိုင်းတာသာ လုပ်ပေးတာပဲ"

ကြီးကြီးခင်သည် ဒေးဘလိန်းတောင်စွန်း၌ အဂ္ဂိရတ်ထိုးသော ဆရာတော်ဘုရား၏ခြေရင်းတွင် နှစ်ပေါင်းများစွာပင် ၀တ်ကြီး၀တ်ငယ်ပြု၍ နေတော့၏။ ဆရာတော်၏ နှုတ်ပိတ်ချက်အရ ဖိုထိုးခြင်းနှင့် ပတ်သက်၍ မည်သူ့ကိုမျှ မပေါက်ကြားစေရဘဲ သူ့အသိနှင့်သူ မြုံနေလေသည်။ ထိုကဲ့သို့ လူ့ဘ၀ကို နှစ်ပေါင်းများစွာ အချိန်ကုန်လွန်စေခဲ့လေသည်။ လောကီကို စက်ဆုပ်ကာ တရားအားထုတ်သောအလုပ်ကား မည်သည့်အခြေသို့ ပေါက်ရောက်နေသည်ကို သူ့ဟာသူပင် သိပေမည်။ လောကီကို ငြီးငွေ့လျက် လောကုတ္တရာနောက် လိုက်သွားသော လမ်းခရီးတွင် လောကီနှင့် ရင်ဆိုင်နေရပါချေပြီတကားဟု ဝေဖန်မိသည်။

ကြီးကြီးခင်၏မိခင်မှာ သမီးသုံးယောက်ရှိသည့်အနက် သမီးအကြီးနှင့်အငယ်ကို အိမ်ထောင်ရက်သား ချပေးပြီးခဲ့၍ စိတ်အေးရသလောက် တစ်ကိုယ်တည်းနေသော ကြီးကြီးခင်၏ဘ၀ကို အမြဲပူပန်ကာ စိတ်မချရှိရသည်။

"ညည်းအတွက် ငါ စိတ်မအေးပါဘူး"ဟု ပင့်သက်ချ၍ ပြောဆိုတိုင်း …

"ကျွန်မအတွက် ဘာမှ ပူစရာ မရှိပါဘူး မေမေ … ဒုက္ခမီးတွေကို ကြောက်လွန်းလို့ပါ" ဟု စက်ဆုပ်စွာ ပြောတတ်လေသည်။

ကြီးကြီးခင်၏ တစ်ကိုယ်တည်းဘ၀ကို စိတ်မချနိုင်ရှိနေရသော အတောအတွင်း ကြီးကြီးခင်၏အစ်မ ကြီးကြီးညွန့်သည် ခင်ပွန်းလင်နှင့် သေကွဲ ကွဲသွားကာ ညီမအငယ်ဖြစ်သော ဒေါ်ဒေါ်မှာလည်း လက်ထပ်ပြီး ရှင်ကွဲကွဲသွားကြ၏။

"ကျွန်မ မပြောဘူးလား မေမေရဲ့ … အိမ်ထောင်သားမွေးဆိုတာ ကိုယ့်မီးကိုယ်မွှေးပြီး ကိုယ့်ဒုက္ခ ကိုယ်ရှာကြတာ၊ မေမေ သူတို့ကို စိတ်အေးရအောင် အိမ်ထောင်ချပေးလိုက်တာ အခုတော့ ဘယ့်နှယ်ရှိစ။ ကျွန်မအတွက် ပူရသလား၊ သူတို့အတွက် ပူရသလား"

ကြီးကြီးခင်ပြောသလိုပင် ကြီးကြီးခင်အတွက်ထက် အိမ်ထောင်ပျက်ကြသော သမီးနှစ်ယောက်အတွက်ကို ပူပင်သောကရှိနေရပြန်သဖြင့် ကြီးကြီးခင်အတွက် ပူမနေတော့ဘဲ ကြိုက်သလိုနေတော့ရန် ဥပေက္ခာပြုထားလိုက်တော့သည်။

ခင်ပွန်းလည်း မရှိ။ သမီးနှစ်ယောက်ကလည်း အဝေးရောက်နေလျက် တစ်ကိုယ်တည်းဖြစ်နေရှာသော မိခင်အိုကို သံယောဇဉ်ငဲ့ကာ တောင်ပေါ်တွင် ကြာရှည် တရားအားထုတ်မနေနိုင်ဘဲ မိခင်အပါးသို့ ပြန်လိုက်သွားလိုက်ဖြင့် အချိန်လွန်ခဲ့သည်။ သို့ဖြင့် ရက်ကာလ ကြာညောင်းလာစဉ် ရန်ကုန်တွင် ကောလိပ်ကျောင်း၌ ထမင်းဆိုင်ဖွင့်လျက် စီးပွားရှာနေကြသော ကြီးကြီးညွန့်နှင့် ဒေါ်ဒေါ်တို့က သူတို့ထံသို့လာကာ ခေတ္တစောင့်ရှောက်ပေးရန် အတန်တန် မှာခေါ်နေကြသဖြင့် ညီအစ်မများနှင့် ကွဲနေကြတာလည်း ကြာပြီဖြစ်၍ ကြီးကြီးခင်သည် ခေတ္တခဏ ရန်ကုန်သို့ ထွက်လာခဲ့သည်။

ကောလိပ်ကျောင်းသားတွေ တရုန်းရုန်းနှင့် စားကြ သောက်ကြသောဆိုင်၌ ကြီးကြီးခင်သည် ရောက်တာနှင့် မီးဖိုထဲ၀င်ကာ ထမင်းရေချောင်းစီး အလှူကြီးအတန်းကြီး ပေးနေသလိုပင် ထမင်းဟင်းများကို ဆိုင်ရောင်းနှင့်မတူစေရဘဲ အလှူအိမ်ကြီးနှင့်မခြား စေတနာတွေ ရေစီးကမ်းပြိုလိုက်ကာ မီးဖိုထဲက မထွက်ဘဲ ကောင်းသည်ထက် ကောင်းအောင်ချည်း ၀င်ပြင်ချက်ပေးနေသောကြောင့် ညီအစ်မနှစ်ယောက်စလုံး ကြီးကြီးခင်အတွက် စိတ်ညစ်လာကြသည်။

မီးဖိုထဲ မ၀င်ပါနှင့်ဟု တား၍လည်းမရ။ တစ်ဆိုင်လုံးရှိ မီးဖိုသည်လျှင် လူလွတ်ရာနေရာဖြစ်၍ ရောက်ကတည်းကာ နေ့ရှိသရွေ့ မီးဖိုထဲက မထွက်။ မမောမပန်း ချက်ပေးနေတော့၏။ ထိုအချိန်က ကျောင်းသားများ ဆိုင်က ဟင်းညံ့၍ မြို့ထဲသို့ ထွက်စားရသည်မရှိဘဲ ဆိုင်ဟင်း၊ ထမင်း အချက်အပြုတ် ကောင်းလွန်းအားကြီးသဖြင့် မြို့ထဲကပင် ကောလိပ်သို့ တကူးတကန့် လာစားနေကြလေသည်။

"ကြည့်လုပ်ပါ မစိန်ခင် … ဒါဆိုင်ဟဲ့ … ဆိုင် …" ဟု ဒေါ်ဒေါ်က နားပူအောင် သတိပေးနေသည့်တိုင်အောင် လက်က မလျော့ပေ။ ကုန်းကုန်းခမ်းခမ်း ကောင်းသည်ထက် ကောင်းအောင်သာ အားထုတ်၏။ ကျောင်းသားများ စားမြိန်ကြသည်ဟု သိရလျှင် မီးဖိုထဲ၌ ခုန်ချင်ပေါက်ချင်လုမတတ် ၀မ်းသာမြူးထူးနေကာ မိမိလည်း မစားမမြည်းဘဲနှင့် မြိန်မြိန်ရှက်ရှက်ကြီး ရွှင်ပျအားရနေပေ၏။ ကြီးကြီးခင်၏ သဒ္ဓါတရားကို ပိတ်ပင်ရာကျမှန်း သိသော်လည်း မတတ်သာ၍သာ ပြောကြရသည်။ သိပ်နှိမ်လည်း မပြောမဆိုဝံ့ကြ။ စိတ်မထင်လျှင် တစ်ခဏချင်း ထွက်သွားတတ်သည်ကို အစင်းသိမို့ စိတ်ညစ်ညစ်နှင့်ပင် လျစ်လျူရှုထားကြရတော့သည်။

တစ်နေ့ နေ့လည်ဖက်၌ ဆိုင်အတွက် တစ်လစာ၀ယ်ရန် ကြီးကြီးခင်ကို ငှားထားသော ကုလားလေးတစ်ယောက်နှင့် စျေးသို့ လွှတ်လိုက်သည်။ သိမ်ကြီးစျေးထဲ၌ ၀ယ်ခဲ့ရန် မှာလိုက်သော ပစ္စည်းများကို တစ်ခုပြီးတစ်ခု လျှောက်၀ယ်ခြမ်းနေစဉ် ဆိုင်တစ်ဆိုင်မှ ၀ယ်ခြမ်းလာပြီးနောက် ၀ယ်စရာကျန်တာများကို မ၀ယ်တော့ဘဲ မျက်စိမျက်နှာ ပျက်ပျက်ဖြင့် … "ကုလားလေး … ဒီပစ္စည်းတွေနဲ့ နင် ပြန်သွားတော့။ ဒီပိုက်ဆံလည်း အစ်မတို့ကို ပေးလိုက်" ဟု ပြတ်ပြတ်တောက်တောက်ကြီးလုပ်ကာ ပြန်၍ လှည့်မကြည့်တောဘဲ ချက်ချင်း ထိုနေရာမှ ထွက်သွားလေ၏။

"ဘယ်ထွက်သွားတာလဲ ကြီးကြီးခင်ရဲ့"

ကြီးကြီးခင်သည် သူ၏ဇာတ်ကြောင်းများကို ပြန်ခင်း ပြောပြလာရင်း ဆက်လက်ပြောရန် မပြောလည်းခက် ပြောလည်းခက်သော အခြေသို့ ဆိုက်ရောက်လာပြန်သည်။ စကားကို မဆက်နိုင်ဘဲ မစူးမရဲရှိသော အမူအရာဖြင့် တွေနေ၍ ကျွန်မမှာ စပ်တငံ့ကြီးဖြစ်ကာ … "ဘယ်ထွက်သွားတာလဲ ကြီးကြီးခင်" ဟု နောက်ထပ်တစ်ကြိမ် ထပ်မေးရပြန်လေသည်။

"စျေး၀ယ်သွားတုန်း လှိုင်ရယ်၊ တစ်ကိုယ်လုံး တုန်သွားတာပဲ၊ ဆရာတော်ဘုရားတော့ တစ်ခုခုဖြစ်ပြီလို့ ချက်ချင်း သိလိုက်တယ်"

"ဘယ်လို ကြီးကြီးခင် … ဆရာတော်ဘုရား တစ်ခုခုဖြစ်တာကို ကြီးကြီးခင် ဘယ်လိုလုပ်သိတာလဲ"

ကျွန်မက မျက်မှောင်ကြုတ်လျက် ထူးထူးဆန်းဆန်းတော့ ကြားရဦးမှာပဲဟု ကြီးကြီးခင်ကို မျှော်လင့်ချက်ဖြင့် စိုက်ကြည့်နေ၏။ ကြီးကြီးခင်၏မျက်နှာမှာ ဖျော့လာလေသည်။ စိတ်ထဲ၌ ပင်ပန်းသော အရိပ်အယောင်တို့သည် မျက်နှာပေါ်၌ ခေါက်တုံ့ခေါက်ပြန် လမ်းသလားနေကြသည်။ မပြောချင်သောမျက်နှာဖြင့် လေးလေးနက်နက် စိုက်ကြည့်လျက်နေ၏။

"ဘယ်လိုသိတယ်ဆိုတာတော့ မပြောပါရစေနဲ့တော့ လှိုင်ရယ် … ကြီးကြီးခင်နည်းနဲ့ ကြီးကြီးခင် သိတာပါ … အဲသလိုပါပဲ"

ကျွန်မမှာ ကြီးကြီးခင်ကို စေ့စေ့ကြည့်ကာ ခေါင်းများကို လှုပ်ယမ်းမှန်းမသိ ယမ်းနေမိလေသည်။

"သူနဲ့ ဒေါ်ဒေါ်နဲ့တော့ တစ်ဘာသာစီပါပဲ"ဟု ဒေါ်ဒေါ်ပြောဖူးသော စကားကို သတိရလိုက်သည်။ ကြီးကြီးခင်သည် အမှန်ပင် တစ်ဘာသာ ဖြစ်လေသည်။ သူ့တစ်ဘာသာမျိုးမှာ မည်သူနှင့်မျှ ၀င်ဆံ့၍ ဖြစ်မည်မဟုတ်ပေ။ ကျွန်မကို သူနှင့် ဘဝခြားနားနေသောသူကဲ့သို့ လွန်စွာ ကွာလှမ်းသောအကြည့်ဖြင့် မှေးငေးကြည့်လျက် ထင်ချင်တာ ထင်တော့ဟု ခွင့်ပြုနေသောသဘောမှာ ပေါ်လွင်နေသည်။

"ကြီးကြီးခင် မဖြေနိုင်လည်း နေပါတော့ … ကဲ … ဆက်ပြောပါဦး"

"ကြီးကြီးခင် အဲဒီနေ့ပဲ အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြည်မြို့ကို ညရထားနဲ့ လိုက်သွားတယ်"

"ပြည်မြို့သွားတာလား ... ဆရာတော်ဘုရားက ဒေးဘလိန်းတောင်စွန်းမှာ မဟုတ်ဘူးလား"

ကြီးကြီးခင်သည် ခေါင်းကို ယမ်းလျက် ၀မ်းနည်း၀မ်းနည်းရှိသော အသံဖြင့် … "ဒေးဘလိန်းမှာ မရှိတော့ဘူး … ကြီးကြီးခင် ရန်ကုန်မလာခင်ကပဲ ပြည်မြို့နားက ပေါက်ခေါင်းကို ကြွသွားတယ်။ ပေါက်ခေါင်းမှာ နေတယ်"ဟု ပြောပြီး မျက်နှာလွှဲသွားကာ ငုံ့ချလျက် မြေကြီးနှင့် အပ်ထားလိုက်သည်။

"လိုက်သွားတော့ ဆရာတော်ဆီ ရောက်ရောလား"

ကြီးကြီးခင်၏မျက်နှာကို မမြင်နိုင်တော့ပေ။ မျက်လုံးအိမ်က ယိုစီးနေသော မျက်ရည်ပေါက်များသည် မြေပေါ်သို့ တစ်ပေါက်တစ်ပေါက်ကျနေ၏။ ခေါင်းကို မဖော်ဘဲ အသံမထွက်ဘဲ ကျိတ်ငိုနေလေသည်။ ကျွန်မမှာ ဘယ်လိုမှ မပြောတတ်တော့ပေ။ သစ်ပင်လုံးကို အားပြုမှီကာ ကြီးကြီးခင်၏ဘ၀ကို ပြန်လှန်ခြေရာကောက်၍ တွေးကြည့်ရင်း ထင်ရှားပီသအောင် စိတ်ကူးနှင့် ငေးနေသေသည်။

မြေပေါ်တွင် မျက်ရည်များ အိုင်ထွန်းနေမလောက်ရှိမှ ကြီးကြီးခင်၏ဒူးကို ညင်သာစွာ လှမ်းကိုင်လျက်… "ဘာဖြစ်လို့လဲ ကြီးကြီးခင်ရယ်" ဟု စိတ်မကောင်းကြီးစွာ မေးလိုက်သည်။

ကြီးကြီးခင်သည် အသံပြုမှ လှုပ်လာကာ စိုစွတ်နေသော ပါးများကို လက်ကလေးဖြင့် ညင်သာစွာ ပွတ်ပစ်ပြီးနောက် မျက်နှာတစ်ပြင်လုံး ပွတ်သပ်ကာ ပင့်လိုက်ပြီးလျှင် ရင်ထုမနာအသံဖြင့် ကောင်းကင်ကို ကြည့်၍ ပြောနေလေသည်။

"ကြီးကြီးခင်တစ်သက်မှာ စိတ်အထိခိုက်ဆုံး အကြိမ်ပဲ။ အဲဒီညက ရထားပေါ်မှာလည်း တစ်ညလုံး မျက်ရည်မဆည်နိုင်ဘူး။ ပြည်မြို့ရောက်သွားတော့ ပေါက်ခေါင်းကို တစ်ခါသွားရသေးတယ်.....ဆရာတော့်နှမ ပေါက်ခေါင်းမှာ ရှိတယ်ဆိုတာကို စုံစမ်းရှာဖွေပြီး သူ့အိမ်လည်းတွေ့ရော ဟန်မဆောင်နိုင်ဘူး … ငိုတက်သွားတာပဲ။ ဆရာတော်ဘုရား နှမကလည်း … "မအေးခင်ဆိုတာလား" လို့ ဆီးမေးပြီး သူလည်း လူးလှိမ့်ငိုတာပါပဲ။ ဆရာတော်ဘုရား ပျံလွန်တော်မူသွားပြီလေ"

"သြော် … သြော် … ကြီးကြီးခင်က ဆရာတော်ဘုရား ပျံလွန်တော်မူမှန်း ရန်ကုန်က အလိုလို သိလာတယ်ဆိုပါတော့"

မပြောနိုင်၍ ဖုံးဝှက်ရပုံမျိုးပြလိုက်ခြင်းဖြင့် သူ့အား အကြားအမြင်ပေါက်နေသလိုလို ထင်မြင်ယူဆသွားအောင်မျိုး မရည်ရွယ်သည့်တိုင်အောင် ဤအတိုင်း အထင်ခိုင်းတာနှင့်တူနေသော အဖြေကို ဖြေလေ၏။

"ပျံလွန်တော်မူပြီရယ်လို့လည်း တပ်အပ်မဟုတ်ဘူးပေါ့။ ဒါပေမယ့် တစ်နည်းနည်းပေါ့ … ဒါတော့ မသိချင်ပါနဲ့ လှိုင်ရယ် …"

ကျွန်မက ပြုံးကာ … "မပြောနိုင်ရင်လည်း ပြောနိုင်တာ ဆက်ပြောပါဦး"ဟု ပြောလိုက်ရသည်။

"ဆရာတော်ဘုရားနှမကို ဆရာတော် မပျံလွန်တော်မူခင် ဘာမှာခဲ့သလဲလို့မေးတော့ ဒီမိန်းမက အခန်းထဲ၀င်သွားပြီး အထုပ်တစ်ခု ယူထွက်လာတယ်"

"မအေးခင်ဆိုတဲ့ မိန်းမတစ်ယောက် လာလိ့မ်မယ်။ သူလာရင် ဒီအထုပ်ကို ဆက်ဆက် သူ့လက်ထဲ ထည့်လိုက်ပါ။ မလာခင်တော့ ဖြည်မကြည့်ကြပါနဲ့လို့ အသက်မထွက်ခင်ကလေးပဲမှာပြီး သူ့ခေါင်းအုံးအောက်က အထုပ်ကလေးကို ယူပေးတယ်။ ပေးပြီး သူ့ကို မီးမသင်္ဂြိုဟ်ပါနဲ့။ ဂူသွင်းဖြစ်အောင် သွင်းရမယ်ဆိုပြီး ဝိညာဉ်ချုပ်သွားသတဲ့ လှိုင်ရယ် …"

ကျွန်မမှာ ရဟန်းသံဃာများ ပျံလွန်တော်မူလျှင် မီးသင်္ဂြိုဟ်ရစမြဲဖြစ်၍ ဘာကြောင့် ဂူသွင်းရန် မှာခြင်းကို မရှင်းသဖြင့် … "ဘာဖြစ်လို့ ဂူသွင်းခိုင်းတာလဲ" မေးလိုက်သည်။

"အဂ္ဂိရိတ်ပေါက်တဲ့သူတွေဟာ ပရိယာယ်အများကြီး ရှိတယ်။ အသေထွက် အရှင်ထွက်ဆိုတာ မကြားဖူးဘူးလား"

"ကျွန်မ မကြားဖူးပါဘူး" ဟု ခေါင်းကို ခါပြလိုက်သည်။

"အရပ်နဲ့ တုတ်တစ်ပြတ် ဓားတစ်ပြက်ဖြစ်ပြီး မှာတဲ့အတိုင်း အတင်း ဂူသွင်းကြရသတဲ့"

"အဲဒီအထုပ်က ဘာလဲ" ဟု သိချင်ဇောဖြင့် ဖြတ်မေးလိုက်သည်။

ကြီးကြီးခင်သည် မရမ်းပင်အောက်ကနေ ပေါက်ခေါင်းကို စိတ်ရောက်သွားဟန် ရှိ၏။ ပေါက်ခေါင်းတွင် တောက်လောင်ခဲ့သော ပရိဒေ၀ကို ဟိုစဉ်ကအတိုင်း ပြန်၍ တောက်လောင်နေလေ၏။ ဆရာတော်ဘုရား၏ နှမရှေ့တွင် ပြောပုံဆိုပုံ အမူအရာအတိုင်း ကျွန်မကို ငိုပြောပြောနေသည်။

"အမယ်လေး … ဆရာတော်ဘုရားရဲ့ … တပည့်တော်ကို စောင့်တော်မူပါတော့၊ တပည့်တော်ကို ခွင့်လွှတ်ပါဘုရား … ခွင့်လွှတ်ပါ … တစ်ဆိတ်လောက် ဂူကို ပို့ပေးကြပါရှင်တို့"

ကျွန်မမှာ ကြောင်နေလေသည်။

ပေါက်ခေါင်း၌ ငိုငိုယိုယို ပြောခဲ့ပုံအတိုင်း ငိုသံယိုသံဖြင့် ပြောပြနေသော အပူမီးတောက်အသံများသည် နားထဲတွင် အရပ်တစ်ပါးက ကြားရသောအသံကဲ့သို့ ဖြစ်နေလေသည်။ ရင်ကိုထု၍ထု၍ ကိုယ်အမူအရာများ ယိုင်ယိမ်းလှုပ်ယမ်းနေပုံမှာလည်း အိပ်မက်ထဲမှာ မြင်နေသကဲ့သို့ တွေ့ကြုံခံစားနေရလေသည်။

ကြီးကြီးခင်သည် ရင်ကို လက်သီးနှင့် ထုလျက်ပင် … "အဲသလို ငိုယိုပြီး လှိုင်ရယ် … ကြီးကြီးခင် အထုပ်ကိုယူပြီး  ဂူကို ပြေးတာပဲ" ဟု အဆုံးသတ်လိုက်၏။

"လှိုင် … ရယ်"

ကျွန်မလက်မောင်းကို လာတို့ကာ တစ်ခွန်းခေါ်လိုက်သည်ကိုလည်း မှတ်ဥာဏ်ထဲ၌ အလုံးစုံ ဓာတ်ပုံရိုက်နေသည့် အထဲသို့သာ အကျုံး၀င်သွားလျက် ကိုယ်နှင့် ထိထိတွေ့တွေ့ မဖြစ်သလို ရှိနေမိသည်။

"ကြီးကြီးခင်လေ ဆရာတော်ဘုရားဂူ ရောက်တော့ ဂူကို ခေါင်းနဲ့ တိုက်လိုက်ပြီး ခွင့်လွှတ်ဖို့ပြောတော့လေ အနားမှာ ဘုရား … ဘုရား"

မျက်နှာကို ဇတ်ခနဲ လက်ဝါးနှင့် အုပ်လိုက်ကာ ဆက်မပြောရန် သူ့စိတ်သူ ချုပ်တည်းလျက် အကျပ်အတည်း ဖြစ်နေလေ၏။

"ဘုရား … ဘုရား" ဟု နောက်ဆုံး တသလိုက်သည့် အသံသည် နားထဲတွင် အရှိန်ကုန်ဆုံးသည်အထိ လှိုက်မြည်နေပြီးနောက် အသံရပ်သည်နှင့် တစ်ချီတည်း သံပါတ်ပေးလိုက်ကာ အရုပ်ကဲ့သို့ ငေါက်ခနဲ မှီထားသော သစ်ပင်မှ ကျောနှင့်ခွာလိုက်ကာ ကြီးကြီးခင်ကို လှမ်းကိုင်၍ … "ဘာကို မြင်လို့လဲ ကြီးကြီးခင်" ဟု မပြောမချင်း လက်မောင်းကို ခပ်ကြမ်းကြမ်းပင် လှုပ်မေးမိနေတော့သည်။

ကြီးကြီးခင်မှာ များစွာ ပင်ပန်းနေချေပြီ။ သူ့လက်ကို မျက်နှာမှ ရုတ်လိုက်ကာ အသက်ခပ်ပြင်းပြင်း ထုတ်လျက် မျက်တောင်များ တဖျက်ဖျက် ခတ်နေလေသည်။ အပြောရကျပ် အဖြေရကျပ်လျက် ဝိုင်းလည်နေသော မျက်လုံးကြီးနှင့် တေ့တေ့ဆိုင်ဆိုင် ကြည့်နေပြီးနောက် ခေါင်းကို ယမ်းပြနေသည်။ ကျွန်မလည်း ကြီးကြီးခင်နှင့် အဝေးကြီးလို ဖြစ်သွားပြန်သည်။ အဝေးကြီးကနေ၍ ကြီးကြီးခင်၏ရုပ်ပုံကို မပီသသော မြင်ရခြင်းမျိုးဖြင့် မှုန်မှုန်မှိုင်းမှိုင်းပင် ပြန်မြင်နေရပြန်သည်။ ထိုအချိန်အတွင်း "ဘုရား … ဘုရား" တ ကာ မျက်နှာကို အုပ်လိုက်သည့်အဓိပ္ပာယ်ကို စိတ်ကူးထဲ၌ အမျိုးမျိုးထင်မိကာ ဘယ်ဟာကို အမှန်ယူရမည်ဟု အတပ်မပြောနိုင်လောက်အောင် လုံးလည်လိုက်လျက် ရှုပ်ထွေးနေကြသည်။

"မပြောကောင်းလို့ မပြောနိုင်ဘူး လှိုင် … ကြီးကြီးခင်အတွေ့အကြုံနဲ့ ကြီးကြီးခင် ရှိပါစေတော့နော်"

ကျွန်မလည်း အနှောင့်အယှက်မပေးဘဲ အေးအေးဆေးဆေး နားထောင်တော့မည်အမူအရာ ပေါ်စေကာ ပြုံးလျက် မပြောချင် မပြောရန် ခေါင်းညိတ်လိုက်သည်။

"ဆရာတော့်နှမကို အိမ်ပြန်တော့လို့ နှင်လွှတ်လိုက်ပြီး သူလဲ ထွက်သွားရော ကြီးကြီးခင်လည်း အထုပ်ကို ဖြေလိုက်တော့ အထုပ်ထဲမှာ စာတစ်စောင်နဲ့ အခုငုံထားတဲ့ဓာတ်လုံး တွေ့ရတယ်။ စာထဲမှာ အမိန့်ရှိသွားတဲ့အတိုင်း ဓာတ်လုံးကို ပါးစပ်ထဲ တစ်ခါတည်း ပစ်သွင်းထည့်လိုက်တာပဲ လှိုင်"

"စာက ဓာတ်လုံးငုံထားဖို့ပဲ ရေးခဲ့သလား … ဒီပြင်ကော မရေးခဲ့ဘူးလား"

ကြီးကြီးခင်သည် တောက်ပသောမျက်လုံးနှင့် ကျွန်မအား သဘောကျစွာ ကြည့်လျက် မဆီမဆိုင် စကားတစ်ခုကို ဗြုံးကနဲ ကောက်မေးလိုက်သည်။

"ကြီးကြီးခင်ကို တွေ့စက လှိုင် ဘယ်လိုသိလို့များ ကြီးကြီးခင် ဖိုလွဲနေပြီလို့ မီးဖိုထဲလာပြောရတာလဲ လှိုင်"

ကျွန်မမှာ အရေးထဲ ရယ်ချင်သွားသည်။ ဣနြေ္ဒမဆယ်နိုင်တော့ကာ တခစ်ခစ် အသံထွက်လျက် ရယ်မောမိသည်။

"ဒါတော့ ကြီးကြီးခင်ရယ် … ကျွန်မက အမူမဲ့အမှတ်မဲ့မှ မဟုတ်ဘဲ၊ ကြီးကြီးခင် အစားမစားဘဲ နေနိုင်တာကြီးက ကိုယ်တိုင် ဒိဌမြင်ရာတာလည်း ရှိတယ်။ နောက် … ဒေါ်ဒေါ်ကလည်း ဝိဇ္ဇာမ၊ ဝိဇ္ဇာမလို့ ပြောင်ခေါ်တတ်တော့ စဉ်းစားလာတာပေါ့။ အာဟာရသိဒ္ဓိ ပြီးတယ်ဆိုတာ ဓာတ်လုံးထိုးတဲ့ လူတွေရဲ့ ပါးစပ်ဖျားမှာ ကြားဖူးတော့ ဝိဇ္ဇာမနဲ့ ဓာတ်လုံးနဲ့တော့ နီးစပ်ရမှာပဲလို့ အထင်နဲ့ သက်သက် တောက်ကြည့်တာပါ"

ကိုယ့်အတွေးနှင့်ကိုယ် ဆက်လက်၍ ဟက်ဟက်ပက်ပက် ရယ်မောနေခြင်းကို ကြည့်နေလျက် "လှိုင်ကော အဂ္ဂိရတ်ပညာနဲ့ ပတ်သက်ပြီး ဓာတ်သဘောတွေ၊ အခေါ်အဝေါ်တွေကို ရိပ်စားမိသလား… ဗဟုသုတ ရှိခဲ့သလား"ဟု မေးပြန်လေသည်။

ကျွန်မ၏ ရင်တွင်း၌ လှိုက်လျက် အူတက်မတတ် ရယ်မောလိုက်မိသည်။

အဂ္ဂိရတ်အကြောင်းနှင့် ပတ်သက်၍ ကျွန်မ သိရှိဖူးသော ဗဟုသုတမှာ ကျွန်မငယ်စဉ်က အဂ္ဂိရတ်ဝိုင်းတွင် အဘိုးဦးကံကြီး ရွတ်ပြ၍ ဗဟုသုတအဖြစ် မှတ်သားထားဖူးသောအချက် ရှိ၏။ ထိုဗဟုသုတသည် မျက်စိထဲ၌ ဘွားခနဲပေါ်လာသဖြင့် အူလှိုက် သည်းလှိုက် ရယ်မောရခြင်း ဖြစ်လေသည်။

ကျွန်မ၏ ဗဟုသုတမှာ …
"ပုဆိုးမလှ၊ ညစ်နွမ်းကြလျက်
၀မ်းကမွတ်ကြုံ၊ တမှုံမှုံလျှင်
မိုက်လုံစလောင်း၊ နည်းသောင်းပြောင်းနှင့်
ကျောင်းကန်ရိပ်ခို၊ စဖိုဇရပ်
မှီတင်းကပ်ကာ၊ ညှပ်စိုဖိုစုံ
ဆေးကျောက်ဆုံနှင့်
ခုံခုံမင်မင်၊ ထိုးလုပ်ကျင်၍
ပူပင်အိုက်ချွေး၊ အ၀တ်ဆွေးပြီး
အရေးမလှ၊ တဟဟနှင့်
ရယ်ကြသောသော၊ မောကြီးမောလျက်
လောကာလောကာ၊ လုပ်ကြံပါလည်း
ခြင်းရာမထူး၊ ဖုံပြာလူး၍
အရူးပုံနေ၊ ဗလပွေလျှင်
ကေသာဖြူကျား၊ ချွေးပူစားသည်
မယား မတနိုင် တကား။"

မီးပူ၍ ချွေးဒီးဒီးကျကာ ခါးက အ၀တ်လည်းဆွေး၊ ခေါင်းက ဆံပင်များလည်း ချွေးပူစား၍ ဖြူနက် ကွက်ကျား ဖြစ်ကုန်လျက် ဖုံပြာလူးနေသော အဂ္ဂိရတ်သမား၏ဘ၀ကို ပုံပန်းနှင့်တကွ ရုပ်လုံးပေါ်အောင် မှတ်သားထားဖူးသည့် ဤဗဟုသုတသာရှိသဖြင့် အူလိုက်သည်းလှိုက် ရယ်မောနေမိတော့သည်။

"အဂ္ဂိရတ်နှင့် ပတ်သက်လို့တော့ ကျွန်မ ဘာမှမသိပါဘူး၊ ဘာဖြစ်လို့လဲ ကြီးကြီးခင်"

ကြီးကြီးခင်သည် ပင့်သက်ချလျက် ငေး၍နေ၏။

"ကြီးကြီးခင် အခက်တွေ့နေလို့ပါ လှိုင်ရယ် … လှိုင်နဲ့တွေ့တော့ ကြီးကြီးခင်ကို တစ်ဖက်တစ်လမ်းကများ ကူညီနိုင်မလားလို့"

ကျွန်မလည်း ကြီးကြီးခင်နှင့် ဝေးသွားပြန်သည်။ ကြီးကြီးခင်ကို တစ်ခါမျှမမြင်ဖူးသောသူကဲ့သို့ ငေးကြည့်နေမိပြန်သည်။

"ဆရာတော်ဘုရားရဲ့စာထဲမှာ ဒီဓာတ်လုံးကို စီရင်ဖို့ရာ နောက်ဆုံးတစ်ထစ်ပဲ ရှိတော့သတဲ … ထိုက်ရင်ယူလော့ ကြံဆလော့လို့ဆိုပြီး စာကြောင်းကလေးတစ်ကြောင်း ရေးပြသွားတယ်"

"ဘယ်လိုရေးသွားသလဲ"

ကြီးကြီးခင်သည် ပြုံးလျက် တွေနေလေသည်။ ထို့နောက် အရိပ်အကဲခတ်သလို စစ်ဆေးသော မျက်လုံးကြီးဖြင့် မျက်မှောင်ကြုတ်ကြည့်လျက် … "လှိုင့်ကိုတော့ ပြောပြမလို့ပါပဲ … ဒါပေမဲ့ လှိုင်က ဘယ်သူ့ကိုမှ ဒီအကြောင်းကို မပြောပါဘူးလို့ သစ္စာပြုမှ ကြီးကြီးခင် ပြောဝံ့မှာ၊ သစ္စာပြုရင်တော့ ပြောချင်ပါတယ်။ အဲဒီ ဝှက်ထားတဲ့စကားလုံး အဓိပ္ပာယ်ကို ဘာဆိုလိုမှန်း ဘယ်လိုကြံဆလို့မှမရလို့ … ကြာလှပြီ မျိုထားရတာ … အင်း … ဟုတ်တယ်"

ကျွန်မမှာ ခွက်ထိုးခွက်လန် ရယ်မောမိပြန်လေသည်။ အားရပါးရ ရယ်မောပြီးနောက် ကြီးကြီးခင်၏ဖြစ်အင်ကို အလွန်အကျူး သနားမိပြန်၏။ ဓာတ်လုံးကြီးကို ဘယ်အချိန်ကာလထိအောင် မျိုထားရဦးမှာနည်းဟု များစွာ စိတ်ပျက်သွားမိသည်။

"ပြောချင်လဲ ပြောလေ … ဘယ်သူ့မှ မပြောဖို့ရာ သစ္စာပြုပါဆိုလည်း ပြုရတာပေါ့ … ပေးချင်တဲ့ သစ္စာ ပေးပါ"

ကြီးကြီးခင်သည် အားနာစွာဖြင့်ပင် ကျွန်မအား အပါယ်ငရဲကြီးနှင့် ချီ၍ ၀န်လေးဖွယ်ရာကောင်းစေသော သစ္စာကို တိုင်ပေးလေ၏။ ကျွန်မမှာ သူ့ဆန္ဒအတိုင်း လိုက်၍ ဆိုပြလိုက်ရ၏။ ထို့နောက် စာထဲတွင်ပါသော အကြောင်းကလေးကို ရွတ်ပြလေသည်။

ရုတ်တရက် ဘယ့်နှာတွေပြောတာပါလိမ့်ဟု အောက်မေ့လိုက်ကာ တစ်ဖန်ပြန်၍ အခေါက်ခေါက် ရွတ်ခိုင်းပြီး နားထောင်ပြန်တော့လည်း ဘယ်အဓိပ္ပာယ်ကို ရည်စူးမှန်း မသိနိုင်သော စကားလုံးများ ဖြစ်နေသည်။ ကျွန်မမှာ လျှို့ဝှက်သော စာလုံးများကို အသည်းထဲ၌ စွဲလောက်အောင် အတိအကျ မှတ်သားလိုက်ကာ "မှတ်မိပြီ ကြီးကြီးခင်"ဟု ပြောလိုက်ရသည်။

"ကြီးကြီးခင်လည်း နေ့ရှိသရွေ့ပါပဲ အဓိပ္ပာယ်ကို ကြံတာပဲ … ဆက်လုပ်ရမယ့် နိဿရည်းကို ဘယ်လိုမှ မကြံတတ်အောင် ဖြစ်နေတယ်။ ကြံလို့ရတဲ့ အဖြေနဲ့ လုံထဲထည့်ပြီး ထိုးကြည့်လိုက်လို့ အဖြေမှန်တာပြမှ ဓာတ်လုံးထည့်ပြီး လုံပိတ်ထိုးရမှာ … ဒီအတောအတွင်းမှာ ရွှေဖြစ်အောင် ငွေဖြစ်အောင် ဘယ်တော့မှ မလုပ်နဲ့၊ လုပ်ရင် ပျက်သွားလိမ့်မယ်တဲ့"

"နို့ … ကြီးကြီးခင် ပြာအန်တာ စားတယ်ဆို"ဟု ကျွန်မက သတိရ၍ ကောက်မေးလိုက်သည်။

"ကြီးကြီးခင် ထိုးလို့ အန်တာ မဟုတ်ပါဘူး … ဆရာတော်ဘုရား ပေါက်ခေါင်းမကြွခင် ထိုးပြီး ပြာကို ပေးတာနဲ့ စားရတာ … ကြီးကြီးခင်လက်ထဲမှာ ဘယ်ထိုးရဦးမလဲ … တစ်ခါတည်းပဲထိုးရမှာ"

"အဖြေမှန်တယ် မမှန်ဘူး လုံထဲထည့်ထိုးတော့ ပြမယ့်အဖြေကော ကျွန်မကို ပြောနိုင်သလား"

ကြီးကြီးခင်သည် ခေါင်းကို သွက်သွက်ယမ်း၏။ နှုတ်ကလည်း "မဖြစ်ဘူး လှိုင်ရေ …" ဟု သွက်သွက် ပြန်ဖြေလိုက်သည်။

"ကြီးကြီးခင် အဲဒီစကားလုံး ကြံပြီး စမ်းသပ်ဖူးသလား"

"မပြောနဲ့တော့ လှိုင် … စမ်းလိုက်တာမှ ဖိုနဲ့တင် မဟုတ်ပါဘူး။ မီးဖိုထဲ ချက်ရင်းပြုတ်ရင်းပေတဲ့ အမှတ်တမဲ့ မီးဖိုထဲထည့်ပြီး တစ်ခုပြီးတစ်ခု စာကြောင်းအဓိပ္ပာယ်ပေါ်မလားလို့ လုပ်ကြည့်တယ်။ အဖြေနဲ့ ဝေးပါသေးရဲ့"

ကျွန်မမှာ နေရင်းထိုင်ရင်း ဘုန်းကြီးအမှု ရွာပတ်နေ၏။

သည်ပုံသည်နည်း နိဿရည်းဖြင့် လျှို့ဝှက်စွာ ပေးအပ်သွားသော ပုဂ္ဂိုလ်နှင့် အသုံးမချတတ်၍ နှစ်ပေါင်းများစွာ လည်ချောင်းထဲ ထည့်ထားရသော ပုဂ္ဂိုလ်နှစ်ဦးစပ်ကြား၌ အဂ္ဂိရတ်ပညာကို နကန်းတစ်လုံးမှမသိသော ကျွန်မက ကြား၀င်ပါရမည့်အဖြစ်မှာ ပေးသူတစ်ယောက်၊ မျိုသူတစ်ယောက်၊ လည်ချောင်းရှင်းပေးသူတစ်ယောက် ဖြစ်ကြ၍ ဘယ်အချိန်ကာရောက်မှ ဓာတ်လုံးပေါက်ထွက်မည်ကို မတွေးတတ်အောင် ဖြစ်မိ၏။

ဆင်ပြောင်ကြီး အမြီးကျမှ တစ်နေသော ကြီးကြီးခင်၏အဖြစ်လည်း ဘယ်လောက် လိပ်ခဲတည်းလည်း ဖြစ်လိုက်မလဲဟု သူ့အစား အသက်ရှူရကျပ်လာသည်။ ကြီးကြီးခင်သည် ဆရာတော်၏အမိန့်အတိုင်း ဤဓာတ်လုံးဖြင့် ရွှေဖြစ်၊ ငွေဖြစ်လုပ်ရန် စိတ်နှင့်ပင် ပစ်မှားမည် မဟုတ်ကြောင်းကို အသေအချာ ယုံကြည်လိုက်၏။ လျှို့ဝှက်သော စကားလုံးများမှ အဖြေပေါ်လျှင် သူ့အဖို့ ရွှေထက် စုံမက်စရာရှိနေပြီ မဟုတ်ပါလော။

ကျွန်မအဖို့ရာတွင် ဓာတ်လုံး ဘယ်အခြေအနေအထိ ခရီးရောက်ကြောင်းလည်း ကိုယ်နှင့်မဆိုင်၍ သိဖို့ရာ မဟုတ်ပေ။ အဖြေရပြီးနောက် ရသည့်အဖြေမှန်၍ ၎င်းအရာကို ဓာတ်လုံးနှင့် ထိုးလိုက်သဖြင့် ပေါက်သွားကာ ဘယ်အခြေဆိုက်မည်လည်း ကိုယ်နှင့် မအပ်၍ သိဖို့ရာ မဟုတ်ပေ။ ကျွန်မ ကူညီရန် သစ္စာပြုယူလိုက်ရသော တာ၀န်မှာ စာပိုဒ်ကလေးထဲမှ စကားများ၏အဓိပ္ပာယ်ကိုသာ စူးစမ်းဆည်းပူး ကြံဆပေးရန်သက်သက်ဖြစ်သည်။

"အက္ခရာတွေပဲဟာ … ကြံရင် ရမှာပေါ့ ကြီးကြီးခင်ရယ် … တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲ"

ကြီးကြီးခင်သည် ၀မ်းသာအားရဖြစ်သွားကာ ကျွန်မ၏လက်ကို ကျပ်ကျပ် ညှစ်ကိုင်လျက် … "လှိုင်ရေ … တစ်ဖက်တစ်လမ်းက ကြိုးစားပြီး ကြံစမ်းပါနော်၊ ဒါများ မပြီးဘဲနဲ့သေရရင် အသေဖြောင့်မှာတောင် မဟုတ်ဘူး" ဟု တုန်တုန်ယင်ယင်နှင့် ပြောလေ၏။

"ဖြစ်မှဖြစ်ရလေ ကြီးကြီးခင်ရယ် …"

ဆက်ရန်...
------------------------------
#ဂျာနယ်ကျော်မမလေး

crd 👉 ShweZinU
https://m.facebook.com/story.php?story_fbid=363079407412274&id=236399853413564

Comments

Popular posts from this blog

​သောကြာကြိုက်​သော စာစုများ

​မောင်လူ​မွှေး

အပြင်ကလူ (၁)(အပိုင်း ၄)